အခန်း ၁၂၈၇
Vol. 86 Ch. 1287
အခန်း (၁၂၈၇) စည်ကားသည့်စာကြည့်တိုက်
"အခုရက်ပိုင်း ကြယ်စုမဟာမိတ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ယူဆရတဲ့ ရာဇဝတ်အုပ်စုကြီးတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။
ဒီအုပ်စုဟာ ပြည်သူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက် လူသားတွေနေထိုင်တဲ့ ဂြိုလ်တစ်ခုမှာ သန္ဓေပြောင်းသားရဲတွေ မွေးထုတ်ပြီး တီဗွီဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
အခု အဲဒီ့ဂြိုလ်ကို ကယ်တင်လိုက်ပါပြီ။ ရဲတပ်ဖွဲ့က နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်နေပါတယ်"
နောက်ပိုင်းတွင် ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာကို ကိုယ်စားပြုသည့် ကယ်ဆယ်ရေးအဖွဲ့က ကြယ်စုမဟာမိတ်သို့ လာလည်သည်။ နွေးထွေးစွာ ကြိုဆိုခံရသည်။
လုယန် ကြယ်စုမဟာမိတ်သို့ရောက်သည်မှာ ငါးရက်ကြာပြီဖြစ်သည်။ လမ်းများပေါ်တွင် ကယ်ဆယ်ရေးအဖွဲ့၏ ကြော်ငြာပိုစတာများ ပြည့်နေသည်။ လုယန်ထင်ထားသည်ထက်ပင် ပို၍နာမည်ကြီးသွားသည်။
ကောင်းကင်ကြယ်ဒဏ္ဍာရီသည် စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘဲ တကယ့်လက်တွေ့အဖြစ်မှန်များဖြစ်ကြောင်း သိရပြီးနောက် ပြည်သူများက ကယ်ဆယ်ရေးအဖွဲ့ကို ပို၍ပင်စိတ်ဝင်စားလာကြသည်။
လုယန် အအံ့ဩဆုံးက သူ့ကိုယ်ပိုင် ပရိသတ်ကလပ်တစ်ခု ပေါ်လာခြင်းပင်ဖြစ်သည်။
တော်ဝင်လမ်း၏ ပါရမီရှင်အဖြစ် ကျင့်ကြံသူလောကတွင် အများလေးစားခံခဲ့ရသော်လည်း ယဉ်ကျေးမှုစံနှုန်းအရ သူ့ရုပ်ပုံဆိုင်းဘုတ်များကိုင်၍ လမ်းပေါ်တွင် ချီတက်ကြခြင်းမျိုး မရှိခဲ့။
ကြယ်စုမဟာမိတ်တွင် ထိုသို့လုပ်ရဲကြသည်။
ချောသည်။ အသိခက်သည်။ တရားမျှတသည့် သူရဲကောင်းဖြစ်သည်။...ထိုအခြေခံအချက်များ ပေါင်းစပ်လိုက်သဖြင့် လုယန်က မဟာမိတ်၏ စတားတစ်ယောက်ဖြစ်လာသည်။
ထိုအဖြစ်မျိုး ကြယ်ကမ္ဘာများစွာတွင် ရှိနေမည့်အဖြစ်ကိုတွေးရင်း လုယန် နည်းနည်းမျက်ခုံးလှုပ်သွားသည်။
နာမည်ကြီးရသည်ကို ကျေနပ်မိသော်လည်း ထိုစွဲလမ်းမှုမျိုးကို သူနည်းနည်းကြောက်နေဆဲဖြစ်သည်။
ရှုပ်ထွေးသည့် အတွေးများကို ခေါင်းထဲမှထုတ်ပြီး စာကြည့်တိုက်ထဲသို့ ဝင်လိုက်သည်။
ဤရက်ပိုင်းအတွင်း စာကြည့်တိုက်တွင် ကြယ်စုမဟာမိတ်သမိုင်းကို သူတို့လေ့လာနေခဲ့သည်။
ကြယ်စုသမိုင်းကြောင်းက အကျဉ်းချုပ်ထားသည့် စာအုပ်များပင် စင်တန်းတစ်ခုအပြည့်ရှိသည်။ ကြယ်ကမ္ဘာပေါင်းစုံ၏ သမိုင်းကြောင်းများ စုစည်းထားခြင်းဖြစ်သည်။
အစက ကြယ်စုမဟာမိတ်တွင် အဖွဲ့ဝင်ကြယ်ကမ္ဘာ ဆယ့်နှစ်ခုသာရှိသည်။ သို့သော် သက်ရှိကြယ်များ နောက်ထပ်ရှာတွေ့လာသည်။ ထိုကြယ်များက မဟာမိတ်ထဲဝင်လာကြသည်။ နောက်ဆုံးတွင် ယနေ့လို ကြီးမားသည့်မဟာမိတ်ကြယ်စုအဆင့်သို့ ရောက်လာသည်။
သို့သော် ဖယောင်းကောင်းကင်ကြယ်အကြောင်း မှတ်တမ်းလုံးဝမတွေ့ရ။ ဖယောင်းကောင်းကင်ကြယ်မှ လှေ့ပျံများ ရောက်မလာသေးသည့်သဘောဖြစ်သည်။
ကြယ်ပြာအကြောင်းလည်း ဘာမှမတွေ့ရ။
"ကြယ်စုမဟာမိတ်ရဲ့ နည်းပညာက တကယ်အဆင့်မြင့်တာပဲ"
လုယန် မှတ်ချက်ပြုသည်။
"သူတို့က နေစွမ်းအင်ကိုဖမ်းတဲ့ ကိရိယာတွေကိုဖန်တီးပြီး ကြယ်ကမ္ဘာအဆင့်ထိ တည်ဆောက်ဖို့ ကြိုးစားနေကြတယ်။ ဦးနှောက်အတွက် အချက်ပြလှုံ့ဆော်တဲ့ကိရိယာတွေ ထုတ်လုပ်တယ်။ မက္ကင်းနစ်ခန္ဓာကိုယ်တွေပေါ်က အထိအတွေ့အာရုံကို ဦးနှောက်ဆီ အပြည့်အဝပို့တယ်။
ဒါပေမယ့် ဒီနည်းပညာက ဈေးကြီးတော့ သာမန်လူတွေမတတ်နိုင်ဘူး...
စွမ်းအားအကြီးဆုံးလက်နက်က ကြယ်ကမ္ဘာဖျက်အမြောက်...စွမ်းအင်မြင့်ဒြပ်မှုန်တွေကို ကြယ်သန္ဓေထိရောက်အောင် ဖောက်ခွဲနိုင်တယ်..
ပြီးတော့ မြန်နှုန်းမြင့် ကွန်တမ်ကွန်ပြူတာတွေနဲ့ အီသာကွန်ပြူတာတွေက ထည့်သွင်းထားတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဘာမဆိုတွက်ချက်နိုင်တယ်"
နတ်မယ်က ကုတင်ပေါ်တွင်ထိုင်၍ ခြေထောက်ကို ဘယ်ညာလွှဲယမ်းနေသည်။ လုယန်ဘာကိုအထင်ကြီးနေမှန်း သူတွေးမရ။
နေစွမ်းအင်စုစည်းသည့်အလုပ်မျိုးက နေမင်းဂိုဏ်းပင်လုပ်နိုင်သည်။ ဦးနှောက်အာရုံလှုံ့ဆော်သည်ကလည်း ပုံရိပ်နယ်မြေဖန်တီးသည့်သဘောသာဖြစ်သည်။
ရှောင်ယန် အဆက်မပြတ်ချီးကျူးနေသည့် အီသာကွန်ပြူတာဆိုသည်က အတော်စိတ်ရှုပ်စရာကောင်းနေသလို ရှိသည်။
"အဲဒါက ဘာတွေများ အဲလောက်ကောင်းနေလို့လဲ။ ငါ့ဦးနှောက်က အရိယဖလကိုတောင် ဖန်တီးနိုင်တယ်။ အီသာကွန်ပြူတာက ဒါမျိုးလုပ်နိုင်လို့လား"
နတ်မယ် စိတ်ပိုင်းဖြတ်လိုက်သည်။ ရှောင်ယန် ကောင်းကောင်းရှင်းမပြလျှင် တစ်နှစ်လောက်ပစ်ထားလိုက်မည်။...မဟုတ်သေး။ တစ်နှစ်ဆိုသည်က ကြာလွန်းည်။ တစ်လ...တစ်လလည်း ကြာလွန်းသည်။
တစ်နေကုန် ပစ်ထားလိုက်မည်။
မကျေနပ်ချက် အထင်းသားပေါ်နေသည့် နတ်မယ်ကို လုယန် အမြန်နှစ်သိမ့်ရသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ ဒီလို ပစ္စည်းတွေက ပင်ကိုဉာဏ်ကောင်းပြီး ခေတ်ပေါင်းများစွာ ကြိုမြင်နိုင်တဲ့ နတ်မယ်ကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"
"ဟီး ဟီး နင်အကဲဖြတ်တာတော်သားပဲ။ ငါနင့်ကို ခွင့်လွှတ်ပါတယ်"
လုယန် စိတ်ပျက်လက်ပျက်ခေါင်းခါ၍ ကြယ်စုမဟာမိတ်ယဉ်ကျေးမှုအကြောင်း ဆက်လေ့လာသည်။
နက္ခတ်တာရာစာအုပ်တစ်အုပ်မှ ခေါက်သိမ်းနိုင်သည့် မြေပုံတစ်ခု ဆွဲယူ၍ ကြယ်စုမဟာမိတ်လေ့လာထားသည့် စကြာဝဠာကို ကြည့်လိုက်သည်။
နတ်မယ်က အထင်မကြီးဟန်ဖြင့် နှာခေါင်းရှုံ့သည်။
"သူတို့လေ့လာထားတာ နည်းနည်းလေးပါပဲ။ စကြာဝဠာရဲ့ အစွန်းအနားလေးပဲရှိတာ။ ယင်ထန်တို့ဆို လက်ညှိုးညွှန်တဲ့နေရာတိုင်း သူတို့နယ်မြေပဲ။ ဒီအဝိုင်းအဝန်းထက် အများကြီးပိုကျယ်တယ်"
နတ်မယ်၏နယ်မြေ ဘယ်လောက်ကျယ်သလဲဟု လုယန်မေးလိုက်ချင်သည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် အသက်အန္တရာယ်လုံခြုံဖို့အတွက် နတ်မယ်ဒေါသထွက်စေမည့် ထိုမေးခွန်းမျိုး မမေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
"ဒီမြေပုံဆိုရင် လုံလောက်ပါတယ်"
ဤမြေပုံတစ်ခုဖြင့်ပင် လာရသည့်ခရီး ထိုက်တန်သည်။ ကြယ်စု၏နည်းပညာထုတ်ကုန် များစွာရှိသည်။ ကျင့်ကြံသူလောကကို အပြည့်အဝအသွင်ပြောင်းနိုင်သည်။
လက်သည်းခွံအရွယ် ချက်ဖ်ပြားတစ်ခု စာအုပ်ကြားမှ ထွက်ကျလာသည်။ လုယန် ကောက်ယူ၍ အလင်းရောင်အောက်တွင် စစ်ဆေးကြည့်သည်။ ဘာအတွက်သုံးသည်ကို စဉ်းစားမရ။ ထို့ကြောင့် သူ့နေရာသူပြန်သိမ်းထားဖို့ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် မနီးမဝေးမှ ပေါက်ကွဲသံတစ်ခုနှင့်ပေါ်လာသည်။ ထိတ်လန့်တကြားအော်ဟစ်သံများနှင့်အတူ အန္တရာယ်သတိပေးအချက်ပြသံများ ဆူညံသွားသည်။
လုယန် အသံလာရာသို့ လှည့်ကြည့်သည်။ အလန်းစားစပေါ့ကားတစ်စီး စာကြည့်တိုက်ထဲ ဖောက်ဝင်လာသည်။ သွေးသံရဲရဲလူငယ်တစ်ယောက် ကားထဲမှထွက်လာသည်။
ထို့နောက် နောက်ထပ်ကားအတော်များများ စာကြည့်တိုက်ထဲ ဝင်လာပြန်သည်။ လက်နက်အပြည့်ပါသည့် စက်ရုပ်များ ထွက်လာသည်။ ထိုလူငယ်ကို လိုက်ဖမ်းနေကြခြင်းဖြစ်မည်။
ကားများဝင်လာသည့် နံရံပေါက်မှတစ်ဆင့် ဖရိုဖရဲဖြစ်နေသည့် အပြင်ပတ်ဝန်းကျင်အခြေအနေကို မြင်ရသည်။ လူငယ်နှင့်စက်ရုပ်တပ်ဖွဲ့ လိုက်တမ်းပြေးတမ်း ကစားခဲ့ဟန်ရှိသည်။
လူငယ်က ခလုပ်တိုက်လဲကျပြီးနောက် ထပ်ပြေးသည်။ သေနတ်ကျည်ဆံများ သူ့ဆီလှိမ့်ဝင်လာသည်။ အတော်အန္တရာယ်များသည့် မြင်ကွင်းဖြစ်သည်။
သို့သော် လူငယ်ကံကောင်းသည်။ သေနတ်ကျည်ဆံများက သူ့ဘေးမှသာ ကပ်ဖြတ်သွားသည်။ လူကိုလုံးဝမထိ။
ကြယ်စုမဟာမိတ်မှလူများသည် စာအုပ်အစစ်များ ဖတ်လေ့မရှိ။ ထို့ကြောင့် စာကြည့်တိုက်ထဲတွင် လူအတော်နည်းသည်။ အန္တရာယ်ရှိကြောင်းသိသည်နှင့် ဒရောသောပါး ထွက်ပြေးသွားကြသည်။
ထိုလူများနှင့်အတူ ထွက်မှဖြစ်မည်ဟု လုယန်ခံစားရသည်။
အကြောင်းရင်းက ရိုးရှင်းသည်။ ထိုလူငယ်က သူရှိသည့်ဘက်သို့ ပြေးလာသည်။
လုယန် စာအုပ်စင်ကြားထဲ အမြန်ခိုဝင်လိုက်သည်။
ထို့နောက် လူငယ်ကလည်း သူ့ဘေးမှ ချက်ချင်းကပ်ဝင်လာသည်ကို မြင်လိုက်ရသည်။
နှစ်ယောက်သား အကြည့်ချင်းဆုံသည်။
လုယန် "..."
ဒါတော့ မမိုက်ဘူး ကိုယ့်လူ။ မင်းဘာလို့ ဒီထဲဝင်လာတာလဲ....
"ခေါင်းငုံ့ထား"
လူငယ် ရုတ်တရက်အော်ပြောပြီး လုယန်ကို အမြန်ဆွဲချသည်။
မစ်ရှင်းဂန်း ကျည်ဆံများ သူတို့ခေါင်းပေါ်မှ လွင့်ပျံသွားသည်။ စာအုပ်စင်များကို အတန်းလိုက်ထိုးဖောက်သွားသည်။
ထိုလူငယ်ကိုသာ လုယန်ကို ဆွဲမချခဲ့လျှင်...လည်း လုယန်ဘာမှဖြစ်မည်မဟုတ်။
ခေါင်းငုံ့ထားရင်းမှ လူငယ်က ဘေးသို့လှိမ့်ထွက်ပြီး ဗုံးတစ်လုံး ပစ်လွှင့်လိုက်သည်။ ဗုံးပေါက်ကွဲပြီးနောက် စက်ရုပ်များ ခဏငြိမ်သက်သွားသည်။ ကျောက်ရုပ်လိုဖြစ်နေသည်။
လူငယ်က ခေါင်းလှည့်လာပြီး လုယန်ကို အလေးအနက် သတိပေးသည်။
"အခုဘေးကင်းသွားပြီမထင်နဲ့။ အဲဒါ ငါ့ရဲ့နောက်ဆုံး လျှပ်စစ်ဗုံးပဲ။ သူတို့ကို ခဏပဲထိန်းထားနိုင်မယ်။ ဒီပြဿနာကိုအပြတ်ရှင်းဖို့ ငါ့အဖိုးချန်ထားခဲ့တဲ့ ချပ်စ်ပြားကို ရှာရမယ်"
ထိုလူငယ် အတော်အစွမ်းအစရှိသည်ဟု လုယန်တွေးလိုက်သည်။ သူကူညီဖို့မလိုလောက်။ မည်သို့ဆိုစေ သူသည် ဤနေရာသို့ အလည်အပတ်ရောက်လာခြင်းသာဖြစ်သည်။
လုယန်ကူညီချင်ပုံမပေါ်သဖြင့် လူငယ်က ခပ်တင်းတင်းလေသံဖြင့်ပြောသည်။
"အပြင်ဘက်မှာ စက်ရုပ်တပ်ဖွဲ့က ဝိုင်းထားပြီ။ ငါတို့ဘယ်လိုမှ မလွတ်နိုင်ဘူး။ အဲဒီ့ချပ်စ်ပြားကို တွေ့အောင်ရှာဖို့ပဲရှိတော့တယ်။
သူတို့ငါ့နောက်ကို ဘာလို့လိုက်နေလဲသိလား။ ဉာဏ်ရည်တုနည်းပညာက လူသားမျိုးနွယ်အုပ်ချုပ်ရေးစနစ်ကို ဖြို့ချတော့မယ်ဆိုတာ ငါ့အဘိုးက သိသွားလို့ပဲ"
လုယန် စာအုပ်ထဲမှ လက်သည်းခွံအရွယ် ချပ်စ်ပြားကို ပြန်ထုတ်လိုက်သည်။
"မင်းလိုချင်တာ ဒါလား"
လူငယ်ပျော်သွားသည်။ ချပ်စ်ပြားကိုယူ၍ ခဏနှိုင်းယှဉ်ကြည့်သည်။ ထို့နောက် စိတ်ပျက်လက်ပျက် လုယန်ဆီ ပြန်ပေးသည်။
"မဟုတ်ဘူး။ ဒီဟာမဟုတ်ဘူး။ ချပ်စ်ပြားပေါ်မှာ ငါ့အဘိုးရဲ့အမှတ်အသား ရှိရမှာ"
လုယန်ပို၍ နားရှုပ်သွားသည်။ သို့ဆိုလျှင် စာအုပ်ထဲမှချပ်စ်ပြားက ဘယ်ကရောက်လာသနည်း...
သူတွေးရခက်နေစဉ် စာကြည့်တိုက်၏ တစ်ခြားတစ်ဘက်မှ နောက်ထပ်ပေါက်ကွဲသံတစ်ခု ပေါ်လာသည်။ မိန်းကလေးတစ်ယောက် အပြေးတစ်ပိုင်းဝင်လာသည်။
ထိုမိန်းကလေးက အမြင်အာရုံထက်မြက်သည်။ မီးခိုးများလုံးထပြီး နေရာချင်းဝေးသော်လည်း လုယန်ကိုင်ထားသည့်ပစ္စည်းကို သူမြင်သည်။
သူ့မျက်လုံးများအရောင်တောက်လာသည်။
"အဲဒါပဲ။ တည်မြဲကြယ်ကမ္ဘာကို တရားမဝင်အသုံးချနေတဲ့ စီးပွားရေးလုပ်ငန်းရဲ့ သက်သေအထောက်အထားက အဲဒီ့ထဲမှာပဲ"
လုယန် "..."
ငါဒီနေ့ စာကြည့်တိုက်ကို မလာခဲ့သင့်ဘူး...
********************************