← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း။ ၁၉

ဓားဆယ်လက်ကို အသုံးပြုတဲ့ သိုင်းပညာအကြောင်း ခင်ဗျား သိလား။

ဆယ်လက်... ရှားပါးတဲ့ သိုင်းပညာပဲ။ စဉ်းစားကြည့်ရင် လက်ဆယ်ချောင်း သွေးတစ္ဆေက ဓားပျံဆယ်လက်ကို အသုံးပြုခဲ့ဖူးတယ်။

လက်ဆယ်ချောင်း သွေးတစ္ဆေ...

သူက အခုအခါ ဓားပျံသူရဲကောင်းလို့ ခေါ်ကြတဲ့ ကန်ချွန်းဆိုတဲ့ လူပဲ။ လက်ရှိ ဗဟိုမြေပြင်မှာ ရှိတဲ့ အတော်အသင့် အရည်အချင်းရှိတဲ့ သိုင်းသမား အနည်းငယ်ထဲမှာ တစ်ယောက်ပေါ့။

ကျေးဇူးတင်ပါတယ်။

မာဆောင်းအွန်း နှုတ်ဆက်ပြီး ထွက်သွားပြီးနောက် ရုံးခန်းထဲသို့ တစ်ယောက်တည်း ပြန်ရောက်လာသည့် မူယူမှာ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

"ဘာလို့ အဲ့ဒီကောင်က ဓားပျံသူရဲကောင်းအပေါ် စိတ်ဝင်စားနေရတာလဲ"

ကမ္ဘာလောကကို ကျော်လွန်နေသူပမာ မာဆောင်းအွန်းသည် ပိုမိုအားကောင်းလာခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ စိတ်မဝင်စားခဲ့သူဖြစ်သည်။

အစာစားခြင်း သို့မဟုတ် ကာမစိတ်ကဲ့သို့သော အခြေခံ လူ့ဆန္ဒများကို စိတ်မဝင်စားသလို မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ခေါင်းဆောင် ဂျူချွန်း၏ စိတ်ဝင်စားမှုကိုပင် အလေးအနက် တုံ့ပြန်လေ့မရှိခဲ့ပေ။

ထိုကဲ့သို့သော မာဆောင်းအွန်းက တစ်ဦးတစ်ယောက်အပေါ် ပထမဆုံးအကြိမ် စိတ်ဝင်စားမှု ပြသလာသည်။ ပစ်မှတ်မှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက မကောင်းဆိုးဝါးဂိုဏ်းများကို ကြောက်ရွံ့မှုများဖြင့် အရောင်ခြယ်ခဲ့သည့် လက်ဆယ်ချောင်း သွေးတစ္ဆေကန်ချွန်းပင်။

"မဟုတ်ဘူး။ မာဆောင်းအွန်းက ကန်ချွန်းကို စိတ်ဝင်စားတာ မဟုတ်ဘူး"

မာဆောင်းအွန်း၏ မေးခွန်းကို ပြန်လည် တွေးတောနေသည့် မူယူသည် သူ မေးခဲ့သည်မှာ သိုင်းသမားအကြောင်း မဟုတ်ဘဲ ဓားဆယ်လက်ကို အသုံးပြုသည့် သိုင်းပညာအကြောင်း ဖြစ်ကြောင်း သတိရလိုက်သည်။

ဆိုလိုသည်မှာ မာဆောင်းအွန်း စိတ်ဝင်စားသည်မှာ ကန်ချွန်းကို မဟုတ်ဘဲ သူ၏ သိုင်းပညာကို ဖြစ်သည်။

"ဒါဆို သူ ဘာလို့ ကန်ချွန်းရဲ့ သိုင်းပညာကို စိတ်ဝင်စားနေရတာလဲ..."

မူယူ ထပ်ပြီး အနက်ရှိုင်းဆုံး မတွေးတော့ပေ။ ယခုအချိန်သည် ခန့်မှန်းနေရမည့် အချိန်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။

"အူအမ်"

မူယူ၏ ခေါ်သံနှင့်အတူ အမြဲတမ်း သူ၏ဘေးတွင် ရှိနေတတ်သည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်မှာ မှောင်မိုက်ရာမှ ခေါင်းပြူလာသည်။

"..."

တိတ်ဆိတ်စွာ ပေါ်လာသည့် အူအမ်အား မူယူက အတိုချုံး၍ အမိန့်ပေးလိုက်သည်။

"သွားပြီး ကန်ချွန်းအကြောင်း စုံစမ်းချေ။ ပြီးတော့ သူ့မှာ တပည့်ရှိ မရှိကိုလည်း ရှာကြည့်ပါ"

"..."

အဖြေစကား မရှိပေ။ အမိန့်ရရှိသွားသည့် အူအမ်မှာ ပေါ်လာစဉ်ကအတိုင်းပင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။

ဆိုလိုသည်မှာ အမိန့်ကို လက်ခံရရှိပြီး လုပ်ဆောင်ရန် ထွက်ခွာသွားခြင်းပင်။

အူအမ်အား အမိန့်ပေးပြီးနောက် မူယူသည် နူးညံ့သော ကုလားထိုင်ပေါ်တွင် ထိုင်ချကာ မျက်လုံးများကို မှိတ်လိုက်သည်။

"အနည်းငယ်မျှသော အမှားမျိုး ရှိလို့မဖြစ်ဘူး။ သေးငယ်တဲ့ အပြောင်းအလဲလေး တစ်စက်တောင် ပါလို့မဖြစ်ဘူး"

မျက်လုံးများကို ပြန်ဖွင့်လိုက်သည့် မူယူသည် စားပွဲပေါ်တွင် တင်ထားသော မှတ်ပုံတင်စာရင်းဘက်သို့ အကြည့်ရွှေ့လိုက်သည်။ ထိုမှတ်ပုံတင်စာရင်း၏ နာမည်မှာ အပင်ပေါက် ခြေမှုန်းရေးဖြစ်သည်။

ဟူး….

မနက်စောစောကတည်းက တံမြက်လှည်းနေရသည့် စီးယုမှာ သက်ပြင်းတစ်ချက် ချလိုက်သည်။ စီးယုမှာ ဤရက်ပိုင်းအတွင်း အတော်လေး စိတ်ညစ်နေရသည်။

"ဟားဟား…"

"ဟားဟား…."

အမျိုးသမီးနှစ်ယောက်၏ စူးရှသော ရယ်မောသံများကြောင့် စီးယု၏ နဖူးပေါ်တွင် အကြောတစ်ခု ထောင်တက်လာသည်။

"ဟေ့ ရယ်ချင်ရင် ဟိုဘက်သွားရယ်ကြပါလား။ ဘာလို့ ဒီနားလာပြီး ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေရတာလဲ"

"အော် ငါတို့က မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေလို့လား တောင်းပန်ပါတယ်"

"ငါတို့က ဒီလမ်းကနေ ဖြတ်သွားရင်း မင်းကို တွေ့လို့လေ"

ချုံဂါနှင့် ဆွန်အီတို့က တခစ်ခစ်ရယ်မောကာ သူတို့အသစ်ဝယ်ထားသည့် ပိုးထည်အင်္ကျီများကို ကြွားဝါပြလိုက်ကြသည်။

အစေခံများ ဝယ်ရန်အတွက် အလွန်ဈေးကြီးပုံပေါက်သည့် အဝတ်အစားများဖြစ်ပြီး ပုံစံမှာလည်း အလွန်ထူးခြားသည်။ ဗဟိုမြေပြင်တွင် ရှားရှားပါးပါး တွေ့ရသည့် ပိုးထည်များကို မြင်လိုက်ရသည့်အခါ စီးယု၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

"မ…မင်းတို့... အဲ့ဒီအဝတ်တွေက... ငါ့ကို လာမပြောနဲ့..."

"ဟုတ်တယ်လေ။ ဒါက ဝေးလံတဲ့ အနောက်တိုင်းဒေသကနေ လာတဲ့ အလွန်အဖိုးတန်တဲ့ ပိုးထည်လေ။ ဒီပုံစံကိုလည်း အနောက်တိုင်းမှာ ပညာသင်ခဲ့တဲ့ အပ်ချုပ်သမားဆီမှာ ချုပ်ထားတာ"

ထိုခမ်းနားသော မြင်ကွင်းကြောင့် စီးယု၏ မျက်လုံးများပင် ထွက်ကျလာတော့မလို ဖြစ်သွားသည်။

"မင်းတို့... ဒီအချိန်အထိ စုထားတဲ့ ပိုက်ဆံတွေ အကုန် သုံးပစ်လိုက်တာလား"

"မဖြစ်နိုင်တာ။ ဒါတွေက ငါတို့လို အစေခံတွေ ပိုက်ဆံစုရင်တောင် တစ်သက်လုံး ဝယ်ဖို့ မလွယ်တဲ့ အဝတ်တွေလေ"

"ဒါဆို ဘယ်လိုလုပ်... ခိုးလာတာလား"

"အောင်မာ……ခိုးလာတာတဲ့လား"

ချုံဂါနှင့် ဆွန်အီတို့က ရယ်မောကာ စီးယု၏ ဘေးနှစ်ဖက်တွင် ရပ်လိုက်ပြီး သူမ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"ဒါတွေအားလုံးက သခင်မလေးဂျင် လက်ဆောင်ပေးတာ"

"လ….လက်ဆောင်... ဒီလောက်ဈေးကြီးပြီး အဖိုးတန်တဲ့ အဝတ်တွေကို... လက်ဆောင်အနေနဲ့... အလကားပေးတာလား"

"ဟုတ်တာပေါ့ ငါတို့ရဲ့ သခင်မလေးက ငါတို့ကို အရမ်း ချစ်တာ။ သူက တစ်ပတ်တစ်ခါ ဈေးသွားရင် ငါတို့ လိုချင်တဲ့ အဝတ်တွေ ဒါမှမဟုတ် အလှကုန်တွေကို ဝယ်ပေးနေကျပဲ"

"ပြီးခဲ့တဲ့အပတ်ကလည်း ဆယ်ဟွန်းကနေ ထုတ်တဲ့ ပစ္စည်းအသစ်တွေကို ဝယ်ပေးသေးတယ်"

"ဟဲ့ ဆွန်အီ ဒီအတိုင်းဆိုရင် ငါတို့ နောက်ကျတော့မှာပဲ။ သွားရအောင်"

"အာ ဟုတ်တယ်။ သခင်မလေးက မကြာခင် ကုန်သွယ်ရေးခရီးတစ်ခု သွားဖို့ ရှိတယ်မလား ငါတို့ သွားတော့မယ်။ တံမြက်လှည်းတာ ကြိုးစားလုပ်ဦးနော်"

ချုံဂါနှင့် ဆွန်အီတို့သည် ပိုးထည်စကတ်များ ဝှေ့ယမ်းကာ ထွက်သွားကြသည်။

ထိုမြင်ကွင်းကို ငေးကြည့်နေသည့် စီးယုသည် မနက်စောစောကတည်းက တံမြက်လှည်းနေရသည့် သူမကိုယ်သူမ အလွန်ပင် သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။

"စီးယု"

အခန်းထဲမှ ဂျင်ဆိုဟွန်း၏ အသံကြောင့် စီးယုသည် တံမြက်စည်းကို ချလိုက်ကာ ပြေးသွားသည်။

"ဟုတ်ကဲ့ သခင်လေး"

"ဒီနေ့ နေက အရမ်းပူတယ်။ ပြတင်းပေါက်လေး ပိတ်ပေးပါဦး"

"..."

အခန်းထဲတွင် ဘာမှမလုပ်ဘဲ လူးလိမ့်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သော စားလိုက် လူးလိမ့်လိုက်နှင့်သာ အချိန်ကုန်နေသည့် သခင်လေးကို စီးယုက ငေးကြည့်လိုက်သည်။

"စီးယု။ နေရောင်က မျက်စိထဲ ဝင်နေလို့"

"...ဟုတ်ကဲ့"

ပြတင်းပေါက်ကို ပိတ်ပေးရင်း စီးယုက ဂျင်ဆိုဟွန်း၏ ဘေးတွင် တိတ်တဆိတ် ထိုင်ချလိုက်သည်။

"အဲ... သခင်လေး"

"ပြောလေ"

"ရာသီဥတုက သာယာတယ် ဈေးသွားကြမလား။ သခင်လေး မသိသေးလို့ပါ။ အခုနောက်ပိုင်း ဈေးထဲမှာ အနောက်တိုင်းက လာတဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေနဲ့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရောက်နေတယ်"

စီးယုသည် လက်နှစ်ဖက်ကို ကျယ်ကျယ်ဖြန့်ကာ မျက်လုံးများ အရောင်လက်သွားသည်။

"စီးယု"

"ဟုတ်ကဲ့ သခင်လေး"

"ပျင်းစရာကြီး"

"..."

သာမန်ဆိုလျှင် သူမအနေဖြင့် ဤပျင်းရိနေသောသူကို လည်ပင်းမှ ဆွဲကိုင်ကာ အပြင်သို့ ဆွဲခေါ်သွားချင်သော်လည်း စီးယုတွင် ထိုသို့လုပ်ဆောင်နိုင်မည့် ခွန်အားလည်း မရှိသလို အာဏာလည်း မရှိပေ။

ဒီအခန်းကျဉ်းလေးထဲမှာ ဒီအပျင်းထူလွန်းသူနဲ့အတူ တံမြက်လှည်းရင်းပဲ ဘဝဆုံးရတော့မှာလား။

ဒါက ငါ့ရဲ့ ရှည်လျားတဲ့ အားလပ်ရက်အတွက် ပေးဆပ်လိုက်ရတဲ့ အဖိုးအခလား။

ဂျင်ဆိုဟွန်းကို အပြင်သို့ ဆွဲခေါ်နိုင်မည်မဟုတ်ကြောင်း သိလိုက်ရသည့် စီးယုသည် တံမြက်လှည်းခြင်းကိုပဲ အဆုံးသတ်လိုက်တော့မည်ဟု ပြောကာ အပြင်သို့ ထွက်လာခဲ့သည်။ သို့သော် ဂျင်ဆိုဟွန်း၏ အခန်းရှေ့တွင် မမျှော်လင့်ထားသော သူတစ်ယောက် ပေါ်လာသည်။

"သခင်မကြီး"

ဂျင်မိသားစု၏ အိမ်ရှင်မ ယူဆောဟွန်းပင်။

ထိတ်လန့်သွားသော စီးယုသည် ယူဆောဟွန်းကို နှုတ်ဆက်ရန် ချက်ချင်း ပြေးထွက်သွားသည်။

"သခင်မကြီး နေက အရမ်းပူနေပါတယ်"

"ငါ အဆင်ပြေပါတယ်။ ဆိုဟွန်း အထဲမှာလား"

"ကျွန်မလည်း မသိဘူး။ သခင်လေးက ရှိလိုက် မရှိလိုက်နဲ့ဆိုတော့လေ"

ကြားရသူတိုင်း စီးယုသည် စကားလုံးများဖြင့် လိမ်ညာနေသည်ဟု ထင်ကြကာ ယူဆောဟွန်းကမူ ထိုအစေခံမလေး၏ စကားအဓိပ္ပာယ်ကို နားလည်သလို ခေါင်းညိတ်ပြလိုက်သည်။

"သခင်လေးကို သခင်မကြီး ရောက်နေကြောင်း ပြောလိုက်ရမလား"

"မလိုပါဘူး။ ငါ ကိုယ်တိုင်ပဲ ဝင်သွားလိုက်မယ်"

ယူဆောဟွန်းသည် စီးယုနှင့်အတူ ဂျင်ဆိုဟွန်း၏ အခန်းထဲသို့ ဝင်သွားသည်။

မျှော်လင့်ထားသည့်အတိုင်း အပြင်ဘက်မှ လူရိပ်ကို ခံစားမိသည့် ဂျင်ဆိုဟွန်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မူယုံဟူထံမှ ဤအခြေအနေကို အကြိမ်ကြိမ် ကြားဖူးထားသော ယူဆောဟွန်းမှာ ထိတ်လန့်မသွားဘဲ နူးညံ့စွာ ချော့မော့လိုက်သည်။

"မင်းရဲ့ အမေမျက်နှာကိုတောင် မကြည့်တော့ဘူးလား"

"ဘာကိစ္စ ရှိလို့လဲ..."

ခဏအကြာတွင် ဂျင်ဆိုဟွန်းမှာ လေဟာနယ်ထဲမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပေါ်လာသည်။

"မင်းရဲ့ ပုန်းကွယ်တတ်တဲ့ ပညာက တကယ်ကို ပထမတန်းစားပဲ"

ယူဆောဟွန်းသည် နူးညံ့သော အပြုံးဖြင့် ဂျင်ဆိုဟွန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

"ပြီးတော့ အမေဖြစ်သူက သားမျက်နှာကို လာကြည့်တာ ထူးဆန်းလို့လား"

"အဲ့ဒါလည်း ဟုတ်တာပါပဲ"

"ဒီရက်ပိုင်းလည်း အခန်းထဲမှာပဲ လူးလိမ့်နေတုန်းလား"

"ဟုတ်"

ဂျင်ဆိုဟွန်းက ယုံကြည်မှုအပြည့် ရှိနေသည်။

သူ ယုံကြည်မှုရှိရသည့် အကြောင်းရင်းမှာ ဂျင်ဆူမောက်နှင့် ချုပ်ဆိုခဲ့သော သဘောတူညီချက်ကြောင့်ပင်။

ကန်ချွန်း၏ အသိအမှတ်ပြုခြင်းကို ခံရလျှင် သူ ကြိုက်သလို နေခွင့်ပေးမည်ဟူသော ဂျင်ဆူမောက်၏ ကတိကို ရယူခဲ့ပြီးနောက် သူသည် ဆယ်နှစ်အစား ခြောက်နှစ်နှင့်ပင် အိမ်သို့ ပြန်

ရောက်လာခဲ့ခြင်းပင်။

ထို့နောက် ပြီးခဲ့သည့် ဆင်းရဲဒုက္ခများအတွက် လျော်ကြေးပေးသကဲ့သို့ ငါးနှစ်တာ ကာလပတ်လုံး အခန်းထဲမှ ခြေတစ်လှမ်းမျှ မထွက်ဘဲ စိတ်ကြိုက် ပျင်းရိနေခဲ့ခြင်းပင်။

"ဒီအမေ တစ်ခုလောက် တောင်းဆိုခွင့် ရှိမလား"

ယူဆောဟွန်းက အမေဟူသော စကားလုံးကို အလေးပေး ပြောဆိုလိုက်သည့်အခါ ဂျင်ဆိုဟွန်း၏ မျက်နှာမှာ တည်သွားသည်။

"ဘာ... တောင်းဆိုချက်လဲ"

ဂျင်ဆိုဟွန်း၏ မေးခွန်းကြောင့် ယူဆောဟွန်း၏ နီရဲသော နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"မင်းနေရာမှာ မိသားစုစီးပွားရေးကို တာဝန်ယူထားတဲ့ ဂါဟွန်းက မကြာခင် ကုန်သွယ်ရေးခရီး တစ်ခု ထွက်တော့မယ်။ ဒါက အတော်လေး အရေးကြီးတဲ့ ခရီးဖြစ်ပြီး အဲ့ဒီလမ်းတစ်လျှောက်မှာ ဂုဏ်သရေရှိ မိသားစုတွေရဲ့ ကလေးတွေနဲ့ တွေ့ဆုံနိုင်တယ်"

ယူဆောဟွန်းက မင်းနေရာမှာနှင့် ဂျင်ဂါဟွန်းက စီးပွားရေးကို တာဝန်ယူထားသည်ဆိုသော စကားများကို အလေးပေးနေသလိုပင်။

ထိုအချိန်တွင် ဂျင်ဆိုဟွန်းမှာ ပူပြင်းသော နေရောင်အောက်တွင် ကျန်ရစ်သည့် ရေခဲတုံးတစ်ခုအလား အရည်ပျော်သွားတော့သည်။

"ဒီအမေ တောင်းဆိုချင်တာက... ဒီကုန်သွယ်ရေးခရီးကို မင်း လိုက်ပါသွားပေးဖို့ပဲ"

"ကျွန်တော် လိုက်သွားရမယ့် အကြောင်းရင်း ရှိလို့လား"

"မရှိပါဘူး။ အမေက မင်းကို ဂါဟွန်းနဲ့အတူ လိုက်စေချင်တာ။ အမေ့ဆန္ဒက မလုံလောက်ဘူးလား"

"ဟူး"

"မနက်ဖြန် မနက်အထိ စဉ်းစားကြည့်ပါ"

ထိုင်ခုံမှ ထလိုက်သော ယူဆောဟွန်းသည် ဂျင်ဆိုဟွန်း၏ ပါးပြင်ကို လက်နှစ်ဖက်ဖြင့် နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။

"ဒါ အမေ့ဆန္ဒပါ"

စကားဆုံးသည်နှင့် ထွက်ခွာသွားသောအခါ ဂျင်ဆိုဟွန်းမှာ ထိုင်ခုံပေါ်တွင် ထိုင်လျက် အသက်မပါတော့သည့် ငါးမျက်လုံးများဖြင့် လေဟာနယ်ကို ငေးကြည့်နေမိသည်။ ထိုအချိန်တွင် စီးယု ပြေးဝင်လာသည်။

"သခင်လေး သခင်မလေးရဲ့ ကုန်သွယ်ရေးခရီးကို သခင်လေးနဲ့အတူ လိုက်ပါသွားရမယ်ဆိုတာ တကယ်လား"

အိမ်ရှင်၏ စကားဝိုင်းကို ခိုးနားထောင်ရဲသည့် အစေခံမလေးကို ဆူပူသင့်သည့် ကိစ္စဖြစ်သော်လည်း ဂျင်ဆိုဟွန်းတွင် ထိုသို့ လုပ်ဆောင်ရန် အားအင်ပင် မရှိတော့ပေ။

"စဉ်းစားကြည့်ဦးမယ်"

"လိုက်သွားကြရအောင်"

ဂျင်ဆိုဟွန်းကိုပင် အံ့အားသင့်စေလောက်သည့် အရှိန်ဖြင့် ချဉ်းကပ်လာသော စီးယုက စိတ်အားထက်သန်စွာ တောင်းပန်လိုက်သည်။

"ဒါက သခင်လေးရဲ့ တစ်ဦးတည်းသော အစေခံရဲ့ တစ်ခုတည်းသော ဆန္ဒပါ။ ကျေးဇူးပြုပြီး တစ်ခါလောက်တော့ အပြင်သွားကြရအောင်"

……

"ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး"

"ဟီးဟီး... ဂျင်မိသားစု မိသားစုခေါင်းဆောင်ရဲ့ တောင်းဆိုမှုကို ငါ ဘယ်လိုလုပ် ငြင်းနိုင်ပါ့မလဲ"

ဂျင်ဆူမောက်က အရပ်ပုသော အဘိုးအိုထံသို့ ပျော်ရွှင်စွာ ပြုံးပြပြီး ကြိုတင်ပြင်ဆင်ထားသော ငွေအိတ်ကို ကမ်းပေးလိုက်သည်။

"ဒါကတော့ ဆရာကြီး ဂွန်ဆွန်းအတွက် ကျွန်တော် ပြင်ဆင်ထားတဲ့ မေတ္တာလက်ဆောင်လေးပါ"

"ဒါတွေက ဘာတွေလဲ... ဘာလုပ်တာလဲ မိသားစုခေါင်းဆောင်ဂျင်ရဲ့ စေတနာကို ငါ လျစ်လျူရှုရမှာလား"

"မဟုတ်ရပါဘူး"

ဂွန်ဆွန်းဆူဘေးတွင် ရပ်နေသည့် သခင်လေးမှာ လျင်မြန်စွာ လျှောက်လာပြီး ငွေအိတ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ ဂွန်ဆွန်းဆူသည် ငွေအိတ်၏ အလေးချိန်ကို ခံစားမိသည့်အခါ ကျေနပ်စွာ ပြုံးလိုက်သည်။

"ဒီကုန်သွယ်ရေးခရီးအတွက် စိတ်မပူပါနဲ့။ ပြောရဦးမယ်... ဂျင်မိသားစုရဲ့ နာမည်ကြီး အပျင်းထူလွန်းတဲ့ သခင်လေးလည်း ဒီခရီးမှာ လိုက်ပါမယ်ဆိုတာ ဟုတ်လား"

"ဟုတ်ပါတယ်"

"ဂျင်မိသားစုရဲ့ နာမည်ကျော် အပျင်းထူလွန်းတဲ့သခင်လေးကို ကိုယ်တိုင် မျက်မြင်တွေ့ရတော့မှာပေါ့"

"ဟားဟား... အဲ့ဒါထက် ပိုအရေးကြီးတာက သူ့ရဲ့ အသက်က ဒီနှစ်မှာ ၁၈ နှစ် ရှိပြီ မဟုတ်လား"

"ဟုတ်ပါတယ်"

ဂွန်ဆွန်းဆူသည် ငွေအိတ်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ကောင်လေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"ဒီကလေးက လောကအတွေ့အကြုံ နည်းပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းကတော့ အသုံးဝင်မှာပါ။ သူက ဒီဆရာကြီးရဲ့ ကောင်းကင်ထောင်ချောက် လျှပ်စီးအသံ ပုတ်ခတ်ခြင်းပညာရပ်မှာ ကြယ်ငါးပွင့်အဆင့်ထိ ရောက်နေပြီ"

"ဘယ်လောက်တောင် ထူးချွန်လိုက်တဲ့ အရည်အချင်းလဲ"

ဂွန်ဆွန်းချုံ၏ အရည်အချင်းကို ဂျင်ဆူမောက်က ချီးကျူးနေသည်ကို မြင်ရသောအခါ ဂွန်ဆွန်းဆူမှာ အတော်လေး ပီတိဖြစ်သွားသည်။

သူ့ကို ခေါ်လာတာ ကောင်းသွားတယ်။

အများပြည်သူ သိထားသည့် ဂျင်မိသားစုမှာ ရှန်ရှီပြည်နယ်၏ နံပါတ်တစ် ကုန်သည်မိသားစု ဖြစ်သော်လည်း သိုင်းလောကတွင် လှုပ်ရှားနေသည့် သိုင်းသမားများ၏ အမြင်မှာမူ အနည်းငယ် ကွဲပြားသည်။

သူတို့က ဂျင်မိသားစုကို ရှန်ရှီ၏ နံပါတ်တစ် ငွေကြေးထောက်ပံ့သူဟု သတ်မှတ်ကြသည်။ သိုင်းသမားများ ငွေကြေးလိုအပ်သည့်အခါတိုင်း ဂျင်မိသားစုဆီသို့ လာရောက်ပြီး အရိုအသေပေးရုံဖြင့် ငွေရနိုင်သဖြင့် နာမည်ကြီး သိုင်းသမားများမှစ၍ သိုင်းလောကသို့ အသစ်ဝင်ရောက်လာသည့် အတွေ့အကြုံမရှိသူများအထိ ဂျင်မိသားစုဆီသို့ မလာမဖြစ် လာရောက်ကြရသည်။

ဒါကို သေချာ မှတ်ထားပါ။ မင်း သိုင်းလောကမှာ နာမည်ကြီးလာရင် ဂျင်မိသားစုက မင်းအတွက် အကြီးမားဆုံး အထောက်အပံ့ ဖြစ်လာလိမ့်မယ်။

မှတ်သားထားပါ့မယ် အဘိုး။

ဂွန်ဆွန်းဆူသည် မနာလိုမှုများဖြင့် ပြည့်နှက်နေသော ဂျင်ဆူမောက်၏ အကြည့်ကို အားရပါးရ ခံယူလိုက်သည်။

ကုန်သည်မိသားစုကို ချဲ့ထွင်တဲ့နေရာမှာတော့ သူတော်တော်တော်ပါတယ်။ ဒါပေမဲ့ သူ့သားသမီးတွေကို သွန်သင်တဲ့နေရာမှာတော့ သာမန်အဆင့်လောက်ပဲ ရှိတာပါ။ တောက် အသုံးမကျတဲ့လူ။

ဂျင်ဆူမောက်အပေါ် ထားရှိသည့် သူ့အတွင်းစိတ်ကို ဖုံးကွယ်ရင်း ဂွန်ဆွန်းဆူသည် ကြင်နာယုယသော မျက်နှာပေးဖြင့် ထွက်ခွာသွားသည်။

ခဏအကြာတွင် ယူဆောဟွန်း ရောက်လာပြီး ဂျင်ဆူမောက်၏ ဘေးတွင် ထိုင်ကာ စိုးရိမ်စွာ မေးလိုက်သည်။

"ဆိုဟွန်းကို သူတို့နဲ့အတူ လွှတ်လိုက်တာ မှန်ပါ့မလား"

"ဆရာကြီးကန် ပြောတာတော့ ဆိုဟွန်းက သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မယ်တဲ့။ ဒါကြောင့် အဆင်ပြေမှာပါ။ ပြီးတော့ နာမည်ကြီး လျှပ်စီးအသံ ပုတ်ခတ်ခြင်းပညာရှင် ဆရာကြီး ဂွန်ဆွန်းလည်း လိုက်ပါသွားတာ မဟုတ်လား။ ဆုန်အိုလုံခြုံရေးဂိုဏ်းက အသစ်ဖြစ်ပေမဲ့ ဂိုဏ်းချုပ်ရဲ့ သိုင်းစွမ်းရည်နဲ့ အတွေ့အကြုံက အတော်လေး ကြွယ်ဝတယ်လို့ ပြောကြတာပဲ ပြဿနာ ရှိမှာ မဟုတ်ပါဘူး"

"အဲ့ဒါလည်း ဟုတ်မှာပါနော်"

"အရမ်း စိုးရိမ်မနေပါနဲ့ကွယ်"

ဂျင်ဆူမောက်သည် စိုးရိမ်နေသော ယူဆောဟွန်း၏ ပုခုံးကို ဂရုတစိုက် နှိပ်ပေးလိုက်သည်။ တကယ်တမ်းတွင် ဆုန်အိုလုံခြုံရေးဂိုဏ်းမှာ ဂျင်မိသားစု၏ အကာအကွယ်အောက်တွင် အသစ်ရောက်ရှိလာသည့် ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့၏ အရည်အချင်းနှင့် အတွေ့အကြုံကို မြှင့်တင်ပေးရန်အတွက် ဤကုန်သွယ်ရေးခရီးကို တာဝန်ပေးထားခြင်းပင်။

မမျှော်လင့်ထားသည့် အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သိုင်းလောက၏ ဝါရင့်ဆရာကြီး ဂွန်ဆွန်းဆူကို အဖော်လိုက်ပါပေးရန် အထူးတောင်းဆိုထားခြင်းပင်။

"ဒီကုန်သွယ်ရေးခရီး အဆင်ပြေပြေ ပြီးသွားရင် ကိုယ်တို့နှစ်ယောက် အတူတူ ခရီးသွားကြမလား"

"ခရီးသွားရမယ်"

မိသားစုကို ထားခဲ့ပြီး ခရီးထွက်ရခြင်း၏ အဓိပ္ပာယ်ကို ကောင်းကောင်းသိသော ယူဆောဟွန်းသည် ဂျင်ဆူမောက်ကို အတွေးများစွာဖြင့် ကြည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

"ကောင်းလိုက်တာ"

ဂျင်လင်မယား နှစ်ယောက် ပျော်ရွှင်စွာ ပြုံးနေကြစဉ်မှာပင် ဂျင်မိသားစုမှာ ကုန်သွယ်ရေးခရီးအတွက် ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြတော့သည်။

All Chapters