← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း။ ၂၁

"ညစာ အဆင်သင့်ဖြစ်ပြီ သခင်လေး"

"အင်း ကျေးဇူးတင်ပါတယ်"

စီးယု ယူလာပေးသည့် နွေးထွေးသော အစားအစာကို စားရင်း ဂျင်ဆိုဟွန်းက တိုးတိုးလေး ပြောလိုက်သည်။

ညစာမှာ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အသားများ ထည့်ကာ ချက်ထားသည့် နွေးထွေးသော ဟင်းရည်နှင့် ဘဲသားကြော် ဖြစ်သည်။

သာမန်အားဖြင့် စခန်းချချိန်တွင် ဓားပြများ သို့မဟုတ် လူဆိုးများ၏ အာရုံစိုက်မှုကို မခံရစေရန် မီးမဖိုဘဲ ရှောင်ရှားလေ့ရှိကြသော်လည်း ဆုန်အိုလုံခြုံရေးဂိုဏ်းမှ လူများနှင့် ဂျင်ဂါဟွန်းတို့မှာမူ ထိုကိစ္စကို ဂရုစိုက်ပုံ မရကြပေ။

"ခင်ဗျားတို့ရဲ့ အရည်အချင်းက တကယ်ကို ထူးချွန်တာပဲ။ စခန်းချရင်းနဲ့ ဒီလို အစားအစာမျိုး စားရလိမ့်မယ်လို့ မထင်ထားဘူး"

ဘဲသားကြော်ကို သဘောကျစွာ ချီးကျူးနေသော ဆရာကြီး ဂွန်ဆွန်းဆူကြောင့်ပင်။

"ကျွန်တော်တို့က မိသားစုအိမ်တော်မှာ အချိန်အတော်ကြာ တာဝန်ထမ်းဆောင်နေတဲ့ ထမင်းချက်ဆရာကြီးဂျန်ကို အထူးခေါ်လာတာပါ"

"ဟီးဟီး... အဲ့ဒါကြောင့်ကိုး"

စားသောက်ရင်း ရင်းနှီးစွာ စကားပြောနေကြသည့် ထိုနှစ်ဦးကို ထားခဲ့ပြီး ညစာကို ချက်ချင်း စားပြီးသွားသော ဂျင်ဆိုဟွန်းက ရေသန့်ဘူးမှ ရေကို သောက်လိုက်ကာ နောက်ကို လှည့်ကြည့်လိုက်သည်။

သူတို့ တော်တော် ရင်းနှီးနေကြပြီပဲ။

အကာအကွယ်ပေးရန် လိုက်ပါလာသူများအတွက်ဆိုလျှင် သူတို့မှာ အလွန်ပင် ရင်းနှီးလွန်းနေကြသည်။

သူတို့ မစားကြဘူးလား။

သူ့နောက်ကို လိုက်ပါလာသူများသည် မိသားစုမှ ဖြစ်သည်ဟု ဆက်လက် ထင်မှတ်နေဆဲဖြစ်သော ဂျင်ဆိုဟွန်းက ခေါင်းကို ကုတ်လိုက်ကာ ဖြည်းဖြည်းချင်း ထလိုက်သည်။

"အို သခင်လေး ဘယ်ကို သွားမလို့လဲ"

"စစ်ဆေးစရာလေး တစ်ခု ရှိလို့ပါ"

သခင်လေးက သူ့ဘာသာ သူ ထတယ်ပေါ့ တစ်ခုခု ဖြစ်တော့မလို့လား။

အတွေ့အကြုံအရ တစ်ခုခု မူမမှန်ကြောင်း ခံစားလိုက်ရသည့် စီးယုသည် သူမ၏ အစားအစာကို အမြန်ဆုံး စားသောက်လိုက်သည်။

ထိုင်ခုံမှ ထလာသော ဂျင်ဆိုဟွန်းသည် ဂျင်ဂါဟွန်း၏ ဘေးတွင် ထိုင်လိုက်ပြီး ဂွန်ဆွန်းဆူကို တိုးတိုးလေး မေးလိုက်သည်။

"အဲ... ဆရာကြီး ဂွန်ဆွန်း"

"ဘာကိစ္စလဲ"

"စပ်စုသလို ဖြစ်နေမှာ စိုးပေမဲ့... ကျွန်တော်တို့နောက်ကို လိုက်လာတာ ကြာပြီဖြစ်တဲ့ လူတွေကို ထမင်းကျွေးသင့်မလားလို့..."

ရှန်ရှီပြည်နယ်တွင် အပျင်းဆုံးလူ ဖြစ်သော်လည်း ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူ တစ်ယောက်ပီပီ သူသည် လူတစ်ယောက်ကိုခိုင်းလျှင် သူတို့ကို အချိန်မှန် အစာကျွေးသင့်ကြောင်း သိထားသည်။

အကယ်၍ သူတို့သည် အစာပင် ကောင်းကောင်း မစားဘဲ သူ့ကို ကာကွယ်ရန် တိတ်တဆိတ် လိုက်ပါလာခြင်း ဖြစ်ပါက အနည်းဆုံး အစာတော့ကျွေးသင့်သည်။

သို့သော် ဂျင်ဆိုဟွန်း၏ စကားကို ကြားလိုက်ရသော ဂွန်ဆွန်းဆူမှာ သိချင်စိတ်ဖြင့် မျက်နှာပေး ဖြစ်သွားသည်။

"ငါတို့နောက်ကို လိုက်လာတဲ့ လူတွေ အဲ့ဒါ ဘာကို ဆိုလိုတာလဲ"

"ဗျာ"

ဂျင်ဆိုဟွန်းက သူ၏ နောက်ဘက်ကို ညွှန်ပြကာ ပြောလိုက်သည်။

"မိသားစုအိမ်တော်က ထွက်လာကတည်းက ကျွန်တော်တို့နောက်ကို လိုက်လာတဲ့ လူတွေလေ။ အစပိုင်းတုန်းက ဆယ်ယောက်လောက် ရှိပေမဲ့ အခုတော့ နှစ်ဆယ်ကျော်နေပြီ"

"အဲ့ဒါက ဘာ..."

ဂွန်ဆွန်းဆူသည် သူ ကိုင်ထားသော ပန်းကန်ကို ချလိုက်သည်။

ဒီကောင်လေးက ငါတောင် မခံစားမိတဲ့ တည်ရှိမှုကို ခံစားမိတာလား။ ဂျင်မိသားစုက ထွက်လာကတည်းက လိုက်လာတဲ့သူတွေရဲ့ တည်ရှိမှုတဲ့လား။

အစပိုင်းတွင် ဂွန်ဆွန်းဆူသည် ဂျင်ဆိုဟွန်း နောက်ပြောင်နေသည်ဟု ထင်ခဲ့သော်လည်း သူ့ကို ကြည့်သည့် ဂျင်ဆိုဟွန်း၏ မျက်ဝန်းများမှာမူ အလွန်ပင် စင်ကြယ်နေသည်။

သူ လိမ်နေတဲ့ မျက်နှာ မဟုတ်ဘူး။ ဒါဆိုရင်... တကယ်ပဲ ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာနေတာလား။

သို့သော် သူသည် ဂျင်ဆူမောက်ထံမှ ထိုကဲ့သို့သော အကြောင်းအရာမျိုး မကြားခဲ့ရပေ။

အကယ်၍... ဂျင်ဆူမောက်က ငါ့ကို မယုံလို့ လျှို့ဝှက်ပြီး လူလွှတ်လိုက်တာ ဆိုရင်ကော...

ငါ့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ ကြိုတင်မပြောပြဘဲ ဖုံးကွယ်ထားတာမျိုး ဖြစ်နေမလား...

သူ့စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ တရိပ်ရိပ် ပေါ်လာ၏။

အဖြေက ဘာပဲဖြစ်ဖြစ်... ငါ သိအောင် ရှာရမယ်။ အမှန်တရားက ဘာပဲဖြစ်နေပါစေ... အခုတော့ သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေပြီဆိုတာ သေချာနေပြီပဲ။ ငါ ကိုယ်တိုင် သွားစုံစမ်းမှ ဖြစ်တော့မယ်...

သူ စိတ်ပိုင်းဖြတ်လိုက်ပြီး ဘေးကလူတွေကို လှည့်ပြောလိုက်သည်။

"ငါ သွားကြည့်လိုက်မယ်... မင်းတို့ ဒီမှာပဲ နေခဲ့။ ချုံ... မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် အဆင်သင့် ပြင်ထားပါ"

"ဟုတ်ကဲ့... အဘိုး"

ဂွန်ဆွန်းချုံသည် ခေါင်းညိတ်ကာ သူ၏ အတွင်းအားကို တက်ကြွစေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော ဂွန်ဆွန်းဆူသည် ထိုင်ခုံမှ ထကာ သဘာဝကျကျ အကြောဆန့်လိုက်သည်။

"ငါ ခဏလောက် အလုပ်ကိစ္စ ရှိလို့ သွားဦးမယ်။ တစ်ခုခု ဖြစ်လာရင် ငါ့ကို လှမ်းခေါ်ပါ"

"ဟုတ်ကဲ့ ဆရာကြီး ဂွန်ဆွန်း"

ဂွန်ဆွန်းဆူသည် လက်ပိုက်လျက် ဂျင်ဆိုဟွန်း ညွှန်ပြသည့်ဘက်သို့ လမ်းလျှောက်သွားသည်။ တစ်ချိန်ချိန်တွင် သူ၏ ဘေးသို့ ချဉ်းကပ်လာသော စီးယုသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ သခင်လေး"

"အင်း... မသိဘူး"

"လောလောဆယ်တော့ လှည်းထဲ ပြန်ဝင်ရအောင်။ တတ်နိုင်သလောက် သဘာဝကျကျပဲ နေပါ"

အခြေအနေ မူမမှန်ကြောင်း ရိပ်မိသွားသော ဂျင်ဂါဟွန်းသည် လှည်းထဲသို့ တတ်နိုင်သမျှ သဘာဝကျကျ ပြန်ဝင်သွားသည်။ လှည်းထဲသို့ ပြန်ရောက်လာသော စီးယုသည် စိုးရိမ်တကြီးဖြင့် ဂျင်ဆိုဟွန်း၏ အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။

"ဘာမှ မကောင်းတာ မဖြစ်လာလောက်ပါဘူးနော်"

ကြောက်ရွံ့နေသော စီးယုကို မြင်သည့်အခါ ဂျင်ဂါဟွန်းသည် ဘာမှ မဖြစ်သလို တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဆရာကြီး ဂွန်ဆွန်း သွားစစ်ဆေးနေတာပဲ။ ဆရာကြီး ဂွန်ဆွန်းက တော်တော် အင်အားတောင့်တင်းတဲ့သူဆိုတော့ ဘယ်သူမှ ကျွန်မတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်ကဲ့။ သခင်မလေး ပြောတာ မှန်ပါတယ်"

ဂျင်ဂါဟွန်းက စီးယုကို နှစ်သိမ့်ပေးနေစဉ် ဂျင်ဆိုဟွန်းသည် သူ့နောက်ကို လိုက်ပါလာသူများသည် မိသားစုမှ မဟုတ်ကြောင်း နားလည်သွားသည်။

ဒါဆို သူတို့က ဘယ်သူတွေလဲ။

[ဆိုဟွန်း…

ဟုတ်ကဲ့ ဆရာကြီးဗီ။

မှတ်ထား။ အနာဂတ်မှာ သိုင်းလောကထဲကို ခြေချတဲ့အခါ မင်းရဲ့ နောက်ကွယ်မှာ ရပ်နေတဲ့သူကို သတိထား။

ဘာလို့လဲ။

ဘာလို့လဲဆိုတော့ သူက မင်းရဲ့ နောက်ကျောကို ဓားနဲ့ ထိုးလိမ့်မယ်။

သူက ဘာလို့ ကျွန်တော့်ကို ဓားနဲ့ ထိုးရမှာလဲ။

အကြောင်းပြချက်က အရေးမကြီးပါဘူး။ တစ်ခုပဲ မှတ်ထား။ တည်ရှိမှု အရိပ်အယောင် မပြဘဲ နောက်ကနေ ချဉ်းကပ်လာတဲ့သူတွေဟာ ဘယ်တော့မှ စေတနာနဲ့ ချဉ်းကပ်လာတာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ နောက်ကျောကို ပေးလိုက်မိရင်... မင်း သေလိမ့်မယ်]

ဗီယွန်းဂဲ၏ သွန်သင်ချက်များက ဂျင်ဆိုဟွန်း၏ စိတ်ထဲတွင် ရုပ်ပုံကားချပ်အလား ပေါ်လာသည်။

ဒီလိုဖြစ်လာမယ်ဆိုတာ သိရင် ငါ့ရဲ့ ဓားပျံတွေကို ယူလာခဲ့သင့်တာ။

တောင်ပေါ်မှ ဆင်းလာပြီးကတည်းက ဂျင်ဆိုဟွန်းသည် သူ၏ ဓားပျံများကို တစ်ခါမျှ လက်နှင့်ပင် မထိခဲ့ပေ။ ပထမဦးစွာ သူ့တွင် သိုင်းပညာကို အသုံးပြုရမည့် အခြေအနေမျိုး မရှိခဲ့ပေ။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့များနှင့် ဂွန်ဆွန်းဆူတို့က လိုက်ပါလာသည့်အတွက် ဓားပျံများကို အသုံးပြုရန် ပို၍ပင် လိုအပ်ချက် မရှိပေ။

"တောက်..."

ဓားပျံများ မပါလာမိသည့်အတွက် နောင်တရနေသော ဂျင်ဆိုဟွန်းသည် သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသော စီးယု၏ ပုခုံးကို ပုတ်လိုက်သည်။

"အား…."

"အမလေး ကျွန်မတော့ လန့်သွားတာပဲ"

စီးယု၏ ရုတ်တရက် အော်သံကြောင့် သူပါ လန့်သွားကာ ဂျင်ဆိုဟွန်းမှာ မျက်မှောင် ကြုတ်လိုက်သည်။

"မင်းက ငါ့ကို လန့်အောင်လုပ်တာလေ"

"သခင်လေးက ရုတ်တရက် လာထိလို့ ကျွန်မက ပိုလန့်သွားတာပါ"

"အဲ့ဒါထက် ပိုအရေးကြီးတာက စီးယု"

"ဟုတ်ကဲ့"

"မင်းဆီမှာ ပိုက်ဆံ ရှိသေးလား"

"ပိုက်ဆံ"

စီးယုသည် သူမ၏ ရင်ဘတ်ထဲမှ ပိုက်ဆံအိတ်သေးသေးလေးကို ထုတ်ယူလိုက်သည့်အခါ ဂျင်ဆိုဟွန်းက သဘာဝကျကျပင် လှမ်းယူလိုက်သည်။

"...ဘာလို့ ကျွန်မပိုက်ဆံကို ယူရတာလဲ"

"ခဏလောက် သုံးလိုက်ပါဦးမယ်။ လိုအပ်ရင် လိုအပ်မှာမို့လို့"

"မ မပြောပါနဲ့ဦး... အဲ့ဒါကို ရွေးကြေးအဖြစ် သုံးဖို့များ စိတ်ကူးနေတာလား။ အဲ့ဒီလောက် အကြွေစေ့လေးတွေက ကျွန်မလို အစေခံတစ်ယောက်ရဲ့ ရွေးကြေးလောက်ပဲ တန်မှာ"

"အဲ့လို မဟုတ်ပါဘူး"

ဂျင်ဆိုဟွန်းသည် ပိုက်ဆံအိတ်ထဲမှ သံကြွေစေ့များကို လက်ဖြင့် ကစားရင်း ကန်းချွန်၏ အသံကို ပြန်အမှတ်ရလိုက်သည်။

[ဆရာကြီးကန်း….

အေး…

ကျွန်တော့်မှာ ဓားပျံတွေ မပါလာရင် ဘယ်လိုလုပ်ရမလဲ။

ဓားပျံတွေ မပါလာရင်... အင်း အဲ့ဒီလို အခြေအနေမျိုး မဖြစ်လာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ဥပမာ မင်း အိပ်ပျော်နေတဲ့ အချိန်မျိုးမှာပေါ့...]

ထိုသို့ပြောပြီးနောက် ကန်းချွန်သည် ပိုက်ဆံအိတ်ထဲမှ သံကြွေစေ့တစ်စေ့ကို ထုတ်ယူကာ လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်ထားလိုက်သည်။

ဒီသိုင်းပညာရဲ့ နာမည်က အကြွေစေ့ ပစ်ခတ်ခြင်းပဲ။ ဒါက အဆိပ်နဲ့ လျှို့ဝှက်လက်နက်ပညာရဲ့ အဓိကဂိုဏ်းဖြစ်တဲ့ စီချွမ်တန်ဂိုဏ်းရဲ့ လျှို့ဝှက်လက်နက်ပညာထဲက တစ်ခုပဲ။

ငွေကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုသည့် ရိုးရှင်းသော သိုင်းပညာဖြစ်သည်။ လျှို့ဝှက်လက်နက်ပညာနှင့် ဓားပျံပညာမှာ လက်နက်ပစ်လွှတ်ရခြင်းမျိုးတွင် ဆင်တူသော်လည်း ကန်းချွန်သည် သူ၏ ဓားပျံပညာကို လျှို့ဝှက်လက်နက်ပညာနှင့် နှိုင်းယှဉ်သည်ကို အလွန်ပင် ရွံရှာသည်။

အပ်တွေပဲ ပစ်တတ်တဲ့ တန်ဂိုဏ်းသားတွေရဲ့ လျှို့ဝှက်လက်နက်ပညာနဲ့ ဒီဆရာကြီးရဲ့ ဓားပျံပညာကို ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလောက် ကွာခြားတယ်။

ဒီလို အဆင့်နိမ့်တဲ့ လျှို့ဝှက်လက်နက်ပညာကို ဒီဆရာကြီးရဲ့ ဓားပျံပညာနဲ့ ဘယ်လိုလုပ် ယှဉ်ရဲတာလဲ။ ဒါကြောင့် ဒီ အကြွေစေ့ ပစ်ခတ်ခြင်းကိုပဲ ကြမ်းကြမ်းတမ်းတမ်း သင်ထားလိုက်။ တကယ်တော့ ဒါက တည်းခိုခန်းမှာ ရန်ဖြစ်တဲ့အခါလောက်ပဲ သုံးလို့ကောင်းတဲ့ သိုင်းပညာပဲ

ဒေါသထွက်နေသည့် ကန်းချွန်ဆီမှ အကြွေစေ့ ပစ်ခတ်ခြင်းကို အကြမ်းဖျင်း သင်ယူခဲ့ရသော ဂျင်ဆိုဟွန်းသည် စီးယု၏ ပိုက်ဆံအိတ်ကို သူ၏ ရင်ဘတ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။

ရန်ဖြစ်ရတော့မှာ မဟုတ်ပေမဲ့... ကာကွယ်ထားတဲ့အနေနဲ့ ယူထားလိုက်ဦးမယ်။

ဂျင်ဆိုဟွန်းသည် သူ ရန်ဖြစ်ရလိမ့်မည်မဟုတ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

သူ့ဘေးတွင် အထွတ်အထိပ် သိုင်းသမား ဂွန်ဆွန်းဆူနှင့် သူ၏တပည့် ဂွန်ဆွန်းချုံတို့ ရှိနေပြီး လုံခြုံရေးဂိုဏ်းမှာ အသစ်ဖြစ်သော်လည်း အတွေ့အကြုံရှိသော ဂိုဏ်းချုပ်နှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့်အတွက် ဖြစ်သည်။

ငါလို အတွေ့အကြုံမရှိတဲ့ သိုင်းသမားတစ်ယောက်က ရှေ့ထွက်ဖို့ မလိုပါဘူး။

စိတ်အေးချမ်းသွားသော ဂျင်ဆိုဟွန်းသည် လက်ပိုက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ ဂွန်ဆွန်းဆူ ပြန်လာပြီး ဘာမှမဟုတ်ပါဘူးဟု ပြောလာမည့် အချိန်ကို စောင့်မျှော်နေလိုက်သည်။

"တပ် တပ်"

လက်ပိုက်လျက် အဖွဲ့နှင့် အနည်းငယ် ခွာထွက်သွားသော ဂွန်ဆွန်းဆူမှာ စိတ်အေးလက်အေး ရှိနေဟန်ဆောင်ထားသော်လည်း သူ၏ အာရုံခံစားမှု အားလုံးကို အသုံးပြု၍ မှောင်မိုက်နေသည့် ပတ်ဝန်းကျင်ကို စေ့စပ်သေချာစွာ စစ်ဆေးနေသည်။

ဘာမှ မခံစားရပါလား... ငါ့ရဲ့ အာရုံခံနိုင်စွမ်းကို ရှောင်လွှဲနိုင်တဲ့ လုပ်ကြံသတ်ဖြတ်သူတွေလား ဒါပေမဲ့ အဲ့ဒါ မဖြစ်နိုင်ဘူး။

အကယ်၍ ထိုသို့သာဆိုလျှင် ဂျင်ဆိုဟွန်း၏ အာရုံခံစားမှုက ဂွန်ဆွန်းဆူထက် သာလွန်နေသည်ဟု ဆိုလိုရာရောက်ခြင်းပင်။

သူ အိပ်မက် မက်တာများလား။

လောကကြီးကို ပထမဆုံးအကြိမ် တွေ့မြင်ရတော့ အပျင်းထူလွန်းတဲ့ ကောင်လေးတစ်

ယောက် အိပ်မက်ဆိုး မက်နေတာလား။

နယ်မြေကို လှည့်လည်စစ်ဆေးပြီးနောက် ဂွန်ဆွန်းဆူသည် နောက်သို့ လှည့်ကာ သူ လာခဲ့သည့် လမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."

ဂွန်ဆွန်းဆူသည် သူ၏ လည်ပင်းကို အနောက်သို့ ရုတ်တရက် ဆတ်ခနဲ ရွှေ့လိုက်သည်။

"စူး"

ချွန်ထက်သော ဓားသွားတစ်ခုက သူ၏ မျက်နှာကို ကပ်လျက် ဖြတ်သန်းသွားသည်။ အကယ်၍ သူသာ တစ်စက္ကန့်မျှ နောက်ကျသွားမည်ဆိုလျှင် ထိုဓားသွားမှာ ဂွန်ဆွန်းဆူ၏ ပါးကို ဖောက်ထွက်သွားလိမ့်မည်။

"...မဟုတ်ဘူး"

ဂွန်ဆွန်းဆူသည် သူ၏ ခါးကို လျင်မြန်စွာ လှည့်လိုက်ပြီး သူ၏ရှေ့တွင် ပေါ်လာသော အနက်ရောင်ဝတ်စုံနှင့် လူ၏ ဘေးဘက်ကို သူ၏ ညာခြေဖြင့် ကန်ချလိုက်သည်။

"ပုန်း"

မိုးကြိုးအသံ ပုတ်ခတ်ခြင်းပညာရှင်ဟူသော ဘွဲ့နှင့်အညီ လျှပ်စီးအရှိန်ဖြင့် ကန်လိုက်သော ဂွန်ဆွန်းဆူသည် တည့်မတ်စွာ ဆန့်ထုတ်ထားသော ညာခြေကို ပြန်ရုပ်သိမ်းလိုက်ပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ"

"..."

မျှော်လင့်ထားသည့်အတိုင်း အဖြေစကား မရှိပေ။

ငါ့ရဲ့ လျှပ်စီးအရှိန် ကန်ချက်ကို ပိတ်ဆို့နိုင်တယ်ပေါ့... သာမန် အရည်အချင်းတော့ မဟုတ်ဘူး။

အထောက်အကူပြုခြေမပါဘဲ ကန်လိုက်သည့် လျှပ်စီးအရှိန် ကန်ချက်ဖြစ်၍ အားနှင့် အရှိန် လျော့နည်းသော်လည်း သာမန် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် ပိတ်ဆို့နိုင်သည့် ကန်ချက်မျိုး မဟုတ်ပေ။

အရပ်မျက်နှာ အသီးသီးမှ ခံစားလိုက်ရသည့် လုပ်ကြံသတ်ဖြတ်သူများ၏ တည်ရှိမှုကြောင့် ဂွန်ဆွန်းဆူသည် သူ၏ အောက်နှုတ်ခမ်းကို အသာဖိကိုက်လိုက်သည်။

ဒီလောက် များပြားတဲ့လူတွေ ငါ့ဘေးမှာ ရှိနေတာကို ငါ တစ်စက်လေးမှ မခံစားမိဘူးပေါ့... သူတို့အားလုံးက ပထမတန်းစား လုပ်ကြံသတ်ဖြတ်သူတွေ ဒါမှမဟုတ် အဲ့ဒီထက် ပိုတဲ့သူတွေပဲ။

သာမန်လူမိုက်များ မဟုတ်ဘဲ ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကာ ထိုနေရာတွင် သူတို့ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု တစ်ခုတည်းတော့ မဟုတ်နိုင်ပေ။

"ငါ့ကို သတ်ဖို့ လာတာလား အကယ်၍ သာဆိုရင် မင်းတို့ မှားသွားပြီ"

ဂွန်ဆွန်းဆူသည် သူ၏ အတွင်းအားကို လေးနက်စွာ မြှင့်တင်လိုက်သောအခါ သူရပ်နေသည့် မြေပြင်မှာ တုန်ခါသွားပြီး ခြေဖဝါးအောက်ရှိ မြေသားများပင် ချိုင့်ဝင်သွားသည်။

မိုးကြိုးအသံ ပုတ်ခတ်ခြင်း၏ ပြင်းထန်သော ဖိအားကြောင့် အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးသည် တစ်ပြိုင်နက် ဓားများကို ဆွဲထုတ်လိုက်ကြသည်။

“နောက်ဆက်တွဲ တိုက်ခိုက်မှုအတွက် ပြင်ဆင်ကြ။ မိုးကြိုးအသံ ပုတ်ခတ်ခြင်းပညာရှင်က အလွယ်တကူ အနိုင်ယူနိုင်တဲ့ ပြိုင်ဘက် မဟုတ်ဘူး”

သွေးညှီနံ့များ ထုံမွှမ်းနေသည့် ရက်စက်ကြမ်းကြုတ်သော သိုင်းလောကတွင် သက်ကြီးရွယ်အိုတစ်ယောက်၏ အဓိပ္ပာယ်မှာ ကွဲပြားသည်။

သိုင်းလောကတွင် ကြာရှည်စွာ အသက်ရှင်သန်နိုင်ခြင်းမှာ ထိုမျှလောက်အထိ သူတို့ ပို၍ သန်မာနေခြင်းကို ပြသနေသည်။

"ဒီအဘိုးအိုက မင်းတို့ကို အထူးဈေးကြီးတဲ့ သင်ခန်းစာတစ်ခု သင်ပေးမယ်"

"ဝူး"

ဂွန်ဆွန်းဆူ၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ထို့နောက် အဝေးဆုံးတွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူ၏ ရှေ့တွင် ပေါ်လာသော ဂွန်ဆွန်းဆူသည် ဘယ်ခြေဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လှံတစ်ချောင်းပမာ ညာခြေဖြင့် ထိုးကန်လိုက်သည်။

"ဘန်း"

သူ၏ ကန်ချက်ကို တည့်တည့်ထိမှန်သွားသော လုပ်ကြံသတ်ဖြတ်သူမှာ ပြင်းထန်သော အရှိန်ဖြင့် လွင့်စင်သွားပြီး သစ်ပင်တစ်ပင်နှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

"ဘုန်း ခရက်….."

အရိုးများ ကျိုးသွားသည့် အသံနှင့်အတူ သစ်ပင်အောက်သို့ ပြိုလဲကျသွားသော လုပ်ကြံသတ်ဖြတ်သူမှာ ထပ်မံ၍ ထနိုင်ခြင်း မရှိတော့ပေ။

သူ၏ ကျောရိုးမှာ ကျိုးသွားခဲ့ပြီ ဖြစ်သည်။ ဂွန်ဆွန်းဆူ၏ တိုက်ခိုက်မှုမှာ ပြီးဆုံးမသွားပေ။ ပထမဆုံး လုပ်ကြံသတ်ဖြတ်သူကို လွင့်စင်သွားစေပြီးသည်နှင့် သူသည် လျှပ်စီးအရှိန်ဖြင့် ရွေ့လျားကာ သူ့ကို ဝိုင်းရံထားသော လုပ်ကြံသတ်ဖြတ်သူများကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်သည်။

သူ၏ လျင်မြန်သော လှုပ်ရှားမှုများကို ကြည့်နေသော အနက်ရောင်ဝတ်စုံနှင့် လူသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

ဒါက မိုးကြိုးအသံ ပုတ်ခတ်ခြင်းရဲ့ လျှပ်စီးခန္ဓာကိုယ်လား

ကျောက်တုံးကဲ့သို့ မာကျောအောင် လေ့ကျင့်ထားသော ခြေထောက်နှစ်ဖက်ကို အသုံးပြု၍ ဂွန်ဆွန်းဆူ လှုပ်ရှားနေသည့် လျှပ်စီးခန္ဓာကိုယ်မှာ သူ၏အရှိန်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်သောကြောင့် ထိုသို့ အမည်တွင်ခြင်းပင်။

ထို့အပြင် ပြင်းထန်သော အရှိန်ဖြင့် ပြုလုပ်သော ဂွန်ဆွန်းဆူ၏ ကန်ချက်ပညာမှာ လုပ်ကြံသတ်ဖြတ်သူများ ရင်ဆိုင်ရန် မဝံ့ရဲသည့် သိုင်းပညာမျိုး ဖြစ်သည်။

ဂွန်ဆွန်းဆူ၏ လျှပ်စီးကဲ့သို့ မြန်ဆန်သော ကန်ချက်ကြောင့် လဲကျသွားသော လုပ်ကြံသတ်ဖြတ်သူ အရေအတွက် တိုးပွားလာသော်လည်း အနက်ရောင်ဝတ်စုံနှင့် လူမှာမူ တုန်လှုပ်ခြင်း မရှိပေ။ သူသည် ဂွန်ဆွန်းဆူကို အေးစက်စက် အကြည့်ဖြင့်သာ စိုက်ကြည့်နေသည်။ တစ်ချိန်တည်းတွင် သူ၏ အတွင်းအားကို အစွမ်းကုန် ထုတ်သုံးကာ လုပ်ကြံသတ်ဖြတ်သူများကို ရှင်းလင်းနေသည့် ဂွန်ဆွန်းဆူသည် ထူးဆန်းသော စိုးရိမ်စိတ်တစ်ခုကို ခံစားလိုက်ရသည်။

ငါ့ကို သတ်ဖို့ လာတာဆိုရင် ဒီလောက်ပဲ ပြင်ဆင်လာကြတာလား။

မာန ထိခိုက်သွားသော ဂွန်ဆွန်းဆူသည် ပို၍ပင် ဒေါသထွက်လာပြီး သူ၏ အတွင်းအားကို ပိုမို မြှင့်တင်လိုက်သည်။ သို့သော် တစ်နေရာတွင် ဂွန်ဆွန်းဆူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

အစတုန်းက ဆယ်ယောက်လောက် ရှိပေမဲ့ အခုတော့ နှစ်ဆယ်ကျော်နေပြီ….

ဂျင်ဆိုဟွန်း၏ မေ့လျော့နေသော စကားလုံးများမှာ ဂွန်ဆွန်းဆူ၏ ခေါင်းထဲသို့ ရုတ်တရက် ရောက်လာသည်။

ပြန်တွေးကြည့်ရင်...

သူ့ရှေ့တွင် ရှိနေသော လုပ်ကြံသတ်ဖြတ်သူ အရေအတွက်မှာ ဆယ်ယောက်ကျော်သာ ရှိသည်။ ပြန်တွေးကြည့်ရင် တစ်ခုခု ထူးဆန်းနေ၏။

လုပ်ကြံသတ်ဖြတ်သူက သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်တယ်ပေါ့။

ပထမတန်းစား လုပ်ကြံသတ်ဖြတ်သူများအနေဖြင့် ထိုမျှလောက်အထိ အခြေခံအမှားမျိုး လုပ်မိရန် မဖြစ်နိုင်ပေ။ နားမလည်နိုင်စရာ မေးခွန်းများမှာ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ခဏအကြာတွင် ဂွန်ဆွန်းဆူ၏ ပါးစပ်မှာ အံ့ဩတကြီးဖြင့် ဟသွားတော့သည်။

"မင်းတို့ရဲ့ ပစ်မှတ်က... ငါ မဟုတ်ဘူး"

All Chapters