အခန်း ၄
Vol. 1 Ch. 4
အခန်း။ ၄
ဓားပျံမှာ ဓားမြှောင် သို့မဟုတ် ဓားတိုထက် ပိုရှည်သော်လည်း သာမန်ဓားထက် ပိုတိုသည်။ လက်ကိုင်မပါရှိဘဲ ဓားသွားနှင့် လက်ကိုင်မှာ တစ်ဆက်တည်း တန်းနေသည်။ အလေးချိန်မှာ တစ်ညီတည်းဖြစ်ပြီး ဓားသွားမှာ အလွန်မျှတသည်။
“ဘယ်လိုလဲ”
“ဟုတ်ကဲ့...”
ဂျင်ဆိုဟွန်း၏ အသံတွင် စိတ်အားထက်သန်မှု လုံးဝမပါရှိသော်လည်း သူ့ဆရာ ကန်ချွန်းမှာမူ စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေသည်။
ဒီကောင်လေးကို သာမန်စံနှုန်းတွေနဲ့ စဉ်းစားလို့ မဖြစ်ဘူး။
ဒါက လောကမှာ အပျင်းဆုံးသူကို စည်းရုံးရမဲ့ ကိစ္စပဲ။
ကန်ချွန်းသည် ဂျင်ဆိုဟွန်း၏ အနားသို့ ကပ်သွားပြီး လေသံကို လျှော့ချကာ တိုးတိုးလေး ပြောလိုက်သည်။
“စဉ်းစားကြည့်လေ။ အကယ်၍ မင်းသာ သာမန်ဓားပညာကို သင်ယူခဲ့မယ်ဆိုရင် နေပူထဲမှာ ချွေးတဒီးဒီးကျအောင် သံဓားလေးကို တစ်နေကုန် ဝှေ့ယမ်းနေရမှာ။ လှံပညာ၊ ဓားရှည်ပညာတွေလည်း အတူတူပဲ”
“အင်း...”
ဂျင်ဆိုဟွန်း နားလည်သလို ခေါင်းညိတ်လိုက်သောအခါ ကန်ချွန်းမှာ ပို၍စိတ်လှုပ်ရှားလာပြီး ဆက်ပြောသည်။
“ပြီးတော့ လက်သီးပညာ၊ လက်ဝါးပညာတွေဆိုရင်ရော ရန်သူနဲ့ ကပ်လျက်တိုက်ရမယ်၊ လက်ရော၊ ခြေရော နားချိန်မရှိ လှုပ်ရှားနေရမယ်။ တကယ့်ကို ထိရောက်မှုမရှိတဲ့ ကိုယ်ခံပညာတွေပဲ"
“ဆရာပြောတာ မှန်တယ်”
“ဒါပေမဲ့ ငါ့ရဲ့ ဓားပျံနည်းပညာက မတူဘူး"
ကန်ချွန်းသည် လက်ထဲရှိ ဓားပျံကို လက်ချောင်းဖြင့် အသာလေး ပုတ်လိုက်သည်။
ပေါ့ပါးစွာ ပစ်လိုက်သော ဓားပျံမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသွားပြီး ထူထဲသော သစ်ပင်လုံးကြီးတစ်ခုထဲသို့ စိုက်ဝင်သွားသည်။
“မင်းက ဒီအတိုင်း ရပ်နေပြီးဝူးခနဲပစ်လိုက်ရုံပဲ။ ဘယ်လောက် လွယ်ကူပြီး အဆင်ပြေလဲ ချွေးထွက်စရာလည်း မလိုဘူး။ ရန်သူနဲ့ ကပ်တိုက်စရာလည်း မလိုဘူး။ ပြီးတော့ လက်နက်တွေ အများကြီး သယ်ထားစရာလည်း မလိုဘူး။ ရှီချွမ်တန်မျိုးနွယ်စုတွေလို ကိုယ်ခန္ဓာအနှံ့ အဆိပ်တွေ၊ လက်နက်ငယ်တွေ ဝှက်ထားစရာလည်း မလိုဘူး"
ကန်ချွန်းသည် ဈေးသည်တစ်ဦးကဲ့သို့ ဓားပျံဆယ်လက်ကို ဂုဏ်ယူစွာ ပြသရင်း ပြောလိုက်သည်။
“ဒီဓားပျံဆယ်လက်ကို ဓားအိတ်ထဲ ထည့်ထားလိုက်ရင် ပြီးပြီ။ ဒီဓားအိတ်ကိုပဲ ကိုယ်နဲ့ တစ်ပါတည်း ဆောင်ထားရင် ဓားရှည်တွေလို ခါးမှာ ချိတ်ထားစရာတောင် မလိုဘူး”
“အို...”
ပထမဆုံးအကြိမ်အဖြစ် ဂျင်ဆိုဟွန်းမှာ စိတ်ဝင်စားသော အမူအရာ ပြသလာသည်။
သို့သော် သူစိတ်ဝင်စားသည်မှာ ဓားပျံနည်းပညာကို သင်ယူလျှင် ခန္ဓာကိုယ်ကို အနည်းငယ်သာ လှုပ်ရှား၍ ရမည်ဆိုသည့် အချက်ပင်။
“ကဲ အခုတော့... မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်ထား။ ဒါက မင်းသင်ယူရမယ့် ကောင်းကင်ပျံ ဓားဆယ်လက်ပဲ"
ကန်ချွန်းသည် ဓားပျံတစ်လက်ကို ကိုင်လိုက်ပြီး လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။
“ဒါက ကောင်းကင်ပျံ ဓားဆယ်လက်ရဲ့ ပထမဆုံးအဆင့် လေဟုန်စီးပဲ”
အတွင်းအားဖြင့် သွန်းလောင်းထားသော ဓားပျံမှာ လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားပြီး သစ်ပင်ထဲသို့ စိုက်ဝင်သွားသည်။
“ပြီးတော့ ရန်သူက သစ်ပင်နောက်မှာ ပုန်းနေရင်တောင် ပြဿနာမရှိဘူး”
လက်နှစ်ဖက်စလုံးဖြင့် ဘယ်ညာ ပစ်လွှတ်လိုက်ရာ လခြမ်းပုံစံ ကွေ့ဝိုက်သွားသော ဓားနှစ်လက်မှာ ပထမသစ်ပင်၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော သစ်ပင်တစ်ပင်ထဲသို့ တိကျစွာ စိုက်ဝင်သွားသည်။
“ဒါပေမဲ့ ရန်သူကို ထိအောင် ပစ်လို့မရတဲ့ အခြေအနေမျိုးဆိုရင် အဲဒီအခါကျရင် နောက်တစ်ဆင့်ဖြစ်တဲ့ လျှပ်စီးလက်ကို သုံးလိုက်ရုံပဲ"
ကန်ချွန်း၏ လက်ထဲရှိ ဓားပျံမှာ အပြာရောင်အလင်းတန်းဖြင့် တောက်ပလာပြီး ထူထဲသော သစ်ပင်ကို ချက်ချင်း ဖောက်ထွင်းသွားသည်။
သစ်ပင်၏ မျက်နှာပြင်မှာ လျှပ်စီးပစ်ခံရသကဲ့သို့ မီးလောင်ကျွမ်းလျက် ရှိနေသည်။
“လျှပ်စီးလက်အဆင့်ကို ရောက်သွားရင် ရန်သူ ဘယ်မှာပဲ ရှိနေပါစေ လျှပ်စီးအရှိန်နဲ့ အသက်ယူနိုင်တယ်"
အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ကန်ချွန်းက လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
“ဒါကတော့ မင်း မဖြစ်မနေ အောင်မြင်ရမယ့် ကောင်းကင်ပျံ ဓားဆယ်လက်ရဲ့ နောက်ဆုံးအဆင့်ပဲ"
သစ်ပင်များတွင် စိုက်ဝင်နေသော ဓားပျံများမှာ မမြင်နိုင်သော ကြိုးတန်းများဖြင့် ဆွဲထားသကဲ့သို့ ကန်ချွန်း၏ လက်ထဲသို့ အလိုလို ပျံသန်းလာကြသည်။
ထိုအံ့ဩဖွယ် မြင်ကွင်းကြောင့် ကိုယ်ခံပညာကို စိတ်မဝင်စားသော ဂျင်ဆိုဟွန်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“လက်တစ်ထောင်မြောက်ခြင်း"
ဓားပျံဆယ်လက်မှာ ကန်ချွန်း၏ ပတ်လည်တွင် စက်ဝိုင်းပုံစံ ဖြစ်ပေါ်လာပြီး သူ၏ လက်အမူအရာအတိုင်း ရွေ့လျားသည်။
“လက်တစ်ထောင်မြောက်ခြင်းအဆင့်ကို ရောက်ရင် ဓားပြန်ကောက်ဖို့အတွက် ဟိုလျှောက်ဒီလျှောက် လုပ်နေစရာ မလိုတော့ဘူး။ တစ်နေရာတည်း ရပ်နေပြီး ရန်သူအားလုံးကို သတ်နိုင်တယ်။ ပြီးရင် ပစ်လွှတ်လိုက်တဲ့ ဓားတွေကို အမူအရာလေးလုပ်ပြီး ပြန်သိမ်းနိုင်တယ်။ ဟားဟား ဒါကတော့ မင်းသင်ယူရမယ့် ငါ့ရဲ့ ကောင်းကင်ပျံ ဓားဆယ်လက်ပဲ"
ကန်ချွန်း၏ လက်အမူအရာကြောင့် ဓားပျံဆယ်လက်မှာ ဓားအိတ်ထဲသို့ အလိုလို ဝင်ရောက်သွားသည်။ သရုပ်ပြပြီးနောက် ကန်ချွန်းသည် ဂျင်ဆိုဟွန်းကို ကြင်နာသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဘယ်လိုလဲ ငါ့ရဲ့ ကောင်းကင်ပျံ ဓားဆယ်လက်ပညာ"
“တကယ့်ကို မိုက်လွန်းတယ်”
ဂျင်ဆိုဟွန်းမှာ ကန်ချွန်း၏ ပညာရပ်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ အထူးသဖြင့် ကိုယ်ခန္ဓာကို လှုပ်ရှားစရာမလိုဘဲ တိုက်ခိုက်နိုင်သည်ဆိုသည့် အချက်က သူ့စိတ်ထဲတွင် အကြီးအကျယ် စွဲလမ်းသွားစေသည်။
“ဒီ လက်တစ်ထောင်မြောက်ခြင်းအဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ”
ဆယ်နှစ်မှ တစ်ကြိမ်သာ မြင်နိုင်သည့် ဂျင်ဆိုဟွန်း၏ တောက်ပသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ကန်ချွန်း ခဏမျှ စဉ်းစားလိုက်သည်။
အနည်းဆုံးတော့ နှစ်ပေါင်းသုံးဆယ်လောက်တော့ လေ့ကျင့်ရမှာပဲ ဒါပေမဲ့...
အမှန်အတိုင်း ပြောလိုက်ပါက ဂျင်ဆိုဟွန်းမှာ အကုန်လုံးကို စွန့်ပယ်ပြီး ဂျင်မိသားစု၏ မိသားစုခေါင်းဆောင်အဖြစ်ပဲ ပြန်လုပ်တော့မည်ဟုပြောကာ ထွက်ပြေးသွားပေလိမ့်မည်။
“မင်းရဲ့ အရည်အချင်းနဲ့ဆိုရင်တော့ ဆယ်နှစ်လောက်ဆို လုံလောက်ပါတယ်"
အဓိပ္ပာယ်မရှိလောက်အောင် တိုတောင်းလွန်းသော အချိန်ကာလကို ပြောလိုက်သော်လည်း ဂျင်ဆိုဟွန်းမှာ ထိတ်လန့်သွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
“ဆယ်... ဆယ်နှစ်”
ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ တုန်ရီလာသောအခါ ကန်ချွန်းလည်း ထိတ်လန့်သွားသည်။
ဒါ... ဒါက
ပါးစပ်မှ အမြှုပ်များထွက်ပြီး လဲကျသွားခါနီးအချိန်က အမူအရာအတိုင်းပင် ဖြစ်နေသည်။
စိတ်လှုပ်ရှားသွားသော ကန်ချွန်းက အမြန်ပင် ဖြည့်စွက်ပြောလိုက်သည်။
“အ... အဲဒါတော့ ဟုတ်တာပေါ့ မင်းကြိုးစားမှုအပေါ် မူတည်ပြီး ငါးနှစ်အထိ တိုသွားနိုင်တယ်လေ”
“ငါးနှစ်... ငါး... ငါး...”
ငါ ကိုယ်ခံပညာကိုပဲ သင်ယူရမလား ဒါမှမဟုတ် မိသားစုခေါင်းဆောင်ငယ်လေး ဖြစ်ပြီး အမွေဆက်ခံသူ လေ့ကျင့်ရေးကိုပဲ ရယူရမလား။
ဂျင်ဆိုဟွန်း၏ အေးခဲနေသော ဦးနှောက်မှာ လျင်မြန်စွာ လည်ပတ်လာသည်။
ငါးနှစ်ဆိုရင်တော့... ကျန်တဲ့ နှစ်ရှစ်ဆယ်ကို ငါစိတ်ကြိုက် ကစားပြီး စားနေလို့ရပြီ။
စိတ်ထဲတွင် တွက်ချက်မှု ပြီးသွားသောအခါ ဂျင်ဆိုဟွန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ရိုသေကြောင်း ပြသလိုက်သည်။
“ဆရာ့ကိုပဲ အားကိုးပါတော့မယ် ဆရာ"
“ဟူး... ဟုတ်ပြီ ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ ငါ့တပည့်"
ဆရာတပည့် သံယောဇဉ်ကို နောက်ဆုံးတွင် ဖွဲ့စည်းပြီးနောက် ဂျင်ဆိုဟွန်းနှင့် ကန်ချွန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ကြသည်။
(ငါးနှစ် သေသွားတယ်လို့ပဲ သဘောထားလိုက်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ခံပညာရှင် ဖြစ်ဖို့ စိတ်ကူးမရှိတာမို့လို့ အပေါ်ယံလေးပဲ သင်ပြီး ကျန်တဲ့ဘဝကို ကစားပြီး စားနေလိုက်တော့မယ်)
(ဒီကောင်စုတ်လေး ငါ့တစ်သက်လုံး ကြိုးစားခဲ့တဲ့ အဆင့်ကို ငါးနှစ်တည်းနဲ့ အလကား ရမယ်လို့ ထင်နေတာလား။ အိပ်မက် မက်မနေနဲ့ မင်း ငါ့လက်အောက်မှာ အနည်းဆုံး နှစ်နှစ်ဆယ်လောက်တော့ ပင်ပန်းခံရဦးမယ်)
(ဟီးဟီး...)
(ဟီးဟီး...)
တစ်ဦးနှင့်တစ်ဦး မတူညီသော စိတ်ကူးများကို အိပ်မက်မက်နေကြသော လူနှစ်ဦးမှာ တိတ်ဆိတ်စွာ ရယ်မောနေကြတော့သည်။
“မင်း အရင်ဆုံး သင်ရမှာက အတွင်းအား စုစည်းနည်းပဲ။ ရိုးရိုးပြောရရင်တော့ အသက်ရှုတဲ့ နည်းပညာပေါ့။ အရင်ဆုံး တင်ပျဉ်ခွေ ထိုင်ပါ"
ငြိမ်ငြိမ်ထိုင်နေရခြင်းမှာ ဂျင်ဆိုဟွန်း၏ အထူးကျွမ်းကျင်ရာနှင့် အားသာချက်ပင်။
ဂျင်ဆိုဟွန်းက တင်ပျဉ်ခွေကို အဆင်မပြေစွာဖြင့် ထိုင်လိုက်သောအခါ ကန်ချွန်းက သူ့နောက်ကျောဘက်မှနေ၍ လက်များကို ဆန့်ထုတ်လိုက်သည်။
“အခုကစပြီး မင်းခန္ဓာကိုယ်ထဲကို ငါ့ရဲ့ အတွင်းအားတွေကို ထည့်ပေးမယ်။ မျက်လုံးကို မှိတ်ပြီး အဲဒီစွမ်းအားကို ခံစားကြည့်ပါ"
“ဟုတ်ကဲ့"
“အခုကစပြီး ဘာမှ ပြန်မဖြေနဲ့ အာရုံစိုက်ပါ။ မလုပ်ရင် မင်းရဲ့ ချီစွမ်းအားတွေ နောက်ပြန်စီးသွားပြီး ချီဖောက်ပြန်သွားပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားနိုင်တယ်"
ကန်ချွန်း၏ ကြောက်မက်ဖွယ် သတိပေးချက်ကြောင့် ဂျင်ဆိုဟွန်းမှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
ခဏအကြာတွင် ဂျင်ဆိုဟွန်းမှာ နောက်ကျောဘက်မှ ယားယံသကဲ့သို့ ခံစားလာရသည်။
မကြာမီတွင် ကန်ချွန်း၏ လက်ဖဝါးမှတစ်ဆင့် စီးဆင်းလာသော စွမ်းအားမှာ သူ၏ သွေးကြောများတစ်လျှောက် ခန္ဓာကိုယ်၏ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်ကို ခံစားရသည်။
“အတွင်းအားတွေ စီးဆင်းတဲ့ လမ်းကြောင်းကို မှတ်ထားပါ။ အခုကစပြီး နေ့တိုင်း အသက်ရှုလေ့ကျင့်ရမယ်။ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ စုစည်းမိတဲ့ အတွင်းအားတွေကို ငါသင်ပေးတဲ့အတိုင်း စီးဆင်းအောင် လုပ်ရမယ်"
ပြန်မဖြေနိုင်သဖြင့် ဂျင်ဆိုဟွန်းမှာ ကန်ချွန်း၏ သင်ကြားချက်များကို မှတ်မိစေရန် အာရုံစိုက်လိုက်သည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။ အညစ်အကြေး ကင်းစင်နေတော့ စွမ်းအားစီးဆင်းမှုက အနှောင့်အယှက်မရှိ လွတ်လပ်နေတာပဲ။
ကန်ချွန်းမှာ ထူးဆန်းသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ သန့်စင်သော စာရွက်ဖြူတစ်ရွက်နှင့် တူကာ စုတ်တံသွားရာအတိုင်း ပုံဖော်နိုင်သကဲ့သို့ ကန်ချွန်း၏ အတွင်းအားမှာ ဂျင်ဆိုဟွန်း၏ ကျယ်ပြောသော သွေးကြောများတွင် လွတ်လပ်စွာ စီးဆင်းနေသည်။
သာမန်ကိုယ်ခံပညာ ပါရမီရှင်တို့၏ သွေးကြောမှာ ချောင်းငယ်ကလေးသာ ဖြစ်သော်လည်း ဂျင်ဆိုဟွန်း၏ သွေးကြောများမှာမူ သမုဒ္ဒရာပမာ ကျယ်ပြောလှသည်။
သူမည်မျှပင် အတွင်းအားများ ထည့်သွင်းပေးပါစေ လျှံကျသွားခြင်း သို့မဟုတ် ပိတ်ဆို့သွားခြင်း လုံးဝမရှိပေ။
အတွင်းအားကို တောင့်တနေသကဲ့သို့ ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ ကန်ချွန်း၏ အတွင်းအားများကို စုပ်ယူနေသည်။
ထိတ်လန့်သွားသော ကန်ချွန်းမှာ အတွင်းအားများကို အမြန်ပင် ပြန်လည်ရုပ်သိမ်းလိုက်ရသည်။
“ဟူး”
သူ့အတွင်းအား၏ ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးလုနီးပါး ဖြစ်သွားသဖြင့် ကန်ချွန်းမှာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
ကောင်းကင်ဘုံနတ်ဘုရားခန္ဓာ ဆိုတာ တကယ်ကို ထူးခြားတာပဲ။
ဂျင်ဆိုဟွန်း၏ အရည်အချင်းကို အံ့ဩရင်း ကန်ချွန်းသည် မျက်လုံးမှိတ်ထားဆဲဖြစ်သော တပည့်ဖြစ်သူ၏ ရှေ့သို့ ပြန်လည် ထိုင်ချလိုက်သည်။
“ဘယ်လိုလဲ မှတ်မိရဲ့လား”
“...”
ဂျင်ဆိုဟွန်းမှာ တိတ်ဆိတ်နေသည်။
“ငါ့တပည့်ရေ…..အယ်….အဲ”
“...”
သူ့ကို တိတ်ဆိတ်နေသည်ကို မြင်ရသောအခါ ကန်ချွန်းမှာ ထုံးစံနှင့်မတူဘဲ အကြီးအကျယ် စိတ်လှုပ်ရှားသွားသည်။
အတွင်းအား ပို့တဲ့နေရာမှာ တစ်ခုခု မှားသွားတာလား။ မဖြစ်နိုင်တာ အဲဒါမျိုး မဖြစ်နိုင်ဘူးလေ
အတွင်းအား ပို့ဆောင်ရာတွင် ပြဿနာ မရှိခဲ့သလို ရွံရှာဖွယ်ရာ ခံစားချက်လည်း မရှိကာ စွမ်းအားများ နောက်ပြန်စီးဆင်းခြင်းလည်း မရှိပေ။
သို့သော်လည်း ဂျင်ဆိုဟွန်းမှာမူ သေနေသူတစ်ယောက်ပမာ မျက်လုံးမှိတ်ကာ ငြိမ်သက်နေသည်။
စိတ်လှုပ်ရှားနေသော ကန်ချွန်းက ဂျင်ဆိုဟွန်း၏ ပခုံးကို လှုပ်ယမ်းလိုက်သည်။
“ဆိုဟွန်း ဂျင်ဆိုဟွန်း”
“အင်း... အမ်း... ဟုတ်... ဟုတ်လား”
မျက်လုံးများကို ဝါးတားတားဖြင့် ဖွင့်လိုက်ပြီး ဂျင်ဆိုဟွန်းက လက်ဖြင့် မျက်စိတစ်ဖက်ကို ပွတ်လိုက်ပြီးနောက် ဆက်တိုက်သန်းလိုက်သည်။
“ပြီးသွားပြီလား”
“မင်း... မင်း အိပ်ပျော်နေတာလား”
“ကျွန်တော်က မျက်လုံးမှိတ်လိုက်ရင် အိပ်ပျော်တတ်တဲ့ အကျင့်ရှိလို့ပါ... ဟဲဟဲ... ဒါပေမဲ့ သင်ပေးတာတွေကိုတော့ မှတ်မိပါတယ်"
ကန်ချွန်းမှာ ကြက်သေသေသွားသည်။
ဒီလောကကြီးမှာ ဘယ်လို အကျင့်မျိုးလဲကွ။
ပြင်ပလူတစ်ယောက်၏ စွမ်းအားက ကိုယ့်ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေချိန်ဆိုတာ တင်းမာနေရမည့် အချိန်ဖြစ်သည်။
အထူးသဖြင့် အတွင်းအား စုစည်းနည်းကို သင်ယူနေချိန်တွင် အာရုံစိုက်မှု မပျက်ရပေ။
သို့သော် လောကတွင် အပျင်းဆုံးဖြစ်သူမှာ သင်ခန်းစာစပြီး နှစ်နာရီပင် မကြာသေးမီမှာပင် အိပ်ပျော်သွားခဲ့သည်။
ကန်ချွန်းမှာ ခေါင်းမူးလာသဖြင့် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
သည်းခံ သည်းခံ။ ခက်ခက်ခဲခဲ ရလာတဲ့ တပည့်ပဲ... သည်းခံရမယ်။
ဒေါသကို မျိုသိပ်ကာ ကန်ချွန်းက သင်ခန်းစာကို ဆက်သင်သည်။
“ပထမဆုံး အဆင့်က စွမ်းအားကို ခံစားတတ်ဖို့ပဲ"
“ဟုတ်ကဲ့"
သူ့ရဲ့ အထူးကျွမ်းကျင်ရာကို ပြသရန် အခွင့်အရေး ရပြန်ပြီဖြစ်သောကြောင့် ဂျင်ဆိုဟွန်းမှာ တင်ပျဉ်ခွေ ထိုင်ကာ အာရုံစိုက်လိုက်သည်။
ကန်ချွန်း သင်ပေးသည့်အတိုင်း အသက်ရှုလိုက်ရာ ဂျင်ဆိုဟွန်းမှာ ယားယံသော ခံစားချက်ကို ရရှိသည်။
အော် ဒါက စွမ်းအားဆိုတာလား။
ဂျင်ဆိုဟွန်းမှာ အသက်ရှုရာမှ ရရှိသော စွမ်းအားများကို သူ၏ အလယ်ဒန်ထျန်းထံသို့ စုစည်းလိုက်သည်။
ဤနည်းအတိုင်း ထပ်ခါတလဲလဲ လုပ်ဆောင်ပါက အတွင်းအားသိုလှောင်သည့် ဒန်ထျန်း ဖြစ်ပေါ်လာမည်ဖြစ်ပြီး အတွင်းအား တိုးပွားလာသည်နှင့်အမျှ ဒန်ထျန်း၏ အရွယ်အစားလည်း ကြီးထွားလာမည်ဟူသော ကန်ချွန်း၏ သင်ကြားချက်ကို ပြန်လည် အမှတ်ရလိုက်သည်။
ဒါက ငါထင်တာထက် ပိုကောင်းတာပဲ။
ငြိမ်ငြိမ်လေး ထိုင်ပြီး အသက်ရှုရသည့် အတွင်းအား လေ့ကျင့်နည်းကို ဂျင်ဆိုဟွန်း သဘောကျသွားသည်။
ဘာမှမလုပ်ဘဲ နေရတာ အကောင်းဆုံးပဲ။
ဒါက လွန်ခဲ့တဲ့ ၁၁ နှစ်လုံးလုံး ငါ လေ့ကျင့်ခဲ့တဲ့ အဓိက အထူးကျွမ်းကျင်ဆုံးအရာပဲ။
ဒါပေမဲ့... ငါ... အိပ်ချင်... လာပြီ...
လောကတွင် အပျင်းဆုံးသူဖြစ်သည့် ဂျင်ဆိုဟွန်း၏ သည်းခံနိုင်မှုနှင့် စိတ်ရှည်မှုတို့မှာ သူ့ဆီသို့ ကပ်ရောက်လာသော အိပ်စက်ခြင်း တစ္ဆေကို ခုခံနိုင်စွမ်း မရှိချေ။
ခလူး…ခလူးး...
အတွင်းအားစုစည်းနည်း သင်တန်းစတင်ခဲ့သည်မှာ တစ်ပတ်ပင် ရှိသွားခဲ့ပြီဖြစ်သည်။
ဂျင်ဆိုဟွန်းတစ်ယောက် မျှော်လင့်ထားသည်ထက် ပိုမိုလိုက်လျောညီထွေရှိနေသဖြင့် ကန်ချွန်းတစ်ယောက် ဂုဏ်ယူနေမိပြီး သူ အာရုံစိုက်နိုင်စေရန်အတွက် အနားသို့ သိပ်မကပ်ဘဲ နေပေးခဲ့သည်။
သို့သော် ခုနစ်ရက်မြောက်နေ့ အရုဏ်တက်ချိန်တွင် ကန်ချွန်း မြင်လိုက်ရသော မြင်ကွင်းမှာ...
“ဒီကောင်စုတ်လေးကတော့”
ဂျင်ဆိုဟွန်းမှာ ခေါင်းငိုက်စိုက်ကျကာ အိပ်ငိုက်နေသည့် မြင်ကွင်းပင်။
“ဟေ့ကောင် မင်းကို အတွင်းအား စုစည်းနည်း လေ့ကျင့်ခိုင်းထားတာ မင်းက အိပ်နေတာလား”
နားစည်ကွဲမတတ် အော်ဟစ်လိုက်သော ကန်ချွန်း၏ အသံကြောင့် ဂျင်ဆိုဟွန်း မျက်လုံးပွင့်လာသည်။
“အိပ်နေတာ... မဟုတ်ပါဘူး ဆရာက တပည့်ကို စွပ်စွဲနေတာပဲ”
“ဒါဆို မင်း ဘာလုပ်နေတာလဲ ဟမ် မင်း ပါးစပ်နဲ့ မင်းကိုယ်တိုင် ရှင်းပြစမ်း”
“ကျွန်တော် အတွင်းအား စုစည်းနည်း လေ့ကျင့်နေတာပါ။ ဆရာ သင်ပေးထားတဲ့ ကောင်းကင်ယံစီး စွမ်းအားစုစည်းနည်းကိုလေ”
“ဟွန်း မင်းပြောတာ မှန်တယ်ဆိုရင်...”
ကန်ချွန်းသည် ခြေသံပြင်းပြင်းဖြင့် လျှောက်သွားပြီး ဂျင်ဆိုဟွန်း၏ ဝမ်းဗိုက်အောက်ပိုင်းကို ရုတ်တရက် လက်ဖြင့် ထိုးလိုက်သည်။
“အို”
ရုတ်တရက် အထိအတွေ့ကို ခံလိုက်ရ၍ လန့်သွားသည်မှာ ဂျင်ဆိုဟွန်းတစ်ယောက်တည်း မဟုတ်ပေ။
လက်ဖဝါးမှတစ်ဆင့် ခံစားလိုက်ရသည့် ရှင်းလင်းပြတ်သားသော အတွင်းအားကို ကန်ချွန်း ကိုယ်တိုင်လည်း အံ့ဩတကြီး မျက်တောင်ခတ်လိုက်ရသည်။
တစ်ပတ်အတွင်းနဲ့တင် ဒန်ထျန်း ဖြစ်ပေါ်ပြီး အတွင်းအားတွေ စုစည်းမိသွားတာလား
သာမန်ကိုယ်ခံပညာရှင်တစ်ယောက်ဆိုလျှင် အတွင်းအားစုစည်းနည်းနှင့် ကိုက်ညီသော အသက်ရှုနည်းဖြင့် အနည်းဆုံး လအနည်းငယ်ခန့် လေ့ကျင့်မှသာ ဒန်ထျန်း ဖြစ်ပေါ်လာပြီး အတွင်းအား စတင်စုစည်းနိုင်မည်ပင်။
သို့သော် ဂျင်ဆိုဟွန်းမှာ တစ်ပတ်တည်းဖြင့် အတွင်းအား တစ်ဆုပ်စာခန့်ကို ဖန်တီးနိုင်ခဲ့သည်။
ဒါက ကောင်းကင်ဘုံနတ်ဘုရားခန္ဓာ ဆိုတာမျိုးလား။
ကောင်းကင်ဘုံနတ်ဘုရားခန္ဓာအကြောင်းကို ကြားဖူးသော်လည်း ဤသို့သော ထူးချွန်ထက်မြက်သည့် ပါရမီရှင်ကို ကန်ချွန်းတစ်ယောက် အပြင်တွင် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
ဂျင်ဆိုဟွန်း၏ မယုံနိုင်စရာ ပါရမီကို အံ့ဩလွန်းသဖြင့် စကားပင် ဆွံ့အသွားပြီး မျက်တောင်တခတ်ခတ်သာ လုပ်နေမိသည်။
“ဆရာ... တစ်ခုခု မှားနေလို့လား”
သူ၏ ပါရမီကို သူကိုယ်တိုင်မသိဘဲ အပြစ်ကင်းစင်သော မျက်နှာဖြင့် မေးလာသည့် ဂျင်ဆိုဟွန်းကို မြင်သောအခါ ကန်ချွန်းမှာ အသံကို မြှင့်လိုက်သည်။
“မှားတာလား... မင်းက...”
မဟုတ်သေးဘူး ခဏလေး။
ဂျင်ဆူမောက်၏ သတိပေးချက်မှာ ကန်ချွန်း၏ ခေါင်းထဲသို့ ချက်ချင်း ရောက်လာသည်။
ဆရာကြီး ဆိုဟွန်းမှာ ပါရမီရှိတယ်လို့ ထင်ရင်တောင် သူ့ကို ဘယ်တော့မှ မချီးမွမ်းပါနဲ့။ သူက ကိုယ့်ကိုယ်ကိုယ် သိပ်တော်နေပြီလို့ ထင်ပြီး ချက်ချင်း ပျင်းသွားလိမ့်မယ်။
ဂျင်ဆူမောက် သတိပေးခဲ့သည့်အတိုင်း ဂျင်ဆိုဟွန်း၏ သဘာဝမှာ လောကတွင် အပျင်းဆုံးသူ ဖြစ်သည်။
ဤနေရာတွင် သူ့ကို အနည်းငယ်လေး ချီးမွမ်းလိုက်သည်နှင့် သူသည် ချက်ချင်းပင် ပျင်းရိသွားလိမ့်မည်မှာ အသေအချာပင်။
“မ... မင်းက... အသုံးမကျလိုက်တာ မင်းလို အရည်အချင်းမရှိတဲ့သူကို ငါတစ်ခါမှ မမြင်ဖူးဘူး ဒီလောက်ဆိုရင် မင်းဆီမှာ အတွင်းအားတွေ အများကြီး ပိုစုစည်းနေသင့်ပြီ တောက် အသုံးကိုမကျဘူး….”
စကားပြောပြီးနောက် လှည့်ထွက်သွားစဉ် ကန်ချွန်းမှာ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်ရသည်။
ပါရမီရှင်တစ်ယောက်ကို အသုံးမကျတဲ့သူလို့ ခေါ်ရတာ ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ကန်ချွန်း လှည့်ထွက်သွားပြီး ပခုံးများ တုန်ယင်နေသည်ကို မြင်သောအခါ ဂျင်ဆိုဟွန်းက သူ့မေးစေ့ကို ကုတ်လိုက်သည်။
ငါ့မှာ ကိုယ်ခံပညာ ပါရမီ မရှိတာ တကယ်ပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါးနှစ်ဆိုရင် အပေါ်ယံလေး သင်ပြီးတာပဲမို့လို့ တော်ပါသေးတယ် ဟုတ်တယ်မလား
ဂျင်ဆိုဟွန်းမှာ ကိုယ်ခံပညာတွင် ထူးချွန်ရန် ဆန္ဒမရှိပေ။
ဒါပေမဲ့ ဒီနှုန်းအတိုင်းဆိုရင် သူက ငါ့ကို ဆယ်နှစ်လောက် သင်ခိုင်းမလား မသိဘူး။ အခုကစပြီး အသက်ရှုတာကို ပိုသေချာအောင် လုပ်မှပဲ။
သူစီစဉ်ထားသည်ထက် နောက်ကျမှ တောင်ပေါ်မှ ဆင်းရမှာကို စိုးရိမ်လာသော ဂျင်ဆိုဟွန်းမှာ ယနေ့မှစ၍ စနစ်တကျ အသက်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။