အခန်း ၁၂၈၉
Vol. 86 Ch. 1289
အခန်း (၁၂၈၉) နာကျင်စရာအတိတ်များ
အန္တရာယ်ကြားမှလွတ်လာပြီဖြစ်၍ သုံးယောက်သား လက်ဝါးချင်းရိုက်၍ အောင်ပွဲခံနေကြသည်။ လုယန်ကတော့ လုံးဝမလှုပ်။
"ငါ့နာမည်လန်ဟိုင်ပါ"
လူငယ်က စတင်မိတ်ဆက်သည်။ ယခုမှ တွေ့ဖူးကြသော်လည်း သေရေးရှင်ရေးအခြေအနေကို အတူဖြတ်ကျော်ခဲ့ကြသဖြင့် အချိန်ကြာမြင့်စွာ ခင်မင်ရင်းနှီးခဲ့သူများလို ဖြစ်လာသည်။
"ငါ့နာမည်က ယုရန်ပါ"
ပထမမိန်းကလေးက မိတ်ဆက်သည်။
"ငါ့နာမည်က မီရွှဲ့အာ"
ရွှေရောင်ဆံပင် မျက်လုံးပြာနှင့်မိန်းကလေးကပြောသည်။
ထို့နောက် တစ်ချိန်လုံးအသံတိတ်နေခဲ့သည့်လုယန်ကို ပြိုင်တူလှည့်ကြည့်ကြသည်။ သူတို့အကြည့်၏ အဓိပ္ပါယ်က ရှင်းလင်းနေသည်။
တစ်ဘက်လူများက မိတ်ဆက်ကြပြီးဖြစ်၍ ယဉ်ကျေးမှုအရ လုယန် ပြန်မိတ်ဆက်ရမည့် ဝတ္တရားရှိသည်။
"ငါ့နာမည် မုန်ကျင်းကျိုးပါ"
"ဪ အကိုမုန်ပေါ့။ ဒီနေ့ မထင်မှတ်ဘဲ အန္တရာယ်ကြုံခဲ့ရတယ်နော်"
လန်ဟိုင်က လုယန်ကို ကိုယ်ချင်းစာမိသဖြင့် သက်ပြင်းချသည်။
မထင်မှတ်ဘဲကြုံရသည့် အန္တရာယ်ဟု လုယန်လည်း ခံစားရသည်။
"တကယ်တော့ အခြေအနေ ဒီလောက်ဆိုးလာမယ်လို့ မထင်ခဲ့မိဘူး။ ငါက ငါ့အဘိုးချန်ခဲ့တဲ့ ပစ္စည်းတွေကို စစ်ဆေးရင်းနဲ့..."
လုယန် လန်ဟိုင်၏ နောက်ကြောင်းပြန်ဇာတ်လမ်းကို ကြားဖြတ်တားလိုက်သည်။
"တော်တော့။ ထပ်မပြောပါနဲ့တော့။ ငါက အပြင်လူပါ။ အများကြီးမသိချင်ဘူး"
လန်ဟိုင်က ခေါင်းခါသည်။
"မဟုတ်ဘူး အကိုမုန်။ အခြေအနေမှန်ကို ရင်ဆိုင်ရမယ်။ အကိုက အပြင်လူမဟုတ်တော့ဘူး။ ချပ်စ်ပြားကိုယူခဲ့တဲ့လူက ကျုပ်ဆိုပေမယ့် အီသာက အကိုနဲ့ကျုပ် အတူရှိခဲ့တာကို မြင်သွားပြီ။ သူအကို့ကို အလွတ်ပေးမှာမဟုတ်ဘူး"
လုယန် "..."
မင်းတို့ကြယ်စုကလူတွေက ဧည့်သည်တွေကို ရန်သူလိုပဲသဘောထားကြတာလားကွာ...
"ဒါပေမယ့် အကိုမုန်ပြောတာလည်း မှန်ပါတယ်။ လောလောဆယ် ဒီအကြောင်းတွေပြောနေရမယ့်အချိန်မဟုတ်ဘူး။ ကားထဲဝင်ပြီးမှ ပြောတာပေါ့"
လန်ဟိုင် စာကြည့်တိုက်ထဲ ဝင်အောင်းခဲ့သည့် ပြိုင်ကား၏တံခါးကို ဖွင့်လိုက်သည်။ စာကြည့်တိုက်နံရံကို ဝင်တိုက်ခဲ့သော်လည်း ဆေးသားပင်မပျက်။ အရည်အသွေးဘယ်လောက်ကောင်းကြောင်း သက်သေခံနေသည်။
လုယန် တစ်ခြားရွေးချယ်စရာမရှိသဖြင့် စိတ်ကိုလျှော့၍ ကားထဲဝင်ပြီး လန်ဟိုင်၏ဇာတ်လမ်းကို နားထောင်ရသည်။
သို့သော် ကားထဲဝင်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုရှိသည်။ နတ်မယ်က ဇာတ်လမ်းကို နားထောင်ချင်နေသည်။
"ဝင်လိုက်ပါ။ ပျော်စရာကောင်းမယ့်ပုံပါပဲ"
မိန်းကလေးနှစ်ယောက်လည်း ကားထဲဝင်ကြသည်။
"ငါ့အဖိုးနာမည်က လန်ခန်းတဲ့။ မဟာမိတ်မှာ သိပ်နာမည်ကျော်ပေမယ့် ကြယ်စုတစ်ခုလုံးမှာ အတော်ဆုံးသိပ္ပံပညာရှင်ပါ။
ပြီးတော့သူက မဟာမိတ်အဖွဲ့ ခေါင်းဆောင်သိပ္ပံပညာရှင် ကောင်းဟွမ်ယုရဲ့ ဆရာပဲ။ ဒီပြိုင်ကားကိုလည်း ငါ့အဖိုးအဆင့်မြှင့်ပေးထားတာ။
လွန်ခဲ့တဲ့တစ်လက သူရုတ်တရက် ကွယ်လွန်သွားတယ်။ အစပိုင်းမှာ ငါဘာမှသံသယမဖြစ်ခဲ့ဘူး။ သူ့ပစ္စည်းတွေသိမ်းရင်းနဲ့ သူ့မှတ်စုစာအုပ်ကိုတွေ့တယ်။
ဉာဏ်ရည်တုနည်းပညာ သိစိတ်ဝိညာဉ်ဖွံ့ဖြိုးလာတဲ့အကြောင်း မှတ်စုတွေပါတယ်။ အီသာရဲ့ ဆန့်ကျင်ပုံကန်မယ့် အစီအစဉ်တွေပေါ့။
အီသာကိုတားဖို့အတွက် စာကြည့်တိုက်က ချပ်စ်ကိုယူပြီး ခေါင်းဆောင်သိပ္ပံပညာရှင် အဘိုးကောင်းဟွမ်ယုလက်ထဲကို လွှဲပေးရမှာ။
ဒါမှသူက အီသာကို ဖောမတ်ချ(အချက်အလက်ရှင်း)နိုင်မှာ။ ဒါပေမယ့် အီသာက ဒါကိုရိပ်မိလာတယ်။ ဘယ်နည်းပညာနဲ့မှ အဘိုးကောင်းကို ဆက်သွယ်လို့မရဘူး။
လူကိုယ်တိုင်ပဲ သွားတွေ့ရမှာ။ ဒါကြောင့်ငါ စာကြည့်တိုက်မှာ ချပ်စ်ပြားကို လာရှာတာ"
"နင့်ချပ်စ်ပြားက ဒီလောက်တောင်အရေးကြီးတာလား"
ထိုမျှရှုပ်ထွေးသည့် နောက်ခံဇာတ်ကြောင်းရှိခဲ့မည်ဟု ယုရန်ထင်မထား။
"ငါက ကြယ်တာယာလို့ခေါ်တဲ့ အဖွဲ့အစည်းကပါ။ မုရုံမိသားစုက ငှားထားတဲ့ သိပ္ပံပညာရှင်တစ်ယောက် တည်ထောင်ထားတာ။
မုရုံမိသားစုက ငါတို့ခေါင်းပေါ်က ကြယ်စုတွေမှာ သတ္တုတူးဖော်တဲ့လုပ်ငန်းကို တာဝန်ယူထားတယ်။ ဥပဒေနှင့်မညီဘဲ တရားမဝင်တူးဖော်မှုတွေလုပ်နေတာကို ငါ့ဘော့စ်က အမှတ်မထင်တွေ့ခဲ့တယ်။
ဒီလိုလုပ်တာက မုရုံမိသားစုအတွက် အကျိုးအမြတ်အများကြီးရပေမယ့် ကြယ်စုတွေ တစ်စစီပေါက်ကွဲသွားနိုင်တယ်။ ကြယ်တစ်လုံးပေါက်ကွဲတာနဲ့ သေကြေပျက်စီးမှုတွေ သန်းရာချီပြီး ရှိလာမှာ။
မုရုံမိသားစုခေါင်းဆောင်ကို ဘော့စ်က ဖျောင်းဖျဖို့ကြိုးစားတယ်။ ဒါပေမယ့် မုရုံခေါင်းဆောင် လောဘကြောင့် မျက်ကန်းဖြစ်နေတယ်။ လုပ်ငန်းကို ထိန်းချုပ်တာ သတိပေးတာမျိုးမလုပ်ခဲ့ဘူး။
ဘော့က ကြယ်တာယာအဖွဲ့ကို လျှို့ဝှက်တည်ထောင်တယ်။ မုရုံရဲ့ သက်သေအထောက်အထားတွေ စုစည်းတယ်။ ဖက်ဒရေးရှင်းထိပ်သီးကောင်စီကို တိုင်ကြားဖို့ စီစဉ်ခဲ့တယ်။
မုရုံလုပ်ငန်းစုထဲ ထည့်ထားတဲ့ ငါတို့သူလျိုအေးဂျင့်တွေက သက်သေတွေစုဆောင်းပြီး စာကြည့်တိုက်က နက္ခတ်တာရာစာအုပ်စင်ထဲမှာ ဝှက်ထားတယ်။ ငါက ကြယ်တာရာအဖွဲ့အတွက် အဲဒီ့သက်သေတွေကို သွားယူဖို့ တာဝန်ယူရတယ်။
ဒါပေမယ့် မုရုံက ငါ့ကိုခြေရာခံမိသွားတယ်။ သူတို့ကြေးစားတွေက စာကြည့်တိုက်အထိ ငါ့နောက်ကိုလိုက်လာကြတယ်။
သက်သေချပ်စ်ပြားရလာလို့ တော်သေးတာပေါ့။ အခု ဒီချပ်စ်ပြားကို ကြယ်တာယာအဖွဲ့ဆီ ပြန်ယူသွားရုံပဲရှိတော့တယ်။ ဒါဆို ငါ့မစ်ရှင်ပြီးသွားပြီ"
ထိုစဉ် ရုတ်တရက် ယုရန်ဆီ အသံမက်ဆေ့တစ်ခုရောက်လာသည်။
မက်ဆေ့ကိုဖွင့်လိုက်သည်။ ဆူညံနေသည့် သေနတ်သံများကြားမှ ယောက်ျားတစ်ယောက်၏အသံ ပေါ်လာသည်။
"ယုရန်၊ ပြန်မလာနဲ့တော့။ မုရုံမိသားစုကလည်း ငါတို့ထဲမှာ သူလျိုထည့်ထားတာ။ ဒါကြောင့် မင်းရှိတဲ့နေရာကို သူတို့သိခဲ့တာ။ မုရုံကလူတွေ မင်းနောက်ကို လိုက်လာပြီ။ ချပ်စ်ပြားကို ကာကွယ်ပါ။ ပြန်မလာနဲ့တော့"
ယုရန် တုန်လှုပ်သွားသည်။ ထင်မှတ်မထားသည့် အပြောင်းအလဲများ ဖြစ်လာသည်။ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာသည်။
ကားထဲမှလေထုက ထိုင်းမှိုင်းလာသဖြင့် မီရွှဲ့အာက ယုရန်ကိုအာရုံလွှဲဖို့ သူ့ဇာတ်ကြောင်းကို ပြောပြသည်။
"ထိပ်သီးကောင်စီက လူသားခန္ဓာဟာ စွမ်းအားအကြီးဆုံးလို့ယုံကြည်တယ်။ မက္ကင်းနစ်စက်တပ်ခန္ဓာနဲ့ အဆင့်မြှင့်တာမျိုးကို လက်မခံဘူး။
လူ့ခန္ဓာကိုယ် ပိုသန်မာအောင်လုပ်နိုင်ဖို့ ငါ့ကို စမ်းသပ်မှုတွေ အဆက်မပြတ်လုပ်ခဲ့တယ်။ နောက်ဆုံးတော့ ဒေါက်တာက ငါ့ကို သူ့မြေးမတစ်ယောက်လို ဆက်ဆံခဲ့တယ်။
စမ်းသပ်မှုတွေ အဆင့်မြင့်တာတွေ ငါဖြတ်ကျော်နေရတာကို သူမကြည့်ရက်ဘူး။ ကောင်စီရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ငါနဲ့အတူ သူထွက်ပြေးခဲ့တယ်။
ကာကိုကာကွယ်ရင်း သူကျည်ဆံထိသွားတယ်။ သူမသေခင် စာကြည့်တိုက်ထဲမှာ ဝှက်ထားတဲ့ ချပ်စ်ပြားအကြောင်း ငါ့ကိုပြောတယ်။
အဲဒီ့ချပ်စ်ပြားနဲ့ ထိပ်သီးကောင်စီကို ဖြုတ်ချနိုင်တယ်။ ဒါကိုသွားရှာဖို့ ငါ့ကိုမှာသွားတယ်။ ထိပ်သီးကောင်စီရဲ့ ဗီဇပြောင်းမျိုးဆက်သစ်တွေ ပေါ်လာပြီ။
စက်ရုပ်တပ်ဖွဲ့တောင် သူတို့ကိုမယှဉ်နိုင်ဘူး။ ထိပ်သီးကောင်စီက ဆန့်ကျင်ပုန်ကန်တော့မှာ။ သူတို့ကို တားမှဖြစ်မယ်"
သူတို့ဇာတ်လမ်းကို နားထောင်ပြီးနောက် နတ်မယ်က ကုတင်ပေါ်တွင်လူးလှိမ့်ရင်း ခပ်တိုးတိုးညည်းညူသည်။
"ဒီကြယ်စုမဟာမိတ်က ဘာလို့ဒီလောက်အန္တရာယ်များနေတာလဲ။ စက်ရုပ်တွေ ပုန်ကန်တယ်။ ကြယ်တွေပေါက်ကွဲတယ်တဲ့"
ဒေါက်တိုင်ဝန်ကြီးက အလိုက်သင့်ပြောသည်။
"ဟုတ်တယ်။ ဒီလောက်တိုးတက်တဲ့ မဟာမိတ်မှာ ဒီလိုပြဿနာတွေ အများကြီးရှိနေမယ်လို့ ဘယ်သူတွေးမိမှာလဲ"
မူရွှဲ့အာစကားဆုံးချိန်တွင် ကားထဲမှလေထုက ပို၍ပင် ထိုင်းမှိုင်းသွားသည်။ လန်ဟိုင်၏အဘိုး သေသွားသည်။ ယုရန်၏ ကြယ်တာရာအဖွဲ့မရှိတော့။ မီရွှဲ့အာ၏ အဘိုးဒေါက်တာလည်း သေသွားသည်။
ထိုသုံးယောက်သည် သက်ရှိကပ်ဆိုများဖြစ်ကြောင်း နားလည်လာသည်။ သူတို့သွားသည့်နေရာတိုင်း အန္တရာယ်က လိုက်လာမည်။ သူတို့နောက်ခံကိုသာ စောစောကြိုသိခဲ့လျှင် ဤဇာတ်ရှုပ်ထဲသို့ လုံးဝဝင်ခဲ့မည်မဟုတ်။
သုံးယောက်လုံး ဇာတ်လမ်းကိုယ်စီပြောပြီးနောက် လုယန်ကို လှည့်ကြည့်ကြသည်။ စိတ်အပြောင်းအလဲဖြစ်အောင် တစ်ခုခုပြောစေချင်ပုံရသည်။
လုယန်သက်ပြင်းချ၍ သူ့ဇာတ်လမ်းကို ပြောပြသည်။
"ငါက မိဘမရှိတစ်ကောင်ကြွက်ပါ။ နောက်ပိုင်းမှာ အမကြီးက ငါ့ကိုစောင့်ရှောက်ခဲ့တယ်။ ထိပ်သီးကောင်စီလိုပဲ အမကြီးက လူသားခန္ဓာဟာ စွမ်းအားအကြီးဆုံးလို ယုံကြည်တယ်။ အဲဒီ့လမ်းကြောင်းအတိုင်း ငါ့ကိုလေ့ကျင့်စေချင်တယ်။
ဒါကြောင့် ငါ့လက်နှစ်ဘက်လုံး မလှုပ်နိုင်တော့တဲ့အထိ နေ့တိုင်း ရေစည်တွေသယ်ခိုင်းတယ်။ ညရောက်ရင် ရေနွေးဘူထဲမှာ အရေပြားကွာပြီး ခုန်ဆွခုန်ဆွဖြစ်တဲ့အထိ စိမ်ခိုင်းတယ်။
နောက်တော့ မိန်းမတစ်ယောက်ရဲ့အသံ ငါ့စိတ်အာရုံမှာပေါ်လာတယ်။ ဒဏ္ဍာရီပုံပြင်တွေ ငါ့ကိုပြောပြတယ်။ တစ်ခါတစ်လေ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ငါမကြိုက်တာတွေလုပ်တယ်။
ညီအကိုကောင်းတစ်ယောက်လည်းရှိတယ်။ သူက ချမ်းသာတယ်။ ရုပ်ချောတယ်။ ဒါပေမယ့် ထူးဆန်းတဲ့စရိုက်မျိုးရှိတယ်။ မိန်းမတွေကို စိတ်မဝင်စားဘူး။ အဲလိုဖြစ်တာမကောင်းဘူးထင်လို့ ရည်းစားတစ်ယောက်ရှာဖို့ သူ့ကိုအကြံပေးတယ်။ ဒါပေမယ့် သူကငါ့ကို စိတ်ဆိုးသွားတယ်။
ငါ့ဘေးကလူတွေလည်း တိုက်ခိုက်ရေးအဖွဲ့အစည်းတစ်ခု ဖွဲ့ထားတယ်။ လက်ရှိဘုရင်ကို နန်းချဖို့ ရည်ရွယ်ထားတယ်။ အဖွဲ့အစည်းမှာ အဖွဲ့ဝင်တစ်ဒါဇင်ကျော်ပဲရှိတယ်။ သူတို့ထဲကတစ်ချို့က လူမဟုတ်ဘူး။ တိရစ္ဆာန်တွေပါ"
ကံကြမ္မာချင်းဆင်တူသည့်လုယန်ကို သုံးယောက်လုံးက ကရုဏာသက်သည့်မျက်လုံးဖြင့် ကြည့်ကြသည်။ ရက်စက်သည့်အမကြီးတစ်ယောက်။ စရိုက်ကွဲရောဂါ ဖြစ်နေဟန်ရှိသည့်လုယန်။ လိင်စိတ်တိမ်းညွတ်မှု မူမမှန်သည့် သူငယ်ချင်းတစ်ယောက်။ အတော်လေးအားနည်းပုံရသည့် အဖွဲ့အစည်းတစ်ခု။
*******************************