အခန်း ၇
Vol. 1 Ch. 7
အခန်း။ ၇
“ဒီနေရာ ဟုတ်ရဲ့လား”
နှင်းများဖုံးလွှမ်းနေသည့် တောင်ခြေရင်း၌ လူကြီးတစ်ယောက် ပေါ်လာကာ ထိုလူ၏အမည်မှာ ဗီယွန်းဂဲဖြစ်သည်။
အရိပ်မဲ့ သူခိုးသရဲဟု ကျော်ကြားသည့် ဒဏ္ဍာရီလာ သူခိုးတစ်ယောက်ဖြစ်ပြီး သူသည် ဂျင်မိသားစုအိမ်တော်သို့ ပုံမှန်အတိုင်း ဝင်ရောက်လည်ပတ်ရင်း စိတ်ဝင်စားစရာ သတင်းတစ်ခုကို ကြားလိုက်ရသည်။
အဲဒီ အပျင်းကြီးတဲ့ကောင် ဘယ်ရောက်သွားတာလဲ။ ဒီရက်ပိုင်းမှာ သူ့ကို ပျင်းရိတဲ့ သခင်
လေးလို့ ခေါ်နေကြတာ မဟုတ်ဘူးလား။
အာ... ဆိုဟွန်းက အခု ကိုယ်ခံပညာ လေ့ကျင့်နေတယ်။
ကိုယ်ခံပညာ ဟုတ်လား။ အဲလို အပျင်းကြီးတဲ့ကောင်က ကိုယ်ခံပညာ သင်နေတာ ဟုတ်လား။ ဘယ်သူ့ဆီမှာလဲ။
အဲဒါကတော့...
ဂျင်ဆူမောက်က ပုံမှန်မဟုတ်ဘဲ စကားကို အဆုံးမသတ်ဘဲ ရပ်လိုက်သောအခါ ဗီယွန်းဂဲက မျက်လုံးကို ကျဉ်းမြောင်းစွာဖြင့် ကြည့်လိုက်သည်။
ထုတ်ပြောစမ်း သူ ဘယ်သူ့ဆီမှာ ကိုယ်ခံပညာကို သင်နေတာလဲ။
ဆရာကြီး ကန်ချွန်းလေ။
ဆရာကြီး ကန်ချွန်း သူလို့ မပြောနဲ့နော်... တကယ်ကြီး ကန်ချွန်းလား။
ဟုတ်တယ်။
အရှက်ရနေသည့်အလား မျက်နှာလေး နီရဲလာသော ဂျင်ဆူမောက်ကို ကြည့်ပြီး ဗီယွန်းဂဲမှာ အံ့အားသင့်ရသည်။
"ကန်ချွန်းဆိုတာ ကောင်းကင်အောက်မှာ အမာကျောဆုံး၊ အဂုဏ်အရှိဆုံးဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးစားနေတဲ့သူ၊ အသက် ခုနစ်ဆယ်အရွယ်အထိ တပည့်တစ်ယောက်မှတောင် မရဖူးတဲ့ အဲ့ဒီခေါင်းမာတဲ့ အဘိုးအိုကြီး မဟုတ်ဘူးလား။
အဲ့ဒီလို ကန်ချွန်းက နောက်ဆုံးတော့ တပည့်တစ်ယောက် ရသွားပြီတဲ့။
ဒါပေမဲ့ အဲ့ဒီတပည့်ကလည်း ဘယ်သူမှမဟုတ်ဘူး။ ဂျင်မိသားစုက အကြီးဆုံးသား အပျင်းထူလွန်းတဲ့သခင်လေးလို့ နာမည်ကြီးနေတဲ့ အပျင်းအထူဆုံး ကောင်လေး ဖြစ်နေတာက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပေါင်းစပ်မှုပဲ မဟုတ်ဘူးလား"
“ဟီးဟီး... ဒီလို ပွဲကောင်းမျိုးကို ငါ မလွဲနိုင်ဘူး"
ပုံမှန်ဆိုလျှင် သူ့ကို အလျင်မြန်ဆုံး ဝံပုလွေမလေးဟု နောက်ပြောင်တတ်သည့် ကန်ချွန်းကို ပြန်လည်လှောင်ပြောင်ရန် ရွှေလိုအခွင့်အရေးပင်။
ဗီယွန်းဂဲသည် ကန်ချွန်းနှင့် ဂျင်ဆိုဟွန်းတို့ ရှိနေသည်ဟု ဆိုသည့် တောင်ကို တက်သွားသည်။ ထိုလမ်းခရီးတွင် ဗီယွန်းဂဲ ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
“ဒါ ဘာတွေလဲ”
ဝူး
ကောင်းကင်ယံကို ဖြတ်သန်းလာသည့် သစ်သားဓားပျံတစ်လက်က တိတ်ဆိတ်စွာ ရပ်နေသည့် သမင်တစ်ကောင်၏ လည်ပင်းကို စိုက်ဝင်သွားသည်။
သေဆုံးသွားသော သမင် လဲကျသွားသည့်အခါ နှင်းဖုံးထားသော သစ်ပင်များကြားမှ ဝံပုလွေနှစ်ကောင်သည် စောင့်နေသည့်အလား ပြေးထွက်လာကြသည်။
ဝံပုလွေများသည် ဗီယွန်းဂဲကို မြင်သောအခါ ခေါင်းငုံ့ကာ အရိုအသေပေးပြီး သမင်အသားတစ်ပိုင်းစီကို ကိုက်ချီကာ ပျောက်ကွယ်သွားကြသည်။
“ငါ မြင်တာ မှားနေတာလား။ အဲဒီ တိရစ္ဆာန်တွေက ငါ့ကို အရိုအသေ ပေးသွားတာလား”
သူ့ဘာသာသူပင် ယုံနိုင်စရာမရှိ၍ ဗီယွန်းဂဲမှာ သက်ပြင်းချကာ ရယ်မောလိုက်မိသည်။
“ဟီးဟီး... ဖြစ်မှမဖြစ်နိုင်တာ"
သာမန် တိရစ္ဆာန်တစ်ကောင်က လူတွေလို ခေါင်းငုံ့ပြီး နှုတ်ဆက်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ အဲဒီ သစ်သားဓားပျံကရော ဘာကြီးလဲ။
“အဲ့ဒါ ကန်ချွန်းလား”
ဒီလောက်ဝေးတဲ့ နေရာကနေ သစ်သားဓားပျံကို ပစ်နိုင်တဲ့သူက ဓားပျံနည်းပညာကို တီထွင်တဲ့ ကန်ချွန်းတစ်ယောက်ပဲ ဖြစ်မယ်။
“အခု ဘာတွေ ထူးဆန်းတာတွေ လုပ်နေပြန်ပြီလဲ ကန်ချွန်း”
စိတ်ဝင်စားမှု ပြင်းထန်လာသဖြင့် ဗီယွန်းဂဲသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ခုန်တက်လိုက်သည်။ သရဲတစ်ကောင်ကဲ့သို့ လှုပ်ရှားမှုများဖြင့် သစ်ပင်များကို ကန်နင်းလိုက်သည်။ သူ၏ အမြန်နှုန်းမှာ သာမန်လူတစ်ယောက်၏ မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင်ပင် မြန်ဆန်လှသည်။
တောင်ကို အချိန်အတော်ကြာ ဖြတ်ကျော်ပြီးနောက် သူ ရပ်လိုက်သည်။
သမင်ကို ကိုက်ချီသွားသည့် ဝံပုလွေများနောက်ကို လိုက်သွားသည့်အခါ ပို၍ ထူးဆန်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။
“အဝါကောင်လေး နံပါတ် ၃ နဲ့ နံပါတ် ၄ လုပ်တာ အရမ်းကောင်းတယ်”
ဝံပုလွေတွေ ယူလာပေးသည့် သမင်ကို ကိုင်တွယ်နေသည့် ကောင်လေးက သမင်ကို ချက်ချင်း အပိုင်းပိုင်းခွဲလိုက်ပြီးနောက် နောက်ခြေထောက်နှစ်ဖက်ကို ဖြတ်ကာ ဝံပုလွေနှစ်ကောင်ကို ပစ်ပေးလိုက်သည်။
ထို့နောက် ဝံပုလွေနှစ်ကောင်က ခေါင်းငုံ့ကာ အရိုအသေပေးပြီး ကိုယ်စီ ကိုက်ချီကာ ပျောက်ကွယ်သွားကြသည်။
“ဒါတွေ ဘာတွေလဲ...”
သစ်ပင်ပေါ်မှ စောင့်ကြည့်နေသည့် ဗီယွန်းဂဲသည် တစ်နေရာရာမှ ယုန်တစ်ကောင်ကို ကိုက်ချီလာသည့် နောက်ထပ် ဝံပုလွေတစ်ကောင်ကို မြင်လိုက်ရသည်။
“ထင်တာထက်တော့ သေးသားပဲ... အွင်းး….မင်းပဲ ယူထားလိုက်တော့"
ကောင်လေးက စေတနာကြီးစွာ လက်ဝှေ့ယမ်းပြလိုက်သောအခါ ဝံပုလွေမှာ အလွန်ဝမ်းသာသွားပြီး အမြီးကို တရမ်းရမ်း လုပ်နေသည်။
ဒါက... တကယ်ပဲ ဝံပုလွေတွေလား အတုတွေများလား။
ကောင်လေးနှင့် ဝံပုလွေများကို အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ဗီယွန်းဂဲ အံ့ဩစရာ အချက်တစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ ကောင်လေးနှင့် ဝံပုလွေများ ပြသနေသည့် အံ့ဩဖွယ် အမဲလိုက်နည်းပင်။
“အနောက်ဘက် မီတာပေါင်း တစ်ရာ့နှစ်ဆယ်လောက်လား”
အကွာအဝေးကို ခန့်မှန်းပြီး ကောင်လေးက သစ်သားဓားပျံကို ပစ်လိုက်သောအခါ ဓားပျံ၏ လမ်းကြောင်းကို လိုက်သွားသည့် ဝံပုလွေများက သေနေသည့် အစာကို ပြန်သယ်လာပေးကြသည်။
ထူးဆန်းပေမယ့် အံ့ဩစရာကောင်းတဲ့ အမဲလိုက်နည်းပါလား။
“အဝါကောင်လေး နံပါတ် ၅ ကတော့ တော်တော်မြန်တာပဲ"
ကျေနပ်သည့်အလား ဗိုက်ကို ကုတ်ရင်း ကောင်လေးသည် ကျောက်ပြားပေါ်တွင် လှဲချလိုက်ပြီး သမ်းဝေလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဝံပုလွေတစ်ကောင်က အစာသယ်လာပေးပြီး ကောင်လေးက ဝံပုလွေယူလာပေးသည့် အစာကို တန်းတူ ခွဲဝေပေးသည်။
ဤလုပ်ငန်းစဉ်ကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်ပြီးနောက် ကောင်လေး၏ နောက်တွင် အသားတုံးများ တဖြည်းဖြည်း ပုံလာပြီး ဝံပုလွေများလည်း ဗိုက်ဝအောင် စားသောက်နိုင်ခဲ့ကြသည်။
“ဒီနေ့တော့ ဒီလောက်ပဲ။ ဒီနှုန်းအတိုင်းဆိုရင် သမင်တွေနဲ့ ယုန်တွေ အကုန်ပြောင်တော့မှာပဲ။ သွားကြတော့”
သွားကြတော့ဟု ပြောလိုက်သည်နှင့် ဝံပုလွေများက ခေါင်းငုံ့ကာ အရိုအသေပေးပြီး ပျောက်ကွယ်သွားကြသည်။
ကောင်လေးက ထုပ်ပိုးထားသည့် အသားများကို အထုပ်ကြီးကြီး တစ်ထုပ်ထဲ ထည့်ပြီး တောင်ပေါ် တက်သွားသည်။
“ဒါး…ဒါးး..ဒါ…..”
သီချင်းညည်းရင်း တောင်ပေါ် တက်သွားသည့် ကောင်လေးကို ကြည့်ပြီး ဗီယွန်းဂဲ တွေးမိသည်။
အဲဒီကောင်လေးက ဂျင်ဆိုဟွန်းပေါ့။
နှစ်အတော်ကြာမှ တွေ့လိုက်ရသည့် ကောင်လေးမှာ ကန်ချွန်း၏ တပည့်သစ်နှင့် ဂျင်မိသားစု၏ အကြီးဆုံးသား ဂျင်ဆိုဟွန်း ဖြစ်ကြောင်း သိလိုက်ရသောအခါ ဗီယွန်းဂဲသည် သူ့နောက်ကို တိတ်တဆိတ် လိုက်သွားသည်။
“အင်း...”
လမ်းဘယ်လောက်လျှောက်ခဲ့မိလဲမသိပေ။
တောင်တက်နေသည့် ဂျင်ဆိုဟွန်း ရုတ်တရက် ရပ်လိုက်ပြီး ဟိုတစ်လှမ်း ဒီတစ်လှမ်းဖြင့် လမ်းကြောင်းပြောင်းကာ လျှောက်သွား၏။
သူ ဘာလုပ်နေတာလဲဟ။
ဟိုဟိုဒီဒီ ရွေ့လျားနေသည့် ဂျင်ဆိုဟွန်းက ကျောက်တိုင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ကျောက်တိုင်မှ ကျောက်တစ်လုံးကို ဖယ်လိုက်သောအခါ အောက်တွင် မြေတွင်းတစ်ခု ပေါ်လာပြီး ဂျင်ဆိုဟွန်းက အသားတစ်ချို့ကို ထိုတွင်းထဲသို့ ထည့်လိုက်သည်။
“ဒီလောက်ဆို လုံလောက်မှာပါ"
အသားများကို သိမ်းဆည်းပြီး ကျေနပ်သည့်အလား လက်ကို ခါလိုက်သည့် ဂျင်ဆိုဟွန်းသည် ရုတ်တရက် ခေါင်းကို လှည့်၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အမလေးဟဲ့…..
လန့်သွားသည့် ဗီယွန်းဂဲက သစ်ပင်နောက်သို့ အမြန် ပုန်းလိုက်သည်။
“ငါ မှားသွားတာလား”
ခေါင်းကို စောင်းပြီး စဉ်းစားနေသည့် ဂျင်ဆိုဟွန်းသည် သီချင်းပြန်ညည်းရင်း တောင်ပေါ်ကို ဆက်တက်သွားသည်။
ထိုအတောအတွင်း သစ်ပင်နောက်တွင် ပုန်းနေသည့် ဗီယွန်းဂဲမှာ သူ၏ တဒုန်းဒုန်းခုန်နေသော နှလုံးသားကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်။
အဲဒီကောင်လေး ငါ့ကို သတိထားမိသွားတာလား မ... မဖြစ်နိုင်တာ
အရိပ်မဲ့ သူခိုးသရဲ ဗီယွန်းဂဲမှာ သူခိုးလုပ်ခဲ့သမျှ တစ်ခါမျှ မမိဖူးသည့် သူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်၏ အာရုံခံနိုင်စွမ်းထဲကို ရောက်သွားစရာ အကြောင်းမရှိပေ။
တိုက်ဆိုင်တာပဲ ဖြစ်ရမယ်။
ဗီယွန်းဂဲသည် သတိထား၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
သို့သော် ဂျင်ဆိုဟွန်း မရှိတော့ပေ။
“ဘယ်ရောက်သွားတာလဲ”
ဂျင်ဆိုဟွန်း၏ အရိပ်အယောင်ကို ရှာဖွေရန် ဗီယွန်းဂဲ သစ်ပင်ပေါ်မှ ဆင်းလိုက်သည်။
“ဟဲလို"
“အို”
မြေပြင်ပေါ် ဆင်းလိုက်သည်နှင့် ဂျင်ဆိုဟွန်းမှာ ဗီယွန်းဂဲ၏ နောက်ကွယ်တွင် ပေါ်လာသည်။
“မင်း... မင်း... မင်း ဘာလဲ”
“ကျွန်တော်ပါ ဆိုဟွန်းပါ။ မတွေ့တာကြာပြီနော် ဆရာကြီးဗီ"
ကန်ချွန်းနှင့် မတူဘဲ ငယ်စဉ်က ဗီယွန်းဂဲနှင့် အကြိမ်အနည်းငယ် တွေ့ဖူးသည့် ဂျင်ဆိုဟွန်းက သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။
“မင်း... ငါ့ကို ဘယ်လိုလုပ် တွေ့သွားတာလဲ”
ဗီယွန်းဂဲသည် ဘာလုပ်ရမှန်းမသိသည့် မျက်နှာဖြင့် မျက်တောင်ခတ်လိုက်သည်။
“ဦးလေးက ကျွန်တော့်နောက်ကို အချိန်အတော်ကြာအောင် လိုက်လာခဲ့တာလေ"
ဂျင်ဆိုဟွန်း၏ ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်သော စကားကြောင့် ဗီယွန်းဂဲ၏ မေးရိုးမှာ ပြုတ်ထွက်မတတ် ဖြစ်သွားသည်။
ဒီကောင်လေးက ငါ့ရဲ့ တည်ရှိမှုကို ရိပ်မိသွားတာလား မဖြစ်နိုင်တာ။
အကြိမ်ကြိမ် အံ့ဩနေရသည့် ဗီယွန်းဂဲက ဂျင်ဆိုဟွန်းဆီသို့ လက်လှမ်းလိုက်သည်။
သို့သော် ထိုအချိန်တွင် အလွန်ပြင်းထန်သော ဓားပျံတစ်လက်မှာ ဗီယွန်းဂဲ ရပ်နေသည့် နေရာသို့ ပျံသန်းကာ ရောက်ရှိလာပြီး စိုက်ဝင်သွားသည်။
“ကန်ချွန်း”
ဓားပျံကို ကပ်သီးကပ်သတ် ရှောင်လိုက်ရသည့် ဗီယွန်းဂဲမှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ တစ်နေရာမှ ပေါ်လာသည့် ကန်ချွန်းသည် စိတ်ပျက်သည့်အလား လျှာသပ်လိုက်သည်။
“တောက် ဗီယွန်းဂဲပါလား ငါ တောရိုင်းတိရစ္ဆာန် တစ်ကောင်လို့ ထင်နေတာ"
“ဒီကောင်စုတ် မင်းက ငါ့ကို မပြောဘဲ တပည့်မွေးရဲတယ်ပေါ့လေ”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါ တပည့်တစ်ယောက် ရတိုင်း မင်းကို သတင်းပို့ရမှာလား”
“လွန်ခဲ့တဲ့ ဆယ်နှစ်က မင်း တပည့်ကောင်း မရှိဘူးလို့ ငိုပြနေခဲ့တာလေ။ အခုကျတော့ ငါ့ကို လိမ်ညာနေတာလား။ ဘယ်တုန်းကတည်းကလဲ ဟမ် ဂျင်မိသားစုက ကောင်လေးကို သူ မွေးကတည်းက ပစ်မှတ်ထားနေတာလား။ ဒါကြောင့်မို့လို့ ခုချိန်ထိ တပည့်မယူဘဲ နေခဲ့တာပေါ့ ဟုတ်တယ်မလား”
“မင်း ဘာတွေပြောနေမှန်းကို မသိဘူး"
ကန်ချွန်းက အဓိပ္ပာယ်မရှိသည့် စကားများဟု မျက်မှောင်ကြုတ်လိုက်သောအခါ ဗီယွန်းဂဲသည် ဂျင်ဆိုဟွန်းကို လက်ညှိုးထိုးကာ အော်ဟစ်သည်။
“မင်း ဂျင်ဆိုဟွန်းကို ဘယ်တုန်းက စသင်ပေးတာလဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကဆို ဒီကလေးဆီမှာ အတွင်းအားဆိုတာ တစ်စက်မှ မခံစားမိဘူး”
“အင်း... ဆိုဟွန်း မင်း ငါ့တပည့် ဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
“ဆယ်လလောက် ရှိပြီထင်တယ်”
“ဆ... ဆယ်လ”
ဂျင်ဆိုဟွန်းနှင့် ကန်ချွန်းကို အလှည့်ကျ ကြည့်နေသည့် ဗီယွန်းဂဲက မျက်နှာတစ်ခုလုံး နီရဲလာကာ ရူးမတတ် ဖြစ်သွားသည်။
“ဒီနှစ်ယောက်ပေါင်းပြီး ငါ့ကို အရူးလို လာလုပ်နေကြတာပဲ”
“ဟားးးး ခေါင်းကိုက်လိုက်တာ...”
ခေါင်းကိုက်လာသည့် ကန်ချွန်းသည် ဂျင်ဆိုဟွန်းကို အရင်တက်သွားရန် လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
“ဟုတ်ကဲ့"
သူတို့နှစ်ယောက်ကြားတွင် ကြားညပ်နေရလျှင် အလုပ်ရှုပ်စရာတွေ ဖြစ်လာမည်ကို သိသည့် ဂျင်ဆိုဟွန်းက တောင်ပေါ်သို့ အမြန် တက်သွားသည်။
ထိုအခါ ဗီယွန်းဂဲသည် ကော်လာကို လာဆွဲမည့်အလား ဂျင်ဆိုဟွန်း နောက်သို့ ပြေးလိုက်သွားသည်။
“မင်း ဒီလိုလုပ်မှာဆိုရင် မင်းရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်သူ မရှိဘူးလို့ ငိုပြမနေခဲ့သင့်ဘူး”
ကန်ချွန်းကို နောက်ပြောင်ဖို့ အသင့်ပြင်ထားသည့် ဗီယွန်းဂဲသည် ပြင်းထန်သော သစ္စာဖောက်ခံရသည့် ခံစားချက်ကို ခံစားနေရသည်။
သို့သော် သူ ရယ်မောခံရလိမ့်မည်ဟု ထင်ထားသည့် ကန်ချွန်းက တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
“ဗီယွန်းဂဲ"
“ဘာလဲ ပါးစပ်ပါရင် ဆင်ခြေတစ်ခုခု ပေးကြည့်စမ်း”
“ဆယ်လ ရှိပြီ"
“ဘာက ဆယ်လလဲ”
“အဲဒီကလေး ငါ့တပည့် ဖြစ်တာ ဆယ်လပဲ ရှိသေးတယ်"
“အဲဒီ လိမ်ညာတဲ့ စကားတွေကို ရပ်လိုက်စမ်း ငါ ယုံလိမ့်မယ်လို့ ထင်နေတာလား...”
ဗီယွန်းဂဲ စကားရပ်သွားကာ သူနှင့် ကန်ချွန်းမှာ တစ်ခါမျှ အဆင်ပြေခဲ့ဖူးသည် မဟုတ်သော်လည်း နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် နှစ်ဦးစလုံးမှာ မျက်လုံးကို ကြည့်ရုံနှင့် တစ်ဖက်လူ၏ စေတနာကို အတော်အသင့် နားလည်နိုင်ကြသည်။
ယခု သူ ကြည့်လိုက်သည့် ကန်ချွန်း၏ မျက်လုံးနှစ်လုံးမှာ ရိုးသားနေသည်။
“မဖြစ်နိုင်တာ...”
အံ့ဩတကြီး ရေရွတ်လိုက်သောအခါ ကန်ချွန်းက တောင်ပေါ်ကို လက်ညှိုးညွှန်ရင်း ပြောလိုက်သည်။
“အရင်ဆုံး နည်းနည်း လမ်းလျှောက်ကြရအောင်"
“ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်လား”
“မင်းလည်း မြင်ခဲ့တာပဲ မင်းသိမှာပေါ့။ ဂျင်ဆိုဟွန်းက ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ပဲ"
“ဒါပေမဲ့ ဂျင်ဆိုဟွန်းက ရှန်ရှီးရဲ့ နံပါတ်တစ်... မဟုတ်သေးပါဘူး ကောင်းကင်အောက်မှာ အပျင်းဆုံး နံပါတ်တစ် မဟုတ်လား။ သူ့ကို အပျင်းထူလွန်းတဲ့သခင်လေးလို့ ခေါ်ကြတယ် မဟုတ်လား”
“ဟုတ်တယ်။ အဲဒီကလေးက အပျင်းကြီးတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ဖို့ ကံပါလာတဲ့ အပျင်းကြီးသူပဲ"
“ဟားဟားဟား ဒါ ဘာတွေလဲ... ဒါ ကောင်းကင်ဘုံက နောက်ပြောင်တာတောင် မဟုတ်ဘူး...”
ဗီယွန်းဂဲ၏ နောက်ပြောင်သလို ပြောလိုက်သည့် စကားများကြားတွင် ကန်ချွန်းမှာ မရယ်နိုင်ပေ။ အမှန်တော့ သူ၏ မျက်နှာမှာ ပို၍ပင် မှောင်မိုက်လာသည်။
“ဒါပေမဲ့ မင်းက ဘာလို့ ဒီလောက် စိတ်ညစ်နေရတာလဲ။ မင်းရဲ့ တပည့်က ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေတာ ကောင်းတဲ့အချက် မဟုတ်ဘူးလား”
“အင်း... ပြဿနာက အဲဒီကလေးက သင်ယူတာ အရမ်းမြန်လွန်းနေတာပဲ"
“မြန်တယ် ဘယ်လောက်တောင် မြန်လို့လဲ”
“မင်းလည်း မြင်တာပဲ။ ဂျင်ဆိုဟွန်းရဲ့ ဓားပျံပညာလေ”
“သေချာတာပေါ့...”
သူ တောင်တက်လာစဉ်က မြင်လိုက်ရသည့် ဂျင်ဆိုဟွန်း၏ ဓားပျံပညာမှာ တကယ်ကို အံ့ဩစရာကောင်းသည်။
ကန်ချွန်းနှင့် နှစ်ပေါင်းများစွာ ခင်မင်လာသူ ဗီယွန်းဂဲပင်လျှင် ကောင်းကင်ကို ဖြတ်သန်းသွားသည့် ဓားပျံကို ကန်ချွန်း၏ ပညာဟုပင် ထင်မှတ်သွားသည်အထိ ဖြစ်ခဲ့ရသည်။
“အဲဒီကလေးက ကောင်းကင်ဓားပျံဆယ်လက်ရဲ့ ပထမအဆင့်ဖြစ်တဲ့ လေပြင်းစီးကို ဆယ်လအတွင်းမှာတင် ပြီးမြောက်သွားတယ်။ အခုဆိုရင် သူ့ကို လျှပ်ပြက်ပညာ သင်ပေးဖို့ အတင်းပူဆာနေတာ"
ပြီးခဲ့သည့် တစ်လလုံးလုံး ကန်ချွန်းမှာ သူ့ထံသို့ အမြဲရောက်လာပြီး နောက်တစ်ဆင့်ကို သင်ပေးရန် တိုက်တွန်းနေသည့် ဂျင်ဆိုဟွန်းကြောင့် ရူးလုနီးပါး ဖြစ်နေရသည်။
ဆရာ အခု လျှပ်ပြက်ကို သင်ကြရအောင်။
ဟေ့ကောင် မင်း နောက်တစ်ဆင့်မသွားခင် လေပြင်းစီးကို အရင်ပြီးအောင် လုပ်ရဦးမှာ မဟုတ်လား။
ဒါဆို လေပြင်းစီးကို ဘယ်လိုလုပ်ရင် ပြီးမြောက်နိုင်မလဲ ပြောပြပေးပါ။
အဲဒါက... အင်း... အရင်... အရင်ဆုံး... ပြန်ကြည့် အရင် ပြန်ကြည့်ဦး။ အခြေခံခိုင်မာမှု မရှိဘဲ ဘာမှလုပ်လို့ မရဘူး။
အင်း...
ဂျင်ဆိုဟွန်းက ကန်ချွန်းကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
ထိုအကြည့်မှာ မကြာသေးမီကမှ ပို၍ သိသာလာခဲ့ပြီး ကန်ချွန်းအနေနှင့်ပင် သူ့တပည့်ကို မျက်နှာချင်းဆိုင်ရမှာ ကြောက်ရွံ့လာရသည်။
“အဲဒါက ဘာပြဿနာမို့လို့လဲ နောက်တစ်ဆင့်ကိုပဲ သင်ပေးလိုက်ပေါ့ မဟုတ်ဘူးလား”
“မလုပ်နိုင်ဘူးလေ အဲဒီကောင်လေးက လေပြင်းစီးကို သင်ဖို့ ဆယ်လပဲ ကြာတာ။ အခု လျှပ်ပြက်ကိုပါ တစ်နှစ်မပြည့်ခင် ပြီးသွားရင်... ငါးနှစ်တောင် မပြည့်ခင် တောင်ပေါ်ကနေ ဆင်းသွားဖို့ ပူဆာတော့မှာပေါ့”
ကန်ချွန်းနှင့် ဂျင်ဆူမောက်တို့ကြားက သဘောတူညီချက်ကို သိသွားသည့် ဗီယွန်းဂဲမှာ သူ၏ ဝမ်းဗိုက်အောင့်သည်အထိ အော်ရယ်လိုက်သည်။
“မင်းရဲ့ ကောင်းကင်ဓားပျံဆယ်လက်က သနားဖို့ ကောင်းလွန်းလို့ပေါ့။ ဆယ်နှစ်တောင် မကြာဘဲ လုံးဝ တတ်မြောက်သွားနိုင်တဲ့အထိ ဘယ်လောက်တောင် အားနည်းနေတာလဲ”
“မင်းရဲ့ ရွေ့လျားမှုနည်းပညာကရော ကွာခြားလို့လား”
“သေချာတာပေါ့... နေပါဦး အခုမှ တွေးမိတာ...”
ဗီယွန်းဂဲသည် ဂျင်ဆိုဟွန်း လမ်းလျှောက်သည့် ပုံစံကို ပြန်ပြောင်းတွေးလိုက်သည်။
အံ့ဩစရာကောင်းသည်မှာ ဓားပျံပညာ၏ ပိုင်ရှင်ဖြစ်နေသည့်တိုင် ဂျင်ဆိုဟွန်း၏ လမ်းလျှောက်ပုံမှာ ရပ်ကွက်ထဲက တွေးတောခြင်းမရှိသော ကလေးဆိုးများ၏ လမ်းလျှောက်ပုံနှင့် ဘာမှ မကွာခြားပေ။
“မင်း... မင်း တပည့်ကို ခြေလှမ်းပညာတောင် မသင်ပေးရသေးဘူးပေါ့”
“ငါ မသင်ပေးနိုင်ခဲ့တာ”
“မင်းရဲ့ ခြေလှမ်းပညာက သနားဖို့ ကောင်းနေလို့လား”
“ဓားပျံပညာရဲ့ အခြေခံက မြန်ဆန်တဲ့ ခြေလှမ်းပညာပဲ။ ငါ့အဆင့်လောက်ဆိုရင် ခြေလှမ်းပညာနဲ့ ရွေ့စရာ မလိုပေမဲ့ အဲဒီအဆင့်ထိ မရောက်သေးခင်မှာတော့ ပြိုင်ဘက်နဲ့ အကွာအဝေးကို ဖန်တီးရမှာလေ”
သူ့ခြေလှမ်းပညာက အလွန်ကောင်းကြောင်း ပြသသည့်အလား ကန်ချွန်းက ကိုယ်ခန္ဓာကို ရွှေ့လိုက်သည်။
ကန်ချွန်း၏ နောက်တွင် အရိပ်ပေါင်းများစွာ ကျန်ရစ်ခဲ့သည်ကို ကြည့်ပြီး ဗီယွန်းဂဲ စကားမပြောနိုင်တော့ပေ။
ဝန်ခံရမှာတော့ စိတ်ပျက်မိတယ်။ ဒါပေမဲ့ တော်တော်လေး အသုံးဝင်တဲ့ ရွေ့လျားမှုနည်းပညာပဲ။
ကန်ချွန်း၏ ကောင်းကင်စီးခြေလှမ်းမှာ မလိုအပ်သည့် လှုပ်ရှားမှု မပါဝင်ဘဲ အလွန်ကောင်းမွန်သည့် ပညာရပ်ဖြစ်သည်။
“ဒါပေမဲ့ ဘာလို့ မသင်ပေးတာလဲ”
“အဲဒီကောင်လေး ခြေလှမ်းပညာ သင်သွားရင် သူ ထွက်ပြေးမှာ သေချာလို့ပေါ့”
“အာ...”
ဒီတစ်ခါတော့ ဗီယွန်းဂဲလည်း ပြန်ပြောစရာ စကားမရှိတော့ပေ။
ကန်ချွန်းက ဂျင်ဆိုဟွန်းကို ခြေလှမ်းပညာ မသင်ပေးခြင်းမှာ ထွက်ပြေးသွားမည်ကို စိုးရိမ်
သောကြောင့်ပင်။
ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့် ဂျင်ဆိုဟွန်းသာ ခြေလှမ်းပညာ သင်ပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပါက သာမန်အမြန်နှုန်းဖြင့် လိုက်ဖမ်း၍ မရနိုင်တော့ပေ။
“အင်း"
ခဏတာ စဉ်းစားပြီးနောက် ဗီယွန်းဂဲ အကြံပြုချက်တစ်ခု ပေးလိုက်သည်။
“ဒါဆိုရင်ကော ငါ့ရဲ့ ရွေ့လျားမှုနည်းပညာကို သင်ပေးလိုက်ရင်ရော”
“ဘာ ငါ့တပည့်ကို မင်းရဲ့ နည်းပညာကို ဘာလို့ သင်ပေးရမှာလဲ”
“မင်းရဲ့ ဓားပျံပညာနဲ့ ငါ့ရဲ့ ခြေလှမ်းပညာက အသုံးပြုပုံချင်း မတူဘူး။ အသက်ရှူနည်းလမ်းတွေလည်း မတူဘူး။ ဒါကြောင့် သူ သင်ရင်လည်း လွယ်လွယ်နဲ့ မတတ်နိုင်ဘူး၊ တတ်မြောက်သွားရင်တောင် လွယ်လွယ်နဲ့ ကျွမ်းကျင်အောင် မလုပ်နိုင်ဘူး"
“ဒါဆိုရင် မကိုက်ညီတဲ့ မင်းရဲ့ ပညာကို ဘာလို့ ငါ့တပည့်ကို သင်ပေးရမှာလဲ”
“ဒီအတိုင်းဆိုရင် မင်းတပည့် တောင်ပေါ်က ဆင်းဖို့ ပူဆာတော့မှာလို့ မင်း ပြောခဲ့တာ မဟုတ်လား”
“အင်း...”
“ဒါကြောင့် ဒီဆရာကြီးက မင်းကို အထူးတလည် ကူညီပေးမယ်လို့ ပြောတာပေါ့"
ပုံမှန်ဆိုပါက ကန်ချွန်းက သောက်စကားများတာရပ်ပြီး ထွက်သွားစမ်းဟု ပြောကာ ဓားပျံတစ်လက် ပစ်ထည့်လိုက်မှာ ဖြစ်သော်လည်း ယခုတော့ သူသည် အရိုးကို ကိုင်တွယ်ရသည့်အလား အကူအညီ လိုအပ်နေသည်။
“မင်းရဲ့ ပညာကို တတ်မြောက်ဖို့ ဘယ်လောက်ကြာမလဲ”
“အနည်းဆုံး ဆယ်နှစ်... မဟုတ်ဘူး။ အဲဒီကလေးက ထူးခြားတာဆိုတော့ ငါးနှစ်လောက်တော့ ကြာမှာပေါ့"
“သေချာလား”
“ဒီဆရာကြီးရဲ့ အရိပ်မဲ့နတ်ဘုရားခြေလှမ်းက လွယ်တယ်လို့ ထင်နေတာလား”
“အင်း... မင်း အဲဒီပညာနဲ့ ချွန်းမိသားစုရဲ့ ရတနာကို ခိုးရင်း သေလုနီးပါး ဖြစ်ခဲ့တာလေ"
“ဟွန်း...”
“ဟုတ်ပါပြီ ဒီတစ်ခါတော့ မင်းကို ယုံကြည့်လိုက်မယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိတယ်"
“ပြဿနာ ဘာပြဿနာလဲ”
“မကြာခင် မင်း သိလာမှာပါ"
ကန်ချွန်း၏ အဓိပ္ပာယ်ရှိသော အပြုံးကို မြင်လိုက်ရသည့် ဗီယွန်းဂဲမှာ စိုးရိမ်စိတ် အနည်းငယ် ဝင်လာသည်။
သို့သော်လည်း အရေးမကြီးပေ။
“ဂျင်ကလေးသာ ငါ့ရဲ့ အရိပ်မဲ့နတ်ဘုရားခြေလှမ်းကို မြင်သွားရင် သူ ငါ့ကို သင်ပေးဖို့ အတင်းပူဆာမှာ သေချာတယ်"