အခန်း ၁၀
Vol. 1 Ch. 10
အခန်း။ ၁၀
ကလေးတစ်ယောက်ဟုပင် ထင်မှတ်ရလောက်အောင် အရပ်ပုလွန်းသော အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် မြေပြင်မှ ထလိုက်သည်။
“ခြေရာတွေက ဒီဘက်ကို ဦးတည်နေတယ်"
သူ ညွှန်ပြသည့်နေရာတွင် ကောင်မလေး၏ ခြေရာများမှာ ဝါးတားဝါးတား ကျန်ရစ်နေသည်။ အမည်းရောင်ဝတ်စုံနှင့် လူခြောက်ယောက် ရပ်တန့်လိုက်သည့်နေရာမှာ မကြာသေးမီက သုံးရက်တစ်ခါ တစ္ဆေအော်သံများ ကြားရတတ်၍ တစ္ဆေအော်သံ တောအုပ်ဟု အမည်တွင်ထားသော ထိတ်လန့်ဖွယ်ကောင်းသည့် တောင်တစ်ခုပင်။
“သူမက အဖြူရောင်လနတ်မင်းကြီးရဲ့ သမီးတော် တကယ်ပဲလား”
သူတို့ အဖြူရောင်လနတ်မင်းကြီး၏ ဒုတိယသမီးတော် ချွန်ယူဆင်၏ သမီးကို လိုက်လံရှာဖွေနေသည်မှာ လေးရက်မြောက်ရှိပြီဖြစ်သည်။ မူလအစီအစဉ်အရဆိုလျှင် ချွန်ယူဆင်၏သမီး ချွန်ယဲရန်းကို ပြန်ပေးဆွဲပြီး အိမ်တော်သို့ ပြန်ရောက်နေရမည် ဖြစ်သော်လည်း ရန်သူတို့၏ အလစ်အငိုက် တိုက်ခိုက်မှုကို သတိပြုမိသွားသော ချွန်ယဲရန်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အသက် ဆယ်နှစ်သာ ရှိသေးသော ကလေးမလေး ဖြစ်သော်လည်း ချွန်ယဲရန်းသည် ခြေရာမကျန်စေရန် ခြေညှပ်ဖိနပ်ကိုပင် ချွတ်ထားခဲ့သည်။
ထိုအချက်ကြောင့် အမည်းရောင်ဝတ်စုံနှင့် လူများမှာ သူမ၏ အားပျော့သော ခြေရာများကို လိုက်ရှာရင်း အချိန်ကုန်ခဲ့ရသည်။
“သခင် အဆင်ပြေပါ့မလား ငှက်ငယ်လေးက ဒီနေရာကို ရွေးချယ်ရတဲ့ အကြောင်းရင်းတစ်ခုတော့ ရှိမှာပဲ"
“ဒီမစ်ရှင် မအောင်မြင်လို့ မဖြစ်ဘူး။ ငှက်ငယ်လေးကို ချက်ချင်း လိုက်ဖမ်းစမ်း"
ချွန်ယဲရန်း၏ လျှို့ဝှက်ကုဒ်နံမည်ဖြစ်သော ငှက်ငယ်လေးကို လိုက်လံရှာဖွေရင်း အမည်းရောင်ဝတ်စုံနှင့် လူများမှာ တစ္ဆေအော်သံ တောအုပ်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် တောအုပ်ထဲသို့ သူတို့ထက် အရင်ရောက်နှင့်နေသော ချွန်ယဲရန်းသည် အသက်ကို အောင့်ထားရင်း အနက်ရောင်မြေပြင်ပေါ်တွင် ပေါ်ထွက်နေသော လူ့အရိုးကဲ့သို့ ပုံစံရှိသည့် သစ်ပင်အမြစ်ခြောက်အောက်တွင် ပုန်းအောင်းနေသည်။
ငါ မှားသွားပြီ။
ချွန်ယဲရန်းသည် တောအုပ်ထဲ ဝင်မိသည်ကို နောင်တရကာ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။
ပုန်းဖို့အတွက် သင့်တော်တဲ့နေရာ မရှိဘူး။
ထိတ်လန့်စရာကောင်းသော တောအုပ်၏ အတွင်းပိုင်းမှာ အပြင်ဘက်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။
မြေကြီးမှာ အသက်ဓာတ် ကင်းမဲ့ကာ အနက်ရောင် စွန်းထင်းနေပြီး သစ်ပင်များမှာလည်း အရောင်အသွေး ကင်းမဲ့ကာ သေဆုံးနေကြသည်။ ချုံပုတ်များ မရှိသလို သာမန် တိရစ္ဆာန် သို့မဟုတ် ပိုးမွှားများပင် မရှိသောကြောင့် ဤနေရာမှာ သေဆုံးနေသော တောင်၏ သင်္ချိုင်းဂူကို ကြည့်နေရသကဲ့သို့ပင်။
ချွန်ယဲရန်းသည် အသက်ရှူခြင်းကိုပင် ပိုမို သတိထားရတော့သည်။
အနည်းငယ်သော အသက်ရှူသံကိုပင် ကြားနိုင်သည့် လူသတ်သမားများက သူမကို လိုက်လံ ရှာဖွေနေခြင်းပင်။
သူမ၏ အသက်ရှူသံကို ဖုံးကွယ်ပေးမည့် တိရစ္ဆာန် သို့မဟုတ် ပိုးမွှားများ၏ ဆူညံသံမျိုးလည်း ဤနေရာတွင် မရှိပေ။
အစ်ကိုကြီး...
ချွန်ယဲရန်းသည် သူမ၏ ရင်ခွင်ထဲသို့ လက်ကို ထည့်လိုက်သည်။
သူမ၏ လက်ချောင်းများက အိတ်ထဲမှ ဓားငယ်လေးတစ်ခုကို ထိမိသွားသည်။
အဲဒီအခြေအနေမျိုး ရောက်လာရင်တော့ ငါ တွန့်ဆုတ်နေလို့ မဖြစ်ဘူး။
အဖြူရောင်လနန်းတော်နှင့် သူမ၏ မိသားစုအတွက် ပြဿနာ မဖြစ်စေရန် ရန်သူလက်ထဲသို့ အဖမ်းခံရမည် မဟုတ်ပေ။ ထွက်ပြေးစရာ နေရာမရှိတော့သည့် ထိုကလေးမလေးက သေဆုံးခြင်းအတွက် တိတ်တဆိတ် ပြင်ဆင်နေသည်။
“အို”
သူမ၏ အသံပညာကို အဆုံးသတ်ရန် တစ္ဆေအော်သံ တောအုပ်သို့ ထပ်မံရောက်ရှိလာသော ဂျင်ဆိုဟွန်းသည် ကျောက်ပြားပေါ်တွင် ထိုင်လျက် တောင်ခြေကို ငုံ့ကြည့်လိုက်သည်။
ယနေ့မှာ တိမ်များက လမင်းကို ဖုံးကွယ်ထားသဖြင့် တောအုပ်မှာ ပိုမို မှောင်မိုက်နေသည်။ သို့သော် ကောင်းကင်စီးဆင်းမှု စိတ်စွမ်းအားပညာကို ကိုးခုမြောက် ကြယ်ပွင့်အထိ လေ့ကျင့်ထားသော ဂျင်ဆိုဟွန်း၏ မျက်ဝန်းများက အတွင်းအားကို မြှင့်တင်လိုက်သည့်အခါ အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အမှောင်ကို ထွန်းလင်းစေသည်။
၎င်းမှာ ကန်ချွန်း ရှင်းပြခဲ့သည့် ကောင်းကင်နှင့်မြေကြီး မျက်စိ၏ နယ်ပယ်ပင်။
ကောင်းကင်အောက်မှာ ငါ့မျက်စိ မရောက်နိုင်တဲ့ နေရာဆိုတာ မရှိဘူး။ ငါ့ဓားက လေနဲ့အတူ စီးဆင်းပြီး မိုးခြုန်းသံတွေကြားကနေ သွန်းလောင်းကျလာမယ်။ နောက်ဆုံးမှာတော့ လက်တစ်ထောင်နယ်ပယ်ကို ရောက်သွားလိမ့်မယ်။
ထိုအချိန်က သူသည် အိုမင်းရင့်ရော်နေသူတစ်ဦး၏ ရူးသွပ်သော စကားများဟုသာ ထင်ခဲ့သည်။
သို့သော် ပညာရပ်များကို သင်ယူပြီး ကောင်းကင်ဓားပျံဆယ်လက်နယ်ပယ် မြင့်တက်လာသောအခါ ကန်ချွန်း ပြောခဲ့သည့် စကားများ၏ အဓိပ္ပာယ်ကို နည်းနည်းချင်း နားလည်လာသလို ခံစားရသည်။
သူသည် အကြည့်ကို အာရုံစိုက်လိုက်ရာ လူခုနစ်ယောက်ကို တွေ့လိုက်ရသည်။
ခြောက်ယောက်မှာ တစ်စုံတစ်ရာကို လိုက်ဖမ်းနေသည့်အလား တောင်ကို ဂရုတစိုက် တက်နေကြသည့် လူသန်ကြီးများ ဖြစ်ပြီး တစ်ယောက်မှာမူ သစ်ပင်အောက်တွင် ပုန်းအောင်းနေသည့် ငယ်ရွယ်သော ကလေးမလေးတစ်ဦးဖြစ်သည်။
“သူမ အသက်ကို အောင့်ထားတာလား”
သူမ၏ အသက်ရှူသံမှာ အလွန်တရာ အားပျော့လွန်းသဖြင့် အစပိုင်းတွင် သူ သေဆုံးသွားပြီဟု ထင်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာပင် မဟုတ်ခဲ့ပေ။
“စုံသွားပြီ”
ဂျင်ဆိုဟွန်းသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဝါးပုလွေကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်လိုက်သည်။ မကြာသေးမီကပင် ပုလွေမှုတ်ခြင်းနှင့် ပတ်သက်၍ အသိဉာဏ်သစ်တစ်ခု ရရှိထားခြင်းပင်။
“ငါ့ ဆရာတွေကတော့ ငါ့ရဲ့ တီးခတ်မှုကို နားမထောင်ပေးကြဘူး"
ထူးဆန်းသည်မှာ ကန်ချွန်းနှင့် ဗီယွန်းဂဲတို့သည် သူ ပုလွေကို ကိုင်လိုက်သည်နှင့် ရွံရှာစွာဖြင့် အမြဲတမ်း ထွက်ပြေးသွားတတ်ကြသည်။
အိုယိုရန်ပင်လျှင် သူ တီးခတ်သည်ကို နားထောင်ရင်း နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်ထားတတ်သဖြင့် မကြာသေးမီက သူမပါ ရှောင်ဖယ်နေသောကြောင့် သူ၏ စွမ်းရည်ကို ပြသခွင့် မရခဲ့ပေ။
“အခုတော့ နားထောင်မယ့် ပရိသတ် ရှိနေပြီ... တော်တော်ကြာပြီမို့လို့ ငါ့စွမ်းရည်ကို ပြသရတော့မယ်”
ကြာမြင့်စွာမှ ပရိသတ်တစ်ဦးနှင့် တွေ့လိုက်ရသော ဂျင်ဆိုဟွန်းသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် မျက်နှာဖြင့် ပုလွေကို နှုတ်ခမ်းနားသို့ တင်လိုက်သည်။
“ဘာတီးရင် ကောင်းမလဲ”
“ငှက်ငယ်လေးရဲ့ ခြေရာပဲ"
အရပ်ပုသော အမည်းရောင်ဝတ်စုံနှင့် လူက နင်းမိ၍ ကျိုးသွားသော သစ်သားတုံးလေးကို မြှောက်ပြရင်း အတွင်းစိတ်ဖြင့် ဆက်သွယ်လိုက်သည်။
ထို့နောက် အမည်းရောင်ဝတ်စုံနှင့် လူတို့၏ ခေါင်းဆောင်က လက်ကို မြှောက်လိုက်သည်။
“မင်း ဒီနေရာမှာ ပုန်းနေတာ ငါသိတယ်။ ငါတို့ မင်းကို ဘေးဥပဒ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး။ အမှန်တော့ မင်းကို ယဉ်ကျေးစွာနဲ့ လိုက်ပို့ပေးချင်တာပါ။ ဒါကြောင့် ခုခံတာရပ်ပြီး အေးဆေး လက်နက်ချလိုက်ပါ"
ယဉ်ကျေးစွာ ပြောဆိုလိုက်သည့် စကားများအတွက် အဖြေမရှိခဲ့ပေ။
ထိုလူသည် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်ဟု သက်ပြင်းတစ်ချက် ချလိုက်ကာ ဆက်ပြောသည်။
“မင်း သိမလားတော့ မသိဘူး။ ဒီနေရာရဲ့ နာမည်က တစ္ဆေအော်သံ တောအုပ်လို့ ခေါ်တယ်။ အတွေ့အကြုံရှိတဲ့ တောင်တက်သမားတွေတောင် စွန့်လွှတ်လိုက်ရတဲ့ တောင်တစ်ခုဆိုတော့... ငါတို့ကလွဲရင် ဒီနားမှာ ဘယ်သူမှ မရှိဘူး"
သူ စကားပြောနေစဉ်တွင် သူ၏ လက်အောက်ငယ်သားများက ပတ်ဝန်းကျင်ကို သတိထားရင်း ကလေးမလေး ပုန်းနေသည်ဟု ယူဆရသော သစ်ပင်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြသည်။
“ငါ ဘာကို ဆိုလိုတာလဲ သိလား။ ဒီနေရာမှာ ဘယ်သူ သေသွားလဲဆိုတာ... ဘယ်သူမှ မသိနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ"
သူ၏ စကားဆုံးသည်နှင့် ကလေးမလေးမှာ သစ်ပင်အောက်မှ ရုတ်တရက် ခုန်ထွက်လာသည်။ သူမက ထက်မြက်သော ဓားငယ်လေးကို လည်ပင်းနားသို့ ကပ်ထားရင်း ပြောသည်။
“ထပ်ပြီး မလာနဲ့"
“မင်း ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြံစည်နေတာလား”
“လိုအပ်ရင် လုပ်မှာပဲ"
ထိုလူသည် ကလေးမလေး၏ မျက်ဝန်းကို စိုက်ကြည့်လိုက်သည်။
ဒါ ဟန်ဆောင်နေတာ မဟုတ်ဘူးဟ…..
လူသတ်သမားတစ်ယောက် ဘယ်လောက်ပဲ ထူးချွန်ပါစေ ကိုယ့်အသက်ကိုတော့ တန်ဖိုးထားကြသည်။
ကိုယ့်အသက်ကို အမြတ်ဆုံးထားခြင်းက လူတို့၏ သဘာဝ ဖြစ်သည်။
လူသတ်သမား အဖွဲ့အစည်းများကပင် ကလေးများကို အသိစိတ် မဝင်ခင်ကတည်းက ပြန်ပေးဆွဲကာ ဦးနှောက်ဆေးပြီး လူသတ်သမားများအဖြစ် ပြုစုပျိုးထောင်ကြရသည်။
သို့သော် အဖြူရောင်လနန်းတော်၏ သမီးတော်မှာမူ ကွဲပြားသည်။
သူမ၏ မျက်ဝန်းထဲ၌ တွန့်ဆုတ်ခြင်း ဆိုတာ မရှိပေ။
ဓားသွားက သူမ၏ လည်ပင်းကို ထိပြီး သွေးများ စီးကျနေသော်လည်း ကလေးမလေး၏ ပြတ်သားသော မျက်ဝန်းများမှာ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။
အဖြူရောင်လ နတ်မင်းကြီးရဲ့ သမီးတော်ဆိုတော့လည်း မထူးဆန်းပါဘူး။
ထိုလူမှာ စဉ်းစားခန်း ဝင်သွားသည်။ အသက် ဆယ်နှစ်သာ ရှိသေးသော်လည်း အဖြူရောင်လနန်းတော်တွင် ကိုယ်ခံပညာကို သင်ယူခဲ့ဖူးသည်။
သူနှင့် အမည်းရောင်ဝတ်စုံနှင့် လူများက ပိုမို ကျွမ်းကျင်ကြသော်လည်း ချွန်ယဲရန်းက သူမ၏ လည်ပင်းကို သူမကိုယ်တိုင် လှီးဖြတ်မည်ဟု စိတ်ပိုင်းဖြတ်ထားလျှင် သူတို့ တားဆီးနိုင်မည် မဟုတ်ပေ။
“မင်းရဲ့ လက်အောက်ငယ်သားတွေကို နောက်ဆုတ်ခိုင်းလိုက်။ မဟုတ်ရင်... ငါ လည်ပင်းလှီးပြီး သေလိုက်မယ်"
“ဟူး... နောက်ဆုတ်ကြ"
ခေါင်းဆောင်၏ အမိန့်အရ အမည်းရောင်ဝတ်စုံနှင့် လူများ နောက်ဆုတ်သွားကြသည်။
“သခင်မလေးချွန်... သေချာ နားထောင်ပါ။ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က မင်းကို အန္တရာယ်ကင်းစွာနဲ့ ငါတို့ရဲ့ အလုပ်ရှင်ဆီ ပို့ပေးဖို့ပဲ။ ဒါပေမဲ့ အရာရာ လွဲချော်သွားမယ်ဆိုရင်တော့... မင်းကို သတ်ပစ်ဖို့ လိုလိမ့်မယ်"
သူတို့၏ ရည်ရွယ်ချက်မှာ သူမကို ပြန်ပေးဆွဲရန် ဖြစ်ပြီး အဆင်မပြေပါက သူမကို သတ်ပစ်ရမည်ကို သဘောပေါက်သွားသည့် ချွန်ယဲရန်းက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ ဒါက ငါတို့ အားလုံးအတွက် အကျိုးရှိတဲ့ ရွေးချယ်မှု ဖြစ်မှာပဲ"
ချွန်ယဲရန်းက ဓားကို လည်ပင်းဆီသို့ ပိုမို ဖိချလိုက်သောအခါ ထိုလူက အံတင်းတင်းကြိတ်လိုက်သည်။
“သေစမ်း”
အမည်းရောင်ဝတ်စုံနှင့် လူများ ချွန်ယဲရန်းဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။
ထိုအခိုက်အတန့်တွင်
စူး……ကွီး……
“အူး……ရ”
“ခွီး……..”
“အူး... အူး”
ချွန်ယဲရန်းဆီသို့ ပြေးဝင်လာသော အမည်းရောင်ဝတ်စုံနှင့် လူငါးယောက်စလုံးမှာ နားကို အုပ်ကာ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
တစ္ဆေအော်သံလား။
သူ၏ နားစည်ကို ကာကွယ်ရန် အတွင်းအားကို မြှင့်တင်ထားသော ခေါင်းဆောင်က ဤအသံမှာ သာမန်တောအုပ်ကို တစ္ဆေအော်သံ တောအုပ်ဟု ခေါ်ဆိုစေသော တစ္ဆေအော်သံ ဖြစ်ကြောင်း သိလိုက်ရသည်။
ဒါက ရိုးရိုး တစ္ဆေအသံ မဟုတ်ဘူး... ဒါက... အသံပညာပဲ။
နားကို ကာကွယ်ထားသော်လည်း အသံပညာ၏ အဆင့်မှာ မြင့်မားလွန်းသည်။ အတွင်းပိုင်းတွင် ဒဏ်ရာရသွားသော အမည်းရောင်ဝတ်စုံနှင့် လူများမှာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ အန်ထုတ်ရင်း လဲကျသွားကြသည်။
ခေါင်းဆောင်မှာလည်း အံတင်းတင်းကြိတ်ကာ လက်နှစ်ဖက်ဖြင့် နားကို ပိတ်ထားရသည်။
သူမက ဒီပညာရပ်ကို ရည်ရွယ်ပြီး တစ္ဆေအော်သံ တောအုပ်ဆီကို လာခဲ့တာလား။
သူတို့၏ ခန္ဓာကိုယ်ထဲကို ဖျက်ဆီးနေသော ကြမ်းတမ်းသည့် အသံစွမ်းအားကို ခုခံရင်း ရုန်းကန်နေရသော အမည်းရောင်ဝတ်စုံနှင့် လူများနှင့် မတူဘဲ ကလေးမလေး၏ မျက်နှာမှာမူ တည်ငြိမ်နေသည်။
သူတို့ကို ညှဉ်းပန်းနေသည့် အသံပညာမှာ ကလေးမလေးကိုမူ မည်သည့်ထိခိုက်မှုမျှ မဖြစ်စေကြောင်း ပြသနေသည်။
ဒီအတိုင်းဆိုရင်တော့... ငါ ချွန်ယဲရန်းကို သတ်မှကို ဖြစ်တော့မယ်။
ဘယ်နေရာမှာ လွဲချော်ခဲ့တာလဲ။ အသက်ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို လေးရက်တိုင်တိုင် မဖမ်းနိုင်ခဲ့လို့လား ဒါမှမဟုတ် တစ္ဆေအော်သံ တောအုပ်ရဲ့ သခင်ကို လျှော့တွက်မိလို့လား။
မဟုတ်သေးဘူး။
အစကတည်းက မှားနေတာ။ ဒါက ငါ လက်ခံသင့်တဲ့ တာဝန်မျိုး မဟုတ်ခဲ့ဘူး။
ထိုလူသည် အံတင်းတင်းကြိတ်ကာ ဓားကို မြှောက်လိုက်၏။
တာဝန် မအောင်မြင်ခြင်းမှာ သူ၏ အနွယ်ဝင်များ အကုန်လုံး ပျက်စီးခြင်းကို ဆိုလိုသောကြောင့် ဤနေရာတွင် သူ၏ အသက်ကို စတေးရမည် ဖြစ်သော်လည်း ချွန်ယဲရန်းကို သတ်ကို သတ်ရမည်။
မြေပြင်ကို ကန်၍ ရှေ့သို့ တိုးလာသော ထိုလူ၏ ဓားချက်မှာ ချွန်ယဲရန်းထံ ရောက်ခါနီးအချိန်တွင် သူ၏ မျက်စိရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
ဖျတ်…..
ထိုလူ၏ ခန္ဓာကိုယ်မှာ ဦးခေါင်းထိပ်မှသည် ပေါင်ဆုံအထိ သပ်သပ်ရပ်ရပ် နှစ်ခြမ်းကွဲသွားခြင်းပင်။
ဤအဖြစ်အပျက်ကို တွေ့လိုက်ရသော အခြား အမည်းရောင်ဝတ်စုံနှင့် လူများမှာ ကြောက်လန့်တကြားဖြင့် အနှံ့အပြား ထွက်ပြေးသွားကြသည်။
ထိုအတောအတွင်း ပန်းချီကားတစ်ချပ်ကဲ့သို့ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက် ပေါ်ထွက်လာသည်။
“သူတို့ကို တစ်ယောက်မကျန် ဖမ်းလိုက်"
“အမိန့်အတိုင်း လိုက်နာပါ့မယ်”
ထိုလူနှင့်အတူ ပါလာသော အဖြူရောင်ဝတ်စုံနှင့် ကိုယ်ခံပညာရှင်များက အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသော အမည်းရောင်ဝတ်စုံနှင့် လူများကို လိုက်လံ ဖမ်းဆီးရန် ပျံသန်း၍ ထွက်ခွာသွားကြသည်။
“အဆင်ပြေရဲ့လား”
အဖြူရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် ထိုလူသည် သွေးစက်မျှပင် မစွန်းပေသော သူ၏ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။
“အစ်ကိုကြီး...”
မိန်းကလေး၏ လည်ပင်းမှ စီးကျလာသော သွေးများကို မြင်လိုက်ရသည့်အခါ ထိုလူ၏ မျက်မှောင်များ ကြုံ့သွားသည်။
“ဒီဒဏ်ရာကို မင်း ကိုယ့်ကိုကိုယ် လုပ်တာလား”
“ဟုတ်ကဲ့။ မိသားစုအတွက် ပြဿနာ မဖြစ်စေဖို့... ကျွန်မ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြံစည်ခဲ့တာပါ"
“ကောင်းတယ်"
သူ၏ ညီမလေး ကိုယ့်ကိုကိုယ် သတ်သေရန် ကြိုးစားခဲ့သော်လည်း ထိုလူသည် ဝမ်းနည်းခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိပေ။
သူသည် မိန်းကလေး၏ လည်ပင်းမှ ဒဏ်ရာကိုသာ လျစ်လျူရှုသော အကြည့်ဖြင့် စစ်ဆေးကြည့်ရှုပြီး ရင်ခွင်ထဲမှ အဖြူရောင် အဝတ်စတစ်ခုကို ကမ်းပေးလိုက်သည်။
“သွေးတွေကို သုတ်လိုက်။ ပြီးရင် အဝတ်အစား ချက်ချင်း လဲလိုက်။ ဒါပေမဲ့ ဒဏ်ရာ မမြင်ရအောင် ကော်လာကို မြင့်မြင့် ဆွဲတင်ထား"
“ဟုတ်ကဲ့"
“အို... သခင်လေး အဆင်ပြေရဲ့လားရှင်”
အသက်အရွယ်ကြီးရင့်သော အမျိုးသမီးကြီးတစ်ဦးနှင့် သက်တော်စောင့် နှစ်ဦးတို့သည် ချွန်ယဲရန်းဘက်သို့ အမြန်ရောက်လာပြီး ဒဏ်ရာကို ဆေးလိမ်းကာ အဝတ်အစားသစ်များ လဲပေးကြသည်။
ချွန်ယဲရန်း အဝတ်အစား လဲလှယ်နေစဉ်အတွင်း သက်တော်စောင့် နှစ်ဦးသည် သူမကို ကျောခိုင်းထားသော ထိုလူထံသို့ လမ်းလျှောက်သွားကြသည်။
“ဘာဖြစ်တာလဲ”
“ကျွန်တော်တို့ရဲ့ ရွေ့လျားမှုတွေ ပေါက်ကြားသွားပုံပဲ သခင်"
ချွန်ယဲရန်းကို ကာကွယ်ရမည့် တာဝန်ရှိသည့် ကိုယ်ခံပညာရှင် နှစ်ဦးသည် အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့ထားကြသည်။
“ငါနဲ့ ငါ့ညီမရဲ့ လမ်းကြောင်းက အစကတည်းက သတ်မှတ်ထားတာ မဟုတ်ဘူး"
ထိုကိုယ်ခံပညာရှင် နှစ်ဦး၏ မျက်နှာများမှာ တင်းမာသွားသည်။
“ဒီလမ်းကြောင်းကို သိတာက ငါရယ်၊ ယဲရန်းရယ်... ပြီးတော့ မင်းတို့နှစ်ယောက်ပဲ ရှိတယ်"
စိတ်လှုပ်ရှားနေသော သက်တော်စောင့်နှစ်ဦးကို ကျောခိုင်းထားခဲ့ပြီးနောက် ထိုလူသည် နောက်သို့ လှည့်ကာ မေးလိုက်သည်။
“ချွန်ယဲရန်း"
“ဟုတ်ကဲ့ အစ်ကိုကြီး"
အဝတ်အစား လဲလှယ်ပြီးသွားသော ချွန်ယဲရန်းသည် အစ်ကိုဖြစ်သူ၏ ဘေးသို့ အမြန် ရောက်လာသည်။
“ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးက အဖြူရောင်လနန်းတော်ကို သစ္စာဖောက်ပြီး မင်းကို အန္တရာယ်ထဲ ရောက်အောင် လုပ်ခဲ့တာ။ မင်းကို ငယ်စဉ်ကတည်းက အနီးကပ်ဆုံးနဲ့ အကြာဆုံး စောင့်ရှောက်ခဲ့တာက ဒီနှစ်ယောက်ပဲ။ သူတို့နှစ်ယောက်ထဲက ဘယ်သူက ငါတို့နန်းတော်ရဲ့ သစ္စာဖောက်လဲဆိုတာ မင်း ပြောနိုင်မလား”
အစ်ကိုဖြစ်သူ၏ မေးခွန်းကြောင့် ချွန်ယဲရန်းသည် ငယ်စဉ်ကတည်းက သူမကို ကာကွယ်ပေးခဲ့သည့် ကိုယ်ခံပညာရှင် နှစ်ဦး၏ မျက်နှာကို မော့ကြည့်လိုက်သည်။
သူတို့၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသော ကြောက်ရွံ့မှုကို ဖတ်ရှုလိုက်ရသောအခါ ချွန်ယဲရန်းမှာ အဖြေကို လွယ်လွယ်ကူကူ မပေးနိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ထိုလူသည် သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။
ဖျတ်…..
ဓားချက် တစ်ချက်တည်းဖြင့် သက်တော်စောင့် နှစ်ဦး၏ ခေါင်းများ ပြတ်ထွက်သွားသည်။
“အဖြေကတော့ သူတို့နှစ်ယောက်စလုံးကို သတ်ပစ်လိုက်တာပဲ"
“...”
သွေးစက်မျှပင် မစွန်းပေသော ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ပြီးနောက် ထိုလူသည် ချွန်ယဲရန်းကို စိုက်ကြည့်ကာ ပြောသည်။
“ဒီလောကမှာ ငါတို့နန်းတော်ထက် အရေးကြီးတဲ့အရာ ဘာမှမရှိဘူး။ လူတွေနဲ့ပတ်သက်ရင်လည်း အတူတူပဲ။ ငါတို့ဆိုတာ အစားထိုးလို့ မရတဲ့ သူတွေပဲ။ ဒါကြောင့်... ကိုယ်ပိုင် အာရုံခံစားချက်တွေနဲ့ မယိမ်းယိုင်ပါနဲ့"
“မှတ်သားထားပါ့မယ်"
“ဟိုယောင်း"
“ဟုတ်ကဲ့ ပထမဆုံး သခင်လေး”
ချွန်ယဲရန်းကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သည့် မွေးစားမိခင် ဟိုယောင်းသည် အမြန် ခြေလှမ်းများဖြင့် ရောက်လာသည်။ ထိုလူ၏ လက်က ဟိုယောင်း၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။
“အူးး..အစ်….”
“ယဲရန်းသာ ဒီအကြောင်းကြောင့် သေသွားခဲ့ရင် မင်းတင်မကဘူး။ မင်းနဲ့ ပတ်သက်တဲ့သူ အားလုံးကို အဖြူရောင်လနန်းတော်ရဲ့ နာမည်နဲ့ အရိုးတောင် မကျန်အောင် မီးရှို့သတ်ပစ်မှာ"
“ကျ... ကျွန်မ တောင်းပန်ပါတယ်... ဟူးးး..ဟူး….”
“အမှားအတွက် ခွင့်လွှတ်မှုက တစ်ခါပဲ ရှိတယ်"
“ကျွန်မ... ကျွန်မရဲ့ အရိုးထဲအထိ စွဲနေအောင် မှတ်ထားပါ့မယ်"
လွတ်မြောက်သွားသော ဟိုယောင်းမှာ ထိုနေရာတွင်ပင် လဲကျသွားပြီး အမောတကော အသက်ရှူနေရသည်။
“နန်းတော်ကို ပြန်မယ်။ အမြန်လုပ်"
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ဟိုယောင်း၏ လမ်းညွှန်မှုဖြင့် တစ္ဆေအော်သံ တောအုပ်မှ ဆင်းလာစဉ် ချွန်ယဲရန်းသည် ထိုလူ၏ ကျောပြင်ကို ငေးကြည့်နေမိသည်။
ထိုသူသည် အဖြူရောင်လနတ်မင်းကြီး၏ သားအကြီးဆုံးနှင့် ချွန်ယဲရန်း၏ အစ်ကို ဖြစ်သူ ပထမဆုံး သခင်လေး ချွန်ဂါဆောင်ပင်။
သူသည် အဖြူရောင်လနတ်မင်းကြီး ချွန်ယူဆင်၏ အရည်အချင်းများကို အပြည့်အဝ ဆက်ခံထားသူဖြစ်ပြီး အသက်နှစ်ဆယ်အရွယ်တွင်ပင် ယှဉ်ပြိုင်မည့်သူ ရှားပါးလှသူ ဖြစ်သည်။
ထို့ပြင် သူသည် ဆောင်းရာသီ၏ မြောက်လေကဲ့သို့ အေးစက်ပြီး ရက်စက်သော စရိုက်ပိုင်ရှင် ဖြစ်သည်။
ချွန်ဂါဆောင်၏ နောက်မှ လိုက်ပါလာရင်း ချွန်ယဲရန်းသည် တိတ်တဆိတ် သက်ပြင်းချကာ ကျန်ရစ်ခဲ့သော တစ္ဆေအော်သံ တောအုပ်ကို နောက်လှည့်ကြည့်လိုက်သည်။
တကယ်ကို လှပတဲ့ တီးခတ်မှုပဲ... ဝမ်းသာလိုက်တာ။ အစ်ကိုချွန် မရောက်လာခင်မှာပဲ သူ ပျောက်ကွယ်သွားခဲ့လို့။
လှပသော တေးသွားမှာ သူမ၏ နားထဲတွင် ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။
ကျေးဇူးတင်ပါတယ်….
သူမ၏ အသက်ကို ကယ်တင်သူ၏ မျက်နှာကိုပင် မမြင်လိုက်ရဘဲ ချွန်ယဲရန်းသည် မြင်းလှည်းထဲသို့ ဝင်သွားလိုက်သည်။
သူတို့ လိုက်ပါလာသော အဖြူရောင်လနန်းတော်၏ မြင်းလှည်းသည် အဓိကလမ်းမကြီးပေါ်တွင် ချောမွေ့စွာ ပြေးလွှားနေစဉ် တောအုပ်၏ တစ်ဖက်တွင် ပုလွေကို ကိုင်ထားသည့် ဂျင်ဆိုဟွန်းတစ်ယောက် ပါးကို ကုတ်ရင်း ပေါ်ထွက်လာသည်။
“တော်သေးတာပေါ့”
အမည်းရောင်ဝတ်စုံနှင့် လူက ချွန်ယဲရန်းကို သတ်တော့မည့်အချိန်တွင် ဂျင်ဆိုဟွန်းသည် ဓားပျံကို ထုတ်လိုက်ပြီးမှ ပြန်သိမ်းလိုက်ရခြင်းပင်။
အကြောင်းမှာ သူ၏ အာရုံခံစားမှုများကို လှုံ့ဆော်ပေးရင်း တောအုပ်ကို အရှိန်ပြင်းစွာ ဖြတ်ကျော်လာသည့် ထိုလူက အမည်းရောင်ဝတ်စုံနှင့် လူကို နှစ်ခြမ်းကွဲအောင် ချက်ချင်း ခုတ်သတ်လိုက်သောကြောင့်ပင်။
“ငါ့ဆရာတွေကို ပြောပြမှ ရတော့မယ်”
ဂျင်ဆိုဟွန်းသည် သေဆုံးနေသော လူသတ်သမားများ၏ ရုပ်အလောင်းများကို ကြည့်ဖို့ မကြည့်ရဲသဖြင့် ခေါင်းကို လှည့်လိုက်ရတော့သည်။