← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း။ ၁၂

ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကန်ချွန်းနှင့် အိုယိုရန်တို့၏ မျက်နှာများက တင်းမာသွားကြသည်။

"ဒါဆို ဆရာကြီး ကန်ရဲ့စကားအရဆိုရင်... နာမည်မဲ့ တဲအိမ်... မဟုတ်ဘူး။ ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့က အဖြူရောင်လနတ်ဘုရား နန်းတော်ကို ထိပါးလိုက်တာပေါ့"

"ချွန်မိသားစုရဲ့ ဓားချက်ကို တိုက်ရိုက်ခံလိုက်ရလို့ ဖင်မှာအမာရွတ် ဖြစ်သွားတဲ့ ဗီယွန်းဂဲရဲ့ သက်သေခံချက်ဆိုတော့ ဒါက အမှန်ဖြစ်ဖို့ များပါတယ်"

"ဟူး"

ရင်ဘတ်ထဲမှ အလယ်ပိုင်းဒေသ သိုင်းသမားများ စွယ်စုံကျမ်း၏ ဒုတိယတွဲကို ထုတ်ယူလိုက်သော ဂူယုံသည် ဗီယွန်းဂဲအကြောင်း ဖော်ပြထားသည့်နေရာကို ရှာတွေ့သွားပြီးနောက် စုတ်တံကိုထုတ်ကာ အသစ်သိလိုက်ရသည့် အချက်အလက်များကို ချရေးလိုက်သည်။

"ဗီယွန်းဂဲ၏ ဖင်တွင် အမာရွတ်ရှိသည်။ အကြောင်းရင်းမှာ..."

ယောက်ျားတစ်ယောက်၏ လျှို့ဝှက်ချက်ကိုပါ မှတ်တမ်းတင်နေသည့် ဂူယုံကို ကြည့်ရင်း ကန်ချွန်းသည် ကိုယ့်ကိုကိုယ် ပိုမိုသတိထား၍ ပြုမူနေထိုင်သင့်ကြောင်း တွေးလိုက်မိသည်။

ဒါပေမဲ့ ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့က အဖြူရောင်လနတ်ဘုရား နန်းတော်ကို လုပ်ကြံဖို့ လူသတ်သမားတွေကို သုံးလိုက်တယ်ဆိုတာ...

၎င်းကို နာမည်မဲ့ တဲအိမ်၏ တစ်ကိုယ်တော် လုပ်ရပ်ဟုသာ သတ်မှတ်ရန်မှာ သူတို့၏ ပစ်မှတ်က အလွန်အန္တရာယ်ကြီးလွန်းသည်။

အဖြူရောင်လနတ်ဘုရား နန်းတော်အား ကောင်းကင်ဘုံအောက်တွင် နံပါတ်တစ်ဟု ခေါ်ဆိုကြပြီး လက်ရှိခေတ်၏ အင်အားအကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသည့် အဖြူရောင်လနတ်

ဘုရား နန်းတော်သခင် ချွန်ယူဆင်၏ အိမ်တော်က သိုင်းလောက မဟာမိတ်အဖွဲ့ပင်လျှင် စိန်ခေါ်

ရန် မဝံ့ရဲသည့် တည်ရှိမှုတစ်ခုဖြစ်သည်။

နာမည်မဲ့ တဲအိမ်အနေဖြင့် ထိုမျှ အင်အားကြီးမားသည့် အဖြူရောင်လနတ်ဘုရား နန်းတော်ကို လုပ်ကြံရန်အတွက် လူသတ်သမားများကို စေလွှတ်သည်ဆိုခြင်းမှာ အဖြူရောင်လနတ်ဘုရား နန်းတော်နှင့် ယှဉ်နိုင်သည့် အင်အားစုတစ်ခုခုက သူတို့ကို လှုပ်ရှားခိုင်းလိုက်ခြင်း ဖြစ်ပေမည်။

“ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့သာဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိတာပေါ့”

ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့သည် အလယ်ပိုင်းဒေသရှိ မကောင်းဆိုးဝါးဂိုဏ်းအားလုံးထက် သာလွန်သည်ဟူသော ဆိုရိုးစကားမှာ နာမည်ကြီးပြီးသားဖြစ်သည်။ အထူးသဖြင့် ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဂျူချွန်သည် အဖြူရောင်လနတ်ဘုရား နန်းတော်သခင်နှင့် ယှဉ်နိုင်သည့် အစွမ်းရှိသူဖြစ်သည်ဟူသော ကောလာဟလများ ရှိနေသည်။

သူသည် မကောင်းဆိုးဝါးဂိုဏ်းများမှ ထင်ရှားသည့် သိုင်းပညာရှင်များကို တစ်ဦးတည်း အနိုင်ယူသတ်ဖြတ်ခဲ့ပြီး ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့ကို တည်ထောင်ကာ ခေါင်းဆောင်ဖြစ်လာသူ ဖြစ်သည်။

ဒီသတင်းက အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် သူကတော့ ခေါင်းရှုပ်စရာ ကောင်းတဲ့လူတစ်ယောက်ဆိုတာ အမှန်ပဲ။

ကန်ချွန်းသည် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

အဖြူရောင်လနတ်ဘုရား နန်းတော်နှင့် ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့တို့ တိုက်ခိုက်နေကြခြင်းက ကန်ချွန်းနှင့် မဆိုင်သော်လည်း သူတို့တိုက်ခိုက်သည့်နေရာမှာ တစ္ဆေငိုသံ တောအုပ်ဖြစ်နေခြင်းကသာ ပြဿနာဖြစ်သည်။

ထိုအချိန်တွင် ဂူယုံသည် ကန်ချွန်း၏ ခေါင်းရှုပ်စရာ အပူလုံးများကို ဆေးကြောပေးမည့်အလား ပေါ့ပါးသွက်လက်စွာ စကားစလိုက်သည်။

"ဒီကိစ္စကိုတော့ ကျွန်တော်တို့ သူတောင်းစားဂိုဏ်းကပဲ ကိုင်တွယ်လိုက်ပါ့မယ်"

"သူတောင်းစားဂိုဏ်းက ကိုင်တွယ်မယ်လို့ ပြောတာလား"

"ဟုတ်ပါတယ် အဖြူရောင်လနတ်ဘုရား နန်းတော်နဲ့ ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့နဲ့ ဆိုင်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ပဲ ရှင်းလင်းပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်။ တစ္ဆေငိုသံ တောအုပ်နဲ့ ပတ်သက်တဲ့ကိစ္စကိုလည်း ကျွန်တော်တို့ပဲ တာဝန်ယူပေးပါ့မယ်"

"အို..."

ကန်ချွန်းနှင့် အိုယိုရန်တို့၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ဝင်းလက်သွားသည်။ သူတောင်းစားဂိုဏ်းကသာ ရှင်းလင်းပေးမည်ဆိုလျှင် စိုးရိမ်စရာ ဘာမှမရှိတော့ပေ။ သို့သော် ကန်ချွန်းကမူ သတိထားသည့်လေသံဖြင့် မေးလိုက်ရသည်။

"ဒါတွေက အလကားတော့ မဟုတ်လောက်ဘူးနော်"

သူ့အမေးကြောင့် ဂူယုံ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"သေချာတာပေါ့"

"မင်း ဘာလိုချင်သလဲဆိုတာ ပြောစမ်းပါ"

ကန်ချွန်းသည် ဂူယုံလိုချင်သည့် မည်သည့်အရာကိုမဆို ပေးအပ်ရန် အသင့်ရှိနေသည်။

သူ၌ အစွမ်းထက်သည့် သိုင်းပညာများရှိပြီး ဂျင်မိသားစု၏ များပြားလှသော စည်းစိမ်ဥစ္စာများကလည်း သူ၏နောက်ကွယ်တွင် ရှိနေသည်။

"ကျွန်တော် လိုချင်တာကတော့... ဒီတောင်ပေါ်မှာ ဆရာကြီးတို့နဲ့အတူ တစ်လလောက် နေထိုင်ခွင့်ပြုဖို့ပါပဲ"

…..

ပြန်လည်ရောက်ရှိလာသော ဗီယွန်းဂဲက သူတို့၏နေအိမ် ထောင့်တစ်နေရာတွင် နေရာယူကာ လှဲလျောင်းနေသည့် ဂူယုံကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။

"ဒါဆိုရင် အဲ့ဒီကောင်က ဒီမှာ တစ်လလောက် နေသွားမှာပေါ့ ဟုတ်လား"

"အဲ့ဒီအတိုင်းပဲ ဖြစ်သွားခဲ့တာပဲ"

"မဖြစ်နိုင်တာ အဲ့ဒီကောင်က..."

"သူ ဘယ်သူလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ သူက သူတောင်းစားဂိုဏ်းမှာ ရာထူးကြီးမားတဲ့သူတစ်ယောက်တော့ ဖြစ်ရမယ်"

ကန်ချွန်း၏ တည်ငြိမ်သောအဖြေကြောင့် ဗီယွန်းဂဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါကို ဘယ်လိုလုပ် သိတာလဲ"

"ဘယ်လိုလုပ် သိရမလဲ အဲ့ဒီကောင်ကသာ သာမန်သူတောင်းစားတစ်ယောက်ဆိုရင် အဖြူရောင်လနတ်ဘုရား နန်းတော်နဲ့ ဘိုးဘေးဂိုဏ်းချုပ်များ၏ မဟာမိတ်အဖွဲ့ကြားက ပြဿနာတွေကို ရှင်းပေးမယ်လို့ ကတိပေးနိုင်ပါ့မလား။ သာမန်လူမဟုတ်လို့သာ ဒီလိုကတိမျိုးပေးနိုင်တာပေါ့"

တကယ်တမ်းမှာလည်း ဂူယုံသည် တောင်အောက်သို့ မဆင်းဘဲနှင့် သူတောင်းစားအချို့ကို ခေါ်ယူကာ အမိန့်အမျိုးမျိုး ပေးခဲ့ပြီးဖြစ်သည်။

သူသာ သာမန်သူတောင်းစားတစ်ယောက်ဆိုလျှင် ဂိုဏ်းခွဲတစ်ခုခုသို့ ကိုယ်တိုင်သွားရမည် သို့မဟုတ် သူတောင်းစားဂိုဏ်း၏ ရုံးချုပ်သို့သွားပြီး တစ္ဆေငိုသံ တောအုပ်တွင် ဖြစ်ပျက်ခဲ့သမျှကို ပါးစပ်ဖြင့် ရှင်းပြရမည်ပင်။

သို့သော် ဂူယုံကမူ ကိုယ်တိုင်လှုပ်ရှားမနေခဲ့ပေ။

သူတောင်းစားတို့၏ လောကတွင် ဖင်လေးလေးနှင့် အေးဆေးနေနိုင်သူဆိုသည်မှာ ရာထူးကြီးမားသူဟု အဓိပ္ပာယ်သက်ရောက်သည်။

"ဟား... ကျစ်"

"ဒါဆို ပြောပြစမ်း။ အဲ့ဒီသူတောင်းစားက ဘယ်သူလဲ"

အိုယိုရန်ကပါ ဝင်မေးသောအခါ ဗီယွန်းဂဲက ပခုံးတွန့်လိုက်သည်။

"မသိဘူး"

"မသိဘူးဟုတ်လား အဲ့ဒါက ဖြစ်နိုင်ပါ့မလား ခုနကတော့ အကုန်သိနေသလိုမျိုး ပြောနေခဲ့တာလေ"

အိုယိုရန်၏ ဒေါသထွက်နေသော အသံကြောင့် ဗီယွန်းဂဲက မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့ဒါကြောင့်ပဲ ခက်တာပေါ့။ သူတောင်းစားဂိုဏ်းဝင်ဆိုရင် ရှိရမယ့် အမှတ်အသားကြိုးတောင် သူ့မှာ မပါဘူး။ ဒါပေမဲ့ သူတောင်းစားတွေကိုတော့ ကိုယ့်လက်ကိုယ့်ခြေလိုမျိုး အမိန့်ပေးနေတာ"

"စဉ်းစားကြည့်တော့လည်း..."

သူတောင်းစားဂိုဏ်းဝင်တစ်ယောက်အနေဖြင့် ဂူယုံတွင် အမှတ်အသားကြိုး မရှိခြင်းမှာ ထူးဆန်းသည်။

"သူက ငါတို့လို အမှောင်လောကသားတွေကြားမှာ နာမည်ကြီးတဲ့သူ။ သူ မသိတဲ့သတင်းဆိုတာ မရှိသလောက်ပဲ။ ပြီးတော့ သူက ကိုယ့်ရဲ့ရင်းမြစ်ကို ဘယ်တော့မှ မဖော်ပြဖူးတဲ့သူမျိုး"

"ငါ ထင်ထားတာထက် ပိုပြီးတော့ ခက်ခဲတဲ့သူပဲ"

ကန်ချွန်းက ခေါင်းကို ကုတ်လိုက်သည်။

“ဟုတ်တယ် ကျွန်တော် ဒီမှာ တစ်လလောက်နေပြီး သူရဲကောင်းကြီး သုံးပါးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ချင်လို့ပါ”

မျက်နှာပြင်အရတော့ သူက ကန်ချွန်း၊ ဗီယွန်းဂဲနှင့် အိုယိုရန်တို့အကြောင်းကို သိရှိဖို့အတွက်ဟု ပြောဆိုသော်လည်း ကန်ချွန်းသည် ဂူယုံ၏ စစ်မှန်သော ရည်ရွယ်ချက်ကို သိနေသည်။

သူ ပစ်မှတ်ထားနေတာက ဆိုဟွန်းပဲ။

ဂူယုံသည် သူတို့ဆရာသုံးပါးထံမှ ပညာသင်ယူနေသော ဂျင်ဆိုဟွန်းအကြောင်းကို သိရှိရန် ရည်ရွယ်ချက်ဖြင့် တမင်သက်သက် ချဉ်းကပ်လာခြင်းပင်။

"သူ့ကို အခုပဲ မောင်းထုတ်လိုက်ရမလား"

"မလိုပါဘူး။ သူတောင်းစားဂိုဏ်းနဲ့ အပေးအယူ လုပ်ထားပြီးသားမို့လို့... ငါတို့က အရင်ဆုံး ပျက်ကွက်လို့ မဖြစ်ဘူး။ အခုလောလောဆယ်တော့ ဆိုဟွန်းကို သူအကောင်းဆုံးလုပ်နိုင်တဲ့အရာကိုပဲ လုပ်ခိုင်းထားလိုက်လို့ အဆင်ပြေမှာပါ"

"သူ အကောင်းဆုံးလုပ်နိုင်တဲ့အရာ ဟုတ်လား"

အိုယိုရန်နှင့် ဗီယွန်းဂဲတို့က စူးစမ်းလိုသော အကြည့်ဖြင့် ကြည့်လိုက်သောအခါ ကန်ချွန်းက နှုတ်ခမ်းကို တစ်ချက်တွန့်ပြလိုက်သည်။

"မင်းတို့ သတိမထားမိကြဘူးနဲ့တူတယ်။ ဆိုဟွန်း အကောင်းဆုံးလုပ်နိုင်တာက သိုင်းပညာမဟုတ်ဘူး"

"ဒါဆိုရင် ဘာလဲ"

"သူ့ရဲ့ ဘွဲ့နာမည်ကို မေ့သွားကြပြီလား"

ခဏအကြာတွင် သူတို့နှစ်ဦးလုံး ဂျင်ဆိုဟွန်း၏ ဘွဲ့နာမည်ကို ပြန်လည် အမှတ်ရသွားကြသည်။

"အဲ့ဒါက... ဂျင်မိသားစုရဲ့ အပျင်းထူလွန်းတဲ့သခင်လေး"

[ဆိုဟွန်း….]

[ဟုတ်ကဲ့ ဆရာ]

[မင်း ဘာကို အကောင်းဆုံး လုပ်နိုင်လဲဆိုတာ သိလား]

[သိတာပေါ့]

[လာမယ့်တစ်လအတွက် မင်းအကောင်းဆုံးလုပ်နိုင်တဲ့အရာကိုပဲ လုပ်ထားလိုက်]

[ဆရာ တကယ်ပြောတာလား]

[အ အင်း...]

အကြောင်းရင်းအတိအကျကို သူ မသိသော်လည်း ကန်ချွန်း၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည့်အတွက် ဂျင်ဆိုဟွန်းသည် သူ့အားပေးထားသော ဤခဏတာ အားလပ်ရက်ကို အလကား အဖြုန်းခံရန် အစီအစဉ်မရှိပေ။

အစွမ်းကုန်ပဲ ငါ အပျင်းကြီးပစ်လိုက်မယ်။

ဂျင်ဆိုဟွန်းသည် နေရောင်အထိတွေ့ဆုံးဖြစ်သည့် နေရာကောင်းတစ်ခုသို့ သွားရောက်ကာ လှဲချလိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးစွာ ထွေးပွေ့ထားသော နွေဦးနေရောင်ခြည်နှင့် အေးစက်စက် လေပြေညင်းတို့မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

"ဒါမျိုးမှ အကောင်းဆုံး... ငါ ဒီလောက်တောင် အလုပ်ရှုပ်လွန်းနေခဲ့တာ။ အခုမှပဲ ငါနဲ့တူတော့တယ်"

ထိုနေ့မှစ၍ ဂျင်ဆိုဟွန်းသည် တုတ်တုတ်မျှမလှုပ်ဘဲ ငါးရက်တိုင်တိုင် တစ်နေရာတည်းတွင် လှဲအိပ်နေတော့သည်။

ပဉ္စမမြောက်နေ့ နံနက်ခင်းတွင်မူ သူတောင်းစား ဝတ်စုံဝတ်ထားသော လူတစ်ယောက် ချဉ်းကပ်လာသည်။

သူ၏ အရပ်အမောင်းမှာ သာမန်မျှသာဖြစ်ပြီး ညစ်ပေနေသော မျက်နှာပေါ်ရှိ အင်္ဂါရပ်များမှာမူ ထင်ရှားလှသည်။ မျက်လုံးများမှာ ကြီးမားသော်လည်း တမင်တကာ မှေးစင်းထားဟန်ရှိပြီး အပေါ်နှုတ်ခမ်းမှာ ပါးလွှာကာ အောက်နှုတ်ခမ်းမှာမူ ထူထဲသည်။

"မင်္ဂလာပါ"

"မင်္ဂလာပါ"

"ကျွန်တော်က သူတောင်းစားဂိုဏ်းက ဂူယုံပါ"

"ကျွန်တော်က ဂျင်မိသားစုက ဆိုဟွန်းပါ"

ဂူယုံသည် ဂျင်ဆိုဟွန်း၏ ဘေးနားတွင် ပစ်လဲချလိုက်သည်။

"သခင်လေးဂျင် ဒီမှာ ဘာလုပ်နေတာလဲ"

"ကျွန်တော် လှဲနေတာပါ"

"ကျွန်တော် သိသလောက်တော့ သခင်လေး လှဲနေတာ ငါးရက်ရှိပြီနော်... ဘယ်လောက်ကြာအောင် ထပ်လှဲဦးမှာလဲ"

"အင်း... စဉ်းစားကြည့်တော့လည်း မကြာခင် ထရတော့မှာပါပဲ"

"အို"

ဂျင်ဆိုဟွန်းတစ်ယောက် သိုင်းပညာသင်ယူမည့် အချိန် ရောက်လာပြီလား။

ဂျင်ဆိုဟွန်းသည် ထိုနေရာမှ ဖြည်းဖြည်းချင်း ထလိုက်ပြီး ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက်ကာ ထပ်မံ၍ လှဲချလိုက်ပြန်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားသော ဂူယုံက ထပ်မေးလိုက်သည်။

"ထမယ်လို့ မပြောခဲ့ဘူးလား"

"ဟိုဟိုဒီဒီ အနေအထားက မသက်မသာဖြစ်လို့ပါ။ အနေအထားတစ်ခုတည်းနဲ့ ငါးရက်ကျော် လှဲနေရင် လည်ပင်းကြောတွေ တက်လာလို့ပါ"

"..."

ဂူယုံ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူ ငါ့ကို သတိထားနေတာပဲ။ ကောင်းပြီလေ မင်း ငါ့ကို ဘယ်လောက်ကြာကြာ လှည့်ဖြားနိုင်မလဲ ကြည့်ကြတာပေါ့။

သူ့တွင် ယုံကြည်ချက်တစ်ခုရှိသည်။

အလယ်ပိုင်းဒေသ သိုင်းသမားများ စွယ်စုံကျမ်း ပြည့်စုံစေရန် သိုင်းသမားများနောက်သို့ လိုက်ကာ သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်၍ မှတ်တမ်းတင်ခဲ့ရသည်။

သူတို့က သူ့ကို လုပ်ကြံသူဟု ထင်မှတ်၍ သတ်ဖြတ်ရန် ကြိုးစားခဲ့သော အကြိမ်ပေါင်းလည်း မနည်းတော့ပေ။

ထိုအရာနှင့် ယှဉ်လျှင် အရွယ်မရောက်သေးသော ဤကောင်လေးမှာ သူ့အတွက် အမှုမထားလောက်စရာပင်။

ဟီးဟီး... မင်းရဲ့ အစစ်အမှန်ကို ငါ ဖော်ထုတ်ပြမယ်။

တစ်ဆယ့်ငါးရက် ကုန်ဆုံးသွားသည်။

အရူးကောင်…….

ဂူယုံတစ်ယောက် အရူးအမူး ဖြစ်လာသလို ခံစားရသည်။

ပြီးခဲ့သည့် ဆယ်ရက်အတွင်း ဂျင်ဆိုဟွန်း လုပ်ခဲ့သမျှမှာ လှဲအိပ်ပြီး အပျင်းကြီးနေခြင်းသာ ဖြစ်သည်။

"ခလူးးး.. ခလော"

တစ်ဆယ့်ငါးရက်တိုင်တိုင် အိပ်စက်ခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သော ထိုကောင်လေးသည် တောကောင်ကြီးတစ်ကောင်ကို စောင်အဖြစ် အသုံးပြုကာ မောပန်းနွမ်းနယ်နေဟန်ဖြင့် လှဲနေသည်။

ဒီတောခွေးက ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ။

တောခွေးဟုဆိုသော်လည်း ဧရာမ ဝံပုလွေတစ်ကောင်နှင့်ပင် တူနေသည်။ ထိုမျှမက သူ၏ အမွှေးများမှာလည်း ပြောင်လက်နေပြီး အိပ်ပျော်နေဟန်ပင်။

"မင်္ဂလာပါ ခင်ဗျာ"

ဂူယုံကို မြင်လိုက်ရသည့် ဂျင်ဆိုဟွန်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"နောက်ထပ် လှဲနေပြန်ပြီလား"

"နောက်ထပ်လား ကျွန်တော်က အမြဲတမ်း လှဲနေကျပါ"

"..."

"ဒါပေမဲ့ ဒီနေ့တော့ လုပ်စရာ တစ်ခုရှိတယ်"

"အို"

တောခွေးကို ခေါင်းအုံးပြု၍ လှဲနေသော ဂျင်ဆိုဟွန်းသည် လက်ပိုက်ကာ လေထဲကိုပင် အလေးအနက် ကြည့်နေသည်။ အခွင့်အရေးဟု ထင်မှတ်သော ဂူယုံသည် သူ၏ဘေးတွင် တိတ်တဆိတ် ထိုင်လိုက်သည်။

"ဘာတွေကို ဒီလောက်တောင် အလေးအနက် စဉ်းစားနေတာလဲ"

"အိမ်သာ မသွားရအောင် လုပ်နိုင်မယ့် သိုင်းပညာတစ်ခုအကြောင်း စဉ်းစားနေတာပါ"

"ဘ ဘာပြောလိုက်တယ်"

၎င်းမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲသော ထူးဆန်းသည့် ပေါင်းစပ်မှုဖြစ်သည်။

အိမ်သာနဲ့ သိုင်းပညာ ဒါကြီးက….ဘာကြီးတုန်း…….

"ဘ ဘာကို ဆိုလိုတာလဲ..."

ဂူယုံက စကားထစ်လျက် မေးလိုက်သောအခါ ဂျင်ဆိုဟွန်းက အလွန်တည်ငြိမ်သော မျက်နှာဖြင့် ဆိုသည်။

"လူတစ်ယောက်က လှုပ်ရှားမှုကို အနည်းဆုံးဖြစ်အောင် လုပ်ပြီး ဘာမှမလုပ်ဘဲနေရင် နှစ်ရက်တစ်ခါလောက်ပဲ စားဖို့ လုံလောက်တယ်ဆိုတာ သိလား"

ငါက ဘယ်လိုလုပ် သိမှာလဲ။

ဂူယုံသည် သူတောင်းစားတစ်ယောက် ဖြစ်သည်။

သူတောင်းစားတစ်ယောက်အတွက် အစာတစ်ခုစီတိုင်းမှာ တန်ဖိုးရှိလှပြီး တစ်နေ့ သုံးနပ်စားခြင်းမှာ ဘယ်တော့မှ မပျက်ကွက်ရမည့် သူတောင်းစားတို့၏ ကျင့်ဝတ်တစ်ခုဖြစ်သည်။ သို့သော် နှစ်ရက်တစ်ခါ စားခြင်းဆိုသည်မှာ..

"ကျွန်တော် ဘာလို့ အဲ့လိုလုပ်ရမှာလဲ"

လုံးဝ နားမလည်နိုင်ဟန်ရှိသော ဂူယုံ၏ အမေးကို ဂျင်ဆိုဟွန်းက ခေါင်းညိတ်၍ ဖြေလိုက်သည်။

"အကြောင်းရင်းကတော့... အဲ့ဒီလိုမှသာ သုံးရက်တစ်ခါ အိမ်သာသွားနိုင်မှာမို့လို့ပါ"

"..."

"ဒါပေမဲ့ အဲ့ဒီအခါမျိုးမှာ အတွေးတစ်ခု ဝင်လာတယ်။ အိမ်သာကို လုံးဝ မသွားရအောင် ဘယ်လိုလုပ်ရမလဲ။ ဘာမှမစားရင် ဖြစ်နိုင်ပါလိမ့်မယ်... ဒါပေမဲ့ လူဆိုတာ အသက်ရှင်ဖို့ တစ်ခုခုတော့ စားရမှာပဲလေ"

"အဲ့ဒါတော့ ဟုတ်ပါတယ်"

"ဒါကြောင့် အိမ်သာကို မသွားရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားနေတာပါ။ သိုင်းပညာတွေထဲမှာ အဲ့လို သိုင်းမျိုး မရှိဘူးလား"

"ကျွန်တော် သိသလောက်တော့... မရှိပါဘူး"

ပြီးတော့လည်း ရှိကို မရှိသင့်တာ။

အကယ်၍သာ ထိုသို့သော သိုင်းပညာမျိုးကို တီထွင်လိုက်သူရှိခဲ့ပါလျှင် ဂူယုံတစ်ယောက် သူပိုင်ဆိုင်သမျှကို ပေးဆပ်ရမည်ဖြစ်စေ ထိုသိုင်းကျမ်းကို ပြာပုံဖြစ်အောင် မီးရှို့ပစ်မည်ဟု ခံပြင်းစွာ ယုံကြည်နေမိသည်။

မီးရှို့ကို ရှို့ပစ်ရမယ်……..

"ဟား... ကျွန်တော်သိသလောက်တော့ သိုင်းပညာရဲ့ သမိုင်းကြောင်းက တော်တော်လေး ရှည်လျားပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ထူးခြားတဲ့ သိုင်းပညာမျိုးကို ဘယ်သူမှ တီထွင်ခဲ့တာ မကြားဖူးပါဘူး"

ဘယ်သူကများ ဒီလိုဟာမျိုးကို တီထွင်မှာလဲ။

ဂူယုံ၏ လည်ချောင်းထဲအထိ ရောက်နေသော စကားလုံးများကို မျိုသိပ်ကာ သည်းခံလိုက်ရသည်။

"ဟုတ်ပါတယ်။ ဒါနဲ့... သခင်လေးဂျင်က ဆရာကြီးသုံးပါးဆီကနေ သိုင်းပညာတွေ သင်ယူနေတာ မဟုတ်ဘူးလား"

"အဲ့ဒါတွေက ကျွန်တော်နဲ့ မလိုအပ်တဲ့ ပညာတွေပါ။ သန်မာလာလို့ရော ဘာလုပ်ရမှာလဲ"

"ဟိုလေ..."

"အာ ဒါပေမဲ့ ဆရာကြီးအိုဆီကနေ ပုလွေမှုတ်နည်း သင်ယူရတာတော့ ကျွန်တော် ကြိုက်တယ်ဗျ"

ဒါပဲလေ…..

သူစောင့်မျှော်နေသည့် အခွင့်အရေး ရောက်လာပြီဟု သဘောပေါက်လိုက်သဖြင့် ဂူယုံတစ်ယောက် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ သွေးဆောင်သည့် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကိုရော သခင်လေးဂျင်ရဲ့ ပုလွေဖျော်ဖြေမှုကို နားထောင်ခွင့် ပေးနိုင်မလားဗျာ"

"အို"

အခုချိန်ထိ အပျင်းထူလွန်းတဲ့သခင်လေးဟူသော ခေါင်းစဉ်နှင့် ကိုက်ညီအောင် အပျင်းကြီးပြနေခဲ့သည့် ဂျင်ဆိုဟွန်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် လန်းဆန်းတက်ကြွလာသည်။

"ရတာပေါ့"

ဂျင်ဆိုဟွန်းသည် သူ၏ ပုလွေကို ထုတ်ယူကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်သည်။

ထိုအချိန်တွင် အနီးနားရှိ ဝံပုလွေခေါင်းဆောင်မှာ ထိုအသံကို ကြားသည်နှင့် လန့်ဖြန့်သွားကာ မြားတစ်စင်းအလား အဝေးသို့ ထွက်ပြေးသွားတော့သည်။

ဒါ ဘာကြီးလဲ။

ထိုအချိန်ထိ ဂူယုံတစ်ယောက် မသိသေးပေ။

ဆယ်ငါးရက်တိုင်တိုင် ဂျင်ဆိုဟွန်း၏ ဘေးမှ မခွာခဲ့သော ဝံပုလွေခေါင်းဆောင်သည် အဘယ်ကြောင့် အလောတကြီးဖြင့် မီတာရာချီသည့်ခရီးအထိ ထွက်ပြေးသွားရသည်ကို သူ မသိခဲ့ပေ။

"အဟမ်း"

မည်သည့်တေးသွားကို တီးခတ်မည်ကို စိတ်ထဲတွင် စဉ်းစားပြီးနောက် ဂျင်ဆိုဟွန်းက ပုလွေကို နှုတ်ခမ်းနားသို့ ကပ်လိုက်သည်။

ဂလု…..

နောက်ဆုံးတော့ သခင်လေးဂျင်ရဲ့ စစ်မှန်တဲ့ မျက်နှာကို မြင်ရတော့မယ်။

ဂူယုံသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။ ထိုမျှ စိတ်အားထက်သန်သည့် အကြည့်များကြောင့် ဂျင်ဆိုဟွန်းလည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"စတော့မယ်နော်"

"ဟုတ်ကဲ့"

"အူ... "

မြေပြင်ပေါ်တွင် မေ့မြောနေသည့် ဂူယုံကို မြင်လိုက်ရသောအခါ ညဘက် လမ်းလျှောက်ပြီး ပြန်လာသည့် ဗီယွန်းဂဲတစ်ယောက် ခေါင်းကို စောင်းကာ မေးလိုက်သည်။

"ဒီကောင် ဘာဖြစ်တာလဲ"

သူ့အမေးကြောင့် ကန်ချွန်းက ရယ်မောလိုက်ပြီး အိုယိုရန်မှာမူ ရေချိုးတော့မည်ဟု ပြောကာ အလျင်အမြန်ပင် နေရာမှ ထ၍ ဘယ်ဆီသို့ ရောက်သွားမှန်းမသိ ပျောက်ကွယ်သွားသည်။

"အိုယိုရန်ကရော ဘာဖြစ်တာလဲ"

"အဲ့ဒီသူတောင်းစားက ဆိုဟွန်းရဲ့ ပုလွေမှုကို အနုပညာမြောက်တယ်လို့ ချီးကျူးမိတာလေ။ ပြီးတော့ သူ့ရှေ့တည့်တည့်မှာပဲလေ"

"ဘာ အယ် သောက်သူတောင်းစား မိုက်မဲတဲ့ကောင်။ ငါတောင် ဆိုဟွန်းရဲ့ ပုလွေသံကို သူ့ရှေ့တည့်တည့်မှာ နားထောင်ဖို့ နားမထောင်ရဲဘူး... အခုတော့ သူ အတော်လေး ခံလိုက်ရပြီပေါ့"

"ဟားဟားဟား"

"ဟိဟိဟိ"

ဆရာကြီးနှစ်ပါး၏ ရယ်မောသံကြားတွင် ရေချိုးသွားမည်ဟုဆိုကာ ထွက်သွားခဲ့သည့် အိုယိုရန်၏ လှပသော ပါးပြင်ပေါ်တွင် မျက်ရည်စများ စီးကျနေသည်။

"ဟီး..."

မျက်ရည်ကျနေသည့်သူ နောက်တစ်ယောက်လည်း ရှိသေးသည်။

"ဘာလို့လဲဗျာ"

ဂျင်ဆိုဟွန်းတစ်ယောက် လုံးဝနားမလည်နိုင်ပေ။

ပုလွေသံမှာ ကျေနပ်စရာကောင်းလောက်အောင် လှပသည်ဟု သူထင်သည်။

"ဒါပေမဲ့... ဂူယုံက ဘာဖြစ်လို့ ရုတ်တရက်ကြီး ပါးစပ်က အမြုပ်တွေထွက်ပြီး မေ့မြောသွားရတာလဲ"

အမှန်တကယ်ပင် နားလည်ရခက်လှသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

All Chapters