← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း။ ၂၈

နမ်ဂန်းမိသားစုက စီစဉ်ပေးသော ဂုဏ်ပြုပွဲမှာ အမှန်ပင် ခမ်းနားလှသည်။ ရှန်ရှီးပြည်နယ်၏ အချမ်းသာဆုံး မိသားစုမှ ဂျင်မောင်နှမတို့ပင် တစ်ခါမျှ မမြင်ဖူးသည့် ရှားပါးပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ဟင်းလျာများနှင့် အရက်များမှာ ဤနေရာတွင် စုံလင်စွာ ရှိနေသည်။

သို့သော် ဂုဏ်ပြုပွဲ၏ အတိုင်းအတာမှာ မျှော်လင့်ထားသလောက် မကြီးမားလှပေ။ နမ်ဂန်းအိမ်တော်၏ နောက်ဖေးလမ်းကြားတွင်ရှိသော ငါးမြှောင့်ပုံစံ နှစ်ထပ်တဲ၌သာ ကျင်းပခြင်းပင်။ ဤသည်မှာ နမ်ဂန်းမူယော့က မျိုးဆက်သစ် လူငယ်များ စိတ်အေးလက်အေး အနားယူစေရန် စီစဉ်ပေးခြင်းပင်။

"ငါတော့ စိတ်လှုပ်ရှားနေပြီ ဘယ်လိုလူတွေ ရောက်လာမလဲဆိုတာ စိတ်ဝင်စားလိုက်တာ"

ဟီဘေပန်မိသားစုမှ ပန်ဆိုဖုန်းက အရက်ခွက်ကို ကိုင်ကာ ရင်အုပ်ကို ကားယား၍ ပြောသည်။

"မင်းရဲ့ အပြောအဆိုကို သတိထား။ ဒါက လျှို့ဝှက်စွာ လုပ်ဆောင်ရမည့် တာဝန်တစ်ခုဆိုတာ မေ့သွားလား"

ဇူဂယ်မိသားစုမှ ဇူဂယ်မင်က ပန်ဆိုဖုန်းကို ဆုံးမရင်း ဝိုင်အစား လက်ဖက်ရည်ကိုသာ သောက်သည်။ ပန်ဆိုဖုန်းက အရက်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"ဒါက နမ်ဂန်းအိမ်တော်လေ ငါတို့ကို ဘယ်သူက ခိုးနားထောင်နေမှာမို့လို့လဲ"

"ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မရှိပေမဲ့..."

ဇူဂယ်မင်၏ မျက်ဝန်းများက ငါးမြှောင့်ပုံစံတဲ၏ ထောင့်တစ်နေရာတွင် နေရာယူထားသော လူသုံးဦးဆီသို့ ရောက်သွားသည်။

"သူတို့က ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ"

မူရုံမိသားစုမှ မူရုံဆူဆူက ဘာအငြိုးအတေးမှ မပါဘဲ စူးစမ်းလိုစိတ်ဖြင့် မေးသည်။ ထိုမေးခွန်းကို ကြားသောအခါ စီချွမ်တန်ဂိုဏ်းမှ တန်ဟတ်ဂီက လျှာကို သပ်လိုက်ပြီး ပြောသည်။

"သူတို့နေရာကို သူတို့ မသိဘဲ ဒီပွဲကို ပါဝင်ဖို့ တောင်းဆိုလာကြတာ ဖြစ်ရမယ်"

တန်ဟတ်ဂီ၏ အငြိုးအတေးများပြည့်နှက်နေသည့် စကားကြောင့် ဇူဂယ်မင်က သတိပေးသည်။

"သူတို့ ကြားသွားလိမ့်မယ်"

"သူတို့ ကြားစေချင်လို့ ပြောတာ"

"မင်းတို့ နှစ်ယောက်လုံး စကားအပြောအဆို သတိထားကြဦး"

"ဘာပြဿနာ ရှိလို့လဲ"

တန်ဟတ်ဂီက တဲ့တိုးမေးလိုက်ရာ ဇူဂယ်မင်က အသံကို တိုး၍ ပြောသည်။

"ဒီပွဲကို စီစဉ်သူက နမ်ဂန်းမိသားစုခေါင်းဆောင်လေ။ မင်းစကားတွေက နမ်ဂန်းမိသားစုကို စော်ကားရာ ရောက်သွားနိုင်တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ တန်ဟတ်ဂီ၏ မျက်နှာမှာ ချက်ချင်းပင် ဖျော့တော့သွားသည်။ သူ အမှားလုပ်မိမှန်း သိသွားသဖြင့် ပါးစပ်ကို ပိတ်လိုက်ချိန်တွင် လှေကားမှ လူနှစ်ဦး တက်လာသည်။

"ရောက်လာကြပြီလား"

ဇူဂယ်မင်၏ ကြိုဆိုစကားကြောင့် ပေါ်လာသည့် လူငယ်မှာ တောက်ပစွာ ပြုံးပြသည်။

"သူငယ်ချင်းတွေကို တစ်နေရာတည်းမှာ စုစည်းတွေ့ရတာ အရမ်းပဲ ဝမ်းသာမိတယ်"

နောက်ဆုံးတွင် နမ်ဂန်းမိသားစုမှ နမ်ဂန်းဆောင်းနှင့် နမ်ဂန်းဆွန်းလုတို့ ရောက်လာကြသည်။

"အို ဂျင်မိသားစုကလည်း ရောက်လာတာပဲ"

နမ်ဂန်းဆောင်းက ခြေလှမ်းကျဲကြီးဖြင့် လာ၍ လက်ဆွဲနှုတ်ဆက်ရာ ဂျင်ဆိုဟွန်းမှာ ပျင်းရိသော မျက်နှာပေးဖြင့် လက်ကို ပြန်ပေးလိုက်သည်။

"ဟားဟား ကျွန်တော်က နမ်ဂန်းမိသားစုက နမ်ဂန်းဆောင်းပါ။ ညီလေးဂျင်လိုပဲ ကျွန်တော်လည်း မိသားစုခေါင်းဆောင်ရဲ့ သားပါပဲ"

"သားလား မိသားစုခေါင်းဆောင်မှာ သားရှိတယ်ပေါ့"

"ကျွန်တော်က အရင် မွေးပေမဲ့ အဖေက ဆွန်းလုကိုပဲ သူ့ရဲ့ တစ်ဦးတည်းသော သမီးလို့ သဘောထားပြီး အမြဲ ချစ်ခင်နေတာဆိုတော့ ကျွန်တော့်ကို မေ့သွားတာ များတယ်။ ဟားဟား"

နမ်ဂန်းဆောင်း ဆိုသူမှာ စိတ်သဘောထား ကောင်းသူလား သို့မဟုတ် တစ်ခုခု လိုအပ်နေသူလားဆိုတာ ဂျင်ဆိုဟွန်း ဝေခွဲမရဖြစ်နေသည်။

သို့သော် လက်ဆွဲနှုတ်ဆက်ရာမှ တစ်ဆင့် ထွက်လာသည့် အတွင်းအားကို ခံစားမိလိုက်ရာ သူ၏ သိုင်းပညာမှာ အတော်လေး နက်နဲကြောင်း သိလိုက်ရသည်။

ဒီအဆင့်ဆိုတော့... ဒုတိယတန်းစားလောက် ရှိမလား။

မိသားစုခေါင်းဆောင်၏ သားတစ်ယောက်ကို ဒုတိယတန်းစားဟု သတ်မှတ်လိုက်ပြီးနောက် ဂျင်ဆိုဟွန်းမှာ သူ့ကို စူးစိုက်ကြည့်နေသည့် နမ်ဂန်းဆွန်းလုကို တွေ့လိုက်ရသည်။

သူမ ဘာလို့ အဲဒီလို ကြည့်နေတာလဲ။

နမ်ဂန်းဆွန်းလု ဘာလို့ သူ့ကို ကြည့်နေမှန်း ဂျင်ဆိုဟွန်း လုံးဝ နားမလည်နိုင်ပေ။

မောင်နှမနှစ်ယောက်ရဲ့ စိတ်ထားက တခြားစီပဲ။ စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းလိုက်တာ။

သူမကို စိတ်သဘောထား ဆိုးသူတစ်ယောက်ဟု သတ်မှတ်ပြီး ဂျင်ဆိုဟွန်းက အကြည့်လွှဲလိုက်သည်။

"အားလုံးပဲ စိတ်ကြိုက် သုံးဆောင်ကြပါ။ ဒီနေ့ ပြင်ဆင်ထားသမျှ အားလုံးက ခင်ဗျားတို့အတွက်ပါ"

"ဟားဟား နမ်ဂန်းမိသားစုပဲ"

နမ်ဂန်းဆောင်း၏ စကားအပြီးတွင် ပန်ဆိုဖုန်းမှာ စိတ်ကြိုက် စားသောက်တော့သည်။ တစ်ဖက်တွင်မူ ဇူဂယ်မင်က ဂျင်မောင်နှမကို စိတ်ဝင်တစား ကြည့်ကာ ပြောသည်။

"သတင်းတွေအတိုင်းပဲ ဂျင်မိသားစုရဲ့ သမီးလေးရဲ့ အလှက နမ်ဂန်းသခင်မလေးနဲ့ ယှဉ်နိုင်လောက်အောင်ကို ထူးချွန်တာပဲ"

"ဒါနဲ့ ဘာဖြစ်မလဲ"

တန်ဟတ်ဂီက ဂျင်ဂါဟွန်းကို စူးရှသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ ဂျင်ဂါဟွန်းက အကြည့်ချင်း ဆုံမိသောအခါ ကျက်သရေရှိစွာ ပြုံးပြလိုက်သည်။

သူမ၏ အလှကြောင့် တန်ဟတ်ဂီမှာ ခဏတာ မှင်သက်သွားပြီးမှ အကြည့်လွှဲလိုက်သည်။

"ခွီး"

တန်ဟတ်ဂီမှာ သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ တကယ်တော့ သူက လှပသော အမျိုးသမီးများကို မနှစ်သက်ပေ။ အမှန်အတိုင်း ပြောရလျှင် သူ နှစ်သက်သော်လည်း သူတို့၏ အချစ်မှာ သူ့ဆီသို့ ရောက်မလာနိုင်မှန်း သိသွားသည့်အခါ ထိုအမျိုးသမီးများကို စိတ်ထဲမှ မုန်းတီးသွားခြင်းပင်။

သူတို့အပေါ် လိုချင်တပ်မက်စိတ် ရှိသော်လည်း မပိုင်ဆိုင်နိုင်သည့်အတွက် တန်ဟတ်ဂီမှာ စိတ်တိုနေမိသည်။

မင်းရဲ့ အပြုံးလေး ဘယ်လောက်ကြာကြာ ခံမလဲ ကြည့်ရသေးတာပေါ့။

တန်ဟတ်ဂီက ငရုတ်သီးဆော့စ်တွင် စိမ်ထားသော မုန်လာဥနီတစ်ပိုင်းကို အသာယူလိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ယမ်းကာ ပစ်လွှတ်လိုက်သည်။

ထိုမုန်လာဥနီမှာ ဂျင်ဂါဟွန်း၏ လှပသော နှာခေါင်းတံပေါ်သို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။

မင်းမျက်နှာ ညစ်ပတ်သွားတဲ့အခါ အဲဒီအပြုံးလေးပဲ ထပ်ပြနိုင်မလား ကြည့်ကြတာပေါ့။

လျှို့ဝှက်လက်နက်ပညာ၏ သိမ်မွေ့မှုဖြင့် ပစ်လွှတ်လိုက်သော မုန်လာဥနီဖြစ်သည့်အတွက် သိုင်းပညာ မတတ်သည့် ဂျင်ဂါဟွန်းမှာ ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ ထိမှန်တော့မည့် အခြေအနေ ဖြစ်သည်။

ထိုအချိန်တွင်...

ဝှစ်

ဘယ်နေရာမှန်းမသိ ပျံသန်းလာသော တူတစ်ချောင်းမှာ ဂျင်ဂါဟွန်းထံ ပျံသန်းလာသည့် မုန်လာဥနီကို ကြက်ကင်ကဲ့သို့ ထိုးစိုက်သွားပြီး အဝေးသို့ လွင့်စင်သွားသည်။

ဘာလဲဟ။

ထိတ်လန့်သွားသည့် တန်ဟတ်ဂီမှာ မျက်တောင်ခတ်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သို့သော် တူကို ပစ်လိုက်ပုံရသည့်သူ မရှိချေ။

တိုက်ဆိုင်တာလား။

အစပိုင်းတွင် တိုက်ဆိုင်မှုဟု ထင်သော်လည်း မကြာမီပင် တန်ဟတ်ဂီမှာ ခေါင်းခါလိုက်သည်။

တိုက်ဆိုင်မှု မဟုတ်ဘူး။ အဲဒီလိုဆိုရင် ငါ့ရဲ့ လျှို့ဝှက်လက်နက်ပညာနဲ့ ယှဉ်နိုင်တဲ့သူ ဒီနေရာမှာ ရှိနေတာပဲ...

ငြိမ်နေသည့် ပစ်မှတ်ကို လျှို့ဝှက်လက်နက်ဖြင့် ပစ်ခြင်းမှာ အခြေခံအဆင့်သာ ရှိသေးသည်။ သို့သော် မမျှော်လင့်ဘဲ ပျံသန်းနေသည့် ပစ်မှတ်ကို တိတိကျကျ ထိုးစိုက်နိုင်ရန်မှာ အလယ်အဆင့် သို့မဟုတ် အထက်ရှိရန် လိုအပ်သည်။ ဤသည်မှာ သူနှင့် အဆင့်တူ သို့မဟုတ် သူ့ထက် သာလွန်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းပင်။

ဘယ်သူလဲ... ငါ့ကို ကြားဝင်ဖျက်ဆီးတဲ့သူက ငါ့ကို ဘယ်သူ မြင်သွားတာလဲ။

တန်ဟတ်ဂီမှာ မသိမသာဖြင့် ပတ်ဝန်းကျင်ကို စုံစမ်းကြည့်သော်လည်း တူကို ပစ်လွှတ်မည့် အရိပ်အယောင်ပင် မတွေ့ရပေ။ အဖြစ်နိုင်ဆုံးသူဖြစ်သည့် ဂျင်ဆိုဟွန်းမှာမူ ကမ္ဘာပေါ်တွင် အပျင်းဆုံးပုံစံဖြင့် ထိုင်နေသည်။

"ဟား..."

သမ်းဝေနေသည့် ဂျင်ဆိုဟွန်းက ပါးစပ်တစ်ဝိုက်တွင် အဆီများပေကျံနေသည့် စီးယုကို ကြည့်လိုက်သည်။ သူ့အကြည့်ကို ခံစားမိသည့် စီးယုက စားစရာအပြည့်ဖြင့် ပြန်ပြောသည်။

"သခင်လေးလည်း စားပါဦး။ ဒီဟင်းလျာတွေက ရှန်ရှီးပြည်နယ်မှာ ရှာရခက်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာ"

"ငါ စားပြီးပြီ"

"အိုက်ယား အဲဒီလို မလုပ်ပါနဲ့ ဒါလေး မြည်းကြည့်ပါ"

စီးယုက ဖက်ထုပ်တစ်လုံး ကမ်းပေးသဖြင့် ဂျင်ဆိုဟွန်းမှာ အဖော်မရှိတော့သည့် တူတစ်ချောင်းဖြင့် ဖက်ထုပ်ကို ထိုးကာ ပါးစပ်ထဲ ထည့်လိုက်သည်။

"အော် သခင်လေး ဘာလို့ တူတစ်ချောင်းတည်း ရှိတာလဲ"

"ပျောက်သွားလို့"

"အိုက်ယား ဒီသစ္စာရှိ စီးယုက သခင်လေးအတွက် တူသွားယူပေးပါ့မယ်"

စီးယု ထသွားချိန်တွင် ဂျင်ဆိုဟွန်း၏ အကြည့်များမှာ တန်ဟတ်ဂီထံသို့ စူးစိုက်သွားသည်။

ဒီကောင် ဘာလို့ ထပ်လုပ်ပြန်တာလဲ။

ဂျင်ဂါဟွန်းမှာ မသိလိုက်သော်လည်း ဂျင်ဆိုဟွန်းမှာ သူ့ညီမဆီ ပျံလာသည့် မုန်လာဥနီကို မြင်ပြီး တူကို အမြန် ပစ်လိုက်ခြင်းပင်။

ဒါက မတော်တဆ ဖြစ်ဖို့ မဖြစ်နိုင်ဘူး။

ထိုမုန်လာဥနီအပိုင်းအစတွင် ထင်ရှားသော ရန်လိုမှုများ ရှိနေသည်။ ဂျင်ဆိုဟွန်းမှာ မေးမြန်းသင့်သလားဟု စဉ်းစားမိသော်လည်း မကြာမီပင် လက်လျှော့လိုက်သည်။

"နောက်တစ်ခါ ထပ်လုပ်ရင်တော့ ငါ ရှင်းလိုက်တော့မယ်"

အကယ်၍ သူက မတော်တဆဟု ငြင်းဆိုခဲ့လျှင် အမှန်တရားကို ဖော်ထုတ်ရန် မလွယ်ကူပေ။ ထို့အပြင် ဒါက အလုပ်ရှုပ်စရာ ကောင်းလှသည်။ ဂျင်ဆိုဟွန်းက ကျယ်ပြန့်သော စိတ်ထားဖြင့် လွှတ်ပေးရန် ပြင်ဆင်နေချိန်တွင် တန်ဟတ်ဂီက ဒုတိယမြောက် မုန်လာဥနီအပိုင်းအစကို ကောက်ယူလိုက်သည်။

ဘယ်သူလဲဆိုတာ ငါ သိကို သိရမယ်။

ဘယ်သူက ငါ့ကို ကြားဝင်ဖျက်ဆီးသလဲဆိုတာ သိရမယ်။

အကြောင်းရင်းမှာ ထူးထူးခြားခြား မဟုတ်ဘဲ သူ့အလုပ်ကို ကြားဝင်ဖျက်ဆီးသည့်အတွက် စိတ်တိုခြင်းသာ ဖြစ်သည်။

ကြည့်ရသေးတာပေါ့... ဒါကိုလည်း တားနိုင်မလား ကြည့်စမ်း။

ထိုတစ်ခါတွင်မူ မုန်လာဥနီထဲသို့ အတွင်းအားများ ထည့်သွင်းကာ ပစ်လွှတ်ရန် ကြံစည်လိုက်သည်။ အခြေအနေ မကောင်းလျှင် ဂျင်ဂါဟွန်း ထိခိုက်နိုင်သော်လည်း တန်ဟတ်ဂီအတွက်မူ ထိုအရာက အရေးမကြီးပေ။

သူ မပိုင်ဆိုင်နိုင်သည့် ပန်းတစ်ပွင့် ဖြစ်သည့်အတွက် ပွင့်ချပ်များ ပျက်စီးသွားသည်ကို သူ ဂရုမစိုက်ပေ။

တန်ဟတ်ဂီက ဂျင်ဂါဟွန်းကို ချိန်ရွယ်ကာ တူကို ညှစ်လိုက်သည့်အချိန်...

ပင်း…..

ဘယ်နေရာမှန်းမသိ ပျံသန်းလာသော တူတစ်ချောင်းမှာ တန်ဟတ်ဂီ ကိုင်ထားသည့် တူနှစ်ချောင်းကြားမှ ဖြတ်သန်းသွားပြီး ကိုင်ထားသည့် မုန်လာဥနီကို ထိုးစိုက်ကာ ပန်းကန်ပြားပေါ်သို့ ကျရောက်သွားသည်။

ဒါက...

တန်ဟတ်ဂီမှာ အလိုလို ခံစားမိလိုက်သည်။ ထိုအရာက တိတ်တိတ်ဆိတ်ဆိတ်နေရန် သတိပေးခြင်းပင်။

ထို့အပြင် စီချွမ်တန်ဂိုဏ်းမှ ဖြစ်သည့် တန်ဟတ်ဂီအနေဖြင့်လည်း သိလိုက်ရသည်။ ထိုသတိပေးချက်တွင် ပါဝင်သော နည်းစနစ်နှင့် အားမှာ သူယှဉ်ပြိုင်နိုင်သည့် အဆင့် မဟုတ်ပေ။

ဂလု….

တန်ဟတ်ဂီမှာ တုန်ရီနေသော လက်ဖြင့် တူများကို ချလိုက်သည်။

"အစ်ကိုကြီးတန်။ အဆင်မပြေဘူးလား နေမကောင်းဖြစ်နေတာလား"

"အ မဟုတ်ပါဘူး။ နည်းနည်းလောက် နားလိုက်ပါဦးမယ်"

ဖျော့တော့သော မျက်နှာဖြင့် တန်ဟတ်ဂီ ထွက်သွားပြီးနောက် ဇူဂယ်မင်က ပုခုံးတွန့်လိုက်ပြီး ဂျင်မောင်နှမထံ လျှောက်လာသည်။

သူက ဂုဏ်ပြုလက်စွဲတော်ကို ပြသရင်း နှုတ်ဆက်သည်။

"ကျွန်တော်က ဇူဂယ်မိသားစုမှ ဇူဂယ်မင်ပါ။ ရှန်ရှီးပြည်နယ်ရဲ့ နာမည်ကြီး ဂျင်မိသားစုက လူငယ်တွေကို တွေ့ရတာ ဂုဏ်ယူပါတယ်"

"ကျွန်မက ဂျင်မိသားစုမှ ဂါဟွန်းပါ။ ရှန်တုန်းပြည်နယ်ရဲ့ နဂါးလို့ ခေါ်ဆိုခြင်းခံရတဲ့ သခင်လေးဇူဂယ်ကို တွေ့ရတာ ဂုဏ်ယူပါတယ်"

"ဟားဟား နဂါးဆိုတာကတော့ အလွန်အကျွံ ချီးကျူးတာပါ။ နမ်ဂန်းအိမ်တော်မှာ ဒီလို ချီးကျူးစကားကို လက်ခံရတာ ရှက်စရာကောင်းလှပါတယ်"

"မမှန်တဲ့စကားကသာ ရှက်စရာကောင်းတာပါ။ မှန်တဲ့စကားကိုတော့ ရှက်စရာ မလိုပါဘူး"

ဇူဂယ်မင်၏ ယဉ်ကျေးသော သဘောထားနှင့် မတူဘဲ ဂျင်ဂါဟွန်း၏ သဘောထားမှာ အတော်လေး ခိုင်မာနေသည်။

သူမ၏ ပြတ်သားသော အကြည့်နှင့် အသံကို ကြားရသောအခါ ဂျင်ဂါဟွန်းမှာ သာမန်လူမဟုတ်ကြောင်း ဇူဂယ်မင် သိလိုက်သည်။

ချီးကျူးစကားတွေကို အရမ်းကျွမ်းကျင်ပါလား။

ဂျင်ဂါဟွန်းသည် ထိုနေရာတွင် အခြားသူများကဲ့သို့ ရှက်ရွံ့နေခဲ့မည်ဆိုပါက သူမ၏ ချီးကျူးစကားများမှာ အမှန်တကယ်ပင် လိမ်ညာမှုဟု ထင်မြင်စရာ ဖြစ်နေပေလိမ့်မည်။

သို့သော် ဆန့်ကျင်ဘက်အနေနှင့် သူမ၏ စကားများနှင့် လုပ်ရပ်များကို ဂုဏ်ယူစွာ ဖော်ထုတ်ပြသခြင်းဖြင့် သူမ၏ စေတနာမှန်ကို ပေါ်လွင်စေခဲ့သည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ... သူမက အနာဂတ်မှာ ဂျင်မိသားစုကို ဦးဆောင်မယ့် အရည်အချင်းရှိသူလား။

ဇူဂယ်မင်သည် ဂျင်ဂါဟွန်းကို ဂုဏ်သရေရှိ မိသားစုမှ မွန်မြတ်သော သမီးပျိုတစ်ဦးအနေနှင့်သာမက မိသားစုတစ်ခုကို ဦးဆောင်မည့် လူငယ်မိသားစုခေါင်းဆောင်တစ်ဦးအနေနှင့်ပါ မြင်လာခဲ့သည်။

ထိုအချက်နှင့် နှိုင်းယှဉ်လိုက်လျှင် သူမ၏ အစ်ကိုဖြစ်သူ ဂျင်ဆိုဟွန်းမှာ သာမန်လူတစ်ယောက်ဟုသာ ထင်ရသည်။

"ကျွန်တော်က ဇူဂယ်မိသားစုမှ ဇူဂယ်မင်ပါ"

"ကျွန်တော်က ဂျင်မိသားစုမှ ဆိုဟွန်းပါ"

ထိုနှစ်ဦးမှာ သိုင်းပညာရှင်များ ပီပီ လက်သီးပူး၍ နှုတ်ဆက်ကြသည်။

"ခင်ဗျားတို့မှာ သိချင်တာတွေ အများကြီး ရှိမှာပါ။ လိုအပ်ရင် ကျွန်တော် သိသမျှ အရာအားလုံးကို ဖြေပေးပါ့မယ်"

"ကျွန်တော့်မှာ ဘာမှ သိချင်တာ မရှိဘူး"

"...ဗျာ"

"ကျွန်တော့်မှာ မေးခွန်းတွေ မရှိဘူး"

"အော်..."

စိတ်ရှုပ်ထွေးသွားသော ဇူဂယ်မင်က မျက်လုံးများကို လှည့်ပတ်ကြည့်နေချိန်တွင် ဂျင်ဂါဟွန်းက သူ့နေရာမှနေ၍ အနည်းငယ် ရှေ့သို့ တိုးလာသည်။

"ဒါဆို ကျွန်မ မေးခွန်းလေး နည်းနည်းလောက် မေးလို့ ရမလားရှင့်"

ဂျင်ဂါဟွန်း၏ မေးခွန်းကြောင့် ဇူဂယ်မင်၏ ဖြူဖွေးသော မျက်နှာပေါ်တွင် နီရဲသည့်အရောင်သန်းသွားသည်။

"ရပါတယ်ဗျာ။ စိတ်ကြိုက်သာ မေးပါ"

ဂျင်ဂါဟွန်း၏ နောက်ဆက်တွဲ မေးခွန်းများမှာ မေးခွန်းဟုပင် ခေါ်ဆိုရရန် ရှက်စရာကောင်းလောက်အောင် သေးနုပ်လွန်းလှသည်။ စိတ်ရင်းအတိုင်း ဖြေဆိုနေသော ဇူဂယ်မင်သည် ပုံမှန်မဟုတ်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

"ဟားဟား ဂျင်မိသားစုရဲ့ သမီးလေးက တကယ်ကို အံ့ဩဖို့ ကောင်းလိုက်တာ ကျွန်တော် စိတ်ကူးတောင် မယဉ်နိုင်တဲ့ မေးခွန်းတွေကို မေးလိမ့်မယ်လို့ မထင်ထားဘူး"

"ကျွန်မ မေးခွန်းတွေက ထူးဆန်းနေလို့လားရှင့်"

"မဟုတ်ပါဘူး။ ဒီလိုနေရာမျိုးမှာဆိုရင် တခြားသူတွေက ကျွန်တော်တောင် ဖြေရခက်တဲ့ ထိလွယ်ရှလွယ် မေးခွန်းတွေကို မေးတတ်ကြပါတယ်။ ကျွန်တော်ကတော့ ရှောင်လွှဲဖြေဆိုခြင်း သို့မဟုတ် တခြားနည်းလမ်းနဲ့ လှည့်ပတ်ပြောခြင်းမျိုး လုပ်ရမှာပေါ့... ဒါပေမဲ့ ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းမျိုးကိုတော့ အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာပါ"

ဂျင်ဂါဟွန်း၏ ပထမဆုံး မေးခွန်းများမှာ မျိုးဆက်သစ် လူငယ်တစ်ဦးချင်းစီ၏ နာမည်များ၊ အကြိုက်ဆုံး အစားအစာ၊ အရောင် သို့မဟုတ် ဝါသနာများ အကြောင်းသာ ဖြစ်သည်။

ဤသည်မှာ ကုန်သည်မိသားစုမှ သားသမီးနှင့် လိုက်ဖက်သော မေးခွန်းဟု ဆိုနိုင်သော်လည်း ထိုနောက်ပိုင်းတွင်မူ ဇူဂယ်မင်၏ ဝါသနာ သို့မဟုတ် အားလပ်ချိန်တွင် ဘာလုပ်တတ်သလဲစသည့် ပုဂ္ဂိုလ်ရေးဆန်သော စကားဝိုင်းမျိုးကို ဂျင်ဂါဟွန်းက ဦးဆောင်သွားခဲ့သည်။

ဇူဂယ်မင်အတွက်မူ ဤသည်မှာ အတော်လေး ဆန်းသစ်သော အတွေ့အကြုံ ဖြစ်သည်။

"ဒီအချက်အလက်တွေကို ဘာလုပ်ဖို့လဲ"

"ကျွန်မတို့အဖေ ပြောဖူးတယ်။ ဒီလောကမှာ ရဖို့ အခက်ခဲဆုံးအရာက လူတစ်ယောက်ရဲ့ စိတ်ပဲတဲ့။ ဘာလို့လဲဆိုတော့ သူက မမြင်နိုင်၊ မထိနိုင်တဲ့အတွက် လက်ထဲမှာ ရှိနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ မရှိတတ်သလို မရနိုင်တော့ဘူးလို့ ထင်ပြီး လက်လျှော့လိုက်တဲ့အခါမှာလည်း သူက လက်ထဲမှာ ရှိနေတတ်လို့ပါတဲ့"

"ကမ္ဘာပေါ်မှာ ရဖို့ အခက်ခဲဆုံးအရာကို ကျွန်တော့်ဆီကနေ ရအောင် ယူလိုက်တာပဲ... အမြတ်နဲ့ အရှုံးကလည်း မကိုက်ညီပါဘူး"

"အဲဒီလိုလားရှင့်"

တောက်ပစွာ ပြုံးပြီး မေးလိုက်သော ဂျင်ဂါဟွန်းကြောင့် ဇူဂယ်မင်မှာ ခေါင်းငုံ့လိုက်ရုံမှလွဲ၍ တခြားမလုပ်နိုင်တော့ပေ။ နိုင်ငံတစ်ခုကိုပင် မှောက်လှန်နိုင်သော အလှတရားဟု ခေါ်ဆိုကြသည်မှာ ဤသို့ပင် ဖြစ်မည်။

အမျိုးသမီးချောတွေကို သတိထားဖို့ လူကြီးတွေ ပြောတာ တကယ်ပဲ။

အလှတရားသည် စိတ်ကို လှုပ်ရှားစေပြီး ဝေဝါးစေသည်။ ထို့ကြောင့် ဇူဂယ်မင်၏ ဆုံးဖြတ်ချက်မှာ ဝေဝါးသွားပြီး ဂျင်ဂါဟွန်းကို တိုက်ရိုက်ပင် မကြည့်ရဲတော့ပေ။

သူမက နမ်ဂန်းသခင်မလေးနဲ့ လုံးဝကို မတူတဲ့ ပုံစံနဲ့ အန္တရာယ်များတယ်။

နမ်ဂန်းဆွန်းလုသည်လည်း ဂျင်ဂါဟွန်းကဲ့သို့ပင် လှပသော်လည်း သူမမှာ အေးစက်ပြီး မောက်မာကာ ပြင်းထန်သူ ဖြစ်သည်။

ဂျင်ဂါဟွန်းမှာ ပန်းလှလှလေးများ ပွင့်လန်းနေသည့် ဥယျာဉ်ထဲမှ အလှဆုံးပန်းတစ်ပွင့် ဖြစ်

လျှင် နမ်ဂန်းဆွန်းလုမှာ အရွက်များက ဓားသွားဖြင့် ပြုလုပ်ထားသော ထက်မြက်သည့် ပန်းတစ်ပွင့်နှင့် တူသည်။

နှစ်ဦးလုံး လှပသော်လည်း အန္တရာယ်ရှိသည့် အကြောင်းရင်းမှာ ကွဲပြားသည်။

ယခုအခါ ဓားသွားဖြင့် ပြုလုပ်ထားသော အရွက်ရှိသည့် ထက်မြက်ပြီး လှပသော ပန်းတစ်ပွင့်မှာ သူတို့ရှေ့သို့ ရောက်လာပြီ ဖြစ်သည်။

"သခင်လေး တူ သွားယူလာခဲ့ပြီ"

"ကျေးဇူးပဲ"

"အို နောက်တစ်ချောင်းကရော"

"ပျောက်သွားလို့"

"သခင်လေးက ကျွန်မကို စနေတာလား"

"တကယ်ပြောတာပါ"

"အိုက်ယား…."

စီးယုက စိတ်တိုတိုဖြင့် တူသွားယူရန် ထွက်သွားစဉ် ဂျင်ဆိုဟွန်းမှာ သူ့ရှေ့သို့ ရောက်လာသော အမျိုးသမီးနှင့် ရင်ဆိုင်လိုက်ရသည်။

"သခင်လေးဂျင်"

"ဟုတ်ကဲ့"

"ရှင် ကျွန်မအကြောင်း သိပြီးသား ဖြစ်မှာပါ။ ဒါကြောင့် သီးသန့် မိတ်ဆက်ပေးစရာ မလိုတော့ဘူး"

တောင့်တင်းသော လေသံနှင့် အသံက နမ်ဂန်းဆွန်းလု၏ စကားသံမှာ အမိန့်ပေးသည့်အတိုင်းပင် ခိုင်မာနေသည်။

"ကျွန်တော့်ကို အချိန်လေး နည်းနည်းလောက် ပေးလို့ ရမလား"

"အခုလား"

ဂျင်ဆိုဟွန်း၏ မျက်နှာပေါ်တွင် ပေါ်နေသည့် ပျင်းရိမှုများကို ခံစားမိလိုက်သော နမ်ဂန်းဆွန်းလုက ခေါင်းညိတ်ကာ ပြောသည်။

"ကြိုပြောထားမယ် ဒါက တောင်းဆိုတာ မဟုတ်ဘူးနော်"

နမ်ဂန်းဆွန်းလု၏ အကြည့်မှာ ပို၍ပင် စူးရှသွားတော့သည်။

All Chapters