အခန်း ၈
Vol. 1 Ch. 8
အခန်း။ ၈
“ကျွန်တော် ငြင်းပါတယ်"
“ဘာလို့လဲ”
“ကျွန်တော်က ဆရာကြီးကန်ရဲ့ ဓားပျံပညာကိုတောင် မပြီးသေးတာ။ အဘိုးရဲ့ ခြေလှမ်းပညာကို သင်ဖို့ ဘယ်အချိန်ရှိမှာလဲ။ ကျွန်တော် ငြင်းပါတယ်"
ကန်ချွန်း ခန့်မှန်းထားသည့်အတိုင်းပင် ဂျင်ဆိုဟွန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ငြင်းပယ်လိုက်သည်။
မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဂျင်ဆိုဟွန်း၏ ပြတ်သားသော သဘောထားကြောင့် ဗီယွန်းဂဲမှာ အသည်းအသန် ဖြစ်သွားသည်။
“ငါ့ရဲ့ ခြေလှမ်းပညာကို သင်ရင် တစ်ရက်တည်းနဲ့ မီတာတစ်ထောင်တောင် ပြေးနိုင်တယ်”
“အဲ... ကျွန်တော်က မီတာတစ်ထောင် ပြေးရမယ့် အကြောင်းရင်းမျိုး တစ်ခါမှ မရှိပါဘူး"
“အဲ... ဒါဆို ဘယ်သူမှ မသိအောင် ဘယ်နေရာကိုမဆို ခိုးဝင်လို့ရတယ်”
“ကျွန်တော့်အိမ်ကို ကျွန်တော် ဘာလို့ ခိုးဝင်ရမှာလဲ ကျွန်တော် မလိုပါဘူး"
ဂျင်ဆိုဟွန်း၏ မျက်နှာမှာ ပို၍ပင် ငြီးငွေ့လာသည်ကို ခံစားမိသော ဗီယွန်းဂဲက အရိပ်မဲ့နတ်ဘုရားခြေလှမ်း၏ အရေးပါပုံကို အသည်းအသန် ဟောပြောသည်။
“မ... မင်းက ဓားပျံပညာလောက်နဲ့တော့ ဘယ်တော့မှ အတော်ဆုံး ဖြစ်လာမှာ မဟုတ်ဘူး။ မင်းထက်မြန်တဲ့ ရန်သူနဲ့ တွေ့ရင် လက်ညှိုးတောင် မလှုပ်နိုင်ခင်မှာ ရှုံးသွားလိမ့်မယ်”
“ဆရာ ကျွန်တော်က ကောင်းကင်ဓားပျံဆယ်လက်ကို တတ်မြောက်ပြီးရင်တောင် ထွက်ပြေးနေရဦးမှာလား”
အပြစ်ကင်းစင်ဟန်ဆောင်ထားသည့် ထက်မြက်သော မေးခွန်းပင်။
ကောင်းကင်ဓားပျံဆယ်လက်ကို တီထွင်သူ ကန်ချွန်းက ခေါင်းခါရင်း ပြတ်သားစွာ ပြန်ဖြေသည်။
“မဖြစ်နိုင်တာ ဘာကို ထွက်ပြေးရမှာလဲ။ မင်း ကောင်းကင်ဓားပျံဆယ်လက်ကို တတ်မြောက်သွားတဲ့ အချိန်မှာ ရန်သူတွေက မင်းခြေဖျားကိုတောင် ထိနိုင်မှာ မဟုတ်ဘူး”
“ဒီ... ဒီကောင်ကတော့”
ဗီယွန်းဂဲ၏ စူးရဲသော အကြည့်ကြောင့် ကန်ချွန်းက ပခုံးတွန့်ကာ တစ်ဖက်ကို လှည့်၍ မဲ့ပြလိုက်သည်။
မလွယ်ဘူးလို့ ငါ မပြောခဲ့ဘူးလား။
မစင်ရေထဲမှာ အနှစ်ခံရမဲ့ကောင်။
ကန်ချွန်းကို မုန်းတီးစိတ်ဖြင့် ပွက်လောရိုက်နေသော ဗီယွန်းဂဲမှာ သူ၏ ပျင်းရိခြင်းကို မကျော်လွှားနိုင်ဘဲ အရည်ပျော်ကျနေသည့် ဂျင်ဆိုဟွန်းကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
“လက်လျှော့လိုက်စမ်းပါ ဗီယွန်းဂဲ"
ကန်ချွန်း၏ စကားအပြီးတွင် လက်လျှော့တော့မည့် ဗီယွန်းဂဲ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။
လောကကြီးမှာ အပျင်းဆုံးလူသား... ခြေတစ်လှမ်းတောင် လှုပ်ရမှာကို မုန်းတီးတဲ့သူ...
တွေးတောပြီးနောက် ဗီယွန်းဂဲသည် ဂျင်ဆိုဟွန်း၏ ရှေ့တွင် ပုံလျက်သား ထိုင်ချလိုက်သည်။
“ဂျင်ဆိုဟွန်း"
“ဗျာ….”
“သေချာကြည့်။ ကောင်းကင်ဘုံရဲ့ နယ်ပယ်ကို ရောက်ရှိနေတဲ့ ဒီဆရာကြီးရဲ့ ရွေ့လျားမှုနည်းပညာကို”
ထိုအချိန်တွင် အံ့ဩစရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။
ဗီယွန်းဂဲသည် ထိုင်လျက်အနေအထားဖြင့်ပင် လေထဲတွင် ဝဲနေသည့်အလား မြင့်မားသော အရှိန်ဖြင့် ရွေ့လျားနေသည်။
တကယ်တော့ သူသည် လေထဲတွင် တကယ်ဝဲနေခြင်း မဟုတ်ပေ။
ကြာပန်းထိုင်အနေအထားဖြင့် ခြေဖျားများကိုသာ အသုံးပြု၍ မြေပြင်ကို ကန်ကာ ရွေ့လျားနေခြင်းပင်။
“ဒါတွေ ဘာတွေလဲ...”
ဗီယွန်းဂဲ၏ ထူးဆန်းသော ရွေ့လျားမှုနည်းပညာကို ကြည့်ပြီး ကန်ချွန်းက လျှာသပ်လိုက်သည်။
“ဟွန်း…..ဆိုဟွန်း ကြည့်စရာ မလိုတော့ဘူး။ အခု... ဟမ်”
ခဏလေးကမှ ဗီယွန်းဂဲ၏ ပညာကို စိတ်မဝင်စားသလို ပြနေသည့် ဂျင်ဆိုဟွန်းမှာ တုန်ရီနေသည်။
“ဒါ... ဒါက... ဒါက...”
“ဆို... ဆိုဟွန်း”
သရုပ်ပြပြီးနောက် ဗီယွန်းဂဲသည် နေရာတွင် ရပ်လိုက်ပြီး ဂျင်ဆိုဟွန်းကို ကြင်နာသော မျက်နှာဖြင့် ကြည့်လိုက်သည်။
“မြင်လိုက်ရလား ဒါက အမြင့်ဆုံး ရွေ့လျားမှုနည်းပညာ အမြင့်ဆုံးပညာက သူက လမ်းတောင်လျှောက်စရာမလိုဘူးဆိုတာပဲ”
လမ်းတောင်လျှောက်စရာမလိုဘူးပေါ့။
အဆင့်သစ်တစ်ခု၏ အံ့ဩဖွယ် ရွေ့လျားမှုနည်းပညာကြောင့် ဂျင်ဆိုဟွန်းမှာ လုံးဝ စွဲလမ်းသွားသည်။
“ဆိုဟွန်းက ဒီလို အဓိပ္ပာယ်မရှိတဲ့ ရွေ့လျားမှုနည်းပညာကို ယုံသွားမှာ မဟုတ်ပါဘူး”
“ဆရာကြီးဗီ”
“ဟေ….”
ဂျင်ဆိုဟွန်းသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားကာ ခံစားချက်များ ပြည့်နှက်နေသည့် မျက်နှာဖြင့် ဗီယွန်းဂဲကို ကြည့်လိုက်သည်။
“ကျွန်တော်... လမ်းမလျှောက်ဘဲ နေလို့ရတာလား”
ဗီယွန်းဂဲသည် တည်ကြည်သော မျက်နှာဖြင့် ဂျင်ဆိုဟွန်း၏ ခေါင်းကို လက်တင်၍ ပြောလိုက်သည်။
“ဖြစ်တာပေါ့။ ဒီဆရာကြီးကိုပဲ ယုံကြည်ပြီး လိုက်ခဲ့ပါ။ နားလည်လား ငါ့ရဲ့ တပည့်လေး”
“ဟုတ်ကဲ့ ဆရာ”
ချက်ချင်းဆိုသလို ဆရာတပည့် ဆက်ဆံရေး တည်ဆောက်လိုက်ကြသော ဂျင်ဆိုဟွန်းနှင့် ဗီယွန်းဂဲကို ကြည့်ရင်း ကန်ချွန်းက “ဒီလောက်ထိ သောက်ပျင်းထူလွန်းတဲ့ တပည့်စုတ်”
ဟု တွေးလိုက်မိတော့သည်။
“မင်းရဲ့ အကြီးကဲတစ်ယောက်အနေနဲ့ ငါ အကြံပေးမယ်... သူ့ကို ဖြည်းဖြည်းချင်းပဲ သင်ပေးပါ"
“စိတ်မပူပါနဲ့။ မင်းရဲ့ အဆင့်မမီတဲ့ ဓားပျံပညာနဲ့ မတူဘဲ ဒီဆရာကြီးရဲ့ ကောင်းကင်
အောက် နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းကတော့ လွယ်လွယ်နဲ့ တတ်နိုင်မှာ မဟုတ်ဘူး"
“အဲဒါ ဘာတွေလဲ... မင်းရဲ့ “အမြင့်ဆုံးသူ လမ်းမလျှောက်”ဆိုတဲ့ ပညာလိုပဲ နာမည်က ထူးဆန်းနေတာလား”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါ့ရဲ့ ရွေ့လျားမှုနည်းပညာက အစကတည်းက ကောင်းကင်အောက် နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းပဲ"
ခဏတာလောက် ကန်ချွန်းသည် ဗီယွန်းဂဲတစ်ယောက် စိတ်ဖောက်ပြန်နေပြီလားဟု စိုးရိမ်မိသွားသည်။ သို့သော် ထိုစိုးရိမ်မှုမှာ ခဏတာသာ ဖြစ်သည်။
ဗီယွန်းဂဲ၏ လှည့်ကွက်ကို ရိပ်မိသွားသည့် ကန်ချွန်းသည် မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။
“မင်း... မင်း မပြောနဲ့...”
“ဟီးဟီးဟီး အသုံးမကျတဲ့ ကန်ချွန်းရေ။ ကောင်းကင်ဓားပျံဆယ်လက်တဲ့လားဋဋဒီလို ဘာမှမထူးခြားတဲ့ နာမည်နဲ့ ပညာရပ်က ဘယ်လောက်အထိ ကြာရှည်ခံမယ် ထင်သလဲ။ ဂျင်ဆိုဟွန်းက ကောင်းကင်အောက်မှာ နံပါတ်တစ် ဖြစ်လာမယ့် ခန္ဓာကိုယ်ပိုင်ရှင်ပဲ။ သူ့နဲ့ လိုက်ဖက်တဲ့ ပညာရပ်မျိုး ရှိမှပေါ့။ ပြီးတော့ ဂျင်ဆိုဟွန်းရဲ့ ဆရာဖြစ်တဲ့ ငါ ဗီယွန်းဂဲကိုလည်း နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းကို တီထွင်သူအဖြစ် ထာဝရ အမှတ်ရနေကြလိမ့်မယ်”
“မ... မင်း ဒီကောင်စုတ်”
“ဟားဟားဟား မင်း ကြိုက်သလောက် လှောင်ပြောင်လိုက်စမ်း”
ရယ်မောရင်း ပြေးထွက်သွားသည့် ဗီယွန်းဂဲက ကွင်းပြင်တစ်ခုတွင် ဂျင်ဆိုဟွန်းနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
“ဆရာ"
“ဘာလဲကွဲ့ ငါ့ရဲ့ တပည့်လေး…”
ဗီယွန်းဂဲသည် တပည့်ဟူသော စကားလုံးကို အလေးပေး၍ ပြောလိုက်သည်။
“ကျွန်တော် အဲဒီ အံ့ဩစရာ အမြင့်ဆုံးသူ လမ်းမလျှောက်တဲ့ ပညာကို ဘယ်တော့ သင်ရမှာလဲ”
“အလျင်မလိုပါနဲ့။ နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းအကုန်လုံးကို တတ်မြောက်သွားတဲ့အခါ အမြင့်ဆုံးသူ လမ်းမလျှောက်တဲ့ ပညာကို သဘာဝအတိုင်းပဲ တတ်မြောက်သွားလိမ့်မယ်"
“ဒါဆိုရင် နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းအကုန်လုံး တတ်မြောက်ဖို့ ဘယ်လောက် ကြာမလဲ”
“အင်း...”
ခေါင်းထဲတွင် အချိန်ကို တွက်ချက်နေသည့် ဗီယွန်းဂဲက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ ပါရမီနဲ့ဆိုရင်... ဆယ်နှစ်လောက်”
“ဆ... ဆယ်...”
ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ် တုန်ရီသွားသည်ကို မြင်တော့ လန့်သွားသည့် ဗီယွန်းဂဲက သူ့ဆီ ပြေးသွားသည်။
“ဘာ... ဘာဖြစ်တာလဲ”
“အဲဒါ... ကြာ... ကြာလွန်းတယ်...”
ဒီကောင်လေးတော့
ခဏတာ ဒေါသထွက်သွားမိသော်လည်း နောက်ကျောဘက်မှ ကန်ချွန်း၏ စူးရဲသော အကြည့်ကြောင့် ဗီယွန်းဂဲ ဒေါသကို မထုတ်ဖော်နိုင်ခဲ့ပေ။
ငါ အဲဒီ ကန်ချွန်းထက် ပိုညံ့တဲ့ ဆရာ ဖြစ်လို့ မဖြစ်ဘူး
စိတ်ကို ငြိမ်သက်အောင် ထိန်းလိုက်ပြီး ဗီယွန်းဂဲက နူးညံ့စွာ ပြောလိုက်သည်။
“ဟဟ ငါ မှားပြောမိတာပါ။ မင်းရဲ့ ပါရမီနဲ့ဆိုရင် သုံးနှစ်အတွင်းမှာတင် အကုန်တတ်မှာ”
“သ... သုံးနှစ် တကယ်လား”
ဘာမှ မဖြစ်ခဲ့သလို မျက်လုံးများ အရောင်လက်သွားသည့် ဂျင်ဆိုဟွန်းကို ကြည့်ပြီး ဗီယွန်းဂဲ တောက်ပစွာ ပြုံးလိုက်သည်။
“သေချာတာပေါ့”
“ဟား အခုချက်ချင်း စကြရအောင် ဆရာ”
ဂျင်ဆိုဟွန်း၏ ပါးစပ်မှ ထွက်လာသော ဆရာဟူသော စကားလုံးမှာ ဗီယွန်းဂဲ၏ ခြောက်ကပ်နေသော နှလုံးသားကို ရေလောင်းချလိုက်သကဲ့သို့ ဖြစ်သွားသည်။
ငါ... ဆရာ တစ်ယောက်တဲ့လား...
တပည့်မွေးဖို့ စိတ်ကူးမရှိခဲ့ဘဲ သူခိုးသရဲတစ်ယောက်က ဘာတပည့်မွေးရမှာလဲဟု ပြောခဲ့ဖူးသည့် ဗီယွန်းဂဲပင်။
သို့သော် သူ၏ နှလုံးသား နက်ရှိုင်းသော နေရာတွင် တပည့်တစ်ယောက် ချန်ရစ်ခဲ့ချင်သည့် ဆန္ဒ
ရှိခဲ့ဖူးသည်။
ဆရာဟူသော စကားလုံးကြောင့် ဗီယွန်းဂဲမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
“ဒီဆရာကြီးကိုပဲ ယုံလိုက်စမ်း”
ဗီယွန်းဂဲ မသိခဲ့သည်မှာ မျက်ဝန်းများ ပိုမို ကြည်လင်နေလေလေ စစ်မှန်သော ရူးသွပ်မှုကို ပိုမို ဖုံးကွယ်ထားလေလေ ဖြစ်ကြောင်းပင်။
“ဒါဆို အခုချက်ချင်း စကြရအောင် ဆရာဘီ”
သုံးနှစ်သည် ဂျင်ဆိုဟွန်း မိသားစုနှင့် ဝေးကွာစွာ ဆရာနှစ်ဦးထံတွင် ကိုယ်ခံပညာ လေ့ကျင့်ခဲ့သည့် ကာလဖြစ်သည်။
ထိုကာလအတွင်း ရာသီဥတုတို့ ၁၂ ကြိမ်တိုင် တရွေ့ရွေ့ ပြောင်းလဲခဲ့ပြီး ဆရာနှစ်ဦး၏ ဆံပင်များမှာ ပိုမိုဖြူဖွေးလာကာ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။
“ဟူး...”
ဗီယွန်းဂဲ သက်ပြင်းချလိုက်သည်နှင့် ကန်ချွန်းကလည်း စောင့်နေသည့်အလား လိုက်၍ သက်ပြင်းချလိုက်သည်။
“ဟူးးးး...”
နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် အချင်းချင်း ကြည့်လိုက်ကြသည်။
“မင်းရောလား”
“ငါရောပဲ"
“သောက်ကျိုးနည်း...”
ပြီးခဲ့သည့် သုံးနှစ်အတွင်း ဆယ်နှစ်လောက် အိုမင်းသွားသည့်အလား မျက်နှာပေးဖြင့် ဆရာနှစ်ဦးက အချင်းချင်း နှစ်သိမ့်ပေးနေကြသည်။
“အခု ဘာကျန်သေးလဲ”
“အကုန် ကုန်ပြီ"
“မျှော်လင့်ထားတဲ့အတိုင်းပဲ...”
“အဲဒီကလေးက နတ်ဆိုးပဲ... သူက ကြယ်စုပ်တံခွန်ကို တတ်ထားသလား အောက်မေ့ရတယ်... ငါ့ရဲ့ ရွေ့လျားမှုနည်းပညာကို စုပ်ယူသွားတာ”
ဗီယွန်းဂဲမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
“ငါတို့ ဘာလုပ်ကြမလဲ”
“ငါလည်း မသိဘူး"
ကန်ချွန်းလည်း အဖြေကို မသိပေ။
သူ၏ လျှပ်ပြက်နယ်ပယ်ကိုပါ အကုန်စုပ်ယူခံလိုက်ရပြီး လက်တစ်ထောင်နယ်ပယ်သာ ကျန်တော့သည်။ ဤနှုန်းအတိုင်းဆိုပါက ကန်ချွန်းနှင့် ဗီယွန်းဂဲတို့၏ ကိုယ်ခံပညာများမှာ ဂျင်ဆိုဟွန်းဟု အမည်ရသည့် နတ်ဆိုး၏ ဝါးမြိုခြင်းကို မကြာမီ အပြီးအပြတ် ခံရတော့မည်ပင်။
“ဆရာတို့”
ထိုအချိန်တွင် အဝေးမှ ဂျင်ဆိုဟွန်း၏ အသံကို ကြားလိုက်ရသည်။
လန့်သွားသော ဗီယွန်းဂဲသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
“သူ လာနေပြီ”
“သောက်ကျိုးနည်း….ဒီနေ့ မင်းအလှည့်ဆိုတော့ မင်းပဲ သင်ပေးလိုက်”
“သေစမ်း”
ကြောက်ရွံ့မှုကြောင့် တုန်ရီနေသော ဆရာနှစ်ဦး၏ ရှေ့တွင် ဂျင်ဆိုဟွန်း ပေါ်လာသည်။
သူသည် ကျားတစ်ကောင်မျှ ကြီးမားလာသော ခေါင်းဆောင်ဝံပုလွေကို မြင်းတစ်ကောင်ကဲ့သို့ စီးလာသည်။
“ကောင်းတယ် အဝါကောင်လေး နံပါတ် ၁"
ခေါင်းဆောင်ဝံပုလွေ၏ ခေါင်းကို ချစ်စနိုး ပွတ်သပ်ရင်း ဂျင်ဆိုဟွန်း တောက်ပစွာ ပြုံးပြလိုက်သည်။
“ဆရာတို့ကို မတွေ့ရလို့ စိတ်ပူနေတာ။ အခု... စကြရအောင်လား”
ဆရာနှစ်ဦးသည် ကြောက်စိတ်ကို ဖိနှိပ်ထားရင်း တည်ငြိမ်သည့်အလား ပြုံးပြလိုက်သည်။
“ဟားဟား... သေချာတာပေါ့"
ကန်ချွန်း ခေါင်းညိတ်နေစဉ် ဗီယွန်းဂဲသည် ရုတ်တရက် အကြံတစ်ခု ရသွားပြီး စိတ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။
ကန်ချွန်း ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။
နည်းလမ်း ဘာလဲ၊ အမြန်ပြောစမ်း။
ဆရာသစ် တစ်ယောက်ရှာရင်ရော…..
ဆရာသစ် ဟုတ်လား။
ငါတို့ လုံးဝ မတူညီတဲ့ နယ်ပယ်က ဆရာတစ်ယောက်ကို ခေါ်လာမယ်လေ။ အဲဒီ နတ်ဆိုး... မဟုတ်ဘူး ဂျင်ဆိုဟွန်း သဘောကျမယ့် ဆရာတစ်ယောက်ပေါ့။
ဘယ်သူလဲ။
ငါ အခုပဲ သွားရှာလိုက်မယ်။ မင်းထက် ခြေမြန်တဲ့ ငါသွားတာ ပိုကောင်းတယ်။
ဟေ့ မင်း ထွက်ပြေးဖို့ ကြံနေတာလား။
ငါ့ကို ယုံပြီး စောင့်နေသမ်းပါ။
စိတ်အာရုံဖြင့် ပြောဆိုပြီးနောက် ဗီယွန်းဂဲက ဂျင်ဆိုဟွန်းထံ ချဉ်းကပ်သွားသည်။
“ဒီဆရာကြီး ဒီနေ့ လုပ်စရာရှိလို့ ခဏ ဆင်းသွားရဦးမယ်။ ဒီနေ့တော့ ဆရာကန်နဲ့ပဲ အတူနေလိုက်တော့"
“အာ တကယ်လား နားလည်ပါပြီ"
“ဟေ့ ဟေ့ ဗီယွန်းဂဲ”
ကန်ချွန်း မတားဆီးနိုင်ခင်မှာပင် ဗီယွန်းဂဲသည် တောင်အောက်သို့ အစွမ်းကုန် ပြေးဆင်းသွားသည်။
သူ၏ အရှိန်မှာ ဗဟိုမြေပြင်၏ နံပါတ်တစ် သူခိုးသရဲဟု ခေါ်ဆိုရလောက်အောင်ပင် မြန်ဆန်လှသည်။
“ဒါဆို... ဆရာ"
ကန်ချွန်းသည် ဂျင်ဆိုဟွန်းကို ငေးငိုင်စွာ ကြည့်နေမိသည်။
သူ့ကို ကြည့်နေသည့် ဂျင်ဆိုဟွန်းသည် ဝံပုလွေကျောပေါ်မှ ဆင်းလာပြီး သွားဖြဲ၍ ပြုံးလိုက်သည်။
“စကြရအောင်"
“ဟီးးး.ဟီးးး”
နောက်ဆုံးအကြိမ် ဘယ်အချိန်တုန်းက ဒီလောက်အမောခံပြီး ပြေးခဲ့ရသလဲဆိုတာကို သူ မမှတ်မိတော့ပေ။
ဗီယွန်းဂဲ အသက်ရှူမဝဘဲ ရောက်ရှိသွားသည့်နေရာမှာ ဂျင်မိသားစု၏ အိမ်တော်ပင်။ အချိန်မရှိသည့်အတွက် တံတိုင်းကို ခုန်ကျော်၍ ဂျင်အိမ်တော်အတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် တစ်နေရာမှ ထွက်ပေါ်လာသည့် ကြည်လင်သာယာသော (ဝါးပုလွေကြီးတီးခတ်သံကို ကြားလိုက်ရသည်။
“အဲဒီဘက်ကလား”
ပုလွေသံကြောင့် စိတ်လွင့်ပါးသွားသကဲ့သို့ ဖြစ်နေသည့် ဗီယွန်းဂဲသည် ပုလွေမှုတ်နေသည့် အမျိုးသမီးတစ်ဦးနှင့် ဂျင်ဇနီးမောင်နှံကို တွေ့လိုက်ရသည်။
“ဆရာကြီး”
ဗီယွန်းဂဲကို မြင်လိုက်ရသည့် ဂျင်ဆူမောက်သည် လက်နှစ်ဖက်ကို ယှဉ်ကာ ကြည်လင်စွာ ပြုံးပြလိုက်သည်။
“ဘာကိစ္စနဲ့များ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရောက်လာရတာလဲ”
ဂျင်ဆူမောက်၏ နှုတ်ဆက်စကားအပြီးတွင် ပုလွေကို ချလိုက်သည့် အမျိုးသမီးက ဗီယွန်းဂဲကို လှည့်ကြည့်သည်။
ဗီယွန်းဂဲက လေးစားစွာဖြင့် “ဒီအဖြူရောင် ဝါးပုလွေနဲ့ ထူးချွန်တဲ့ တီးခတ်မှုစွမ်းရည်ကို ကြည့်ရတာ။ ခင်ဗျားက နာမည်ကြီး ကောင်းကင်အသံ ပန်းတစ်ရာဖြစ်ရမယ်"
“ဟုတ်ပါတယ်။ ကျွန်မကို ရှက်စရာကောင်းအောင် ကောင်းကင်အသံ ပန်းတစ်ရာလို့ ခေါ်ကြတဲ့ အိုယိုရန် ပါ"
“ကျွန်တော်က ဗီယွန်းဂဲပါ"
“ဟိုးဟိုး... အရိပ်မဲ့သူခိုးသရဲကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"
ကောင်းကင်အသံ ပန်းတစ်ရာအိုယိုရန်သည် ပျော်ရွှင်နေသူကို မျက်ရည်ကျစေနိုင်ပြီး ဝမ်းနည်းနေသူကို ရယ်မောစေနိုင်ကာ ညှိုးနွမ်းနေသော ပန်းများကို ပြန်လည်ပွင့်လန်းစေနိုင်
သည့် အသံပညာ၏ ပိုင်ရှင်ဖြစ်သည်။
သူမ အသက် ခုနစ်ဆယ်နီးပါး ရှိပြီဟု ကြားသိရသော်လည်း အသက်ငါးဆယ်အရွယ်ခန့်ဟု ထင်ရလောက်အောင်ပင် နုပျိုမှုကို ထိန်းသိမ်းထားနိုင်သည်။
တောက်ပသော ဆံကေသာနှင့် တင်းရင်းသော အသားအရေတို့က သူမ၏ အတိတ်ကာလက တောက်ပခဲ့ပုံကို သက်သေပြနေသည်။
“ခင်ဗျားရဲ့ ပုလွေမှုတ်သံကို တစ်ခါလောက်တော့ ကြားဖူးချင်မိတယ်"
ဗီယွန်းဂဲက ယဉ်ကျေးစွာ ပြောလိုက်သောအခါ အိုယိုရန်က ကျယ်လောင်စွာ ပြုံးလိုက်သည်။
“ဒါဆိုရင် မိတ်သစ်ဆွေသစ် တွေ့ဆုံခြင်း အထိမ်းအမှတ်အဖြစ် ကျွန်မ တီးခတ်ပြပေးပါ့မယ်"
“ဂုဏ်ယူပါတယ်ဗျာ”
ကန်ချွန်းနှင့် ဂျင်ဆိုဟွန်းတို့ ရှိနေသည်ကို လုံးဝမေ့သွားသည့် ဗီယွန်းဂဲသည် ဂျင်ဇနီးမောင်နှံနှင့်အတူ အိုယိုရန်၏ ပုလွေတီးခတ်မှုကို ခံစားနေသည်။
တီးခတ်သံနှင့်အတူ ပေါင်းစပ်ပါဝင်လာသည့် သူမ၏ အတွင်းအားမှာ နားဆင်သူတို့ကို အလွန်ပင် စိတ်အေးချမ်းမှုနှင့် သက်သောင့်သက်သာ ဖြစ်စေသည်။ သူသာဆိုလျှင် အိုယိုရန်၏ တီးခတ်သံကို ထာဝရ နားဆင်နေချင်မိမည်ပင်။
အချိန်အတော်ကြာ တီးခတ်ပြီးနောက် ပုလွေသံ ငြိမ်းသွားသောအခါ ဂျင်ဇနီးမောင်နှံမှာ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။
“ကောင်းကင်အသံ ပန်းတစ်ရာရဲ့ တီးခတ်မှုက ရွှေတစ်ထောင်နဲ့တောင် ဖြတ်လို့မရဘူး ဆိုတာ အမှန်ပဲ”
ဂျင်ဆူမောက်က ကုန်သည်တစ်ယောက်၏ အမြင်ဖြင့် မှတ်ချက်ပေးသည်။
“တကယ်ကို လှပတဲ့ တီးခတ်မှုပါပဲ။ လှပတဲ့ ပန်းတွေ ပြည့်နှက်နေတဲ့ ဥယျာဉ်ထဲမှာ နားနေရသလိုမျိုး သက်သောင့်သက်သာ ဖြစ်စေတယ်"
ယူဆောဟွန်းကလည်း သူမ၏ ပန်းကို ချစ်မြတ်နိုးသည့် စိတ်ဖြင့် ချီးကျူးလိုက်သည်။
အိုယိုရန်က ခေါင်းညိတ်၍ ကျေးဇူးတင်ကြောင်း ပြသသည်။
သို့သော် ဗီယွန်းဂဲ၏ စိတ်ထဲတွင်မူ အခြားအရာတစ်ခု ရှိနေသည်။
ပုလွေ... အသံပညာ...
တွေးတောပြီးနောက် ဗီယွန်းဂဲသည် အိုယိုရန်ထံသို့ တိုးကပ်သွားသည်။
ရုတ်တရက် ချဉ်းကပ်လာသည့် ဗီယွန်းဂဲကို ကြည့်ပြီး အိုယိုရန်မှာ မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။
“ဘာကိစ္စရှိလို့လဲ”
“ရိုင်းတယ်လို့ ထင်ပါလိမ့်မယ် ဒါပေမဲ့ တစ်ခုလောက် မေးပါရစေ"
“ပြောပါရှင်"
“ဆရာမကြီးအိုဆီမှာ အသံပညာကို သင်ယူမယ်ဆိုရင် ဘယ်လောက်ကြာမလဲ”
ထူးဆန်းသည့် မေးခွန်းဖြစ်သော်လည်း အိုယိုရန်က ရိုးသားစွာ ဖြေသည်။
“အသံပညာပေါ်မှာ ထားတဲ့ ပါရမီအပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ပျမ်းမျှအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာပါတယ်။ အသံပညာဆိုတာ သင်ယူရတာ လွယ်ပေမဲ့ ကျွမ်းကျင်ဖို့က အရမ်းခက်ခဲပါတယ်"
အသံထဲသို့ အတွင်းအား ထည့်သွင်းခြင်းမှာ အလွန်ရှုပ်ထွေးလှသည်။ ထို့ကြောင့် အသံပညာကို စတင်သင်ယူသူ များသော်လည်း တတ်မြောက်သူမှာ နည်းပါးသည်။
“ပါရမီက အရမ်းထူးချွန်တယ်ဆိုရင်ကော”
“အင်း... ပါရမီ ဘယ်လောက်ပဲ ထူးချွန်ပါစေ အသံပညာကို ကာလတိုအတွင်းနဲ့တော့ ကျွမ်းကျင်ဖို့ မလွယ်ပါဘူး"
ဓားပညာ၊ လှံပညာများကဲ့သို့သော ပင်မပညာရပ်များမဟုတ်ဘဲ သီးသန့်ပညာရပ်တစ်ခု ဖြစ်
သည့်အတွက် အိုယိုရန်၏ အသံမှာ အနည်းငယ် တင်းမာသွားသည်။
ဗီယွန်းဂဲက ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်နဲ့အတူ တစ်နေရာရာကို လိုက်ခဲ့ပေးနိုင်မလား”
“ဘာကိစ္စလဲဆိုတာ အရင်ပြောမှ ဖြစ်မယ်"
အိုယိုရန်၏ အသံမှာ အေးစက်သွားသည်။
ဗီယွန်းဂဲသည် ဂျင်မိသားစုရှေ့တွင် ဂျင်ဆိုဟွန်းကို ထိန်းကျောင်းရ ခက်ခဲကြောင်း ပြောပြ၍ မဖြစ်ပေ။
“ကျွန်တော့်နောက်ကိုပဲ လိုက်ခဲ့ပေးလို့ မရဘူးလား”
“ရှင်က တကယ်ကို ရိုင်းစိုင်းတာပဲ။ အရိပ်မဲ့ သူခိုးသရဲက ဒီလောက်တောင် အကျင့်စာရိတ္တ မကောင်းမှန်း မသိခဲ့ဘူး"
ပြောပြီးနောက် အိုယိုရန်သည် ပုလွေကို ရင်ခွင်ထဲ ထည့်ကာ ထရပ်လိုက်သည်။
“ကျွန်မ သွားတော့မယ်။ ကံကြမ္မာပေးရင် နောက်တစ်ခါ ထပ်တွေ့ကြတာပေါ့"
“ဟုတ်ကဲ့ ဂရုစိုက်သွားပါ"
အိုယိုရန်သည် ဗီယွန်းဂဲကို စူးရဲစွာ ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။ ဗီယွန်းဂဲသည် ဂျင်ဇနီးမောင်နှံကို အရိုအသေပေးလိုက်သည်။
“ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်"
“ဘာမှမဖြစ်ပါဘူး"
ဂျင်ဆူမောက်က လက်ခါပြသည်။
“ဆရာမကြီးအိုက သဘောကောင်းပါတယ်။ နောက်တစ်ခါ အေးအေးဆေးဆေး စကားပြောကြည့်ပါဦး...”
“မဟုတ်ပါဘူး ကျွန်တော် နောက်တစ်ခါ ထပ်ပြီး ရိုင်းစိုင်းရတော့မှာမို့လို့ ကြိုတောင်းပန်တာပါ"
“ဟုတ်လား ဘာကို ပြောတာလဲ”
“တောင်းပန်ပါတယ်"
ဗီယွန်းဂဲသည် တောင်းပန်ပြီးနောက် ထွက်ခွာသွားသော အိုယိုရန်နောက်သို့ အမြန်ပြေးလိုက်သွားသည်။
သူ့ကို မြင်လိုက်ရသည့် အိုယိုရန်က “ရှင့်မှာ ဘာကိစ္စ ကျန်နေသေးလို့လဲ”
“ခွင့်လွှတ်ပေးပါ နောက်မှ အသေးစိတ် ရှင်းပြပါ့မယ်”
“ဘာ...”
အိုယိုရန် မပြောလိုက်ရမီမှာပင် ဗီယွန်းဂဲသည် အဝတ်စကြီးတစ်ခုဖြင့် သူမကို ရုတ်တရက် အုပ်လိုက်ပြီး ပခုံးပေါ် ထမ်းတင်လိုက်သည်။
“ဒီသောက်ကောင်ကတော့ ငါ့ကို လွှတ်စမ်း မင်းကို ငါသတ်ပစ်မယ်”
အဝတ်စအတွင်းမှ အိုယိုရန်၏ အော်ဟစ်သံနှင့် ခြိမ်းခြောက်သံများ ထွက်ပေါ်လာသော်လည်း ဗီယွန်းဂဲသည် မကြားယောင်ဆောင်ကာ ဂျင်အိမ်တော်၏ တံတိုင်းကို ခုန်ကျော်လိုက်သည်။
“ခဏလေးပဲ သည်းခံပေးပါ မကြာခင် ရောက်တော့မှာပါ”