← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း။ ၁

ညဘက်ကောင်းကင်ပြင်တွင် ကြယ်တာရာနှစ်စင်းက တောက်ပနေသည်။

အနက်ရောင်မှင်စက်များဖြင့် အသစ်ရေးဆွဲထားသော စာလိပ်ကြီးတစ်ခုပမာ ထိုညကောင်းကင်ကြီးက အလွန်ပင် မှောင်မည်းကာ တိတ်ဆိတ်နေသည်။

ထိုအချိန်တွင်ပင် ဗဟိုလွင်ပြင်ဒေသ၌ သန်းခေါင်ယံအချိန်ကို ရောက်ရှိလာသည့်အခါ ကလေးငယ်နှစ်ဦးကို မွေးဖွားလာခဲ့သည်။

ကလေးတစ်ဦးမှာမူ အများ၏အလေးပေးမှုကို ခံရသူဖြစ်ပြီး ဤလောကကြီးသို့ သူရောက်ရှိလာကြောင်း ကြေညာသည့်အလား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့သော် အခြားကလေးတစ်ဦးမှာမူ တိတ်ဆိတ်ခြင်းတို့လွှမ်းမိုးထားသည့် နေရာတွင် မျက်လုံးဖွင့်လာခဲ့ပြီး ငိုကြွေးခြင်းမရှိပေ။

သူသည် ဤလောကကြီးကို မှုန်ဝါးဝါးအကြည့်ဖြင့်သာ ငေးမောကြည့်နေခဲ့ကာ တစ်စုံတစ်ရာကို လိုက်ရှာနေသည့်အလားပင်။

“ဟူးးး”

ရှန်ရှီးပြည်နယ်၏ အချမ်းသာဆုံးကုန်သည်ကြီးဖြစ်သော ဂျင်မိသားစု။

ဂျင်မိသားစု၏ အကြီးအကဲဖြစ်သူ ဂျင်ဆူမောက်သည် လွန်ခဲ့သည့် နှစ်သုံးဆယ်အတွင်း ဝါးဖျာရောင်းသည့် မိသားစုလုပ်ငန်းလေးကို ရှန်ရှီးတစ်ခွင်လုံးတွင် အကြီးဆုံးကုန်သည်ကြီးများအဖြစ် ပြောင်းလဲပေးခဲ့သူဖြစ်သည်။

သို့သော် သူ့တွင် စိုးရိမ်ပူပန်စရာ ကြီးကြီးမားမားတစ်ခု ရှိနေသည်။

“အခုဆို ဘယ်နှစ်ရက်ရှိပြီလဲ”

သူ့အမေးကို အမြဲတမ်း ယုံကြည်အားကိုးရသော သက်တော်စောင့် မူယုံဟူက ပြန်ဖြေလိုက်သည်။

“တစ်လနဲ့ နှစ်ပတ်ရှိပါပြီ အရှင်။ စံချိန်သစ်တင်ထားတာပါ”

“ဟူး...”

ဂျင်ဆူမောက်တစ်ယောက် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။

သူ့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိကာ မိဘတိုင်းလိုပင် ဂျင်ဆူမောက်သည်လည်း သားသမီးတို့ကို ရတနာများပမာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ငယ်စဉ်ကတည်းက ထက်မြက်ကြသည့် ထိုကလေးနှစ်ဦးမှာ သူ့အတွက် ဂုဏ်ယူစရာများ ဖြစ်ခဲ့ကြသည်။

သို့သော် တစ်ချိန်မှစ၍ သားအကြီးဆုံး ဂျင်ဆိုဟွန်းမှာ ပျင်းရိခြင်းကို အဖော်ပြုလာခဲ့သည်။

အကြောင်းရင်းမှာမူ ရင်မောစရာပင်။

“ကျွန်တော့်ထက် ဂါဟွန်းက ကုန်သွယ်ရေးမှာ ပိုထက်မြက်ပြီး ပိုကြိုးစားတာမဟုတ်ဘူးလား။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ချမ်းသာတဲ့အိမ်က သူဌေးသားတစ်ယောက်နဲ့ လိုက်ဖက်

အောင် သက်သောင့်သက်သာနဲ့ ပျော်ပျော်ပါးပါးပဲ ကြီးပြင်းသွားတော့မယ်။ ဟားဟားဟား…”

အပြင်ထွက်ပြီး သူဌေးသားပီပီ လျှောက်သွားနေသည်ဆိုလျှင် တော်သေးသည်။

သူပြောသည့်အတိုင်းပင် ဂျင်ဆိုဟွန်းသည် အခန်းထဲတွင်သာ ပိတ်လှောင်နေပြီး အပြင်သို့ လုံးဝမထွက်တော့ပေ။

သူ့ကို ပြုစုပေးရသည့် အစေခံမလေး၏ ပြောပြချက်အရဆိုလျှင် ဂျင်ဆိုဟွန်းသည် တစ်နေ့လုံး အိပ်နေခြင်း သို့မဟုတ် အပြင်ဘက်ကို ငေးမောနေခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေသည်။

သာမန်လူတစ်ယောက်ဆိုလျှင် နှစ်ရက်လောက်နှင့်ပင် ငြီးငွေ့သွားမည့် အလုပ်ကို ဂျင်ဆိုဟွန်းမှာမူ ၄၄ ရက်တိုင်တိုင် တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့သည်။

“ဒီကောင်လေးကို ဘယ်လိုလုပ်ရမလဲ...”

သာမန်မိသားစုကို ရှန်ရှီး၏ အကြီးဆုံးကုန်သည်မိသားစုအဖြစ် ပြောင်းလဲပေးခဲ့သည့် ဉာဏ်ကြီးရှင် ဂျင်ဆူမောက်ပင်လျှင် သားဖြစ်သူ၏ အပြုအမူကိုမူ မည်သို့ကိုင်တွယ်ရမှန်း မသိတော့ပေ။

ဂျင်ဆိုဟွန်း ပြောသည့်အတိုင်းပင် သမီးဖြစ်သူ ဂျင်ဂါဟွန်းမှာ ငယ်စဉ်ကတည်းက ထက်မြက်သူလေးပင်။

သုံးနှစ်အရွယ်ကတည်းက ကျမ်းစာတစ်ထောင်ကို ကျေညက်အောင် သင်ယူခဲ့ပြီး ကုန်သွယ်ရေးကိစ္စရပ်များတွင်လည်း ထူးချွန်သည်။

ယခု ဆယ်နှစ်ပင် မပြည့်သေးသော်လည်း သူ့ဖခင်နှင့်အတူ ကုန်သွယ်ရေးခရီးစဉ်များ လိုက်ပါသွားလိုကြောင်း အမြဲတမ်း ပူဆာလေ့ရှိသည်။

အရည်အချင်းအပြည့်ရှိသော ဂျင်ဂါဟွန်းကို မြင်တိုင်း ဂျင်ဆူမောက်၏ ရင်ထဲတွင် မခံမရပ်နိုင်အောင် ဖြစ်ရသည်။

“ဂါဟွန်းသာ ယောက်ျားလေးအဖြစ် မွေးလာခဲ့ရင် ကောင်းမှာ...”

ဂျင်ဆူမောက်၏ စိတ်ထဲတွင် နောင်တအရသာများ ခါးသက်လာချိန် အိမ်တော်၏ တံခါးစောင့်လူငယ်လေးမှာ အမောတကော ပြေးလာခဲ့သည်။

“အရှင် ဧည့်သည် ရောက်လာပါတယ်”

“ဧည့်သည် ဒီနေ့တော့ ဘယ်သူ့ကိုမှ မျှော်မထားပါဘူး... ဘယ်သူများလဲ”

“ဝတ်စားဆင်ယင်မှုက သာမန်ပါပဲ အရှင် အဆင့်အတန်းမြင့်ပုံလည်ူ မပေါ်ပါဘူး။ အသက် ၇၀ ကျော်လောက်ရှိတဲ့ အဘိုးအိုတစ်ယောက်ပါ”

“အဘိုးအိုတစ်ယောက်... အယ်…ပါးတစ်ဖက်မှာ ဓားရာတစ်ခုခု ပါသေးလား”

“ဟုတ်ကဲ့ ပါတယ်ထင်တယ်”

ဂျင်ဆူမောက် အလွန်အံ့အားသင့်သွားသည်။

ထိုတံခါးစောင့်လူငယ်လေးမှာ ထိုအဘိုးအိုသည် မည်သူဖြစ်ကြောင်း သိရှိပုံမရပေ။

“ဒီကောင်စုတ်ကတော့ ချက်ချင်းဝင်ခွင့်ပြုလိုက် မဟုတ်ဘူး... ခဏနေဦး ငါကိုယ်တိုင် သွားတွေ့မှ ဖြစ်မယ်”

ရှန်ရှီး၏ အချမ်းသာဆုံးကုန်သည်ကြီးနှင့် မလိုက်ဖက်အောင် အလောတကြီး လှေကားထစ်များမှ ဆင်းလာနေချိန်တွင် အိမ်တော်၏ ထောင့်တစ်နေရာမှ အေးအေးလူလူ ညည်းတွားသံလေးတစ်ခု ထွက်ပေါ်လာသည်။

“ဟွားး…..စီးယု ဒီနေ့ ဘယ်နှစ်ရက်မြောက်လဲ”

စီးယုဟု အမည်ရသည့် မိန်းကလေးငယ်က ခေါင်းမော့လိုက်သည်။

သူမ၏ နားရွက်နှစ်ဖက်တွင် စည်းနှောင်ထားသည့် ဆံပင်တိုလေးများက ယမ်းခါသွားသည်။

“၄၄ ရက်မြောက်နေ့ပါ”

“အို စံချိန်သစ်တင်ပြန်ပြီလား”

“ဟုတ်ကဲ့ မှန်ပါတယ်။ အရင်တုန်းက စံချိန်က ၄၂ ရက်လေ”

“အူးး ငါ့ရဲ့ ပျင်းရိမှုစွမ်းရည်တွေက နေ့တိုင်း တိုးတက်နေပါလား”

ဂျင်ဆိုဟွန်းမှာ နွေးထွေးသော နေရောင်ခြည်ကို ခံယူရင်း သစ်သားစင်္ကြံပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။

သူသည် အသက် ၁၁ နှစ်ရှိပြီဖြစ်ကာ ထိုဒေသ၏ အချမ်းသာဆုံးသူဌေး၏ သားအဖြစ် မွေးဖွားလာရသည့် ကံကောင်းမှုကြောင့် သူသည် စူးရှသောဉာဏ်ဖြင့် အတွေးနက်ကာ တစ်ခုတည်းသော ကောက်ချက်ကို ဆွဲလိုက်သည်။

“ဘာလို့ ငါကိုယ်တိုင် ဒုက္ခခံပြီး အပြင်ထွက်ရမှာလဲ။ ငါ့အိမ်မှာ ပိုက်ဆံတွေ အပုံလိုက်ကြီး ရှိနေတာပဲဟာ..”

“ငါ့လိုလူတစ်ယောက်က ဘာမှမလုပ်ဘဲ ဒီအတိုင်း ပျင်းနေမယ်ဆိုရင်တောင် ရှန်ရှီးရဲ့ အကြီးဆုံးကုန်သည်မိသားစု ဂျင်မိသားစုကြီးက ပျက်စီးသွားမှာ မဟုတ်ဘူး” ဆိုသည့် အမှန်တရားကို သူ ငယ်ငယ်ကတည်းက သိရှိနားလည်ခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ဂျင်ဆိုဟွန်းမှာ နေ့စဉ်နှင့်အမျှ ပျင်းရိခြင်းကို ခုံမင်သည့် လူပျင်းလေးတစ်ယောက် ဖြစ်လာခဲ့သည်။

မွေးကတည်းက လှုပ်ရှားရမည်ကို အလွန်အမင်း ရွံမုန်းသည့် သူ့ခန္ဓာကိုယ်မှာ ရေစိုနေသည့် ဝါဂွမ်းစလေးပမာ နူးညံ့ပျော့ခွေနေသည်။

ကြွက်သားမရှိသော သူ့လက်မောင်းနှင့် ခြေထောက်တို့မှာ ဘယ်မှညာလှည့်ရန်၊ မုန့်စားရန်နှင့် အိမ်သာသွားရန်အတွက်သာ အသုံးပြုသည်။

“သခင်လေး ဒါလေး စားကြည့်ပါဦး”

“ပန်းသီးလား”

“ဟုတ်ကဲ့ ဦးလေးယူဆီက ရတဲ့ ပန်းသီးပါ။ အရမ်းချိုပါတယ်”

“ဦးလေးယူက သစ်သီးစိုက်တဲ့နေရာမှာတော့ ဉာဏ်ကြီးရှင်ပဲ”

ဂျင်ဆိုဟွန်းမှာ လဲလျောင်းနေရာမှ စီးယုခွံ့ကျွေးသည့် ပန်းသီးကို ဝါးစားလိုက်ပြီး စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ပျင်းရိခြင်း၊ ချမ်းသာခြင်းနှင့် ငြိမ်းချမ်းခြင်းပင်။

သူဌေးသားတစ်ယောက်ရဲ့ အစစ်အမှန်ဘဝဆိုတာ ဒါမျိုးကို ခေါ်တာပဲ။

“အို သခင်လေး မိသားစုခေါင်းဆောင်ဆီ ဧည့်သည်ရောက်လာတယ်ဆိုတာ ကြားလိုက်လား”

“ဧည့်သည်”

“ဟုတ်ကဲ့”

“ပြီးတော့ကော”

ရှန်ရှီး၏ အကြီးဆုံးကုန်သည်မိသားစုဖြစ်သည်နှင့်အညီ ဂျင်ဆူမောက်ကို လာတွေ့မည့်သူများမှာ အလွန်ပင် များပြားလှသည်။

ယနေ့ဆိုလျှင်ပင် ဂျင်မိသားစုတံခါးကို မပိတ်ရသေးသည်အထိ ဧည့်သည်ပေါင်းများစွာ လာရောက်ခဲ့ကြကာ အများစုမှာ ဂျင်မိသားစုနှင့် အဆက်အသွယ်ရရန် ကြိုးစားနေသည့် ကုန်သည်များ သို့မဟုတ် ကိုယ်ခံပညာဂိုဏ်းများသာ ဖြစ်သည်။

သို့သော် ဤဧည့်သည်မှာမူ အနည်းငယ် ထူးခြားပုံပင်။

ကုန်သည်မိသားစု၏ အစေခံပီပီ လောကတွင် အမြန်ဆုံး အကဲခတ်တတ်သူ စီးယု၏ မျက်လုံးများက တောက်ပနေသည်ကို ကြည့်ခြင်းအားဖြင့် သိသာနိုင်သည်။

“သခင်လေး ကြားရင် ယုံမှာမဟုတ်ဘူး။ မိသားစုခေါင်းဆောင်ကိုယ်တိုင် အပြင်ထွက်ပြီး ကြိုဆိုတာပါ”

“ဟမ် ဖင်လေးတယ်လို့ နာမည်ကြီးတဲ့ ငါ့အဖေက အပြင်ထွက်ကြိုတယ်”

ဂျင်ဆူမောက်မှာ မိသားစုဂုဏ်သိက္ခာ မြင့်မားလေလေ၊ အကြီးအကဲရဲ့ ဖင်က လေးလေလေ ဖြစ်ရမယ်။ ဒါမှ သူများ အထင်သေးမှာမဟုတ်ဘူးဟု အမြဲ ပြောလေ့ရှိသည်။

ဂုဏ်သရေရှိ မိသားစုအကြီးအကဲများမှလွဲလျှင် မည်သူ့ကိုမျှ အပြင်ထွက်၍ ကြိုဆိုလေ့မရှိသူ ဖြစ်သည်။

ထိုသို့သော ဖခင်ဖြစ်သူက ကိုယ်တိုင်ထွက်၍ ကြိုဆိုရသည်မှာ သာမန်ကိစ္စတော့ မဟုတ်နိုင်ပေ။

ဒီအခြေအနေက မကောင်းဘူး…..

ဒုက္ခနှင့် အနှောင့်အယှက်ကိစ္စများကို အနံ့ခံကောင်းသည့် ဂျင်ဆိုဟွန်းမှာ အိပ်ရာမှ ထလိုက်သည်။

ထိုမြင်ကွင်းကြောင့် စီးယု အံ့သြသွားသည်။

“သခင်လေး အဲဒီလို ရုတ်တရက် ထလိုက်ရင်...”

“အား….”

ရုတ်တရက် ထလိုက်သဖြင့် ခေါင်းမူးသွားကာ ယိုင်နဲ့သွားသည့် ဂျင်ဆိုဟွန်းကို စီးယုက အမြန် ထိန်းပေးလိုက်သည်။

“အဆင်ပြေရဲ့လား သခင်လေး”

“အင်း အခန်းထဲ ပြန်သွားကြမယ်။ ပြီးတော့ ငါ့ကို လာရှာတဲ့သူရှိရင် အဖျားကြီးပြီး တုပ်ကွေးမိနေတယ်လို့ ပြောလိုက်”

ထူးဆန်းသည့် အေးစက်စက် ခံစားချက်ကြောင့် ဂျင်ဆိုဟွန်းမှာ ကြာမြင့်စွာကတည်းက မလှုပ်ရှားခဲ့သော သူ့ကိုယ်ခန္ဓာကို အားယူကာ အိပ်ရာထဲသို့ တွားသွား၍ ဝင်လိုက်သည်။

စောင်ကို ခေါင်းမြီးခြုံလိုက်သောအခါ သူ့အတွက် အလွန်ပင် နွေးထွေးလုံခြုံသွားသည်။

ငါ ဒီအတိုင်း ရက်ပေါင်း ၅၀ ပြည့်တဲ့အထိ ပျင်းနေလို့ ရဦးမယ်ထင်တယ်။

အိပ်ရာ၏ နူးညံ့မှုကြောင့် ဂျင်ဆိုဟွန်း၏ မျက်လုံးများမှာ တဖြည်းဖြည်း မှိတ်ကျသွားသည်။

အိပ်စက်ခြင်းတို့မှာ တရွေ့ရွေ့ ရောက်ရှိလာလေပြီ။

“ဟားဟားဟား အဲဒီကောင်လေးက ၁၁ နှစ်တောင် ရှိနေပြီလား”

“ဟုတ်ကဲ့ ဒါပေမဲ့ သူက ဒီအတိုင်းပဲ ပျင်းရိနေတာဗျာ...”

“သူ့ပျင်းရိတဲ့ ပုံစံက အဲဒီလောက်တောင် ပြင်းထန်နေရင် သူ့ကို နည်းနည်းလောက် ဒုက္ခပေးကြည့်ပါလား။ အနီးအနားမှာ သူတောင်းစားဂိုဏ်းခွဲတစ်ခု ရှိတယ်လေ။ သူတို့ကို အကူအညီတောင်းကြည့်ပေါ့”

“ကျွန်တော် အဲဒါကို စမ်းပြီးပါပြီ”

“စမ်းကြည့်ပြီးပြီလား”

အဘိုးအိုက မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်ရာ ဂျင်ဆူမောက်က သက်ပြင်းချရင်း ပြန်ဖြေသည်။

“ကျွန်တော် စိတ်ကို မာကျောအောင်ထားပြီး ဆိုဟွန်းကို သူတောင်းစားဂိုဏ်းဆီ ပို့လိုက်ပါတယ်။ သူတောင်းစားဘဝကို တစ်ပတ်လောက် ခံစားကြည့်ပြီးရင် သူ့လက်ထဲမှာရှိတဲ့ အရာတွေက ဘယ်လောက်တန်ဖိုးရှိမှန်း သိလာလိမ့်မယ်လို့ ယုံကြည်ခဲ့တာပေါ့။ ဒါပေမဲ့...”

သူတောင်းစားဂိုဏ်းထံ အပ်နှံခံရသောအခါ ဂျင်ဆိုဟွန်းမှာ တစ်ပတ်အတွင်း သူတောင်းစားထက် ပိုဆိုးသော သူတောင်းစားဘဝကို စတင်နေထိုင်သည်။

အလုပ်ရှုပ်သည်ဟုပြောကာ ရေမချိုးခြင်းမှာ ပြောစရာပင်မလိုပေ။

အဝတ်အစားလည်း မလဲသလို သုံးရက်မှတစ်ခါသာ တောင်းရမ်းသည်။

ထို့အပြင် ဂျင်ဆိုဟွန်းမှာ ဆင်းရဲခြင်းထဲတွင်ပင် ငြိမ်းချမ်းမှုကို ရှာဖွေနိုင်သည့် နိယာမကို တွေ့ရှိသွားကာ အရင်ကထက်ပင် ပို၍ ပျင်းရိသွားတော့သည်။

သူ့ကို စောင့်ကြည့်ရသည့် သက်တော်စောင့်၏ ပြောပြချက်အရဆိုလျှင် ဂျင်ဆိုဟွန်းသည် နေ့ခင်းဘက်တွင် နေရောင်အောက်၌ အိပ်ပြီး ညဘက်တွင် လရောင်အောက်၌ အိပ်သည်ဟု ပြောသည်။

ထိုအပြုအမူများကြောင့် သူရရှိလိုက်သော ဘွဲ့အမည်မှာ ပျင်းရိသော သူဌေးသားလေးဟူ၍ပင်။

“ဟားဟား ကောင်လေးက ကိုယ်ခံပညာလောကထဲကို ခြေမချဖူးဘဲနဲ့ ဘွဲ့နာမည် ရသွားတာပဲ”

“ဒါက ဝမ်းသာစရာကိစ္စ မဟုတ်ပါဘူး။ သူတောင်းစားပဲ ဖြစ်ချင်တော့တယ်လို့ ကြေညာလိုက်မှာကို စိုးရိမ်လွန်းလို့ အမြန် ပြန်ခေါ်လာခဲ့ရတာပါ... အခုတော့ အပြင်မှာ ဒုက္ခခံခဲ့ရလို့ နားရမယ်ဆိုပြီး အခန်းထဲကနေ တစ်လကျော်တဲ့အထိ အပြင်မထွက်တော့ဘူး”

ခဏအကြာတွင် ဂျင်ဆူမောက်က လက်အုပ်ချီကာ အသနားခံလိုက်သည်။

“ကျွန်တော့်သားလေးကို ကူညီပေးပါဦး”

ဂျင်ဆူမောက်၏ တောင်းပန်စကားကြောင့် အဘိုးအိုမှာ ခဏတာ တွေးတောမိသည်။

ထိုအဘိုးအို၏ နာမည်မှာ ကန်ချွန်းပင်။

သူကိုယ်တိုင် တီထွင်ဖန်တီးထားသော ပျံသန်းသောဓားနည်းစနစ်တွင် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သူသည် ထိုနည်းစနစ်ကို အသုံးပြု၍ ကောင်းကင်ပျံ ဓားဆယ်လက်ကို ဖန်တီးထားပြီး နောက်ဆုံးအဆင့်ဖြစ်သော ကောင်းကင်ဘုံလက်ဆောင်ကို ပြီးမြောက်ရန် အစွမ်းကုန် ကြိုးစားနေသူဖြစ်သည်။

ယခုအခါ ကန်ချွန်း၏ နောက်ဆုံးဆန္ဒမှာ သူ၏ ကိုယ်ခံပညာကို ဆက်ခံနိုင်မည့် ထူးချွန်သော တပည့်တစ်ဦးကို ရှာဖွေရန် ဖြစ်သည်။

ထိုအတွက် သူသည် ဂျင်ဆူမောက်၏ ချမ်းသာကြွယ်ဝမှုနှင့် ဆက်သွယ်ရေးကွန်ရက်များ လိုအပ်နေသည်။

သူ့ရဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ခဏလောက် ဖွင့်ပေးလိုက်ရင် ရမှာပါ။

သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရင်း ကန်ချွန်းသည် တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

“အင်း... မိတ်ဆွေကြီးက ဒီလောက်အထိ တောင်းဆိုမှတော့လည်း ငါ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ မင်း သားလေးကို ခဏလောက် ကြည့်ပေးလိုက်ပါ့မယ်”

“တ... တကယ်လား”

“တကယ်ပေါ့”

“ကျေးဇူးတင်ပါတယ် ယုံဟူ”

မူယုံဟူ လေလိုမြန်ဆန်စွာ ရောက်ရှိလာသောအခါ ဂျင်ဆူမောက်က အမိန့်ပေးသည်။

“သွားပြီး ဆိုဟွန်းကို ခေါ်လာခဲ့။ သူ အခန်းထဲက မထွက်ဘူးလို့ ငြင်းလိမ့်မယ်။ အတင်းဆွဲခေါ်လာရင်လည်း ရတယ်”

“နားလည်ပါပြီ”

မူယုံဟူမှာ လေလိုမြန်ဆန်စွာ ပြေးလွှား၍ ဂျင်ဆိုဟွန်း၏ အဆောင်သို့ ရောက်ရှိသွားကာ ပထမဆုံးတွေ့ရသူမှာ စီးယုပင်။

“အို ဦးလေးမူ”

“စီးယု။ သခင်လေး အခန်းထဲမှာ ရှိလား”

“ရှိပါတယ် ဒါပေမဲ့ သခင်လေး အရမ်းဖျားနေလို့ပါ”

အခန်းထဲသို့ ဝင်ရန် ပြင်ဆင်နေသည့် မူယုံဟူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

“ဖျားတယ်”

“ဟုတ်ကဲ့ တုပ်ကွေးမိနေသလိုပါပဲ... ကိုယ်တွေကလည်း ပူနေပြီး ချောင်းတွေလည်း တောက်လျှောက်ဆိုးနေတာ”

စီးယု၏ သရုပ်ဆောင်မှုကြောင့် မူယုံဟူ ခဏတာ ဝေခွဲမရဖြစ်သွားပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ဟူး... စီးယု။ ဒါက မင်းသခင်လေးအတွက် အကောင်းဆုံးဖြစ်ဖို့ လုပ်တာပါ။ ဒါကြောင့် အမှန်အတိုင်း ပြောပါ”

“ကျွန်မက အမြဲတမ်း အမှန်အတိုင်း ပြောတာပါ။ ဒါကြောင့် ယုံပေးပါ။ သခင်လေး တကယ်ဖျားနေတာပါ”

မူယုံဟူက စီးယု၏ သစ္စာရှိမှုကို ချီးကျူးမိသော်လည်း ဤနေရာတွင် အချိန်ဖြုန်းနေ၍ မဖြစ်ပေ။

“ဒီလမှာ မိသားစုခေါင်းဆောင်က စွမ်းဆောင်ရည်ဆုကြေးငွေ နှစ်ဆပေးမယ်ဆိုတာ ကြားတယ်...”

ဆုကြေးငွေအကြောင်း မူယုံဟူ၏ စကားကြောင့် စီးယု၏ မျက်လုံးများ ပြောင်းလဲသွားသည်။

“အဲဒါ တကယ်ပဲလား”

“ငါဘယ်သူလဲဆိုတာ မင်း မေ့သွားပြီလား”

“ကျွန်မ လမ်းပြပေးပါ့မယ်”

စီးယုက ရှေ့ကနေလမ်းပြ၍ မူယုံဟူကို ခေါ်ဆောင်သွားသည်။

အဆောင်၏ အတွင်းပိုင်းသို့ ရောက်သောအခါ ဂျင်ဆိုဟွန်းမှာ စောင့်နေသည့်အလား မျက်နှာနီရဲစွာဖြင့် ချောင်းဆိုးဟန်ပြု၍ ကြိုဆိုရှာသည်။

“ဦးလေးမူ... အဟွတ်….အနားကို မလာပါနဲ့... ကျွန်တော် နေမကောင်းဘူး...”

“စီးယုဆီက အကုန်ကြားပြီးပြီ။ သရုပ်ဆောင်တာ ရပ်ပြီး အပြင်ထွက်ခဲ့”

ထိုစကားကြောင့် ဂျင်ဆိုဟွန်းက စီးယုကို စူးစူးရဲရဲ ကြည့်လိုက်သည်။

ဂျင်ဆိုဟွန်း၏ ပူလောင်သောအကြည့်အောက်တွင် စီးယုမှာ ရှက်ရွံ့စွာ မျက်နှာလွှဲသွားသည်။

တောင်းပန်ပါတယ် သခင်လေးရယ်။ ဒါပေမဲ့ ကျွန်မကို လစာပေးနေတာ သခင်လေးမှ မဟုတ်တာ။

ဂျင်ဆိုဟွန်းမှာ သူယုံကြည်ရသူ၏ သစ္စာဖောက်မှုကြောင့် တုန်ယင်သွားသည်။

“မင်း... မင်း... ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုလုပ်ရက်ရတာလဲ...”

“သခင်လေး အမြန်သွားလိုက်ပါ။ အချိန်မရှိဘူးလို့ ပြောထားတာ မဟုတ်လား”

စီးယု၏ တိုက်တွန်းမှုကြောင့် မူယုံဟူမှာ အိပ်ရာဘေးသို့ တိုးကပ်သွားသည်။

“သွားကြရအောင် သခင်လေး”

“ဦးလေးမူ ကျွန်တော် ပြောသားပဲ ကျွန်တော် တကယ်ဖျားနေတာ”

“ဟုတ်ကဲ့ နားလည်ပါတယ်"

“အို”

ဂျင်ဆိုဟွန်းက စောင်ကို ခေါင်းမြီးခြုံ၍ ပုန်းနေစဉ် မူယုံဟူက စောင်နှင့်အတူ ပွေ့ချီလိုက်သည်။

“မိသားစုခေါင်းဆောင်ဆီမှာ မင်းအတွက် ကောင်းကောင်းပြောပေးထားလိုက်မယ်”

“ဟုတ်ကဲ့”

စီးယုက လက်မထောင်ပြလိုက်ရာ မူယုံဟူက ခေါင်းညိတ်ပြီး ရောက်လာသည့်အတိုင်း လေလိုမြန်ဆန်စွာ ပြေးထွက်သွားသည်။

“မင်း…..သစ္စာ…..ဖောက်…..”

မူယုံဟူ၏ အသံများ ဝေးကွာသွားသော်လည်း စီးယုမှာ မကြားလိုက်ပေ။

သူမ မကြားချင်ယောင် ဆောင်လိုက်ခြင်းသာ။

“ဟီဟီ... ဒီဆုကြေးငွေလေးနဲ့ အဝတ်အစားသစ်လေးများ ဝယ်လိုက်ရမလား”

စီးယုမှာ သူမ၏ ဟောင်းနွမ်းနေသော ဝါဂွမ်းအဝတ်အစားလေးကို ပွတ်သပ်ရင်း တွေးတောနေလေတော့သည်။

လေလိုမြန်ဆန်စွာ ပြေးလွှားလာခဲ့သော မူယုံဟူမှာ စောင်ကို မတင်လိုက်ပြီး ဂျင်ဆိုဟွန်းကို ဆွဲထုတ်လိုက်သည်။

“အို”

အိုမင်းသော ဖားတစ်ကောင်ပမာ ပျော့ခွေပြီး ပြိုလဲသွားသော ဂျင်ဆိုဟွန်းမှာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ကျွန်တော်သာ သေသွားရင် ဦးလေးမူကြောင့်ပဲ ဖြစ်မှာ”

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်းသဘောအတိုင်း လုပ်ပါ”

ဆုတ်ခွာစရာလမ်းမရှိတော့မှန်း သိလိုက်ရသဖြင့် ဂျင်ဆိုဟွန်းမှာ ကိုယ်ပေါ်မှဖုန်များကို ခါထုတ်လိုက်ပြီး ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်သွားသည်။

ဧည့်ခန်းမဆောင်ထဲတွင် ဖခင်ဖြစ်သူ ဂျင်ဆူမောက်မှာ သာမန်ဝတ်စားဆင်ယင်ထားသည့် အဘိုးအိုတစ်ဦးနှင့် စကားပြောနေသည်။

သူတို့နှစ်ယောက်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။

“သားကို ခေါ်လိုက်တယ်ဆိုလို့ပါ အဖေ”

“ဝင်ခဲ့ပါ။ အကြီးအကဲ ဒီကလေးက ကျွန်တော့်သားအကြီးဆုံး ဂျင်ဆိုဟွန်းပါ”

ဂျင်ဆူမောက်က အဘိုးအိုကို အကြီးအကဲဟု ခေါ်ဝေါ်လိုက်သဖြင့် ဂျင်ဆိုဟွန်းမှာ ထိုလူက သာမန်လူမဟုတ်ကြောင်း ရိပ်မိလိုက်သည်။

“ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဂုဏ်ယူပါတယ်။ ကျွန်တော်က ဂျင်မိသားစုက ဆိုဟွန်းပါ”

ဂျင်ဆိုဟွန်းက ရိုးရာဓလေ့နှင့်အညီ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ရာ အဘိုးအိုမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဒီအဘိုးကြီးကို ကန်ချွန်းလို့ ခေါ်ကြတယ်။ အို... မင်းက ဂျင်မိသားစုရဲ့ လူပျင်းလေးပေါ့လေ”

“ဟားဟား...”

ဂျင်ဆိုဟွန်းမှာ ရှက်ရွံ့စွာဖြင့် ခေါင်းကို ကုတ်လိုက်ရာ သူ၏ ဆံပင်များကြားမှ ဘောက်ဖတ်များမှာ ဆီးနှင်းပမာ ကြွေကျလာသည်။

“အမလေး ညစ်ပတ်လိုက်တာလွန်ရော…..”

ထိုညစ်ပတ်နေသော မြင်ကွင်းကြောင့် ဂျင်ဆူမောက်မှာ ရှက်လွန်း၍ ခေါင်းပင်မဖော်နိုင်တော့ပေ။

ကန်ချွန်းမှာလည်း ဟက်ဟက်ပက်ပက် ရယ်မောနေသော်လည်း ဂျင်ဆိုဟွန်းအပေါ် ထားရှိသည့် သူ့အမြင်ကို ဖုံးကွယ်ထားရန် အတော်ပင် ရုန်းကန်လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဗဟိုလွင်ပြင်ဒေသတစ်ခွင် လှည့်လည်၍ ထူးချွန်သော တပည့်ကို ရှာဖွေရန် ငွေကြေးလိုအပ်နေသည့် ကန်ချွန်းမှာ ခရီးစရိတ်ရှာရန်အတွက် လက်စွမ်းပြဖို့ ဆုံးဖြတ်လိုက်သည်။

“ဆိုဟွန်းရဲ့ ခန္ဓာကိုယ်ကို ခဏလောက် စစ်ဆေးကြည့်ပါရစေ။ သူ့ရဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ဖွင့်ပေးလိုက်ရင် သူ့ရဲ့ ပျင်းရိမှုလည်း ပျောက်သွားနိုင်ပါတယ်”

“ကျွန်တော့်သားကို အပ်ပါတယ်”

ဂျင်ဆိုဟွန်းမှာ စိုးရိမ်စိတ်ဝင်နေသော်လည်း ဂျင်ဆူမောက်၏ အကြည့်အောက်တွင် ကန်ချွန်းထံ လက်ကောက်ဝတ်ကို ဆန့်တန်းပေးရန်သာ တတ်နိုင်တော့သည်။

ကန်ချွန်းက ဂျင်ဆိုဟွန်း၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများကို ပေါ့ပါးစွာ တင်လိုက်သည်။

ခဏမျှ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် ကန်ချွန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

“ဒါက...”

သူ့အသံမှာ အံ့အားသင့်စွာဖြင့် ထွက်ပေါ်လာရာ ဂျင်ဆူမောက်မှာ ပို၍ပင် ထိတ်လန့်သွားသည်။

“ကျွန်တော့်သားရဲ့ ခန္ဓာကိုယ်မှာ... တစ်ခုခု မှားယွင်းနေလို့လား ခင်ဗျား”

မယုံနိုင်စရာဟူသော အကြည့်ဖြင့် ဂျင်ဆိုဟွန်းကို အပေါ်အောက် အကဲခတ်နေသည့် ကန်ချွန်းမှာ လျှပ်စီးပမာ အရှိန်ဖြင့် ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်သည်။

“ဒီကလေး... ဒီကလေးကို ငါ့တပည့်အဖြစ် ငါလက်ခံမယ်”

“ဘာ”

“ဘာ”

ကန်ချွန်း၏ မမျှော်လင့်ထားသော ကြေညာချက်ကြောင့် ဂျင်မိသားစု သားအဖနှစ်ယောက်မှာ မျက်တောင်ခတ်ရင်း အံ့အားသင့်နေကြသည်။

“ခင်ဗျား... တကယ်ပြောတာလား”

“ဟုတ်တယ်”

ပူညံပူညံဖြစ်နေသည့် ဂျင်သားအဖနှင့်မတူဘဲ စိတ်လှုပ်ရှားနေသော ကန်ချွန်းမှာ ဂျင်ဆိုဟွန်း၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။

“ငါ ကန်ချွန်းရဲ့ တပည့်အဖြစ် မင်းကို ခန့်အပ်မယ်”

ဗဟိုလွင်ပြင်ဒေသ၏ ထိပ်တန်းဆရာကြီး ငါးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သော ပျံသန်းသောဓားသခင်ကန်ချွန်း၏ ကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ ဂျင်ဆိုဟွန်း၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားသည်။

“ကျွန်တော်ကတော့ ငြင်းပါတယ်”

All Chapters