← Chapters

အခန်း ၁၂၈၈

Vol. 86 Ch. 1288

အခန်း ၁၂၈၈

Vol. 86 Ch. 1288

အခန်း (၁၂၈၈) အနီးကပ်တိုက်ပွဲ

လုယန်လက်ထဲမှချပ်စ်ပြားကိုကြည့်၍ ထိုမိန်းကလေး မျက်လုံးများအရောင်လက်လာသည်။ ထို့နောက် ဖြေးဖြေးချင်း ပြန်လှုပ်ရှားလာသည့် စပ်ရုပ်များကိုကြည့်၍ သူမျက်နှာပျက်သွားသည်။

"ကော်ပိုရေးရှင်းက ငါ့ကိုလိုက်ဖမ်းဖို့ လူတွေတင်မကဘဲ စက်ရုပ်တွေပါ လွှတ်လိုက်တာလား"

သူ့စိတ်များလေးလံလာသည်။ ကော်ပိုရေးရှင်းက ထိုမျှသေချာစဉ်းစားပြီး သူ့ကိုအလစ်တိုက်ခိုက်ဖို့ ဤနေရာတွင် စက်ရုပ်တပ်ဖွဲ့ စီစဉ်ထားသည်။

သို့သော် ဘယ်လိုဖြစ်ဖြစ် ထိုချပ်စ်ပြားကို အရင်ဆုံးရအောင်ယူရမည်။

နောက်မှလိုက်ဖမ်းသူများကို သူဖြတ်ခနဲလှည့်ကြည့်သည်။ စားပွဲနှင့်ကုလားထိုင်များ တွန်းရွှေ့၍ လမ်းကြောင်းပိတ်ပြီးနောက် လုယန်ဘေးသို့ ချက်ချင်းရောက်လာသည်။

လုယန်ကို သူအလေးအနက်ပြောသည်။

"နင်ဘယ်သူလဲတော့ မသိဘူး။ ဒါပေမယ့် ဒီချပ်စ်ပြား နင့်လက်ထဲမှာထားရင် အရမ်း-"

"ယူလိုက်ပါ"

လုယန် ချပ်စ်ပြားကို သူ့လက်ထဲ ထိုးပေးလိုက်သည်။ ပြတ်သားသည့်လုပ်ရပ်ကြောင့် မိန်းကလေးခဏမင်သက်မိသွားသည်။

ထို့နောက် ချပ်စ်ပြားကို ချက်ချင်းစစ်ဆေးကြည့်သည်။

"ထူးဆန်းတယ်။ ဒီဟာမဟုတ်ဘူး"

စာကြည့်တိုက်တွင် လက်သည်းခွံအရွယ် ချပ်စ်ပြားတစ်ခုတွေ့လျှင် သူ့အဆက်အသွယ်ချန်ထားခဲ့သည့်ပစ္စည်းသာ ဖြစ်သင့်သည်။

သို့သော် သူသေချာစစ်ဆေးကြည့်ပြီးနောက် မဟုတ်မှန်းသိလိုက်သည်။ ပုံစံချင်းတူရုံသာရှိသည်။

စိတ်ပျက်လက်ပျက်ခေါင်းခါယမ်း၍ ချပ်စ်ပြားကို လုယန်လက်ထဲပြန်ထည့်ပေးသည်။

"ငါရှာနေတာ အဲဒါမဟုတ်ဘူး"

လုယန် "..."

ဒါဆို ဘယ်သူ့ဟာလဲ..

"ချပ်စ်ပြားကိစ္စ ခဏထားဦး။ ဘေးနှစ်ဘက်က ရန်သူတွေကို ငါတို့ဘယ်လိုရင်ဆိုင်ကြမလဲ"

လူငယ်က စိတ်ပူပန်စွာမေးသည်။ သူ့ကိုယ်သူပြောနေခြင်းလား တစ်ခြားလူကိုမေးခြင်းလား မကွဲပြား။

လူသုံးယောက်ထဲတွင် လုယန်သာ အေးအေးလူလူရှိသည်။ လူငယ်နှင့်မိန်းကလေးက ဂဏာမငြိမ်ဖြစ်နေသည်။ ဘယ်ဘက်တွင် တိုက်ခိုက်ရေးစက်ရုပ်များ ညာဘက်တွင် ကော်ပိုရေးရှင်း၏ ကြေးစားများရှိသည်။

ဘယ်နေရာမှ ထွက်လမ်းမရှိ။

သို့သော် ချပ်စ်ပြားက စာကြည့်တိုက်တွင် ရှိနေသဖြင့် ထွက်ပြေးဖို့လည်း မစဉ်းစားကြ။ ဉာဏ်ရည်တုနည်းပညာနှင့် ကော်ပိုရေးရှင်းက ချပ်စပ်ပြားဤနေရာတွင်ရှိကြောင်း ရိပ်မိသွားပြီဖြစ်သည်။ သူတို့ထွက်ပြေးလျှင် ချပ်စပ်ပြားက တစ်ခြားလူလက်ထဲ ရောက်သွားမည်။

လူသားမျိုးနွယ် အန္တရာယ်ကြုံမည်။

တည်တည်ငြိမ်ငြိမ်ရှိနေသည့်လုယန်ကို သူတို့သတိထားမိလာသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ပတ်ဝန်းကျင်နှင့် လုံးဝမလိုက်ဖက်။

သူတို့ ကျိတ်၍သက်ပြင်းချကြသည်။ အန္တရာယ်များသည့်ကိစ္စထဲ ဘေးလူတစ်ယောက်ကို ဆွဲခေါ်မိသလိုဖြစ်နေသည်။ ထိုလူက ဘာကိုမှစဉ်းစားနိုင်တော့ပုံမပေါ်။

စက်ရုပ်တပ်ဖွဲ့နှင့် ကြေးစားတပ်ဖွဲ့ လက်လွတ်စပယ်မလှုပ်ရှားရဲကြ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သေနတ်များထိုးချိန်ထားသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သူတို့ပစ်မှတ်၏ အကူအင်အားစုများဟု ထင်နေကြသည်။

တင်းကြပ်သည့်အငွေ့အသက်များ လေထဲတွင်ပြည့်နေသည်။

ရုတ်တရက် စာကြည့်တိုက်၏ တတိယနံရံ ပွင့်ထွက်သွားသည်။ နှစ်ဖွဲ့လုံး အနေအထားပျက်သွားကြသည်။ နောက်ထပ်မိန်းကလေးတစ်ယောက် ပြေးဝင်လာသည်။ ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာများရှိသည်။

အသားအရေ နူးညံ့သည်။ လုယန်လက်ထဲမှ ချပ်စ်ပြားကို မြင်သည်နှင့် သူ့မျက်လုံးများ အရောင်တောက်လာသည်။

"တွေ့ပြီ"

ထိုမိန်းကလေးနောက်တွင်လည်း ရန်သူများပါလာသည်။ အရင်အဖွဲ့များနှင့်မတူ။ လူအစစ်များဖြစ်သည်။

(**ကြေးစားအဖွဲ့သည် မက္ကင်းနစ်ခန္ဓာကိုယ်ရှိသည့်လူများဖြစ်သည်)

နောက်လာသည့်အဖွဲ့သစ်က စက်ရုပ်နှင့် ကြေးစားများကိုကြည့်၍ အံ့အားသင့်သွားသည်။

"တကယ်မဟာမိတ်တပ်ဖွဲ့တွေ ရှိနေတာပဲ"

လူသစ်အဖွဲ့က လက်ဦးမှုယူ၍ အရင်ပစ်သည်။ စက်ရုပ်နှင့် ကြေးစားများကလည်း ပြန်ပစ်သည်။ စာကြည့်တိုက်တစ်ခုလုံး ဗြောင်းဆန်နေသည်။

ရွှေရောင်ဆံပင်နှင့်မိန်းကလေးက ကျည်ဆံများကိုရှောင်တိမ်းပြီး လုယန်ဆီရောက်လာသည်။

"ဒီချပ်စပ်ပြားက..."

"ယူလိုက်ပါ"

မိန်းကလေးက ချပ်စ်ပြားကို စစ်ဆေးပြီးနောက် သက်ပြင်းချသည်။

"ဟုတ်တယ်။ ဒီချပ်စ်ပြားပဲ"

လုယန်လည်း သက်ပြင်းချသည်။ ပိုင်ရှင်အမှန်ကို တွေ့ရသဖြင့် ဝမ်းသာနေသည်။

"ဒါဆိုနင်က ဒေါက်တာစီစဉ်ထားတဲ့ အဆက်အသွယ်အစစ်ပဲ"

မိန်းကလေးက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ ဒေါက်တာအကူအညီကြောင့် အဖွဲ့အစည်းမှ သူထွက်ပြေးနိုင်ခဲ့သည်။

ဒေါက်တာက သူ့ကိုကာကွယ်ရင်း ကျည်ဆံထိမှန်သွားသည်။ မသေမီ စာကြည့်တိုက်တွင် ချပ်စ်ပြားကိုသွားရှာဖို့ ပြောသည်။

စကားဆုံးအောင်မပြောနိုင်ဘဲ သေသွားသည်။ စာကြည့်တိုက်တွင် ဆက်သွယ်လာမည့်လူအကြောင်း ထပ်ပြောလိုပုံရသည်။

"အား..မိန်းကလေး၊ မင်းအထင်မှားနေပြီ။ ငါက ဘာအဆက်အသွယ်မှ မဟုတ်ပါဘူး"

လုယန် သေချာရှင်းအောင်ပြောသည်။

"နင်ပဲဖြစ်မှာပါ။ မဟုတ်ရင် တွေ့တွေ့ချင်း ငါ့ကိုဒီချပ်စ်ပြား ဘယ်ပေးမှာလဲ"

ရွှေရောင်ဆံပင်နှင့်မိန်းကလေး ပို၍ယုံကြည်သွားသည်။ လုယန်စကားက သူ့ဉာဏ်ရည်ကို စမ်းသပ်ခြင်းဟုသာ ယူဆသည်။

"တကယ်မဟုတ်ပါဘူး"

မိန်းကလေး အံ့အားသင့်သွားသည်။

"ဘယ်လို၊ အဖွဲ့အစည်းရဲ့ တရားမဝင်မျိုးဗီဇအဆင့်မြှင့်တဲ့ကိစ္စတွေကို ဒေါက်တာက ဒီချပ်စ်ပြားထဲမှာ မှတ်တမ်းယူခဲ့တာမဟုတ်လား။

ဒီချပ်စ်ပြားကို နင့်ဆီအပ်ပြီး ငါနဲ့ဒီမှာဆုံဖို့ မှာခဲ့တာမဟုတ်ဘူးလား။ မျိုးဗီဇအဆင့်မြှင့်-"

ထိုမိန်းကလေး လျှို့ဝှက်ချက်များ ထုတ်ပြောနေသည်ကို လုယန် တားဆီးချင်သည်။ သို့သော် မိန်းကလေးက စက်သေနတ်လို မနားတမ်းပြောနေသည်။

စကားသုံးလေးခွန်းဖြင့် အခြေအနေတစ်ခုလုံး ရှင်းပြသည်။

"ငါက စာဖတ်ဖို့ဒီကိုလာတာပါ"

လုယန် စကြာဝဠာမြေပုံစာအုပ်ကို ထောင်ပြ၍ စိတ်ပျက်လက်ပျက်ပြောသည်။

လုယန် အခိုင်အမာငြင်းနေသဖြင့် မိန်းကလေး အခြေအနေသဘောပေါက်သွားပြီး ချက်ချင်းတောင်းပန်သည်။

"ဪ ဆောရီးပါ။ လူမှားသွားလို့ပါ။ နင့်ကို ဒီပြဿနာထဲ ဆွဲခေါ်သလိုဖြစ်နေပြီ"

"ဟာ...ဒီစာအုပ်ပဲ"

လူငယ်က လုယန်လက်ထဲမှစာအုပ်ကို သတိထားမိသွားသည်။ စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ရင်လာသည်။

"ဟုတ်တာပေါ့။ ငါဘာလို့ဒါကို မတွေးမိတာလဲ။ ဒါက ငါ့အဘိုးအကြိုက်ဆုံးစာအုပ်ပဲ။ စကြာဝဠာဟာ အဆုံးမရှိဘူးလို့ သူပြောခဲ့တယ်။

စကြာဝဠာနဲ့ယှဉ်ရင် ကြယ်စုမဟာမိတ်ဟာ ပင်လယ်ထဲက ရေတစ်စက်လို အသေးအမွှားလေးပဲတဲ့။ ကြယ်စုမဟာမိတ်က စကြာဝဠာကို လေးစားရမယ်တဲ့"

ကလေးဘဝက သူ့အဘိုးကိုပွေ့ဖက်ရင်း အိမ်ခေါင်မိုးထက်တွင် စကြာဝဠာ၏ ဆန်းကြယ်မှုများအကြောင်း လေ့လာခဲ့သည်။ ထိုနေ့ရက်များကို ပြန်စဉ်းစားမိရုံဖြင့် သူမျက်ရည်ဝဲသည်။

သူ့အဘိုးနှင့်သူသာ ထိုအကြောင်းကိုသိသည်။ သူ့အဘိုးချန်ခဲ့သည့် ချပ်စ်ပြားကို သူတစ်ယောက်သာ ရှာနိုင်လိမ့်မည်။

လူငယ်က စာအုပ်ထဲမှ စကြာဝဠာမြေပုံကိုယူသည်။ ကြယ်စုနေရာတစ်ခုကို လက်ဖြင့်ထောက်၍ သူ့ဘာသာတီးတိုးရေရွတ်သည်။ နက္ခတ်တာရာစာအုပ်စင်ကြားထဲတွင် လိုက်ရှာသည်။

"စာအုပ်စဉ်နံပတ်အရဆို ဒီနားမှာရှိလောက်တယ်"

ပထမမိန်းကလေးက လုယန်လက်ထဲမှစာအုပ်၏ စာရေးသူနာမည်ကို သတိထားမိပြီး ခန္ဓာကိုယ်တစ်ချက်တုန်သွားသည်။

"ငါဘာလို့မစဉ်းစားမိတာလဲ။ ဒီစာအုပ်ရဲ့စာရေးဆရာနာမည်က ငါတို့တိုက်ခိုက်ရေးအဖွဲ့ဥက္ကဌသုံးခဲ့တဲ့ ကလောင်နာမည်ပဲ"

သူ့အိတ်ကပ်ထဲမှ စာရွက်ပိုင်းတစ်ခုထုတ်သည်။ စာကြည့်တိုက်သို့မလာမီ သူ့ဆီရောက်လာသည့်စာရွက်ဖြစ်သည်။ ဘာမှန်းတော့မသိခဲ့။

ယခုမှ သူနားလည်သည်။ ထိုစာရွက်ပိုင်းပေါ်မှ နံပတ်များက ထိုစာအုပ်၏ စာမျက်နှာများ စကားလုံးများနှင့် ထပ်တူကျနေသည်။

လုယန်ဆီမှ စာအုပ်ကိုအမြန်ဆွဲယူ၍ စာရွက်ပိုင်းပေါ်မှ လျှို့ဝှက်ကုဒ်များကို ဘာသာပြန်သည်။

အဖွဲ့သုံးခုကြား ပစ်ခတ်မှုများက ရပ်မသွားသေး။ သေနတ်သံများ နားကွဲမတတ်ကြားနေရသည်။ လူငယ်နှင့်မိန်းကလေးက အချိန်လု၍ စာအုပ်စင်ကြားတွင် သူတို့ချပ်စ်ပြားများကို ရှာနေကြသည်။

"တွေ့ပြီ"

နှစ်ယောက်လုံး ချပ်စ်ပြားကိုယ်စီတွေ့ပြီး ဝမ်းသာနေကြသည်။ သို့သော် သေနတ်သံများကြောင့် သူတို့အသိပြန်ဝင်လာသည်။

"ဘယ်လိုထွက်ကြမလဲ"

အန္တရာယ်စက်ကွင်းမှ သူတို့မလွတ်သေး။

လူငယ်က သူကိုင်ထားသည့်ချပ်စ်ပြားကို ဝင့်ကြွားဟန်အပြည့်ဖြင့် မြှောက်ပြသည်။

"ငါ့အဘိုးရဲ့ချပ်စ်ပြားမှာ စက်ရုပ်တွေ၊ မက္ကင်းနစ်ခန္ဓာတွေရဲ့ လှုပ်ရှားမှုကို နှောက်ယှက်နိုင်တဲ့ ဗိုင်းရပ်တစ်ခုပါတယ်။ အချိန်ကျလာရင် ထွက်ပြေးရုံပဲ"

ကော်ပိုရေးရှင်း၏ ကြေးစားအများစုက မက္ကင်းနစ်ခန္ဓာများဖြစ်သည်။

ရွှေရောင်ဆံပင်နှင့်မိန်းကလေးက ခေါင်းခါသည်။

"မရဘူး။ ဒါနဲ့အလုပ်မဖြစ်ဘူး။ ငါ့နောက်ကို လိုက်လာတဲ့လူတွေက မျိုးဗီဇအဆင့်မြှင့်ထားတဲ့လူတွေ။ သူတို့ကို (ကွန်ပြူတာ)ဗိုင်းရပ်နဲ့ တိုက်ခိုက်လို့မရဘူး"

ပထမမိန်းကလေးက ဗုံးတစ်လုံးဆွဲထုတ်သည်။

"ငါ့မှာ မျက်ရည်ယိုဗုံးတစ်လုံးရှိတယ်။ အဲဒီ့ ဗီဇပြောင်းလူသားတွေကို ဒါနဲ့ အငိုက်ဖမ်းတိုက်ခိုက်လို့ရတယ်"

"အဲဒီစိတ်ကူးကောင်းတယ်"

လူငယ်က လက်မောင်းအရေပြားကိုဆွဲလှန်လိုက်သည်။ အောက်ဘက်တွင် မက္ကင်းနစ်လက်မောင်းပေါ်လာသည်။ ချပ်စ်ပြားကို လက်မောင်းထဲ ထည့်လိုက်သည်။

စခရင်ပေါ် နှစ်ချက်သုံးချက် လက်ဖြင့်ထောက်သည်။ တိုက်ခိုက်သံများ ချက်ချင်းငြိမ်ကျသွားသည်။ စက်ရုပ်နှင့်ကြေးစားများ ဗိုင်းရပ်ထိသွားသည်။

ပထမမိန်းကလေးက မျက်ရည်ယိုဗုံးကို ပစ်သွင်းသည်။ ဝုန်းခနဲပေါက်ကွဲသွားပြီး မီးခိုးများလုံးထလာသည်။ ဗီဇပြောင်းတပ်ဖွဲ့ မျက်လုံးကန်းမတတ်ဖြစ်သွားသည်။

သုံးယောက်လုံး ထိုအချိန်ကို အခွင့်ကောင်းယူ၍ အန္တရာယ်ကြားမှ ပြေးထွက်ကြသည်။ အပြစ်ကင်းသည့် ဘေးကြည့်ပရိတ်သတ်လုယန်ကိုလည်း ဆွဲခေါ်သွားဖို့ မမေ့ကြ။

*********************************

All Chapters