← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း။ ၂၄

နမ်ဂန်းမူယော့ဆိုသည့် သူ့နာမည်က သယ်ဆောင်လာသည့် အလေးချိန်မှာ လုံးဝ မတူညီပေ။ အန်းဟွီပြည်နယ်၏ အရှင်သခင်၊ မိသားစုကြီးငါးခု၏ ခေါင်းဆောင်နှင့် ကောင်းကင်အောက် အမှတ်တစ် သိုင်းပညာရှင်မိသားစု၏ ခေါင်းဆောင်ပင်။

ဤဘွဲ့ထူးဂုဏ်ထူးများ အားလုံးနှင့် ပြည့်စုံသည့် နမ်ဂန်းမိသားစု၏ မိသားစုခေါင်းဆောင် နမ်ဂန်းမူယော့မှာ အမည်ခံသာ ရှိသော ကမ္ဘာ့ထိပ်သီး ပညာရှင်ကြီးတစ်ရာတို့နှင့် မတူဘဲ လက်တွေ့ သိုင်းပညာစွမ်းရည်ကို ပြသနိုင်ကာ ဗဟိုလွင်ပြင်၏ ထိပ်သီးပညာရှင်ကြီးငါးဦးထဲတွင် တစ်ဦးအဖြစ် လူတိုင်းက အသိအမှတ်ပြုထားသည့် သိုင်းပညာရှင်တစ်ဦးပင်။

"ငါက နမ်ဂန်းမိသားစုရဲ့ မိသားစုခေါင်းဆောင် နမ်ဂန်းမူယော့ပါ"

နမ်ဂန်းမူယော့နှင့် ရင်ဆိုင်နေရသော ဂွန်ဆွန်းချုံမှာ ခေါင်းပင် မမော့နိုင်ပေ။

အားကောင်းတဲ့လူ... တကယ်ကို အံ့ဩစရာကောင်းလောက်အောင် အားကောင်းတဲ့လူပဲ။

တစ်ကိုယ်လုံးရှိ အမွေးအမှင်များပင် ထောင်မတ်သွားရလောက်အောင် အားကောင်းလွန်းသည်။ သိုင်းပညာလမ်းစဉ်ကို လျှောက်လှမ်းနေသူတစ်ဦးအနေဖြင့် တူညီသော သိုင်းပညာကို ရိုသေသူဖြစ်ရာ သူနှင့် ရင်ဆိုင်လိုက်သည်နှင့် နမ်ဂန်းမူယော့၏ အစွမ်းသတ္တိကို သူ ခန့်မှန်းနိုင်လိုက်သည်။

"မတွေ့ရတာ ကြာပြီပဲ မိသားစုခေါင်းဆောင် နမ်ဂန်း"

ယဉ်ကျေးစွာ လက်ဆုံမိုးကာ နှုတ်ဆက်သော ဂွန်ဆွန်းဆူကို နမ်ဂန်းမူယော့က ခေါင်းအနည်းငယ် ငြိမ့်ပြသည်။

"ဆယ်နှစ် ရှိပြီပေါ့။ မင်းဘေးက တစ်ယောက်က မင်းရဲ့မြေးလား"

"ဟုတ်ပါတယ်။ အဘိုးကို နှုတ်ဆက်လိုက်ပါဦး။ သူက ကောင်းကင်အောက် နမ်ဂန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်လေ"

"ဂွန်ဆွန်း... ချုံပါ"

ဂွန်ဆွန်းချုံမှာ အသက်ပင် မရူနိုင်လောက်အောင် ခက်ခဲနေသဖြင့် ဂွန်ဆွန်းဆူက သူ၏ပုခုံးကို လက်ဖြင့် အသာအုပ်ကိုင်လိုက်သည်။

ထိုထိတွေ့မှုကြောင့် တစ်ကိုယ်လုံးကို ဖိနှိပ်ထားသည့် ဖိအားမှာ အနည်းငယ် ပြေလျော့သွားပြီး ဂွန်ဆွန်းချုံမှာ နောက်ဆုံးတွင် ခေါင်းကို မော့နိုင်တော့သည်။

"သူ့ရဲ့ ပညာရပ်တွေက လိုအပ်နေပါသေးတယ်။ မိသားစုခေါင်းဆောင်ကို ရင်ဆိုင်ဖို့တောင် ခက်ခဲနေပုံပါပဲ"

"ငါ့ရှေ့မှာ နှိမ့်ချစရာ မလိုပါဘူး။ အရွယ်ရောက်ပြီးသူ မဟုတ်သေးပေမဲ့ အရည်အချင်း ကောင်းမွန်တဲ့ ကလေးပါပဲ"

နမ်ဂန်းမူယော့၏ ချီးကျူးစကားကြောင့် ဂွန်ဆွန်းဆူမှာ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။ သိလေလေ မြင်လေလေ ဖြစ်ကာ ဂွန်ဆွန်းချုံမှာ နမ်ဂန်းမူယော့၏ မသိစိတ်မှ ထုတ်

လွှတ်လိုက်သော စွမ်းအားကို ခံစားနေရခြင်း ဖြစ်ပြီး ၎င်းမှာ ဂွန်ဆွန်းချုံ၏ ချီစွမ်းအင် ခံစားနိုင်

စွမ်းမှာ အလွန်ထက်မြက်ကြောင်း ပြသနေသည်။

တကယ်တော့ သိုင်းပညာ မသင်ဖူးသော ဂျင်ဂါဟွန်းမှာမူ ပုံမှန်အတိုင်းပင် ဖြစ်နေပြီး...

ဘာလို့ အဲ့ဒီကောင်လေးက ဘာမှ မဖြစ်တာလဲ။

သိုင်းပညာ သင်ကြားထားသည်ဟု ဆိုသော ဂျင်ဆိုဟွန်းမှာမူ ဘာမှမသိသူတစ်ယောက်လို ရပ်နေသည်။

ထိုမျှမက သူ၏ မျက်နှာတွင် ပျင်းရိနေသည့် အရိပ်အယောင်များပင် ပေါ်နေသည်။

ထိုအခိုက်တွင် ဂျင်ဂါဟွန်းက ဂျင်ဆိုဟွန်း၏ ဘေးကို တံတောင်ဖြင့် အသာတွန်းလိုက်သည်။ အိမ်တော်၏ အကြီးဆုံးသား ဖြစ်သူ ဂျင်ဆိုဟွန်းက အရင်ဆုံး နှုတ်ဆက်ရမည် ဖြစ်သောကြောင့်ပင်။

"အာ ကျွန်တော်က ဂျင်မိသားစုရဲ့ အကြီးဆုံးသား ဂျင်ဆိုဟွန်းပါ"

ပျင်းရိပြီး အားမလိုအားမရ ဖြစ်နေသည့် အသံဖြစ်သော်လည်း ဂုဏ်သရေရှိ မိသားစုဝင်တစ်ဦးနှင့် လိုက်ဖက်သော အတိုင်းအတာတစ်ခုအထိတော့ နှုတ်ဆက်နိုင်ခဲ့သည်။

"ကျွန်မက ဂျင်မိသားစုက ဂါဟွန်းပါ။ ရိုးရာသိုင်းလောကရဲ့ သူရဲကောင်းဖြစ်တဲ့ မိသားစုခေါင်းဆောင် နမ်ဂန်းကို တွေ့ဆုံခွင့်ရတာ ဂုဏ်ယူပါတယ်"

ဂျင်ဆူမောက်ကဲ့သို့ပင် စကားပြောဆိုရာတွင် ကျွမ်းကျင်သော ဂျင်ဂါဟွန်း၏ ချီးကျူးစကားမှာလည်း သာမန်မဟုတ်ပေ။ သူ၏ မျက်ဝန်းနှင့် အသံတွင် ဂုဏ်ကျက်သရေ ရှိနေပြီး တစ်ဖက်လူကို ချီးကျူးရာတွင်လည်း လိုတာထက်ပိုမနေပေ။

ထို့အပြင် ယူဆောဟွန်းနှင့် တူသော သူ၏ ထူးခြားသည့် အလှတရားမှာ နေ့စဉ်နှင့်အမျှ ပို၍ တောက်ပလာသည်။ သို့သော် ထိုမျှနှင့်ပင် နမ်ဂန်းမူယော့၏ စိတ်ဝင်စားမှုမှာ တခြားလူတစ်ယောက်ဆီသို့သာ ရောက်ရှိနေသည်။

စိတ်ဝင်စားစရာကောင်းတဲ့ ကောင်ပဲ။

သိုင်းပညာရှင်တစ်ယောက်သည် အခြား သိုင်းပညာရှင်တစ်ယောက်ကို သိနိုင်သည်။ သိုင်းပညာ လေ့ကျင့်စဉ်အတွင်း စုဆောင်းမိသော အလေ့အကျင့်များမှာ မသိစိတ်မှ တစ်ဆင့် အပြင်သို့ ထွက်ပေါ်လာတတ်သည်။

နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားသော အတွင်းအားမှာ အသက်ရှူသံနှင့် မျက်ဝန်းများမှတစ်ဆင့် စီးဆင်းလာသည်။

ဂွန်ဆွန်းချုံ ခံစားခဲ့ရသော ဖိအားမှာ ထိုအရာပင်။

သိုင်းပညာရှင်တိုင်းမှာ နမ်ဂန်းမူယော့၏ ချီစွမ်းအင်ကို ခံစားရသည်နှင့် အမြီးကုတ်ကာ ခေါင်းငုံ့သွားကြရမည်ပင်။

ဒါပေမဲ့... ဒီကောင်လေးကို ဘယ်လို ပြောရမလဲ။

အလုပ်ရှုပ်လွန်းတယ်လို့ ပြောနေတဲ့ မျက်နှာပဲ။

ရပ်နေရသည်ကိုပင် အလုပ်ရှုပ်သည်ဟု ထင်နေသည့် ဂျင်ဆိုဟွန်း၏ မျက်နှာပေါ်တွင် ပျင်းရိခြင်းများကသာ လွှမ်းမိုးနေသည်။

"မင်းက ရှန်ရှီးပြည်နယ်မှာ နာမည်ကြီးတဲ့ အပျင်းထူလွန်းတဲ့သူဆိုတဲ့ ကောင်လေးလား"

နမ်ဂန်းမူယော့၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းက ရှက်ရွံ့သော မျက်နှာဖြင့် ဖြေသည်။

"ဖြစ်နိုင်ပါတယ်... အဲ့ဒီအတိုင်းပါပဲ"

"ဟားဟားဟား ဖြစ်နိုင်ပါတယ်တဲ့လား"

"ဒါပေမဲ့ ဒီနောက်ပိုင်းတော့ ကျွန်တော် အလုပ်များနေပါတယ်။ အဝတ်လျှော်၊ ထမင်းချက်၊ တောကောင်လိုက်တာအထိ လုပ်ခဲ့ရတာ"

ငါးနှစ်လောက် ရှိပြီဖြစ်သော်လည်း ဂျင်ဆိုဟွန်းအတွက်တော့ ၎င်းမှာ မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့သကဲ့သို့ပင်။

ရယ်မောနေသော နမ်ဂန်းမူယော့သည် သူ၏ အတွင်းစိတ်အမြင်ကို အသုံးပြုကာ ဂျင်ဆိုဟွန်းကို စိုက်ကြည့်လိုက်သည်။ မကြာမီပင် နမ်ဂန်းမူယော့၏ မျက်လုံးများမှ ရွှေရောင် ချီစွမ်းအင်များ စီးဆင်းလာသည်။

ထိုအချိန်တွင် နမ်ဂန်းမူယော့၏ ရွှေရောင်မျက်ဝန်းများကို ရင်ဆိုင်နေရသော ဂျင်ဆိုဟွန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ဘာလို့ အဲ့ဒီလူကြီးက ဒီလိုလုပ်နေတာလဲ။

ပြင်းထန်သော အကြည့်များမှာ သည်းမခံနိုင်လောက်အောင် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသော်လည်း ဂျင်ဆိုဟွန်းက အကြည့်မလွှဲပေ။

တစ်ဖက်လူ၏ မျက်လုံးကို ရှောင်လွှဲခြင်းမှာ ယဉ်ကျေးမှု မရှိဘူးဟု သင်ကြားထားသောကြောင့်ပင်။

ဟူး ငါ့မျက်လုံးကို မရှောင်ဘူးပေါ့။

နမ်ဂန်းမူယော့မှာ ဂျင်ဆိုဟွန်းဟူသော လူငယ်အပေါ် စိတ်ဝင်စားမှု တိုးလာသည်။ သိုင်းပညာ သင်ယူထားပုံရသော်လည်း အပြင်ပန်းတွင် မထင်ရှားဘဲ တောင်ပေါ်၏ အရှင်သခင်ဖြစ်သည့် ဧရာမ ကျားကြီးကိုပင် ကြောက်လန့်တကြား အမြီးကုတ်သွားစေနိုင်သော နဂါးအော်သံ မျက်ဝန်းနှင့် ရင်ဆိုင်နေရချိန်တွင်ပင် အကြည့်မလွှဲခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့် သူ၏မျက်နှာမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံသာ ပေါ်နေသည်။

"ဟားဟား ဝေးလံတဲ့ခရီးကို လာခဲ့ရတာ မောနေမှာပဲ။ ဒီနေ့တော့ အနားယူလိုက်ပါ။ အန်းဟွီအထိ လာရတာ အတော်ပင်ပန်းရှာမှာပဲ"

"ကျေးဇူးတင်ပါတယ်"

မိသားစုခေါင်းဆောင်နှင့် တွေ့ဆုံပွဲ ပြီးဆုံးသွားသဖြင့် ဂျင်ဂါဟွန်းနှင့် ဂျင်ဆိုဟွန်းတို့မှာ အခန်းထဲမှ အမြန် ထွက်လာခဲ့ကြသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ။ မိသားစုကြီးငါးခုရဲ့ ခေါင်းဆောင်ဆိုတာ တကယ်ကို ကွဲပြားတာပဲနော်"

"ဟုတ်လို့လား"

တကယ်တော့ ဂျင်ဆိုဟွန်းမှာ နမ်ဂန်းမူယော့ကို ယဉ်ကျေးမှုမရှိသည့် သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ဟုသာ ထင်နေခဲ့ခ့င်းပင်။

မဟုတ်ပါက သူ့မျက်လုံးများကို ရွှေရောင်အလင်းတန်းများ ဖြစ်အောင် လုပ်ကာ ညှဉ်းပန်းနေမည် မဟုတ်ပေ။

"တတ်နိုင်သလောက် အိမ်ကို အမြန်ပြန်ကြရအောင်"

"ဘာလို့လဲ"

ဂျင်ဂါဟွန်း၏ မေးခွန်းကြောင့် အပြင်တွင် စောင့်နေသော စီးယုကပါ ပြေးလာကာ မေးသည်။

"ဘာလို့လဲ နမ်ဂန်းမိသားစုကို လာလည်ရဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးလေ"

အမျိုးသမီးနှစ်ဦးမှာ မိသားစုကြီးငါးခု၏ အဓိကတိုင်ပင်ဖြစ်သည့် နမ်ဂန်းမိသားစုကို လာလည်ရသည့်အတွက် အလွန် စိတ်လှုပ်ရှားနေကြသည်။

ဂျင်မိသားစုနှင့် ယှဉ်မရနိုင်လောက်သော အတိုင်းအတာနှင့် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည့် နမ်ဂန်းမိသားစုမှာ ဂုဏ်သရေရှိ မိသားစုကြီး ဖြစ်သည့်အတွက် ဤသို့ စိတ်လှုပ်ရှားခြင်းမှာ မဆန်းပေ။

ရှေးဟောင်း ရိုးရာအိမ်တော်များမှသည် အသစ်ဆောက်ထားသော တဲများအထိ မည်သည့်နေရာကို ကြည့်ကြည့် ခမ်းနားထည်ဝါမှုများကို ခံစားရသည်။

သို့သော် ဂျင်ဆိုဟွန်းကမူ ဤအရာများကို မနှစ်သက်ပေ။ အထူးသဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သော ထိုအကြည့်များကိုပင်။

ဒုက္ခတစ်ခုခု ဖြစ်တော့မယ့် အရိပ်အယောင်ပဲ။

ဒုက္ခအနံ့ခံရာတွင် အလွန်ထက်မြက်သည့် ဂျင်ဆိုဟွန်း၏ တိရစ္ဆာန်ကဲ့သို့ အာရုံခံစားမှုများက သူ၏ ကျောရိုးကို တစ်ချက်မျှ တုန်ခါသွားစေသည်။

"ဟူး... မြန်မြန်သွားရအောင်။ ဒီနေရာက ငါနဲ့ မသက်ဆိုင်ဘူး"

"စိတ်ဝင်စားစရာပဲ"

"အစတုန်းကတော့ သူတို့ရဲ့ ပစ်မှတ်က ငါလို့ပဲ ထင်ခဲ့တာ။ သိုင်းလောကမှာ ဒီအရွယ်ရောက်လာပြီဆိုရင်တော့ အသေးအဖွဲကအစ အကြီးအကျယ်အထိ ရန်ငြိုးတွေ ရှိနေတတ်တာပဲလေ"

အကြောင်းရင်းခံ မရှိဘဲ သိုင်းလောကတွင် အကြီးအကဲ ဖြစ်လာသူဟူ၍ မရှိပေ။ အထူးသဖြင့် ဂွန်ဆွန်းဆူကဲ့သို့ နာမည်ကျော်ကြားသူများအတွက် ရန်ငြိုးရန်စများမှာ အရိပ်ကဲ့သို့ အမြဲကပ်ပါနေတတ်သည်။ ခြေတစ်လှမ်းလှမ်းတိုင်း အသက်နှင့် သေခြင်းတရားကြားတွင် ကခုန်နေရသည့်အတွက် ကျေးဇူးတင်သူများ ရှိသလို ရန်သူများလည်း တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတတ်သောကြောင့်ပင်။

"ဒါပေမဲ့ သူတို့ တကယ်တမ်း ပစ်မှတ်ထားတာက... ငါမဟုတ်ဘူး ချုံ"

သူမျက်စိရှေ့မှာပင် မြေးဖြစ်သူကို ဆုံးရှုံးရတော့မည့် အဖြစ်ဆိုးနှင့် ကြုံရလုနီးပါး ဖြစ်ခဲ့ရသဖြင့် အတွေ့အကြုံရင့်ကျက်လှသော ထိုအကြီးအကဲမှာ တုန်ရီနေသည်။

ဂွန်ဆွန်းဆူ၏ စကားကို နားထောင်ပြီးနောက် နမ်ဂန်းမူယော့က တစ်ခွန်းတည်းကို တိုးညင်းစွာ ရေရွတ်လိုက်သည်။

"အဖူးဖြတ်ခြင်း ခေါ် အပင်ပေါက်ခြေမှုန်းရေးပဲ"

အဖူးကို နင်းချေခြင်းဟုလည်း ခေါ်ဆိုသည်။ ဤနည်းဗျူဟာမှာ ရန်သူမိသားစု သို့မဟုတ် ဂိုဏ်းတစ်ခုကို လုံးဝ ချေမှုန်းရန်အတွက် ပထမဆုံး အသုံးပြုလေ့ရှိသည့် နည်းလမ်းဖြစ်သည်။ ကြီးထွားလာမည့် အဖူးများကို နင်းချေလိုက်ခြင်းဖြင့် မြေဩဇာကောင်းမွန်သင့်သည့် မြေပြင်ကို ပျက်စီးစေသည်။

တောက်ပသင့်သည့် အနာဂတ်ကို ရက်စက်စွာ ဖျက်ဆီးပစ်ခြင်းပင်။

"သူတို့က ကုန်သည်အဖွဲ့ကို တိုက်ခိုက်ဟန်ဆောင်ပြီး ချုံကို သတ်ဖို့ ကြံစည်ခဲ့တာ ဖြစ်လိမ့်မယ်"

ဂွန်ဆွန်းဆူသည် ရှုပ်ထွေးနေသော မျက်နှာပေးဖြင့် မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။

"သူတို့ရဲ့ နည်းလမ်းတွေက ပိုပြီး ကွဲပြားလာပြီး ပိုပြီး သိသာထင်ရှားလာနေတယ်"

သူပြောသည့်အတိုင်းပင် အဖူးဖြတ်ခြင်းနည်းလမ်းများမှာ ပို၍ ဆန်းပြားပြီး ပို၍ ရဲတင်းလာသည်။ အစပိုင်းတွင် တစ်စုံတစ်ယောက်၏ အရိုက်အရာဆက်ခံသူ လူငယ်လေးတစ်ဦးမှာ အာဏာလုပွဲအတွင်း အသက်ဆုံးရှုံးခဲ့သည်။

ထို့နောက် အဆိပ်ခတ်ခံရခြင်း၊ ခြေလက်များ ကျိုးပဲ့လျက် မစင်ကျင်းထဲတွင် တွေ့ရှိရခြင်းများ ဖြစ်ပေါ်လာသည်။ စားသောက်ဆိုင်တစ်ခုတွင် တိုက်ပွဲဖြစ်စဉ် မျက်မမြင်တစ်ယောက်၏ တုတ်ချက်ဖြင့် အချက်အချာနေရာကို ထိုးစိုက်ခံရ၍ သေဆုံးခြင်း၊ တောင်တက်ရင်း ချော်လဲကာ ကျောက်တုံးပေါ်တွင် ခေါင်းဆောင့်၍ သေဆုံးခြင်း စသည်တို့မှာ ဖြစ်နိုင်ခြေရှိသော ဇာတ်လမ်းများ ဖြစ်ကြသော်လည်း ပြဿနာမှာ သေဆုံးသူများအားလုံးမှာ အနာဂတ်တွင် ထွန်းပေါက်လာမည့် ထိပ်တန်းအရည်အချင်းရှိသူများ၊ သိုင်းလောကတွင် အတွေ့အကြုံနည်းပါးသော လူငယ်သိုင်းပညာရှင်များ ဖြစ်နေခြင်းပင်။

"အဖူးဖြတ်ခြင်းကြောင့် သေဆုံးရတဲ့ ကလေးတွေ အရေအတွက်က မရေမတွက်နိုင်တော့ဘူး။ ဒါပေမဲ့ ဒါကို ဘယ်သူတွေ နောက်ကွယ်က ကြိုးကိုင်နေလဲဆိုတာကိုတော့ ငါတို့ ရှာမတွေ့နိုင်ဘူး..."

အဖူးဖြတ်ခြင်းမှာ သိုင်းလောက သမ္မဂ္ဂအဖွဲ့အတွက်သာမက ရိုးရာသိုင်းလောက တစ်ခုလုံးအတွက်ပါ ခေါင်းကိုက်စရာ အကြီးဆုံး ပြဿနာဖြစ်သည်။

သိုင်းလောက၏ အနာဂတ်မှာ အရည်အချင်းရှိသည့် မျိုးဆက်သစ်များ၏ လက်ထဲတွင် တည်ရှိသည်။ သို့သော် ထိုမျိုးဆက်သစ်တို့မှာ မပွင့်လန်းမီမှာပင် ပုံစံမျိုးစုံဖြင့် အသက်ဆုံးရှုံးနေရပြီး နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာမတွေ့နိုင်ပေ။

"ယဇ်ပူဇော်သူတို့ ဂိုဏ်းကတော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုနေတုန်းပဲ"

"ဒါကိုတော့ မျှော်လင့်ထားပြီးသားပါ။ သူတို့ လုပ်တယ်ဆိုတဲ့ သက်သေအထောက်အထား ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး"

ဂွန်ဆွန်းဆူသည် ဝမ်းနည်းသော မျက်နှာဖြင့် စားပွဲကို ကုတ်ခြစ်လိုက်သည်။ တစ်ချိန်က ကံကောင်းစွာဖြင့် အဖူးဖြတ်ခြင်းကို ဆောင်ရွက်ရန် ပြင်ဆင်နေသည့် လုပ်ကြံသတ်ဖြတ်သူအချို့ကို ဖမ်းမိခဲ့ဖူးသည်။

သို့သော် သူတို့ထံမှ မည်သည့်အချက်အလက်ကိုမျှ မရရှိခဲ့ပေ။ သူတို့မှာ ဘဝရာဇဝင်မရှိသလို နာမည်ပင် မရှိသည့် အမည်မဲ့လူများ ဖြစ်နေသောကြောင့်ပင်။

"ပိုအရေးကြီးတာက... အဲဒီအလင်းတန်း... မဟုတ်ပါဘူး။ လုပ်ကြံသတ်ဖြတ်သူကို ထိုးဖောက်သွားတယ်ဆိုတဲ့ ဓားအကြောင်း ပြောပြစမ်း"

"ကျွန်တော်ကိုယ်တိုင် မမြင်လိုက်ရတော့ သေချာမပြောနိုင်ဘူး။ ချုံ ခံစားရတဲ့အတိုင်းပဲ ပြောတာပါ။ ဒါပေမဲ့ အရေးကြီးတဲ့အချက်တစ်ခုက သူတို့တွေက ပထမတန်းစား လုပ်ကြံသတ်ဖြတ်သူတွေ ဖြစ်နေတာပဲ။ ဒါပေမဲ့ အဝေးကြီးကနေ ဓားကို ပစ်လွှတ်ပြီး ပထမတန်းစား လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို သတ်နိုင်တဲ့သူဆိုရင်... ဓားပျံသူရဲကောင်းပဲ ဖြစ်ရမှာ မဟုတ်ဘူးလား"

"ပြီးတော့ သူ့တပည့်က အဲဒီအပျင်းထူလွန်းတဲ့ကောင်လေးလေ"

"သူ ဖြစ်နိုင်စရာ မရှိပါဘူး။ ပထမဦးဆုံးအနေနဲ့ အဲဒီလောက်အဆင့်ရှိတဲ့ ဓားပျံပညာဆိုတာ အနည်းဆုံး ဆယ်စုနှစ်အတော်ကြာအောင် လေ့ကျင့်မှ ရမှာ။ ဒါပေမဲ့ ကြားရသလောက်တော့ အဲဒီအပျင်းထူလွန်းတဲ့ကောင်လေးက ကန်းချွန်ဆီမှာ ခြောက်နှစ်ပဲ သင်ထားရသေးတာလေ..."

ဂွန်ဆွန်းဆူ၏ စကားကို ကြားသူတိုင်း ကန်းချွန်သာလျှင် အန္တရာယ်ရှိနေသည့် တပည့်ဖြစ်သူအတွက် ကိုယ်တိုင် လက်ရုံးရည်ပြလိုက်ခြင်း ဖြစ်သည်ဟု ထင်မြင်ကြလိမ့်မည်။

ကန်းချွန်က လုပ်ကြံသတ်ဖြတ်သူကို အသက်ရှင်ခွင့် ပေးခဲ့တယ် အဲဒါ မဖြစ်နိုင်ဘူး။

နမ်ဂန်းမူယော့၏ အမြင်မှာ ကွဲပြားသည်။ ကန်းချွန်သာ ထိုနေရာတွင် ရှိနေပါက လုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ယောက်မျှ အသက်ရှင်လျက် ပြန်သွားနိုင်မည် မဟုတ်ပေ။

ညာလက်မောင်း လွင့်စင်သွားသူ၏ လက်မောင်းသာမက ခေါင်းပါ ပေါက်ကွဲသွားလိမ့်မည်။ ကန်းချွန်ဆိုသည်မှာ ထိုကဲ့သို့သော သူဖြစ်သည်။

လက်ဆယ်ချောင်း တစ္ဆေအိမ်။

နမ်ဂန်းမူယော့သည်လည်း ကန်းချွန်၏ တိုက်ပွဲကို မြင်ဖူးသူဖြစ်သည်။ ဓားဆယ်လက်ဖြင့် ကခုန်ရင်း ပတ်ဝန်းကျင်ရှိ ရန်သူများကို သုတ်သင်ခဲ့သည်။

သူ၏လက်ချက်ဖြင့် သေဆုံးသူ အနက်ရောင်ဝတ်စုံနှင့် လူဦးရေ တစ်ရာကျော်လာသည့်အခါ ခေါင်းမှ ခြေဖျားအထိ သွေးရဲရဲစိုနေသော တစ္ဆေအိမ်ကြီးက ထိုနေရာတွင် ရပ်တည်နေခဲ့သည်။

အတိတ်ကို ပြန်လည်အမှတ်ရခြင်းကို အဆုံးသတ်လိုက်ပြီးနောက် နမ်ဂန်းမူယော့သည် သူကို ပျင်းရိသော အကြည့်ဖြင့် ရင်ဆိုင်ခဲ့သည့် ဂျင်ဆိုဟွန်းကို ပြန်တွေးမိကာ စိတ်ဝင်စားမှု ဖြစ်ပေါ်လာသည်။

စိတ်ဝင်စားစရာပဲ တကယ်ကို စိတ်ဝင်စားစရာပဲ။

နမ်ဂန်းမူယော့မှာ အချိန်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်နေမိသည်။

နောက်တစ်နေ့ မနက်စောစော၌ ဂျင်ဂါဟွန်းနှင့် ရီဟဲဆန်းတို့မှာ နမ်ဂန်းမိသားစုထံ ပို့ဆောင်ရမည့် ကုန်ပစ္စည်းများကို နေရာချထားရန် အလုပ်ရှုပ်နေချိန်တွင် ဂျင်ဆိုဟွန်းမှာမူ ထုံးစံအတိုင်း အိပ်ပျော်နေဆဲပင်။

"သခင်လေး နေတောင် မြင့်နေပြီ"

ကြည့်မရတော့သည့် စီးယုသည် အမှောင်ထုထဲတွင် ကွေးကွေးလေရအိပ်နေသော ဂျင်ဆိုဟွန်းကို လှုပ်နှိုးလိုက်သည်။

"အချိန်လေး... နောက်ထပ် အချိန်လေးနည်းနည်းလောက်ပဲ"

"အဲဒါ ပြောတာ တတိယအကြိမ်မြောက်ပဲနော်"

စီးယုသည် ဂျင်ဆိုဟွန်းကို အတင်းဆွဲထူလိုက်သည်။ အစေခံတစ်ယောက် လုပ်သင့်သည့် အပြုအမူ မဟုတ်သော်လည်း ဂျင်မိသားစုတွင်မူ စီးယု၏ အပြုအမူကို လူတိုင်း နားလည်ပေးပြီး အားပေးကြသည်။

မဟုတ်ပါက ဂျင်ဆိုဟွန်းမှာ တစ်သက်လုံး အိပ်ရာထဲမှ ထလာမည် မဟုတ်ပေ။

"ဟူး"

ဂျင်ဆိုဟွန်းကို အနိုင်နိုင် ဆွဲထူထားရသည့် စီးယုမှာ မောပန်းနေစဉ် ရုတ်တရက် အပြင်ဘက်တွင် အရိပ်ကြီးတစ်ခု ပေါ်လာသည်။ တွေ့လိုက်ရသည့် စီးယုမှာ မျက်တောင် ခတ်လိုက်သည်။

"ဘယ်သူလဲ"

"ဂျင်ဆိုဟွန်း ဒီမှာ ရှိတယ်လို့ ကြားလို့ပါ"

"ဟုတ်... ကျွန်မတို့ သခင်လေး ဒီမှာ ရှိပါတယ်..."

ကြိုတင်အသိပေးခြင်း မရှိဘဲ ရုတ်တရက် ရောက်လာသဖြင့် စီးယုမှာ မျက်လုံးကို အဝိုင်းသား လုပ်လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ နမ်ဂန်းမိသားစုရဲ့ မြေပြင် ဖြစ်နေပါစေဦးတော့ ဒီလိုမျိုး ကြိုတင် အသိမပေးဘဲ လာရလား နောက်တစ်ခါလာရင် ကြိုတင် အသိပေးပြီးမှ လာခဲ့ပါ"

စီးယုမှာ ဤသတ်လတ်ပိုင်းအရွယ် လူကို မနှစ်သက်ပေ။ နမ်ဂန်းမိသားစုဝင်တစ်ယောက်နှင့် တူသော်လည်း ပုခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ခြုံထားသည့် ဝတ်ရုံမှအစ လမ်းလျှောက်သည့် ပုံစံအထိမှာ မောက်မာလွန်းသည်။

"အသိပေးပြီးမှ ပြန်လာရမယ်"

သတ်လတ်ပိုင်းအရွယ် လူ၏ မေးခွန်းကြောင့် စီးယုက ဟတ်ခနဲ အသက်ရှူလိုက်သည်။

"ဟုတ်တယ်လေ ဘာဖြစ်ဖြစ် ကျွန်မတို့ သခင်လေးက ဂျင်မိသားစုရဲ့ အကြီးဆုံးသားလေ သူက ဂုဏ်ရှိပြီး နှလုံးသားဖြူစင်တဲ့..."

"ဟိုမှာ"

ထိုလူ ညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်သော စီးယုမှာ မျက်နှာသစ်ရန် ပြင်ဆင်ထားသော ရေပန်းကန်ထဲတွင် ခေါင်းနှစ်ထားသည့် ဂျင်ဆိုဟွန်းကို တွေ့လိုက်ရသည်။

"အာ..."

နဖူးကို လက်ဖြင့် အုပ်လိုက်သော စီးယုမှာ သက်ပြင်းချရင်း ပါးစပ် ဟသွားသည်။

"ဒ ဒါက... မနေ့က အရက်သောက်ထားလို့ပါ ကျွန်မတို့ သခင်လေးက ပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး"

စီးယုက အလောတကြီး ပြေးသွားပြီး ဂျင်ဆိုဟွန်းကို ဆွဲထူလိုက်သည်။

"သခင်လေး"

"အူး... အူး..."

"မြန်မြန် ထပေးပါတော့ ကျေးဇူးပြုပြီး"

စီးယု၏ အသည်းအသန် ခေါ်သံကြောင့် ဂျင်ဆိုဟွန်းမှာ မျက်လုံးကို ဖွင့်လိုက်သည်။

"အွန်း... ဘာလို့လဲ"

"ကြိုတင် အသိမပေးဘဲ လူတစ်ယောက် ရောက်လာလို့ပါ"

"လူတစ်ယောက်"

ဂျင်ဆိုဟွန်းမှာ အိပ်ရေးမဝသေးသည့် မျက်နှာဖြင့် သူ့ကို လာတွေ့သည်ဆိုသော သတ်လတ်ပိုင်းအရွယ် လူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို ကုတ်ကာ ပြောသည်။

"မိသားစုခေါင်းဆောင်က ဒီကို ဘာကိစ္စနဲ့..."

"မင်းကို မေးစရာ အနည်းငယ် ရှိလို့ လာခဲ့တာပါ။ အော် ငါ အသိပေးပြီးမှ ပြန်လာရဦးမှာလား"

နမ်ဂန်းမိသားစု၏ မိသားစုခေါင်းဆောင် နမ်ဂန်းမူယော့သည် ဂျင်ဆိုဟွန်းဘေးတွင် ရပ်နေသည့် စီးယုကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။

ထို့နောက် စီးယုက ဂျင်ဆိုဟွန်း၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်သည်။

"အဲဒီလူက... နမ်ဂန်းမိသားစုရဲ့... မိသားစုခေါင်းဆောင်လား"

ဂျင်ဆိုဟွန်းက ခေါင်းညိတ်ကာ ဖြေသည်။

"ဟုတ်တယ်"

"..."

စီးယု၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျော့ကျသွားပြီး ထိုနေရာမှာတင် မေ့မြောသွားတော့သည်။ ထိုသို့ ဖြစ်နေသည့် စီးယုကို ငေးကြည့်နေပြီးနောက် ဂျင်ဆိုဟွန်းက နမ်ဂန်းမူယော့ဆီသို့ အကြည့် ရွှေ့လိုက်သည်။

တစ်မျိုးကြီးမို့လို့ စိတ်မသက်မသာ ဖြစ်လိုက်တာ။

စီးယု ပြောခဲ့သလိုပဲ ဘာကြောင့် ဒီလို ထူးဆန်းတဲ့လူက သူ့ကို လာတွေ့ရတာလဲ။

ဂျင်ဆိုဟွန်းမှာ ကျောရိုးထဲ၌ အေးစက်စက် ခံစားချက်ကို အနည်းငယ် ရလိုက်သည်။

နမ်ဂန်းမူယော့က သူ၏ ခံစားချက်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြုံးလျက်ပင် ဆက်ပြောသည်။

"စကားပြောကြမလား"

All Chapters