အခန်း ၉
Vol. 1 Ch. 9
အခန်း။ ၉
“ပြစမ်း"
“ဟုတ်ကဲ့"
ဂျင်ဆိုဟွန်းသည် သူတတ်မြောက်ထားသမျှ ကောင်းကင်ဓားပျံဆယ်လက်ပညာရပ်ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ၏ လက်ထဲမှ ထွက်ခွာသွားသော ဓားပျံဆယ်လက်မှာ မယုံနိုင်လောက်သော အရှိန်ဖြင့် ပျံသန်းသွားပြီး ကောင်းကင်မှ ကျလာသော လက်သည်းခွံအရွယ် ကျောက်စရစ်ခဲအားလုံးကို တစ်လုံးမျှ မကျန် ပစ်ချလိုက်သည်။
ထို့နောက် ဂျင်ဆိုဟွန်းက ဓားပျံများကို ပြန်သိမ်းကာ ရှေ့တည့်တည့်သို့ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်သည်။
အပြာရောင် အလင်းတန်းများ လွှမ်းခြုံထားသော ဓားပျံသည် သစ်ပင်တစ်ပင်ကို ဖောက်ထွက်သွားသည်။ ထိုသစ်ပင်မှ မီးသွေးလောင်ကျွမ်းသည့် အနံ့များ ထွက်ပေါ်လာသည်။ ကိုယ်ခံပညာ သရုပ်ပြမှုကို အဆုံးသတ်လိုက်ပြီးနောက် ဂျင်ဆိုဟွန်းက ပုံမှန်မဟုတ်သော တည်ကြည်လေးနက်သည့် အသံဖြင့် ပြောသည်။
“အခုဆိုရင် လက်တစ်ထောင်နယ်ပယ်ပဲ ကျန်တော့တယ်"
လျှပ်ပြက်ပညာရပ်ကိုပင် တတ်မြောက်သွားသော ဂျင်ဆိုဟွန်း၏ စူးရဲသည့် အကြည့်ကြောင့် ကန်ချွန်းသည် သူ့ကို ပစ်ထားခဲ့ပြီး ထွက်ပြေးသွားသော ဗီယွန်းဂဲကို သတိရကာ ဒေါသထွက်လာသည်။
အဲဒီ ကြက်ခြေထောင်လိုကောင်စုတ်
ကန်ချွန်းသည် ဂျင်ဆိုဟွန်းကို ဘယ်လို စကားလွှဲရမလဲဟု စဉ်းစားနေစဉ် ဗီယွန်းဂဲက သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
“ဗီယွန်းဂဲ”
ကန်ချွန်းနှင့် ဂျင်ဆိုဟွန်းတို့၏ အကြည့်များ တစ်ပြိုင်တည်း ရောက်သွားသည်။
လေတိုက်သကဲ့သို့ ပေါ်လာသော ဗီယွန်းဂဲသည် သူတို့နှစ်ဦးရှေ့တွင် အထုပ်ကြီးတစ်ထုပ် ချလိုက်သည်။
“ဒါ ဘာလဲ”
ကန်ချွန်း၏ မေးခွန်းကြောင့် ဗီယွန်းဂဲက အထုပ်ကို ဖြေလိုက်ရာ စိတ်ရူးပေါက်နေသည့်အလား ဖြစ်နေသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
“အူးအူး”
တုန်ယင်နေသော ထိုအမျိုးသမီးသည် ချုံပုတ်ထဲသို့ ပြေးဝင်ပြီး အော့အန်လိုက်ကာ ဒေါသအပြည့်ဖြင့် ပြန်ထွက်လာသည်။
သူမ၏ နှုတ်ခမ်းကို လက်ဖြင့်သုတ်လိုက်သော အိုယိုရန်က အေးစက်စက် အသံဖြင့် ပြောသည်။
“ဗီယွန်းဂဲ... သူ ဘယ်မှာလဲ"
သူမ၏ အသံမှာ လှပသော်လည်း သူမ၏ ရည်ရွယ်ချက်မှာ သတ်ဖြတ်လိုစိတ် အပြည့်ပင်။
“ဒီမှာ...”
ကန်ချွန်းသည် ဗီယွန်းဂဲ ရပ်နေခဲ့သည့်နေရာကို ညွှန်ပြလိုက်သော်လည်း ထိုနေရာတွင် ဘယ်သူမှ မရှိတော့ပေ။
“... သူ ထွက်ပြေးသွားပုံပဲ"
“ဟုတ်လား ဒါဆိုရင် မင်းတို့ပဲ ပြောစမ်း။ ငါ ဘာလို့ ဒီနေရာ ရောက်နေတာလဲ”
သူမ၏ အကြည့်မှာ ထိလိုက်လျှင် လောင်ကျွမ်းသွားမည့်အလား ပူလောင်လွန်းလှသဖြင့် ကန်ချွန်း၏ နှုတ်ခမ်းတို့ ခြောက်သွေ့သွားသည်။
ဗီယွန်းဂဲ ဒီကောင်... အခုတော့ လူပါ ခိုးလာတာလား။
ဗဟိုမြေပြင်၏ နံပါတ်တစ် သူခိုးသရဲ ဆိုသည့်အတိုင်း တောင်ပေါ်မှ ဆင်းသွားသော ဗီယွန်းဂဲသည် လူတစ်ယောက်ကို ခိုးလာတာမဟုတ်ဘဲ ပြန်ပေးဆွဲလာခြင်းပင်။
အံ့အားသင့်နေသော ကန်ချွန်းက ခေါင်းနှင့် လက်တို့ကို တစ်ပြိုင်တည်း ဝှေ့ယမ်းလိုက်သည်။
“ကျ... ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး”
အိုယိုရန်၏ အကြည့်က သူ၏ဘက်သို့ ရောက်လာသောအခါ ဂျင်ဆိုဟွန်းက အမြန် အော်ပြောသည်။
“ကျွန်တော်နဲ့လည်း မဆိုင်ဘူး”
“ဟီးဟီးဟီး... ဗီယွန်းဂဲ... မင်း ငါ့ဆီကနေ ပုန်းကွယ်လို့ရမယ် ထင်နေရင်... မင်း မှားပြီ"
အိုယိုရန်သည် သူမ၏ ရင်ခွင်ထဲမှ ဝါးပုလွေကို ထုတ်ယူကာ တီးခတ်လိုက်သည်။
ပထမတော့ ကန်ချွန်းနှင့် ဂျင်ဆိုဟွန်းတို့သည် သူမ၏ အံ့ဩဖွယ် တီးခတ်မှုကြောင့် အံ့အားသင့်သွားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အသက်ပင် မရှူနိုင်တော့အောင် ဖြစ်လာသည်။
ဒါက... အသံပညာ အမြင့်ဆုံးအဆင့် အသံပညာပဲ
ကန်ချွန်းသည် သူ၏ အတွင်းအားကို မြှင့်တင်ကာ နားစည်ကို ကာကွယ်လိုက်သည်။
သေပါပြီ ဆိုဟွန်းရေ…..
ဂျင်ဆိုဟွန်းမှာ အသံပညာကို ဘယ်လို ကာကွယ်ရမည်ကို မသိသေးပေ။
နောက်ကျမှ သတိရလိုက်သည့် ကန်ချွန်းသည် သူ၏ လက်ဝါးတွင် အတွင်းအားများ ထည့်ကာ ဂျင်ဆိုဟွန်း၏ နားကို အမြန် ပိတ်လိုက်သည်။
အိုယိုရန်၏ တီးခတ်မှု အထွတ်အထိပ်သို့ ရောက်သည့်အခါ သစ်ပင်ပေါ်မှ လူတစ်ယောက် ပုံစံဖြင့် ပြုတ်ကျလာသည်။
“အားးးးးးး”
တည်ရှိမှုကို ဖုံးကွယ်ထားရင်း နားစည်ကို ကာကွယ်ဖို့ ပျက်ကွက်သွားသော ဗီယွန်းဂဲမှာ နာကျင်မှုကြောင့် လူးလိမ့်နေသည်။
အိုယိုရန်၏ တီးခတ်သံမှာ ရပ်မသွားဘဲ ပိုမို ပြင်းထန်လာသည်။
ဗီယွန်းဂဲ၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာသည်။
သေစမ်း ဒီအတိုင်းဆိုရင် အဲဒီ ကြက်ခေါင်းနဲ့ကောင် သေတော့မှာပဲ
ကန်ချွန်းသည် အတွင်းအားကို သုံးကာ အော်လိုက်သည်။
“မင်း ရှေ့မှာရှိနေတာက ဂျင်ဆူမောက်ရဲ့ သားပါ”
သူ၏ မိုးချုန်းသံကဲ့သို့ အော်သံကြောင့် အိုယိုရန် တီးခတ်မှုကို ရပ်လိုက်သည်။
သူမသည် မျက်လုံးများကို ပြူးကျယ်လျက် ကန်ချွန်း၏ ရင်ခွင်ထဲတွင် ရောက်နေသော ဂျင်ဆိုဟွန်းကို ငေးကြည့်လိုက်သည်။
“မင်း... မင်းက မိသားစုခေါင်းဆောင်ဂျင်ရဲ့ သားလား”
ကန်ချွန်းက လက်ကို ဖယ်ပေးလိုက်သောအခါ ဂျင်ဆိုဟွန်းက အမောတကောဖြင့် ဖြေသည်။
“ဟုတ်... ဟုတ်ပါတယ်"
“အာ….”
အိုယိုရန်သည် ဘာမှမဖြစ်ခဲ့သလို ချက်ချင်း ပြုံးလိုက်ကာ ဂျင်ဆိုဟွန်း၏ ပါးပြင်ကို ပွတ်သပ်ပေးသည်။
“နောက်ဆုံးတွေ့တုန်းကဆိုရင် လမ်းတောင် မလျှောက်တတ်သေးတဲ့ ကလေးလေးပါ... ဘယ်တုန်းက ဒီလောက်တောင် ကြီးသွားတာလဲ။ မင်းရဲ့ အမေလိုပဲ အရမ်းချောတာပဲ”
နူးညံ့စွာ ပွတ်သပ်ပေးနေသည့် အိုယိုရန်၏ လက်အောက်တွင် ဂျင်ဆိုဟွန်းက ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
“ဟီး...”
“ဒါပေမဲ့... ဘာလို့ အဲဒီ သူခိုးက ဆိုဟွန်းနဲ့ အတူရှိနေတာလဲ”
အိုယိုရန်၏ စူးရဲသော အကြည့်က ဗီယွန်းဂဲဘက်သို့ ရောက်သွားသောအခါ ကန်ချွန်းက အမြန် ပြောလိုက်သည်။
“ကျွန်တော်က ကန်ချွန်းပါ။ ပြီးတော့... အဲဒီကောင်နဲ့ ကျွန်တော်က ဆိုဟွန်းကို ကိုယ်ခံပညာ သင်ပေးနေတာပါ"
“ကိုယ်ခံပညာ”
အိုယိုရန်သည် မမြင်သင့်တာကို မြင်လိုက်ရသည့်အလား ဗီယွန်းဂဲကို စူးရဲစွာ ကြည့်သည်။
“အဲဒီ သောက်ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ သူခိုးက ဆိုဟွန်းကို ကိုယ်ခံပညာ သင်ပေးနေတယ် ဟုတ်လား”
“အင်း... ဗီယွန်းဂဲရဲ့ စရိုက်က ဒီလိုမျိုး ဖြစ်ပေမဲ့ သူရဲ့ ရွေ့လျားမှုနည်းပညာက တော်တော်ကောင်းပါတယ်"
“...”
အိုယိုရန်ပင်လျှင် ထိုစကားကို ငြင်းဆန်ဖို့ ခက်ခဲနေသည်။
ဗီယွန်းဂဲ၏ အရှိန်ကို မမီနိုင်၍ ပြန်ပေးဆွဲခံလိုက်ရသည့် ရှက်ဖွယ်ကောင်းသော အဖြစ်ကို သူမ ခံစားခဲ့ရခြင်းပင်။
“ကျွန်မ လက်မခံနိုင်ဘူး။ ဆရာဆိုတာ တပည့်ရဲ့ လမ်းကြောင်းကို လမ်းညွှန်ပေးတဲ့ မှတ်တိုင်တစ်ခုပဲ။ ဒီလို လူမိုက်လို သူခိုးတစ်ယောက်က ဆိုဟွန်းရဲ့ ဆရာ ဖြစ်ရမယ်ဆိုတာ ဟွန်း လုံးဝ မဖြစ်နိုင်ဘူး”
“ဘယ်သူ ဘာပြောပြော... ဂျင်ဆိုဟွန်းက... ဒီဆရာကြီးရဲ့ နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းရဲ့ ဆက်ခံသူပဲ”
“နံပါတ်တစ် အရိပ်မဲ့... ဘာပြောလိုက်တယ်”
“နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်း”
“ဘယ်လောက်တောင် ထူးဆန်းတဲ့ နာမည်လဲ... ဘာပဲဖြစ်ဖြစ် မရဘူး။ ဆိုဟွန်း မင်း ဒီလိုလူမျိုးဆီက ပညာကို သင်ချင်မှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား ဟုတ်တယ်မလား”
အိုယိုရန်၏ ပါးစပ်က ပြုံးနေသော်လည်း သူမ၏ အကြည့်မှာ အလွန်ပင် ပူလောင်နေသည်။ သို့သော် ဂျင်ဆိုဟွန်းက ခေါင်းကို ခါလိုက်သည်။
“ကျွန်တော် ဆရာကြီးဗီဆီကပဲ ခြေလှမ်းပညာကို သင်ရပါမယ်"
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့... ကျွန်တော့်ရဲ့ သင်ယူမှုက မပြီးသေးလို့ပါ"
ဂျင်ဆိုဟွန်း၏ စကားတစ်ခွန်းက တပည့်ထံမှ ထွက်ပြေးနေကြသည့် ဆရာနှစ်ဦး၏ နှလုံးသားကို ထိမှန်သွားသည်။
အထူးသဖြင့် အိုယိုရန်၏ အပြစ်တင်ခြင်းကို ခံလိုက်ရသော ဗီယွန်းဂဲမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရတော့သည်။
“ငါ့တပည့်လေး...”
ဗီယွန်းဂဲမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် မျက်ရည်ပင် ကျလာသည်။
“ငါ့တပည့်လေး”
“ဆရာ”
စိတ်လှုပ်ရှားနေသော ဆရာနှင့်တပည့်မှာ တစ်ဦးကိုတစ်ဦး ပြေးဖက်လိုက်ကြသည်။
“ငါ့မှာရှိသမျှ အကုန်လုံးကို မင်းကို အသေအချာ သင်ပေးမယ်”
“ဒါဆို အခုချက်ချင်း အမြင့်ဆုံးသူ လမ်းမလျှောက်တဲ့ ပညာကို သင်ပေးမှာပေါ့နော်”
“သေချာတာပေါ့”
တစ်ဦးကိုတစ်ဦး ရင်းနှီးစွာ ဖက်တွယ်နေကြသော ထိုနှစ်ဦးကို ကြည့်ရင်း အိုယိုရန်၏ စိတ်မှာ ရှုပ်ထွေးသွားသည်။
“ဆိုဟွန်းဆိုတာ စာရွက်တစ်ရွက်ပါ။ ငါတို့လို သာမန်လူတွေက ဘယ်လောက်ပဲ ကြိုးစားဖြည့်စွက်ပါစေ မပြည့်နိုင်တဲ့ သန့်ရှင်းကျယ်ဝန်းတဲ့ စာရွက်တစ်ရွက်ပါ"
“... ဘာကို ဆိုလိုတာလဲ”
“ဆိုဟွန်းက ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေလို့ပါ"
ကန်ချွန်း၏ စကားကြောင့် အိုယိုရန်၏ မျက်ဝန်းများ တုန်ရီသွားသည်။
“ကျွန်တော် ကျိန်ပြောရဲပါတယ်။ ဆယ်နှစ်အတွင်းမှာ ဆိုဟွန်းက ဗဟိုမြေပြင်မှာ နာမည်ကြီးလာလိမ့်မယ်။ နောက်တော့ ကောင်းကင်အောက်မှာ နံပါတ်တစ် ဖြစ်လာပြီး ဗဟိုမြေပြင်ကို ငြိမ်းချမ်းစွာ ကာကွယ်ပေးပါလိမ့်မယ်။ ဒါကြောင့် ဗီယွန်းဂဲနဲ့ ကျွန်တော်က အဲဒီကလေးရဲ့ လမ်းကြောင်းမှာ တစ်ဖက်တစ်လမ်းက အကူအညီ ဖြစ်အောင် ကြိုးစားနေတာပါ"
“...”
“အခု ငါတို့ရဲ့ စေတနာကို နားလည်ပြီလား”
“ဒါဆိုရင် ကျွန်မကို ဒီနေရာ ခေါ်လာတာကလည်း... ဆိုဟွန်းကို အသံပညာ သင်ပေးစေချင်လို့ပေါ့”
“ခေါ်လာတဲ့နည်းကတော့ နည်းနည်းရိုင်းသွားသလို ဖြစ်နေပေမဲ့ ကျွန်တော်တို့ရဲ့ စေတနာကတော့ ရိုးသားပါတယ်။ ကောင်းကင်အသံ ပန်းတစ်ရာရဲ့ အသံပညာဆိုရင်... ကျွန်တော်တို့ ယုံကြည်လို့ ရတယ်မဟုတ်လား"
ခဏတာ မျက်လုံးမှိတ်ကာ စဉ်းစားနေသည့် အိုယိုရန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
“ကောင်းပြီ။ ကျွန်မရဲ့ အသံတစ်သောင်းဖန်ဆင်း အမြင့်ဆုံးပန်းသံပညာကို သင်ပေးပါ့မယ်"
“နာမည်က ဒီလောက် ရှည်တာလား”
“မဟုတ်ပါဘူး။ ဒီနာမည်ကိုတော့ အခုမှ အမည်ပေးလိုက်တာ။ အဲဒီ သောက်ကျင့်မကောင်းတဲ့ကောင်ရဲ့ ခြေလှမ်းပညာက နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းဆိုတော့ ငါ့ရဲ့ အသံပညာက သူ့ထက် နာမည်တိုလို့ မဖြစ်ဘူးလေ"
နာမည်ရှည်လေ ကိုယ်ခံပညာက တန်ဖိုးနည်းလေဟု တွေးကာ ဗီယွန်းဂဲ၏ နာမည်ကို လှောင်ပြောင်နေခဲ့သည့် ကန်ချွန်းမှာ ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားလာသည်။
ဂျင်ဆိုဟွန်းတစ်ယောက် နံပါတ်တစ် အရိပ်မဲ့ နတ်ခြေလှမ်းကို သုံးရင်း အသံတစ်သောင်းဖန်ဆင်း အမြင့်ဆုံးပန်းသံပညာကို ပုလွေနဲ့ တီးခတ်နေသည်ကို မြင်ယောင်လိုက်သောအခါ သူ၏ ကောင်းကင်ဓားပျံဆယ်လက်မှာ အလွန် သနားစရာကောင်းနေသလို ခံစားလိုက်ရသည်။
“အင်း... ငါ့ရဲ့ ကိုယ်ခံပညာ နာမည်ကိုရော ပြောင်းလိုက်ရမလား...”
အခြားတစ်ဖက်တွင် ကန်ချွန်း၏ စိုးရိမ်မှုများမှာ ပိုမို နက်ရှိုင်းလာတော့သည်။
“သေစမ်း အိုယိုရန် မင်း ငါ့တပည့်ကို ဘာတွေ သင်ပေးနေတာလဲ”
“ဆိုဟွန်းက ငါ့တပည့်လည်း ဖြစ်တာပဲ။ ပြီးတော့ ဆိုဟွန်းမှာ ဘာဖြစ်နေလို့လဲ”
“မင်း အဲဒီ အသံတွေကို ကြားပြီး ဘာမှ မဖြစ်ဘူးလား”
“...”
အမှန်တော့ အိုယိုရန်မှာ အလွန် အကျပ်ရိုက်နေသည်။
ဝါးပုလွေတစ်လက်မှ ထွက်လာသည်ဟု မယုံကြည်နိုင်လောက်အောင်ပင် ထူးဆန်းပြီး တစ္ဆေအော်သံကဲ့သို့ပင် ဖြစ်နေသည်။
ဆိုဟွန်းက နားကန်းနေလိမ့်မယ်လို့ မထင်ထားမိဘူး။
ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်ဟု ရဲရဲဝံ့ဝံ့ ကြွေးကြော်ပြီး ဆရာနှစ်ဦးကို ဝါကြွားခဲ့သည့် အိုယိုရန်မှာ မြေကြီးထဲ ဝင်ပုန်းချင်စိတ်ပင် ပေါက်လာသည်။
ဆိုဟွန်းက ဘယ်တုန်းကမှ ဂီတကို မသင်ဖူးသေးတာ... သူ ကောင်းကောင်း သင်နိုင်ပါ့မလား။
ဟွန်း သေချာကြည့်။ မကြာခင်မှာ ဆိုဟွန်းက သေနေတဲ့ ပန်းတွေတောင် ပြန်ပွင့်လာအောင် တီးခတ်ပြလိမ့်မယ်။
အမှန်တကယ်တော့ ဂျင်ဆိုဟွန်းသည် သေနေသော ပန်းများကို မပွင့်စေနိုင်ပေ။
အသက်ရှင်နေသော ပန်းများကိုသာ သတ်ပစ်နိုင်သည်။
ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီး ပညာရပ်များကို ရေမြှုပ်ကဲ့သို့ စုပ်ယူနိုင်သော ဂျင်ဆိုဟွန်းမှာ တေးဂီတနှင့် ပတ်သက်လာလျှင် အလွန်ပင် ညံ့ဖျင်းလှသည်။
သူ ပထမဆုံး ပုလွေမှုတ်လိုက်သည့်အချိန်တွင်ပင် အိုယိုရန် တစ်စုံတစ်ခု မှားနေကြောင်း သိလိုက်ရသည်။
အသံတွေ မှားနေတာလား လက်ကွက် မှားနေတာလား
လက်ကွက် မမှားဘူး ဒါဆို အသက်ရှူနည်း မှားနေတာလား။
အပြင်ပန်းကကြည့်ရင် အသက်ရှူနည်းလည်း မမှားပါဘူး။ ဒါပေမဲ့ ဘာလို့လဲ။
စီးး…ရရ
ဂျင်ဆိုဟွန်း တီးခတ်လိုက်သော ပုလွေသံမှာ ဖော်ပြ၍မရလောက်အောင်ပင် နားမခံသာသော အသံမျိုး ဖြစ်လာသည်။
ဂျင်ဆိုဟွန်း၏ အစောင့်အဖြစ် အမြဲ ရှိနေတတ်သည့် ခေါင်းဆောင်ဝံပုလွေ အဝါကောင်လေး နံပါတ် ၁ပင်လျှင် ရွံရှာလွန်း၍ မီတာရာချီဝေးရာသို့ ထွက်ပြေးသွားရသည်။
သို့သော် ပို၍ ဆိုးရွားသော ပြဿနာမှာ “အဟမ်း ဒါကတော့...”
ဂျင်ဆိုဟွန်းကိုယ်တိုင်က သူ၏ တီးခတ်မှုကို အလွန် အားရကျေနပ်နေခြင်းပင်။
ဘာမှားနေလဲဆိုတာ သိမှ ပြင်လို့ရမှာလေ။
အိုယိုရန်ပင် မူးဝေလာသည်။
“ဆိုဟွန်း"
“ဟုတ်”
“အဲ... မင်း အရင်က သီချင်းဆိုဖူးလား”
“ပျော်စရာအနေနဲ့ တစ်ခါတော့ ဆိုဖူးတယ်"
“တကယ်လား မင်းဆိုတာကို တခြားသူတွေ ကြားဖူးလား”
“အင်း... စီးယု ဆိုတဲ့ အစေခံမလေး ကြားဖူးတယ်"
“သူမ ဘာပြောလဲ”
“မသိဘူး။ အဲဒီအချိန်က စီးယု နားထဲကနေ သွေးတွေ ထွက်လာလို့ ဘာမှ ကောင်းကောင်း မပြောနိုင်လိုက်ဘူး"
“အင်း...”
အိုယိုရန်မှာ စီးယုဆိုသည့် အစေခံမလေးအတွက် အကြောင်းရင်းမဲ့စွာဖြင့် သနားမိသည်။
“ကျွန်တော်က... အသံပညာမှာ ပါရမီ မပါဘူးလား ဆရာမ”
ဂျင်ဆိုဟွန်း၏ မျက်ဝန်းထောင့်များ စူပုပ်သွားသည်။
“မ... မဟုတ်ပါဘူး ဘာလို့ အဲဒီလို တွေးတာလဲ”
“မနေ့ညက ဆရာမ သင်ပေးတဲ့သီချင်းကို ကျွန်တော် ကျင့်ကြည့်တယ်။ ဒါပေမဲ့ ဆရာဘီ ရောက်လာပြီး ညဘက် ပုလွေမမှုတ်ဖို့ အတင်း တောင်းပန်နေလို့... သူ့ကို တစ်ခါလောက် သနားပေးဖို့ တောင်းဆိုခဲ့တယ်"
စိတ်ဓာတ်ကျကာ ပုခုံးများ ရွက်ကျနေသည့် ဂျင်ဆိုဟွန်းကို ကြည့်ရင်း အိုယိုရန်၏ နှလုံးသားမှာ ပေါက်ထွက်မတတ် ဖြစ်လာသည်။
“ဆိုဟွန်း။ ဆရာမ ပြောတာကို သေချာ နားထောင်ပါ"
“ဟုတ်ကဲ့ ဆရာမ"
“တခြား ကိုယ်ခံပညာနဲ့ အသံပညာရဲ့ အကြီးမားဆုံး ကွာခြားချက်က ဘာလဲဆိုတာ သိလား”
“မသိပါဘူး"
“အဲဒါက... အသံပညာမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်း မရှိဘူး ဆိုတာပဲ။ ဓားပညာ၊ လက်သီးပညာ၊ ခြေလှမ်းပညာ အားလုံးမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေ ရှိတယ်။ ဓားကို ဘယ်လို လှုပ်ရမယ်။ ခြေလှမ်း ဘယ်လောက် လှမ်းရမယ်ဆိုတာတွေ ရှိတယ်။ ဒါပေမဲ့ အသံပညာက အဲဒီလို မဟုတ်ဘူး"
အိုယိုရန်၏ နူးညံ့သော လက်ဖဝါးမှာ ဂျင်ဆိုဟွန်း၏ ခေါင်းပေါ်တွင် တင်လိုက်သည်။
“အသံပညာကို သင်ယူသူတိုင်းက ကိုယ်ပိုင် အသံတွေ ထွက်လာကြတယ်။ သေချာ နားထောင်ကြည့်ရင် အသံတိုင်းက မတူကြဘူး။ တူတယ်လို့ ထင်ရရင်တောင် မင်းမှာ မင်းရဲ့ ကိုယ်ပိုင် အသံ ရှိတယ်"
“ဒါဆို ကျွန်တော် မှားနေတာ မဟုတ်ဘူးပေါ့”
“ဟုတ်တယ်။ ဒါကြောင့် မှတ်ထားပါ။ မင်းမှာ အိုယိုရန်ရဲ့ အသံပညာမရှိဘူး၊ ဂျင်ဆိုဟွန်းရဲ့ အသံပညာပဲ ရှိတယ်"
“ဟုတ်ကဲ့ မှတ်ထားပါ့မယ်”
မင်း သေချာ မှတ်ထားဖို့ လိုတယ်နော်။
အိုယိုရန် ကြောက်လန့်နေမိသည်။
တစ်နေ့နေ့မှာ ဂျင်ဆိုဟွန်းက ကမ္ဘာလောကကြီးထဲကို ထွက်သွားပြီး သူ့ရဲ့ ဝါးပုလွေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တီးခတ်မှုမျိုးကို လူအများရှေ့မှာ ဖျော်ဖြေမိရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့ သူ့ဆရာက ကောင်းကင်အသံ ပန်းတစ်ရာအိုယိုရန် ငါ ဖြစ်မှန်းသာ လူသိသွားရင် ဘယ်လောက်တောင် ပွက်လောရိုက်သွားမလဲ။
အိုယိုရန်အား ကောင်းကင်အသံ ပန်းတစ်ရာဟု မခေါ်တော့ဘဲ တစ္ဆေအော်သံ သူတော်စင်ဟုပင် အမည်တွင်သွားနိုင်သည်။
အဲဒီလို လုံးဝ မဖြစ်ရဘူး။
အိုယိုရန်၏ နဖူးပေါ်တွင် အကြောများပင် ထောင်လာသည်။
“ဆိုဟွန်း မင်း သေချာ မှတ်ထား မင်းရဲ့ အသံပညာက မင်းရဲ့ ကိုယ်ပိုင်အသံပဲ”
အိုယိုရန်၏ အတွေးကို ဘာမှမသိရှာသော ဂျင်ဆိုဟွန်းက တောက်ပစွာ ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့”
ဆရာမထံမှ အသိဉာဏ်သစ်ကို ရရှိလိုက်သည့် ဂျင်ဆိုဟွန်းသည် သူ၏ အပျင်းပြေရာ နောက်တောင်သို့ သွား၍ ပုလွေကို ထပ်မံ ကိုင်လိုက်သည်။
“ကျွန်တော်က ပုလွေမှုတ်ရာမှာ ပါရမီပါတာကို အခုမှ သိတော့တယ်"
အိုယိုရန် သို့မဟုတ် ဗီယွန်းဂဲသာ ကြားလိုက်ပါက ချက်ချင်း သွေးအန်ပြီး လဲကျသွားမည့် စကားဖြစ်သော်လည်း ဂျင်ဆိုဟွန်းကတော့ ပျော်ရွှင်နေသည်။
“ဒါထက် ပိုသက်သောင့်သက်သာ ဖြစ်တဲ့ ဝါသနာဆိုတာ မရှိတော့ပါဘူး"
ပုလွေမှုတ်ခြင်းသည် လှဲလျောင်းရင်းပင် ပြုလုပ်နိုင်သည့် ဝါသနာဖြစ်သောကြောင့် အပျင်းကြီးသော ဂျင်ဆိုဟွန်းအတွက် အလွန်ပင် သင့်လျော်သည်။
ဂျင်ဆိုဟွန်းသည် သူ ကြည့်ထားသည့် ကျောက်ပြားပေါ်တွင် လှဲချလိုက်ပြီး ပုလွေကို မှုတ်လိုက်သည်။
စီးးးးးးး…ကွီ……….
“ဟာ...”
စီးယုသည် နွေဦးရာသီ၏ လတ်ဆတ်သော နေရောင်ခြည်အောက်တွင် အတွေးလွန်နေသည်။ သခင်လေးကို မတွေ့ရသည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပြီး သူမသည်လည်း သက်သောင့်သက်သာ ဘဝမျိုးကို ပိုင်ဆိုင်နေသည်။
ပုံမှန်ဆိုပါက မိသားစုခေါင်းဆောင်က သူမကို အလုပ်ခိုင်းနေလောက်ပြီ ဖြစ်သော်လည်း ဂျင်မိသားစုတွင် စီးယုကို ဘာမှပြောရဲသူ မရှိသလောက်ပင်။
ကောင်းကင်အောက် အပျင်းဆုံးသခင်လေးဂျင်ဆိုဟွန်းကို တစ်စုံတစ်ရာ မညည်းညူဘဲ ပြုစုခဲ့ရသည့် သူမအား အားလပ်ရက် အနည်းငယ်ပေးခြင်းမှာ ထိုက်တန်သည်ဟု လူတိုင်းက ယူဆကြသည်။
သို့သော် ဤနေရာတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေ၏။
ဟီးဟီး... သခင်လေး ဂျင်လောက် ပြုစုရလွယ်တဲ့သူ ဒီလောကမှာ မရှိတော့ဘူး။
စဉ်းစားကြည့်ရင် ဒါက သဘာဝပဲလေ။ လှုပ်တောင် မလှုပ်တဲ့သူတစ်ယောက်ကို ပြုစုရတာ ဘယ်လောက်များ ခက်ခဲလို့လဲ။
သို့သော် စီးယုသည် လိမ္မာပါးနပ်စွာဖြင့် မရှိသောအခက်အခဲများကို ဟိုလူ့ပြော ဒီလူ့ပြောနှင့် ဟောပြောနေခဲ့သည်။
သခင်လေးက ဒီနေ့ အစားအသောက်ကို ထပ်ပြီး မကြိုက်ဘူးတဲ့...
သခင်လေးက ဒီနေ့ ဝတ်စုံကို မကြိုက်ဘူးတဲ့... အသစ်သွားဝယ်ရဦးမယ်...
ဟူး... သခင်လေးက ဦးလေးယူရဲ့ ဥယျာဉ်ထဲက အသီးမှလွဲရင် ဘာမှမစားဘူးတဲ့... အခုပဲ သွားယူပေးလိုက်ဦးမယ်။
ထိုသို့သော စီးယုကို လူများက သနားကြသည်။
အမှန်တော့ ဂျင်ဆိုဟွန်းက ငြိမ်သက်စွာ လှဲလျောင်းနေရုံသာ ဖြစ်သည်။
“ဟီး... သခင်လေး ပြန်ရောက်မလာခင်အထိ ဒီအချိန်လေးကို အများကြီး ခံစားထားမှပဲ"
စီးယု လှဲလျောင်းနေစဉ် ဆုန်ယီနှင့် ချုံယီတို့ ရောက်လာသည်။
“စီးယု မင်း အဲဒီသတင်းကို ကြားပြီးပြီလား”
“ဘာသတင်းလဲ”
“သခင်လေး လေ့ကျင့်နေတဲ့ တောင်နားမှာ တစ္ဆေအော်သံ တောအုပ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ တောအုပ်တစ်ခု ပေါ်လာတယ်တဲ့”
“ဘာကို ပြောတာလဲ”
“သုံးရက်တစ်ခါ ညဆိုရင် တစ္ဆေအော်သံတွေ ကြားရတယ်တဲ့။ အသံက အရမ်းဆိုးဝါးလွန်းလို့ ပတ်ဝန်းကျင်က သစ်ပင်အိုတွေတောင် ညှိုးနွမ်းသွားပြီး မြက်ပင်တစ်ပင်တောင် မပေါက်တော့ဘူးတဲ့”
“ဒီလောကကြီးမှာ ဘယ်က တစ္ဆေ ရှိမှာလဲ”
“တကယ်ပါဆို တစ္ဆေ ဟုတ်မဟုတ် သွားကြည့်တဲ့ ဂျန်ဂါဆိုရင် တစ္ဆေအော်သံ တကယ်ကြားပြီး ကြောက်လွန်းလို့ ပြေးရင်း ခြေထောက် ကျိုးသွားခဲ့တာ”
စဉ်းစားကြည့်လျှင် ဂျန်ဂါသည် မကြာသေးမီကမှ ခြေထောက်တွင် ဆေးပတ်တီးနှင့် ရောက်လာခဲ့သည်။
သူမက ဂျန်ဂါ အမြဲတမ်းလိုလို ပြေးလွှားတတ်သူမို့ လဲကျတာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အခုတော့ မဟုတ်မှန်း သိလိုက်ရသည်။
“တွေ့လား ကြောက်စရာ မကောင်းဘူးလား”
“ကြ... ကြောက်စရာ ကောင်းလိုက်တာ”
“မင်း တကယ်ပဲ လုံးဝ မကြောက်ဘူးလား”
“အင်း။ လုံးဝ မကြောက်ပါဘူး...”
“အားးးးး”
“အားးးးး”
ဆုန်ယီ ရုတ်တရက် အော်လိုက်သောအခါ စီးယုမှာ ထခုန်မိသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး အစေခံမလေးနှစ်ယောက်မှာ ရယ်မောရင်း ပြေးထွက်သွားကြသည်။
“သူမ ကြောက်သွားပြီ”
“မကြောက်တဲ့အတိုင်း ဟန်ဆောင်နေတဲ့ သူရဲဘောကြောင်တဲ့သူ”
သူမကို နောက်ပြောင်သွားသူများကို စီးယုက စူးရဲစွာ ကြည့်လိုက်ပြီး အဝေးရှိ တောင်ကို ငေးကြည့်လိုက်သည်။
“ဒီလောကမှာ တစ္ဆေဆိုတာ မရှိဘူး ဟွန်း”
ထူးဆန်းသော အအေးဓာတ်ကို ခံစားမိသဖြင့် စီးယု တစ်ကိုယ်လုံး တုန်ရီသွားသည်။
ဆောင်းလေက မကုန်သေး၍ ဖြစ်လိမ့်မည်ဟု သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
“ဟူး…ရဟူးး”
ကောင်မလေးတစ်ယောက်သည် နှင်းများ မကျွမ်းသေးသော တောင်ခြေတွင် ခြေဗလာဖြင့် ပြေးလွှားနေသည်။ သူမ၏ ခြေဖဝါးမှ သွေးများ စီးကျနေသော်လည်း သူမ မရပ်နိုင်ပေ။
“ဒီလောက်တောင် ဝေးနေပြီလား...”
အဝေးမှ အေးစက်စက် သတ်ဖြတ်လိုစိတ်ကို သူမ ခံစားလိုက်ရသည်။
ထွက်ပြေးစရာ နေရာရှာနေစဉ် သူမသည် အခြားတောင်များနှင့် မတူဘဲ သေဆုံးနေသကဲ့သို့ မည်းနက်နေသော တောအုပ်တစ်ခုကို တွေ့လိုက်ရသည်။
ကြောက်စိတ်များ ပိုမို ကြီးထွားလာသော်လည်း သူမသည် ထိုမည်းနက်သော တောအုပ်ဆီသို့ ခြေလှမ်းလှည့်လိုက်သည်။
“ဒီနေရာဆိုရင်တော့...”
သူမ မသိသည်မှာ သူမ ရွေးချယ်လိုက်သော တောင်က သုံးရက်တစ်ခါ တစ္ဆေအော်သံ ကြားရသည်ဆိုသော တစ္ဆေအော်သံ တောအုပ်ဖြစ်ကြောင်းပင်။