← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း။ ၃

“အစ်ကို အထဲမှာ ရှိလား”

“ရှိပါတယ်။ ဒါပေမဲ့...”

စီးယု စကားမဆုံးခင်မှာပင် ဂျင်ဂါဟွန်းက သူမ၏ ရင်ဘတ်ကြားမှ ပန်းရောင်သမ်းနေသော ခရုခွံလေးတစ်ခုကို ထုတ်လိုက်သည်။

“ဒါက... အို သခင်မလေး ဒါက...”

“ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ခရုခွံလပြည့်အမှုန့်ဆိုတဲ့ အလှကုန်လေးပါ။ အမေနဲ့အတူ လှေစီးရင်း အစ်ကို့ကို သတိရလို့ ဝယ်လာခဲ့တာပါ"

ခရုခွံလပြည့်အမှုန့်ဆိုသည်မှာ သာမန်သံဒင်္ဂါးများဖြင့် ဝယ်ယူ၍မရသည့် အဆင့်မြင့်

အလှကုန်ဖြစ်ပြီး ငွေဒင်္ဂါးနှင့်ပင် ကံကောင်းမှ ရနိုင်သည့်အရာဖြစ်သည်။

ထိုပစ္စည်းလေး၏ တန်ဖိုးမှာ အလွန်ကြီးမားလှသဖြင့် နာမည်ကြီး မိသားစုဝင် သခင်မလေးများပင်လျှင် ရရှိရန်အတွက် အချင်းချင်း ဆံပင်ဆွဲလုယက်ကြသည်ဟူသော သတင်းများပင် ထွက်ပေါ်လေ့ရှိသည်။

ထိုမျှတန်ဖိုးရှိသည့် ပစ္စည်းလေးကို လက်ထဲတွင် ကိုင်ထားရင်း စီးယုက ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“သခင်မလေးသာ အမိန့်ပေးလိုက်ပါ ဒီအစေခံမလေးတစ်ယောက်လုံး သခင်မလေးအတွက် အသက်ပေးပါ့မယ်”

“ဒါဆိုရင် အစ်ကို့အခန်းတံခါးကို ဖွင့်ပေးနိုင်မလား”

“မေးစရာတောင် လိုလို့လား သခင်မလေးရယ် ဝင်ပါရှင့်”

စီးယုက စစ်အောင်နိုင်သည့် ဗိုလ်ချုပ်ကို ကြိုဆိုသည့် ဂိတ်တံခါးစောင့်ပမာ တံခါးကို ဝုန်းခနဲ ဖွင့်ပစ်လိုက်သည်။

သူမ၏ ကျေးဇူးကြောင့် ဂျင်ဂါဟွန်းမှာ အခန်းထဲသို့ အလွယ်တကူ ဝင်သွားပြီး ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ကုတင်ပေါ်တွင်တော့ သေဆုံးသွားသူတစ်ယောက်ပမာ ငြိမ်သက်နေသည့် ဂျင်ဆိုဟွန်းကို တွေ့ရသည်။

“အစ်ကို အခုထိ အိပ်နေတာလား”

စီးယုက အမြန်ပင် ပြန်ဖြေသည်။

“မဟုတ်ပါဘူး။ သူ အသိစိတ်လွတ်သွားဟန်ဆောင်နေတာပါ"

“ဟေ့”

ဂျင်ဆိုဟွန်းမှာ ရုတ်တရက် ထိုင်လိုက်ပြီး စီးယုကို စူးစူးရဲရဲ ကြည့်လိုက်သည်။

သူယုံကြည်ခဲ့ရသော အစေခံမလေး၏ သစ္စာဖောက်မှုနှစ်ကြိမ်မြောက်ကို ခံလိုက်ရသဖြင့် ဂျင်ဆိုဟွန်းမှာ မခံရပ်နိုင်အောင် ဖြစ်သွားသည်။

“ငါ မင်းကို အလုပ်ကနေ ထုတ်ပစ်မယ်”

“ဝါး သခင်မလေး ကျွန်မ လမ်းဘေးရောက်ပြီး သူတောင်းစားဘဝ ရောက်တော့မှာလား”

စီးယုက သူမနောက်သို့ ပုန်းကွယ်ကာ မျက်ရည်ဝဲလာစဉ် ဂျင်ဂါဟွန်းက သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“စိတ်မပူပါနဲ့။ စီးယုကို ဘယ်တော့မှ အလုပ်ထုတ်မှာ မဟုတ်ပါဘူး"

“ဘယ်သူပြောလဲ”

ဂျင်ဆိုဟွန်း ဒေါသတကြီး အော်ဟစ်လိုက်ရာ ဂျင်ဂါဟွန်းက ခပ်အေးအေးလေး ရယ်မောလိုက်သည်။

“ကျွန်မ ပြောတာပေါ့။ စီးယုရဲ့ လစာကိုပေးတာ အစ်ကို့ပိုက်ဆံအိတ်ထဲက မဟုတ်ဘဲ အဖေ့ပိုက်ဆံအိတ်ထဲကလေ အစ်ကိုရယ်"

“...”

ထိုစကားမှာ အလွန်မှန်ကန်နေသဖြင့် ဂျင်ဆိုဟွန်းမှာ ပြောစရာစကား ပျောက်သွားသည်။

သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ဂျင်ဆိုဟွန်းမှာ နဖူးပေါ်ရှိ ပုဝါကို ဖယ်ရှားလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မင်း ဘာလို့လာတာလဲ မပြောစမ်းပါနဲ့... ဒီတစ်ခါ ငါ့ကိုခေါ်ဖို့ အဖေစေခိုင်းလိုက်တာလား”

“မဟုတ်ပါဘူး။ ညီမတစ်ယောက်က ကိုယ့်အစ်ကိုကို လာတွေ့ဖို့ အကြောင်းပြချက် လိုလို့လား”

ကုတင်စွန်းတွင် ထိုင်လိုက်ပြီး ဂျင်ဂါဟွန်းက ဂျင်ဆိုဟွန်း၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

“မကြာခင်မှာ အစ်ကို့ကို အချိန်အကြာကြီး တွေ့ရတော့မှာ မဟုတ်လို့ ညီမလေးတစ်ယောက်အနေနဲ့ မျက်နှာလေး လာကြည့်တာပါ"

“အော်... နောက်ဆုံးတော့လည်း စပြီပေါ့လေ"

ဂျင်ဆိုဟွန်းက နားလည်သလို ခေါင်းညိတ်လိုက်သည်။

ဂျင်မိသားစုကဲ့သို့ နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည့် ကုန်သည်မိသားစုကြီးများတွင် အမွေဆက်ခံသူ လေ့ကျင့်ရေးကို စောစီးစွာ စတင်လေ့ရှိသည်။

ဂျင်မိသားစု၏ အနာဂတ်ကို ဦးဆောင်မည့်သူမှာ ထက်မြက်ပြီး ကြိုးစားသည့် ညီမလေးဖြစ်ရမည်ဟု သဘာဝအတိုင်း ယူဆထားသော ဂျင်ဆိုဟွန်းက ဂျင်ဂါဟွန်း၏ ပခုံးကို အသာပုတ်လိုက်သည်။

“ဂျင်မိသားစုကို မင်း ထူးချွန်ပြောင်မြောက်စွာ ဦးဆောင်နိုင်လိမ့်မယ်ဆိုတာ ငါယုံကြည်ပါတယ်"

“ကျွန်မလည်း ယုံကြည်ပါတယ် အစ်ကို"

“အေးပါ”

ပြုံးရွှင်စွာဖြင့် အားပေးလိုက်သည့် ဂျင်ဆိုဟွန်းမှာ သူ့ကိုကြည့်နေသည့် ညီမလေး၏ အကြည့်များမှာ ပုံမှန်မဟုတ်ကြောင်း ရိပ်မိလိုက်သည်။

“မဟုတ်... မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား”

ဂျင်ဆိုဟွန်း တုန်ယင်စွာ မေးလိုက်စဉ် ဂျင်ဂါဟွန်း၏ ခေါင်းမှာ ဘယ်ညာသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

ထိုအခိုက်တွင်ပင် တံခါးဝမှတစ်ဆင့် စာရွက်စာတမ်းများနှင့် စာအုပ်များ အပြည့်ပါဝင်သော အထုပ်အပိုးများကို ကိုင်ဆောင်ထားသည့် အစေခံများစွာ ဝင်ရောက်လာကြသည်။

အခန်းတစ်ခုလုံး ပြည့်လျှံသွားသည်အထိ စာရွက်စာတမ်းများမှာ ပုံလျက်သား ဖြစ်သွားတော့သည်။

“ဘာ... ဒါတွေက ဘာတွေလဲ”

စိတ်ရှုပ်ထွေးသွားသော ဂျင်ဆိုဟွန်း၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။

“ဘာကို ဆိုလိုတာလဲ ဒါတွေက ဂျင်မိသားစုရဲ့ အနာဂတ်ကို ဦးဆောင်မယ့် အစ်ကို သင်ယူရမယ့် ကုန်သွယ်ရေး အခြေခံတွေလေ။ ပထမဆုံးအနေနဲ့ ဒါက ဝယ်ယူသူစာရင်းပါ။ စုစုပေါင်း ဝယ်ယူသူ ၁၅၀၀ ရှိပြီး စီမံခန့်ခွဲရမည့် ကုန်သည်ဂိုဏ်း ၁၁ ခု ရှိပါတယ်။ ပြီးတော့ ဒါက...”

ဂျင်ဆိုဟွန်း ကုတင်ပေါ်မှ ကုန်းရုန်းထလိုက်သည်။

“အစ်ကို ဘယ်သွားမလို့လဲ”

“ငါ အဖေ့ဆီ သွားရမယ် အဖေ အရက်သောက်တာများပြီး စိတ်လွတ်သွားပုံပဲ”

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြေးလွှားခြင်းမဆိုထားနှင့် အမြန်လမ်းလျှောက်ခြင်းပင် မလုပ်ဖူးသော ဂျင်ဆိုဟွန်း၏ ခြေထောက်နှစ်ဖက်မှာ ယနေ့တွင်တော့ အလုပ်ရှုပ်နေတော့သည်။

သူ့ကိုကြည့်ရင်း ကျေနပ်နေသော အမူအရာဖြင့် ဂျင်ဂါဟွန်းက ခပ်အေးအေးလေး ရယ်မောလိုက်သည်။

“ကျွန်မရဲ့ အစ်ကိုက ဒီလိုလေး ရိုးသားနေတာကိုပဲ ကျွန်မ ကြိုက်တယ်”

“အိမ်တော်ထိန်းကြီး သခင်လေးက လာတွေ့ချင်နေပါတယ်တဲ့"

“ဝင်လာခိုင်းလိုက်"

တံခါးပွင့်သွားသောအခါ အမောတကောဖြင့် အသက်ရှုမဝဖြစ်နေသည့် ဂျင်ဆိုဟွန်း ပေါ်လာသည်။

ယိုင်နဲ့နဲ့ လမ်းလျှောက်လာပြီးနောက် ဂျင်ဆူမောက်၏ ရှေ့တွင် ရပ်တန့်ကာ ဦးညွတ်နှုတ်ဆက်လိုက်သည်။

“အဖေ... သား... သား... ညက... ဟူး ဟူး ...ကောင်းကောင်း အိပ်ပျော်ပါရဲ့လားခင်ဗျာ"

သူ့စကားလုံးများကြားတွင် အမောတကော အသက်ရှုသံများ ရောထွေးနေသည်။

“မိသားစုခေါင်းဆောင်ဖြစ်တဲ့ ငါ့ထက်တောင် တင်ပါးပိုလေးတယ်လို့ နာမည်ကြီးတဲ့ ငါ့ရဲ့ချစ်သားလေးက ဒီအဝေးကြီးထိ ဘာကိစ္စနဲ့များ ရောက်လာရတာလဲကွယ်”

“သားမှာ... ဟူး... အရေးကြီးတဲ့ ကိစ္စရှိလို့ပါ"

ဂျင်ဆူမောက်သည် ကိုင်ထားသည့် စုတ်တံကို ချလိုက်ပြီး လက်ကိုယှက်ကာ ပြောသည်။

“ပြောစမ်းပါ"

“ခုနက ဂါဟွန်းဆီကနေ သားလုံးဝမယုံနိုင်တဲ့ အကြောင်းအရာတစ်ခု ကြားခဲ့ရပါတယ်"

“မယုံနိုင်စရာလား... ဘာလဲဆိုတာ အဖေ အရမ်းကို သိချင်မိတာပဲ"

“ဒါက ဂျင်မိသားစုကို ပျက်စီးခြင်းဆီ ဆွဲခေါ်သွားနိုင်တဲ့ ကြောက်စရာကောင်းတဲ့ ကိစ္စပါ”

“ဟို အဲဒီလောက်တောင် ကြီးကျယ်တဲ့ ကိစ္စလား စကားကို လှည့်ပတ်မနေဘဲ တည့်တည့်သာ ပြောစမ်းပါ"

“အမွေဆက်ခံသူအဖြစ် လေ့ကျင့်ပေးတော့မယ်ဆိုတဲ့ မယုံနိုင်စရာနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားပါပဲ”

ဂျင်ဆိုဟွန်းက ကြောက်စရာကောင်းသည့် သတင်းစကားကို ပြောရတော့မည့်အလား တုန်ရီနေသော အသံဖြင့် ပြောလိုက်သော်လည်း ဂျင်ဆူမောက်ကမူ ဒါနဲ့များဟူသည့် အမူအရာဖြင့်သာ ကြည့်နေသည်။

“မင်းက ဂျင်မိသားစုရဲ့ သားအကြီးဆုံးအနေနဲ့ မွေးဖွားလာတာပဲ။ အမွေဆက်ခံသူ လေ့ကျင့်ရေးကို ရယူရတာ သဘာဝကျတာပေါ့"

“ဘာ ဒါပေမဲ့ ဂါဟွန်း ရှိတယ်လေ၊ သားမဟုတ်ဘူး”

“အဲဒီကလေးမလေးက သင်ယူစရာတွေ ကျန်သေးတယ်။ ပြီးတော့ သားအကြီးဆုံး မင်းရှိနေပါလျက်နဲ့ ဘယ်လိုလုပ် ဂါဟွန်းကို မိသားစုခေါင်းဆောင်ငယ်လေး ဖြစ်စေရမှာလဲ"

“ဒါပေမဲ့ အနာဂတ်ကို ကြည့်ပါဦး။ အဖေရယ် အကယ်၍ အဖေ့အနေနဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ အနာဂတ်အားလုံးကို အနာဂတ်မှာ တန်ဖိုးလုံးဝမရှိတဲ့ ပစ္စည်းတစ်ခုနဲ့ တစ်နေ့ကျရင် ဈေးကွက်အားလုံးကို လွှမ်းမိုးနိုင်မယ့် အလားအလာရှိတဲ့ ပစ္စည်းတစ်ခုအကြား ရင်းနှီးမြှုပ်နှံရမယ်ဆိုရင် ဘယ်အရာကို ရွေးမလဲ”

ကုန်သည်သားဖြစ်သည့်အတိုင်းပင် ဂျင်ဆိုဟွန်းက သူနှင့် ဂျင်ဂါဟွန်းကို ပစ္စည်းများဖြင့် နှိုင်းယှဉ်၍ မေးခွန်းထုတ်လိုက်သည်။

[ငါကတော့ နောက်ဆုံးတစ်ခုမှာပဲ ရင်းနှီးမြှုပ်နှံမှာပေါ့။ မင်းလို ပျင်းရိတဲ့သူကို ငါ ဘယ်လိုလုပ် မိသားစုကို အပ်နိုင်မှာလဲ]

ပြောချင်သည့် စကားများမှာ လည်ချောင်းထဲအထိ ဆို့တက်လာသော်လည်း ဂျင်ဆူမောက်မှာ မိသားစုခေါင်းဆောင်ပီပီ စိတ်ကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ကာ ပြန်မြိုချလိုက်သည်။ ထို့နောက် တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

“ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို ဈေးကွက်ထဲ မရောက်မချင်း ဘယ်သူမှ မသိနိုင်ဘူး။ လောကမှာ အပျင်းဆုံးလူတောင်မှ မလုပ်မဖြစ်တဲ့ အခြေအနေမျိုး ရောက်သွားရင် ကြိုးစားလာမှာ မဟုတ်ဘူးလား”

“အဖေ မိသားစုကို ပျက်စီးအောင် တကယ်ပဲ ဆုံးဖြတ်ထားတာလား”

“မင်းက မိသားစုခေါင်းဆောင်ဖြစ်လာပြီး ဂျင်မိသားစု ပျက်စီးသွားမယ်ဆိုရင်လည်း ဒါက မိသားစုရဲ့ ကံကြမ္မာပဲပေါ့"

ဂျင်ဆူမောက်၏ မယိမ်းယိုင်သော စိတ်ဓာတ်ကြောင့် ဂျင်ဆိုဟွန်းမှာ ထိုနေရာတွင်ပင် လဲကျသွားသည်။

အခန်းထဲတွင် ပုံထားသော စာရွက်စာတမ်းပုံများမှာ သူ၏ မျက်လုံးရှေ့တွင် လည်ပတ်နေသလိုပင်။

“အော် ပြီးတော့ မကြာခင်မှာ ကုန်သည်ခရီးစဉ် စတင်ဖို့ ပြင်ဆင်လိုက်ပါ။ ပထမဆုံးအကြိမ်မို့လို့ သွားပြန် ၂ လလောက်ပဲ ကြာမယ့် ပေါ့ပါးတဲ့ ခရီးစဉ်ကိုပဲ စီစဉ်ထားတယ်။ ဒါကြောင့် အရမ်း စိုးရိမ်စရာမလိုပါဘူး"

“နှစ်... နှစ်လ...”

ထိုအချိန်ကာလမှာ ဂျင်ဆိုဟွန်း စိတ်ကူးပင် မယဉ်နိုင်သော ကုန်သည်ခရီးစဉ်ဖြစ်သည်။

(ဒီအတိုင်းဆိုရင်... ငါ ထွက်ပြေးဖို့ပဲ ရှိတော့တယ်။

“ထွက်ပြေးဖို့တော့ မစဉ်းစားတာ အကောင်းဆုံးပဲ။ မိသားစုရဲ့ ထူးချွန်တဲ့ သက်တော်စောင့်တွေက မင်းကို နေ့ရောညပါ စောင့်ကြည့်နေမှာ"

“အဖေ... သား ဘာများ မှားလုပ်မိလို့လဲ”

“မှားတာလား မင်းက လုပ်ရမယ့်အတိုင်းပဲ လုပ်နေတာပါ။ တစ်သက်လုံး ကစားပြီး စားနေလို့ရမယ်လို့ တကယ်ထင်နေတာလား။ ဒီလောကမှာ အဖိုးအခမပေးဘဲ ရနိုင်တဲ့ ပျော်ရွှင်မှုဆိုတာ မရှိဘူး"

ကုန်သည်တစ်ဦးပမာ ဂျင်ဆူမောက်က ပျော်ရွှင်မှုအတွက် အဖိုးအခကို သတ်မှတ်လိုက်သည်။

နောက်ဆုတ်စရာ လမ်းမရှိတော့သည့် ဂျင်ဆိုဟွန်းမှာ သေခါနီးမျက်နှာဖြင့် ငေးငိုင်နေစဉ် ဤအခိုက်အတန့်ကို စောင့်မျှော်နေသော ဂျင်ဆူမောက်က စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒါပေမဲ့ တခြားနည်းလမ်းတွေ မရှိတာတော့ မဟုတ်ပါဘူး"

ဂျင်ဆူမောက်၏ စကားတစ်ခွန်းကြောင့် ဂျင်ဆိုဟွန်းမှာ မယုံနိုင်လောက်အောင် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“ဘာနည်းလမ်းလဲ”

အမွေဆက်ခံသူ လေ့ကျင့်ရေးကို ရှောင်လွှဲနိုင်မည်ဆိုပါက ဂျင်ဆိုဟွန်း ဘာမဆိုလုပ်ရန် အသင့်ရှိသည်။

“ကိုယ်ခံပညာကို သင်ယူပါ"

“...ကို... ကိုယ်ခံပညာ”

သို့သော် ကိုယ်ခံပညာမှလွဲ၍ ကျန်သည့်အရာအားလုံး သူလုပ်ပေးနိုင်သည်။

ကိုယ်ခံပညာရှင်ဘဝကို ဖြတ်သန်းရန် ယုံကြည်ချက်မရှိသည့် ဂျင်ဆိုဟွန်းမှာ ငေးငိုင်သွားပြန်သည်။

ထိုအခါ ဂျင်ဆူမောက်က သူ့ကို ချော့မော့ရင်း ဆက်ပြောသည်။

“ကန်ချွန်းကြီးက ဗဟိုလွင်ပြင်ဒေသရဲ့ ထိပ်တန်းပညာရှင်တွေထဲက တစ်ဦးမို့လို့ သူ့ကိုယ်ခံပညာကို သင်ယူဖို့ အချိန်အကြာကြီး မလိုပါဘူး။ ကန်ချွန်းကြီး အသိအမှတ်ပြုနိုင်လောက်တဲ့ အဆင့်အထိ ရောက်သွားရင်တော့ အဲဒီနောက်ပိုင်း မင်းဘဝကို မင်းစိတ်ကြိုက် ပုံဖော်ဖို့ ငါဝင်မစွက်ဖက်တော့ဘူး"

“ဒါဆိုရင်... သားကို အမွေဆက်ခံသူ မလုပ်ခိုင်းတော့ဘူးပေါ့နော်”

“ဟုတ်တယ်။ မင်းက ထူးချွန်တဲ့ အရည်အချင်းရှိတဲ့ ကိုယ်ခံပညာရှင် ဖြစ်လာရင် ဂါဟွန်းက မိသားစုကို ဦးဆောင်လိမ့်မယ်။ မင်းက သူ့ဘေးနားကနေ ကူညီပေးရုံပေါ့။ ဒါပေမဲ့ ဒီနည်းလမ်းကို မကြိုက်ဘူးဆိုရင်တော့ ဒီနေ့ကစပြီး အမွေဆက်ခံသူ လေ့ကျင့်ရေးကို စရတော့မှာပဲ"

သူ့ဆုံးဖြတ်ချက်ကို ပြသသည့်အနေဖြင့် ဂျင်ဆူမောက်က လက်ကိုယှက်ကာ မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

ဂျင်ဆိုဟွန်းထံမှ စကားသံ တိတ်ဆိတ်နေသည်ကို ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် ဂျင်ဆူမောက်က မျက်လုံးတစ်ဖက်ကို ဖွင့်ကာ ချောင်းကြည့်လိုက်သည်။

လဲကျနေသည့် ဂျင်ဆိုဟွန်းမှာ နာကျင်နေသည့် အမူအရာဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။

အခြေအနေကို မသိသူများအမြင်တွင်မူ သူသည် အသက်သေဆုံးခြင်းနှင့် ရင်ဆိုင်နေရသော သူရဲကောင်းတစ်ယောက်နှင့် တူနေပေလိမ့်မည်။

အတော်ကြာ စဉ်းစားဆင်ခြင်ပြီးနောက် ဂျင်ဆိုဟွန်းမှာ နောက်ဆုံးတွင် နှုတ်ဖွင့်လိုက်သည်။

“သား ဆုံးဖြတ်လိုက်ပြီ"

“ဟူးဟူးဟူး...”

ကန်ချွန်းသည် တောင်စောင်းတွင် တပည့်ဖြစ်လာမည့်သူကို မျက်နှာတွင် အပြုံးပန်းဆင်လျက် စောင့်မျှော်နေသည်။

ဒါက တကယ့်ကို အခွင့်အရေးပဲ။

ဂျင်မိသားစုထံမှ သင်တန်းကြေးအဖြစ် ငွေအမြောက်အမြား လက်ခံရရှိရုံတင်မကဘဲ မကြာခင်မှာပင် ကောင်းကင်ဘုံနတ်ဘုရားခန္ဓာ ပါရမီရှင်တပည့်တစ်ဦး သူ့ရှေ့မှောက်သို့ ရောက်ရှိလာတော့မည်ပင်။

တပည့်တစ်ဦး ရလာပါက မည်သို့သင်ကြားပေးရမည်ကို နှစ်ပေါင်းများစွာ ကြိုတင်စီစဉ်ထားခဲ့သည့် ကန်ချွန်းသည် ဂျင်ဆိုဟွန်း ရောက်ရှိလာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။

ဘယ်လောက်ကြာမလဲ။ ဒါက ဆိုဟွန်းရဲ့ ပျင်းရိမှုကို တကယ်ပဲ ကုသပေးနိုင်ပါ့မလား။

စိုးရိမ်တကြီး မေးမြန်းခဲ့သော ဂျင်ဆူမောက်ကို ကန်ချွန်းက ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားခဲ့ဖူးသည်။

ငါ့ရဲ့ ကောင်းကင်ပျံ ဓားဆယ်လက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်ဖို့ဆိုရင် အနည်းဆုံး နှစ် ၂၀ လောက်တော့ လေ့ကျင့်ရမယ်။ ပြီးတော့ ဆိုဟွန်း ပျင်းရိနေရတာက သူ့ခန္ဓာကိုယ်ကို ဘယ်တုန်းကမှ မလှုပ်ရှားဖူးလို့ပါ။ ဒါကြောင့် သူသာ ငါ့ဆီမှာ ကိုယ်ခံပညာ သင်ယူပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရင် ဆိုဟွန်းရဲ့ ပျင်းရိတဲ့အကျင့်က သဘာဝအတိုင်း ပျောက်ကင်းသွားမှာမို့ စိတ်မပူပါနဲ့။

ဆရာကြီး ကျွန်တော့်သားကို ကောင်းကောင်းလေး စောင့်ရှောက်ပေးပါဦးခင်ဗျာ။

ကုန်သည်ဂိုဏ်းကြီး၏ ခေါင်းဆောင်ပီပီ ဂျင်ဆူမောက်က စိတ်ရင်းစေတနာအပြည့်ပါသည့် လေးလံသော ငွေအိတ်ကို လွှဲပေးလိုက်သည်။

ထိုအိတ်ကို လက်ခံရရှိချိန်တွင် ကန်ချွန်းမှာ တုန်ယင်နေသော နှုတ်ခမ်းကို ထိန်းချုပ်ရန်ပင် ရုန်းကန်လိုက်ရသည်။

ဘာမှ စိတ်မပူပါနဲ့။

ရှန်ရှီး၏ အကြီးဆုံးကုန်သည်မိသားစု ခေါင်းဆောင်ထံမှ သင်တန်းကြေးနှင့် ယုံကြည်မှုကို ရရှိခဲ့သလို ကောင်းကင်ဘုံနတ်ဘုရားခန္ဓာဖြင့် မွေးဖွားလာသည့် ပါရမီရှင်တပည့်ကိုလည်း ရရှိခဲ့ရာ ကန်ချွန်းမှာ တစ်ညတည်းဖြင့် ငှက်နှစ်ကောင်မဟုတ်ဘဲ သုံးကောင်တောင် ပစ်မိသလို ဖြစ်သွားသည်။

စိတ်ကြည်လင်နေသော ကန်ချွန်းသည် သီချင်းတအေးအေးနှင့် ကြာမြင့်စွာကတည်းက သိမ်းထားသည့် ဓားဆယ်လက်ကို ထုတ်ယူကာ ခြောက်သွေ့သော အဝတ်စဖြင့် ဂရုတစိုက် သုတ်သင်နေသည်။

သူ့တပည့် လာရောက်ရှာဖွေသည်အထိပင်။

“ဟားဟား မြန်မြန်လာခဲ့စမ်းပါ။ မင်းကို ကမ္ဘာသစ်တစ်ခုရဲ့ အရသာကို မြည်းစမ်းခိုင်းမယ်"

တစ်ပတ် ကုန်ဆုံးသွားသော်လည်း ကျောက်တုံးပေါ်တွင် တင်ထားသော ဓားဆယ်လက်မှာ စူးရှရုံတင်မကဘဲ တောက်ပနေအောင်ပင် ပွတ်တိုက်ထားပြီးဖြစ်သည်။

သို့သော်လည်း ကန်ချွန်း၏ ရှေ့တွင် မည်သူမျှ မရှိသေးပေ။

“ဒီ... ဒီကောင်စုတ်လေး သူ ဘယ်တော့မှ ရောက်လာမှာလဲ”

သူလာမယ်ဟု ပြောခဲ့သည်မှာ တစ်ပတ်ပင် ရှိနေပြီဖြစ်သော်လည်း ဂျင်ဆိုဟွန်း၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

သည်းခံနိုင်စွမ်း အဆုံးစွန်ထိ ရောက်သွားသော ကန်ချွန်းသည် ဒေါသတကြီးဖြင့် ဂျင်မိသားစုထံသို့ ချီတက်တော့မည့်အချိန်တွင် တောင်ခြေ၌ တစ်စုံတစ်ယောက် ပေါ်လာသည်။

သူမှာ တခြားသူမဟုတ်ဘဲ ဂျင်ဆူမောက်၏ သက်တော်စောင့် မူယုံဟူပင်။

သူသည် ပခုံးတွင် အထုပ်တစ်ထုပ်ကို လွယ်ထားလျက် တောင်ပေါ်သို့ တက်လာသည်။

“...တောင်းပန်ပါတယ် ဆရာကြီး"

ကန်ချွန်းနှင့် တွေ့သည်နှင့် မူယုံဟူက ချက်ချင်းပင် တောင်းပန်ပြီး ပခုံးပေါ်မှ အထုပ်ကို ချလိုက်သည်။

“ဒါက ဘာလဲ”

ဒေါသထွက်နေသော ကန်ချွန်းက မေးမြန်းလိုက်ရာ မူယုံဟူက အထုပ်ကို အမြန်ပင် ဖြေလိုက်

သည်။ အထဲတွင် ရှိနေသူမှာ တခြားသူမဟုတ်ဘဲ ဂျင်ဆိုဟွန်းပင်။

“အင်းးးးး...”

သေခါနီးမျက်နှာဖြင့် ပေါ်လာသော ဂျင်ဆိုဟွန်းမှာ အိပ်ရာမှ လုံးဝနိုးမလာသေးသူပမာ ကြောင်တောင်တောင်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။

“သခင်လေးဂျင်က နိုးလာမယ့် အရိပ်အယောင် မရှိလို့ ကျွန်တော်ပဲ ကိုယ်တိုင် ခေါ်လာခဲ့ရပါတယ်ခင်ဗျာ"

“...”

ထိုအချိန်ကျမှသာ ဂျင်ဆိုဟွန်းသည် သူထင်ထားသည်ထက် ပိုမိုပျင်းရိသူတစ်ဦးဖြစ်ကြောင်း ကန်ချွန်း သဘောပေါက်သွားသည်။

ဒီကောင်လေးကတော့ တကယ့်ကို ခက်ခဲတဲ့သူပဲ။

ကန်ချွန်းက ပင်ပန်းနွမ်းနယ်နေသော မူယုံဟူကို အားပေးလိုက်သည်။

“မင်း တကယ်ပဲ ပင်ပန်းရှာပါပြီ"

“ဒါဆိုရင် လိုအပ်တာရှိရင် ဘယ်အချိန်မဆို ခေါ်လိုက်ပါခင်ဗျာ"

စကားဆုံးသည်နှင့် မူယုံဟူ တောင်အောက်သို့ ပြန်ဆင်းသွားသည်။

ကန်ချွန်းလည်း တပည့်သစ်ရှေ့တွင် လည်ချောင်းကို ရှင်းလိုက်သည်။

“အဟမ်း ငါ့အကြောင်းကို အနည်းအကျဉ်း သိပြီးသား ဖြစ်နိုင်ပေမဲ့ ဒီနေ့ကစပြီး ငါ့ရဲ့ တပည့်တရားဝင် ဖြစ်လာပြီမို့လို့ ငါ့အကြောင်း ငါပြောပြမယ်။ ငါက ဗဟိုလွင်ပြင်မှာ မရှိခဲ့ဖူးတဲ့ ဓားပျံနည်းပညာကို ဖန်တီးသူ ကန်ချွန်းဖြစ်ပြီး ကောင်းကင်ပျံ ဓားဆယ်လက်လို့ခေါ်တဲ့ ကိုယ်ခံပညာနဲ့ ဗဟိုလွင်ပြင်ရဲ့ ထိပ်တန်းပညာရှင် ငါးဦးထဲက တစ်ဦးအဖြစ် ရောက်ရှိခဲ့သူပဲ။ ဗဟိုလွင်ပြင်ကတော့ ငါ့ကို ဓားပျံသူရဲကောင်းလို့ ခေါ်ကြတယ်"

ဤအချိန်တွင် မည်သူမဆို မျက်လုံးများ တောက်ပလာစမြဲဖြစ်သည်။

အထူးသဖြင့် ဗဟိုလွင်ပြင်၏ ထိပ်တန်းပညာရှင် ငါးဦးဟူသော စကားကို ကြားရပါက တံတွေးပင် မြိုချပြီး ဦးညွတ်ကြလေ့ရှိသည်။

ဂျင်ဆိုဟွန်းလည်း အတူတူပင်ဖြစ်လိမ့်မည်ဟု ယူဆကာ ကန်ချွန်းက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော်လည်း ဂျင်ဆိုဟွန်းမှာမူ အသက်မဲ့နေသော ငါးမျက်လုံးများဖြင့် လေထဲသို့သာ ငေးမောနေသည်။

“မင်း ဘာကို ကြည့်နေတာလဲ”

“ဘာမှ မကြည့်ပါဘူး"

“ဘာလို့လဲ”

“ဘာမှ မဟုတ်လို့ပါ"

ဂျင်ဆိုဟွန်း၏ အဓိပ္ပာယ်မဲ့သော အဖြေကြောင့် ကန်ချွန်း ဒေါသထွက်လာသော်လည်း ထိန်းချုပ်လိုက်ရသည်။

တပည့်ဖြစ်လာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသူမို့ ပထမနေ့မှာပင် ဒေါသထွက်၍ မဖြစ်ပေ။

“ဒီနေ့ကစပြီး မင်းက ငါ့တပည့်ပဲ ဒါကြောင့် ငါ့ကို ဆရာလို့ ခေါ်ရမယ်"

“ဟုတ်ကဲ့ ဆရာ"

ဂျင်ဆိုဟွန်းက မမျှော်လင့်ဘဲ နာခံလိုက်သောအခါ ကန်ချွန်းလည်း စိတ်ကျေနပ်သွားပြီး ကျောက်တုံးပေါ်တွင် တင်ထားသော ဓားကို ကောက်ကိုင်လိုက်သည်။

“မြင်တွေ့ခြင်းက ယုံကြည်ခြင်းပဲ ကြားရတာထက် ကိုယ်တိုင် မြင်တွေ့ရတာက ပိုကောင်းတယ်"

ကန်ချွန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒါက ဓားပျံပဲ"

All Chapters