← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း။ ၁၇

"ငါမရှိလည်း ကျန်းကျန်းမာမာနေခဲ့ကြဦး"

ဝူ…..

ကြီးမားသော ခေါင်းဆောင်ဝံပုလွေကြီးသည် ပုံမှန်နှင့်မတူဘဲ ညည်းသံလေးတစ်ချက် ထွက်ပေါ်လာသည်။

ဂျင်ဆိုဟွန်းထံမှ ရရှိခဲ့သည့် ကျေးဇူးတရားကို သူမေ့နိုင်ပုံမရပေ။

ဂျင်ဆိုဟွန်းကလည်း သူထွက်ခွာတော့မည်ကို သိနေသည့်အလား စုဝေးနေသော ဝံပုလွေများ၏ ခေါင်းကို ပွတ်သပ်ရင်း နှုတ်ဆက်လိုက်သည်။

"ငါ မကြာခဏဆိုသလို လာလည်ပါ့မယ်... သုံးနှစ်တစ်ခါလောက်ပေါ့။ အဲ့ဒီအချိန်ထိ ရန်မဖြစ်ဘဲ နေကြဦးနော်"

ရင်းနှီးနေပြီဖြစ်သော ဝံပုလွေများနှင့် နှုတ်ဆက်ပြီးနောက် ဂျင်ဆိုဟွန်းသည် စောင့်ဆိုင်းနေသော ဆရာသမားများထံ လျှောက်သွားကာ လက်အုပ်ချီလိုက်သည်။

"ဆရာတို့ရဲ့ သင်ကြားမှုတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး"

တစ်ဦးတည်းသော တပည့်ဖြစ်သူ၏ ထွက်ခွာခြင်းအတွက် ဆရာသုံးပါးလုံးမှာ ထူးခြားသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် အချိန်အကြာဆုံး သင်ကြားပေးခဲ့သော ကန်ချွန်းမှာ ငိုတော့မည့်အလားပင်။

"ဒါကို ယူသွား"

"ဒါက..."

ကန်ချွန်း ပေးလိုက်သည်မှာ ပျံသန်းသောဓားဆယ်လက်နှင့် ၎င်းတို့ကို ထည့်ရန် လျှို့ဝှက်အိတ်ဖြစ်သည်။ လျှို့ဝှက်အိတ်မှာ ပခုံးတွင် လွယ်ရသော အမျိုးအစားဖြစ်ပြီး ရှေ့နှင့်နောက်တွင် ဓားငါးလက်စီ ထည့်နိုင်သည်။

"ဒါက ငါ့ဓားတွေကို လုပ်ပေးတဲ့ လက်သမားဆရာကြီးကို အထူးမှာပြီး လုပ်ခိုင်းထားတဲ့ မင်းရဲ့ ကိုယ်ပိုင်ဓားတွေနဲ့ လျှို့ဝှက်အိတ်ပဲ"

ငွေရောင်တောက်ပနေသော ဓားသွားပေါ်တွင် ဆိုဟွန်း၏ မိသားစုနာမည် ဂျင်ဟု အက္ခရာ တင်ထားသည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီးကန်"

ဂျင်ဆိုဟွန်းသည် ဓားများကို အိတ်ထဲထည့်ကာ ပခုံးတွင် လွယ်လိုက်သည်။ ဓားများက ပေါ့ပါးသလို အိတ်ကလည်း ပေါ့ပါးသဖြင့် ဝန်ကို မခံစားရပေ။

ပခုံးတွင် ဓားဆယ်လက်၊ ခါးတွင် အိုယိုရန်ပေးသော အနက်ရောင် ဆီးနှင်းအသံပုလွေတီးကိရိယာတို့ဖြင့် ဂျင်ဆိုဟွန်းသည် ဗီယွန်းဂဲပေးခဲ့သော အနက်ရောင်အိတ်ကို ဖွင့်ကြည့်လိုက်ကာ အတွင်းတွင် သော့တစ်ချောင်း ပါသည်။

"ဒီသော့က ဘာအတွက်လဲဗျ"

"အဟမ်း"

သူ့အလှည့်ရောက်ပြီဟု ယူဆကာ ဗီယွန်းဂဲသည် စကားလုံးများကို ဆွဲငင်၍ အားမာန်အပြည့်ဖြင့် ပြောလိုက်သည်။

"အဲ့ဒါက... အရိပ်မဲ့ ခိုးဝင်တစ္ဆေလို့ နာမည်ကြီးတဲ့ ဒီဆရာရဲ့ လျှို့ဝှက်ရတနာတိုက် သုံးခုထဲက တစ်ခုရဲ့ သော့ပဲ"

"လျှို့ဝှက်ရတနာတိုက်ရဲ့ သော့လား"

"မှန်တယ် ဟားဟားဟား ဒီဆရာရဲ့ လျှို့ဝှက်သိုလှောင်ရုံကို ဖွင့်နိုင်တဲ့ သော့ပဲ"

"..."

ဂျင်ဆိုဟွန်း၏ တုံ့ပြန်မှုက သူမျှော်လင့်ထားသည်ထက် ပို၍ အေးစက်နေသဖြင့် ဗီယွန်းဂဲ တုန်လှုပ်သွားကာ အလျင်အမြန် ရှင်းပြရသည်။

"ငါပြောတာ မကြားလိုက်ဘူးလား ဒီဆရာရဲ့ လျှို့ဝှက်သိုလှောင်ရုံရဲ့ သော့လို့ ပြောနေတာ"

"ဒါက လက်ဆောင်လား"

"မှန်တယ် တခြားသူတွေ လိုချင်တောင် မရနိုင်တဲ့ သော့မျိုးပဲ"

"အာ..."

ဂျင်ဆိုဟွန်းက သော့ကို အိတ်ထဲပြန်ထည့်ကာ ရင်ခွင်ထဲ အသာသိမ်းလိုက်သည့်အခါ ဗီယွန်းဂဲမှာ အော်ဟစ်တော့သည်။

"ဒီဆရာရဲ့ လက်ဆောင်ကို မင်း မနှစ်သက်ဘူးလား"

"မ မဟုတ်ပါဘူး"

"ဟူး မင်းကတော့ တကယ့်ကောင်စုတ်ပဲ"

ထိုအချိန်တွင် အိုယိုရန်က ဗီယွန်းဂဲကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဆိုဟွန်းက ရှန်ရှီးပြည်နယ်ရဲ့ နံပါတ်တစ် ကုန်သည်မိသားစုရဲ့ သားလေ။ သူမှာ စည်းစိမ်တွေ ပေါများနေမှာပဲ သူခိုးတစ်ယောက်ရဲ့ လျှို့ဝှက်ရတနာတိုက်ကို သူ ဘာလုပ်ရမှာလဲ"

"ဘာပြောတယ် သူခိုးတစ်ယောက်ရဲ့ လျှို့ဝှက်ရတနာတိုက် ဟုတ်လား။ ငါ့ရဲ့ လျှို့ဝှက်ရတနာတိုက်ထဲမှာ ကမ္ဘာကြီးကို လှုပ်ခါသွားစေနိုင်လောက်တဲ့ အစွမ်းထက်ဆုံး လျှို့ဝှက်ကျမ်းတွေနဲ့ လက်နက်တွေ ရှိတယ်ကွ"

ထို့နောက် ဗီယွန်းဂဲသည် တံတွေးစင်အောင်ပင် ကျမ်းစာများအကြောင်း၊ သံမဏိကိုတောင် တို့ဖူးကဲ့သို့ ဖြတ်နိုင်သော လက်နက်များအကြောင်း ရှင်းပြနေသော်လည်း ဂျင်ဆိုဟွန်းနှင့် ဆရာနှစ်ပါးမှာ စိတ်မဝင်စားကြပေ။

"အောက်ဆင်းကြစို့"

"ဟုတ်ကဲ့"

အလွန်အမင်း စိတ်လှုပ်ရှားနေသော ဗီယွန်းဂဲကို ကျောခိုင်း၍ ကန်ချွန်းနှင့် အိုယိုရန်တို့က ဂျင်ဆိုဟွန်းကို ခေါ်ဆောင်ကာ တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။

"နောက်ဆုံးတော့လည်း ပြန်ရောက်လာခဲ့ပြီ"

ဂျင်ဆိုဟွန်းတစ်ယောက် စိတ်ခံစားမှုအသစ်တစ်ခုကို ခံစားနေရသည်။

ခြောက်နှစ်ကြာမှ ပြန်ရောက်လာသော မိသားစုအိမ်တော်မှာ ပုံစံမပြောင်းလဲဘဲ ရှိနေဆဲပင်။

သို့သော် သားဦးဖြစ်သူ ဂျင်ဆိုဟွန်းမှာမူ ဤခြောက်နှစ်တာကာလအတွင်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အရပ်ပုပုလေးမှာ မမှတ်မိနိုင်လောက်အောင် အရပ်ရှည်လာပြီး ထင်ရှားသော ကြွက်သားများက သူ့ခန္ဓာကိုယ်တွင် အမြစ်တွယ်နေသည်။

ငယ်စဉ်က ပါးဖောင်းဖောင်းလေးများနှင့် ကလေးငယ်တစ်ယောက်၏ မျက်နှာမှာ ပျောက်ကွယ်သွားပြီး ရုပ်ရည်သွင်ပြင်များမှာ ပိုမိုထင်ရှား ပြတ်သားလာသည်။ စောင်ထဲတွင် လိပ်ပြီး အိမ်မှ ထွက်ခွာသွားခဲ့သော ကောင်လေးတစ်ယောက်မှာ ယခုတော့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းပြီး ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

"အာ အားလုံးပဲ ကြာပြီနော်"

ဂျင်ဆိုဟွန်းသည် မိသားစုအိမ်တော် အဝင်ဝကို ဆက်လက်စောင့်ကြပ်နေဆဲဖြစ်သော သိုင်းသမားများဘက်သို့ လက်ပြလိုက်သည်။

"ဒီအသံ... သခင်လေးဂျင်..."

အသံအိုးပြောင်းသွားသဖြင့် အသံမှာ အနည်းငယ် ပိုထူပြီး နက်ရှိုင်းလာသော်လည်း ဂျင်ဆိုဟွန်းကို နှစ်ရှည်လများ အနီးကပ် မြင်တွေ့ဖူးသူများမှာ သူ၏ အသံကို ချက်ချင်းပင် မှတ်မိလိုက်သည်။

သူတို့အားလုံးမှာ အံ့ဩတကြီး မျက်နှာပေးဖြင့် ဂျင်ဆိုဟွန်းကို ကြည့်နေကြသည်။

ငယ်စဉ်ကတည်းက ယူဆောဟွန်း၏ လှပသော ရုပ်ရည်ကို အမွေဆက်ခံကာ ပန်းတစ်ပွင့်ကဲ့သို့ လှပခဲ့သော ဂျင်ဆိုဟွန်းမှာ ယခုတော့ ရုပ်ရည်ချောမောသည့် သခင်လေးတစ်ယောက် ဖြစ်လာခဲ့သည်။

စုတ်ပြတ်နေသော သိုင်းဝတ်စုံကို ဝတ်ထားသော်လည်း သူ၏ ချောမောသော မျက်နှာကို ဖုံးကွယ်၍ မရပေ။ ထို့ကြောင့် သူ့ကို မြင်လိုက်ရသည့် သိုင်းသမားများမှာ အလောတကြီး ထွက်လာ၍ နှုတ်ဆက်ကြသည်။

"ပြန်ရောက်လာပြီပဲ"

"တံခါးဖွင့်ကြ သခင်လေးဂျင် ပြန်ရောက်လာပြီ"

ဧရာမ ဂျင်မိသားစု အိမ်တော်၏ တံခါးမကြီးများ ပွင့်ဟလာပြီး သတင်းကြားသော မိသားစုဝင်များမှာ တစ်ပြိုင်နက်တည်း ပြေးထွက်လာကြသည်။

အထူးသဖြင့် ဂျင်လင်မယားမှာ မျက်ရည်စက်လက်ဖြင့် ပြေးထွက်လာပြီး သူတို့၏သားကို ကြာရှည်စွာ မမြင်တွေ့ခဲ့ရသည့်အလား မျက်နှာကို အကြိမ်ကြိမ် ပွတ်သပ်နေမိသည်။

"သား... ပြန်ရောက်လာခဲ့ပြီ"

"ဟုတ်ကဲ့ ဒီကြားထဲမှာ အတော်လေး ဒုက္ခရောက်ခဲ့ရမှာပဲ"

"သားလေး... ဒီကြားထဲမှာ အတော်လေး အရပ်ရှည်လာတာပဲ"

ဂျင်ဆူမောက်နှင့် ယူဆောဟွန်းတို့မှာ မမှတ်မိနိုင်လောက်အောင် ကြီးပြင်းလာသည့် ဂျင်ဆိုဟွန်းအတွက် ဂုဏ်ယူနေကြသော်လည်း သူတို့၏သား အရွယ်ရောက်လာသည်ကို မမြင်လိုက်ရသည့်အတွက် နောင်တနှင့် ရှုပ်ထွေးသော စိတ်ခံစားမှုများ ဖြစ်ပေါ်နေသည်။

"အစ်ကို"

သူတို့နောက်တွင် ကောင်မလေးဘဝမှ မိန်းမပျိုလေးဖြစ်လာသော ဂျင်ဂါဟွန်းမှာ ပန်းတစ်ပွင့်ကဲ့သို့ လှပသော သူမ၏မျက်နှာတွင် တောက်ပသည့် အပြုံးဖြင့် ချဉ်းကပ်လာသည်။

"အစ်ကို တော်တော်ပင်ပန်းခဲ့ရမှာပဲ"

"ဂါဟွန်း မင်းလည်း ဒီကြားထဲမှာ တော်တော် အရွယ်ရောက်လာတာပဲ"

"အစ်ကိုကလည်း... အစ်ကိုက ပိုပြီး အရွယ်ရောက်လာတာပါ"

ဂျင်ဂါဟွန်းသည် မမှတ်မိနိုင်လောက်အောင် ကြီးပြင်းလာသည့် ဂျင်ဆိုဟွန်းကို ရင်းနှီးမှုမရှိသလို ခံစားလိုက်ရသည်။

ငယ်စဉ်က လက်သီးဆုပ်တစ်လုံးခန့်သာ ကွာခြားခဲ့သော အရပ်မှာ ယခုတော့ သူမ၏ ခေါင်းကို မော့ကြည့်မှ မြင်ရမည့်အထိ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

"ဒီအတိုင်း ရပ်နေလို့ မဖြစ်ဘူး အောင်ပွဲခံပွဲကို ချက်ချင်း ကျင်းပကြရအောင်"

ဂျင်ဆိုဟွန်း အိမ်ပြန်ရောက်လာမှုအတွက် ဂျင်မိသားစုအိမ်တော်တွင် အောင်ပွဲခံပွဲကို ကျင်းပခဲ့ကြသည်။

ရှန်ရှီးပြည်နယ်၏ နံပါတ်တစ် ကုန်သည်မိသားစုနှင့် လျော်ညီစွာ အလောတကြီး ကျင်းပသော အောင်ပွဲတွင်ပင် တခြားနေရာ၌ မတွေ့နိုင်သော ရှားပါးအရသာရှိသည့် အစားအစာများက ပါးစပ်ကို ပျော်ရွှင်စေပြီး ပွဲအတွက် စုစည်းလာသော အမျိုးသမီး ဖျော်ဖြေသူများက မျက်စိနှင့် နားကို ပျော်ရွှင်စေသည်။

ထိုထဲတွင် ဂျင်ဆိုဟွန်း၏ ဆရာသုံးပါးလည်း ပွဲတွင် ရှိနေသည်။

"ဒီကြားထဲမှာ ကျွန်တော့်သားရဲ့ အားနည်းချက်တွေကို သင်ကြားပေးရင်း တော်တော်လေး ပင်ပန်းခဲ့ရမှာပါ"

ဂျင်ဆူမောက်က သူတို့ခွက်ထဲသို့ အရက်များကို ကိုယ်တိုင် ဖြည့်ပေးလိုက်သောအခါ ကန်ချွန်းနှင့် ဗီယွန်းဂဲတို့မှာ အနည်းငယ် အားနာသော မျက်နှာပေးဖြင့် လက်ခံယူလိုက်ကြသည်။

"ခင်ဗျားကို တောင်းပန်ပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက် သင်ပေးဖို့ ကတိပေးထားခဲ့တာပါ"

ကန်ချွန်း၏ အသံထဲတွင် ခံစားရသည့် စိတ်ရင်းမှန်ကြောင့် ဂျင်ဆူမောက်က လက်များကို အားပါးတရ ဝှေ့ယမ်းလိုက်သည်။

"မဟုတ်တာ။ ဆိုဟွန်း ဒီလောက်တောင် အံ့ဩစရာကောင်းအောင် ကြီးပြင်းလာတာက ဒီမှာ စုဝေးနေကြတဲ့ ဆရာကြီးသုံးပါးရဲ့ ကျေးဇူးကြောင့်ပါ။ ကျွန်တော့်သားမှာ ပါရမီနည်းနည်း ပိုရှိရင် ပိုကောင်းမှာပေါ့"

ဂျင်ဆူမောက်၏ စကားကြောင့် ကန်ချွန်းမှာ ပါးစပ်ထဲထည့်လိုက်သည့် အရက်ကို နီးပါး ထွေးထုတ်မိတော့မလိုဖြစ်ပြီး ဗီယွန်းဂဲမှာ အသက်ရှူမှားကာ ချောင်းဆိုးလိုက်သည်။ အိုယိုရန်လည်း ထိုနည်းလည်းကောင်းပင်။

"အဆင်ပြေရဲ့လား"

လန့်သွားသော ဂျင်ဆူမောက်၏ မေးမြန်းမှုကြောင့် အိမ်ဖော်များ ယူလာပေးသည့် ရေခွက်နှင့် လည်ချောင်းကို စိုစွတ်စေလိုက်ကြသော ကန်ချွန်းနှင့် ဗီယွန်းဂဲတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

"ဒါပေမဲ့... ဆိုဟွန်းမှာ ပါရမီ လုံးဝမရှိတာတော့ မဟုတ်ပါဘူး"

အတင်းအကျပ် ပြောလိုက်ရသည့်အလား ဖြစ်နေသော ကန်ချွန်း၏ အသံကြောင့် ဂျင်ဆူမောက်မှာ သူ့၏ ရက်ရောမှုပြသည့်အနေဖြင့် အားပါးတရ ရယ်မောလိုက်သည်။

"ရပါတယ်ဗျာ။ ကုန်သည်မိသားစုရဲ့သားက ဗဟိုမြေပြင်ရဲ့ နံပါတ်တစ် ဆရာကြီးတွေဆီက သိုင်းပညာ သင်ယူခွင့်ရတာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလဲ။ ဒီအခွင့်အရေး ရခဲ့တာကိုတင် ကျေးဇူးတင်ပါတယ်"

"အဟမ်း..."

"အဟမ်း"

ခဏလေးက တောင်ပေါ်မှ ဆင်းလာစဉ်က ဆရာသုံးပါးမှာ တစ်စုံတစ်ခုကို သဘောတူထားခဲ့ကြသည်။ ထိုအကြောင်းအရာမှာ ဂျင်ဆိုဟွန်း၏ ပါရမီအကြောင်းပင်။

ခင်ဗျားတို့ အားလုံး သိကြတဲ့အတိုင်း ဆိုဟွန်းက မပွင့်သေးတဲ့ ပန်းဖူးလေးပါ။ သူက ကောင်းကင်သိုင်းကိုယ်ထည်ရဲ့ ပါရမီကို ပိုင်ဆိုင်ထားပေမဲ့ အပြင်လောကမှာ ဒါကိုသာ သိသွားရင် ဆိုဟွန်း အန္တရာယ်ကြီးမားလိမ့်မယ်။

ကန်ချွန်း၏ ရှင်းပြချက်ကြောင့် ကျန်ဆရာနှစ်ပါးမှာ သဘောတူညီသည့်အလား ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏တပည့် ဂျင်ဆိုဟွန်းမှာ အနာဂတ်၏ နံပါတ်တစ်ဖြစ်လာမည့် အရာဖြစ်သော်လည်း သူက အပင်ပေါက်လေးသာ ရှိသေးသည်။

ထို့ကြောင့် ဂျင်ဆိုဟွန်း၏ ပါရမီများ အပြည့်အဝ မပွင့်လန်းခင်အထိ သူ့ပါရမီကို ဖုံးကွယ်ထားရန် လိုအပ်သည်။

ဆိုဟွန်းကို အပြင်လူတွေက အပျင်းထူလွန်းတဲ့သခင်လေးတစ်ယောက်လိုပဲ ထင်နေကြတာဆိုတော့ ဒီမှာ ထပ်ဖြည့်စရာ မလိုတော့ပါဘူး။

ဗီယွန်းဂဲ၏ ရေရွတ်သံကြောင့် အိုယိုရန်လည်း ခေါင်းညိတ်လိုက်သည်။

ဆိုဟွန်းရဲ့ ပါရမီကို ဂျင်လင်မယားဆီကနေလည်း ဖုံးကွယ်ထားတာ ပိုကောင်းပါလိမ့်မယ်။

သဘောတူပါတယ်။ ဆရာကြီးအို ပြောသလိုပဲ ဆိုဟွန်းရဲ့ ပါရမီကို ငါတို့ သုံးယောက်ကလွဲရင် ဘယ်သူ့ကိုမှ သိခွင့်မပေးရဘူး။

ကြိုတင် သဘောတူထားကြသည့် ဆရာသုံးပါးမှာ ဂျင်ဆိုဟွန်းသည် ယခုလက်ရှိတွင် သူ့အရွယ်တူချင်း ယှဉ်ပြိုင်နိုင်သူ မရှိတော့ကြောင်းနှင့် တစ်ခုလုံးသော ဗဟိုမြေပြင်တွင်ပင် သူ့ကို အနိုင်ယူနိုင်သည့် သိုင်းသမား အနည်းငယ်သာ ရှိကြောင်းကို ထုတ်မပြောခဲ့ကြပေ။

"ဒါဆိုရင်... ဆိုဟွန်းက အခု ဘယ်အဆင့်လောက် ရှိပြီလဲ"

လက်ဖက်ရည်နှင့် လှပသော သူမ၏နှုတ်ခမ်းကို စိုစွတ်လိုက်သော ယူဆောဟွန်း၏ မေးခွန်းကြောင့် ကန်ချွန်းက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ အဆင့်လောက်တော့ ရှိမှာပါ"

ဗဟိုမြေပြင်၏ သိုင်းပညာရှင်ကြီး ငါးဦးအနက် တစ်ဦးဖြစ်သော ကန်ချွန်း၏ စကားဖြစ်

သည့်အတွက် ဂျင်မိဘနှစ်ပါးမှာ အလွန်ပင် ဝမ်းမြောက်သွားကြသည်။

တကယ်တမ်းတွင်လည်း သူတို့သည် ဂျင်ဆိုဟွန်းကို သိုင်းလောကတွင် ကျော်ကြားသူတစ်ယောက် ဖြစ်လာစေရန် လုံးဝ မမျှော်လင့်ခဲ့ပေ။ သူ့၏ ပျင်းရိသည့်အကျင့် ပျောက်သွားရင်ကိုပဲ အကောင်းဆုံးဟု သတ်မှတ်ထားသည်။

"ဟားဟား ဒါဆို လုံလောက်ပါပြီ။ အရက်ပိုသောက်ကြပါဦး"

ဂျင်ဆူမောက်က မိသားစု၏ ကျေးဇူးရှင်များအတွက် ဈေးနှုန်းမဖြတ်နိုင်သော နာမည်ကြီးအရက်များကို အားပါးတရ လောင်းထည့်ပေးနေစဉ် ဂျင်ဆိုဟွန်းက သူ့ဘေးတွင် မျက်ရည်စက်လက်ဖြင့် ငိုနေသော စီးယုကို နှစ်သိမ့်ပေးနေသည်။

"ဒီကလေးမ... ကိုယ့်သခင်လေးကို ဒီလောက်တောင် လွမ်းနေတာလား"

"သခင်လေး... ဟီး... ဟီး"

စီးယုမှာ ငိုမြဲတိုင်း ငိုနေရသည်။

တောင်ပေါ်မှာ အနည်းဆုံး ဆယ်နှစ်လောက် နေရမယ်လို့ ပြောခဲ့တာလေဟု စိတ်ထဲက တွေးရင်း သူမ လိမ်ညာခံလိုက်ရသလို ခံစားရသည်။

သူမ ဆယ်နှစ်လောက် အေးအေးဆေးဆေး စားသောက်ပြီး ကစားနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ဂျင်ဆိုဟွန်း ပြန်ရောက်လာမှုမှာ သူမ ထင်ထားသည်ထက် ပိုမြန်နေသည်။ အိပ်မက်တစ်ခုလို ကောင်းမွန်ခဲ့သော အားလပ်ရက်မှာ နောက်ဆုံးတော့ ကုန်ဆုံးသွားပြီဖြစ်သည်။

"ဝါး"

စီးယု၏ အတွေးများကို မသိရှာသော ဂျင်ဆိုဟွန်းက သူမ၏ ပုံစံကို ကြည့်ပြီး အလွန်ချီးကျူးစရာ ကောင်းသည်ဟု တွေးမိလိုက်သည်။

"စိတ်မပူပါနဲ့ စီးယုရာ။ ဒီသခင်လေးက သေတဲ့အထိ အိမ်ထဲကနေ ထွက်မှာ မဟုတ်တော့ဘူး"

"ဘာ"

သခင်လေးက အိမ်ထဲကနေ လုံးဝ မထွက်တော့ဘူးဆိုသည့် ထိတ်လန့်စရာ ကြေညာချက်ကို ကြားလိုက်ရသဖြင့် ယုန်မျက်လုံးလို ပြူးကျယ်သွားသော စီးယုမှာ ပို၍ပင် ငိုရှိုက်လိုက်ရတော့သည်။

"ဟီး... ဟီး"

စီးယု ငိုနေစဉ် ဂျင်ဆိုဟွန်းဘေးတွင် ထိုင်နေသော ဂျင်ဂါဟွန်းက သတိကြီးစွာဖြင့် မေးလိုက်သည်။

"အစ်ကို"

"ပြောလေ"

"ဒါဆို အစ်ကိုက အခု သိုင်းပညာရှင် ဖြစ်သွားပြီလား"

ငယ်စဉ်ကတည်းက သိုင်းသမားများကို အားကျခဲ့သော ဂျင်ဂါဟွန်းမှာ အစ်ကိုဖြစ်သူ သိုင်းသမား ဖြစ်လာသည့်အတွက် အလွန်ပင် ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေသည်။

"အဲဒီလိုမျိုးပေါ့"

ဂျင်ဆိုဟွန်းက ရင်ကော့၍ ဂုဏ်ယူစွာ ဖြေလိုက်သောအခါ ဂျင်ဂါဟွန်းက ရယ်မောလိုက်သည်။

"ဒါဆို အစ်ကို သင်ခဲ့တဲ့ သိုင်းတွေကို နည်းနည်းလောက် ပြပေးလို့ ရမလား"

"အင်း..."

ပွဲအတွက် ဓားများကို ခဏဖယ်ထားလိုက်သော ဂျင်ဆိုဟွန်းသည် ခါးတွင် ချိတ်ထားသော အိုယိုရန်ပေးထားသည့် အနက်ရောင် ဆီးနှင်းအသံပုလွေကို ထုတ်လိုက်သည်။

"ပုလွေလား အစ်ကို အစ်ကိုက ပုလွေတီးတာလည်း သင်လာခဲ့တာလား"

"ဟုတ်တယ် ဆရာမအိုဆီက အသံလှိုင်းပညာကို သင်လာခဲ့တာ"

"ဝါး တစ်ခါလောက် တီးပြလို့ ရမလား"

"ရတာပေါ့ ရတာပေါ့"

ပုလွေတီးပြစရာ တစ်ယောက်မှ မရှိ၍ အားမလိုအားမရ ဖြစ်နေသော ဂျင်ဆိုဟွန်းမှာ ဤအခွင့်အရေးကို အသုံးချကာ စိတ်ကြိုက် တီးပြရန် ပြင်လိုက်သည်။

ထိုသတင်းကိုလည်း ဂျင်လင်မယားထံ ပေးပို့လိုက်ကြသည်။

"ဘာ ဆိုဟွန်းက ဆရာကြီးအိုဆီက သင်လာတဲ့ ပုလွေကို တီးပြမလို့လား"

"တကယ်လား ငါတော့ အရမ်း စိတ်လှုပ်ရှားနေပြီ"

"ဖူး"

နှစ်ယောက်သား ပျော်ရွှင်နေကြစဉ် ပါးစပ်ထဲရှိ လက်ဖက်ရည်ကို ထွေးထုတ်လိုက်သည့် အိုယိုရန်မှာ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်သည်။ ရုတ်တရက် သူမ၏ လှုပ်ရှားမှုကြောင့် ဂျင်လင်မယားမှာ မျက်တောင်ခတ်ရင်း အံ့ဩသွားကြသည်။

"မဖြစ်ဘူး..."

အိုယိုရန်က ရူးသွပ်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

"လုံးဝ မဖြစ်ဘူး"

"အယ် တစ်ခုခု ပြဿနာရှိလို့လား"

ယူဆောဟွန်း၏ မေးခွန်းကြောင့် အိုယိုရန်က သူမ၏ ပုခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ အလွန်တောင်းဆိုသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"လုံးဝ... မဖြစ်ဘူး"

စကားဆုံးသည်နှင့် ထိုင်ခုံမှ ပျံသန်းသလို ထွက်သွားပြီး လူအများရှေ့တွင် ပုလွေတီးတော့မည့် ဂျင်ဆိုဟွန်းကို ဆွဲချီကာ တစ်နေရာရာသို့ ပျောက်ကွယ်သွားတော့သည်။

"ဆ ဆရာကြီးအိုက ဘာလို့ အဲ့လို ဖြစ်သွားတာလဲ"

မေးမြန်းနေသော ဂျင်ဆူမောက်ရှေ့တွင် ကန်ချွန်းက ခေါင်းမော့၍ မရဲဖြစ်နေပြီး ဗီယွန်းဂဲကမူ အားပါးတရ ရယ်မောကာ ပြောလိုက်သည်။

"ဟီးဟီး စိတ်မပူပါနဲ့။ ဆရာကြီးအိုက... ဟီးဟီး လူတိုင်းအတွက် သူ့ကိုယ်သူ စတေးပေးလိုက်တာပါ"

ဂျင်မိသားစုဝင်များ မသိလိုက်သည်မှာ ထိုနေ့က အိုယိုရန်၏ ရုတ်တရက် လှုပ်ရှားမှုက အနီးနားရှိ လူအားလုံး၏ အသက်ကို ကယ်တင်လိုက်ခြင်းပင်။

"ဒီအတိုင်း ထွက်သွားလိုက်ရမှာလား"

ပွဲသိမ်းခါနီးတွင် မိသားစုအိမ်တော်မှ ထွက်ခွာလာသော ဆရာသုံးပါးမှာ ဂျင်မိသားစုကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။

"ငါတို့ သင်ပေးနိုင်သမျှ သင်ပေးပြီးပြီ။ ကျန်တာကတော့ ဆိုဟွန်းရဲ့ ကိုယ်ပိုင် ဉာဏ်အလင်းဖွင့်ခြင်းပဲ"

သင်ကြားခြင်း အဆင့်ပြီးဆုံးသွားပြီဖြစ်၍ ယခုမှာ ဉာဏ်အလင်းဖွင့်ခြင်း အဆင့်သို့ ရောက်သွားပြီဖြစ်သည်။

ဆရာများ၏ သင်ကြားမှုကပင် လက်ရှိ ဂျင်ဆိုဟွန်းအတွက် အဆိပ်ဖြစ်သွားနိုင်သဖြင့် ဆရာသုံးပါးမှာ တစုံတရာ တွယ်တာမှုမရှိဘဲ ထွက်ခွာလာခဲ့ကြသည်။

ယခုအခါ ကိုယ့်လမ်းကိုယ် လျှောက်လှမ်းနေကြသော သူတို့သုံးဦးမှာ ပြီးခဲ့သည့် နှစ်အနည်းငယ်က အတူတူ နေထိုင်ခဲ့ကြသည့် အချိန်ကို သတိရကာ နွေးထွေးသော အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"နောက်ငါးနှစ်အတွင်းမှာ ဆိုဟွန်းက သိုင်းလောကကို လေပြေအသစ်တစ်ခု ဆောင်ကြဉ်းပေးမယ့် ဆရာကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါကျမှ ပြန်တွေ့ကြတာပေါ့"

"ကောင်းပြီ"

"ဟီးဟီး... ငါးနှစ်တောင် ကြာဦးမှာလား။ ဆိုဟွန်းက အခုတင် သိုင်းလောကကို ဟိုးလေးတကျော်ကျော် ဖြစ်အောင် လုပ်နိုင်နေပြီ ကြည့်နေကြပါ။ ငါတို့ သုံးနှစ်အတွင်း ပြန်တွေ့ကြမယ်"

ဗီယွန်းဂဲ၏ ရဲတင်းသော စကားကို မငြင်းဆိုကြဘဲ ဆရာသုံးပါးမှာ ကိုယ့်လမ်းကိုယ် လျှောက်လှမ်းသွားကြသည်။ တစ်နေ့သောအခါ သူတို့၏ တစ်ဦးတည်းသော တပည့်ဖြစ်သူက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမည့်နေ့တွင် ပြန်လည် ဆုံတွေ့ကြရန် ကတိပြုရင်းပင်။

All Chapters