အခန်း ၁၂၈၆
Vol. 86 Ch. 1286
အခန်း (၁၂၈၆) ငါ့အသည်းတစ်ခြမ်း
"ဒါဘယ်လိုနည်းပညာလဲ"
ကျည်ဆန်များက အရွေ့စွမ်းအင်ပျောက်ဆုံးသွားသည်။ လုံးဝ ငြိမ်သက်နေသည်။ ရဲတပ်ဖွဲ့ရော ပရိတ်သတ်များပါ ပါးစပ်အဟောင်းသားဖြစ်နေသည်။
"သူ့စွမ်းအင်ဒိုင်းက အကန့်အသတ်တစ်ခုတော့ ရှိမှာပဲ။ သူဒါကို အမြဲတမ်းထိန်းထားနိုင်မှာမဟုတ်ဘူး။ ဆက်ပစ်ကြ"
ခေါင်းဆောင်အရာရှိက ချက်ချင်းအမိန့်ပေးသည်။ သူတစ်ယောက်တည်း၏ ဆုံးဖြတ်ချက်မဟုတ်။ ကွန်တမ်ကွန်ပြုတာ တွက်ချက်ချက်မှုကလည်း ထိုအဖြေသာထုတ်ပေးထားသည်။
ကွန်တမ်ကွန်ပြူတာ၏ တွက်ချက်မှုအရ လုယန်ဘေးပတ်လည်မှ စွမ်းအင်ဒိုင်း ရေရှည်မခံဟူသည့် ဖြစ်နိုင်ခြေ ကိုးဆယ့်ကိုးရာနှုန်းရှိသည်။ ကျည်ဆန်များများစုစည်းလာလေ ခံနိုင်ရည်တိုတောင်းလေဖြစ်သည်။
ခေါင်းဆောင်အမိန့်ပေးပြီးနောက် အထက်မှ အမိန့်တစ်ခု ချက်ချင်ကျလာသည်။
"အထက်အရာရှိတွေက သူ့ကိုအရှင်ဖမ်းဖို့ အမိန့်ပေးထားတယ်"
"ဘယ်လို"
ထိပ်တန်းအရာရှိများက လုယန်အခြေအနေကို သတိထားမိသည်။ သူပိုင်ဆိုင်ထားသည့် နည်းပညာ။ သူ့နောက်ခံအင်အား။ ထိုအရာအားလုံးကို ကြယ်စုမဟာမိတ်က သိချင်သည်။ လုယန်သေသွား၍မဖြစ်။
သို့သော် ထိုအမိန့်က နည်းနည်းနောက်ကျသွားသည်။ အရာရှိခေါင်းဆောင် အမိန့်ပေးပြီးသည်နှင့် သေနတ်သံများ ဆူညံသွားသည်။
"ဒိုင်း ဒိုင်း ဒိုင်း"
စက်ရုပ်ရဲတပ်ဖွဲ့၏ ကိုယ်ပေါ်တွင် သေနတ်ပြောင်းများပြည့်နေသည်။ ပျားအုံ့အခေါင်းပေါက်များနှင့်တူသည်။ ကျည်ဆံအရွယ်အစားမျိုးစုံ လေဆာရောင်ခြည်မျိုးစုံ ထွက်လာသည်။ လုယန်မသိသည့် လက်နက်တစ်ချို့လည်းပါသည်။
ပရိတ်သတ်ထဲတွင် စစ်သုံးလက်နက် ဝါသနာထုံသူများလည်းပါသည်။ ထိုလက်နက်များသည် ရဲတပ်ဖွဲ့၏ အားအပြင်းဆုံးလက်နက်များဖြစ်ကြောင်းသိသည်။ လူတစ်ယောက်မဆိုထားနှင့် အဆောက်အဦးတစ်ခုကိုပင် ဖြိုချပစ်နို်သည်။
နေရာစုံမှ တိုက်ခိုက်ကြသည်။
သို့သော် ဘယ်လိုတိုက်ခိုက်မှုမျိုးဖြစ်စေ လုယန်နှင့် သုံးပေအကွာသို့ရောက်ချိန်တွင် အားလုံး ရပ်တန့်သွားသည်။
အမြောက်ကျည်ဆံများပင် ပေါက်ကွဲခါနီးအနေအထားအတိုင်း ရပ်တန့်သွားသည်။
သာမန်ပရိတ်သတ်ရော ကြယ်စုမဟာမိတ် ထိပ်တန်းအရာရှိများပါ မယုံနိုင်အောင်ဖြစ်နေသည်။ စွမ်းအင်ဒိုင်းကြောင့်ဟု ပြော၍မရတော့။
လုယန် ကင်မရာကို လက်ဝှေ့ယမ်းပြသည်။ သူ့မျက်နှာတွင် အသိခက်သည့်အပြုံးမျိုး ပေါ်လာသည်။ ဘယ်သူမှနားမလည်သည့် စကားတစ်ခွန်း သူ့နှုတ်မှ ထွက်လာသည်။
"ဇစ်မြစ်ခြေရာခံ"
အချိန်ပြောင်းပြန်လှန်သကဲ့သို့ သေနတ်ကျည်ဆန်များက မဂ္ဂဇင်းဘောက်စ်များထဲသို့ ပြန်ရောက်သွားသည်။ ပေါက်ကွဲသွားသည့် အမြောက်ဆံများက မူလအသွင်ပြန်ပြောင်းသွားသည်။ ခေါင်မိုးပြန်ပိတ်သွားသည်။
လုယန်လည်း ချက်ချင်းပျောက်သွားသည်။ အားလုံးက ဘာမှမဖြစ်ခဲ့သလို ပုံမှန်ပြန်ဖြစ်လာသည်။
သို့သော် ရိုက်ကူးရေးအဖွဲ့များ ပျောက်ကွယ်သွားသည်။
"ဒါ...ဒါကဘယ်လိုနည်းပညာမျိုးလဲ"
ကွန့်မန့်ဆက်ရှင် ဂယက်ထသွားသည်။ ကြည့်ရှုသူများ ဆက်တိုက်မေးခွန်းထုတ်နေသည်။ သို့သော် ဘယ်သူမှတိကျသည့်အဖြေ မထုတ်နိုင်ကြ။
"ဒါက အက်တမ်ပြန်ပြုပြင်တဲ့ သီအိုရီသဘောတရား နည်းပညာမျိုးလား"
"အချိန်နောက်ပြန်ရစ်တာ...ဒါက အချိန်နောက်ပြန်ရစ်တာပဲ ဖြစ်ရမယ်"
မဟာမိတ်ထိပ်သီးအဖွဲ့က နည်းပညာအဆင့်မြင့်ဆုံး တိုက်ခိုက်ရေးယာဉ်များဖြင့် လှေပျံနက်နောက်သို့ လိုက်ကြသည်။ သို့သော် တစ်လက်မမြေချုံ့ပညာသုံးလိုက်သည်နှင့် လုံးဝခြေရာမခံနိုင်ကြတော့။
အတွေ့ချင်ဆုံးပစ်မှတ်က သူတို့မျက်စိအောက်တွင် ပျောက်ကွယ်သွားသည်။
ရုပ်ဖျက်ထားသည့်လုယန်က လေချွန်ရင်း အမှုဖြစ်သည့်နေရာမှ ထွက်လာခဲ့သည်။ ဝတ်စုံကိုလည်း ကြယ်စုမဟာမိတ်တွင် အများဝတ်ကြသည့်စတိုင်မျိုး ပြောင်းထားသည်။
သူ့အသွင်အပြင်ပြောင်းလဲသွားသည်။ အရင်ကနှင့်လုံးဝမတူတော့။ မုန်ကျင်းကျိုးပင် သူ့ကိုမှတ်မိတော့မည်မဟုတ်။
ကြယ်စုမဟာမိတ်၏ အဆင့်မြင့်အရာရှိများကို သူမဆက်သွယ်သေး။
"ရှောင်ယန်၊ ငါ့အသည်းတစ်ခြမ်းဆိုတာ ဘာပြောတာလဲ"
နတ်မယ်၏ ပါးနှစ်ဘက် နည်းနည်းနီနေသည်။ ထိုစကားလုံးသည် ရင်းနှီးသည့်ဆက်ဆံရေးကို ရည်ညွှန်းသည်ဟု သူထင်မိသည်။ လုယန်မျက်နှာကိုပင် သူစေ့စေ့မကြည့်ရဲ။
"ကျုပ်အိမ်က သိစိတ်နယ်မြေပါ။ ခင်ဗျားက ကျုပ်ရဲ့သိစိတ်နယ်မြေမှာနေတယ်။ အဲတော့ ခင်ဗျားက ကျုပ်ရဲ့တစ်ခြမ်းပေါ့"
နတ်မယ်အမူအရာကိုကြည့်၍ လုယန်ပြုံးလိုက်သည်။
"ဪ...အဲလိုလား"
နတ်မယ် နားလည်သွားသည်။ သူ့မျက်လုံးများ အရောင်တောက်လာသည်။
"ဒါဆို ငါလည်းနင့်ကို အသဲတစ်ခြမ်းလို့ ခေါ်လို့ရတယ်ပေါ့"
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျုပ်ကို အဲလိုခေါ်ဖို့မလိုပါဘူး"
လုယန် ချက်ချင်းအကြည့်လွှဲလိုက်သည်။ ထိုအကြောင်း ဆက်မပြောချင်တော့။
ကြယ်စုမဟာမိတ်တွင် ပွဲကြမ်းခဲ့သည့် အပြင်ဂြိုလ်သားက ညနေ့ည ရှက်သွေးဖြာနေသည်ကို ကြယ်စုထိပ်တန်းအကြီးအကဲများ မသိကြ။
စားပွဲရှည်ဘေးပတ်လည်တွင် ဗာကျူရယ်ပုံရိပ်ဆယ့်နှစ်ခု ဝန်းရံနေသည်။ လေထုက ထိုင်းမှိုင်းနေသည်။
သူတို့ထဲမှ တစ်ဝက်လောက်က အိပ်ပျော်နေရမှထလာပြီး ဤအစည်းအဝေးကို တက်ရခြင်းဖြစ်သည်။
မဟာမိတ်တည်ထောင်ကတည်းက ထိုအခြေအနေမျိုး သိပ်များများမကြုံခဲ့ဖူး။ ထိုသို့ကြုံရပြီဆိုလျှင် သူတို့ရင်ဆိုင်နေရသည့်ကိစ္စက အလွန်တရာအရေးကြီး၍သာဖြစ်သည်။
နောက်ဆုံးအကြိမ် ထိုသို့စည်းဝေးပွဲထိုင်ခဲ့ရသည်က မဟာမိတ်အကြီးအကျယ် ဖရိုဖရဲဖြစ်ခဲ့စဉ်ကဖြစ်သည်။
"အပြင်ကမ္ဘာသားနဲ့ပတ်သက်ပြီး အီသာရဲတွက်ချက်မှုတွေ ထွက်လာပြီလား"
တစ်ယောက်ကမေးသည်။ သူသည် ကြယ်စုမဟာမိတ်ကောင်စီ၏ ဥက္ကဌ၊ ကြယ်စုမဟာမိတ်၏ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သည်။
အီသာသည် ကြယ်စု၏ အဆင့်မြင့်ဆုံး အကျယ်ပြန့်ဆုံး ကွမ်တမ်ကွန်ပြူတာဖြစ်သည်။ ကြယ်စုတွင် အဓိကကြယ်ကမ္ဘာ ရှစ်ရာရှိသည်။ အရံကြယ်သုံးထောင်ရှိသည်။
လူဦးရေ ထရီလီရံချီရှိသည်။ ထိုမျှကျယ်ပြန့်သည့်နယ်မြေကို အုပ်ချုပ်နိုင်သည်မှာ ကွမ်တမ်ကွန်ပြူတာ အီသာ၏ စီစဉ်ခန့်ခွဲနိုင်မှုကြောင့်ဖြစ်သည်။
"အသေးစိတ်ရလာဒ်တွေတော့ မတွက်ချက်နိုင်ဘူး။ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေပဲ ရတယ်။ လုယန်ဆိုတဲ့ အပြင်ဂြိုလ်သားသုံးခဲ့တဲ့ နည်းပညာမျိုး အီသာထဲမှာ တစ်ခါမှ မှတ်တမ်းတင်မထားဘူး"
မဟာမိတ်၏ ခေါင်းဆောင်သိပ္ပံပညာရှင်က ပြောသည်။ နှစ်တစ်သန်းအတွင်း ဉာဏ်ရည်အမြှင့်ဆုံးလူဟု နာမည်ကျော်သူဖြစ်သည်။
သို့သော်ယခု သူ့ဦးနှောက်သာ မူလအတိုင်းကျန်တော့သည်။
"လုယန်ကို ထောက်ပံ့ထားတဲ့ အင်အားစုဟာ ကျုပ်တို့နဲ့ သုတေသနလမ်းကြောင်း မတူလို့ဖြစ်မယ်။ ဒါမှမဟုတ် သူတို့နည်းပညာနဲ့ ကျုပ်တို့နည်းပညာကြားမှာ မျိုးဆက်ကွာဟချက် ရှိနေလို့ဖြစ်လိမ့်မယ်။
အီသာတွက်ချက်မျုအရ သူတို့နည်းပညာက ကျုပ်တို့ထက် အများကြီးအဆင့်မြင့်ရင်ဦ စကြာဝဠာကို အများကြီးလွှမ်းမိုးထားတယ်ဆိုရင် ကျုပ်တို့နဲ့ ဒီနေ့မှရင်ဆိုင်တွေ့ရတာမျိုး မဖြစ်နိုင်ဘူး"
"ဒါဆို ဒီဂြိုလ်သားမှာ သုတေသနလမ်းကြောင်းမတူတဲ့ နည်းပညာတွေပိုင်ဆိုင်ထားတယ်လို့ အီသာကယူဆယ်ပေါ့"
"ဟုတ်ပါတယ်"
အားလုံး အတော်ကြာအောင် အသံတိတ်သွားသည်။ အီသာ၏သုံးသပ်ချက်ကို စဉ်းစားနေသည်။
"ဒါပေမယ့်၊ ဒီအပြင်ဂြိုလ်သားနဲ့ အီသာရဲ့မှတ်တမ်း ကိုက်ညီတယ်လို့ ယူဆရတဲ့ 'မှတ်တမ်းတု'တစ်ခုတော့ရှိပါတယ်"
ခေါင်းဆောင်သိပ္ပံပညာရှင်ကပြောသည်။
ကျန်သည့်ဆယ့်တစ်ယောက် အံ့အားသင့်သွားသည်။
"မှတ်တမ်းတုဆိုတာ ဘာကိုဆိုလိုတာလဲ"
"မှတ်တမ်းတွေတော့ရှိတယ်။ ခိုင်မာတဲ့ အထောက်အထားမရှိဘူး။ လက်ရှိနည်းပညာနဲ့ ဒီကိစ္စတွေကို သက်သေပြလို့မရဘူး။ သာမန်လူတွေရဲ့ ဒဏ္ဍာရီမျိုးပေါ့။ ကမ္ဘာအဆုံးသတ်မှာ ရေလျှံမယ်ဆိုတာမျိုး။ မသေမျိုးတွေ အာကာသကိုဖြတ်ပြီး ခရီးသွားတယ်ဆိုတာမျိုးပါ"
"ကိုက်ညီတယ်ဆိုတာက ဒီအပြင်ဂြိုလ်သားဟာ မသေမျိုးတစ်ယောက်လို့ မင်းပြောချင်တာလား"
"ဟုတ်ပါတယ်"
ဘယ်သူမှ ငြိမ်မနေကြတော့။ ထိုကောက်ချက်ကို ချက်ချင်းငြင်းပယ်ကြသည်။
"မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်နိုင်ခြေမျိုးကို ငါတို့ထည့်စဉ်းစားဖို့မလိုဘူး"
ဘာမသေမျိုးမှမရှိနိုင်။ သူတို့နည်းပညာကိုလည်း အသိဉာဏ်ဖွံ့ဖြိုးမှုနည်းသည် ပြည်သူများက နတ်စွမ်းအားဟု မြင်ကြသည်သာဖြစ်သည်။
"ကျုပ်တို့နဲ့ သုတေသနလမ်းကြောင်းချင်းမတူဘူးဆိုတဲ့အချက်ဟာ ဖြစ်နိုင်ခြေအရှိဆုံးပဲမဟုတ်လား"
အားလုံး အပျော်ရိပ်သန်းလာသည်။ နှစ်ငါးရာကြာအောင် မဟာမိတ်၏နည်းပညာ တိုးတက်မှုရပ်တန့်နေခဲ့သည်။ အသေးအဖွဲ တိုးတက်မှုမျိုးပင် မရှိခဲ့။ လုယန်တတ်ကျွမ်းသည့် နည်းပညာများက သူတို့သိပ္ပံပညာတိုးတက်မှုအတွက် သေချာပေါက် အကူအညီဖြစ်လိမ့်မည်။
"ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာကိစ္စ ဘယ်လိုလုပ်မလဲ"
"အီသာက ဘာပြောလဲ"
"လူသားစာနာမှုအကူအညီနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ စလုပ်ဖို့ အကြံပေးတယ်။ ဒါက မဟာမိတ်ရဲ့ မူလလမ်းစဉ်ပဲ။ ပြီးတော့ ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာကနေတစ်ဆင့် လုယန်အကြောင်း စစုံစမ်းလို့ရတယ်"
"ဒါဆို အီသာအကြံအတိုင်း လုပ်ကြတာပေါ့။ ပြီးတော့ အီသာရဲ့ပါဝါ ၁ ရာနှုန်းကို လုယန်အခြေအနေ ခွဲခြားစီစစ်ဖို့ သီးသန့်သုံးကြမလား"
"ကောင်းပါတယ်"
"သဘောတူပါတယ်"
"ကျုပ်လည်း သဘောတူတယ်"
************************************