← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း။ ၂

အိပ်ရာပေါ်တွင် လဲလျောင်းရင်း ဂျင်ဆူမောက်တစ်ယောက် အမှောင်ဖုံးနေသည့် မျက်နှာကြက်ကို ငေးမောကြည့်နေရင်း သူ၏ လည်ပင်းကို ပွတ်သပ်လိုက်မိသည်။

သူ့လက်ချောင်းဖျားများက အမာရွတ်ငယ်တစ်ခုကို ထိမိသွားသည်။

ထိုအမာရွတ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်သော အမာရွတ်ဟောင်းတစ်ခုပင်။

"မင်း ကံမကောင်းဘူးပဲ မှတ်လိုက်တော့"

တစ်ချိန်က ကံကောင်းစွာဖြင့် ရရှိလာသော ကုန်သွယ်ရေးအခွင့်အရေးတစ်ခုကို အမိအရဆုပ်ကိုင်ကာ အဖိုးတန်ကုန်ပစ္စည်းများဖြင့် ကိုယ်တိုင်ကုန်သွယ်ရေးခရီး ထွက်ခဲ့စဉ်က ဂျင်ဆူမောက်တစ်ယောက် ဘေးဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ကုန်ကျစရိတ်ကြီးမားစွာဖြင့် ငှားရမ်းခဲ့သော ကိုယ်ခံပညာရှင်များမှာ ရုတ်တရက် ပေါ်လာသည့် အနက်ရောင်ဝတ်စုံနှင့် လူများအား ခုခံခြင်းပင် မလုပ်နိုင်ဘဲ တချို့က သေဆုံးကုန်ကြကာ တချို့က ထွက်ပြေးသွားကြသည်။

"ဘာလို့... ဘာလို့ ဒီလိုလုပ်ရတာလဲ ကျွန်တော်တို့က သာမန်ကုန်သည်အဖွဲ့အစည်းလေးပါ"

"အဲဒါပဲ ပြဿနာက။ မင်းတို့ဝါးဖျာလေးပဲ ရိုးရိုးရှင်းရှင်း ရောင်းနေရင် ပြီးတာပဲလေ။ မင်းက မလိုအပ်ဘဲ ကုန်သွယ်ရေးနယ်မြေကို ချဲ့ထွင်နေတာကိုး။ သေလိုက်တော့…."

အနက်ရောင်ဝတ်စုံနှင့် လူတို့၏ ခေါင်းဆောင်ဟု ထင်ရသူ၏ စကားတစ်ခွန်းကြောင့် သူတို့ကို ငှားရမ်းသူမှာ မည်သူဖြစ်ကြောင်း ဂျင်ဆူမောက် ချက်ချင်း ရိပ်မိလိုက်သည်။

ဒေါ့မြောင်လား။

ရှန်ရှီးပြည်နယ်၏ နာမည်ကြီးကုန်သည်အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော ဒိုဟိုကုန်သွယ်ရေးဂိုဏ်း၏ ပိုင်ရှင် ဒေါ့မြောင်။

သူသည် သူ့ကို တစ်စုံတစ်ရာ အနှောင့်အယှက်ပေးသည်ဟု ယူဆလျှင် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကာ လက်တုံ့ပြန်တတ်သော ရက်စက်ကောက်ကျစ်သူအဖြစ် ကျော်ကြားသည်။

ယခုတစ်ကြိမ်တွင်မူ ဒေါ့မြောက်သည် ရှန်ရှီးတွင် သူ့၏နယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်လာသော ဂျင်မိသားစုလုပ်ငန်းလေးကို အမြစ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

"ပိုက်ဆံ... ပိုက်ဆံလိုချင်တာဆိုရင်..."

"အရူး ငါတို့က ပိုက်ဆံတစ်ခုတည်းအတွက်ပဲ လှုပ်ရှားမယ်လို့ ထင်နေတာလား"

လုပ်ကြံသူက ဓားကို တိုတိုတုတ်တုတ် လှုပ်ယမ်းလိုက်ရာ ရက်စက်လှသော ဓားသွားက ဂျင်ဆူမောက်၏ လည်ပင်းကို ရှသွားသည်။

လည်ပင်းမှ နွေးထွေးသော သွေးများ စီးကျလာသည့်အခါ ဂျင်ဆူမောက်၏ ဦးနှောက်မှာ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့အသက်မှာ နှစ်ဆယ်သာ ရှိသေးကာ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ရင်ဆိုင်ရချိန်တွင် ဂျင်ဆူမောက်မှာ ဝံပုလွေရှေ့မှ ယုန်တစ်ကောင်ပမာ တောင့်ခဲသွားသည်။

လောကကြီးမှာ ပိုက်ဆံနဲ့ဖြေရှင်းလို့မရတဲ့ အရာတွေ ရှိနေပါလား။

ငွေသည် အရာရာကို ဖြေရှင်းပေးနိုင်သည်ဆိုသော ဂျင်ဆူမောက်၏ ယုံကြည်ချက် ပျက်သုဉ်းသွားသည့် အချိန်ပင်။

အာဏာ... ငါ့မှာ လိုအပ်နေတာက အာဏာပဲ။

နောက်ကျမှ သိလိုက်ရသည့် ထိုအသိတရား၏ တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။

လုပ်ကြံသူ၏ ဓားချက်က ဂျင်ဆူမောက်၏ တိုတောင်းလှသော ဘဝကို အဆုံးသတ်တော့မည့်အချိန်တွင်...

ဝှစ်

လေကိုခွင်းသွားသည့် ပြင်းထန်သော အသံတစ်ခုနှင့်အတူ ပျံသန်းသောဓားဆယ်လက်မှာ လုပ်ကြံသူများကို တစ်ဦးပြီးတစ်ဦး ထိုးဖောက်သွားသည်။

လုပ်ကြံသူများထဲတွင် တစ်ဦးတည်းသာ တုံ့ပြန်နိုင်ခဲ့သော ခေါင်းဆောင်မှာ ဓားတစ်လက်ကို အသည်းအသန် ခုခံကာကွယ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ"

"ငါပဲ"

ချုံပုတ်များကြားမှ အလယ်အလတ်အရွယ် လူတစ်ယောက် ထွက်ပေါ်လာသည်။

သူက ပျံသန်းသောဓားများကို ပေါ့ပါးသော လက်ဟန်ဖြင့် ပြန်လည်သိမ်းဆည်းလိုက်ပြီး ပြောလိုက်သည်။

"ငါ့မျက်စိရှေ့မှာတင် လူသတ်ရဲတယ်ပေါ့လေ။ မင်းတို့ သတ္တိကောင်းသားပဲ မဟုတ်ဘူးလား"

"ပျံသန်းတဲ့ ဓား... မပြောနဲ့... ခင်ဗျားက ပျံသန်းသောဓားသခင်လား"

"ဟုတ်တယ်"

"ဘာလို့ ဒီကို ရောက်နေတာလဲ"

အလယ်အလတ်အရွယ်ရှိ ပျံသန်းသောဓားသခင်က လဲကျနေသည့် ဂျင်ဆူမောက်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒီကောင်လေးက ငါ့မိတ်ဆွေပဲ"

ထိုစကားကြောင့် လုပ်ကြံသူမှာ သေလူကဲ့သို့ ဖြူဖျော့သွားသော မျက်နှာဖြင့် ရေရွတ်လိုက်သည်။

"ဒါနဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားမိပါဘူး......"

အလွန်ပင် ကြောက်မက်ဖွယ်ကောင်းခဲ့သော လုပ်ကြံသူမှာ ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။

"ကျ... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်တို့ စာချုပ်ကို ချက်ချင်းဖျက်သိမ်းပြီး ပြန်သွားပါ့မယ်။ ဒါကြောင့်..."

"ထွက်သွားတော့။ နောက်တစ်ခါ ထပ်တွေ့ရင်တော့ မင်းတစ်ယောက်တည်းတင်မကဘဲ မင်းနဲ့ပတ်သက်သမျှ လူတိုင်းရဲ့ ခေါင်းကို ငါ့ဆီ အပ်ရလိမ့်မယ်"

"မှတ်သားထားပါ့မယ်"

စကားဆုံးသည်နှင့် လုပ်ကြံသူမှာ ယခုဖြစ်ပျက်ခဲ့သမျှ အိပ်မက်တစ်ခုပမာ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်ရှိ ကုန်သည်များနှင့် လုပ်ကြံသူတို့၏ ရုပ်အလောင်းများသာလျှင် ဤသည်မှာ အိပ်မက်မဟုတ်ကြောင်း သက်သေပြနေကြသည်။

"ဟွန်း အမှိုက်တွေ"

သတ်လတ်ပိုင်းအရွယ် လူသားမှာ နောက်လှည့်မကြည့်ဘဲ ထွက်ခွာတော့မည်အပြု ဂျင်ဆူမောက်က အလျင်အမြန်ပင် မေးလိုက်သည်။

"ဘာလို့ ကျွန်တော့်ကို ကူညီပေးတာလဲ"

သူ့အမေးကို ထိုလူသားက သိပ်ပြီး တွေးမနေဘဲ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။

"ငါက အမှတ်တမဲ့ လမ်းကြုံလို့ ဝင်လာတာပါ"

ထိုစကားများနှင့်အတူ သူသည် ပေါ်လာသကဲ့သို့ပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ရှန်ရှီးတစ်ခွင်တွင် သတင်းစကားတစ်ခု ပျံ့နှံ့သွားသည်။

"ဂျင်မိသားစုလုပ်ငန်းက သူဌေးသား ဂျင်ဆူမောက်က ပျံသန်းသောဓားသခင်ရဲ့ မိတ်ဆွေတဲ့…."

လုပ်ကြံသူများကြောင့် ပျံ့နှံ့သွားသည့် သတင်းတစ်ခုတည်းကပင် အရေးမပါလှသော ဂျင်မိသားစုလုပ်ငန်းကို မည်သူမျှ မထိရဲသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ထို့အပြင် လုပ်ကြံရန် အမိန့်ပေးခဲ့သော ဒေါ့မြောင်ကိုယ်တိုင် ဂျင်မိသားစုထံ လာရောက်ကာ ခေါင်းငုံ့၍ တောင်းပန်ခဲ့ရသည်။

မာနကြီးသော ဒေါ့မြောင်၏ ခေါင်းငုံ့ခြင်းကို ကြည့်ရင်း ဂျင်ဆူမောက်မှာ ကိုယ်ခံပညာလောက၏ ပြောင်းလဲ၍မရသော၊ မည်သူမှ ငြင်းမရသော အမှန်တရားကို နားလည်သွားသည်။

ထိုအရာမှာ အစွမ်းပင်။

သူပိုင်ဆိုင်သော သိုင်းလောကတွင် အစွမ်းရှိခြင်းကသာ တရားမျှတမှုဖြစ်ပြီး ထာဝရမပြောင်းလဲနိုင်သော အမှန်တရားဖြစ်သည်။

နောက်ပိုင်းတွင် ဂျင်မိသားစုလုပ်ငန်းကို ရှန်ရှီး၏ အချမ်းသာဆုံးကုန်သည်ကြီးဖြစ်သော ဂျင်မိသားစုအဖြစ် ပြောင်းလဲပေးခဲ့သည့် ဂျင်ဆူမောက်သည် ကိုယ်ခံပညာရှင်များကို အထူးလေးစားစွာ ဆက်ဆံလာခဲ့သည်။

"ငါ ကိုယ်တိုင် အစွမ်းထက်နေဖို့ မလိုဘူး ငါ့ပတ်ဝန်းကျင်က မိတ်ဆွေတွေက အစွမ်းထက်နေရင် သူတို့ကပဲ ငါ့ရဲ့ အစွမ်းတွေ ဖြစ်လာလိမ့်မယ်"

ကုန်သည်မိသားစုဖြစ်သော ဂျင်မိသားစုက အစွမ်းထက်ရန် မလိုပေ။

ဆန့်ကျင်ဘက်အားဖြင့် ကုန်သည်အဖွဲ့အစည်းတစ်ခုကသာ ကိုယ်ခံပညာ အစွမ်းအစများကို တည်ဆောက်နေလျှင် ကိုယ်ခံပညာဂိုဏ်းများ၏ စောင့်ကြည့်မှုကိုသာ ခံရလိမ့်မည်။

ထို့ကြောင့် မိသားစု၏ ကိုယ်ပိုင်အင်အားကို တည်ဆောက်မည့်အစား ဂျင်ဆူမောက်မှာ ကိုယ်ခံပညာရှင်များနှင့် နီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးစားခဲ့ပြီး မကြာမီမှာပင် ဂျင်မိသားစုသည် ဗဟိုလွင်ပြင်ဒေသရှိ ကိုယ်ခံပညာရှင်များအတွက် အသုံးဝင်သော ခိုလှုံရာနေရာတစ်ခု ဖြစ်လာခဲ့တော့သည်။

“ဟွန်း”

အတိတ်ကို ပြန်ပြောင်းတွေးတောခြင်းကို အဆုံးသတ်လိုက်ပြီးနောက် ဂျင်ဆူမောက် မျက်လုံးများကို ဖွင့်လိုက်သည်။

“ဆိုဟွန်းသာ အဘိုးအိုကန်ချွန်းရဲ့ တပည့်ဖြစ်လာပြီး ထူးချွန်တဲ့ ဆရာကြီးတစ်ယောက် ဖြစ်လာခဲ့ရင်တော့ အကောင်းဆုံးပဲ...”

အမှန်တကယ်တော့ ထိုသို့ဖြစ်လာဖို့ မရှိသလောက်ပင်။

သို့သော် မတော်တဆ အကြောင်းတစ်ခုခုကြောင့် ဂျင်ဆိုဟွန်းသာ ကန်ချွန်း၏ ပညာရပ်များကို ရရှိပြီး နာမည်ကျော် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါက နောင်အခါတွင် ဂျင်ဆိုဟွန်းနှင့်မတူဘဲ ထက်မြက်ပြီး ကြိုးစားသည့် ဂျင်ဂါဟွန်းက မိသားစုကို ဦးဆောင်လာချိန်တွင် ဂျင်ဆိုဟွန်းသည် သူမ၏ဘေးနားတွင် ခိုင်မာသော အထောက်အပံ့တစ်ခုအဖြစ် ရှိနေပေးလိမ့်မည်။

အတိတ်က ဂျင်ဆူမောက်ကို ကယ်တင်ခဲ့ဖူးသည့် ကန်ချွန်းကဲ့သို့ပင်။

“ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ဘာပူစရာမှ ရှိတော့မှာ မဟုတ်ဘူး"

သူ့သားသမီးနှစ်ယောက်သည် သူဆန္ဒရှိသည့်အတိုင်း ကြီးပြင်းလာခဲ့ပါက ဂျင်ဆူမောက်သည် အလုပ်တာဝန်များမှ အနားယူကာ ဇနီးဖြစ်သူ ယူဆောဟွန်းနှင့်အတူ ငြိမ်းချမ်းစွာ အိုမင်းမင်းသားဘဝကို ဖြတ်သန်းရန် စီစဉ်ထားသည်။

တွေးတောမှုများ ထိုနေရာသို့ ရောက်သောအခါ ဂျင်ဆူမောက်၏ ရင်ထဲတွင် ဒေါသအနည်းငယ် ပွက်လောရိုက်လာသည်။

“ဟူး... အဘိုးအိုကန်ချွန်းရဲ့ ပညာကို ရဖို့ဆိုရင် ဒူးထောက်တောင်းဆိုမယ့် ပညာရှင်တွေ အများကြီးရှိပေမဲ့ ဒီကောင်ဆိုဟွန်းကတော့... ဟူး...”

ကန်ချွန်း၏ ရှေ့တွင် ပါးစပ်ထဲမှ အမြှုပ်များထွက်ကာ လဲကျသွားသည့် ဂျင်ဆိုဟွန်း၏ ပုံရိပ်မှာ သူ့မျက်စိထဲမှ မထွက်ပေ။

ဂျင်ဆူမောက်၏ ညည်းတွားသံကြောင့် နိုးလာသည့် ဇနီးဖြစ်သူ ယူဆောဟွန်းက မေးလိုက်သည်။

“ယောကျာ်း... ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို တွေးနေတာလား”

“ဟုတ်တယ်”

စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် ဂျင်ဆူမောက်၏ မျက်နှာကို ကြည့်ကာ ယူဆောဟွန်း ခဏတာ စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဂါဟွန်းကို မေးကြည့်ရင်ရော ကျွန်မတို့ထဲမှာ ဆိုဟွန်းအကြောင်းကို အသိဆုံးက သူပဲလေ”

“အင်း... မင်းပြောတာ မှန်တယ်။ နေမထွက်ခင်မှာ ဂါဟွန်းနဲ့ တွေ့မှဖြစ်မယ်”

ဂျင်ဆူမောက်က ယူဆောဟွန်းကို ချစ်ခင်မြတ်နိုးသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းကလွဲရင် ငါ့အတွက် ဘယ်သူမှ မရှိပါဘူး”

“ဟီးဟီး”

ယူဆောဟွန်း၏ လက်က သွက်လက်စွာ တိုးထွက်လာပြီး ဂျင်ဆူမောက်၏ ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။

“မ.. မိန်းမ….”

“ဒီနေ့တော့ ကျွန်မတို့ နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောကြမလား”

“အဲ... အဲဒါကတော့... ဒီနေ့တော့ ကိုယ် နည်းနည်း ပင်ပန်းနေလို့...”

ဂျင်ဆူမောက်က မျက်နှာပျက်ကာ အဆင်မပြေစွာ ပြုံးပြလိုက်သောအခါ ယူဆောဟွန်းက သူမ၏ မျက်လုံးများဖြင့် ပြုံးလိုက်ပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

“ဟင့်..အဟင့်… အချိန်ဆိုတာ တကယ်ကို ရက်စက်ပါ့လား။ ရှန်ရှီးရဲ့ အလှဆုံးမိန်းကလေးလို့ ခေါ်ခံခဲ့ရတာ မနေ့တစ်နေ့ကလိုပဲ... ငါတို့တွေ ဘယ်အချိန်ကတည်းက ဒီလောက် အိုမင်းသွားခဲ့တာလဲ...”

သူမ၏ မျက်လုံးများက ပြုံးနေသော်လည်း နှုတ်ခမ်းမှ ထွက်လာသည့် အသံတွင်မူ အေးစက်စက် အငွေ့အသက်များ ပါဝင်နေသည်။

ဒီ... ဒီအသံကတော့….

လွန်ခဲ့သော နှစ် ၂၀ ခန့်က သူမကို တစ်ချက်ကြည့်ရုံဖြင့် အချစ်စခန်းဖွင့်မိပြီး သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်မိချိန်က သူမပေးခဲ့သည့် အေးစက်စက် အကြည့်နှင့် အသံကို ဂျင်ဆူမောက် ပြန်သတိရလိုက်သည်။

လွှတ်လိုက်ပါ…..

မြောက်ပင်လယ်၏ နှင်းခဲထက် ပိုအေးစက်သည့် ထိုအသံနှင့် အကြည့်တို့မှာ ဂျင်ဆူမောက်၏ အိပ်မက်ဆိုးများတွင် ရံဖန်ရံခါ ပေါ်လာတတ်ပြီး သူ့ကို အမြဲခြောက်လှန့်နေတတ်သည်။

ကျောရိုးတစ်လျှောက် အေးစက်သွားသည့် ခံစားချက်ကြောင့် ဂျင်ဆူမောက်မှာ လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

“မ... မင်း ဘာတွေပြောနေတာလဲ မင်းက အခုထိ လှပနေတုန်းပါ မိန်းမရဲ့”

“ကျွန်မလည်း အဲဒီလိုပဲ ထင်ခဲ့တာပါ ဒါပေမဲ့ မှားသွားပုံပဲ။ မင်္ဂလာမဆောင်ခင်က လက်ကို ဆွဲကိုင်ရုံနဲ့ ရှက်ရွံ့တတ်တဲ့ လူတစ်ယောက်က အခုတော့ အတူတူအိပ်နေရင်တောင် ဘာမှ မခံစားရတော့တဲ့ လူတစ်ယောက် ဖြစ်သွားပြီပဲ”

“မိန်းမ ကိုယ့်ကို... ကိုယ့်စကား နားထောင်ပါဦး”

ဂျင်ဆူမောက်က ယူဆောဟွန်း၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အလေးအနက် ပြောလိုက်သည်။

“ကိုယ် မင်းကို ချစ်ပါတယ်။ မင်းနဲ့ စတွေ့တဲ့အချိန်ကစပြီး အခုအချိန်အထိ ကိုယ့်ရဲ့အချစ်က ဘယ်တော့မှ လျော့မသွားခဲ့ဘူး။ တကယ်တော့ နှစ်တွေ ကြာလာလေလေ ကိုယ့်အချစ်က ပိုကြီးထွားလာလေလေပဲ”

“ဒါဆိုရင် အိပ်ရာပေါ် လှဲလိုက်တော့”

သူမ စောင့်နေခဲ့သည့်အလား ယူဆောဟွန်း၏ လက်ချောင်းဖျားများက သူ့ခန္ဓာကိုယ်ကို ဖိချလိုက်ရာ ဂျင်ဆူမောက်မှာ စကားပင် မပီသတော့ပေ။

“ကိုယ်... ကိုယ် အဆင်သင့် မဖြစ်သေး...”

တွန့်ဆုတ်နေသည့် ဂျင်ဆူမောက်ကို ယူဆောဟွန်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။

“လှဲလိုက်တော့"

နောက်တစ်နေ့ နံနက်တွင် ခေါ်ယူခြင်းခံရသည့် ဂျင်ဂါဟွန်းမှာ လှေကားထစ်များကို အမြန်ပြေးတက်လာခဲ့သည်။

ရောက်ရှိသွားသောအခါ ထူးဆန်းစွာပင် အသားအရေနွမ်းနယ်နေသည့် ဖခင်ဖြစ်သူနှင့် ယနေ့တွင် ထူးထူးခြားခြား စိတ်ကြည်လင်လန်းဆန်းနေပုံရသည့် မိခင်ဖြစ်သူတို့က သူမကို စောင့်မျှော်နေကြသည်။

“မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့မယ်လို့ မျှော်လင့်ပါတယ်"

“ဟုတ်ကဲ့။ ဂါဟွန်းရော ကောင်းကောင်းအိပ်ပျော်ရဲ့လား”

ဂျင်ဂါဟွန်း၏ နှုတ်ဆက်စကားကို ယူဆောဟွန်းက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။

ဂျင်ဆူမောက်၏ ပါးစပ်ကတော့ ပြုံးနေသော်လည်း မျက်လုံးများတွင်မူ မောပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။

“အော်... နှုတ်ဆက်ဖို့ နောက်ကျသွားတယ်။ ကျွန်မက ဂျင်မိသားစုက ဂါဟွန်းပါရှင်"

ဘေးတွင်ရှိနေသော ကန်ချွန်းကို တွေ့လိုက်ရသဖြင့် ဂျင်ဂါဟွန်းက အမြန်နှုတ်ဆက်လိုက်ရာ ကန်ချွန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဟားဟား... ငါ ပထမဆုံးအကြိမ် မင်းကိုတွေ့တုန်းက မင်းက မင်းအမေဝမ်းဗိုက်ထဲမှာပဲ ရှိသေးတာ။ အခုတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးငယ်လေး ဖြစ်နေပြီကိုး။ ပြီးတော့ မင်းရဲ့ အလှတရားက မင်းအမေနဲ့ တစ်ထပ်တည်းပဲ"

ရှန်ရှီး၏ အလှဆုံးမိန်းကလေးဟု တစ်ချိန်က တင်စားခံခဲ့ရသည့် ယူဆောဟွန်းနှင့် ရုပ်ချင်းဆင်တူလွန်းသော ဂျင်ဂါဟွန်း၏ အလှမှာ သူမ၏ အရွယ်နှင့်ပင် မလိုက်အောင်ပင် ထူးခြားလှပနေသည်။

“ကျေးဇူးတင်ပါတယ်ရှင်"

“မင်း အဆင်ပြေမယ်ဆိုရင် ခဏလောက် မင်းလက်ကို ငါ့ကို ပေးနိုင်မလား”

ကန်ချွန်း၏ ဂရုတစိုက် မေးမြန်းမှုကို ဂျင်ဂါဟွန်းက သူမ၏ မိဘများဖြစ်ကြသော ဂျင်ဆူမောက်နှင့် ယူဆောဟွန်းတို့ထံ မျှော်ကြည့်လိုက်ရာ သူတို့နှစ်ဦးက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့"

မိဘတို့၏ တိတ်ဆိတ်သော ခွင့်ပြုချက်ကို ရရှိပြီးနောက် ဂျင်ဂါဟွန်းက အင်္ကျီလက်ကို လိပ်တင်ကာ သူမ၏ လက်မောင်းကို ဆန့်တန်းပေးလိုက်သည်။

ကန်ချွန်းက သူမ၏ ဖြူစင်သွယ်လျသော လက်ကောက်ဝတ်ပေါ်တွင် လက်ချောင်းများကို ညင်သာစွာ တင်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။

ဂျင်ဆူမောက်နှင့် ယူဆောဟွန်းတို့မှာ ကန်ချွန်း မျက်လုံးဖွင့်မည့်အချိန်ကို စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုတို့ဖြင့် စောင့်မျှော်နေကြသည်။

နောက်ဆုံးတွင် ကန်ချွန်း မျက်လုံးဖွင့်လိုက်ပြီး အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

“မင်း ကျန်းမာပါတယ်"

ကျန်းမာသည်ဆိုသော ကန်ချွန်း၏ စကားကို ကြားရသဖြင့် ဂျင်ဂါဟွန်းမှာ တောက်ပစွာ ပြုံးလိုက်သည်။

“စစ်ဆေးပေးတာ ကျေးဇူးတင်ပါတယ်ရှင်”

“ဟူး...”

စိတ်သက်သာရာရသွားသည့် မိဘနှစ်ပါးနှင့်မတူဘဲ ကန်ချွန်း၏ မျက်ဝန်းထဲတွင်မူ စိတ်ပျက်မှု အရိပ်အယောင်လေး ပေါ်လာသည်။

သူမက သူ့အစ်ကိုနဲ့ မတူဘူး။ အစ်ကိုဖြစ်သူကတော့ တကယ့်ကို ထူးခြားတာ။

ဂျင်ဆိုဟွန်း၏ သွေးခုန်နှုန်းကို စစ်ဆေးခဲ့ရသည့် အချိန်တိုင်းတွင် ကန်ချွန်းမှာ ယခုတိုင် အမွှေးအမျှင်များ ထောင်ထလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည့် ခံစားချက်ကို ရရှိနေဆဲပင်။

ကုန်သည်မိသားစုရဲ့ သားတစ်ယောက်က ကောင်းကင်ဘုံက ပေးသနားတဲ့ ကိုယ်ခံပညာရှင် ဖြစ်လာဖို့ဆိုတာ...

ဒါက တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်။

ထိုသို့သော ကိုယ်ခံပညာရှင်မျိုးမှာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်သည့် အလွန်နည်းပါးသော လူအနည်းငယ်ကိုသာ ပေးအပ်သည့် ကောင်းချီးမင်္ဂလာဖြစ်သည်။

ဂျင်မိသားစု၏ သားအကြီးဆုံးဖြစ်သူ ဂျင်ဆိုဟွန်းမှာ နှစ်တစ်ထောင်မှ တစ်ခါသာ ပေါ်ပေါက်တတ်သည့် ထူးချွန်ထက်မြက်သူ အဖြစ် မွေးဖွားလာခဲ့သည်။

ဒီလောက် ကျယ်ပြောပြီး အညစ်အကြေးကင်းစင်တဲ့ သွေးကြောတွေကို ငါတစ်ခါမှ မမြင်ဖူးဘူး။

ဖြူစင်စွာ နေထိုင်ကြသော ရှောင်လင်ကျောင်းတော်မှ ဘုန်းကြီးများပင်လျှင် ခန္ဓာကိုယ်အတွင်း အညစ်အကြေးများ စုပုံလာခြင်းကို မကာကွယ်နိုင်ကြပေ။

အဘယ်ကြောင့်ဆိုသော် လူသားတိုင်းသည် အသက်ရှင်နေထိုင်သရွေ့ သဘာဝအတိုင်း အညစ်အကြေးများ စုပုံလာမည်ဖြစ်သောကြောင့်ပင်။

ထိုအကြောင်းကြောင့်ပင် နာမည်ကြီး ကိုယ်ခံပညာဂိုဏ်းများနှင့် မိသားစုများက ကလေးငယ်များကို မွေးဖွားလာသည်နှင့် ဒန်ထျန်းကို တည်ဆောက်နိုင်စေရန်နှင့် အညစ်အကြေးကင်းစင်သော ခန္ဓာကိုယ်တွင် အတွင်းအားများ စုစည်းနိုင်စေရန် အသက်ရှုနည်းစနစ်များကို သင်ကြားပေးကြသည်။

သို့သော် ထူးဆန်းသည်မှာ ပျင်းရိခြင်းဖြင့်သာ အသက်ရှင်ခဲ့သော ဂျင်ဆိုဟွန်း၏ သွေးကြောများထဲတွင် အညစ်အကြေး တစ်စက်ကလေးပင် မတွေ့ရပေ။

သူ၏ သွေးကြောများတွင် အညစ်အကြေးများ မရှိရုံသာမက ၎င်းနေရာတွင် အလွန်ကျယ်ပြောလှသော သွေးကြောများ တည်ရှိနေသည်။

မွေးရာပါ ကျယ်ပြောတဲ့ သွေးကြောတွေ ရှိပြီး အညစ်အကြေးကင်းစင်တဲ့ ခန္ဓာကိုယ်နဲ့သာ ကိုယ်ခံပညာကို သင်ယူလိုက်ရင်...

ကောင်းကင်အောက်မှာ အတော်ဆုံးဆိုသည့် နေရာမှာ သူ့အတွက် အသင့်ရှိနေသလိုပင်။

ကောင်းကင်ဘုံက ပေးသနားထားသူဖြစ်သည့် ဂျင်ဆိုဟွန်းသာ ကန်ချွန်း၏ ကောင်းကင်ပျံ ဓားဆယ်လက်သိုင်းပညာမှာ ကမ္ဘာအနှံ့ကျော်ကြားသွားနိုင်သည်။

ထိုဓားဆယ်လက်သည် ကောင်းကင်အောက်တွင် အတော်ဆုံးဖြစ်သော ဂျင်ဆိုဟွန်း၏ ပညာရပ်အဖြစ် ကမ္ဘာအနှံ့ ကျော်ကြားသွားမည်ဖြစ်ပြီး သူ၏ ဆရာဖြစ်သူ ကန်ချွန်းမှာလည်း ထိုအကောင်းဆုံး ပညာရပ်ကို ဖန်တီးသူအဖြစ် ထာဝရအမှတ်ရနေကြပေလိမ့်မည်။

ဟီးဟီး... ဘာပဲဖြစ်ဖြစ် ဂျင်ဆိုဟွန်းကို ငါ့တပည့်ဖြစ်အောင် လုပ်ရမယ်။ တခြားကောင်တွေ မသိခင်မှာ….

ဂျင်မိသားစုမှာ သိုင်းလောကမှ ကျွမ်းကျင်သူများ မကြာခဏ ရောက်ရှိတတ်သည့် နေရာဖြစ်သည်။

ထို့ကြောင့် သူတို့ထဲမှ တစ်စုံတစ်ဦးက ဂျင်ဆိုဟွန်း၏ ပါရမီကို သတိထားမိပြီး အလုအယက် ခေါ်သွားခြင်းမပြုမီ သူက အမြန်ဆုံး တပည့်အဖြစ် လက်ခံရမည်ပင်။

အခြေအနေများက ဤသို့ဖြစ်နေချိန်တွင် ကန်ချွန်းက နောင်တရစွာဖြင့် နှုတ်ခမ်းကို စူလိုက်သည်။

ဒီကလေးမလေးသာ အဲဒီလို ပါရမီရှင် ဖြစ်လာခဲ့ရင်တော့...

ဒါပေမဲ့လည်း အားလုံးကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

ဂျင်ဆိုဟွန်းနှင့်မတူဘဲ သာမန်ကိုယ်ခံပညာ ပါရမီသာရှိသည့် ဂျင်ဂါဟွန်းမှာ ထက်မြက်ပြီး ကြိုးစားသော်လည်း သူမ၏ ကိုယ်ခံပညာ အခြေခံမှာ သာမန်သာဖြစ်သည်။

ကန်ချွန်း နောင်တရနေချိန်တွင် တောက်ပစွာ ပြုံးရင်း ထိုင်နေသည့် ဂျင်ဂါဟွန်းက သူမ၏ မျက်လုံးကြီးများကို မှိတ်ချည်ဖွင့်ချည် လုပ်လိုက်သည်။

"ကျွန်မရဲ့ အစ်ကိုနဲ့ ပတ်သက်ပြီး အဖေတို့ စိုးရိမ်နေတယ်လို့ ကြားမိပါတယ်"

"ဟုတ်တယ်လေ"

ဂျင်ဆူမောက်က မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ရှင်းပြပေးလိုက်ရာ ဂျင်ဂါဟွန်းက ဂရုတစိုက် နားထောင်နေသည်။

"ကျွန်မတို့ အစ်ကို့အတွက် ဘာလုပ်ကြမလဲ"

"အင်း... ငါ့အစ်ကို ပါးစပ်မှ အမြှုပ်များထွက်ပြီး လဲကျသွားရတဲ့ အကြောင်းရင်းက ကိုယ်ခံပညာကို သင်ယူရမယ့်ကိစ္စက သူ့အတွက် အရမ်းကို ထိတ်လန့်စရာ ကောင်းနေလို့ပါ။ အဲဒီလိုဆိုရင် အပေးအယူတစ်ခု လုပ်ကြည့်ရင်ရော"

"အပေးအယူ"

"ဟုတ်ကဲ့ အစ်ကို အကြောက်ဆုံးအရာကို အသုံးပြုပြီး အပေးအယူ လုပ်လိုက်ပါ။ ဒါဆိုရင်တော့ အစ်ကိုလည်း အတင်းအကျပ် မဟုတ်ဘဲနဲ့ ကိုယ်ခံပညာကို သင်ယူဖို့ လက်ခံလာမှာပေါ့"

ကုန်သည်မိသားစုမှ ကလေးပီပီ ဂျင်ဂါဟွန်းက အပေးအယူတစ်ခုကို အဆိုပြုလိုက်သည်။

"ဆိုဟွန်း ကြောက်မယ့် အရာတစ်ခု... ဆိုတော့..."

ဂျင်ဆူမောက်က စဉ်းစားဟန်ဖြင့် စကားကို ဖြတ်လိုက်ရာ ဂျင်ဂါဟွန်းက စောင့်နေခဲ့သည့်အလား ပြုံးစိစိဖြင့် ပြောလိုက်သည်။

"မိသားစု အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးဖို့ပါ"

…….

“သူ အခုထိ မပြန်သေးဘူးလား”

“ကြားရသလောက်တော့ သခင်လေးကို တပည့်အဖြစ် လက်ခံနိုင်တဲ့အထိ မိသားစုအိမ်တော်ကနေ လုံးဝ မထွက်သွားဘူးလို့ ပြောနေပါတယ်”

မျက်နှာမှာ ဖြူဖျော့ရာမှ အရောင်တစ်မျိုး ပြောင်းလဲလာသော ဂျင်ဆိုဟွန်းမှာ ကြက်သေသေသွားသည်။

သူ့လို နာမည်ကျော်ကြားတဲ့ဆရာကြီးတစ်ယောက်က ဘာလို့ငါ့ကို လိုချင်နေရတာလဲ။

“ငါ ဘာများ အမှားလုပ်မိလို့လဲ...”

ဂျင်ဆိုဟွန်းတစ်ယောက် ကောင်းကင်ဘုံကိုပင် မကျေနပ်နိုင်တော့ပေ။

မွေးဖွားလာချိန်မှစ၍ ယနေ့ထိတိုင် အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းမရှိသည့်အပြင် စားခြင်းနှင့် ပျင်းရိခြင်းမှလွဲ၍ ဘာမှလုပ်ခဲ့ခြင်းမရှိခဲ့ပေ။

သို့သော်လည်း ဂရုစိုက်မှုကင်းမဲ့သော ကောင်းကင်ဘုံက ကန်ချွန်းအမည်ရှိ ဘေးဒုက္ခတစ်ခုကို ဂျင်ဆိုဟွန်းထံ စေလွှတ်လိုက်သည်။

“ဒီကန်ချွန်းဆိုတဲ့ လူက ဗဟိုလွင်ပြင်ဒေသရဲ့ ထိပ်တန်းပညာရှင် ငါးဦးထဲက တစ်ဦးလို့ ကြားရပါတယ်”

စီးယုက စိုစွတ်နေသော ပုဝါကို ဂျင်ဆိုဟွန်း၏ နဖူးပေါ် တင်ပေးရင်း ပြောလိုက်သည်။

“သူ့တပည့် ဖြစ်လာတာ မကောင်းလောက်ပါဘူးလို့ ကျွန်မ မထင်မိပါဘူး"

“မင်းက ငါ့ကို ကိုယ်ခံပညာရှင် ဖြစ်ခိုင်းနေတာလား”

“ဟုတ်ကဲ့ အရမ်းမိုက်တယ်လေ ကိုယ်ခံပညာရှင်တွေဆိုတာ တောင်တွေကို ခြေလှမ်းအနည်းငယ်နဲ့ ဖြတ်ကျော်နိုင်ကြတယ်။ ဓားကို ဝှေ့ယမ်းလိုက်ရင် ကျောက်တုံးတွေကို မုန်လာဥလိုပဲ လှီးဖြတ်နိုင်ကြတယ်။ ကျွန်မ အစေခံရတဲ့ သခင်လေးက ကိုယ်ခံပညာရှင် ဖြစ်လာမယ်ဆိုရင် အရမ်းမိုက်မှာပဲ"

“တော်စမ်းပါ။ ငါကတော့ ဘယ်နည်းနဲ့မှ ကိုယ်ခံပညာရှင် မလုပ်ဘူး။ မဟုတ်ဘူး ငါ့ကို ရိုက်သတ်ရင်တောင် ကိုယ်ခံပညာရှင်တော့ ဖြစ်မလာဘူး”

ဂျင်ဆိုဟွန်းမှာ ကိုယ်ခံပညာရှင် ဖြစ်လာရန် လုံးဝ ဆန္ဒမရှိပေ။

အိမ်တော်ရှိ သက်တော်စောင့်များကို ကြည့်လိုက်လျှင်ပင် မနက်ခင်းနှင်းစက်များပင် မခြောက်သေးသည့် အရုဏ်တက်ချိန်မှစ၍ နေဝင်သည်အထိ ကိုယ်ခံပညာကို လေ့ကျင့်နေကြသည်။

သူတို့ကို ကြည့်ရုံနှင့်ပင် ပင်ပန်းနေပြီဖြစ်ရာ တစ်သက်လုံး ထိုသို့ လေ့ကျင့်ရမည်ဆိုပါက...

"ငါတော့ တကယ်မလုပ်နိုင်ဘူး။

ဒီနားလေးက အိမ်သာကိုသွားဖို့တောင် အားအင်ကုန်ပြီး ပင်ပန်းနေရတာကို အလေးချိန်စီးတဲ့ သံဓားကြီးကို ကိုင်မြှောက်ပြီး တစ်သက်လုံး လေ့ကျင့်ရမယ်တဲ့လား။

လုံးဝ လုံးဝကို မဖြစ်နိုင်တာ။ ကိုယ်ခံပညာရှင် ဖြစ်လာဖို့ဆိုတာကတော့ လုံးဝကို စဉ်းစားတောင် စဉ်းစားမနေနဲ့ အဲဒီအလုပ်က ငါ့အတွက် မဟုတ်ဘူး"

စိတ်ဆုံးဖြတ်ချက် ခိုင်မာသွားသော ဂျင်ဆိုဟွန်းမှာ အရိုးပေါ်အရေတင်သာရှိသည့် သူ့လက်ကလေးနှစ်ဖက်ကို လက်သီးဆုပ်လိုက်သည်။

“အဲဒီအဘိုးကြီး ဒီအိမ်တော်ကနေ မထွက်မချင်း ငါ ဒီအခန်းထဲကနေ ခြေတစ်လှမ်းမှ မထွက်ဘူး စီးယု။ တံခါးကို သော့ခတ်ထားလိုက်။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့”

အတိတ်က လုပ်ရပ်အတွက် အပြစ်ရှိသလို ခံစားနေရသော စီးယုက သစ္စာရှိစွာဖြင့် အော်ဟစ်လိုက်သည်။

“အမိန့်အတိုင်းပါ သခင်လေး”

စီးယုက ကိုယ်ခံပညာရှင်တစ်ယောက်လို လက်သီးဆုပ်ကာ တံခါးကို သော့ခတ်ရန် ပြေးသွားသည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

“တစ်ယောက်ယောက် လာနေပြီ"

“အာ….မနေ့ကတုန်လှုပ်မှုကြောင့် အသိစိတ် မပြန်လည်သေးဘူးလို့ ပြောလိုက်”

ဂျင်ဆိုဟွန်းမှာ စောင်အောက်တွင် ကြွက်တစ်ကောင်ပမာ တိတ်ဆိတ်စွာ အသက်အောင့်နေစဉ် စီးယုက တံခါးကို အနည်းငယ်ဖွင့်၍ ခေါင်းထုတ်ကြည့်လိုက်သည်။

“သြော် သခင်မလေးလား”

တံခါးအပြင်ဘက်တွင် ရပ်နေသူမှာ မမျှော်လင့်ထားသူတစ်ဦး ဖြစ်နေသည်။

All Chapters