← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း။ ၅

တောင်ပေါ်တက်လာသည်မှာ တစ်လပင် ပြည့်ခဲ့ပြီဖြစ်သည်။

အလျင်စလို ဆောက်လုပ်ထားသော တဲလေးထဲတွင် နေထိုင်ရသည်မှာ သည်းမခံနိုင်စရာပင်။ သို့သော် အိမ်တော်မှ ပုံမှန်ပို့ပေးနေသော သန့်ရှင်းသည့် အဝတ်အစားနှင့် အစားအစာများကြောင့် စားသောက်ရေးအတွက် စိုးရိမ်စရာမရှိသလို အဝတ်အစားများ ညစ်ပတ်သွားလျှင်လည်း ချက်ချင်း လဲလှယ်နိုင်သေးသည်။

ထို့အပြင် သူတောင်းစားဂိုဏ်းသားများနှင့်အတူ နေထိုင်ခဲ့စဉ်က အပြင်ဘက်တွင် အိပ်စက်ရသည်ကို ကျင့်သားရနေခဲ့သည့် ဂျင်ဆိုဟွန်းမှာ လှဲအိပ်နိုင်မည့် နေရာသာရှိပါက အချိန်မရွေး နေရာမရွေး အိပ်စက်နိုင်သည့် ပါရမီကို ပိုင်ဆိုင်ထားသည်။

“ဒီနေ့လည်း ကြိုးစားပြီး လေ့ကျင့်လိုက်ဦးမယ်”

လွန်ခဲ့သည့်ရက်အနည်းငယ်က မတော်တဆ တွေ့ရှိခဲ့သည့် ကျောက်ပြားခင်းထားသော နေရာတွင် ဂျင်ဆိုဟွန်း တင်ပျဉ်ခွေထိုင်ကာ အသက်ရှုလိုက်သည်။

ပြီးခဲ့သည့်တစ်လအတွင်း အသက်ရှုခြင်းကို စနစ်တကျ အာရုံစိုက်နိုင်ခဲ့ခြင်းကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် အတွင်းအား သိသိသာသာ စုစည်းမိသွားသည်။

ထို့အပြင် ဂျင်ဆိုဟွန်းမှာ အသက်ရှုနေရင်းနှင့်ပင် အိပ်ပျော်နိုင်သည့် နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

“ဒီနေ့လည်း ဆရာ့ကိုပဲ အားကိုးရတော့မယ်ဗျာ"

နေ့စဉ် အိပ်စက်ခြင်းဆိုင်ရာ ဘာသာရေးအခမ်းအနားကို မစတင်မီ သူ့ဘာသာသူ အတွင်းအား စုစည်းပေးမည့် သူ့ခန္ဓာကိုယ်လေးကို နှုတ်ဆက်လိုက်သည်။

ဂျင်ဆိုဟွန်းတစ်ယောက် လေ့ကျင့်သည်ဟု အကြောင်းပြကာ အိပ်ပျော်နေချိန်တွင် ကန်ချွန်းမှာ တဲထဲ၌ ထိုင်ကာ ဆေးမြစ်များကို ဝါးစားနေသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ရှန်ရှီးရဲ့ အချမ်းသာဆုံး မိသားစုဆိုတော့လည်း သူများနဲ့မတူဘူးပေါ့"

ကန်ချွန်း၏ ရှေ့တွင် ဖော်ပြ၍မရလောက်အောင် ဈေးကြီးလှသော ဆေးလုံးများနှင့် ဆေးမြစ်များ တင်ထားသည်။

သားဖြစ်သူ၏ ပညာရေးကို တစ်ဖက်တစ်လမ်းမှ ကူညီလိုသော မိဘစိတ်ဖြင့် ဂျင်ဆူမောက်မှာ နေရာအနှံ့ ရှာဖွေပြီး ငွေကြေးအမြောက်အမြား သုံးစွဲကာ ဤဆေးမြစ်များကို ရှာဖွေပေးထားခြင်းပင်။

“နှမြောစရာကောင်းလိုက်တာ... ဒါပေမဲ့ အခုတော့ ဒီကောင်လေးဆီ ပေးလို့ မဖြစ်သေးဘူး"

မူလက ဂျင်ဆိုဟွန်းအတွက် ရည်ရွယ်ထားသော ဆေးမြစ်များကို တစ်ဝါးတည်း ဝါးစားလိုက်ပြီးနောက် ကျန်ရှိသော ဆေးလုံးများကို ကုတင်အောက်တွင် ကန်ချွန်း ဝှက်ထားလိုက်

သည်။

သူက လောဘကြီးလွန်းသော အဘိုးအိုတစ်ဦး ဖြစ်နေ၍ မဟုတ်ပေ။

သူ့တွင် သူ့အကြောင်းပြချက်နှင့်သူ ရှိနေသည်။

ဒီကောင်လေးသာ ဆေးမြစ်တွေ စားလိုက်မယ်ဆိုရင်တော့...

အခြားသူများထက် အဆပေါင်းများစွာ မြန်ဆန်စွာ အတွင်းအား စုစည်းနေသော ဂျင်ဆိုဟွန်းမှာ အဖိုးတန် ဆေးမြစ်များကိုသာ စားသုံးလိုက်မည်ဆိုပါက အတွင်းအားများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မည်။

ထိုသို့ဖြစ်လာပါက ဤမျှဆို လုံလောက်ပြီဟုဆိုကာ တောင်ပေါ်မှ ဆင်းသွားလိမ့်မည်မှာ အသေအချာဖြစ်၍ လောလောဆယ်တွင် ဆေးမြစ်များနှင့် ဝေးဝေးတွင် ထားထားရမည်

ဖြစ်သည်။

မဟုတ်သေးပါဘူး ဆေးမြစ်ရနံ့တောင် မရအောင် သေချာပေါက် ကာကွယ်ထားရမယ်။

အဲဒီလို ဖြစ်သွားအောင် ငါခွင့်မပြုနိုင်ဘူး မဖြစ်ဘူး လုံးဝ မဖြစ်ရဘူး။

သူ့ကို အနည်းဆုံး နှစ်နှစ်ဆယ်လောက် ထိန်းထားပြီး ကောင်းကင်ပျံ ဓားဆယ်လက်ကို သင်ပေးရန် စီစဉ်ထားသည်။

ဂျင်ဆိုဟွန်းတစ်ယောက် အတွင်းအား လေ့ကျင့်သည်ဟု အကြောင်းပြကာ တစ်နေရာရာတွင် အိပ်ပျော်နေလောက်မည်ဟု တွေးရင်း ကန်ချွန်းက ရေရွတ်လိုက်သည်။

“ကဲ... ခန္ဓာကိုယ်ကို စတင် တည်ဆောက်ကြရအောင်"

အတွင်းအားမှာ အခြေခံ အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သောကြောင့် ယခုအခါ အပြင်

ပန်း ကိုယ်ခံပညာကို သင်ကြားပေးရမည့်အချိန် ဖြစ်သည်။

ကန်ချွန်း တဲထဲမှ ထွက်လာပြီး အဝေးတစ်နေရာတွင် အတွင်းအား လည်ပတ်နေသော ဂျင်ဆိုဟွန်းဆီသို့ ချဉ်းကပ်သွားသည်။

“အခု ထတော့"

သာမန်လူဆိုလျှင် အတွင်းအား လည်ပတ်ခြင်းတွင် အလွန်အမင်း အာရုံစိုက်နေ၍ အပြင်ဘက်မှ အသံကို ကြားရမည်မဟုတ်သော်လည်း ဂျင်ဆိုဟွန်းမှာ မတူပေ။

ချက်ချင်း မျက်လုံးဖွင့်လိုက်သည့် ဂျင်ဆိုဟွန်းက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“မင်းရဲ့ အတွင်းအားမှာ အခြေခံအုတ်မြစ် ရှိနေပြီမို့လို့ အပြင်ပန်း ကိုယ်ခံပညာကို လေ့ကျင့်ရတော့မယ်။ ဆိုလိုတာက မင်းရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ရမယ့် အချိန်ပဲ"

“ဘာ... ဘာ”

ဂျင်ဆိုဟွန်းမှာ လန့်သွားပြီး မျက်လုံးပြူးကာ ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီတပည့်ရဲ့ အတွင်းအားက လုံလောက်မှု မရှိသေးပါဘူး အနည်းဆုံး နောက်ထပ် တစ်နှစ်လောက်တော့ သေနေသလိုမျိုး အတွင်းအားကိုပဲ ဆက်ပြီး စုစည်းနေသင့်တာ မဟုတ်ဘူးလား”

ဂျင်ဆိုဟွန်း၏ အပိုစကားများကြောင့် ကန်ချွန်း၏ ထူထဲသော မျက်ခုံးများမှာ တွန့်ချိုးသွားသည်။

မင်းက လုံလောက်မှု မရှိဘူး ဟုတ်လား။ ဒါဆိုရင် တခြား ကိုယ်ခံပညာရှင်တွေ အကုန်လုံးက ချို့ယွင်းနေတဲ့ အရူးတွေပေါ့လေ…

ပြောချင်သည့် စကားများ အများကြီး ရှိသော်လည်း ဂျင်ဆိုဟွန်းကို ထိုကဲ့သို့ ဖြစ်လာအောင် လုပ်ခဲ့သူမှာ ကန်ချွန်းကိုယ်တိုင်ပင် ဖြစ်သဖြင့် ဆူပူမည့်အစား လက်ကို ဝှေ့ယမ်းလိုက်သည်။

“ခန္ဓာကိုယ် ကျန်းမာမှ စိတ်ဓာတ်လည်း ကျန်းမာမှာပေါ့။ မြန်မြန် ထပြီး ငါ့နောက်ကို လိုက်ခဲ့”

“ဟုတ်ကဲ့...”

ဂျင်ဆိုဟွန်းမှာ နှုတ်ခမ်းစူလျက် ကန်ချွန်း၏ နောက်သို့ လိုက်သွားသည်။

သူတို့ ရောက်ရှိသွားသည့်နေရာမှာ ကန်ချွန်းကိုယ်တိုင် သစ်ပင်များကို ခုတ်လှဲပြီး မြေပြင်ကို ညီအောင် လုပ်ထားသည့် လေ့ကျင့်ကွင်းတစ်ခု ဖြစ်သည်။

“အဝတ်တွေ ချွတ်လိုက်"

“အ... အဝတ်တွေ ဘာလို့လဲ”

ဂျင်ဆိုဟွန်းက သူ၏ ပိန်လှီသော လက်မောင်းများကို ရင်ဘတ်ပေါ်တွင်ယှက်ကာ ယုံကြည်မှုမရှိသည့် အမူအရာဖြင့် ကြည့်လိုက်သောအခါ ကန်ချွန်းမှာ ဒေါသထွက်လာသည်။

“မင်း ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးမလို့ကွ အဓိပ္ပာယ်မရှိတဲ့ အတွေးတွေ ရပ်ပြီး မြန်မြန်ချွတ်လိုက်”

“ဟုတ်ကဲ့"

အဝတ်အစားများကို ဖြည်းဖြည်းချင်း ချွတ်လိုက်သောအခါ ဂျင်ဆိုဟွန်း၏ ပိန်လှီဖြူဖွေးသော ကိုယ်ခန္ဓာမှာ ပေါ်ထွက်လာသည်။

“ဟွန်း...”

တစ်ခါမျှ နေရောင်ခြည်နှင့် မထိတွေ့ဖူးသည့်အလား ဖြူဖွေးနေသော အရေပြား၊ ကြွက်သားဟူ၍ တစ်စက်မျှ မပါဝင်သော ပိန်လှီသည့် လက်မောင်းများနှင့် ကိုယ်လုံး၊ သာမန်လူတို့ နေ့စဉ်လှုပ်ရှားမှုကြောင့်ပင် ရှိတတ်သည့် အနည်းငယ်မျှသော ကြွက်သားများပင် ဂျင်ဆိုဟွန်းတွင် မရှိချေ။

ငါထင်ထားတာထက် ပိုဆိုးနေတာပဲ။

ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ အစပြုရန်ပင် မသိရလောက်အောင် ဆိုးရွားနေသည်။

“အရင်ဆုံး ဒီနေ့ကစပြီး ကိုယ်ခန္ဓာ လေ့ကျင့်ခန်း စမယ်။ ပထမဆုံး အားသန်သလောက် တွန်းအားပေး လေ့ကျင့်ခန်းလုပ်ကြည့်"

မေးစေ့ကို ကုတ်ရင်း ဂျင်ဆိုဟွန်းက လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို မြေကြီးပေါ် ထောက်ကာ ခန္ဓာကိုယ်ကို မြှောက်လိုက်သည်။

“အာ”

သူ၏ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်မှာ လေတိုက်ခံရသည့် ပဲပင်ပေါက်လေးကဲ့သို့ တုန်ရီနေသည်။

“မင်း ဘာလုပ်နေတာလဲ”

“အယ်…အဲ…အား….”

ဂျင်ဆိုဟွန်းမှာ တစ်ကိုယ်လုံး တုန်ရီနေပြီး လက်များကို ကွေးလိုက်ကာ မြေပြင်ပေါ်သို့ ပြန်ကျသွားသည်။

“ဘုတ်”

ထိုနောက်တွင် ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ ပြန်၍ မထနိုင်တော့ပေ။

“ဒါလေး တစ်ခုတောင် မလုပ်နိုင်ဘူးလား ဟား... ဘယ်လောက်တောင် အသုံးမကျတာလဲ”

ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ် စိတ်ပျက်သွားသည်။

တစ်ခုမျှပင် မလုပ်နိုင်သည်မှာ ထားပါတော့ လက်ဖြင့်ပင် ခန္ဓာကိုယ်ကို မထိန်းထားနိုင်အောင် ရုန်းကန်နေရသည့် ဂျင်ဆိုဟွန်းကို ငုံ့ကြည့်နေသည့် ကန်ချွန်း၏ နှုတ်ခမ်းထောင့်များမှာ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

ဒီလိုဆိုရင်တော့ ငါ့လက်အောက်မှာ အနည်းဆုံး ဆယ်နှစ်လောက်တော့ ကိုယ်ခန္ဓာ လေ့ကျင့်ခန်းပဲ လုပ်နေရတော့မယ်။

အတွင်းအားနဲ့ မရရင် အပြင်ပန်း ကိုယ်ခံပညာနဲ့ပေါ့….

အကြောင်းပြချက်ကို ရှာတွေ့သွားသော ကန်ချွန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“ဒီနေ့ကစပြီး ငါသင်ပေးတဲ့အတိုင်း ကိုယ်ခန္ဓာ လေ့ကျင့်ခန်း စရမယ်။ နားလည်လား တစ်ရက်တောင် နားလို့မရဘူး”

“...”

မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေသော ဂျင်ဆိုဟွန်းထံမှ အဖြေမလာပေ။

“ငါပြောတာ ကြားရဲ့လား”

“ခလူး….ခလူး….”

အင်အားတွေ အများကြီး သုံးလိုက်ရလို့ အိပ်ပျော်သွားတာလား….

ထိုအချိန်အတွင်းမှာပင် အိပ်ပျော်သွားသော ဂျင်ဆိုဟွန်းကို မြင်လိုက်ရသောအခါ ကန်ချွန်း၏ အမြင်အာရုံများ မှောင်မိုက်သွားသလို ဖြစ်သွားသည်။

“အမလေး ကောင်းကင်ဘုံက အရမ်းရက်စက်တာပဲ"

"တကယ့်ကို မတရားတာပဲ။ ဒီလောကမှာ အပျင်းဆုံးထဲကမှ အပျင်းအထူဆုံးဖြစ်တဲ့လူကို ကောင်းကင်ဘုံက ဘာကြောင့်များ ကောင်းကင်ဘုံနတ်ဘုရားခန္ဓာဆိုတဲ့ ဒီလိုအဆင့်မြင့်တဲ့ ကောင်းချီးကို ပေးလိုက်ရတာလဲ။ တကယ်ကို အဓိပ္ပာယ်မရှိလိုက်တာ"

ကန်ချွန်းကဲ့သို့သော သာမန်လူသားတစ်ဦးအနေဖြင့် မည်သို့မျှ နားမလည်နိုင်သော ကိစ္စဖြစ်သည်။

"ဒါပေမဲ့ ဒီအတိုင်းတော့ အရှုံးပေးလို့ မဖြစ်ဘူး။

ကောင်းကင်ပျံ ဓားဆယ်လက်က လောကရဲ့ နံပါတ်တစ် ကိုယ်ခံပညာ ဖြစ်ကို ဖြစ်ရမယ်။ အဲဒီကျမှပဲ ချွန်းမိသားစုက ကောင်ရဲ့ မျက်နှာကို ငါခြေမှုန်းနိုင်မှာ"

သူ့အား အထင်သေးသော အကြည့်ဖြင့် ကြည့်ခဲ့သည့် ဆံပင်ဖြူ အဘိုးအိုကို ပြန်တွေးမိရင်း ကန်ချွန်းက အံတင်းတင်းကြိတ်လိုက်သည်။

“ထစမ်း ဒီပျင်းရိတဲ့ကောင်စုတ်လေး”

"ပျော်စရာကောင်းတဲ့နေ့ရက်တွေဆိုတာ ဘာလို့ ဒီလောက်မြန်မြန်ကုန်ဆုံးသွားရတာလဲ။

နေ့လည်ခင်းမှာ အေးအေးဆေးဆေးလေး ခဏလောက် အိပ်စက်ရတာလေးလည်း အတူတူပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားတတ်တယ်။

တစ်ခါတလေမှ ရတတ်တဲ့ သာယာလှပတဲ့ အိပ်မက်တွေဆိုရင်လည်း ကြာကြာမခံဘူး။ မကြာခင်မှာပဲ နိုးထသွားရတတ်တယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ တစ်နှစ်မှ တစ်ခါလောက်ပဲ မက်တတ်တဲ့ အိပ်မက်ဆိုးတွေကတော့ လူတစ်ယောက်ကို အချိန်အတော်ကြာအောင်ကို ညှဉ်းပန်းနှိပ်စက်သွားတတ်တာ။

အခုလည်း အဲ့လိုပဲ အရာအားလုံးက ရုတ်တရက် အဆုံးသတ်သွားသလိုပဲ"

“ဟူးးး….ငါရဲ့ ငါးဆားနယ်ဘဝလေးကတော့ ပြီးသွားပြီထင်တယ်…..”

အပြင်ပန်းကိုယ်ခံပညာ လေ့ကျင့်ခန်းဆိုသည်မှာ ဂျင်ဆိုဟွန်းအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုသာ ဖြစ်သည်။

တစ်သက်လုံး လှဲလျောင်းခြင်း သို့မဟုတ် ထိုင်ခြင်းကိုသာ အချိန်ကုန်ခဲ့သည့် ဂျင်ဆိုဟွန်းအတွက် ကြွက်သားဆိုသည်မှာ လုံးဝမရှိနိုင်သည့် အရာဖြစ်သည်။

ကြွက်သားအစား အဆီများဖြင့် ပြည့်နှက်နေသည့် သူ့ခန္ဓာကိုယ်မှာ ငါးနှစ်အရွယ် ကလေးတစ်ယောက်နှင့်ပင် ယှဉ်၍မရလောက်သည့် အခြေအနေဖြစ်သည်။

သို့သော်လည်း ဂျင်ဆိုဟွန်း ကြိုးစားကြည့်သည်။

“အင့်….အား”

ကြိုးစားမှုဆိုသည့် စကားလုံးနှင့် အဝေးဆုံးမှာရှိသည့် ကောင်လေး ဂျင်ဆိုဟွန်းမှာ တုန်ယင်နေသော လက်များကို နောက်ဆုံးတွင် ဆန့်တန်းလိုက်နိုင်သည်။

လက်များကို ဆန့်တန်းခြင်း အောင်မြင်သွားပြီးနောက် ဂျင်ဆိုဟွန်းမှာ ပုံလျက်သားလေး လှဲကိသွားတော့သည်။

“ဟာဟား ငါလုပ်နိုင်ခဲ့ပြီ... ငါ လုပ်နိုင်ခဲ့ပြီကွ”

သူကိုယ်တိုင် လုပ်ဆောင်နိုင်ခဲ့သည့် ဂုဏ်ယူမှုကြောင့် ဂျင်ဆိုဟွန်းမှာ မျက်ရည်ပင် ဝဲလာသည်။

“ဘာကို လုပ်နိုင်ခဲ့တာလဲလို့ ပြောနေတာလဲ”

ထိုအချိန်တွင် သည်းမခံနိုင်တော့သော ကန်ချွန်းမှာ ဒေါသထွက်ကာ ပုံလျက်သား ဖြစ်နေသော ဂျင်ဆိုဟွန်းကို ဆွဲထူလိုက်သည်။

“မင်း နှစ်ခုပဲ လုပ်နိုင်တာလေ နှစ်ခု ဟမ် နားလည်လား မင်း တွန်းအားပေး လေ့ကျင့်ခန်း နှစ်ခုပဲ လုပ်နိုင်တာလေ….”

“အဲ့ဒါက အရမ်းခက်တာလေ ဆရာရဲ့။ ဆရာကအားကြီးတယ်ဆိုတိုင်း ကျွန်တော့်ကိုအနိုင်ကျင့်နေတာလား….”

ကန်ချွန်းမှာ စိတ်ပျက်လွန်း၍ ရူးသွပ်တော့မတတ် ဖြစ်နေသည်။

ဒါ... တကယ်ပဲ ကောင်းကင်ဘုံနတ်ဘုရားခန္ဓာ ဟုတ်ရဲ့လား။

သူ့ကိုယ်သူပင် သံသယဝင်လာမိသည်။

ဂျင်ဆိုဟွန်းရဲ့ ပါရမီကို ငါပဲ မှားပြီး အကဲဖြတ်မိခဲ့တာလားဟု သူ့ကိုယ်သူ တွေးမိနေသည်။

“ဟီး... ဆရာရေ….ကျွန်တော် ပင်ပန်းနေပြီ...”

တွန်းအားပေး လေ့ကျင့်ခန်း နှစ်ခုတည်းလုပ်ပြီး လောကကြီး၏ ဝန်ထုပ်ဝန်ပိုးအားလုံးကို ထမ်းထားရသကဲ့သို့ မျက်နှာပေးမျိုးဖြင့် ကြည့်နေသည့် ဂျင်ဆိုဟွန်းကို မြင်ရသည်မှာ အသက်ရှူရ ကြပ်လာစေသည်။

ဒီလို ပျင်းရိတဲ့ ကောင်စုတ်လေးကို ဘယ်လိုလုပ်ပြီး သဘာဝအတိုင်း ကြံ့ခိုင်လာအောင် လုပ်ရမလဲ။

ကန်ချွန်း နက်နက်နဲနဲ စဉ်းစားနေစဉ် အစားအစာနှင့် အဝတ်အစားများကို ပုံမှန်အတိုင်း သယ်လာသည့် မူယုံဟူ တောင်ပေါ်သို့ တက်လာသည်ကို မြင်လိုက်ရသည်။

“ဟိုကောင်လည်း တော်တော် ပင်ပန်းနေမှာပဲ... ခဏလေး... ပင်ပန်းတယ် ပင်ပန်းတယ် ဟုတ်လား”

ကန်ချွန်း၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“ဟုတ်သားပဲ….ဒီလိုနည်းလမ်း ရှိသေးတာပဲ”

လက်တွေ နာနေတယ်လို့ ညည်းညူနေသည့် ဂျင်ဆိုဟွန်းကို ငုံ့ကြည့်ရင်း ကန်ချွန်းမှာ တိတ်တဆိတ်နှင့် ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောလိုက်သည်။

ကောင်စုတ်လေး အခုတော့ မင်း မလုပ်ချင်ရင်တောင် အသက်ရှင်ဖို့အတွက် လှုပ်ရှားရတော့မယ်။ ဟီးဟီး…..

“ဟွန်း ဟွန်း ဟွန်း”

ဂျင်ဆိုဟွန်း၏ သီးသန့်အစေခံ ဖြစ်သူ စီးယုမှာတော့ အေးအေးလူလူနှင့် ငြိမ်းချမ်းသော နေ့ရက်များကို ကုန်ဆုံးနေသည်။

“စီးယု မင်း အလုပ်မလုပ်ဘဲ ကစားနေပြန်ပြီလား”

သီချင်းတအေးအေးနှင့် ပန်းထိုးနေသည့် စီးယုသည် ပခုံးပေါ်တွင် ရေပုံးများကို ထမ်းကာ လမ်းလျှောက်နေကြသော အစေခံမိန်းကလေးနှစ်ဦးကို မြင်လိုက်ရသည်။

“အို ချွန်းဂါ နဲ့ ဆုန်းအီ မဟုတ်လား ရေပုံးတွေက လေးနေလား”

“မေးစရာတောင် လိုလို့လား”

ချွန်းဂါနှင့် ဆုန်းအီတို့က သူမကို သူတို့မျက်လုံးများမှ မီးတောက်များ ထွက်လာမတတ် စိုက်ကြည့်နေသော်လည်း စီးယုမှာ မျက်တောင်ပင် မခတ်ပေ။

“ဟုတ်တယ်လေ မေးနေတာပေါ့"

“ဒီကောင်မလေးကတော့”

ဒေါသထွက်နေသည့် ချွန်းဂါ က ရေပုံးကို ချလိုက်ပြီး ခြေသံပြင်းပြင်းဖြင့် လျှောက်လာစဉ် စီးယုက ရယ်ကျဲကျဲနှင့် ထိုင်ရာမှ ထလိုက်သည်။

“အို ရေပုံး”

“ဘာလဲ”

စီးယုက ရေပုံးကို အံ့ဩသလို လက်ညှိုးထိုးပြလိုက်ရာ ချွန်းဂါ က လန့်ပြီး အနောက်သို့ အမြန် လှည့်ကြည့်လိုက်သည်။

သို့သော် မြေပြင်ပေါ်ရှိ ရေပုံးမှာ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ရှိနေဆဲပင်။

ထိုအခါမှသာ သူမ လှည့်စားခံလိုက်ရမှန်း သိသွားသည့် ချွန်းဂါက ဒေါသထွက်လာသည်။

“မင်း တကယ်ပဲ အဆူခံချင်နေတာလား”

“သခင်လေးရဲ့ သီးသန့်အစေခံ ဖြစ်လာတုန်းက မင်းအတွက်ပဲ ထိုက်တန်တယ်ဆိုပြီး လှောင်ပြောင်ခဲ့တာ ဘယ်သူလဲ”

စီးယုက လက်ပိုက်လိုက်ပြီး မျက်လုံးကို တစ်ဖက်စောင်းကြည့်လိုက်သည်။

ထိုအခါမှာတော့ ချွန်းဂါ က အပြစ်ရှိသလို ခံစားရပုံရပြီး ပျားရည်စားထားသည့်အလား စကားမပြောနိုင်တော့ဘဲ ငြိမ်သက်သွားသည်။

“ဟွန်း ငါ့အားလပ်ရက်ကို အေးအေးဆေးဆေး ဖြတ်သန်းရဦးမှာမို့ မြန်မြန် ရေသွားသယ်ကြတော့”

စီးယုက သကြားလုံးကို အေးအေးဆေးဆေး စားရင်း ခြေထောက်ချိတ်ထိုင်နေစဉ် ချွန်းဂါနှင့် ဆုန်းအီတို့က အသက်ရှူသံ ပြင်းပြင်းဖြင့် နေပူထဲတွင် ရေပုံးများကို ထမ်းကာ လမ်းလျှောက်သွားကြသည်။

“အခုတော့ ခံပေတော့”

အစေခံနှစ်ဦးကို နောက်ဆုံးအထိ နောက်ပြောင်လိုက်သည့် စီးယုက မျက်လုံးကို မှိတ်လိုက်ပြီး နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသည့် အေးချမ်းမှုကို ခံစားလိုက်သည်။

သို့သော် ထိုအချိန်တွင် ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

“စီးယု"

“ဦးလေးမူ”

မူယုံဟူ သူမကို လာရှာခြင်းပင်။ စိတ်ထဲတွင် တစ်စုံတစ်ခု မကောင်းတော့မည်ကို ကြိုတင် ခံစားမိလိုက်သဖြင့် စီးယု၏ လည်ပင်းမှာ ကျုံ့သွားသည်။

“အဲ့လို မပြောနဲ့နော်... သခင်လေး တောင်ပေါ်က ဆင်းလာတာလား”

“မဆင်းလာသေးဘူး"

“အို...”

“မိသားစုခေါင်းဆောင်က မင်းကို ခေါ်ခိုင်းလိုက်တယ်။ အမြန်သွားတော့"

“ဘာ... ဘာလို့လဲ”

“ရောက်ရင် သိလိမ့်မယ်"

စီးယု၏ လက်ဖျားများ တုန်ရီသွားသည်။

သူမသည် လေးလံသော ခြေလှမ်းများဖြင့် အိမ်တော်ထိန်း ဂျင်ဆူမောက်ထံသို့ သွားရောက်ခဲ့သည်။

ဂျင်ဆူမောက်နှင့် ယူဆောဟွန်းတို့အား ထီးကြီးအရိပ်အောက်တွင် အဆာပြေ အချိုပွဲများ စားသုံးနေသည်ကို တွေ့လိုက်ရသောအခါ စီးယုက အလျင်အမြန်ပင် လျှောက်သွားလိုက်သည်။

“ကျွန်မကို... ခေါ်ခိုင်းလိုက်တာလားရှင့်”

စီးယုက သတိကြီးစွာဖြင့် ချဉ်းကပ်၍ မေးမြန်းလိုက်သောအခါ ဂျင်ဆူမောက်အစား ယူဆောဟွန်းက နူးညံ့သောအသံဖြင့် စကားစလိုက်သည်။

“ဆိုဟွန်း တောင်ပေါ်တက်ပြီး ကန်ချွန်းဆရာကြီးဆီမှာ ပညာသင်နေတာ သုံးလတောင် ရှိနေပြီလေ"

“ဟုတ်ကဲ့ရှင့်"

“စိတ်မကောင်းပေမယ့် သူ့ကို လွှတ်လိုက်ရတာပါ။ ဒါပေမဲ့ ဆိုဟွန်း အဆင်ပြေရဲ့လားဆိုတာ စိုးရိမ်မိတယ်။ သူက တစ်သက်လုံး ဘာဆင်းရဲဒုက္ခမှမခံခဲ့ရဘဲ နေလာခဲ့တဲ့သူဆိုတော့ တောင်ပေါ်ဘဝက လွယ်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် မင်း တောင်ပေါ်ကို တက်သွားပြီး ဆိုဟွန်းကို သွားကြည့်ပေးပါ။ ပြီးတော့ သူ့ကို လိုအပ်တာများ ရှိသေးလားဆိုတာလည်း မေးပေးပါဦး"

“အာ... နားလည်ပါပြီရှင့်။ မြန်မြန်ပဲ ပြန်လာခဲ့ပါ့မယ်"

သူမကို ဆိုဟွန်းဘေးတွင် ဆက်နေပြီး ပြုစုပေးရန် ပြောလာမည်ကို စိုးရိမ်သဖြင့် စီးယုသည် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားသည်။

“သူ့ကို ယုံကြည်လို့ ရပါ့မလား”

ပြန်သွားသော စီးယုကို စိုးရိမ်တကြီး ကြည့်ရင်း ယူဆောဟွန်းက မေးလိုက်သောအခါ ဂျင်ဆူမောက်က ကျယ်ကျယ်လောင်လောင် ပြုံးလိုက်သည်။

“စီးယုက ဆိုဟွန်းကို တစ်ခွန်းမှ မညည်းညူဘဲ အခုထိ ပြုစုလာတဲ့ ကလေးပဲ။ သူက ဂါဟွန်းလိုပဲ ဆိုဟွန်းကို ကောင်းကောင်းသိတာမို့ အရမ်းမစိုးရိမ်ပါနဲ့ မိန်းမရယ်"

“ဟုတ်ပါပြီ စီးယုကိုပဲ ယုံကြည်ရတော့မှာပေါ့"

“ငါ ဘယ်လိုလုပ်ရမလဲ”

ဂျင်မိသားစု၏ မျှော်လင့်ချက်ကို မမျှော်လင့်ဘဲ ရရှိလိုက်သည့် စီးယုမှာ လေးလံသော ခြေလှမ်းများဖြင့် တောင်ပေါ်သို့ တက်ခဲ့ရသည်။

ဘယ်လောက်ကြာအောင် လျှောက်ခဲ့မိလဲမသိပေ စီးယုသည် တစ်နေရာရာမှ ရေပန်းသံကို ကြားလိုက်ရသည်။

“ဘာသံပါလိမ့်”

စပ်စုလိုစိတ်ကြောင့် စီးယုသည် တစ်စုံတစ်ခု ဖမ်းစားထားသကဲ့သို့ ထိုအသံလာရာဆီသို့ လျှောက်သွားလိုက်သည်။

ချောင်းစပ်သို့ ရောက်သောအခါ စီးယု အံ့အားသင့်သွားပြီး အော်ဟစ်လိုက်သည်။

“သ... သခင်လေး”

စီးယုသည် ချောင်းစပ်တွင် ထိုင်လျက် အဝတ်လျှော်နေသော ဂျင်ဆိုဟွန်းကို တွေ့လိုက်ရသည်။

“...စီးယု”

အဝတ်လျှော်နေသော ဂျင်ဆိုဟွန်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။

“သခင်လေး”

“စီးယုပါ သခင်လေးရဲ့ သစ္စာရှိအစေခံ စီးယုပဲ။ ဒါပေမဲ့ ဒါတွေက ဘာဖြစ်နေတာလဲ သခင်လေးက ဘာလို့ အဝတ်လျှော်နေရတာလဲ...”

ထိုအချိန်တွင်မှ ဂျင်ဆိုဟွန်းထံမှ အဝတ်လျှော်စရာများ မလာသည်မှာ နှစ်လရှိပြီဖြစ်ကြောင်း စီးယု သတိရလိုက်သည်။

ထိုအတွက်ကြောင့် သူမသည် အေးအေးဆေးဆေး အချိန်ကုန်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ဂျင်ဆိုဟွန်းက သူ့အဝတ်အစားကို သူကိုယ်တိုင် လျှော်နေသောကြောင့်ပင်။

စီးယုကို မြင်လိုက်ရသည့် ဂျင်ဆိုဟွန်းသည် ကိုင်ထားသော အဝတ်တုတ်ကို ပစ်ချလိုက်ပြီး သေရေးရှင်ရေးအန္တာရာယ်နှင့်ကြုံရသလိုမျိုး အမောတကော ပြေးလာသည်။

“စီးယု ငါပြောမယ့်စကားကို သေချာနားထောင်”

“...ရှင်”

ဂျင်ဆိုဟွန်း၏ ရောင်ပြီး အက်ကွဲနေသော လက်များဖြင့် စီးယု၏ ပခုံးကို ဆွဲကိုင်လိုက်သည်။

“အဖေ့ဆီ အမြန်သွားပြီး ငါ့စကားကို သွားပြောပေး”

“သ... ပြောပါရှင့်”

“အဖေ... အလိမ်ခံထားရပုံပဲ။ ကန်ချွန်းဆိုတဲ့ အဘိုးကြီးက ကလေးတွေကို နှိပ်စက်တဲ့သူပဲ။ ကြည့်ကြည့် ဒီအဘိုးကြီးက ငါ့ကို နေ့တိုင်း အဝတ်လျှော်ခိုင်းပြီး အမဲလိုက်ခိုင်းနေတာ။ မင်းရဲ့ တစ်ဦးတည်းသော သခင်လေးက ဒီလို နုနယ်တဲ့လက်တွေနဲ့ လုပ်အားခေါင်းပုံဖြတ် ခံနေရပြီ”

“လုပ်အားခေါင်းပုံဖြတ်တာလား”

အိမ်တော်ကြီးတစ်ခု၏ အစေခံဖြစ်သော စီးယုသည် လုပ်အားခေါင်းပုံဖြတ်ခြင်းဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ပြန်တုံ့ပြန်လိုက်သည်။

သူမသည် ပြတ်သားသော ဆန္ဒဖြင့် ခေါင်းကို ညိတ်လိုက်သည်။

“စိတ်မပူပါနဲ့ သခင်လေး အမှန်တရားကို ကျွန်မ သေချာပေါက် ပို့ပေးပါ့မယ်”

“ဟုတ်တယ်... မင်းတို့ ဘယ်လောက်တောင် ပင်ပန်းခဲ့လဲဆိုတာ အခုမှပဲ နားလည်တော့တယ်... စီးယု မင်းလည်း ဒုက္ခရောက်ခဲ့ရပြီပဲ"

“ဒါဆို... အရင်က ကျွန်မရဲ့ မရိုမသေလုပ်ခဲ့တာတွေနဲ့ အမှားတွေကို ခွင့်လွှတ်ပေးမှာလားရှင့်”

“ခွင့်မလွှတ်ဘူး"

“...”

“မြန်မြန်ဆင်းသွားပြီး ဒီမှာဖြစ်နေတာတွေကို ဘာတစ်ခုမှ မကျန်အောင် သွားပြောလိုက်။ လိုအပ်ရင် အိမ်တော်က အစောင့်တွေကို... ဟုတ်တယ် ဦးလေးမူကိုပါ ခေါ်လာခဲ့ ကြားလား”

“ဟုတ်ကဲ့ ဒီစီးယုကိုပဲ ယုံထားလိုက်ပါရှင့်”

“မင်းကိုပဲ အားကိုးမယ်နော်”

စီးယုသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် မျက်ရည်စက်လက်ဖြင့် နှုတ်ဆက်ကာ ဂျင်ဆိုဟွန်းကို ချောင်းစပ်တွင် ထားခဲ့လိုက်သည်။

“လုပ်အားခေါင်းပုံဖြတ်တယ်တဲ့။ နာမည်ကြီး ဆရာကြီးတစ်ယောက်က ဒီလောက်တောင် လူမဆန်တဲ့ အလုပ်မျိုး လုပ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“မတွေ့ရတာ ကြာပြီပဲ"

“အားးးးး သရဲကြီး……”

ဒေါသထွက်ပြီး တောင်စောင်းမှ ဆင်းလာသော စီးယုသည် အသံကြားရာနေရာမှ လန့်ဖြန့်သွားကာ တောင်ပေါ်မှ လိမ့်ကျလုမတတ် ဖြစ်သွားသည်။

“အ... အဘိုးအိုကြီး"

နောက်ကျမှ ကန်ချွန်းကို မြင်လိုက်ရသည့် စီးယု၏ စကားများပင် တုန်ရီနေသည်။

ကန်ချွန်းက သူမဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

သူမ၏ နှာခေါင်းရှေ့တည့်တည့်သို့ ရောက်လာသော ကန်ချွန်းသည် ကြင်နာသော မျက်နှာပေးဖြင့် စကားပြောလိုက်သည်။

“မင်းက ချစ်စရာ ကလေးလေးပဲ။ သစ္စာလည်းရှိတယ်။ ကိုယ်ပြုစုရတဲ့ သခင်လေးကိုလည်း အရမ်းချစ်တယ်နော်။ ဒါပေမဲ့ စဉ်းစားကြည့်ပါဦး။ ဂျင်ဆိုဟွန်းဆိုတဲ့ ကလေး ဘာလို့ ပျင်းရိလာရတာလဲ ထင်သလဲ”

“အဲဒါက... သခင်လေးရဲ့ သဘာဝကြောင့်လေ...”

စီးယု၏ တိုးတိုးလေး ဖြေလိုက်သော စကားကြောင့် ကန်ချွန်းသည် ခေါင်းကို ခါလိုက်သည်။ ကန်ချွန်း၏ လက်ညှိုးက စီးယုထံသို့ ညွှန်လိုက်သည်။

“မင်းကြောင့်လေ"

“မ... ကျွန်မကြောင့်လား”

မဖြစ်နိုင်တာ ဒီအဘိုးကြီးက အခုတစ်ခါကျ ငါ့ကို အလုပ်တွေ အများကြီး လုပ်ခိုင်းတော့မှာလား။

လန့်သွားသည့် စီးယုသည် မျက်လုံးများ ပြူးကျယ်သွားပြီး တံတွေးကို အသာမျိုချလိုက်သည်။ ကန်ချွန်းက ခေါင်းကို အပေါ်အောက် ညိတ်လိုက်သည်။

“ဟုတ်တယ် ဘာခိုင်းခိုင်း လုပ်ပေးတဲ့ ယုံကြည်စိတ်ချရပြီး အရည်အချင်းရှိတဲ့ အစေခံတစ်ယောက် ရှိနေတော့ ဂျင်ဆိုဟွန်း ပျင်းရိလာတာ သဘာဝပဲ မဟုတ်ဘူးလား”

“မှန်ပါတယ်ရှင့်"

စီးယုက အမြန်ပင် ထောက်ခံလိုက်သည်။

“ဂျင်ဆိုဟွန်းက အခု တန်ဖိုးရှိတဲ့ လုပ်အားတွေကတစ်ဆင့် ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို လေ့ကျင့်နေတာ။ ခန္ဓာကိုယ် ကျန်းမာမှ စိတ်ဓာတ်လည်း ကျန်းမာမှာမို့လို့လေ။ ငါ့ရဲ့ စေတနာအမှန်ကို... မင်း နားလည်ပေးနိုင်မှာပါနော်”

“ဟုတ်ကဲ့ပါရှင့်”

“မင်းသာ ဒုက္ခရောက်နေတဲ့ ဂျင်ဆိုဟွန်းကို စိုးရိမ်တယ်ဆိုရင် အခုချက်ချင်းပဲ ဂျင်ဆူမောက်ဆီ ပြန်သွားပြီး မင်းမြင်သမျှ၊ ကြားသမျှကို ဘာတစ်ခုမှ မလျော့မပိုဘဲ အမှန်အတိုင်း သွားပြောလိုက်ပါ။ မင်းသာ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဆိုဟွန်းက မနက်ဖြန်တင် အိမ်တော်ကို ပြန်

ရောက်လာမှာ”

ကန်ချွန်းသည် လက်နောက်ပစ်လျက် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ချန်ရစ်ကာ နောက်လှည့်ထွက်သွားသည်။

“ဆုံးဖြတ်ချက်က မင်းလက်ထဲမှာပဲ ရှိတယ်"

ထိုစကားနှင့်အတူ ကန်ချွန်းသည် ရောက်လာစဉ်ကအတိုင်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ဆုံးဖြတ်ချက်က ငါ့လက်ထဲမှာပဲ...”

စီးယုသည် တောင်ကို မော့ကြည့်လိုက်ပြီး ချောင်းစပ်တွင် အဝတ်လျှော်နေလောက်မည့် ဂျင်ဆိုဟွန်းကို တွေးမိလိုက်သည်။

“ဟုတ်ပြီ ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ”

All Chapters