အခန်း ၁၂၈၅
Vol. 86 Ch. 1285
အခန်း (၁၂၈၅) အမိန့်တော်လိုက်နာပါမည်
လာခဲ့သည့်လမ်းတလျှောက် တီဗွီရိုက်ကူးရေးအဖွဲ့ကိုရှာရင်း လုယန်အလုပ်များနေခဲ့သည်။ ကြယ်စုမဟာမိတ်ကို ကြည့်ရုံသာ ကြည့်ဖြစ်ခဲ့သည်။
ကြီးမသားသည့် သံလုံးများ လေထဲတွင် ဝဲပျံနေသည်။ တစ်ခုက တည်ဆောက်နေဆဲဖြစ်သည်။ ကြယ်စုမဟာမိတ်၏ အာကာသယဉ်ပျံများ အဆက်မပြတ်ဝင်ထွက်၍ ပစ္စည်းများသယ်ပို့နေသည်။
ရိုက်ကူးရေးအဖွဲ့ရှိသည့် ဂြိုလ်က မိုးမျှော်အဆောက်အဦးများပြည့်နေသည်။ မီးရောင်များလင်းထိန်နေပြီး နေ့နှင့်ည ခွဲခြားဖို့ခက်သည်။
ကြယ်စုမဟာမိတ်ဟု ခေါ်သဖြင့် ကြယ်စုတစ်ခုထက်ပိုမည်မှာ သေချာသည်။ ကြယ်စုမဟာမိတ်၏ နည်းပညာအဆင့်အတန်းကိုကြည့်၍ တိုးတက်မှုအတိုင်းအတာကို ဆုံးဖြတ်နိုင်သည်။
ကြယ်စုမဟာမိတ်ကို စုံစမ်းစစ်ဆေးဖို့ကိစ္စ နောက်မှလုပ်လည်းရသည်။ ယနေ့အဓိကရည်ရွယ်ချက်က တီဗွီဇာတ်လမ်းရိုက်ကူးရေးအဖွဲ့၏ ပြဿနာကို ဖြေရှင်းဖို့ဖြစ်သည်။
"အများကြီးပဲ။ သူတို့အားလုံး လူဆိုးတွေပဲ။ ရှောင်ယန်၊ နင်သူတို့ကို အလွတ်ပေးလို့မဖြစ်ဘူး"
သိစိတ်နယ်မြေမှ နတ်မယ်ကလည်း ဒေါသထွက်နေသည်။ တီဗွီဇာတ်လမ်း ရိုက်ကူးရေးအဖွဲ့ဆိုသည်ကို ဘာမှန်းသူမသိခဲ့။ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာမှ အဖြစ်အပျက်ကိုလည်း နားမလည်ခဲ့။
သို့သော် လုယန်က စိတ်ရှည်လက်ရှည်ရှင်းပြသဖြင့် အားလုံးနားလည်သွားသည်။
ထိုမျှယုတ်ညံ့ဆိုးဝါးသူများ ဘယ်လိုရှိနေသည်မသိ။ တစ်ခြားလူများ၏ဘဝကို ထိန်းချုပ်၍ ပျော်စရာအဖြစ်ဖန်တီးသည်။
"အရှင်မရဲ့အမိန့်ကို ကျုပ်နာခံပါတယ်"
လုယန်၏သရုပ်မှန် ဆင်းလာသည်ကိုမြင်ရသဖြင့် အားလုံး ခြေလက်များအေးစက်သွားကြသည်။ ဘယ်လိုနည်းပညာမျိုးမှန်းမသိ။ ထိုမျှအချိန်တိုအတွင်း ကြယ်စုမဟာမိတ်၏ တည်နေရာကို ဘယ်လိုသိသွားသနည်း။
ကြယ်ပတ်လမ်းကြောင်းများကို ဘယ်လိုဖြတ်ကျော်ခဲ့သနည်း။
ဂြိုလ်သိမ်ဂြိုလ်မွှားများကန့်လန့်ခံနေသည့် ကြယ်ပတ်လမ်းကြောင်းများတွင် လုယန်က ကွေ့ဝိုက်မနေဘဲ လှေပျံနက်ကို ထိန်းချုပ်၍ တည့်တည့်တိုက်ဖြတ်ခဲ့သည်။ မသေမျိုးရွှေပေါင်းစပ်ထားသည့် လှေပျံနက်ကို ထိုဂြိုလ်သိမ်များက တားဆီးနိုင်စွမ်းမရှိ။
အရေးပေါ်အခြေအနေရောက်လာသဖြင့် ဒါရိုက်တာက ရှေ့ထွက်လာပြီး လုယန်နှင့် ညှိနှိုင်းသည်။
"အပြင်ကမ္ဘာက ဧည့်သည်တော်။ ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိနေတယ်ထင်ပါတယ်။ ကောင်းကင်ပင်လယ်ကြယ်ပေါ်က အခြေအနေတွေဟာ ကျုပ်တို့တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး။ သန္ဓေပြောင်းသားရဲတွေပေါ်လာတာက မတော်တဆဖြစ်ရပ်ပါ။
ကျုပ်တို့လည်း ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာက သန္ဓေပြောင်းသားရဲပြဿနာကို ကူညီဖြေရှင်းပေးချင်ပါတယ်။ ဒါကြောင့် ထိပ်သီးစွမ်းအားရှင်ဆယ်ယောက်ကို လျှို့ဝှက်လေ့ကျင့်ပေးခဲ့တယ်။ ကျုပ်တို့တီဗွီဇာတ်လမ်းတွဲရိုက်တာက ကြယ်ကမ္ဘာကိုကူညီဖို့ ဘေးပေါက်ဝင်ငွေနည်းနည်းရှာတဲ့သဘောပါပဲ။ ဒါလေးကတော့ သိပ်မပြောပလောက်ဘူးမဟုတ်လား။
အခုလို သန္ဓေပြောင်းသားရဲပြဿနာရှင်းသွားတာ ကျုပ်တို့လည်း ဝမ်းသာပါတယ်။ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာပေါ်က လူတွေကိုသနားလို့ ခင်ဗျားကူညီချင်တာ ကျုပ်သိပါတယ်။ ကျုပ်တို့လည်း ဒီလိုပါပဲ။ ဒါပေမယ့် ခင်ဗျားက တစ်ယောက်တည်းပါ။ သစ်ပင်တစ်ပင်နဲ့ တောအုပ်ဖြစ်မလာနိုင်ဘူး။
ခင်ဗျားရဲ့ နောက်ခံအင်အားတွေက ကောင်းကင်ပင်လယ်ကြယ်နဲ့ အတော်ဝေးလောက်တယ်။ အကူအညီပေးဖို့တောင် ခက်မှာပါ။ ကျုပ်တို့က ကောင်းကင်ပင်လယ်နဲ့နီးတယ်။ အကူအညီချက်ချင်းလွှတ်ပြီး သူတို့အဆောက်အဦးတွေကို ပြန်ဆောက်ပေးလို့ရတယ်။ ကျုပ်တို့ ကြယ်စုမဟာမိတ်ထဲ ခေါ်လာလို့တောင်ရပါတယ်။
ကြယ်စုမဟာမိတ်မှာ စစ်သင်္ဘောတပ်ဖွဲ့ ဆယ့်နှစ်ခုရှိတယ်။ အင်အားတောင့်တင်းတယ်။ ခင်ဗျားနောက်ခံအင်အားစုတွေက ကျုပ်တို့နဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ချင်မှာသေချာပါတယ်။
ကျုပ်တို့မဟာမိတ်ရဲ့ အကြီးအကဲတွေနဲ့ တွေ့ချင်ရင် ခင်ဗျားနဲ့ မိတ်ဆက်ပေးလို့ရပါတယ်။ အဲလိုဆို ခင်ဗျားက ခင်ဗျားနောက်ခံအင်အားစုရဲ့ သံတမန်အဖြစ် သမိုင်းမှာ နာမည်ကျန်ခဲ့မယ်"
လုယန်၏နောက်ခံအင်အားက ကောင်းကင်ပင်လယ်နှင့်ဝေးကြောင်း ကြယ်စုမဟာမိတ်နှင့်ဝေးကြောင်း ဒါရိုက်တာခန့်မှန်းမိသည်။ အကယ်၍ နီးနီးတွင်ရှိနေလျှင် ကောင်းကင်ပင်လယ်ကြယ်ကို အရင်ကတည်းက တွေ့ခဲ့ပြီးဖြစ်မည်။
တစ်ယောက်ည်းသမားလုယန်အနေဖြင့် ကောင်းကင်ပင်လယ်ကြယ်အတွက် သူတို့ကို သို့မဟုတ် ကြယ်စုမဟာမိတ်ကို ဆန့်ကျင်မည်မဟုတ်။
ထို့ပြင် အကျိုးအမြတ် ရက်ရက်ရောရော ကမ်းလှမ်းထားသဖြင့် လုယန်မငြင်းလောက်ဟု သူယုံကြည်သည်။
လုယန်က နားနောက်ဘက်တွင် လက်ဝါးကာ၍ တောင်းပန်သည့်အပြုံးမျိုးဖြင့် ပြန်ပြောသည်။
"ဘာရယ်၊ ဆောရီးပါ။ ကျုပ်က အပြင်ကမ္ဘာသားပါ။ ခင်ဗျားပြောတာကို နားမလည်ဘူး"
လေတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဒါရိုက်တာ လွင့်ထွက်သွားပြီး နံရံနှင့်တိုက်မိသည်။
"တိုက်ကြမယ်ဟေ့"
တစ်ယောက်က အော်လိုက်သည်။
အသံဖမ်းအင်ဂျင်နီယာက သံမဏိလက်သီးဖြင့် လုယန်ကို ဝင်ထိုးသည်။ ထိုလက်သီးသည် သံမဏိပြားများကို ထိုးထောက်နိုင်သည်။ သို့သော် လုယန်ကို ထိချိန်တွင် အင်္ကျီပင်တွန့်မသွား။
အသံဖမ်းအင်ဂျင်နီယာ လက်ကိုပြန်ရုတ်သိမ်းရန်ပြင်သည်။ လုယန်က သူ့လက်မောင်းကို ဖမ်းချုပ်၍ ဆောင့်ဆွဲလိုက်သည်။ လက်မောင်းပြုတ်ထွက်သွားသည်။
မီးပွားများလွင့်စင်ထွက်လာသည်။
အသံဖမ်းအင်ဗျင်နီယာ၏ လက်မောင်းများက သတ္တုလက်အောင်းများဖြစ်သည်။
"စိတ်ဝင်စားစရာပဲ"
လုယန် လက်အောင်းပြတ်ကို ဘေးသို့လွှင့်လိုက်သည်။ ထိုလက်မောင်းက ကင်မရာခလုတ်ကို ထိသွားသည်။ မထင်မှတ်ဘဲ ထိုမြင်ကွင်းက ကောင်းကင်ပင်လယ်ကြယ်ဇာတ်လမ်းဆက်အဖြစ် ပေါ်လာသည်။
အွန်လိုင်းကွန့်မန့်ဆက်ရှင်တွင် မေးခွန်းအမှတ်အသားများ ချက်ချင်းပြည့်နက်သွားသည်။ သရုပ်ဆောင်သစ် စပေါ်လာကတည်းက ပရိတ်သတ်အားလုံး နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
"ရှင်းပြကြပါဦးကွာ။ ဒါက ဘယ်လိုဇာတ်ကွက်အပြောင်းအလဲမျိုးလဲ"
"သရုပ်ဆောင်သစ်က ဒိုင်မင်းရှင်းတွေကို ဖြတ်ကျော်ပြီး အစစ်အမှန်လောကကို ရောက်လာတာမျိုးလာ။ ဒါရိုက်တာက တကယ်စိတ်ကူးကောင်းတာပဲ"
"နံရံမှာ တွဲလောင်းကျနေတာ ဒါရိုက်တာမဟုတ်လား။ special effects မဟုတ်လောက်ဘူး။ တကယ်အကြမ်းပတမ်းခံတာပဲ"
"လက်ပြတ်သွားတဲ့လူက အသံအင်ဂျင်နီယာထင်တယ်။ သူ့အကောင့်ကို ငါ follow ထားတယ်"
"ဘာလို့သူ့မှာ သတ္တုလက်ရှိနေတာလဲ"
"အသံဖမ်းအင်ဂျင်နီယာ သတ္တုလက်ရှိတာ ဘာဆန်းလို့လဲ။ ဦးနှောက်ကလွဲလို့ သူ့တစ်ကိုယ်လုံး စက်နဲ့အစားထိုးထားတာလေ"
"မက္ကင်းနစ်ခန္ဓာကိုယ်ထဲက အာရုံကြောတုတွေက ထိတွေ့တဲ့အာရုံကို ဦးနှောက်ဆီ ပြန်ပို့ပေးတယ်။ မက္ကင်းနစ်ခန္ဓာကိုယ်ရဲ့ ထိတွေ့မှုအာရုံဟာ သာမန်အသွေးအသားခန္ဓာကိုယ်နဲ့ ဘာမှမကွာဘူး။
မက္ကင်းနစ်ခန္ဓာကိုယ်ရှိရင် ဘယ်တော့မှ ရောဂါမဖြစ်တော့ဘူး။ သက်တမ်းကို အများကြီးဆွဲဆန့်နိုင်တယ်။ မျက်နှာကိုပြောင်းနိုင်တယ်။ ကိုယ့်ကြိုက်တဲ့ အပြင်အဆင်မျိုးပြောင်းနိုင်တယ်။ အကျိုးကျေးဇူးတွေ အများကြီးပဲ။ လူချမ်းသာတွေအားလုံး အဲလိုလုပ်နေကြပြီ"
(**mechanical body - မက္ကင်းနစ်ခန္ဓာ။ စက်တပ်ခန္ဓာကိုယ်။ 'စက်ရုပ်ခန္ဓာ'ဟုဘာသာပြန်လျှင် နောက်ပိုင်းရောထွေးနိုင်စရာများရှိသည်။ artificial neuron devices - အာရုံကြောတု။ လူ့အာရုံကြောများကို နယူရုန်း (neurone) များဖြင့်ဖွဲ့စည်းထားသည်။ ကျောရိုးအာရုံကြောမကို ဦးနှောက်ဖြင့်ချိတ်ဆက်ထားသည်။
'အာရုံကြောခက်'များက ကျောရိုးအာရုံကြောမှ ဘေးသို့ဖြာထွက်နေပြီး တစ်ကိုယ်လုံးနှင့်ချိတ်ဆက်သည်။ အာရုံလက်ခံဆဲလ်များတွင် ဒန်ထရွန် ဒန်းထရွိုက်စသည့် အာရုံကြောမျှင်များရှိသည်။ အာရုံခံအချက်အလက်များကို အိုင်ယွန်များအဖြစ် ဆဲလ်တစ်ခုမှ နောက်တစ်ခုသို့ပို့သည်။
ဦးနှောက်သို့ရောက်လာပြီးနောက် အချက်အလက်များခွဲခြားစိစစ်၍ သက်ဆိုင်ရာခန္ဓာကိုယ်အစိတ်အပိုင်းများ အလုပ်လုပ်နိုင်ရန် ကြွက်သားတစ်ရှူးများကို လှုံ့ဆော်ပေးသည်။ မက္ကင်းနစ်ခန္ဓာတွင် ထိုသို့အာရုံခံစနစ်ကိရိယာများ ထည့်ထားခြင်းဖြစ်သည်)
လုယန် ဥက္ကဌမာကျဲကို ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်သည်။ မက္ကင်းနစ်ခန္ဓာဖြစ်သည်။ တန်ပြန်အာရုံခံကိရိယာများ၊ အချက်ပြကိရိယာများ ခန္ဓာကိုယ်ပေါ်တွင် ဆောင်ထားခြင်းဟုတ်။ ခန္ဓာကိုယ်ထဲတွင် တပ်ဆင်ထားခြင်းဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့ဝင်အားလုံးကို သူစစ်ဆေးကြည့်သည်။ အားလုံးမက္ကင်းနစ်ခန္ဓာကိုယ်များဖြစ်နေသည်။
'ကောင်းကင်ပင်လယ်ဒဏ္ဍာရီ'စီးရီးဇာတ်လမ်း အကြီးအကျယ်အောင်မြင်မှုရသဖြင့် အဖွဲ့ဝင်အားလုံး ခန္ဓာကိုယ်အဆင့်မြှင့်နိုင်သည့် အဆင့်မြင့်လူသားများအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။
"ကောင်းတာပေါ့။ အားသုံးများလို့ ခြေလက်တွေချိုးမိမှာ စိုးရိမ်စရာမလိုတော့ဘူး"
ထိုသို့တွေးရင်း ကင်မရာမန်း၏ ရင်ဘတ်ကို လုယန် ဆောင့်နင်းပစ်လိုက်သည်။ မီးပွားများ လွင့်ပျံထွက်သွားသည်။
"သရုပ်ဆောင်သစ်က သောက်ရမ်းလန်းတယ်ကွာ။ ကြိုက်သွားပြီ။ လုယန်ပရိတ်သတ်အဖွဲ့ စတည်ထောင်မယ်"
"သူက တကယ်လန်းပါတယ်။ ဒါပေမယ့် ဇာတ်ကွက်က တဖြေးဖြေးပိုရှုပ်လာသလိုပဲ"
"ငါ့ကောင်တို့၊ ပြဿနာအကြီးကြီးတက်ပြီဟေ့။ ငါနေတဲ့နေရာက ရိုက်ကူးရေးအဖွဲ့နဲ့ နီးတယ်။ သူတို့အဆောက်အဦးခေါင်မိုး ပေါက်ကွဲထွက်သွားပြီ"
ပရိတ်သတ်တစ်ယောက်၏ကွန့်မန့်ကို အားလုံးအာရုံစိုက်မိကြသည်။ ထိုကွန့်မန့်တွင် ရိုက်ကူးရေးအဖွဲ့၏အဆောက်အဦးခေါင်မျိုး ပေါက်ကွဲထွက်သွားသည့် ဗွီဒီယိုမှတ်တမ်းတစ်ခုလည်းပါသည်။
ရဲကားဥဩသံများ ရုန်းရင်းဆန်ခတ်ဖြစ်နေသံများ ခပ်သဲ့သဲ့ကြားရသည်။
"ဒါ..ဒါက ဇာတ်လမ်းတွဲရိုက်နေတာ မဟုတ်တော့ဘူးထင်တယ်"
"ရဲကိုတော့ အကြောင်းမကြားလောက်ဘူး။ မဟုတ်ရင် သန္ဓေပြောင်းသားရဲတွေအားလုံးကို သရုပ်ဆောင်သစ်က ဓားတစ်ချက်နဲ့အပြတ်ရှင်းလိုက်တဲ့ကိစ္စကို ဘယ်လိုရှင်းပြမလဲ။ ဒါက ကွန်ပြူတာဖန်တီးချက်တွေပါ"
"ငါတော့ ကွန်ပြူတာဖန်တီးချက်မဟုတ်ဘူးလို့ ခံစားနေရတယ်"
"ဖန်တီးချက်မဟုတ်ရင် ကင်းမြီးကောက်ထောင်ပြီး ငါခေါင်းလျှော်ပစ်မယ်ကွာ"
ရဲတပ်ဖွဲ့ ရဟတ်ယာဉ်များ အဆောက်အဦးကို ပတ်လယ်ဝိုင်းနေသည်။ အလင်းစက်များစွာ လုယန်ကိုယ်ပေါ်ကျလာသည်။ မီးရောင်များ အမှုဖြစ်သည့်နေရာသို့ ထိုးကျလာသည်။
အမှုဖြစ်သည့်နေရာ။ ရိုက်ကူးရေးအဖွဲ့ဝင်များကို လုယန်က တစ်စစီဆုတ်ဖြဲထားသည်။ အဆိုးဝါးဆုံးရိုက်နှက်ခံရသူက ဒါရိုက်တာဖြစ်သည်။ လုယန်ကို အတင်းတောင်းပန်နေသည်။
စစ်ရုပ်ရဲသားတစ်ယောက် တံခါးကိုကန်ဖွင့်သည်။ သေနတ်ပြောင်းဝမျိုးစုံ စက်ရုပ်ခန္ဓာကိုယ်မှ ပေါ်လာသည်။
"မလှုပ်နဲ့"
လုယန်က ထိုစက်ရုပ်ကို လုံးဝမမြင်လေသကဲ့သို့ ရိုက်ကူးရေးအဖွဲ့ဝင်များကို လှေပျံနက်ထဲသို့ ထိုးထည့်သည်။ ထိုလူများကို ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာသို့ သွားပို့ပြီး သူ့ဆီပြန်လာခဲ့ဖို့ ညွှန်ကြားသည်။
ထိုမျှရဲတင်းသည့် ရာဇဝတ်သားမျိုး ရဲတပ်ဖွဲ့ တစ်ခါမှမမြင်ဖူး။ ချက်ချင်းပစ်မိန့်ပေးလိုက်သည်။
"ဒိုင်း ဒိုင်း ဒိုင်း"
မရေမတွက်နိုင်သည့်ကျည်ဆန်များ လုယန်ဆီ လွင့်ပျံလာသည်။ သို့သော် အနားသို့ရောက်ချိန်တွင် အားလုံး လေထဲတွင် ရပ်တန့်သွားသည်။
"-ရပ်"
လုယန်ချမှတ်လိုက်သည့် စည်းမျဉ်းဖြစ်သည်။
"ဟာ"
စက်ရုပ်များကို အဝေးမှလှမ်းထိန်းချုပ်နေသည့် အော်ပရေတာများ မျက်လုံးပြူးသွားသည်။ ဘယ်လိုနည်းပညာမှန်းမသိ။
"ဆောရီးပါ၊ ကျုပ်မိတ်ဆွေကပြောတယ်။ ဒီလူတွေက လူဆိုးတွေဖြစ်လို့ အလွတ်ပေးလို့မရဘူးတဲ့။ သူတို့ကို တရားစီရင်ဖို့ နစ်နာသူတွေဆီ ပို့လိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ကျုပ်တွေးမိတယ်လေ"
*************************************