အခန်း ၃၃
Vol. 4 Ch. 33
အခန်း။ ၃၃
"ဟီး ဟီး"
ဒီလောက်ထိ ခက်ခဲတဲ့ တိုက်ပွဲကို မရင်ဆိုင်ခဲ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ။
စိတ်ထဲတွင် စိုးရိမ်မှုများ တိုးပွားလာသည်နှင့်အမျှ သူ၏ ဓားချက်မှာလည်း လေးလံလာသည်။ အဆိပ်လူသားများကို ရှင်းလင်းပြီးနောက် အိုင်သို့ အသည်းအသန် ပြန်ရောက်လာသည့် နမ်ဂုန်းမူယော့သည် လှေ၏ နောက်ပိုင်းသာ ကျန်ရစ်ပြီး လုံးဝနစ်မြုပ်သွားသည့် မျိုးဆက်သစ် လူငယ်တို့၏ လှေကို ကြည့်လိုက်သည်။
"ငါ... နောက်ကျသွားပြီလား..."
နမ်ဂုန်းမူယော့သည် စိတ်ပျက်အားငယ်မှုထဲမှ ပြင်းထန်သော ဒေါသကို ခံစားလိုက်ရသည်။
ထိုစဉ်မှာပင်...
"ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"
ဘယ်နေရာကမှန်းမသိ ပေါ်လာသည့် ရင်းနှီးသော အသံကြောင့် နမ်ဂုန်းမူယော့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
သူ၏ အကြည့်ရောက်ရာနေရာတွင် ရေနစ်နေသည့်ကြွက်တစ်ကောင်လို ဖြစ်နေပြီး ဝတ်ရုံမှ ရေကို ညှစ်နေသည့် ဂျင်ဆိုဟွန်းကို တွေ့လိုက်ရသည်။ ရေညှစ်နေသည့် သူ၏ လက်စွမ်းမှာ ထူးခြားလှသည်။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
"ကြိုးကိုင်သူကို ဖမ်းဖို့ ကြိုးစားပေမဲ့ လွဲသွားတယ်"
"မင်း လွဲသွားတယ် ဟုတ်လား"
နမ်ဂုန်းမူယော့၏ မျက်လုံးထဲတွင် ဂျင်ဆိုဟွန်း၏ နောက်၌ သေလုမျောပါး လဲလျောင်းနေကြသည့် မျိုးဆက်သစ် လူငယ်ငါးဦးနှင့် အနည်းငယ် ဝေးသောနေရာတွင် ပုဇွန်လုံးလေးလို ကွေးနေအောင် အိပ်ပျော်နေသည့် နမ်ဂုန်းဆွန်းလုတို့ကို မြင်လိုက်ရသည်။
မျိုးဆက်သစ် လူငယ်အားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ဆုံးရှုံးသူ မရှိပေ။
"မျိုးဆက်သစ်တွေကို နည်းနည်းလောက် ထပ်ပြီး လေ့ကျင့်ပေးဖို့ ပြောရမယ်။ ခြောက်ယောက်တောင်မှ တစ်ယောက်ကို မနိုင်ဘဲ ဒီအခြေအနေ ရောက်သွားကြတာ။ ကျွန်တော့်လို အဆင့်နိမ့် သိုင်းသမားတစ်ယောက်တောင် နိုင်နိုင်တဲ့ ပြိုင်ဘက်ကို..."
ဂျင်ဆိုဟွန်းသည် အဆုံးအစမရှိ ညည်းတွားရင်း အဝတ်အစားများမှ ကျန်ရှိနေသေးသော ရေများကို ညှစ်ထုတ်နေသည်။
ထိုမြင်ကွင်းကြောင့် နမ်ဂုန်းမူယော့မှာ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အဆိပ်ငွေ့များသာ မကျန်နေသေးလျှင် ဂျင်ဆိုဟွန်းကို ခန္ဓာကိုယ် ကျိုးကျသွားသည်အထိ ဖက်ထားမိလိမ့်မည်။
နမ်ဂုန်းမူယော့သည် ဂျင်ဆိုဟွန်း၏ အနည်းငယ် ဝေးသောနေရာတွင် ထိုင်ချလိုက်ပြီး မေးလိုက်သည်။
"သူက အားကောင်းလား"
"သာမန်ပါပဲ"
"ဒါဆို ဘာလို့ လွဲသွားတာလဲ"
"ကျွန်တော့်ရဲ့ စွမ်းအားကို မှားပြီး အကဲဖြတ်မိလို့ပါ"
အဆိပ်လူသားများနှင့် ရင်ဆိုင်စဉ်က သူ မြင်ခဲ့ရသည့် ပြင်းထန်သော အလင်းတန်းကို နမ်ဂုန်းမူယော့ ပြန်သတိရလိုက်သည်။
အဲဒါက စွမ်းအားကို မှားပြီးအကဲဖြတ်မိတဲ့ ရလဒ်လား။
သူ၏ အသံထဲတွင် အားမလိုအားမရ ရယ်မောသံများ ပါဝင်နေသည်။
"ဘာပဲဖြစ်ဖြစ် နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာတော့ မသိခဲ့ရဘူး။ ဒါပေမဲ့ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ခဲ့တာပဲ။ ဒါကြောင့် မိသားစုခေါင်းဆောင် ခင်ဗျား ကတိကို တည်ရမယ်။ ဟုတ်တယ်မလား"
"အေး... သိပြီ"
ထိုသို့ ဖြစ်လာမည် မဟုတ်ပေ။
နမ်ဂုန်းမူယော့သည် သူ၏ ပုံမှန်အကျင့်အတိုင်း ဂျင်ဆိုဟွန်းနှင့် ကတိကို လွယ်လွယ်ကူကူ လိုက်လျောရန် အစီအစဉ် မရှိပေ။ တိုက်ရိုက် မရင်ဆိုင်ခဲ့ရသဖြင့် အဆင့်ကို အတိအကျ မသိရသော်လည်း မိသားစုကြီးငါးခု၏ မျိုးဆက်သစ်များကို တစ်ဦးတည်းနှင့် ရင်ဆိုင်ခဲ့သည့် လုပ်ကြံသူမှာ သာမန်လူမဟုတ်ပေ။
သူက အနည်းဆုံး ထိပ်သီးအဆင့် ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တယ်။
နောက်ဆုံးအချိန်တွင် လုပ်ကြံသူ ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားမှာ ထိပ်သီးအဆင့်သို့ ရောက်ရှိနေသည့် သိုင်းသမားတစ်ဦး၏ စွမ်းအားဖြစ်သည်။
ထိုမျှမြင့်မားသော သိုင်းသမားကို တစ်ဦးတည်းဖြင့် အနိုင်ယူပြီးနောက် ဂျင်ဆိုဟွန်းမှာမူ သူ၏ စွမ်းအားကို မှားပြီး အကဲဖြတ်မိသည်ဟုသာ ပြောနေသည်။
ဒီကောင်လေးက ရတနာပဲ။ သိုင်းလောကရဲ့ ရတနာပဲ။
ကုန်သည်မိသားစုထဲတွင် ပုပ်သိုးနေသင့်သည့်သူမျိုး မဟုတ်ပေ။
နမ်ဂုန်းမူယော့သည် သိုင်းလောက၏ အနာဂတ်အတွက် ဂျင်ဆိုဟွန်းကို တစ်ယောက်တည်း ထားခဲ့ရန် အစီအစဉ် မရှိပေ။ အခုလောလောဆယ်တော့ သူ၏ ရည်ရွယ်ချက်များကို နက်ရှိုင်းစွာ ဝှက်ထားရဦးမည်ပင်။
"အိမ်အပြင်ထွက်ရင် ဒုက္ခရောက်တတ်တယ်လို့ ပြောကြတာ ဒီလိုကြောင့်ပဲ"
ဂျင်ဆိုဟွန်းသည် ဖိနပ်ထဲမှ ရေများကို ညှစ်ထုတ်ရင်း နောက်ဆုံးအချိန်အထိ ညည်းတွားနေသည်။
"သခင်လေး"
ညဉ့်နက်ချိန်၌ မနက်ခင်းကတည်းက လမ်းလျှောက်မည်ဟု ပြောကာ ထွက်သွားသော ဂျင်ဆိုဟွန်းသည် ညဉ့်နက်မှ ပြန်ရောက်လာသည့်အခါ စီးယုနှင့် ဂျင်ဂါဟွန်းတို့မှာ အမောတကော ပြေးထွက်လာကြသည်။
"အစ်ကို ဘယ်သွားနေတာလဲ"
"လှေစီးဖို့"
"လှေ... လှေစီးဖို့"
"သခင်လေးက လှေစီးသွားတာ ဟုတ်လား"
"အင်း"
ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ဂျင်ဆိုဟွန်းသည် သူ့လမ်းကို ပိတ်နေသော မိန်းကလေးနှစ်ယောက်ကို တွန်းဖယ်ကာ အခန်းထဲသို့ တွားသွားဝင်လိုက်သည်။
"ဒီနေ့ အတော်လေး အဖြစ်အပျက်တွေ များတယ်။ ဒါကြောင့် မနက်ဖြန် မွန်းတည့်ချိန်အထိ ဘယ်သူမှ လာမနှိုးနဲ့"
ဂျင်ဆိုဟွန်း တံခါးကို ပြင်းပြင်းပိတ်ပြီး ဝင်သွားသည့်အခါ ဂျင်ဂါဟွန်းသည် စိုးရိမ်သော မျက်လုံးများဖြင့် တံခါးကို ကြည့်လိုက်သည်။
"အစ်ကို လှေသွားစီးတယ်ဆိုတာ... လိမ်ပြောတာ ဖြစ်ရမယ်"
ဂျင်ဂါဟွန်း၏ စကားကြောင့် စီးယုကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းကို အသည်းအသန် ငြိတ်လိုက်သည်။
"ဟုတ်တယ် သခင်လေး လှေစီးသွားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"ဘာလို့ ကျွန်မတို့ကို လိမ်ပြောရတာလဲ"
"အင်း... သူ ကျွန်မတို့ကို မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်... ဟား မပြောနဲ့"
"တစ်ခုခု စဉ်းစားမိလို့လား"
"ဟုတ် သခင်မလေး ခဏလေး..."
ဂျင်ဂါဟွန်း ခါးကိုင်းပြီး နားကပ်လိုက်သည့်အခါ စီးယုက တိုးတိုးလေး ပြောလိုက်သည်။
"သူ သခင်မလေးနမ်ဂုန်းနဲ့ အတူတူ သွားတာများ ဖြစ်မလား"
"ငါ့အစ်ကိုက... သခင်မလေးနမ်ဂုန်းနဲ့ တစ်ယောက်တည်း"
"ဟုတ်တယ် ဒီနေ့ မိသားစုကြီးငါးခုက မျိုးဆက်သစ်တွေ လှေစီးကြမယ်လို့ ကြားထားတယ်"
"တကယ်လား ဘယ်ကနေ ကြားတာလဲ"
"သခင်မလေးကို ကူညီဖို့ နမ်ဂုန်းမိသားစုက အစေခံတွေဆီကနေ ရထားတာပါ"
"တော်လိုက်တာ"
ဂျင်ဂါဟွန်း အမှန်တကယ် အံ့ဩနေစဉ် စီးယုက ဂုဏ်ယူသော မျက်နှာဖြင့် ပခုံးကို တွန့်လိုက်သည်။
"ငါ..."
နောက်ဆက်တွဲ အိမ်ရှေ့မှ အသံကြောင့် ဂျင်ဂါဟွန်းနှင့် စီးယုတို့ တပြိုင်တည်း လှည့်ကြည့်လိုက်သည်။ အံ့ဩစရာကောင်းစွာပင် နမ်ဂုန်းဆွန်းလု ရပ်နေသည်။ ဂျင်ဂါဟွန်း အမြန်ဆုံး သွား၍ နှုတ်ဆက်လိုက်သည်။
"သခင်မလေးနမ်ဂုန်း နင့်ရဲ့ ဒဏ်ရာ... အဆင်ပြေရဲ့လား"
"ဂရုမစိုက်ပါနဲ့။ လေ့ကျင့်ရင်း ရလာတဲ့ ဒဏ်ရာပါ"
"အာ... ဟုတ်ကဲ့။ ဒါပေမဲ့ ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ..."
"..."
နမ်ဂုန်းဆွန်းလုမှာ စကားမပြောနိုင်ဘဲ တွန့်ဆုတ်နေသည်။ ထို့နောက် ဂျင်ဂါဟွန်းက ပြုံးပြလျက် နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
"အထဲဝင်မလား"
ဂျင်ဂါဟွန်း၏ အဆိုပြုချက်ကြောင့် နမ်ဂုန်းဆွန်းလုက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရပါတယ်။ အဲဒါထက်... သခင်လေးဂျင် အထဲမှာ ရှိလား"
"ဟုတ်ကဲ့။ သူ ပင်ပန်းတယ်ဆိုပြီး ပြန်ရောက်တာနဲ့ အခန်းထဲ ဝင်သွားတယ်။ တစ်ခုခု ပြောစရာ ရှိလို့လား ကျွန်မ ခေါ်ပေးရမလား"
"မလိုပါဘူး... ရပါတယ်။ ညဉ့်နက်ချိန်မှာ လာမိတဲ့အတွက် တောင်းပန်ပါတယ်"
စကားပြောပြီးနောက် နမ်ဂုန်းဆွန်းလုသည် ယိုင်တိုင်တိုင်နှင့် အိမ်ရှေ့မှ အလျင်အမြန် ထွက်ခွာသွားသည်။ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေသည့် စီးယုမှာ စိတ်လှုပ်ရှားမှုကို အနိုင်နိုင် ထိန်းချုပ်ကာ နီးကပ်စွာ လာ၍ ပြောလိုက်သည်။
"တွေ့တယ်မဟုတ်လား သခင်မလေး သခင်မလေးနမ်ဂုန်းက ဒီအချိန်ကြီး လာလည်တယ်ဆိုတာ..."
"..."
ဂျင်ဂါဟွန်းမှာ ပါးစပ်ကို ပိတ်ကာ မမျှော်လင့်ထားသည့် အခြေအနေကြောင့် မျက်လုံးများ တောက်ပနေစဉ် ဂျင်ဆိုဟွန်းမှာမူ အချိန်အတော်ကြာပြီးမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်း ဟောက်သံကို ထွက်နေသည်။
"ခလော…ခလော…."
"ကောင်းကင်ပြာတပ်ဖွဲ့ရဲ့ ထိခိုက်မှု အခြေအနေက ဘယ်လိုရှိလဲ"
"ငါးဦး သေဆုံးသွားပြီး သုံးဦးက ဒဏ်ရာ ပြင်းထန်ပါတယ်။ ၁၂ ဦးကတော့ ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့ပါတယ်။ စုံစမ်းရသလောက်တော့ သူတို့ဟာ ငွေရောင်တံဆိပ်ရိုက်နှိပ်သူအဖွဲ့က လုပ်ကြံသူတွေ ဖြစ်မယ်"
"ငွေရောင်တံဆိပ်ရိုက်နှိပ်သူ..."
ငွေရောင်တံဆိပ်ရိုက်နှိပ်သူဆိုသည်မှာ နာမည်မဲ့ တဲအိမ်ကဲ့သို့ပင် မိစ္ဆာလမ်းစဉ်ဂိုဏ်းခွဲများထဲတွင် ပါဝင်သော လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့၏ အထက်တွင်မူ မာရ်နတ်ဂိုဏ်းချုပ်ရှိနေသည်။
"ဒဏ်ရာရသူတွေကို ကုသပေးပြီး သေဆုံးသွားတဲ့သူတွေအတွက်လည်း ဈာပနပြင်ဆင်ပေးပါ။ နောက်ပြီး ကျန်ရစ်သူ မိသားစုတွေအတွက် လျော်ကြေးပေးဖို့ အစီအစဉ် ရေးဆွဲထားပါ"
"အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်"
ကောင်းကင်ပြာတပ်ဖွဲ့ခေါင်းဆောင် နမ်ဂုန်းဒေါင် ပြန်ထွက်သွားချိန်တွင် ဂွန်ဆွန်းဆူက နမ်ဂုန်းမူယော့ထံ လာရောက်တွေ့ဆုံသည်။
"သတင်းကြားလို့ပါ။ ကျွန်တော့်ကို ဘာလို့ မခေါ်လိုက်တာလဲ မိသားစုခေါင်းဆောင်ရဲ့ တောင်းဆိုချက်သာဆိုရင် ကျွန်တော် ဝမ်းမြောက်ဝမ်းသာနဲ့ ကူညီပေးမှာပါ"
"ငါ့မှာ အကြောင်းပြချက် မရှိပါဘူး... ငါ ပေါ့ဆသွားမိတယ်။ မိုးကြိုးအဟုန် ကန်ချက်သာ မိသားစုထဲက ထွက်သွားရင် ရန်သူတွေ ရိပ်မိသွားလိမ့်မယ်လို့ တွေးမိခဲ့တာ။ ဒါပေမဲ့ သူတို့က အစကတည်းက ဖုံးကွယ်ဖို့ အစီအစဉ် မရှိပုံပဲ"
"ဟွန်း"
ဂွန်ဆွန်းဆူသည် နောင်တရသည့်စိတ် ဖြစ်ပေါ်နေသော်လည်း သံသယတစ်ခုကို ဖျောက်ဖျက်နိုင်ခြင်း မရှိပေ။
"မျိုးဆက်သစ် လူငယ်အားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ ကြားရတယ်။ ပြီးတော့ သူတို့ကို အဲဒီလို ဖြစ်အောင် လုပ်ခဲ့သူက တစ်ဦးတည်းပဲ ရှိတယ်တဲ့... အဲဒါ တကယ်လား"
"မှန်တယ်"
"ဂျင်ဆိုဟွန်းလည်း အဲဒီနေရာမှာ ရှိနေတယ်လို့ ကြားမိတယ်... သူက ဘာလို့ အဲဒီမှာ ရောက်နေတာလဲ"
ဂွန်ဆွန်းဆူ၏ မေးခွန်းကြောင့် နမ်ဂုန်းမူယော့ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
တစ်စုံတစ်ခုကြောင့် သူ ပြောပြ၍ မရနိုင်ကြောင်း ရိပ်မိသွားသည့် ဂွန်ဆွန်းဆူက အဖြေမရဘဲ ခေါင်းညိတ်လိုက်သည်။ မိသားစုခေါင်းဆောင်က ထုတ်ဖော်မပြောပြသည့် ပုဂ္ဂလိကကိစ္စများကို စပ်စုခြင်းမှာ ယဉ်ကျေးမှု မဟုတ်ပေ။
"ဟဲဟဲ... အကြီးအကဲ ဂွန်ဆွန်း။ တွေ့တာ ကြာပြီနော်"
"အာ... အကြီးအကဲတန် ခင်ဗျား နမ်ဂုန်းမိသားစုမှာ ရောက်နေတာလား"
"မာရ်နတ်ဂိုဏ်းချုပ်ရဲ့ ရက်စက်တဲ့သူတွေက တန်ဖိုးရှိတဲ့ ကလေးတွေကို အဆိပ်သုံးပြီး အန္တရာယ်ပြုမလားလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရောက်နေတာပါ"
"အော်... ဟုတ်ကဲ့ပါ"
စိချွမ်တန်မျိုးနွယ်စုမှ အကြီးအကဲ တန်ဂျူဆွန်းသည် လက်ကို နောက်ပစ်လျက် ပေါ်လာသည်။ သူသည် မာရ်နတ်ဂိုဏ်းချုပ်၏ အဖူးအညွန့် ခြေမှုန်းရေးစီမံကိန်းတွင် အဆိပ်သုံးမည်ကို စိုးရိမ်သဖြင့် ကြိုတင် ရောက်ရှိနေခြင်းပင်။
ထို့ကြောင့်လည်း နမ်ဂုန်းမူယော့မှာ အဆိပ်လူသားတို့၏ အဆိပ်သင့်ခြင်းမှ လျင်မြန်စွာ ပြန်လည်သက်သာလာခြင်းပင်။
"ခင်ဗျား ဖော်စပ်ပေးတဲ့ ဆေးရည်ကြောင့် အဆိပ်ငွေ့တွေ ပြေပျောက်သွားတယ်။ ခင်ဗျားကျေးဇူးပါပဲ"
"ကျွန်တော့်ဆေးရည် မပါရင်တောင် မိသားစုခေါင်းဆောင်က လျင်မြန်စွာ ပြန်သက်သာလာမှာပါ"
"ခင်ဗျားက နှိမ့်ချနေပြန်ပြီ... ဒါနဲ့ အဆိပ်လူသားတွေနဲ့ ပတ်သက်ပြီး တစ်ခုခု သိရပြီလား"
နမ်ဂုန်းမူယော့၏ မေးခွန်းကြောင့် တန်ဂျူဆွန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းညိတ်လိုက်သည်။
"မိသားစုခေါင်းဆောင် ပြောတဲ့အတိုင်းပဲ အဆိပ်လူသားတွေက ပုံသဏ္ဌာန်မဲ့အဆိပ်ကို သိုမှီးထားကြတာပါ။ ကြည့်ရသလောက် သူတို့ရဲ့ သွေးကြောတွေက အဆိပ်ငွေ့ကြောင့် ပြတ်တောက်သွားတာတို့ ဒါမှမဟုတ် အရည်ပျော်သွားပြီဆိုတော့ သူတို့က ဘယ်အချိန်မဆို သေသွားနိုင်တဲ့သူတွေပါပဲ"
"အင်း... ငါ့ကို တားဆီးဖို့အတွက် အသုံးပြုသွားတာပေါ့။ သူတို့က စွန့်ပစ်ဖို့အတွက် ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေဆိုတော့လေ"
"မှန်ပါတယ်။ သူတို့က သေခါနီး အဆိပ်လူသားတွေကို သုံးပြီး ရွှေနဂါး နတ်ဘုရားဓားရဲ့ ခြေလှမ်းတွေကို တားဆီးနိုင်ခဲ့ရင် သူတို့ စီစဉ်ထားတဲ့အတိုင်း မိသားစုကြီးငါးခုရဲ့ မျိုးဆက်သစ် လူငယ်အားလုံးကို တစ်နေရာတည်းမှာ သတ်ပစ်နိုင်မှာပါ"
တန်ဂျူဆွန်းက စိတ်မကောင်းသော မျက်နှာဖြင့် ပြောသည်။
"ကလေးတွေ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပေမဲ့ သူတို့ရဲ့ နောက်ကွယ်က ဘယ်သူလဲဆိုတာ မသိလိုက်ရတာ စိတ်မကောင်းစရာပါ"
"သူတို့က ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ဖတ်နေတာပါ... ဒါက ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ"
"ကျွန်တော်တို့က တစ်ဦးနဲ့တစ်ဦး အမဲလိုက်နေကြတာပါ။ ဒါပေမဲ့ မာရ်နတ်ဂိုဏ်းချုပ်က ဒီလောက်ထိ ပြင်းထန်တဲ့ ထိုးစစ်ကို လုပ်လာလိမ့်မယ်လို့ မထင်ထားမိဘူး"
"သူတို့ရဲ့ နောက်ကွယ်က ဘယ်သူလဲဆိုတာ မသိရပေမဲ့ ကျွန်တော်တို့ရဲ့ ကနဦး ရည်မှန်းချက်ကိုတော့ အောင်မြင်ခဲ့လို့ စီမံကိန်းက ကျရှုံးတာတော့ မဟုတ်ပါဘူး"
"ကနဦး ရည်မှန်းချက် ဟုတ်လား"
တန်ဂျူဆွန်းနှင့် ဂွန်ဆွန်းဆူတို့ နားမလည်နိုင် ဖြစ်နေချိန်တွင် နမ်ဂုန်းမူယော့က လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားလိုက်သည်။
"သူတို့ဆီကနေ နောက်ကွယ်က ဘယ်သူလဲဆိုတာ သိရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ ဒီအချက်ကို သုံးပြီး မာရ်နတ်ဂိုဏ်းချုပ်ကို ဖိအားပေးဖို့ စီစဉ်နေပါတယ်"
"အော်... ဟုတ်သားပဲ အဲဒီလောက် အတိုင်းအတာနဲ့ လုပ်ကြံသူတွေကို လှုပ်ရှားနိုင်တဲ့သူက မာရ်နတ်ဂိုဏ်းချုပ်ပဲ ဖြစ်မှာပါ။ ဒါကြောင့် ဒီတစ်ခါတော့ သူတို့ ငြင်းဖို့ ခက်ခဲလိမ့်မယ်"
"အခြေအနေ ငြိမ်သွားရင် သိုင်းလောက မဟာမိတ်အဖွဲ့ရဲ့ နာမည်နဲ့ အစည်းအဝေး ခေါ်ဖို့ တောင်းဆိုသွားမယ်"
"အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ထားမှ ဖြစ်မယ်"
နမ်ဂုန်းမူယော့က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။
"ဒါက ငြိမ်းချမ်းတဲ့ အစည်းအဝေးတစ်ခုတော့ ဖြစ်လာမှာ မဟုတ်ဘူး"
……..
"မိသားစုကြီးငါးခုက မျိုးဆက်သစ် လူငယ်တွေက မင်းမျှော်လင့်ထားတာထက် ပိုပြီး အားကောင်းနေလို့လား"
"မဟုတ်ပါဘူး"
"ဒါဆိုရင် ငွေရောင်တံဆိပ်ရိုက်နှိပ်သူက လုပ်ကြံသူတွေက သူတို့တာဝန်ကို မကျေပွန်ခဲ့တာလား"
"မဟုတ်ပါဘူး"
"အဲဒါမဟုတ်ရင် နမ်ဂုန်းမူယော့က မင်းရဲ့ လုပ်ငန်းစဉ်ကို ဝင်နှောင့်ယှက်လို့လား"
"မဟုတ်ပါဘူး"
ဒုန်း….
မူယုံ၏ လက်သီးမှာ စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သံ ထွက်ပေါ်လာသည်။ သိုင်းပညာကို လုံးဝ မသင်ယူဖူးသူ၏ ကျွမ်းကျင်မှုမရှိသော လက်သီးချက် ဖြစ်သော်လည်း သူ၏ ဒေါသနှင့် စိတ်ရင်းကို ခံစားမိစေရန် လုံလောက်သည်။
"ဒါဆိုရင် ဘာလို့လဲ မင်း ဘာလို့ ကျရှုံးခဲ့တာလဲ"
"ကျူးကျော်သူတစ်ယောက် ရှိနေလို့ပါ"
"ကျူးကျော်သူ ဘယ်သူက မာရ်နတ်ဂိုဏ်းချုပ်ရဲ့ ပိုက်ကွန်ကို ဆွဲဖြဲပြီး ဖမ်းမိထားတဲ့ ငါးကို လွှတ်ပေးလိုက်တာလဲ"
"ကန်ချွန်းပါ"
ကန်ချွန်းဆိုသည့် အမည်ကို ကြားလိုက်ရသည့်အခါ မူယုံ၏ မောဟိုက်နေသော အသက်ရှူသံမှာ တိတ်ဆိတ်သွားသည်။
"ကန်ချွန်း သူက မင်းကို ဝင်နှောင့်ယှက်တယ်လို့ ပြောနေတာလား"
"ကျွန်တော် မျိုးဆက်သစ် လူငယ်အားလုံးကို ခုတ်ပိုင်းဖို့ ပြင်နေတဲ့အချိန်မှာ ပျံသန်းတဲ့ဓားတစ်လက် ရောက်လာပြီး ဝင်နှောင့်ယှက်ခဲ့တာပါ"
မူယုံသည် သူ့ကို တည့်တည့်ကြည့်နေသည့် မာဆောင်ဝန်၏ မျက်လုံးနှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ မတုန်မလှုပ်သော သူ၏ မျက်ဝန်းထဲတွင် အမှန်နှင့်အမှားကို ခွဲခြား၍ မရနိုင်ပေ။
"အဲဒီကောင်လေးက တကယ်ပဲ ကြွက်တစ်ကောင်လို ပုန်းကွယ်နေပြီး ငါတို့ကို ဝင်နှောင့်ယှက်နေတာပဲ။ ပြန်တော့။ မင်းရဲ့ ကျရှုံးမှုအတွက် အပြစ်ပေးမယ့်ကိစ္စကို ဂိုဏ်းချုပ်နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်မယ်"
ခါးကိုင်း၍ ဦးညွှတ်လိုက်သည့် မာဆောင်ဝန် ထွက်ခွာသွားသည်။ မကြာမီတွင် ပိတ်ထားသော တံခါးပွင့်လာပြီး မျက်နှာကို အနက်ရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသော မာရ်နတ်ဂိုဏ်းချုပ်၏ ဆေးဘက်ဆိုင်ရာဌာနမှူး ရောက်လာသည်။
"စစ်ဆေးပြီးပြီလား"
"ပခုံးပေါ်က ထိုးသွင်းဒဏ်ရာဟာ သာမန်ဓား သို့မဟုတ် တုတ်ကဲ့သို့သော လက်နက်နဲ့ လုပ်ထားတာ မဟုတ်ပါဘူး။ တခြား ဒဏ်ရာတွေလည်း အတူတူပါပဲ"
"ပျံသန်းတဲ့ဓား ဖြစ်နိုင်ခြေက ဘယ်လောက်ရှိလဲ"
"ဆယ်ပုံကိုးပုံ... ဒါမှမဟုတ် အဲဒီထက် ပိုများပါတယ်"
"ကောင်းပြီ။ ပြန်တော့"
"အမိန့်အတိုင်းပါ"
ဆေးဘက်ဆိုင်ရာဌာနမှူး ပြန်ထွက်သွားသည့်အခါ မူယုံသည် နဖူးကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ စားပွဲအောက်ရှိ အံဆွဲထဲမှ စာတစ်စောင်ကို ထုတ်လိုက်သည်။ ၎င်းမှာ ဝူအမ် ရက်အနည်းငယ်က ပေးပို့ခဲ့သော စာဖြစ်သည်။
[ကျွန်တော် ကန်ချွန်းနဲ့ တွေ့ဆုံခဲ့ပေမဲ့ သူက ရိပ်မိသွားပြီး တိုက်ခိုက်တဲ့အတွက် ထွက်ပြေးရတဲ့အပြင် တခြားလမ်းမရှိခဲ့ပါဘူး။ သူက လက်ရှိအချိန်မှာ တစ်ယောက်တည်း လှုပ်ရှားနေပုံပဲ]
ဝူအမ်၏ စာအရ ကန်ချွန်းမှာ လက်ရှိတွင် ရှန်ရှီးဒေသ၏ တောင်ဘက်တွင် ပေါ်လာသည်ဟု ပြောထားသည်။
"ဒါပေမဲ့ မာဆောင်ဝန်ကတော့ ကန်ချွန်းက သူ့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောနေတာ..."
သူတို့နှစ်ဦးစလုံး ကန်ချွန်းနှင့် တွေ့ဆုံခဲ့သည်ဟု ပြောဆိုနေကြသဖြင့် တစ်ဦးဦးက လိမ်ညာနေခြင်းပင်။ ဝူအမ်က လိမ်ညာလေ့ မရှိပေ။
"မာဆောင်ဝန်... မင်း ဘာလို့ ငါ့ကို လိမ်နေတာလဲ ဘာလို့..."
မူယုံသည် ဝူအမ်၏ စာအဆုံးတွင် ရေးထားသော စာသားကို ပြန်ဖတ်လိုက်သည်။
[ကောလာဟလတွေအရ ကန်ချွန်းမှာ တပည့်တစ်ယောက်ရှိတယ်။ အဲဒီတပည့်ရဲ့ နာမည်က ဂျင်ဆိုဟွန်းတဲ့။ သူက ဂျင်မိသားစုရဲ့ သားဦးဖြစ်ပြီး ကန်ချွန်းဆီမှာ ၆ နှစ်ကြာ သိုင်းပညာ သင်ယူခဲ့တယ်လို့ ပြောပါတယ်]
ဝူအမ် ပေးပို့သော အချက်အလက်များအရ ကန်ချွန်း၏ ပျံသန်းသည့်ဓားနည်းစနစ်ကို သုံးနိုင်သူမှာ သူ၏ တစ်ဦးတည်းသော တပည့်ဖြစ်သူ ဂျင်မိသားစု၏ သားဦး ဂျင်ဆိုဟွန်းသာ ဖြစ်သည်။
ထိုအချက်မှာ ဂွန်ဆွန်းချုံးကို လုပ်ကြံခြင်းနှင့် မိသားစုကြီးငါးခု၏ မျိုးဆက်သစ်များကို လုပ်ကြံခြင်း လုပ်ငန်းစဉ်များတွင် ဝင်နှောင့်ယှက်သူမှာ ဂျင်ဆိုဟွန်း ဖြစ်ကြောင်း ဆိုလိုနေခြင်းပင်။
"မင်းက ဘာလို့ သူ့ကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတာလဲ သူက တကယ်ပဲ ဘယ်လိုလူလဲ..."
တွေးတောနေသည့် မူယုံ၏ ရှေ့သို့ သူ လိုအပ်နေသည့် လူတစ်ယောက် အချိန်ကိုက် ရောက်လာသည်။
ဒုန်း ဒုန်း…..
ပြင်းထန်သော ခြေလှမ်းများဖြင့် ရုံးခန်းထဲသို့ ဝင်လာသည့် သက်လတ်ပိုင်း အရွယ်ရှိသူမှာ မူယုံကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောသည်။
"မင်းတို့ တစ်ခါထပ်ပြီး ကျရှုံးတယ်လို့ ကြားလိုက်တယ်။ ဂိုဏ်းချူပ်မူ ငွေရောင်တံဆိပ်ရိုက်နှိပ်သူဆိုတာ မာရ်နတ်ဂိုဏ်းချုပ်က အလွယ်တကူ သုံးပြီး စွန့်ပစ်လို့ရတဲ့ ကိရိယာမျိုး မဟုတ်ဘူး"
"ဂိုဏ်းအုပ်ကြီး ကျွန်တော် ခင်ဗျားကို လိုအပ်နေတာနဲ့ အချိန်ကိုက် ရောက်လာတာပါပဲ"
"မင်း ငါပြောတာကို နားထောင်နေရဲ့လား"
"ကျွန်တော် ခင်ဗျားဆီကို တောင်းဆိုမှုတစ်ခု လုပ်ဖို့ စဉ်းစားနေတာပါ... မဟုတ်ဘူး ငွေရောင်တံဆိပ်ရိုက်နှိပ်သူဆီကိုပါ"
"ဒီလုပ်ငန်းစဉ် ကျရှုံးမှုကြောင့် ငွေရောင်တံဆိပ်ရိုက်နှိပ်သူအဖွဲ့က လုပ်ကြံသူ ဘယ်နှစ်ယောက် သေဆုံးသွားလဲဆိုတာ သိရဲ့လား မာဆောင်ဝန်ဆိုတဲ့ အရူးရဲ့ လက်ချက်ကြောင့် သေဆုံးသွားတဲ့သူတွေက..."
"ဂိုဏ်းအုပ်ကြီး ကျွန်တော် စကားပြောနေတယ် မဟုတ်လား"
မူယုံ၏ စကားကြောင့် ငွေရောင်တံဆိပ်ရိုက်နှိပ်သူ ဂိုဏ်းအုပ်ကြီးမှာ စကားမပြောတော့ဘဲ ပါးစပ်ပိတ်လိုက်သည်။
သူသည် သိုင်းပညာကို တစ်ခါမျှ မသင်ယူဖူးသော သာမန်လူတစ်ယောက် ဖြစ်သော်လည်း မိစ္ဆာလမ်းစဉ်ဂိုဏ်းခွဲတွင် မည်သူမျှ မထိရဲသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
အသက်အရွယ်ကြီးရင့်သူမှာ ငွေရောင်တံဆိပ်ရိုက်နှိပ်သူ ဂိုဏ်းအုပ်ကြီးကို သူ၏ ထူးခြားသော မျက်ဝန်းဖြင့် စိုက်ကြည့်ကာ ပြောသည်။
"ငါ ပြောတဲ့သူကို သတ်ပစ်လိုက်"
"...ဘယ်သူလဲ"
ငွေရောင်တံဆိပ်ရိုက်နှိပ်သူ ဂိုဏ်းအုပ်ကြီး၏ မေးခွန်းကြောင့် မူယုံသည် စုတ်တံကို ယူကာ လူတစ်ယောက်၏ နာမည်ကို ရေးလိုက်သည်။ ၎င်းကို လက်ခံရရှိလိုက်သည့် ငွေရောင်တံဆိပ်ရိုက်နှိပ်သူ ဂိုဏ်းအုပ်ကြီးမှာ နားမလည်နိုင်ဟန်ဖြင့် ထိုနာမည်ကို ညည်းတွားလိုက်သည်။
"ဂျင်မိသားစုရဲ့ သားဦး... ဂျင်ဆိုဟွန်း"