အခန်း ၂၃
Vol. 3 Ch. 23
အခန်း။ ၂၃
"ချုံ ချုံ"
သူ့လမ်းကို ပိတ်ဆို့နေသည့် လုပ်ကြံသတ်ဖြတ်သူများကို အနိုင်ယူပြီး လှည်းတန်းဆီသို့ ပြန်ရောက်လာသော ဂွန်ဆွန်းဆူမှာ သူ၏ မြေးဖြစ်သူ ဂွန်ဆွန်းချုံကို ချက်ချင်း လိုက်ရှာတော့သည်။
"အဘိုး"
"အို... မင်း ဘေးကင်းတယ်ပေါ့"
ဂွန်ဆွန်းဆူမှာ မြေးဖြစ်သူကို ဖက်ထားရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် အသေအပျောက် မရှိပုံရသော်လည်း ပတ်ဝန်းကျင်တွင် ကျန်ရစ်နေသည့် သွေးစွန်းအစက်အပြောက်များနှင့် ဒဏ်ရာရထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအရ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူ သတိပြုမိလိုက်သည်။
"ဘာတွေဖြစ်ခဲ့လဲ ဆိုတာ အသေးစိတ် ပြောပြစမ်း"
ဂွန်ဆွန်းချုံက ခေါင်းညိတ်ကာ လုပ်ကြံသတ်ဖြတ်သူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပုံကို အလောတကြီး ရှင်းပြသည်။
ထိုရှင်းပြချက် တစ်လျှောက်လုံး ရှုပ်ထွေးနေသော မျက်နှာပေးဖြင့် နားထောင်နေသည့် ဂွန်ဆွန်းဆူက ဂွန်ဆွန်းချုံ၏ ပုခုံးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"နောက်တစ်ခါ ထပ်ပြောစမ်း"
"နောက်ဆုံးအချိန်မှာ... တစ်နေရာရာကနေ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးတော့ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့လူရဲ့ ညာလက်မောင်းက... လုံးဝ ပျောက်ကွယ်သွားတယ်။ အလင်းရောင် လှံကြီးတစ်ခုနဲ့ ထိုးဖောက်ခံလိုက်ရသလိုမျိုးပဲ"
အဲ့ဒါ မဖြစ်နိုင်တာ...
ဂွန်ဆွန်းဆူ၏ ခြေထောက်ကို ဖမ်းဆုပ်ထားခဲ့သော လုပ်ကြံသတ်ဖြတ်သူတို့၏ အရည်အချင်းကို ကြည့်လျှင် ဂွန်ဆွန်းချုံနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ လုံးဝ ပျက်စီးသွားသင့်သည်။ သို့သော် တစ်ယောက်မျှ သေဆုံးခြင်း မရှိပေ။
ဂွန်ဆွန်းဆူသည် ကိုယ်ကို ကိုင်းညွှတ်ကာ မြေပေါ်တွင် ပြုတ်ကျနေသော သံကြွေစေ့တစ်ခုကို ကောက်ယူလိုက်သည်။
အကြွေစေ့ ပစ်ခတ်ခြင်း... ဒါက စီချွမ်တန်ဂိုဏ်းရဲ့ လျှို့ဝှက်လက်နက်ပညာပဲ။
လူတစ်ယောက်က အကြွေစေ့ကို အသုံးပြုပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးကို လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ဓားအောက်ကနေ ကာကွယ်ပေးနိုင်တယ်ပေါ့။
အနည်းဆုံးတော့ သူ၏ လျှို့ဝှက်လက်နက်ပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သိုင်းပညာရှင်ပင်။
သူသိသလောက်တော့ ထိုအဆင့်ရှိသည့် လျှို့ဝှက်လက်နက်ပညာကို ပိုင်ဆိုင်သူများမှာ စီချွမ်တန်ဂိုဏ်းသားများသာ ရှိသည်။
မိသားစုခေါင်းဆောင်ဂျင်က လူလွှတ်လိုက်တာများလား။
ဒါမှမဟုတ်... ဒီအခြေအနေကို စိုးရိမ်မကင်းဖြစ်နေတဲ့ ဂျင်ဆူမောက်က တန်ဂိုဏ်းက ထိပ်တန်းပညာရှင်တစ်ယောက်ကို လျှို့ဝှက်ပြီး စေလွှတ်လိုက်တာများလား...
ဂွန်ဆွန်းဆူသည် အနက်ရောင်ဝတ်စုံနှင့် လူ၏ ညာလက်မောင်းကို လွင့်စင်သွားစေခဲ့သော အလင်းတန်းကို ပြန်တွေးလိုက်သည်။
"သေချာကြည့်ကြစမ်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက် ဓားပျောက်သွားတာ ဖြစ်နိုင်ပါ့မလား"
"ကျ ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ဓားအိမ်ထဲမှာ သေချာ ထည့်ထားတာပါ..."
ရီဟဲဆန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်၏ နောက်ကွယ်မှ စကားပြောသံကို ကြားလိုက်ရသောအခါ ဂွန်ဆွန်းဆူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ဓားက ပျောက်သွားတယ်... ပြီးတော့ အလင်းတန်းတစ်ခုက လုပ်ကြံသတ်ဖြတ်သူရဲ့ ညာလက်မောင်းကို လွင့်စင်သွားစေတယ် ဒါက... ဓားပျံပညာပဲ
ဤနေရာတွင် ဓားပျံပညာကို သုံးနိုင်သူမှာ တစ်ယောက်သာ ရှိသည်။
လှည်းဆီသို့ အလောတကြီး ချဉ်းကပ်သွားပြီး တံခါးကို ဖွင့်လိုက်သောအခါ ဂျင်ဆိုဟွန်းမှာ နံရံကိုမှီကာ ဟောက်၍ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ဂျင်ဂါဟွန်း၏ မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားသော ဂွန်ဆွန်းဆူက ခေါင်းကို ခါလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ မင်းတို့ ဘေးကင်းရဲ့လားလို့ လာကြည့်တာပါ"
"တိုက်ပွဲ ပြီးသွားပြီလား"
"ပြီးသွားပါပြီ။ ဒါပေမဲ့ တစ်ခုခု ဖြစ်လာနိုင်သေးလို့ တောင်ပေါ်ကနေ အမြန်ဆုံး ဆင်းရမယ်"
"နားလည်ပါပြီ"
နောက်ကွယ်မှ အစောင့်တပ်များ ထပ်ရောက်လာမည်ကို စိုးရိမ်သဖြင့် ရီဟဲဆန်းနှင့် အဖွဲ့ဝင်များသည် ခရီးဆောင်အိတ်များကို အမြန်သိမ်းဆည်းကာ လှည်းများနှင့်အတူ ဆင်းလာခဲ့ကြသည်။
မြင်းပေါ် တက်စီးလိုက်သော ဂွန်ဆွန်းဆူသည် ဂွန်ဆွန်းချုံကို သူ၏ မြင်းပေါ်တွင် တင်ကာ လှည်းနောက်မှ လိုက်လာခဲ့သည်။
အင်း... အဲ့ဒီပျင်းတဲ့ ကောင်လေးမှာ အဲ့လောက်အထိ သိုင်းပညာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါဆို ဓားပျံသူရဲကောင်း ကန်းချွန်ကပဲ လိုက်လာတာလား
အကယ်၍... ကန်းချွန်ကသာ ငါတို့နောက်ကို လျှို့ဝှက်ပြီး နောက်ယောင်ခံလိုက်လာတာ ဖြစ်
ပြီး လုပ်ကြံသတ်ဖြတ်သူတွေကို အနိုင်ယူဖို့ ကူညီပေးခဲ့တာဆိုရင်ကော...
ပြီးတော့ သူက သူ့တပည့် ဂျင်ဆိုဟွန်းကို အသုံးချပြီး ငါ့ကို လုပ်ကြံမယ့်သူတွေ ရှိနေတယ်ဆိုတဲ့အကြောင်း သတင်းပေးခိုင်းခဲ့တာဆိုရင်ကော...
အခုလောလောဆယ်တော့... အမှန်တရားကို အတိအကျ သိနိုင်ဖို့ လမ်းမရှိသေးဘူး။
ဂွန်ဆွန်းဆူမှာ ပုန်းကွယ်နေသော ကန်းချွန်ကို ရှာတွေ့နိုင်မည့် နည်းလမ်း မရှိပေ။
ဂျင်မိသားစုဆီ ပြန်ရောက်ရင် ဒီကိစ္စကို သေချာ မေးမြန်းရမယ်။
ဓားပျံ၏ ပိုင်ရှင်မှာ ဂျင်ဆိုဟွန်း ဖြစ်နိုင်စရာ မရှိဘူးဟု သဘာဝကျကျ တွေးလိုက်သော ဂွန်ဆွန်းဆူသည် မြေးဖြစ်သူ၏ ပုခုံးကို အသာပုတ်ကာ ကင်းလှည့်နေလိုက်သည်။
တစ်ချိန်တည်းမှာပင် လှည်းအတွင်းတွင် ပိုက်ဆံအိတ်ကို ပြန်ရထားသော စီးယုမှာ ဝမ်းနည်းသော မျက်နှာပေး ဖြစ်နေသည်။
"ပိုက်ဆံတွေ... ပိုက်ဆံတွေ အကုန် ဘယ်ရောက်ကုန်တာလဲ"
"ဘယ်သူ သိမှာလဲ။ တစ်နေရာရာမှာ ပြုတ်ကျခဲ့တာ ဖြစ်မှာပေါ့"
"ဟေ့ ကျွန်မ ပိုက်ဆံတွေ ပြန်ပေး ကျွန်မပိုက်ဆံတွေ"
စီးယုသည် ဂျင်ဆိုဟွန်း၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ မေးလိုက်သည်။
သေးငယ်သော်လည်း အစေခံဘဝဖြင့် ရုန်းကန်ရင်း တောင့်တင်းသော ကြွက်သားများ ရှိနေသည့် စီးယုမှာ ဂျင်ဆိုဟွန်းပင် မခါထုတ်နိုင်လောက်အောင်ပင် အားသန်သည်။
ထို့အပြင် စီးယု၏ ပိုက်ဆံအပေါ် စွဲလမ်းမှုမှာလည်း အလွန်ပင် ပြင်းထန်သည်။
ဂျင်ဆိုဟွန်းမှာ ဂျင်ဂါဟွန်းဆီသို့ တောင်းပန်သော အကြည့်ဖြင့် ကြည့်ရုံသာ ရှိတော့သည်။
"ဂ….ဂါဟွန်း"
"မရဘူး။ စီးယုရဲ့ ပိုက်ဆံကို ပြုတ်ကျအောင် လုပ်မိတာ အစ်ကိုပဲ ဖြစ်လို့ အစ်ကိုပဲ တာဝန်ယူရမယ်"
"ဝါးးးဝါးးးး..."
"ဝါး ကျွန်မ ပိုက်ဆံတွေ"
"မိသားစုအိမ်တော် ရောက်ရင် နှစ်ဆ ပြန်ပေးမယ်။ အခုတော့ လွှတ်ပေးပါတော့"
"သုံးဆ"
"အဲ့ဒါက နည်းနည်း..."
"ဝါး တစ်နေကုန် သွေးချွေးတွေနဲ့ ရုန်းကန်ရှာထားရတဲ့ ကျွန်မ ပိုက်ဆံတွေကို... ပိုက်ဆံ အများကြီး ရှိတဲ့ အစ်ကိုက ဒီအတိုင်း ဖိတ်စင်အောင် လုပ်လိုက်တာ ဝါး ကျွန်မ ပိုက်ဆံကို ပိုက်ဆံ မဟုတ်ဘူးလို့ ပြောတာလား"
စီးယုမှာ လည်ပင်းကိုပါ ဆွဲကိုင်ကာ တွယ်ကပ်လာသဖြင့် ဂျင်ဆိုဟွန်းမှာ လေးဆအထိ ပေးလျော်မည်ဟု ကတိပေးလိုက်ရတော့သည်။
"သခင်မလေး သက်သေနော် အစ်ကို ပြန်ပေးရမှာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
စီးယုကို ခါထုတ်ကာ လွတ်မြောက်သွားသော ဂျင်ဆိုဟွန်းသည် သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။
တစ်နည်းနည်းဖြင့် စီးယုတစ်ယောက်ကို ကိုင်တွယ်ရခြင်းမှာ လုပ်ကြံသတ်ဖြတ်သူများနှင့် တိုက်ခိုက်ရခြင်းထက် ပို၍ ပင်ပန်းသည်။
ဒါပေမဲ့... အရမ်း အဆင်မပြေဘူး။
သူ၏ ဓားပျံကြောင့် ညာလက်မောင်း ပြတ်ထွက်သွားခဲ့သော လုပ်ကြံသတ်ဖြတ်သူကို ပြန်တွေးမိတိုင်း ဂျင်ဆိုဟွန်းမှာ မရှင်းပြနိုင်သော အပြစ်ရှိသလို ခံစားချက်မျိုးဖြင့် ဖုံးလွှမ်းသွားသည်။
အားနည်းတဲ့သူကို ငါ အားပိုသုံးမိတာလား။
ဂျင်ဆိုဟွန်းမှာ ထိုလုပ်ကြံသတ်ဖြတ်သူကို အလွန် အားနည်းသည်ဟု ထင်သည်။ လုပ်ကြံသတ်ဖြတ်သူသာ သန်မာပါက သူ ပစ်လွှတ်လိုက်သော ဓားချက်ဖြင့် ညာလက်မောင်း လွင့်စင်သွားစရာ အကြောင်းမရှိသဖြင့် တစ်နည်းအားဖြင့် မှန်နေသည်။
အိုက်ယား ထားလိုက်တော့ ဘာပဲဖြစ်ဖြစ် တရားမျှတပါတယ်။ လူတွေကို သတ်ဖို့ ကြိုးစားတဲ့သူပဲဟာ။ ဒါပေမဲ့ သူကို ဘယ်သူက ခိုင်းတာလဲ။
ဂျင်ဆိုဟွန်းသည် ထိုလုပ်ကြံသတ်ဖြတ်သူကို စိတ်ထဲမှ ဖျောက်ဖျက်လိုက်ပြီး ကျောမှီကို မှီလိုက်သည်။ ကြာရှည်ပြီးနောက်မှ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရသဖြင့် အိပ်ငိုက်ခြင်းများမှာ တိုးဝင်လာသည်။
ဂျင်ဆိုဟွန်း၏ ပထမဆုံး ကုန်သည်လုပ်ငန်း ခရီးစဉ်မှာ သူထင်ထားသည်ထက် ပို၍ မြန်ဆန်စွာပင် ကုန်ဆုံးသွားသည်။
ဘာမှလည်း မဟုတ်ပါလား။
တောင်ပေါ်မှာ ခြောက်နှစ်ကြာအောင် ဆင်းရဲဒုက္ခခံခဲ့ရတာထက်စာရင် ကုန်သည်လုပ်ငန်း ခရီးစဉ် လိုက်လာတာက ပိုကောင်းတာပေါ့။
ဂျင်ဆိုဟွန်းသည် နောင်တရသလို ခံစားလိုက်ရသည်။
လှည်းရပ်လျှင် စားလိုက်၊ လှည်းသွားလျှင် အိပ်လိုက်ဖြင့် ခရီးစဉ်မှာ သဘာဝကျကျပင် ပြီးဆုံးသွားခဲ့သည်။
ခေါင်းကို ချလိုက်သည်နှင့် မျက်လုံးမှိတ်ပြီး မည်သည့်အချိန်မဆို အိပ်စက်နိုင်ခြင်းမှာ ဂျင်ဆိုဟွန်း၏ အထူးကျွမ်းကျင်မှုနှင့် ဂုဏ်ယူစရာပင်။
သခင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် အိပ်ချင်နေရတာလဲ။
စီးယုက စိတ်ရင်းအမှန်ဖြင့် အံ့ဩစွာ မေးခဲ့ဖူးသည်။ သူမတို့ကြားထားသည့်အတိုင်းဆိုလျှင် စီးယုနှင့် ဂျင်ဂါဟွန်းတို့မှာ လှည်းထဲတွင် ထိုင်နေရုံဖြင့် နောက်ကျောကျိုးမတတ် ဖြစ်နေကြရာ အိပ်စက်ခြင်းကို မဆိုထားနှင့် အနားယူဖို့ပင် ခက်ခဲနေကြသည်။
ဘာလို့ ဒီလောက် လွယ်ကူတဲ့အရာကို မလုပ်နိုင်ကြတာလဲ။
တစ်ဖက်တွင်မူ ဂျင်ဆိုဟွန်းသည် သူတို့ကို နားမလည်နိုင်ပေ။
တောင်ပေါ်မှာ နေစဉ်ကပင် သစ်ပင်ပေါ်မှာဖြစ်စေ ကျောက်တုံးငယ်တစ်ခုပေါ်မှာဖြစ်စေ ပုဇွန်လုံးလေးလို ကွေးအိပ်ပြီး ကောင်းကောင်း အိပ်စက်ခဲ့ဖူးသည်။
အခုတော့ သူနှင့် အိပ်ရာကဲ့သို့ ဖြစ်နေသည့် နူးညံ့သော ခုံပါသည့် လှည်းထဲတွင် ဖြစ်နေသည်မို့ မြေပြင်၏ တုန်ခါမှုများကိုပင် ချစ်စရာကောင်းသည်ဟု သဘောထားပြီး လျစ်လျူရှုနိုင်ခဲ့သည်။
"သခင်လေး အိပ်ရာထချိန် ရောက်ပါပြီ"
"အွန်း... ဘာလို့လဲ ထမင်းစားချိန် ရောက်ပြီလား"
ဂျင်ဆိုဟွန်းသည် သူ၏ ဝမ်းဗိုက်ကို ပုတ်ကြည့်လိုက်သည်။ ဗိုက်မဆာသေးသည့်အတွက် ထမင်းစားချိန် မဟုတ်သေးပေ။
"ကျွန်မတို့ ရောက်ပါပြီ"
"ရောက်ပြီလား"
"ဟုတ်ကဲ့"
ခရီးစဉ်၏ ဦးတည်ရာသို့ နောက်ဆုံးတော့ ရောက်ရှိသွားပြီဟူသော စီးယု၏ စကားကြောင့် ဂျင်ဆိုဟွန်းသည် အကြောဆန့်ကာ အပြင်သို့ ထွက်လာလိုက်ပြီးမှ အံ့ဩသွားသည်။
"ဒါ... ဘယ်နေရာလဲ"
"ဘယ်နေရာလို့ ထင်လို့လဲ အန်းဟွီပြည်နယ်က နမ်ဂန်းမိသားစု အိမ်တော်လေ"
"နမ်ဂန်း... မိသားစု"
အိမ်တော်ပြင်ပ လောကကြီးကို စိတ်မဝင်စားသည့် ဂျင်ဆိုဟွန်းပင် နမ်ဂန်းမိသားစု ဆိုသည့် နာမည်ကို ကြားဖူးသည်။
သိုင်းလောကကို ကိုယ်စားပြုသည့် မိသားစုကြီးငါးခုမှာ နမ်ဂန်း၊ မူရုံ၊ ကျူးဂဲ၊ ဟဲပေပန်းနှင့် စီချွမ်တန်တို့ ဖြစ်ကြသည်။ ဤမိသားစုကြီး ငါးခုကို သိုင်းလောက၏ မိသားစုကြီး ငါးခုဟု စုပေါင်းခေါ်ဆိုကြသည်။
ထိုအထဲတွင် နမ်ဂန်းမိသားစုမှာ အန်းဟွီပြည်နယ်၏ အရှင်သခင်ဖြစ်ပြီး တစ်ချိန်က ကောင်းကင်အောက် အမှတ်တစ် သိုင်းပညာရှင်မိသားစုဟု ခေါ်တွင်ခဲ့သော အစွမ်းထက်သည့် သိုင်းပညာ မိသားစုဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။
"အဲ့ဒါက တစ်ချိန်ကလေ အခု မဟုတ်တော့ဘူးမလား"
အပိုဆောင်း ရှင်းပြပေးနေသည့် စီးယုမှာ မျက်နှာပျက်သွားပြီး ဂျင်ဆိုဟွန်း၏ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။
"စကားကို သတိထား ပြောပါ နမ်ဂန်းမိသားစုက လူတွေက ကောင်းကင်အောက် အမှတ်နှစ် ဖြစ်သွားပြီဆိုတာကို လက်မခံနိုင်ကြဘူး"
"ဒါဆို ဘယ်သူက အမှတ်တစ်လဲ"
စီးယုက ဂျင်ဆိုဟွန်း၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောသည်။
"အဖြူရောင်လနန်းတော်လေ။ အဖြူရောင်လနတ်ဘုရား ချွန်ယူဆင်ရဲ့ မိသားစုက တည်ထောင်တာ"
"အော်..."
သူ့ဆရာနှစ်ဦးက အဲ့ဒီချွန်မိသားစုက ကောင်ဟု တစ်ခါ ပြောသည်ကို သူ ကြားဖူးသည်။ ဆရာတို့၏ အဆိုအရ အဖြူရောင်လနတ်ဘုရား ချွန်ယူဆင်မှာ...
စရိုက် ပျက်စီးနေတဲ့ ကောင်။ သိုင်းပညာမှာတော့ ထက်မြက်ကောင်း ထက်မြက်နိုင်မယ်။ ဒါပေမဲ့ သူကိုယ်သူပဲ သိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ကောင်။
သန်မာရုံသက်သက်ပဲ သိပြီး ဘာကိုမှ အသိအမှတ်မပြုတဲ့ အမှိုက်ကောင်။ သန်မာတဲ့ မျိုးဆက် ကျန်ခဲ့စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယောက်ျားတွေအတွက် တားမြစ်နယ်မြေ ဖြစ်တဲ့ ဓားပညာခန်းမထဲကို ခိုးဝင်ပြီး ကျောက်စိမ်းနတ်သမီးလေးကို ပြန်ပေးဆွဲသွားတဲ့ ဒဏ္ဍာရီလာ သူခိုးပဲ။
ဗဟိုလွင်ပြင်၏ နံပါတ်တစ် သူခိုးက ချွန်ယူဆင်ကို ဒဏ္ဍာရီလာ သူခိုးဟု ဆဲဆိုနေသည်မှာ ရယ်စရာ ကောင်းလှသော်လည်း ဂျင်ဆိုဟွန်းက မသိယောင် ဆောင်နေလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ ဆရာတို့အဆိုအရ ချွန်ယူဆင်မှာ အလွန် ဆိုးဝါးသောလူ ဖြစ်သည်။ ထိုကဲ့သို့သောသူက ခေါင်းဆောင်ဖြစ်သည့် မိသားစုတစ်ခု၏ လက်ချက်ဖြင့် ကောင်းကင်အောက် အမှတ်တစ် နေရာကို လုယူခံလိုက်ရသည့် နမ်ဂန်းမိသားစု၏ စိတ်ဓာတ်များ အဘယ်ကြောင့် ယိုယွင်းသွားသည်ကို သူ နားလည်သလိုလိုပင်။
"ဒါနဲ့ ငါတို့က ဘာလို့ နမ်ဂန်းမိသားစုဆီ ရောက်လာကြတာလဲ"
ဂျင်ဆိုဟွန်း၏ မေးခွန်းကြောင့် တစ်ချိန်တည်းမှာပင် အသင့်ပြင်ဆင်ပြီး ဖြစ်သော ဂျင်ဂါဟွန်းက နူးညံ့သောအသံဖြင့် ပြောသည်။
"ငါတို့ရဲ့ ဦးတည်ရာက နမ်ဂန်းမိသားစုဆီပဲ"
"ဟုတ်လား"
"အစ်ကို့ကို လမ်းကြောင်းပြပေမဲ့ အစ်ကိုက အလုပ်ရှုပ်တယ်ဆိုပြီး မဖတ်ခဲ့တာလေ"
"အော် ဟုတ်သားပဲ"
ကုန်သည်လုပ်ငန်းအတွက် တာဝန်ခံမှာ ဂျင်ဂါဟွန်း ဖြစ်သည့်အတွက် ဂျင်ဆိုဟွန်းက လမ်းကြောင်းကို စိတ်မဝင်စားခဲ့ပေ။
"ဒါကြောင့် အစ်ကိုလည်း သေချာ ပြင်ဆင်ထားပါ။ အခု နမ်ဂန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ကို သွားတွေ့ရတော့မှာမို့လို့"
နမ်ဂန်းမိသားစုမှာ မိသားစုကြီးငါးခု၏ အဓိကတိုင်ပင်ဖြစ်ပြီး တစ်ချိန်က ကောင်းကင်အောက် အမှတ်တစ် သိုင်းပညာရှင်မိသားစုအဖြစ် ကျော်ကြားခဲ့သည့်အတိုင်း နမ်ဂန်းမိသားစု၏ အိမ်တော်မှာ အလွန်ပင် ကြီးမားလှသည်။
ထိုအချက်နှင့် နှိုင်းယှဉ်လျှင် အိမ်တော်၏ တံတိုင်းများမှာ သိပ်မမြင့်လှသော်လည်း စီးယု၏ ပြောစကားအရ ဘယ်သူကများ နမ်ဂန်းမိသားစု တံတိုင်းကို ကျော်တက်ရဲပါ့မလဲဟူသည့်အတိုင်းပင်။
စီးယု၏ စကားနှင့်အညီ နမ်ဂန်းမိသားစုထဲတွင် သိုင်းပညာရှင်အမြောက်အမြားမှာ ချွေးနံ့များဖြင့် နံစော်လျက် သိုင်းပညာ လေ့ကျင့်ရာတွင် အာရုံစိုက်နေကြသည်။
နေပူရှိန် ပြင်းပြင်းဖြင့် နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း သိုင်းပညာရှင်တို့၏ အားမာန်မှာ နေပူရှိန်ထက်ပင် ပို၍ ပူပြင်းနေသည်။
ဤမြင်ကွင်းကို ကြည့်နေသော ဂျင်ဆိုဟွန်းမှာ ကန်းချွန်၏ သွန်သင်ချက်များကို အမှတ်ရကာ နွေးထွေးစွာ ပြုံးလိုက်သည်။
ဆရာကြီးကန်းဆီကနေ ဓားပျံပညာကို သင်ယူခဲ့ရတာ တကယ်ကို ကောင်းတာပဲ။
ထိုင်လျက်ဖြစ်စေ၊ ရပ်လျက်ဖြစ်စေ အသုံးပြုနိုင်သော သိုင်းပညာဖြစ်သည်။
နောက်တစ်ခါ ဓားပျံပညာကို ထပ်သုံးရတော့မည် မဟုတ်သော်လည်း ကန်းချွန်၏ သွန်သင်ချက်များအတွက် သူ ထပ်မံ၍ ကျေးဇူးတင်မိသည်။
"ဝေးလံတဲ့ ခရီးကို လာခဲ့ရတာ ပင်ပန်းနေရှာမှာပဲ"
ကြီးမားသော လမ်းမကြီးကို ဖြတ်ကျော်လာပြီးနောက် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် လူငယ်အချို့ ဂျင်ဂါဟွန်း၏ ရှေ့တွင် ပေါ်လာသည်။ သူတို့ ပေါ်လာသည်နှင့် ဂျင်ဂါဟွန်းသည် ဂုဏ်ကျက်သရေရှိစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ကျွန်မက ဂျင်မိသားစုက ဂါဟွန်းပါ။ မိသားစုခေါင်းဆောင်ကိုယ်စား နမ်ဂန်းမိသားစုကို အလည်လာရတာကို နားလည်ပေးဖို့ တောင်းဆိုပါတယ်"
"ကျွန်တော်က နမ်ဂန်းအီပါ။ မိသားစုခေါင်းဆောင်ဂျင်ဆီက စာကို လက်ခံရရှိပြီးသားမို့လို့ စိတ်မပူပါနဲ့"
"ကျယ်ပြန့်တဲ့ ရက်ရောမှုနဲ့ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဂုဏ်သရေရှိ မိသားစုဝင်တစ်ဦးနှင့် လိုက်ဖက်သော ယဉ်ကျေးမှုမျိုးရှိသည့် ဂျင်ဂါဟွန်းအပေါ် နမ်ဂန်းအီမှာ လေးစားမှုနှင့် သဘောကျမှု ဖြစ်ပေါ်သော်လည်း အစေခံမလေးနှင့် တူသော မိန်းကလေးတစ်ဦး၏ဘေးတွင် ငေးငိုင်စွာ ရပ်နေသည့် ဂျင်ဆိုဟွန်းကို မြင်သောအခါတွင်မူ စိတ်ပျက်သွားမိသည်။
ဒီကောင်လေးက ဂျင်မိသားစုရဲ့ နာမည်ကြီး အပျင်းထူလွန်းတဲ့သခင်လေး ဖြစ်ရမယ်။
အန်းဟွီပြည်နယ်အထိတောင် သတင်းပျံ့နှံ့နေသော နာမည်ကြီး ပျင်းရိသူမှာ ဂျင်ဆိုဟွန်းပင်။
"ကျွန်တော်က ဂျင်မိသားစုက ဆိုဟွန်းပါ"
"အိမ်တော်ပြင်ပကို ဘယ်တော့မှ မထွက်ခဲ့ဖူးဘူးလို့ ကြားထားတော့ ဝေးလံတဲ့ခရီးကို လာရတာ ပင်ပန်းမှာပဲ"
"သည်းခံနိုင်ပါတယ်"
"..."
နမ်ဂန်းအီမှာ ဂျင်ဆိုဟွန်းအပေါ် ရှိနေသည့် စိတ်ပျက်မှုကို မပြမိအောင် ကြိုးစားထိန်းထားလိုက်ရသည်။ ထို့နောက် ဂွန်ဆွန်းဆူ ပေါ်လာသောအခါ နမ်ဂန်းအီက လက်ဆုံမိုးကာ ဦးစွာ နှုတ်ဆက်သည်။
"နမ်ဂန်းအီက သိုင်းလောကရဲ့ အကြီးအကဲတစ်ဦးကို နှုတ်ဆက်ပါတယ်"
"မတွေ့ရတာ ကြာပြီပဲ။ မိသားစုခေါင်းဆောင် ကျန်းမာပါရဲ့လား"
"ဟုတ်ကဲ့ အစည်းအဝေးအတွက် စောင့်ဆိုင်းနေပါတယ်"
"ဟဲဟဲ... မိသားစုခေါင်းဆောင်ကို စောင့်ခိုင်းထားလို့ မကောင်းပါဘူး။ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
ဂျင်ဂါဟွန်းက ပြုံး၍ ပြန်ဖြေလိုက်ချိန်တွင် နမ်ဂန်းအီက သူတို့နှင့်အတူ နမ်ဂန်းမိသားစု၏ လမ်းမကြီးကို ဖြတ်ကျော်သွားသည်။
အလားတူ အဆောက်အအုံတန်းများကို ကျော်ဖြတ်ပြီး မြင့်မားသော လှေကားထစ်များကို တက်လှမ်းပြီးနောက် ဂုဏ်အသရေကြီးမားသော တဲကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ နမ်ဂန်းမိသားစု၏ အဓိကခန်းမ ဖြစ်သည်။
"ထဲကို ကြွခဲ့ကြပါ"
နမ်ဂန်းအီသည် နဂါးကြီးတစ်ကောင် ဝန်းရံထားသကဲ့သို့ ခမ်းနားထည်ဝါသော အဓိကခန်းမ၏ အရှိန်အဝါကြောင့် မှင်သက်နေကြသည့် ဂျင်ဂါဟွန်းနှင့် အဖွဲ့ကို အထဲသို့ လမ်းပြပေးလိုက်သည်။
အဓိကခန်းမထဲသို့ ဝင်လိုက်သောအခါ ကြီးမားသော ရွှေတိုင်များနှင့် အမွှေးနံ့သာအိုးများက သူတို့ကို ကြိုဆိုနေပြီး အနီရောင် ကော်ဇောပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်သွားကြသည်။
ထိုနေရာတွင် ပိုးသားဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး နဂါးသုံးကောင် ထွင်းထုထားသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဧည့်သည်များကို ကြိုဆိုသည်။
"လာကြပါ"
တစ်ချက်ကြည့်ရုံနှင့်ပင် မောက်မာဟန်ရှိသည့် ပုံစံဖြင့် ဧည့်သည်များကို ကြိုဆိုကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ငါက နမ်ဂန်းမိသားစုရဲ့ မိသားစုခေါင်းဆောင် နမ်ဂန်းမူယော့ပါ"