← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

ပြန်လည်ရောက်ရှိလာသော အစေခံကို ကြိုဆိုသည့် မိဘနှစ်ပါးမှာ မျက်နှာတွင် အပြုံးပန်းများ ဆင်မြန်းလျက် လက်များကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

“ဒါနဲ့... ဆိုဟွန်းကို တွေ့ခဲ့ရလား”

ဂျင်ဆူမောက်၏ မေးခွန်းကို စီးယုက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။

“သခင်လေးက အရမ်းကို အဆင်ပြေနေပါတယ်။ ဆရာကြီး ကန်ချွန်းရဲ့ သင်ကြားမှုတွေကြောင့် သခင်လေးက အကောင်းမြင်စိတ်ရှိပြီး ကြိုးစားတဲ့သူ ဖြစ်လာပုံပါပဲ။ သခင်လေးက အခုဆိုရင် ဘဝရဲ့ အပျော်ရွှင်ဆုံးနဲ့ အတက်ကြွဆုံး အချိန်တွေကို ဖြတ်သန်းနေပါတယ်”

“အဲဒါ တကယ်ပဲလား”

မိဘနှစ်ပါး ဝမ်းသာအားရ ဖြစ်နေသည်ကို မြင်တော့ စီးယုလည်း ပျော်ရွှင်သောမျက်နှာဖြင့် ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။

“အာ သခင်လေးက ပြောသေးတယ်။ ကိုယ်ခံပညာ လေ့ကျင့်ရာမှာ အာရုံစိုက်နိုင်ဖို့အတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ကို တတ်နိုင်သလောက် လျှော့ချတာ အကောင်းဆုံးပဲတဲ့။ ဒါကြောင့်... သခင်လေးအတွက်ဆိုရင်တော့ ခဏလောက် အဆက်အသွယ် မလုပ်ဘဲ နေပေးတာ ပိုကောင်းမယ်လို့ ထင်ပါတယ်ရှင့်"

“ဘယ်လောက်တောင် ချီးကျူးစရာကောင်းပြီး ဝမ်းမြောက်စရာ ကောင်းလိုက်တဲ့ အခါသမယလဲ။ ဟုတ်တယ် ငါ့သားကို တွေ့ချင်တဲ့ ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒကြောင့် ဆိုဟွန်းရဲ့ အနာဂတ်ကို မပိတ်ပင်နိုင်ဘူး”

ဂျင်ဆူမောက်သည် ယူဆောဟွန်း၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြတ်သားသော မျက်နှာပေးဖြင့် ခေါင်းညိတ်လိုက်သည်။

“မိန်းမရယ်”

“ယောကျာ်းရယ်”

ပျော်ရွှင်နေသော မိဘနှစ်ပါးကို အားနာစွာ ကြည့်နေရသည့် စီးယုမှာ သူမ၏ လည်ပင်းကို ကုတ်လိုက်သည်။

အဆင်ပြေသွားမှာပါ... ဟုတ်တယ်မလား။

တစ်ဖက်တွင်မူ ပေါင်တစ်ထောင်လောက် လေးလံသည်ဟု ခံစားရသည့် သံမဏိဖြင့် ပြုလုပ်ထားသော အဝတ်လျှော်တုတ်ကို ကိုင်ထားသည့် ဂျင်ဆိုဟွန်းမှာ ယနေ့လည်း ပုံနေသော အဝတ်တွေကို လျှော်ရပြန်ပြီ ဖြစ်သည်။

သို့သော် သူ၏ မျက်နှာမှာမူ ပုံမှန်ထက် ပို၍ ကြည်လင်နေသည်။

“စီးယုသာ ပြန်ရောက်လာရင်... ဟင့်…. ငါ အိမ်ပြန်လို့ ရတော့မှာ... အဲဒီအချိန်ထိပဲ သည်းခံထားလိုက်တော့မယ် ဟင့်….”

ဂျင်ဆိုဟွန်းသည် မြင်နိုင်စရာ အကြောင်းမရှိတော့သည့် မိသားစုအိမ်တော်ကို လွမ်းဆွတ်စွာဖြင့် အဝေးကို ငေးကြည့်နေမိသည်။

သို့သော် သူ မြင်ရသည်မှာ သစ်ပင်များနှင့် ချုံနွယ်များသာ ဖြစ်သည်။

“စီးယု... ငါ မင်းကို ယုံတယ်နော်"

ခြောက်လ ကုန်လွန်သွားခဲ့၏။

နှင်းများ ဖုံးလွှမ်းနေသော တောင်စောင်းပေါ်တွင် ဆောင်းခိုရန် ပျက်ကွက်ခဲ့သည့် ယုန်တစ်

ကောင်မှာ ပြင်ပလောကသို့ ထွက်ပေါ်လာသည်။

နီရဲနေသော မျက်လုံးများဖြင့် လောကကို ဟိုတစ်ချက် သည်တစ်ချက် ကြည့်နေသည့် ထိုယုန်

သည် ကြီးမားသော နောက်ခြေထောက်များဖြင့် မြေပြင်ကို ကန်လိုက်သည်။

သို့သော် ဤသည်မှာ ထိုယုန်၏ နောက်ဆုံးသော ခုန်ပျံခြင်းပင်။

ဝူး….ဘုတ်…

တစ်နေရာရာမှ ပျံသန်းလာသော ချွန်ထက်သည့် အရာဝတ္ထုတစ်ခုမှာ ယုန်၏ လည်ပင်းကို တိကျစွာ ဖောက်ထွင်းသွားသည်။

“ဘုတ်”

အဝေးရှိ သစ်ပင်တစ်ပင်ပေါ်မှ ကောင်လေးတစ်ယောက် ခုန်ချလိုက်သည်။

အတော်လေး မြင့်မားသော သစ်ပင်ဖြစ်သော်လည်း ကောင်လေး၏ လှုပ်ရှားမှုများမှာ ငှက်မွေးတစ်ရွက်ကဲ့သို့ ပေါ့ပါးနေသည်။

ကောင်လေးသည် ယုန်၏ လည်ပင်းကို ဖောက်ထွင်းသွားသည့် ရှည်လျားသော သစ်သားတုံးကို ဆွဲထုတ်လိုက်သည်။

၎င်းမှာ သူကိုယ်တိုင် သစ်သားဖြင့် ထွင်းထုထားသည့် သစ်သားဓားပျံဖြစ်သည်။

“ဒီတစ်ခါတော့ ဟင်းဖိုး ရပြီ... ဒါပေမဲ့ အဲဒီ အစားကြီးတဲ့ အဘိုးကြီးက ယုန်တစ်ကောင်တည်းနဲ့ ကျေနပ်မှာ မဟုတ်ဘူး"

အသား မပါဘူးလား။ ဟာ ဒီကောင်စုတ် အသားမပါတဲ့ အစာကို အစာလို့ ခေါ်လို့မရဘူး နားလည်လား။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို အသားရအောင် ရှာပေး။ မြေကြီးကိုပဲ တူးတူး၊ ဂူထဲကိုပဲ ဝင်ဝင်ရအောင်ရှာခဲ့…..

အသားယူပေးရန် အော်ဟစ်ဆဲဆိုတတ်သည့် အဘိုးကြီးကို ပြန်တွေးမိပြီး မျက်မှောင်ကြုတ်နေသည့် ကောင်လေး၏ အမည်မှာ ဂျင်ဆိုဟွန်း ဖြစ်သည်။

သူသည် သူယုံကြည်ရသည့် အစေခံ၏ သုံးကြိမ်တိုင်တိုင် သစ္စာဖောက်ခြင်းကို ခံရကာ တောင်နက်ထဲတွင် စွန့်ပစ်ခံထားရသည့် ကံဆိုးသူ ကောင်လေး ဖြစ်သည်။

“...သရဲလို အဘိုးကြီး"

ဂျင်ဆိုဟွန်းသည် နှင်းများဖြင့် ဖုံးလွှမ်းနေသော တောင်တန်းကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

ဂျင်ဆိုဟွန်း ထွက်ပြေးရန် မကြိုးစားခဲ့ဖူးသည်တော့ မဟုတ်ပေ။

သို့သော် အကြိမ်တိုင်းတွင် ကန်ချွန်းမှာ တစ်နည်းနည်းဖြင့် သိရှိနေပြီး သရဲတစ်ကောင်ကဲ့သို့ ပေါ်လာကာ သူ့ကို အတင်းအဓမ္မ လုပ်အားပေးခိုင်းရန် ဆွဲခေါ်သွားတတ်သည်။

ထိုသို့ အကြိမ်အနည်းငယ် ဖြစ်ပြီးနောက် ထွက်ပြေးရန်ပင် ပျင်းရိလာသော ဂျင်ဆိုဟွန်းသည် ကံကြမ္မာကို အညံ့ခံလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

“ဟူး... ဆောင်းတွင်းတောင် ရောက်နေပြီပဲ"

တောင်ပေါ်တွင် ပိတ်လှောင်ခံထားရသည်မှာ ကိုးလပင် ရှိနေပြီဖြစ်သည်။

အဆီနှင့် အရိုးသာရှိသော အသုံးမကျသည့် ခန္ဓာကိုယ်မှာ အခုတော့ မရှိတော့ပေ။

ပြီးခဲ့သည့် ကိုးလမှာ ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်ထဲတွင် ကြွက်သားဆိုသည့် အရာတစ်ခုကို ဖန်တီးပေးလိုက်သည်။

ပိုမိုတောင့်တင်းသော ခန္ဓာကိုယ်နှင့် ပိုမိုထက်မြက်လာသော အာရုံခံစားမှုများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည့် ဂျင်ဆိုဟွန်းသည် ကိုယ်နေဟန်ထားကို အမြန်ပင် လျှော့ချလိုက်ပြီး မြေပြင်ပေါ်သို့ နားကပ်လိုက်သည်။

ဖတ်….ဖတ်….

ဒါ... သမင်လား။

အနီးအနားတွင် သမင်တစ်ကောင် ရှိနေကြောင်း သိလိုက်ရသဖြင့် ဂျင်ဆိုဟွန်း၏ မျက်လုံးများ ပြောင်းလဲသွားသည်။

ဂျင်ဆိုဟွန်းသည် ရင်ဘတ်ထဲမှ သစ်သားဓားပျံနှစ်လက်ကို ထုတ်ယူလိုက်ပြီး ပါးစပ်ထောင့်တွင် စီးကျလာသော တံတွေးများကို လက်ဖြင့် အကြမ်းဖျင်း သုတ်လိုက်သည်။

“ညစာနဲ့ နံနက်စာကို ဒါနဲ့ပဲ ဖြေရှင်းလိုက်တော့မယ်”

အသက်အရွယ်ကြီးရင့်နေသော်လည်း လူငယ်တစ်ယောက်ထက်ပင် ပို၍ အစားကြီးသော အဘိုးကြီးကို ကျွေးမွေးရန်အတွက် ဂျင်ဆိုဟွန်းမှာ ဤသမင်ကို ဖမ်းဆီးရပေမည်။

သို့သော် အခြားမုဆိုးများနှင့် မတူဘဲ ဂျင်ဆိုဟွန်းမှာ လှုပ်ရှားခြင်းမရှိပေ။

သူသည် နေရာတွင် ငြိမ်ငြိမ်လေး ထိုင်နေပြီး လေနှင့်အတူ ပါလာသော သမင်၏ အနံ့နှင့် နှင်းများပေါ်တွင် နင်းမိသော သမင်၏ ခြေသံအနည်းငယ်ကိုသာ အာရုံစိုက်နေသည်။

ဤသည်မှာ အနည်းငယ်မျှ လှုပ်ရှားရမည်ကိုပင် ပျင်းရိသော ဂျင်ဆိုဟွန်းတစ်ယောက် မလှုပ်ရှားဘဲ အစာရရှိစေရန် တီထွင်ထားသည့် အမဲလိုက်နည်းပင်။

တည်နေရာက အရှေ့မြောက်ဘက်... အကွာအဝေးက ပေတစ်ရာ့ငါးဆယ်။

ပေတစ်ရာ့ငါးဆယ်ဆိုသည့် ဝေးကွာသော အကွာအဝေး ဖြစ်သော်လည်း ဂျင်ဆိုဟွန်းသည် သမင်၏ တည်နေရာနှင့် အကွာအဝေးကို တိကျစွာ တွက်ချက်လိုက်သည်။

“ဒီလောက် အင်အားဆိုရင် လုံလောက်မယ် ထင်တယ်"

သူသည် အတွင်းအားများကို လက်ချောင်းထိပ်ဖျားတွင် စုစည်းလိုက်သည်။

နောက်ဆုံးတွင် မျက်လုံးမှိတ်လျက် အရေပြားပေါ်သို့ တိုက်ခတ်လာသော လေစီးကြောင်းကို ခံစားနေသည့် ဂျင်ဆိုဟွန်းသည် မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်နှင့် သစ်သားဓားပျံကို ပစ်လွှတ်လိုက်သည်။

ဝူး

လေကိုပင် ဖောက်ထွင်းနိုင်လောက်သည့် အရှိန်ဖြင့် ပျံသန်းသွားသော သစ်သားဓားပျံသည် ပေပေါင်း တစ်ရာ့ငါးဆယ်အကွာတွင် ရပ်နေသည့် သမင်၏ လည်ပင်းကို တိကျစွာ ဖောက်ထွင်းသွားသည်။

“ဖမ်းမိပြီကွ”

အစာရရှိသွားသဖြင့် ဝမ်းသာအားရ အော်ဟစ်ကာ ခုန်ပေါက်နေသည့် ဂျင်ဆိုဟွန်း၏ ပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ပေ။

ဝူး…..

သွေးနံ့ကို ရရှိသွားသော မဖိတ်ခေါ်ဘဲ ဧည့်သည်များမှာ သေဆုံးနေသည့် သမင်ထံသို့ ရောက်ရှိလာကြသည်။

“ဟေ့ အဲဒါ ငါ့ဟာကွ…..”

ဂျင်ဆိုဟွန်းသည် သမင်ကို ဝိုင်းရံထားသော ဝံပုလွေ ငါးကောင်ကို စူးရဲစွာ ကြည့်လိုက်သည်။ လက်ရှိ ဂျင်ဆိုဟွန်းအတွက် ဝံပုလွေများကို ရှင်းလင်းရသည်မှာ အလုပ်ရှုပ်စရာတစ်ခုသာ ဖြစ်သော်လည်း နောက်ထပ် သမင်တစ်ကောင် ရှာရမည်မှာ ပို၍ပင် အလုပ်ရှုပ်စရာ ကောင်းလှသည်။

မွေးရာပါ ပျင်းရိသည့် ကောင်လေး ဂျင်ဆိုဟွန်းအတွက်တော့ ထပ်ပြီး မရှာဖွေချင်ပေ။

“ဖယ်ကြစမ်း”

ဂျင်ဆိုဟွန်းနှင့် ဝံပုလွေအုပ်စုတို့သည် သမင်တစ်ကောင်အတွက် သွေးထွက်သံယို အစားအစာ ယှဉ်ပြိုင်မှုကို စတင်လိုက်တော့သည်။

ဗိုက်ဆာနေသည့် ဝံပုလွေအုပ်စုသည် တောရိုင်းဆန်သော အာရုံခံစားမှုအတိုင်းသာ လှုပ်ရှားတတ်သည်။

ပြိုင်ဘက်က အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်နေပါစေ ဝံပုလွေတို့အတွက် ကံဆိုးသည်မှာ ယနေ့ သူတို့တွေ့လိုက်ရသည့် ကောင်လေးမှာ သာမန်ကောင်လေးမျိုး မဟုတ်

ခြင်းပင်။

ဂျင်ဆိုဟွန်းမှာ လည်ပင်းကို ကိုက်ဖြတ်လိုက်ရုံဖြင့် သေဆုံးသွားမည့် အလွယ်တကူ အစာမျိုး လုံးဝမဟုတ်ပေ။

ထိုအချက်ကြောင့်ပင် ဝံပုလွေများမှာ အကြီးအကျယ် စိတ်ရှုပ်ထွေးသွားကြသည်။

“ငါ အေးအေးဆေးဆေး ပြောနေတုန်းမှာပဲ ပြန်ကြစမ်းပါ"

ဂျင်ဆိုဟွန်းသည် သေဆုံးနေသည့် သမင်ပေါ်တွင် ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်လျက် ဝံပုလွေများကို စာပေဟောပြောသလို ဟောပြောနေသည်။

“မင်းတို့က တိရစ္ဆာန်တွေ ဖြစ်ရင်တောင် တောလိုက်မုဆိုးချင်းမှာ အနည်းဆုံးတော့ ယဉ်ကျေးမှု ရှိရမှာပေါ့။ ဒီကောင်ကို ငါ အရင်ဖမ်းမိတာ ဒီမှာ ကြည့်စမ်း”

ဂျင်ဆိုဟွန်းသည် သမင်လည်ပင်းရှိ အပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီအပေါက်ကို ငါဖောက်ခဲ့တာ"

ဂီး…ဝူး…..

ဝံပုလွေများက နောက်မဆုတ်ဘဲ သွားများကို ဖြဲကာ ဟိန်းဟောက်လာသောအခါ ဂျင်ဆိုဟွန်းလည်း မျက်မှောင်ကြုတ်လိုက်သည်။

“ယဉ်ကျေးမှု မရှိတဲ့ ခွေးကောင်တွေ”

ဂျင်ဆိုဟွန်းသည် မိခင်ဖြစ်သူ ယူဆောဟွန်းနှင့်အတူ ဈေးသွားစဉ်က အသားဆိုင်ရှေ့တွင် အမြီးတနှံ့နှံ့ လုပ်နေသည့် ခွေးတစ်ကောင်ကို မြင်ဖူးသည်။

အဝါရောင် အမွေးပိုင်ရှင် ခွေးလေးကို ယူဆောဟွန်းက အဝါကောင်လေးဟု ချစ်စနိုး ခေါ်ခဲ့

သည်။

ယခုတစ်ကြိမ်တွင်မူ ဂျင်ဆိုဟွန်းက ဝံပုလွေများကို အဝါကောင်လေးဟု ခေါ်လိုက်သည်။

“မင်းတို့ တခြားနေရာ သွားရှာကြစမ်း"

ဆောင်းတွင်း၏ ရက်စက်ကြမ်းတမ်းသော ရာသီဥတုတွင် အစာရှာရ ခက်ခဲကြောင်း အတွေ့အကြုံအရ သိထားသည့် ဝံပုလွေများမှာ သမင်နှင့် ဂျင်ဆိုဟွန်းကို ထားခဲ့ရန် အစီအစဉ် မရှိကြပေ။

ခြေလှမ်းတစ်လှမ်းချင်းစီ တိုးလာပြီးနောက် ဝံပုလွေများ တစ်ကောင်ပြီးတစ်ကောင် ခုန်ဝင်လာကြသည်။

“ဒါဆို တကယ်ပဲ တိုက်ချင်တာပေါ့လေ”

ဂျင်ဆိုဟွန်းသည် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး ကိုင်ထားသည့် ဓားပျံကို ပစ်လွှတ်လိုက်သည်။

ဝှီး….

အရှိန်ပြင်းစွာ ပျံသန်းသွားသော သစ်သားဓားပျံသည် ဝံပုလွေ၏ လည်ပင်းကို ထိမှန်သွားသည်။

အု…အု….

နာကျင်မှုမျိုးကို တစ်ခါမျှ မခံစားဖူးသည့် ဝံပုလွေများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားသည်။

မြေပြင်ပေါ်သို့ ပြန်ဆင်းလာသည့် ဂျင်ဆိုဟွန်းသည် နောက်ကျမှ ခုန်ဝင်လာသည့် ဝံပုလွေတစ်ကောင်ကို ခြေဖျားဖြင့် ကန်ချလိုက်သည်။

“ဟပ်”

ကန်ချက်ထိသွားသည့် ဝံပုလွေမှာ ရုန်းကန်ရင်း လဲကျသွားသည်။

မည်မျှပင် ရိုင်းစိုင်းသော တိရစ္ဆာန်ဖြစ်စေကာမူ ကိုယ်ခံပညာရှင်ကို မယှဉ်နိုင်ပေ။

ထို့အပြင် ကန်ချွန်းကဲ့သို့သော ဗဟိုမြေပြင်၏ အကြီးအကဲ ငါးဦးထဲမှ တစ်ဦး၏ လက်အောက်တွင် အတင်းအဓမ္မ ပညာသင်ယူခဲ့ရသည့် ဂျင်ဆိုဟွန်းမှာ ဝံပုလွေများ အလွယ်တကူ ကိုင်တွယ်နိုင်မည့်သူ မဟုတ်ပေ။

“အခုပဲ အရှုံးပေးလိုက်ကြစမ်း”

ဂျင်ဆိုဟွန်းသည် ဝံပုလွေများကို ပြန်လည် ဟိန်းဟောက်ကာ သမင်၏ ပိုင်ရှင်ဖြစ်ကြောင်း ကြေညာလိုက်သောအခါ ဝံပုလွေများမှာ ညည်းတွားရင်း နောက်ဆုတ်သွားကြသည်။

ထိုအချိန်တွင် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည့် ဝံပုလွေတစ်ကောင် နောက်ဆုံးတွင် ရှေ့သို့ ထွက်လာသည်။

ထိုဝံပုလွေမှာ သာမန်ဝံပုလွေများနှင့် မတူညီသည့် ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်

ထားသည်။

ဂျင်ဆိုဟွန်းသည် သူ့ရှေ့ရှိ ဝံပုလွေမှာ ဝံပုလွေအုပ်၏ ခေါင်းဆောင် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

“မင်းက ခေါင်းဆောင်ပေါ့"

ခေါင်းဆောင်ဝံပုလွေသည် တိတ်ဆိတ်စွာ သွားများကို ဖြဲလိုက်ပြီး ခြေသည်းများတွင် အားကို စုစည်းလိုက်သည်။

ထိုအချက်ကို သတိထားမိသည့် ဂျင်ဆိုဟွန်းမှာ မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် ခေါင်းဆောင်ဝံပုလွေမှာ ခုန်ဝင်လာသည်။

တစ်ခါမျှ အစာမလွတ်ဖူးသည့် ခေါင်းဆောင်ဝံပုလွေ၏ လျင်မြန်သော လှုပ်ရှားမှု၊ လေတိုက်

နှုန်းအတိုင်း ဂျင်ဆိုဟွန်းဆီသို့ ခုန်ဝင်လာသည့် ဝံပုလွေက ပါးစပ်ကို ဟလိုက်သည်။

ထိုမြင်ကွင်းကို အေးဆေးစွာ ကြည့်နေသည့် ဂျင်ဆိုဟွန်းသည် သူ၏ ခြေထောက်ထိပ်ဖြင့် မျက်နှာအရွယ် ကျောက်တုံးတစ်တုံးကို မြှောက်တင်လိုက်သည်။

“ဒါကို စားလိုက်စမ်း”

ထို့နောက် ကျောက်တုံးကို ဝံပုလွေ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

ဖတ်

ဂျွတ်….ဂျွတ်….

မျှော်လင့်မထားဘဲ ကျောက်တုံးကို ကိုက်မိလိုက်သည့် ဝံပုလွေမှာ မြေပြင်ပေါ် လဲကျသွားပြီး ရုန်းကန်နေတော့သည်။

ခေါင်းဆောင် လဲကျသွားသည်ကို မြင်တော့ အခြားဝံပုလွေများမှာ ကြောက်လန့်ပြီး နောက်ဆုတ်သွားကြသည်။

“ကြည့်စမ်း သူများပိုင်တဲ့ အရာကို လိုချင်ရင် ဒီလိုပဲ ဖြစ်မှာပေါ့"

ဂျင်ဆိုဟွန်းသည် သမင်ကို ပခုံးပေါ် ထမ်းတင်ကာ ပြန်လှည့်ဖို့ ပြင်လိုက်သည်။

သို့သော် အသက်ရှူရ ခက်ခဲနေသလို ရုန်းကန်နေသည့် ခေါင်းဆောင်ဝံပုလွေ၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးကွေးလာသည်။

အသက်ရှူသံများ ပိုမိုအားနည်းလာသည်ကို မြင်သောအခါ ဂျင်ဆိုဟွန်းသည် သမင်ကို ချထားလိုက်ပြီး ပါးစပ်ထဲတွင် ပိတ်မိနေသည့် ကျောက်တုံးကို ဆွဲထုတ်ပေးလိုက်သည်။

“ဟူး... ဟုတ်ပါပြီ မင်းလည်း မှားတာပေါ့နော်"

သေမင်းလမ်းမှ ပြန်လည် လွတ်မြောက်လာသည့် ခေါင်းဆောင်ဝံပုလွေသည် အမြန်ပင် နောက်ဆုတ်သွားပြီး သူ၏ဘေးတွင် သေးငယ်သော ဝံပုလွေပေါက်လေးများ ပေါ်လာသည်။ ဝံပုလွေပေါက်လေးများသည် ခေါင်းဆောင်ဝံပုလွေ၏ ခြေထောက်ကို လျက်ကာ ညည်းတွားသံများ ထွက်ပေါ်နေသည်။

“အို... ဟေ့ ဒါကတော့ မတရားဘူးနော်”

ဂျင်ဆိုဟွန်း စိတ်ညစ်သွားသည်။ စစ်မြေပြင်သို့ ကလေးများကို ခေါ်လာခြင်းမှာ အလွန်တရာမှ စည်းကမ်းမရှိသော လုပ်ရပ်ဖြစ်သည်။

အစာအသစ် ထပ်ရှာရမည့် အလုပ်ရှုပ်မှုကို ငြီးငွေ့နေခြင်းနှင့် ဝံပုလွေပေါက်လေးများကို သနားခြင်းကြားတွင် ဂျင်ဆိုဟွန်းသည် နောက်ဆုံးတွင် အတွင်းအားကို သစ်သားဓားတွင် ပို့လွှတ်ကာ သမင်ကို ခွဲစိတ်ပေးလိုက်ရသည်။

“ကဲ ဒီမှာယူသွားကြ။ တစ်ဝက်စီ ခွဲစားကြတာပေါ့"

ဂျင်ဆိုဟွန်းသည် သမင်ကို တစ်ဝက်စီ ခွဲလိုက်ပြီး ဝံပုလွေအုပ်ဆီသို့ ပစ်ပေးလိုက်သည်။

“အတွင်းကလီစာတွေပါ အကုန်ပေးမယ်။ ဒါတွေက အရသာရှိတယ်"

တကယ်တော့ သူကိုယ်တိုင်လည်း အနံ့နံသဖြင့် အတွင်းကလီစာများကို တစ်ခါမျှ မစားဖူးသော်လည်း ဝံပုလွေများအတွက်မူ ၎င်းထက်ပိုသော အစားအစာ မရှိချေ။

အစပိုင်းတွင် ဂျင်ဆိုဟွန်း၏ အမူအရာကို ကြည့်ကာ ဝန်လေးနေသည့် ဝံပုလွေများသည် သူပစ်ပေးလိုက်သည့် သမင်ကို ကိုက်ချီကာ နောက်ဆုတ်သွားကြသည်။

အတွင်းကလီစာများကို လုံးဝမကျန်အောင် ယူသွားသည်ကို မြင်တော့ ဂျင်ဆိုဟွန်း ကျေနပ်စွာ ပြုံးလိုက်သည်။

“မင်းတို့လည်း... နောက်တစ်ခါကျရင် ကိုယ့်ဘာသာကိုယ် ရှာစားကြတော့"

စိတ်ထဲတွင် ကြည်နူးမှု အနည်းငယ် ဖြစ်ပေါ်လာပြီး ပြန်လှည့်ဖို့ ပြင်လိုက်ချိန်တွင် ခေါင်းဆောင်ဝံပုလွေက ဂျင်ဆိုဟွန်းဆီသို့ ချဉ်းကပ်လာသည်။

“ဒါက ငါ့ဟာနော်"

ကျန်ရှိနေသည့် သမင်သားကို ထုပ်ပိုးရင်း စူးစူးရဲရဲ ကြည့်လိုက်သော်လည်း ခေါင်းဆောင်ဝံပုလွေမှာ ကိုယ်နေဟန်ထားကို လျှော့ချကာ အလွန်နှေးကွေးစွာ ချဉ်းကပ်လာသည်။

ထို့နောက် သူမသည် ဂျင်ဆိုဟွန်း၏ ခြေဖဝါးပေါ်ကို လျက်လိုက်သည်။

“အို မင်းလည်း ချစ်စရာကောင်းအောင် လုပ်တတ်တာပဲလား”

ဂျင်ဆိုဟွန်းသည် အိမ်မွေးခွေးလေးတစ်ကောင်ကို ပွတ်သပ်ပေးသကဲ့သို့ ခေါင်းဆောင်ဝံပုလွေ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

“လိမ္မာတယ် ငါ့ရဲ့ တောင်ပေါ်က အဝါကောင်လေးလေး"

ပွတ်သပ်ပေးနေရင်း ဂျင်ဆိုဟွန်း၏ ဦးခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။

ခဏလေး နေပါဦး…..

ဒီလို ရက်စက်ကြမ်းတမ်းတဲ့ ဆောင်းရာသီမှာ ဒီဝံပုလွေအုပ်စု အသက်ရှင်ဖို့ မလွယ်ကူဘူးပဲ။

ထို့အပြင် ခေါင်းဆောင်ဝံပုလွေမှာ ဝံပုလွေပေါက် နှစ်ကောင်ရှိပြီး သူတို့လေးတွေမှာလည်း အစာမစားရသည့်အလား အရိုးပေါ် အရေတင် ဖြစ်နေသည်။

“ဟေ့ အဝါကောင်လေး"

လူ့စကားကို နားမလည်သော ခေါင်းဆောင်ဝံပုလွေသည် ဂျင်ဆိုဟွန်း၏ ခေါ်သံကြောင့် ခေါင်းကို ဘေးသို့ စောင်းလိုက်သည်။

“မင်း... ငါနဲ့ အလုပ်တွဲလုပ်မလား”

……

“သူက ပါရမီရှင်ပဲ ဒီကလေးက တစ်နေ့မှာ ကောင်းကင်အောက်မှာ အတော်ဆုံး နံပါတ်တစ် ဖြစ်လာလိမ့်မယ်"

မာရ်နတ်ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်ကြီး မူယူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တံတွေးများပင် စင်သွားသည်အထိ အော်ဟစ်ကာ ပြောဆို လိုက်သည်။

“သူ ကိုယ်ခံပညာ လေ့ကျင့်တာ ဘယ်လောက်ကြာပြီလဲ”

“သူ အသက် ဆယ့်နှစ်နှစ် ပြည့်တော့မှာပါ... ဆိုတော့ အတိအကျပြောရရင် ငါးနှစ်ရှိပြီပေါ့"

မာရ်နတ်ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဂျူချွန်းသည် ကျောက်စိမ်းပလ္လင်ပေါ်မှ ထလိုက်သည်။

သူသည် ခန္ဓာကိုယ်သေးငယ်သော်လည်း ကြံ့ခိုင်သော ထိုကလေး၏ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ငါ မင်းကို သဘောကျတယ်။ အထူးသဖြင့် မင်းရဲ့ မျက်ဝန်းတွေက ငါ့ကို ဆွဲဆောင်နေတယ်"

ဂျူချွန်းသည် သူ့ကို မော့ကြည့်နေသော ကလေး၏ အကြည့်ကို သဘောကျနေသည်။ နက်မှောင်သော မျက်ဝန်းများတွင် နီလာကျောက်မျက်ကို မြှုပ်နှံထားသကဲ့သို့ ထင်ရပြီး သူနှင့် မျက်နှာချင်းဆိုင်နေသည့်တိုင် မတုန်လှုပ်ဘဲ ရှိနေသည်။

ထို့အပြင် ကလေး၏ အကြည့်သည် အတော်ဆုံးဓားသမားတစ်ယောက်က တစ်သက်လုံး အပင်ပန်းခံ ဖန်တီးထားသည့် နာမည်ကြီးဓား၏ အသွားကို မြင်လိုက်ရသကဲ့သို့ပင်။

“မင်း ဘာလိုချင်လဲ ပြောစမ်းပါ။ မင်းရဲ့ ဆန္ဒက ဘာလဲ”

ဂျူချွန်း၏ မေးခွန်းကို ကလေးက “ကိုယ်ခံပညာ” ဟု ဖြေသည်။

“ကိုယ်ခံပညာ... မင်း ဘယ်လို ကိုယ်ခံပညာမျိုး လိုချင်တာလဲ"

“ကျွန်တော် တတ်နိုင်သမျှ များများနဲ့ ကိုယ်ခံပညာအများကြီးကို လိုချင်ပါတယ်။ မာရ်နတ်ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှာ ရှိသမျှ ကိုယ်ခံပညာ ကျမ်းစာအုပ်အားလုံးကို ကျွန်တော့်ကို ပေးပါ။ ဖြစ်နိုင်ရင် မဟာမိတ်အဖွဲ့မှာ မရှိသေးတဲ့ ကိုယ်ခံပညာ ကျမ်းစာအုပ်တွေကိုလည်း ရှာဖွေပေးပါ"

“ဒီလောက် များပြားတဲ့ ကျမ်းစာအုပ်တွေနဲ့ မင်း ဘာလုပ်မလို့လဲ”

“ကျွန်တော် လေ့လာပြီး ကျွန်တော့် ခန္ဓာကိုယ်နဲ့ တတ်မြောက်အောင် လုပ်ပါမယ်"

“ကိုယ်ခံပညာတွေ အများကြီး သင်ယူရုံနဲ့ မင်း ပိုသန်မာလာမှာ မဟုတ်ဘူး။ မင်းသင်ယူတဲ့ ကိုယ်ခံပညာတွေက ဘယ်လောက်အထိ သန်မာသလဲဆိုတာက ပိုအရေးကြီးတယ်"

“ကိစ္စမရှိပါဘူး။ ဂိုဏ်းချုပ်ကြီး ရှာဖွေရနိုင်သမျှ ကိုယ်ခံပညာ ကျမ်းစာအုပ်အားလုံးကို ကျွန်တော့်ကို ပေးပါ"

ဂိုဏ်းချုပ်ကြီး၏ စကားကို ပြန်လည် ဆန့်ကျင်လိုက်သည့် ကလေး၏ စကားကြောင့် မူယူမှာ နှလုံးခုန်ပင် ရပ်သွားမတတ် ဖြစ်သွားသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဂျူချွန်းမှာ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသည့်အလား ကလေးကို ပြုံးကြည့်နေသည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ”

“ဒီကလေးကို မဟာမိတ်အဖွဲ့မှာ ရှိသမျှ ကိုယ်ခံပညာ ကျမ်းစာအုပ်အားလုံး ပေးလိုက်ပါ။ ပြီးတော့ အပြင်ကနေ အသုံးဝင်မယ့် ကိုယ်ခံပညာ ကျမ်းစာအုပ်တွေ ရလာတာနဲ့ ဒီကလေးဆီ ချက်ချင်း ပေးပို့ပေးပါ"

“အမိန့်တော်အတိုင်းပါခင်ဗျာ"

ဂိုဏ်းချုပ်ကြီး မူယူ ထွက်ခွာသွားပြီးနောက် ဂျူချွန်းက ကလေးကို မေးလိုက်သည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ”

“မာဆုန်အွန်"

“ကောင်းလိုက်တဲ့ နာမည် ဟုတ်ပြီ မာဆုန်အွန်။ မင်းရဲ့ ပါရမီက ထူးခြားတယ်လို့ ငါ ကြားထားတယ်။ မင်း ဒီအတိုင်း ဆက်လက် ကြီးထွားလာမယ်ဆိုရင် ငါ့ရဲ့နေရာကို ဆက်ခံပြီး မာရ်နတ်ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်လာလိမ့်မယ်"

“...”

“ငါ မင်းအပေါ် မျှော်လင့်ချက် အများကြီး ထားထားမယ်"

ကလေးသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ ခေါင်းငုံ့လိုက်သည့် ထိုကလေး၏ မျက်ဝန်းများတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

ဂိုဏ်းချုပ်ကြီးနှင့် တွေ့ဆုံပြီးနောက် မာဆုန်အွန်သည် သူ၏ အေးစက်မှောင်မိုက်သော အခန်းသို့ ပြန်သွားပြီး ကုတင်ပေါ် လှဲကာ မျက်လုံးကို မှိတ်လိုက်သည်။

အမှောင်ထု ကျရောက်လာသည်နှင့်တပြိုင်နက် အတိတ်က မှတ်ဉာဏ်များက ကလေးကို တစ်ဖန်ပြန်၍ လွှမ်းခြုံသွားသည်။

၎င်းမှာ သူ၏ နောက်ဆုံးဘဝ မှတ်ဉာဏ်ပင်။

ဓားပျံဆယ်လက်ကို ကိုင်ဆောင်ထားသော လူတစ်ယောက်က သူ့ထံသို့ ချဉ်းကပ်လာသည်။

သူကိုယ်တိုင် အစွမ်းထက်ဆုံး ဖြစ်လာပြီဟု ထင်မှတ်ထားခဲ့သည့် မာဆုန်အွန်မှာ ထိုလူ၏ ရှေ့တွင် မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။

သူ ပိုင်ဆိုင်ထားသမျှ ကိုယ်ခံပညာအားလုံးမှာ ထိုလူ၏ ရှေ့တွင် အသုံးမဝင်ခဲ့ပေ။

ဘာမှ မလုပ်နိုင်တော့သည့် အားမလိုအားမရ ဖြစ်မှုနှင့်အတူ ဓားပျံတစ်လက် ပျံသန်းလာပြီး မာဆုန်အွန် ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

အရာအားလုံးကို ဆုံးရှုံးပြီး အသက်ပင် ပါသွားတော့မည့် မာဆုန်အွန်ထံသို့ ထိုလူက ချဉ်းကပ်လာ၏။

ထို့နောက် ထိုလူက မာဆုန်အွန်ကို ငုံ့ကြည့်လိုက်သည်။

ထိုမျက်ဝန်းထဲမှ ပျင်းရိခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်နေသည့် ခံစားချက်ကို ဖတ်လိုက်ရသည့် စက္ကန့်တွင် မာဆုန်အွန်သည် သူသည် ထိုလူအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဟုတ်ကြောင်း သိလိုက်ရသည်။

“အူး”

မျက်လုံးကို အတင်းဖွင့်လိုက်သည့် မာဆုန်အွန်သည် အနက်ရောင် ကျောက်မျက်ကဲ့သို့သော မျက်ဝန်းများဖြင့် အမှောင်ထုထဲကို တည့်တည့် စိုက်ကြည့်လိုက်သည်။

“ကောင်းကင်ဘုံက ငါ့ကို ဒုတိယအခွင့်အရေး ပေးလိုက်တာပဲ"

ငါအခု ပြန်လည်မွေးဖွားလာပြီ။

အနာဂတ်မှ အတိတ်သို့ ပြန်လည်ရောက်ရှိလာသည့် မာဆုန်အွန်သည် ပြန်လည်မွေးဖွားခြင်းမတိုင်မီက မှတ်ဉာဏ်များကို ပြန်အမှတ်ရရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

“ဒီတစ်သက်တော့ ကွဲပြားသွားရမယ်...”

နက်ရှိုင်းသော အမှောင်ထုထဲတွင် မာဆုန်အွန်သည် ဘယ်တော့မှ မမေ့နိုင်မည့် လူတစ်ယောက်၏ နာမည်ကို တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။

“ဂျင်ဆိုဟွန်း….”

All Chapters