အခန်း ၁၁
Vol. 2 Ch. 11
အခန်း။ ၁၁
"ဝူး……"
အော့အန်သံ သုံးကြိမ်မျှ ထွက်ပေါ်လာပြီးနောက်တွင်တော့ သူ၏အစာအိမ်ထဲ၌ ဘာမျှကျန်ရှိတော့ပုံမပေါ်တော့ပေ။
"အမလေး... သိုင်းသမားတစ်ယောက်ဖြစ်ပြီးတော့ အလောင်းတောင် အေးအေးဆေးဆေး မကြည့်ရဲဘူးလား"
"ဆရာ့လို တစ်သက်လုံး သိုင်းလောကမှာ ကျင်လည်ခဲ့တဲ့သူနဲ့ မတူဘူးလေ။ ကျွန်တော်က ဂုဏ်သရေရှိတဲ့ အိမ်တော်မှာ အလိုလိုက် အကြိုက်ဆောင်ပြီး ကြီးပြင်းလာခဲ့တဲ့ သူဌေးသားတစ်ယောက်ဗျ"
"အဲ့ဒါကို ဂုဏ်ယူနေသေးတယ်ပေါ့လေ ဒီကောင်စုတ်"
"ဂုဏ်ယူထိုက်တာပေါ့"
"မင်းဘာသာမင်း သူဌေးသားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မြန်မြန်လာခဲ့စမ်း"
"ကျွန်တော် မလာချင်ဘူး..."
ဂျင်ဆိုဟွန်းတစ်ယောက် ယိုင်နဲ့နေသော ခန္ဓာကိုယ်ဖြင့် ကန်ချွန်း၏နောက်ကွယ်တွင် ခိုကပ်ကာ အလောင်းများကို ခိုးကြည့်နေမိသည်။
"အဲ့ဒီအလောင်းရဲ့ ပြတ်ရှရာကို မြင်လား"
"မြင်... မြင်ပါတယ်"
ဂျင်ဆိုဟွန်း၏ ထင်မှတ်မထားလောက်အောင် တည်ငြိမ်နေသည့် အဖြေကြောင့် ကန်ချွန်း အနည်းငယ် ဂုဏ်ယူသွားကာ နောက်သို့လှည့်လိုက်သည်။
"ဒီကောင်လေးတော့"
ကန်ချွန်း၏ ကျောပြင်နောက်တွင် မျက်လုံးများကို ဖုံးကွယ်ထားပြီး ပါးစပ်ဖျားလေးသာ ထုတ်ထားသည့် ဂျင်ဆိုဟွန်းမှာ ကန်ချွန်း၏လက်သီးကို ကပ်သီးကပ်သတ် ရှောင်လိုက်ရင်း အော်ဟစ်လိုက်သည်။
"အီး ဘာလို့ အလောင်းတွေကို ကြည့်ခိုင်းနေရတာလဲ"
"တစ်နေ့ကျရင် မင်းလည်း ဒီမြင်ကွင်းမျိုးကို ကြုံရမှာမို့လို့ပေါ့"
"ကျွန်တော်ကလား"
ဂျင်ဆိုဟွန်း မျက်တောင်ခတ်ရင်း အံ့အားသင့်သွားသည်။
"ဘာလို့ ကျွန်တော်က ဖြစ်ရမှာလဲ"
"ဘာလို့ရမလဲ သိုင်းလောကသားတွေကြားမှာ အလွတ်လေ့ကျင့်တာကလွဲရင် အသက်သေဆုံးတဲ့အထိ တိုက်ခိုက်ရတဲ့အခါ သွေးတွေစွန်းရမှာပဲလေ။ အဲ့ဒီလို တိုက်ပွဲတွေမှာ သေမယ့်သူကတော့ သေရမှာပဲပေါ့"
"ဟာ... ကျွန်တော်က ဘယ်သူနဲ့မှ တိုက်ခိုက်ရမယ့် အကြောင်းရင်းမျိုး ရှိလာမှာ မဟုတ်ဘူး"
"သေချာလို့လား"
"သေချာပါတယ်"
သိုင်းပညာသင်ကြားမှု ပြီးဆုံးသွားသည့်အခါ အိမ်ပြန်ပြီး အပြင်လောကသို့ ခြေတစ်လှမ်းမျှတောင် ထွက်မည်မဟုတ်ဘူးဟု ကြံရွယ်ထားသည့် ဂျင်ဆိုဟွန်းမှာ အလွန်ပင် ယုံကြည်ချက်ရှိနေသည်။
"ဟူး..."
ကန်ချွန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ဂျင်ဆိုဟွန်း၏ ခေါင်းကို လက်ဖြင့်အုပ်ကိုင်လိုက်သည်။ ထို့နောက် အစဉ်အလာနှင့်မတူဘဲ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုသည်။
"မင်း လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ... မင်းရဲ့လက်တွေ သွေးစွန်းရမယ့်နေ့က ရောက်လာလိမ့်မယ်"
"ဘာ ဘာလို့ ကျွန်တော်က အဲ့လိုလုပ်ရမှာလဲ"
ဂျင်ဆိုဟွန်း၏ ပြူးကျယ်နေသော မျက်လုံးအိမ်ထဲတွင် မည်သည့်အညစ်အကြေးမျှ မစွန်းထင်းသေးသည့် စင်ကြယ်မှုမျိုးကို မြင်နေရသည်။
ဤမျှစင်ကြယ်တောက်ပနေသည့် ကောင်လေး၏ မျက်လုံးများ သွေးနှင့်အနာတရများကြောင့် ညစ်နွမ်းသွားသည်ကို ကန်ချွန်း မမြင်လိုပေ။
သို့သော် သူသည် ကိုယ့်ကိုကိုယ် တင်းမာစွာ ဆုံးဖြတ်လိုက်သည်။
ငါက ဒီကလေးရဲ့ ဆရာပဲ။
မိသားစုဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကာကွယ်ပေးသည့်အရာဖြစ်လျှင် ဆရာဆိုသည်မှာ တပည့်အား လမ်းမှန်ကို သင်ကြားပြသပေးရမည့်သူဖြစ်သည်။
ထို့ကြောင့် ကန်ချွန်းသည် လောကအကြောင်းကို ဘာမျှမသိသေးသည့် ဤစင်ကြယ်သောကောင်လေးအား သိုင်းလောက၏ အလေ့အထကို နိုးကြားစေရန် လိုအပ်သည်ဟု ခံယူလိုက်သည်။
"အကြောင်းရင်းကတော့... မင်း သိုင်းပညာကို သင်ယူထားလို့ပဲ"
"ဗျာ..."
"တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်က မင်းရဲ့ တစ်ဦးတည်းသော ညီမလေးကို သတ်ဖို့ ကြိုးစားလာရင် မင်း ဘာလုပ်မလဲ"
"အဲ့ဒါကတော့..."
သူ့တွင်ရှိသည့် သိုင်းပညာဖြင့် ဂျင်ဂါဟွန်းကို သတ်ရန်ကြိုးစားသူအား အရင်ဆုံး တားဆီးပေလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင် သွေးထွက်သံယိုမဖြစ်ဘဲ ပြီးဆုံးသွားမည်ဟု မည်သူမျှ အာမမခံနိုင်ပေ။
ထိုအခါမှသာ ကန်ချွန်း ဆိုလိုသည်ကို ဂျင်ဆိုဟွန်း နားလည်သွားသည်။
"စွမ်းအားမရှိတဲ့သူတွေကတော့ သွေးစွန်းရမယ့် အကြောင်းရင်းမျိုး ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ စွမ်းအားရှိတဲ့သူတွေကတော့ တစ်နေ့နေ့မှာ သွေးစွန်းရမှာပဲ။ ချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ဒါမှမဟုတ် ကိုယ်တိုင်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက်ပေါ့... ဒါကြောင့် မှတ်ထားပါ"
ကန်ချွန်းက ဂျင်ဆိုဟွန်းကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။
"အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ မင်းရဲ့ရွေးချယ်မှုကို သံသယမဝင်ပါနဲ့။ ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း တွေဝေမနေပါနဲ့"
ဂျင်ဆိုဟွန်းတစ်ယောက် သိုင်းလောကအကြောင်းကို အပြည့်အဝ မသိသေးသော်လည်း ယခုအချိန်တွင် သူမည်သည့်အဖြေကို ပေးရမည်ကိုတော့ သိရှိလိုက်သည်။
"ဟုတ်ကဲ့။ ကျွန်တော် မှတ်သားထားပါ့မယ်"
……
ဖျော့တော့တော့ အသားအရေရှိသော ဂျင်ဆိုဟွန်း၏ တောင်းဆိုမှုကြောင့် တစ္ဆေငိုသံ တောအုပ်ထံ ရောက်လာကြသည့် ဆရာကြီး သုံးပါးသည် သူတို့၏ တပည့်ငယ်အား နေအိမ်သို့ ပြန်လွှတ်လိုက်ပြီးနောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။
"ပြတ်သားတဲ့ ဓားချက်ပဲ။ မလိုအပ်တဲ့ လှုပ်ရှားမှုမရှိဘူး တွေဝေမှုလည်း မရှိဘူး"
"ပြီးတော့ သူက သူ့သိုင်းပညာကိုလည်း ဖုံးကွယ်မထားခဲ့ဘူး"
ဗီယွန်းဂဲက ဖြတ်ထားသည့် ခေါင်းပြတ်ကို မြှောက်ပြလိုက်သော်လည်း အိုယိုရန်က မျက်မှောင်ကြုတ်ကာ ခေါင်းကိုသာ လွှဲလိုက်သည်။
ထိုအချိန်တွင် ကန်ချွန်းက သေဆုံးသူ၏ ဒဏ်ရာကို စစ်ဆေးနေသည်။
"ဓားဒဏ်ရာမှာ အေးစက်တဲ့ အငွေ့အသက်တွေ ကျန်နေသေးတယ်။ ဒီလိုထူးခြားချက်ရှိတဲ့ ဓားသိုင်းက..."
"ဟွန်း ချွန်ယူဆင်ရဲ့ ဓားသိုင်းပဲပေါ့ တခြားဘာဖြစ်ရမှာလဲ"
"သေချာသေးတာ မဟုတ်ဘူး"
"သေချာတယ်"
"မင်းက ဘာလို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေရတာလဲ"
"အဲ့ဒါကတော့..."
ဗီယွန်းဂဲတစ်ယောက် အိုယိုရန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ တိုးတိုးလေး ညည်းညူလိုက်သည်။
"ကိုယ်တိုင် ကြုံဖူးလို့ပေါ့"
"ဟင် မင်းက ချွန်ယူဆင်ရဲ့ဓားနဲ့ တကယ်ပဲ ရင်ဆိုင်ဖူးတာလား"
"အဖြူရောင်လနတ်ဘုရား နန်းတော်သခင်နဲ့ မင်း တကယ်ပဲ ယှဉ်ပြိုင်ဖူးတာလား"
အိုယိုရန်၏ အံ့အားသင့်စွာ မေးမြန်းလိုက်မှုကြောင့် ဗီယွန်းဂဲက ပခုံးတွန့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"အ အဲ့ဒီလိုမျိုးပဲပေါ့"
"ယှဉ်ပြိုင်တယ်ဟုတ်လား... အဖြူရောင်လနတ်ဘုရား နန်းတော်ရဲ့ ဘဏ္ဍာတိုက်ကို ခိုးပြီးတော့ ချွန်ယူဆင်လက်ချက်နဲ့ သေမတတ် ဖြစ်ခဲ့တာကို ပြောတာမလား။ ဆရာကြီးအို အရိပ်မဲ့ သူခိုးတစ္ဆေရဲ့ ဖင်မှာ အမာရွတ်ရှိတယ်ဆိုတာ မင်း သိလား"
"ကျွန်မ တကယ် မကြားချင်တဲ့ အချက်အလက်ပါပဲ"
အိုယိုရန်က မကြားဝံ့နားမသာဖြစ်ဟန်ဖြင့် နားကိုပိတ်လိုက်သော်လည်း ဗီယွန်းဂဲက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
"သူက ဓားသိုင်းမှာ ထိပ်ဆုံးပဲ ငါက လှုပ်ရှားမှုပညာမှာ ထိပ်ဆုံးပဲ ငါတို့က ကိုယ်ကျွမ်းကျင်တဲ့ ပညာနဲ့ပဲ ယှဉ်ပြိုင်ခဲ့တာ နောက်ဆုံးတော့ ငါ အသက်ရှင်ခဲ့တာပဲ ဒါငါ့ရဲ့နိုင်ပွဲပေါ့"
"အဲ့ဒီလိုပဲ သဘောထားလိုက်ကြတာပေါ့လေ"
ကန်ချွန်းက စိတ်ပျက်ဟန်ဖြင့် လက်ဝါးဖြန့်ကာ သေဆုံးသူများကို ဆက်လက်စစ်ဆေးပြီးနောက် ပထမဆုံးသေဆုံးသည့် အနက်ရောင်ဝတ်စုံနှင့် လူထံသို့ ချဉ်းကပ်လိုက်သည်။
"တံဆိပ်လည်း မပါဘူး... တက်တူးလည်း မရှိဘူး... ဘယ်အဖွဲ့အစည်းကမှန်း ဖော်ပြတဲ့ အမှတ်အသား ဘာမှမရှိဘူး။ ဒါပေမဲ့ ထူးဆန်းတာက ဒီကောင်ရဲ့ တည်နေရာနဲ့ သေဆုံးပုံက တခြားသူတွေနဲ့ မတူဘူး"
ဘေးချင်းယှဉ်လျက် သေဆုံးနေသည့် သိုင်းသမားနှစ်ဦးနှင့် မတူဘဲ ဤလူမှာ လက်ကို ရှေ့သို့ဆန့်ထုတ်လျက် သေဆုံးနေခြင်းပင်။
"ဒီကောင်တွေ ဘယ်သူတွေပဲဖြစ်ဖြစ် အဖြူရောင်လနတ်ဘုရား နန်းတော်ကိုတောင် လာထိရဲတယ်လို့များ စိတ်ကူးနေတာလား။ ရဲတင်းလွန်းလှချည်လား"
ဗီယွန်းဂဲက ကိုင်ထားသည့် ခေါင်းပြတ်ကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီး လက်များကို ခါလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ ငါတို့နဲ့ မဆိုင်ပါဘူး။ မြေမြှုပ်လိုက်ပြီး ပြန်ကြရအောင်"
"စောင့်ဦး"
ချက်ချင်း မြေမြှုပ်ရန် ပြင်နေသည့် ဗီယွန်းဂဲကို ကန်ချွန်းက တားလိုက်သည်။
"ဘာလို့လဲ"
"ဒီအတိုင်း ပြီးဆုံးသွားလို့ မဖြစ်ဘူး။ ဒီလူတွေက ဘယ်သူတွေလဲဆိုတာ သိအောင် လုပ်ရမယ်"
"အဖြူရောင်လနတ်ဘုရား နန်းတော်ကပဲ ဖြေရှင်းပါလိမ့်မယ်။ ငါတို့ဘာလို့ ခေါင်းရှုပ်ခံနေမှာလဲ"
ဗီယွန်းဂဲက နားမလည်နိုင်စွာဖြင့် တတွတ်တွတ် ပြောနေစဉ်မှာပင် သည်းမခံနိုင်တော့သည့် အိုယိုရန်က ရှေ့သို့ ထွက်လာသည်။
"ဗီယွန်းဂဲ မင်းပုခုံးပေါ်မှာ တင်ထားတဲ့ အဲ့ဒီအရာက အလှဆင်ဖို့သက်သက်လား"
"ဘာ ဘာပြောတယ် အဲ့ဒါ ဘာဆိုလိုတာလဲ"
"ဒီနေရာကို တစ္ဆေငိုသံ တောအုပ်လို့ ဘာလို့ ခေါ်လဲဆိုတာ မင်း မေ့သွားပြီလား"
"အဲ့ဒါက... ငါ့ရဲ့ တစ်ဦးတည်းသော တပည့်လေး ဆိုဟွန်းကို မင်းက ပေါ့ပေါ့တန်တန် အသံလှိုင်းပညာတွေ သင်ပေးလို့ တစ်တောင်လုံး သေကုန်တာလေ"
"အဲ့ဒါက... မ မဟုတ်ဘူး ……နေပါဦး ရှင်က ဘာကို ပေါ့ပေါ့တန်တန်လို့ ပြောတာလဲ"
"ဒါဆို ဆိုဟွန်းရဲ့ အရည်အချင်းက ပေါ့ပေါ့တန်တန်လို့ ပြောချင်တာလား"
"အဲ့ဒါကတော့..."
စကားအပြောကျွံသွားသည့် အိုယိုရန်မှာ မျက်နှာနီရဲလာကာ ဗီယွန်းဂဲကို လူသတ်မည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ဗီယွန်းဂဲကလည်း နောက်မဆုတ်ဘဲ ပြန်လည်ရင်ဆိုင်လိုက်ရာ ဆရာကြီးနှစ်ပါး၏ အကြည့်များမှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ကုန်သည်။
ကြည့်မရတော့သည့် ကန်ချွန်းက သူတို့ကြားထဲသို့ ဝင်လိုက်သည်။
"ဒီလူတွေ တစ္ဆေငိုသံ တောအုပ်မှာ သေသွားတယ်ဆိုတာကို သိတဲ့သူ အရမ်းနည်းတယ်။ ပြီးတော့ သူတို့ကို သတ်ခဲ့တာက ချွန်မိသားစုကလူဆိုတာကိုပေါ့။ ချွန်ယူဆင်ရဲ့ ဓားချက်ကို တိုက်ရိုက်ခံစားပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မင်းလိုလူမျိုး မရှိဘူးဆိုရင်ပေါ့လေ"
"ဟွန်း ဒါဆိုရင် ဒီအနက်ရောင်ဝတ်စုံသမားတွေရဲ့ နောက်ကွယ်ကလူတွေက ဆိုဟွန်းကို သံသယဝင်သွားနိုင်တယ်လို့ ပြောချင်တာလား"
"ငါတို့ ရှိနေသရွေ့တော့ ဆိုဟွန်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေမဲ့ သတိထားတာကတော့ အကောင်းဆုံးပဲ။ အခုချိန်က လူအများရဲ့ အာရုံစိုက်မှုကို ခံရမယ့် အချိန်မဟုတ်ဘူး"
အရည်အချင်း တောက်ပလေ မနာလိုသူများနှင့် ကြောက်ရွံ့သူများ၏ ပစ်မှတ်ဖြစ်လာရန် ပိုနီးစပ်လေဖြစ်သည်။
ထို့ပြင် ကောင်းကင်ဘုံနတ်ဘုရားခန္ဓာကိုယ်ရှိသူ ဂျင်ဆိုဟွန်း၏ တောက်ပသော အရည်အချင်းသည် တစ်နေ့တွင် တစ်လောကလုံးကို လင်းလက်သွားစေပေလိမ့်မည်။
ထို့ကြောင့် ယခုအချိန်တွင် သူတို့သည် ဂျင်ဆိုဟွန်း၏ တည်ရှိမှုကို အပြင်လောကသို့ မသိစေရန် အလွန်သတိထားရမည်ပင်။
"ဒီလူတွေကို မှတ်မိနိုင်တဲ့သူ တစ်ယောက်လောက် ရှိသေးလား"
ကန်ချွန်း၏ မေးခွန်းကြောင့် ဗီယွန်းဂဲက သူ၏မုတ်ဆိတ်မွေးများကို ကုတ်လိုက်သည်။
"ငါ့မှာတော့ တစ်ယောက်ရှိတယ်"
"တကယ်လား"
"ဒီတစ်ခါတော့ မင်း အသုံးဝင်သားပဲ"
ဗီယွန်းဂဲက အိုယိုရန်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ကုတ်လိုက်သည်။
"ဒါပေမဲ့ ပြဿနာ တစ်ခုတော့ ရှိတယ်"
"ဘာပြဿနာလဲ"
ချွန်ယူဆင်၏ ဘဏ္ဍာတိုက်ကိုတောင် ခိုးရဲသည့် ဗီယွန်းဂဲ၏ မျက်လုံးထဲတွင် ထူးဆန်းသော ကြောက်ရွံ့မှုတစ်ခုကို မြင်လိုက်ရသည်။
"သူနဲ့ တွေ့မှပဲ မင်းတို့ သိရလိမ့်မယ်"
"ဝါး တစ်သက်မှာတစ်ခါ၊ တကယ့်ကို တစ်သက်မှာတစ်ခါပဲ ကြုံရနိုင်တဲ့ အခွင့်အရေးပါလား။ အလယ်ပိုင်းဒေသရဲ့ အကြီးအကဲငါးပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ ကောင်းကင်ပျံဓားသခင် ဆရာကြီး ကန်ချွန်းကို တွေ့လိုက်ရတာ ဒါတင်မကသေးဘူး။ အသံလှိုင်းပညာရဲ့ သက်ရှိဒဏ္ဍာရီ ဆရာကြီး အိုယိုရန်ကိုပါ တွေ့လိုက်ရတာပဲ။ တကယ့်ကို အိပ်မက်မက်နေသလိုပဲ"
ကန်ချွန်းနှင့် အိုယိုရန်တို့သည် ဗီယွန်းဂဲ ခေါ်လာပေးသော သူတောင်းစားကို ကြည့်ကာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားကြသည်။
အစပိုင်းတွင်တော့ သူတို့သည် ဤသူတောင်းစားကို စိတ်အားထက်သန်သူတစ်ဦးဟုသာ ထင်ခဲ့မိသည်။
သို့သော် ဗီယွန်းဂဲတစ်ယောက် မိတ်ဆက်ပြီးသည်နှင့် အဘယ်ကြောင့် အားကုန်သုံး၍ ကိုယ့်
ကိုကိုယ် ပုန်းကွယ်နေခဲ့ရသည်ကို သူတို့ မသိခဲ့ကြပေ။
"ဟားဟားဟား ကျွန်တော့်နာမည်က ဂူယုံပါ မြင်တဲ့အတိုင်းပဲ သူတောင်းစားဂိုဏ်းက သူတောင်းစားလေးတစ်ယောက်ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက သိုင်းသမားတွေကို အားကျခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သိုင်းပညာအရည်အချင်းက သာမန်ပဲမို့လို့ ဆရာတစ်ယောက်ဖြစ်အောင် မကြိုးစားတော့ဘဲ သူတို့ဘေးမှာနေပြီး ဘဝဇာတ်ကြောင်းတွေကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်တာ။ ဒါကြောင့်ပဲ သူတောင်းစားဂိုဏ်းကို ဝင်ခဲ့တာပေါ့။ အာ ဒါလေးကြည့်မလားဗျာ"
"အ အရင်ဆုံး..."
ကန်ချွန်းတစ်ယောက် ခေါင်းတွေမူးဝေလာသလို ခံစားလိုက်ရပြီး အိုယိုရန်မှာမူ စိတ်ပျက်
လက်ပျက်ဖြင့် အပြင်ဘက်ကိုသာ ငေးကြည့်နေတော့သည်။
သူမသည် အတွင်းအားကိုသုံး၍ နားကိုပိတ်ထားလိုက်ပုံပင်။
စကားပြောနိုင်စွမ်းနဲ့ လူတွေကို အဆင့်သတ်မှတ်မယ်ဆိုရင် ဒီကောင်က ကမ္ဘာမှာ နံပါတ်တစ်ပဲ ဖြစ်လိမ့်မယ်။
ဗီယွန်းဂဲပြောခဲ့သော ပြဿနာမှာ ဤရပ်တန့်ခြင်းမရှိသော ပါးစပ်သရမ်းမှုမျိုးဖြစ်မှန်း သဘောပေါက်လိုက်သဖြင့် ကန်ချွန်းသည် ဂူယုံ၏ပါးစပ်ကို ချက်ချင်းပိတ်ထားချင်စိတ် ပေါက်သွားသည်။
သို့သော် သူ သိရှိရန်လိုအပ်သည့် အချက်အလက်များ ရှိနေသေးသဖြင့် ကန်ချွန်းသည် သာမန်လူထက်ပိုသော သည်းခံခြင်းကို အသုံးချလိုက်ရသည်။
"ဒါက ကျွန်တော်ကိုယ်တိုင် စုစည်းထားတဲ့ အလယ်ပိုင်းဒေသ သိုင်းသမားများ စွယ်စုံကျမ်းရဲ့ တတိယတွဲပါ။ ကျွန်တော် တကယ်တွေ့ဆုံခဲ့ဖူးတဲ့ သိုင်းသမားတွေနဲ့ ကောလာဟလအရ ကြားဖူးရုံပဲရှိသေးတဲ့သူတွေအကြောင်း ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ အကြီးမားဆုံး သတင်းထူးက ဘာလဲဆိုတာ သိလား အဖြူရောင်လနတ်ဘုရား နန်းတော်သခင်ရဲ့..."
"မင်း ချွန်ယူဆင်နဲ့ တကယ်ပဲ မျက်မြင်တွေ့ဆုံဖူးတာလား"
"အကြီးဆုံးသား..."
"အကြီးဆုံးသား... ချွန်ဂါဆုန်လား မင်း သူ့ကိုတွေ့ဖူးတာလား"
"ဟုတ်ကဲ့ ဆရာကြီး ချွန်ဂါဆုန်နဲ့ တကယ်တွေ့ဖူးတာပါ။ လမ်းမှာ ဖြတ်သွားတာပဲ မြင်လိုက်ရတာပေမဲ့ သူ့ရဲ့ မြင့်မြတ်တဲ့ မျက်နှာကို မြင်လိုက်ရတာ... အာ... သူက ရုပ်ရည်ချောမောပြီး အရပ်ရှည်တယ်။ ဆရာကြီးချွန်ယုဆင် ပြန်လည်ဝင်စားလာသလိုပဲ။ ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ခေတ်အဆက်ဆက်မှာ အတော်ဆုံးသူတွေကို မှတ်တမ်းတင်ဖို့ပါပဲ။ သူက နောက်တစ်ခေတ်ရဲ့ နံပါတ်တစ်ဖြစ်လာမလားလို့ ထင်မိတယ်ဗျ"
"ဟွန်း"
မျက်လုံးများ တောက်ပလျက် ပြောဆိုနေသော သူတောင်းစား၏ စကားကြောင့် ကန်ချွန်း နှာခေါင်းရှုံ့လိုက်သည်။
ထိုအခါ ဂူယုံက တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သကဲ့သို့ တိုးတိုးလေး မေးလိုက်သည်။
"ဆရာကြီး ကန်လည်း သခင်လေးချွန်ကို တွေ့ဖူးလား"
"ငါတော့ လူကိုယ်တိုင် မတွေ့ဖူးဘူး။ ဒါပေမဲ့ သူက ဒီမျိုးဆက်ရဲ့ အတော်ဆုံးဆိုတဲ့ ဘွဲ့ကို ရမှာမဟုတ်ဘူး"
"ဟူး... ဘာလို့လဲဗျာ"
"အဲ့ဒါကတော့..."
"ဆရာကြီးကန်"
တစ်စုံတစ်ခု မှားယွင်းနေမှန်း ခံစားမိသည့် အိုယိုရန်က ကန်ချွန်း၏ ပေါင်ကို အမြန်ဆိတ်လိုက်သည်။ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ကန်ချွန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရသည်။
"အား မ….မင်း ဘာလုပ်တာလဲ ဆရာကြီး….အို"
ငါတို့ ဆိုဟွန်းအကြောင်းကို တိတ်တိတ်ထားဖို့ သဘောတူထားတာ မေ့သွားပြီလား။
သေရော။
အိုယိုရန်၏ စိတ်အာရုံဆက်သွယ်မှုကြောင့် သူမှားမှန်း သိလိုက်ရသဖြင့် ကန်ချွန်းသည် အခက်တွေ့စွာ ချောင်းဟန့်လိုက်သည်။
"အဟမ်း ဘာပဲဖြစ်ဖြစ်လေ... အဲ့ဒါက ငါ့ရဲ့ အာရုံခံစားမှုပါပဲ"
ခဏတာမျှ ဂူယုံ၏ အကြည့်များမှာ စူးရှသွားသည်။
"ဆရာကြီးတို့ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ။ စဉ်းစားကြည့်တော့လည်း ဂျင်မိသားစုရဲ့ သားဦး ဂျင်ဆိုဟွန်း ဒီမှာရောက်နေတယ်ဆိုတဲ့ သတင်းကြားထားမိတယ်"
"ငါက မိသားစုခေါင်းဆောင်ဂျင်နဲ့ ရင်းနှီးမှုရှိလို့ သူ့ကို ကိုယ့်ကိုကိုယ် ကာကွယ်နည်းလေးပဲ သင်ပေးနေတာပါ"
"ကိုယ့်ကိုကိုယ် ကာကွယ်နည်း... ဟုတ်လား"
ဂူယုံ၏ အကြည့်များသည် ကန်ချွန်းနှင့် အိုယိုရန်တို့ထံ ဖြတ်ပြေးသွားပြီးနောက် ဗီယွန်းဂဲကို ပြန်လည်အမှတ်ရသွားသည်။
အဖြစ်အပျက်များကို ဆက်စပ်ကြည့်လိုက်သည့်အခါ သူသည် စိတ်ဝင်စားစရာ အဖြေတစ်ခုကို ထုတ်နိုင်သွားသည်။
ဒီဆရာကြီး သုံးပါးက တပည့်တစ်ယောက်ကို တူတူသင်ပေးနေတာလား။
ဂူယုံ၏ အကြည့်များမှာ စူးရှလာသည်ကို ခံစားမိသဖြင့် ကန်ချွန်းသည် စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"ဒုန်း"
အသံကြောင့် လန့်သွားပြီး ဂူယုံမှာ ခုန်ပေါက်သွားသည်။
"ဆ ဆရာကြီး"
"ငါ မင်းကို ခေါ်တာက ဒီလို အလကားစကားတွေ ပြောဖို့ မဟုတ်ဘူး"
သတိဝင်လာသော ဂူယုံသည် ခေါင်းညိတ်လိုက်ပြီး ကန်ချွန်းနှင့် ဗီယွန်းဂဲတို့ ယူလာသည့် အလောင်းများကို ဂရုတစိုက် စစ်ဆေးရန် ပြင်လိုက်သည်။
သို့သော် ဂူယုံကိုယ်တိုင်ပင် အလောင်းများကို မမှတ်မိနိုင်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုကြည့်ကြည့် ဘာထူးခြားချက်မှ မတွေ့ရပါဘူး"
ဂူယုံ၏ အဖြေကြောင့် ကန်ချွန်း၊ အိုယိုရန်နှင့် တစ်နေရာရာမှ ပေါ်လာသော ဗီယွန်းဂဲတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ ထင်ဟပ်သွားသည်။ ထိုစဉ်မှာပင် ဂူယုံသည် လက်ချောင်းများကို တောက်လိုက်သည်။
"အဲ့ဒါကြောင့်ပဲ သူတို့ဘယ်သူတွေဆိုတာ ကျွန်တော် သိပြီထင်တယ်"
"ဘာကိုဆိုလိုတာလဲ"
"သူတို့က နာမည်မဲ့တွေပဲ"
"နာမည်မဲ့တွေ"
သူ၏အဖြေကြောင့် အိုယိုရန်သည် ပါးစပ်ကို အနည်းငယ်ဟလိုက်ပြီး လှပသော မျက်ခုံးများ တွန့်ချိုးသွားသည်။
"နာမည်မရှိ... ဆက်သွယ်မှုမရှိ... လူသားတစ်ယောက်လို ဘဝမျိုးတောင် မရှိတဲ့သူတွေ..."
"ဟုတ်ပါတယ်။ ဒါကြောင့် သူတို့က အလယ်ပိုင်းဒေသမှာ အကောင်းဆုံး လူသတ်သမားအဖွဲ့အစည်းဖြစ်တဲ့ နာမည်မဲ့ တဲအိမ်က လုပ်ကြံသတ်ဖြတ်သူတွေပေါ့။ သူတို့နောက်ကွယ်ကသူကတော့..."
ဆရာကြီး သုံးပါး၏ အကြည့်များသည် ဂူယုံ၏ နှုတ်ခမ်းထံသို့ စုပြုံရောက်ရှိသွားသည်။
"ဘိုးဘေးဂိုဏ်းချုပ်များရဲ့ မဟာမိတ်အဖွဲ့ပဲ"