← Chapters

အခန်း ၁၂၉၀

Vol. 86 Ch. 1290

အခန်း ၁၂၉၀

Vol. 86 Ch. 1290

အခန်း (၁၂၉၀) အားအနည်းဆုံးအကိုမုန်

နောက်ကြောင်းကိုယ်စီ ရင်ဖွင့်ကြပြီးနောက် အားလုံးဘဝတူများဖြစ်ကြောင်း နားလည်လာသည်။ လက်ရှိတွင်လည်း အဖွဲ့အစည်းသုံးခု အမဲလိုက်ခံနေရသဖြင့် အချင်းချင်းပို၍သံယောဇဉ်ဖြစ်လာသည်။

"မင်းတို့ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ"

လုယန် ပုံမှန်အတိုင်းမေးလိုက်သည်။ သူသိပ်အရေးမစိုက်။ ထိုသုံးယောက်နှင့်အတူလိုက်ပြီး လောကအတွေ့အကြုံယူရုံသာဖြစ်သည်။

"ငါ့ဒေတာချပ်စ်မှာ မုရုံရဲ့ တရားမဝင်လုပ်ရပ်တွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေပါတယ်။ အွန်လိုင်းပေါ်တင်လိုက်တာနဲ့ လူအများက အာရုံစိုက်လာလိမ့်မယ်"

ရုယန်ပြောသည်။ ထိပ်သီးကောင်စီကို သူတို့ဘော့စ်ကသာ ဆက်သွယ်နိုင်လိမ့်မည်။ သို့သော်ယခု ကြယ်တာရာအဖွဲ့ကို မုရုံက အပြတ်ရှင်းလိုက်ပြီဖြစ်၍ ဘော့စ်ဆီ သွားမရတော့။

တစ်ခုတည်းသော ရွေးချယ်စရာက သက်သေကို လူအများရှေ့ချပြရုံသာရှိသည်။

လန်ဟိုင်ကခေါင်းခါသည်။

"အဲဒါ အလုပ်မဖြစ်နိုင်ဘူး။ အီသာက နက်ဝါ့အားလုံးကို ထိန်းချုပ်ထားတာ။ အခုငါက မင်းနဲ့အတူရှိနေပြီဆိုတော့ မင်းကို ငါ့ကြံရာပါလို့ သတ်မှတ်မှာပဲ။ ဘာမက်ဆေ့မှ မင်းပို့လို့ရမှာမဟုတ်ဘူး။

အခုတောင် အီသာက ငါတို့ရှိတဲ့နေရာကို သိချင်သိနေနိုင်တယ်"

ယုရန် စိတ်ဓာတ်ကျသွားသည်။ အရေးကြီးသည့် ရာဇဝတ်မှုသက်သေကို ရခဲ့သော်လည်း မုရုံလုပ်ငန်းစုကို တားနိုင်စွမ်းမရှိ။

သို့သော် သူနားမလည်သည့် ကိစ္စတစ်ခုရှိသည်။

"ဒါဆိုဘာလို့ အီသာက ငါတို့ကို လိုက်ဖမ်းဖို့ စက်ရုပ်တပ်ဖွဲ့ကို ဆက်မလွှတ်တာလဲ"

လန်ဟင် ကားလက်ကိုင်ဘီးကိုလွှတ်၍ ကားကို အော်တိုမုတ် ပြောင်းသည်။ အော့ဖ်လိုင်းမုတ်ဖြစ်၍ အိမ်သာထိန်းချုပ်မည်ကို စိုးရိမ်စရာမလို။

ထို့နောက် ယုရန်ကို ရှင်းပြသည်။

"အစောပိုင်းက စက်ရုပ်တပ်ဖွဲ့ ငါ့နောက်ကိုလိုက်တာက ပရိုဂရမ်မှားတာလို့ ရှင်းပြပြီး မဟာမိတ်ရဲတပ်ဖွဲ့ကို အရူးလုပ်လို့ရတယ်။

ဒါပေမယ့် စက်ရုပ်တပ်ဖွဲ့တွေ တစ်ခုပြီးတစ်ခု ငါ့တို့ကိုလိုက်ဖမ်းဖို့လွှတ်နေရင် နောက်ကွယ်မှာ ပြဿနာကြီးတစ်ခုရှိနေပြီလို့ မဟာမိတ်က သံသယဝင်လာမယ်။

လောလောဆယ် အီသာကလည်း ပေါ်ပေါ်ထင်ထင် မလှုပ်ရှားချင်သေးတာဖြစ်မယ်"

"မင်းကရော ဘာဆက်လုပ်မှာလဲ မီရွှဲ့အာ"

လုယန် မေးလိုက်သည်။

မီရွှဲ့အာလည်း စိတ်ဓာတ်ကျနေသည်။

"ငါလည်း သက်သေကို အများရှေ့ချပြမယ်လို့ စိတ်ကူးထားတာ။ ဒါပေမယ့် လန်ဟိုင်ပြောသလိုဆိုရင် အလုပ်မဖြစ်လောက်ဘူး။

ဒါပေမယ့်ငါ့မှာ တစ်ခြားအစီအစဉ်တစ်ခုရှိပါတယ်"

"ဘာအစီအစဉ်လဲ"

"ချပ်စ်ပြားထဲမှာ မျိုးဗီဇဆန့်ကျင်ပစ္စည်းဖော်မြူလာတစ်ခု ဒေါက်တာက ထည့်ထားတယ်။ ငါတို့လို ဗီဇပြောင်းထားတဲ့လူတွေကို စွမ်းအားပျောက်အောင် လုပ်နိုင်တယ်။

ဖော်မြူလာရပြီး ဓာတ်ခွဲခန်းတစ်ခုရှိမယ်ဆိုရင် ဗီဇဆန့်ကျင်ပစ္စည်းကို ငါဖန်တီးနိုင်တယ်။ ထိပ်သီးကောင်စီက လိုက်ဖမ်းတာကို ကြောက်စရာမလိုဘူး"

မီရွှဲ့အာ ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ တိုက်ခိုက်ရေးပညာသာ သူကျွမ်းကျင်သည်မဟုတ်။ မျိုးဗီဇနည်းပညာလည်း အတော်ကျွမ်းကျင်ထားသည်။

"ဓာတ်ခွဲခန်းလား...အင်း.."

လန်ဟိုင် သူ့ဘာသာရေရွတ်သည်။ ထို့နောက် ရုတ်တရက် အတွေးတစ်ခုပေါ်လာသည်။

"ဟုတ်ပြီ၊ သိပ္ပံစမ်းသပ်မှုတွေ ဝါသနာထုံတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့အိမ်မှာ ဓာတ်ခွဲခန်းအသေးစားလေးတစ်ခုရှိတယ်။ အဲဒီကိုသွားလို့ရတယ်"

"ကောင်းတာပေါ့"

လန်ဟိုင် လမ်းကြောင်းပြောင်းပြီး သူ့သူငယ်ချီးအိမ်သို့ ဦးတည်လိုက်သည်။ ပြိုင်ကားက လမ်းချိုးတစ်ခုတွင် ဒရစ်ဆွဲ၍ကွေ့သည်။ မီးပွားများ အတန်းလိုက်ကျန်ရစ်ခဲ့သည်။

ပြိုင်ကားက မယုံနိုင်လောက်အောင်မြန်သည်။ မြို့စွန်တစ်ဘက်မှ တစ်ခြားတစ်ဘက်သို့ တစ်နာရီအတွင်းရောက်သည်။

"ကားရပ်လိုက်"

လန်ဟိုင် အော်တိုမုတ်ကို ညွှန်ကြားသည်။ အားလုံး နားမလည်နိုင်အောင် ဖြစ်သွားသည်။

"ဘာဖြစ်တာလဲ"

လန်ဟိုင် လမ်းဘေးမှ အိမ်သာဆိုင်းဘုတ်ကို လက်ညှိုးထိုးပြသည်။

"ငါသန့်စင်ခန်းဝင်ဦးမယ်။ မင်းတို့ရော သွားဖို့လိုသေးလား"

ယုရန်က ခေါင်းခါသည်။

"မလိုဘူး။ ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုက မက္ကင်းနစ်အဆင့်ကိုမြှင့်ထားတာ။ သန့်စင်ခန်းသုံးဖို့မလိုဘူး"

မီရွှဲ့အာလည်း ခေါင်းခါသည်။

"ငါ့ခန္ဓာကိုယ်က မျိုးဗီဇအဆင့်မြှင့်ထားတာ။ ရေနဲ့အစာ သိပ်မလိုဘူး"

လန်ဟိုင် ခေါင်းကုတ်လိုက်သည်။ ထိုမိန်းမလှအဖော်နှစ်ယောက်က သာမန်လူနှင့်သိပ်မတူတော့ဟု တွေးမိသည်။ သူက လက်နှစ်ဘက်ကိုသာ အဆင့်မြှင့်ထားခြင်းဖြစ်သည်။

"ငါလည်းဆင်းဦးမယ်"

လုယန်က ပြောသည်။ လမ်းဘေးမှ ကုန်စုံဆိုင်လေးကို သူမြင်သည်။ မုန့်နည်းနည်းဝယ်ချင်သည်။

"မင်းတို့မှာ ငွေပါလား။ နည်းနည်းလောက်ချေးပါ"

"နည်းနည်းတော့ ပါလောက်တယ်"

လန်ဟိုင် အိတ်ကပ်များကို မွှေနှောက်ရှာသည်။ ငွေစက္ကူနှစ်ရွက်ဆွဲထုတ်သည်။

"ငါတို့ကြားမှာ ချေးတာတွေဘာတွေ ပြောစရာမလိုဘူး။ သူစိမ်းဆန်လွန်းပါတယ်။ ပြန်မပေးနဲ့တော့"

"ကျေးဇူးပါ"

လုယန်နှင့်လန်ဟိုင် ကားပေါ်မှဆင်းသည်။ ယုရန်နှင့်မီရွှဲ့အာသာ ကျန်ခဲ့သည်။

"ယုရန်၊ နင်အဆင့်မြှင့်ထားတဲ့ခန္ဓာကိုက တိုက်ခိုက်ရေးကို ဦးစားပေးထားတာလား"

မီရွှဲ့အာက ရုတ်တရက်မေးသည်။

ယုရန် အံ့အားသင့်သွားသည်။

"နင်ဘယ်လိုသိတာလဲ"

ငယ်ကတည်းက တိုက်ခိုက်ရေးပညာကို သူစိတ်ဝင်စားသည်။ မက္ကင်နစ်အဆင့်မြှင့်ချိန်တွင် တိုက်ခိုက်ရေးဦးစားပေးသည့် ဒီဇိုင်းမျိုး ရွေးချယ်ခဲ့သည်။

သို့သော် ထိုအကြောင်း ဘယ်တုန်းကမှ သူထုတ်မပြောခဲ့ဖူး။ မီရွှဲ့အာက ဘယ်လိုခန့်မှန်းနိုင်သည်မသိ။

မီရွှဲ့အာကပြုံး၍ သူ့ကိုယ်သူ လက်ညှိုးထိုးပြ၍

"ဘာကြောင့်လဲဆိုတာတော့ ရှင်းမပြတတ်ဘူး။ မျိုးဗီဇအဆင့်မြှင့်ထားတဲ့ အကျိုးကျေးဇူးဖြစ်မယ်။ အနားမှာရှိတဲ့လူတွေရဲ့ အန္တရာယ်အငွေ့အသက်ပြင်းအားကို ငါအကြမ်းဖျင်းအာရုံခံနိုင်တယ်။

နင်တို့သုံးယောက်ထဲမှာ နင်က အန္တရာယ်အငွေ့အသက် အပြင်းထန်ဆုံးပဲ"

"အံ့ဩစရာပါလား"

ယုရန် အံ့အားသင့်သွားသည်။ ထိပ်သီးကောင်စီသည် အားသာချက်တစ်ချို့တော့ တကယ်ရှိသည်။

"လန်ဟိုင်နဲ့ အကိုမုန်ကရော ဘယ်လိုလဲ"

"သူတို့ဆီက ဘာအန္တရာယ်အငွေ့အသက်မှ မခံစားရဘူး။ နှစ်ယောက်လုံးက သာမန်လူတွေပဲ။ တကယ်လို့ နှိုင်းယှဉ်ပြရမယ်ဆိုရင် လန်ဟိုင်က အကိုမုန်ထက် နည်းနည်းပိုပြီး စွမ်းအားကြီးတယ်"

...

"ဒီမှာရောင်းအကောင်းဆုံးမုန့်တွေ ဘာတွေရှိလဲ"

ဆိုင်ရှင်က စက်ရုပ်ဖြစ်သည်။ မျက်နှာဖန်သားပြင်ပေါ်တွင် မုန့်အမျိုးအစားတစ်ချို့ ပေါ်လာသည်။

"ဒါလေးတွေ ကောင်းပါတယ်"

"တစ်ထုပ်စီယူမယ်"

"ကောင်းပါပြီ"

လုယန် လော်လီပေါ့နှင့်တူသည့် သကြားလုံးတစ်ခု ပါးစပ်ထဲထည့်လိုက်သည်။ အေးမြသည့်အရသာကြောင့် လန်းဆန်းသွားသည်။

"အရသာမဆိုးဘူး။ နတ်မယ်၊ ခင်ဗျားမြည်းကြည့်ပါလား"

လုယန် ခန္ဓာကိုယ်လွှဲပေးလိုက်သည်။ သကြားလုံးများကို သူသိပ်မကြိုက်။ နတ်မယ်ကို မြည်းကြည့်စေချင်၍ ဝယ်ခြင်းသာဖြစ်သည်။

"တကယ်မဆိုးဘူးပဲ"

နတ်မယ်အဖြေကြောင့် လုယန်အံ့အားသင့်သွားသည်။ လော်လီပေါ့ကို သူချက်သည့်ဟင်းလောက်မကောင်းကြောင်း ဝေဖန်လိမ့်မည်ဟု ထင်ထားခဲ့သည်။

"ခင်ဗျားကြိုက်ရင် ပြီးတာပါပဲ"

အပြန်လမ်းတွင် ကုတ်အင်္ကျီအနက်ဝတ်၍ ဦးထုပ်အနက်ဆောင်းထားသည့် မျက်နှာတင်းတင်းလူတစ်‌ယောက် သူ့ရှေ့တွင် ပိတ်ရပ်လာသည်။

ကိရိယာအသေးလေးတစ်ခုကို ပစ်ချသည်။ သူနှင့်လုယန်ကို အလင်းလွှာတစ်ခု ဖုံးအုပ်သွားသည်။

"ကောင်လေး၊ မင်းက မူရွှဲ့အာရဲ့ မိတ်ဆွေသစ်မဟုတ်လား"

"ခင်ဗျားကဘယ်သူလဲ"

ထိုလူက ဦးထုပ်နက်ကို ချွတ်လိုက်သည်။ ကန့်လတ်ဖြတ်အမာရွက်နှင့် ကြောက်စရာမျက်နှာတစ်ခု ပေါ်လာသည်။

ထို့နောက် မျိုးဗီဇအဆင့်မြင့်ထားသည့် လူသုံးဆယ်ကျော် တစ်ယောက်ပြီးတစ်ယောက်ပေါ်လာသည်။ အားလုံးက ရက်စက်ကြမ်းကြုတ်သည့် ဟန်ပန်မျိုးရှိသည်။

ထူးဆန်းသည့် လက်နက်မျိုးစုံ ကိုင်ထားသည်။

"ဟဲဟဲ ကောင်လေး၊ မူရွှဲ့အာရဲ့ မိတ်ဆွေဖြစ်လာတာကိုပဲ မင်းကိုယ်မင်းအပြစ်တင်တော့။ ကားထဲလူတွေရဲ့ နောက်ခံနဲ့စွမ်းရည်တွေကို အမှန်အတိုင်းပြောပြရင် မင်းကိုမြန်မြန်သေအောင် သတ်ပေးမယ်"

နောက်တစ်‌ယောက်က လှောင်ပြုံးပြုံးနေသည်။ သူ့စွမ်းအားက ရေခဲနှင့်ပတ်သက်ဟန်ရှိသည်။ သူ့ဘေးပတ်လည်မှ အပူချိန် သိသိသာသာထိုးကျသွားသည်။

"အော်ဟစ်ပြီးအကူအညီတောင်းဖို့ မစဉ်းစားနဲ့။ မြေပေါ်မှာကျနေတဲ့ ဒီကိရိယာလေးကိုတွေ့လား။ ဒါက ဘေးပတ်လည်ပတ်ဝန်းကျင်ကို ပုံတူပွားနိုင်တယ်။ အပြင်ကနေကြည့်ရင် ဘာမှမထူးခြားသလို ဖြစ်နေမယ်။

မင်းအသံကိုလည်း အပြင်က မကြားနိုင်ဘူး"

လုယန် ကြောက်လွန်း၍ တုန်ရင်လာသည်။ ထိုလူစု၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသည်။

"ငါ့ဆီက သတင်းယူပြီး မီရွှဲ့အာတို့ကို အလစ်တိုက်ခိုက်ချင်တယ်ပေါ့။ ငါ့မိတ်ဆွေတွေကို ငါလုံးဝသစ္စာမဖောက်ဘူး"

"ကြည့်ရတာ မူရွှဲ့အာက မိတ်ဆွေကောင်းတစ်ယောက် ရှာတွေ့ထားပုံပဲ။ ဒီလိုဆိုရင် မင်းသေလိုက်တော့"

နောက်ထပ် ငါးမိနစ်အကြာတွင် လုယန် အိတ်တစ်ချို့ဆွဲ၍ ကားထဲသို့ဝင်လာသည်။

"သွားကြစို့။..ဪ လန်ဟိုင်။ ရော့...မင်းငွေတွေ ပြန်ယူလိုက်ပါ"

လန်ဟိုင်က ငွေ့ကိုလှမ်းယူရင်း နားမလည်နိုင်အောင်ဖြစ်နေသည်။

"မင်းတစ်ပြားမှမသုံးခဲ့ဘူးပေါ့"

"မသုံးခဲ့ဘူး။ လမ်းမှာ စေတနာကောင်းတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူကငါ့ကို ငွေနည်းနည်းပေးတယ်"

လန်ဟိုင် ဘာမှဆက်မတွေးတော့။ ပြိုင်ကားကို ဆက်မောင်းသည်။

သို့သော် ကားစထွက်သည်နှင့် အရိုးစုတစ်ခု လမ်းအလယ်တွင်ပေါ်လာသည်။ ရှည်လျားသည့် အရိုးလက်မောင်းများဖြင့် ကားကိုလွှဲရိုက်သည်။

ပြိုင်ကားက အရေးပေါ်ဘရိတ်ဖြင့် ထိုးရပ်ပြီး ရိုက်ချက်ကိုရှောင်သည်။ လမ်းပေါ်တွင် နက်ရှိုင်းသည့် အက်ကြောင်းတစ်ခု ပေါ်လာသည်။

"မူရွှဲ့အာ၊ မင်းထွက်လာဖို့ အသင့်ဖြစ်ပြီလား"

အရိုးစုလူသားက ခြောက်ကပ်ကပ်ရယ်သည်။

ကားထဲတွင် ဆက်နေလျှင် သေဖို့သာရှိကြောင်း အားလုံးနားလည်ကြသည်။ တစ်ခြားရွေးစရာမရှိတော့သဖြင့် ကားပေါ်မှဆင်းကြသည်။

မူရွှဲ့အာက တိုက်ခိုက်ဖို့အသင့်ပြင်ရင်း လုယန်တို့ကို သတိပေးသည်။

"သတိထားကြ။ ဒီလူက ထိပ်သီးကောင်စီရဲ့ အဆင့်အေစစ်သည်တော် ဟာဗတ်စတာ(ရိတ်သိမ်းသူ)ပဲ။ ငါသူ့ကိုထိန်းထားမယ်။ နင်တို့လွတ်အောင် ထွက်ပြေးကြပါ"

ဟာဗတ်စတာက အော်ရယ်သည်။

"မီရွှဲ့အာ၊ မင်းတို့ထွက်ပြေးနိုင်ဦးမယ်ထင်နေလား။ ငါပြောပြမယ်။ အဖွဲ့အစည်းက မင်းကို မလွတ်အောင်ဝိုင်းဖမ်းဖို့ စစ်သည်တော်သုံးဆယ်ကျော်လွှတ်လိုက်တာကွ။

အဆင့်အေစစ်သည်တော်ထဲမှာ အစွန်းရေခဲ၊ လောင်မီးနေမင်း၊ သံသရာသခင်၊ သရဲမျက်နှာနဲ့ ဓားခုနစ်လက်တို့ ပါလာတယ်။ ကျန်တဲ့လူတွေက အဆင့်ဘီစစ်သည်တော်တွေပဲ"

ထို့နောက် သူ့လက်နှစ်ဘက်ကို ဘေးသို့ဖြန့်၍ အော်ဟစ်လိုက်သည်။

"ထွက်ခဲ့ကြတော့"

ဘယ်သူမှ ပေါ်မလာ။

**************************

All Chapters