← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း။ ၃၅

"နားလည်ပါပြီ။ သခင်လေးဂျင် အဆင်ပြေပြေ အနားယူနိုင်အောင် ကျွန်မတို့ အကောင်းဆုံး ဂရုစိုက်ပေးပါ့မယ်"

"ဟုတ်ကဲ့ သခင်မလေး"

တည်းခိုဆောင်ကို တာဝန်ယူထားသည့် အစေခံများကို ကျောခိုင်းလာပြီးနောက် နမ်ဂုန်းဆွန်းလုသည် အသာအယာ သက်ပြင်းချလိုက်သည်။

လွန်ခဲ့သည့် လေးရက်အတွင်း ဂျင်ဆိုဟွန်းမှာ နေ့လည်မှ နိုးလာတတ်ပြီး နေ့လည်စာ စားပြီးနောက် အပြင်သို့ ထွက်သွားကာ ညနေရောက်မှ ပင်ပန်းနွမ်းနယ်လျက် ပြန်လာတတ်သည်။

သူ ဘာတွေ လုပ်နေမှန်း မသိရသလို သူနဲ့တွေ့ဖို့ ကြိုးစားနေသည့် နမ်ဂုန်းဆွန်းလုမှာလည်း အကြိမ်တိုင်း လှည့်ပြန်ခဲ့ရသည်။

တည်းခိုဆောင်မှ ပြန်ထွက်လာသည့် နမ်ဂုန်းဆွန်းလုထံသို့ ရင်းနှီးသော မျက်နှာတစ်ခု ချဉ်းကပ်လာသည်။

"အစ်မ"

"ဆိုယုံလား ဘာကိစ္စရှိလို့လဲ"

နမ်ဂုန်းဆိုယုံ…..

အသက် ၁၁ နှစ်သာ ရှိသေးသည့် မိန်းကလေးငယ်၏ အသွင်အပြင်ကြောင့် နမ်ဂုန်းဆွန်းလုမှာ အံ့ဩသွားသည်။ နမ်ဂုန်းဆွန်းလု၏ ရှေ့တည့်တည့်သို့ ရောက်လာပြီးနောက် နမ်ဂုန်းဆိုယုံသည် တောက်ပစွာ ပြုံးလျက် ပြောသည်။

"ဦးလေး... အာ... အာ မဟုတ်ဘူး။ မိသားစုခေါင်းဆောင်က အစ်မကို ခေါ်ခိုင်းလိုက်တယ်"

သူမ၏ နှုတ်ခမ်းကို ပြန်ရိုက်ပြီး ရှက်ရွံ့စွာ ပြုံးနေသည့် နမ်ဂုန်းဆိုယုံ၏ ခေါင်းကို အသာပွတ်သပ်ပေးလိုက်ပြီးနောက် နမ်ဂုန်းဆွန်းလုမှာ နမ်ဂုန်းမူယော့ထံသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ သူမရောက်လာသည့်အခါ နမ်ဂုန်းမူယော့က အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။

"အို... ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ"

"မိသားစုခေါင်းဆောင် ကျွန်မကို ခေါ်ခိုင်းတယ်လို့ ကြားလို့ပါ"

"ငါလား"

နမ်ဂုန်းမူယော့က ကစားဟန်ဖြင့် ဘာမျှမသိသလို ဟန်ဆောင်နေချိန်တွင် နမ်ဂုန်းဆွန်းလုက လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ငိုတော့မလို မျက်လုံးများဖြင့် အူကြောင်ကြောင် ဖြစ်နေသည့် နမ်ဂုန်းဆိုယုံကို တွေ့လိုက်ရသည်။

"ဟားဟားဟား ဟုတ်တယ်။ ငါ ဆိုယုံကို မင်းကို ခေါ်ခိုင်းလိုက်တာ"

"သိပါတယ်ရှင်"

"ဟွန်း... ဆိုယုံ လုပ်ဆောင်ချက် ကောင်းတယ်။ မင်း အဖေကို မင်းနဲ့အတူ ပန်းခြံသွားဖို့ ငါ အမိန့်ပေးလိုက်မယ်"

"ဝါး ကျေးဇူးတင်ပါတယ် ဦး... မဟုတ်ဘူး မိသားစုခေါင်းဆောင်"

ခါးကိုင်း၍ နှုတ်ဆက်ကာ ခြေလှမ်းငယ်လေးများဖြင့် ထွက်ခွာသွားသော နမ်ဂုန်းဆိုယုံကို ကြည့်နေသည့် နမ်ဂုန်းမူယော့၏ အကြည့်က နမ်ဂုန်းဆွန်းလုဆီသို့ ပြန်ရောက်လာသည်။

"ကျွန်မကို ဘာကိစ္စနဲ့ ခေါ်တာလဲ"

သူမ၏ အေးစက်သော အမူအရာကြောင့် နမ်ဂုန်းမူယော့မှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။

"လမ်းနည်းနည်း လျှောက်ကြရအောင်"

ထိုသူနှစ်ဦးသည် အတွင်းပိုင်း အဆောက်အအုံနောက်ရှိ လမ်းလျှောက်လမ်းတစ်လျှောက် ဘေးချင်းယှဉ်၍ လျှောက်သွားကြသည်။ အချိန်အတော်ကြာ လျှောက်သွားပြီးနောက် နမ်ဂုန်းမူယော့က စတင် စကားပြောသည်။

"မင်းနဲ့ လမ်းလျှောက်တာ ကြာပြီနော်။ မင်း ငယ်ငယ်ကဆိုရင် ငါတို့ အမြဲ လမ်းလျှောက်လေ့ ရှိကြတယ်"

"အတိအကျပြောရရင်... အမေ ရှိစဉ်အခါကပေါ့"

နမ်ဂုန်းဆွန်းလု၏ ပါးစပ်မှ အမေဟူသည့် စကားလုံး ထွက်လာသည့်အခါ နမ်ဂုန်းမူယော့၏ မျက်နှာမှာ တောင့်တင်းသွားသည်။

"အဖေ့ကို ကျွန်မ အပြစ်မတင်ပါဘူး။ ဒါပေမဲ့..."

သူမ စကားကို ဆက်မပြောနိုင်တော့ပေ။ နမ်ဂုန်းမူယော့က သူမ၏ ပခုံးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"ငါ သိပါတယ်။ ဘာလို့လဲဆိုတော့ ငါလည်း မင်းခံစားရသလိုပဲ ခံစားရလို့ပါ"

နမ်ဂုန်းဆွန်းလုသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

တစ်ချိန်က သိုင်းလောကတွင် မငြိမ်မသက် ဖြစ်ခဲ့ရသည့် ကာလတစ်ခု ရှိခဲ့ဖူးသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က ဖြစ်ပွားခဲ့သော စစ်ပွဲတွင် တာအိုလမ်းစဉ်ကို ကိုယ်စားပြုသည့် သိုင်းလောက မဟာမိတ်အဖွဲ့နှင့် မိစ္ဆာလမ်းစဉ်ဂိုဏ်းခွဲများ၏ ဗဟိုချက်ဖြစ်သည့် မင်ဂိုဏ်းတို့မှာ သိုင်းလောက၏ အချုပ်အခြာအာဏာအတွက် စစ်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ကြသည်။

ထိုစစ်ပွဲတွင် တာအိုလမ်းစဉ်ကိုကိုယ်စားပြုသည့် သိုင်းလောကက အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်လည်း သိုင်းလောကတွင် ငြိမ်းချမ်းရေး ရရှိလာသည်ဟု ထင်မှတ်ခဲ့ရသည်။

သို့သော် ငြိမ်းချမ်းရေးဆိုသည်မှာ လွယ်လွယ်ကူကူ ရနိုင်သည့်အရာ မဟုတ်ပေ။ စစ်ပွဲပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူများစွာ၏ သွေးများ ထပ်မံ စီးဆင်းခဲ့ရပြီး နမ်ဂုန်းမိသားစုလည်း ထိုထဲတွင် ပါဝင်ခဲ့ရသည်။

ခြောက်ကပ်နေသည့် ကောင်းကင်ကို မော့ကြည့်နေသည့် နမ်ဂုန်းမူယော့သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

"ဂျင်မိသားစုက ဂျင်ဆိုဟွန်းအကြောင်း မင်း ဘယ်လို ထင်လဲ"

"ဘယ်လို ထင်ရမှာလဲ... ဘာကို ဆိုလိုတာလဲ"

"မင်း အဲဒီတည်းခိုဆောင်ကို သွားနေတယ်ဆိုတာ ငါ သိတယ်။ အဲဒီကို သွားရတဲ့ အကြောင်းရင်းက ဂျင်ဆိုဟွန်းဆိုတဲ့ လူကို တွေ့ချင်လို့ မဟုတ်ဘူးလား"

"ဟုတ်ပါတယ်"

နမ်ဂုန်းဆွန်းလုမှာ ငြင်းဆန်ရန်ပင် မကြိုးစားခဲ့ပေ။ သူမ၏ ဝန်ခံချက်ကြောင့် နမ်ဂုန်းမူယော့မှာ ဝမ်းသာသလို ခါးသီးသလို ဖြစ်သွားသည်။

သူ့လက်ထဲတွင်သာ အမြဲရှိနေမည်ဟု ထင်ထားသည့် ငှက်ကလေးမှာ လွတ်လပ်စွာ ပျံသန်းနိုင်လောက်အောင် ကြီးပြင်းလာပြီဟု သူ ခံစားလိုက်ရသည်။ အိမ်အပြင်သို့ ထွက်ခွာရမည့် အချိန် ရောက်လာပြီဖြစ်သည်။

မင်းရဲ့ လမ်းကြောင်းမှာ အဖော်ပြုပေးမယ်။

နမ်ဂုန်းမူယော့မှာ ထိုစကားကို အပြင်သို့ ထုတ်မပြောသော်လည်း နမ်ဂုန်းဆွန်းလုအတွက်ပင် ဂျင်ဆိုဟွန်းနှင့် လောင်းကစားကို အနိုင်ရရန် ကြိုးစားနေသည်။ သူနှင့် မတူညီသော မရိုးသားသည့် နည်းလမ်းကို သုံးရမည်ဆိုလျှင်ပင်။

မင်းတော့ ငါ့ကို ဘယ်တော့မှ အနိုင်မရနိုင်ဘူး ဂျင်ဆိုဟွန်း။

……

ကတိပေးထားသည့်နေ့သို့ ရောက်လာခဲ့သည်။

နေ့လည်ခင်းကို ကျော်လွန်နေပြီဖြစ်သော်လည်း နမ်ဂုန်းမူယော့မှာ မနက်စောစောကတည်းက နိုးနေခဲ့ပြီး သတ်မှတ်ထားသည့်အချိန် ရောက်ရှိလာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။

အချိန်ရောက်သည်နှင့် သူသည် မြားတစ်စင်းအလား အမြန်ဆုံး ပြေးသွားလိုက်သည်။

သို့သော်လည်း သူရောက်သောအခါ ဂျင်ဆိုဟွန်းမှာ ထိုနေရာတွင် ရှိနှင့်နေနှင့်ပြီ ဖြစ်သည်။

"ဟင်... သူ လက်လျှော့လိုက်တာလား"

ဂျင်ဆိုဟွန်းမှာ ထိုင်လျက် အိပ်ပျော်နေပြီး သူ၏ရှေ့ရှိ ကြေးအိုးပေါ်ရှိ တုတ်တံမှာ မူလအတိုင်း ရှိနေဆဲပင်။

နောက်ဆုံးတော့ သူ ကျရှုံးသွားတာပဲ ဖြစ်မယ်။

အမှန်စင်စစ်တွင် ဤအရွယ်ရှိ လူငယ်သိုင်းသမားတစ်ယောက်အနေဖြင့် အရာဝတ္ထုမဲ့ ထိန်းချုပ်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဂျင်ဆိုဟွန်း ကျရှုံးခြင်းမှာ မျှော်လင့်ထားသည့် ရလဒ်သာ ဖြစ်သည်။

ဒါပေမဲ့ နောက်ဆုံးအချိန်အထိ အကောင်းဆုံး ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။

မဖြစ်နိုင်မှန်း သိလျက်နှင့် နောက်ဆုံးအချိန်အထိ အကောင်းဆုံး လုပ်ဆောင်ပေးစေချင်သည့် နမ်ဂုန်းမူယော့၏ စိတ်မှာ လောဘကြီးလွန်းနေခြင်းပင်။

ဂျင်ဆိုဟွန်း အလွန်လျင်မြန်စွာ လက်လျှော့လိုက်သည်ဟု ထင်မြင်မိသောကြောင့် သူ အတော်လေး စိတ်ပျက်မိသည်။

"ဟေ့ကောင် ထတော့ နေတောင် မင်းခေါင်းပေါ် ရောက်နေပြီ"

နမ်ဂုန်းမူယော့၏ ဟိန်းဟောက်သံကြောင့် နိုးလာသည့် ဂျင်ဆိုဟွန်းမှာ မျက်လုံးကို ပွတ်သပ်ရင်း ထလာသည်။

"ဒါနဲ့... ငါးရက်အတွင်း တိုးတက်မှု တစ်စုံတစ်ရာ ရှိခဲ့လား"

ရလဒ်ကို သိနေသော်လည်း မသိဟန်ဆောင်ကာ မေးလိုက်သောအခါ ဂျင်ဆိုဟွန်းမှာ စောင့်ဆိုင်းနေသည့်အလား မကျေနပ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဒါက အရမ်းလွန်လွန်းတယ်"

"လွန်လွန်းတယ်လို့ သိရင် မင်း လောင်းကစားကို လက်မခံခဲ့သင့်ဘူး။ အခုမှ စကားကို ပြန်ရုပ်သိမ်းမလို့လား"

"အင်း... ဒါပေမဲ့ အဲဒါက အရမ်းလေးလွန်းတယ်"

ဂျင်ဆိုဟွန်း လက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်သောအခါ နမ်ဂုန်းမူယော့မှာ နားမလည်နိုင်သလို ဖြစ်သွားသည်။ တုတ်တံတစ်ချောင်းဆိုသည်မှာ အရာဝတ္ထုမဲ့ ထိန်းချုပ်မှုဖြင့် ရွှေ့ရန်အတွက် အလေးပင် ဖြစ်နိုင်သော်လည်း ဒီလောက်ထိ ဒေါသထွက်စရာ မျက်လုံးများဖြင့် ကြည့်ရမည့် အခြေအနေ မဟုတ်ပေ။

"အဲဒါက လေးတယ် ဟုတ်လား"

"ဟုတ်တယ်လေ အဲဒါကိုတောင် မနည်းရွှေ့ထားရတာ။ ဒါတောင် မရွှေ့နိုင်ဘူး ဖြစ်နေတာ အခု အဲဒီ အရာဝတ္ထုမဲ့ ထိန်းချုပ်မှုဆိုတာနဲ့ ဆွဲခိုင်းသေးတယ်... ငါးရက်လုံးလုံး သေမတတ် ကြိုးစားခဲ့ရတာ နောက်ဆုံးကျတော့ ဒီလောက်တောင် မရွှေ့နိုင်ခဲ့ဘူး..."

ဂျင်ဆိုဟွန်း၏ နားမလည်နိုင်ဖွယ် စကားလုံးများကြောင့် နမ်ဂုန်းမူယော့မှာ အံ့ဩသော မျက်နှာဖြင့် ကြေးအိုးဆီသို့ လျှောက်သွားလိုက်သည်။

တွေးကြည့်တော့...

ကြေးအိုးမှာ မူလနေရာထက် အနည်းငယ် ရွေ့လျားနေသည်။

မဟုတ်ဘူး... အဲဒါ... အဲဒါ မဖြစ်နိုင်ဘူး။

နမ်ဂုန်းမူယော့ ကြေးအိုးနောက်သို့ သွားကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် ကြေးအိုးကို ဆွဲငင်ထားသကဲ့သို့ အမှတ်အသားများ ကျန်ရစ်နေသည်။

အကွာအဝေးမှာ နှစ်လှမ်းကျော်မျှ ရှိသည်။

သူက ပိဿာချိန် နှစ်ရာကျော်ရှိတဲ့ ကြေးအိုးကို အရာဝတ္ထုမဲ့ ထိန်းချုပ်မှုနဲ့ ဆွဲရွှေ့လိုက်တာလား ဒီလောက် အကွာအဝေးအထိလား

အနည်းငယ် ရွေ့သွားရုံနှင့်ပင် အံ့ဖွယ်ဖြစ်နေပြီ ဖြစ်ရာ နှစ်လှမ်းကျော် ဆွဲယူနိုင်ခြင်းမှာ မယုံနိုင်စရာ ကိစ္စဖြစ်သည်။

"မင်း ဒီကြေးအိုးကို ရွှေ့လိုက်တာလား"

"အဲဒါ လောင်းကစားရဲ့ စည်းကမ်းချက်လေ"

အို ဘုရားသခင်ရေ….

နမ်ဂုန်းမူယော့က သူကို ရွှေ့စေချင်ခဲ့သည်မှာ ကြေးအိုးပေါ်ရှိ တုတ်တံသာ ဖြစ်သည်။

သဲများထဲမှ ဆွဲထုတ်နိုင်ခဲ့လျှင် ဂျင်ဆိုဟွန်း၏ အနိုင်ဖြစ်မည်ပင်။

အကယ်၍ သူသာ အောင်မြင်ခဲ့လျှင် ငါက ကြေးအိုးကို ရွှေ့ဖို့ ပြောတာဟု အတင်းအကျပ် ဆင်ခြေပေးရန် စီစဉ်ထားခဲ့ခြင်းပင်။

သို့သော် ဂျင်ဆိုဟွန်းမှာ တုတ်တံကို မရွှေ့ဘဲ ကြေးအိုးတစ်လုံးလုံးကို ရွှေ့ပြလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မင်း ငါ့ကို လိမ်နေတာ ဖြစ်ရမယ်။ မင်း ဒီကြေးအိုးကို ရွှေ့လိုက်တာလား"

"မိသားစုခေါင်းဆောင် ကျွန်တော် ဘာလို့ လိမ်ရမှာလဲ ကျွန်တော် ဘာအကျိုးအမြတ် ရမှာမို့လို့လဲ"

"ဒါဆို ပြလုပ်ပြစမ်း မင်း လုပ်နိုင်ခဲ့ရင် ထပ်လုပ်ပြနိုင်ရမယ်"

လက်ပိုက်ကာ နောက်ဆုတ်လိုက်သော နမ်ဂုန်းမူယော့ကို ဂျင်ဆိုဟွန်းက သက်ပြင်းချကာ လက်ဆန့်ထုတ်လိုက်သည်။

သူတို့ နှစ်ဦး၏ အကြည့်တို့မှာ ကြေးအိုးပေါ်တွင် တစ်ပြိုင်နက်တည်း ရောက်ရှိသွားသော်လည်း အချိန်အတော်ကြာသည်အထိ ကြေးအိုးမှာ မရွေ့လျားပေ။

သိသားပဲ ဒီကောင်လေးက လက်နဲ့ ရွှေ့ပြီး ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာ...

ဒုန်း

လုံးဝ မရွေ့လျားတော့ဘူးဟု ထင်ရသော ကြေးအိုးမှာ ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။ ကြမ်းပြင်ပေါ်တွင် ဆွဲငင်ကာ ဖြည်းညှင်းစွာ ရွေ့လျားနေသည့် ကြေးအိုးကို ကြည့်ရင်း နမ်ဂုန်းမူယော့မှာ လက်ပိုက်ထားရာမှ လက်ဖျံကို ဖြေလျော့လိုက်ပြီး ပါးစပ်ပင် ဟသွားသည်။

"ဟူး သေတော့မယ်….မောလိုက်တာ…."

ကြေးအိုးကို ရွှေ့နိုင်ခဲ့သည့် ဂျင်ဆိုဟွန်းမှာ အမောတကောဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်သည်။

"တစ်ရက်စာအတွက်တော့ ဒါ အများဆုံးပဲ။ အတွင်းအား ဘယ်လောက်ပဲ ထုတ်သုံးသုံး ဒါက အများဆုံးပဲ။ ကျွန်တော်က အဆင့်နိမ့် သိုင်းသမားပဲ ဖြစ်သေးလို့ ထင်တယ်"

"..."

"ကျွန်တော် လောင်းကစားမှာ ရှုံးသွားပြီ... ဒါကြောင့် ခင်ဗျားရဲ့ အကူအညီကို ပြောပါတော့"

"မင်း..."

"ဘာလဲ ကျွန်တော် မကြားရဘူး မိသားစုခေါင်းဆောင်"

"မင်း လောင်းကစားမှာ နိုင်သွားပြီ"

"ဒါပေမဲ့... ကျွန်တော် အဲဒီလောက်အထိ မဆွဲနိုင်ခဲ့ဘူးလေ"

"မင်း နိုင်သွားပြီဆိုတာပဲ မှတ်ထားလိုက်ပါ။ ဂုဏ်ယူပါတယ်။ အရာဝတ္ထုမဲ့ ထိန်းချုပ်မှုရဲ့ အနှစ်သာရကို သိသွားပြီဆိုတော့ နောက်ထပ် ဘာမှ လိုတော့မှာ မဟုတ်ဘူး"

ထိုစကားကို ပြောပြီးနောက် နမ်ဂုန်းမူယော့မှာ နောက်လှည့်ကာ ထွက်သွားသည်။ ဂျင်ဆိုဟွန်းမှာ အံ့ဩမှုနှင့်အတူ ပါးပြင်ကို ကုတ်လိုက်သည်။

"ငါ တစ်ခုခု မှားလုပ်မိလို့လား"

ဘာကြောင့် မှားသည်ကို သူ နားမလည်သော်လည်း လောင်းကစားတွင် နိုင်သွားခြင်းမှာ အရေးအကြီးဆုံးပင်။

"ဟူး ကံကောင်းလိုက်တာ နောက်ထပ် ဘာခိုင်းဦးမလဲဆိုပြီး စိတ်ပူနေခဲ့တာ။ နောက်ဆို ပျံသန်းတဲ့ဓားတွေကို လိုက်ကောက်စရာ မလိုတော့ဘူး"

စိတ်ကြည်လင်နေသည့် ဂျင်ဆိုဟွန်းသည် လက်ဟန်ဖြင့် ကြေးအိုးပေါ်ရှိ တုတ်တံကို ဆွဲယူလိုက်ပြီး လွင့်ပစ်လိုက်သည်။ ပျံသန်းသောဓားကဲ့သို့ လွင့်စင်သွားသည့် တုတ်တံမှာ သစ်ပင်တစ်ခုပေါ်တွင် စိုက်ဝင်သွားသဖြင့် ဂျင်ဆိုဟွန်းမှာ တောက်ပစွာ ပြုံးလိုက်သည်။

"ဒါကို စောစောကတည်းက သင်ထားခဲ့သင့်တာ အရမ်း အဆင်ပြေတာပဲ"

သူမ၏ တည်းခိုဆောင်သို့ ပြန်ရောက်လာသည့် နမ်ဂုန်းမူယော့သည် တစ်ယောက်တည်း နေလိုကြောင်း ပြောဆိုကာ ပတ်ဝန်းကျင်ရှိသူ အားလုံးကို ပြန်လွှတ်လိုက်သည်။

ကုတင်ပေါ်တွင် လှဲမအိပ်ဘဲ ကုတင်ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို တင်းတင်းစေ့ထားလိုက်သည်။

သူ့အရွယ်တုန်းက ငါဆိုရင် ဓားချီစွမ်းအင်ထုတ်နိုင်တာနဲ့တင် ပါရမီရှင်လို့ အခေါ်ခံခဲ့ရတာ။

ဓားချီစွမ်းအင်ကို အောင်မြင်စွာ ပိုင်ဆိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိချိန်တွင် နမ်ဂုန်းမိသားစုက ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး ပါရမီရှင်တစ်ဦး မွေးဖွားလာပြီဟုဆိုကာ အောင်ပွဲခံခဲ့ကြသည်။ နမ်ဂုန်းမူယော့ကိုယ်တိုင်လည်း ထိုသို့ပင် ထင်မှတ်ခဲ့သည်။

ထိုအချိန်က သူသည် ပါရမီရှင်ဟု ခေါ်ဆိုနိုင်လောက်အောင် ထူးချွန်သူ ဖြစ်ခဲ့သည်။

ထို့နောက် မကြာမီမှာပင် တာအိုလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်စစ်ပွဲဖြစ်ပွားခဲ့သည်။ အားမာန်အပြည့်ရှိသော နမ်ဂုန်းမူယော့သည် နမ်ဂုန်းမိသားစုနှင့် သိုင်းလောက မဟာမိတ်အဖွဲ့၏ အလံများအောက်တွင် မင်ဂိုဏ်းမှ သိုင်းသမားများနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း မင်ဂိုဏ်း၏ အင်အားမှာ အရည်အချင်းရှိသော လူငယ်သိုင်းသမားတစ်ဦးအတွက်မူ အလွန်ပင် ကြီးမားလွန်းလှသည်။ အထူးသဖြင့် ထိုစဉ်က မင်ဂိုဏ်း၏ ခေါင်းဆောင်ငယ်ဖြစ်သူ ဒါယီဂန်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ မည်းနက်သော မိစ္ဆာချီစွမ်းအင်များ ပျံ့လွင့်နေသည့် ဓားကို ဝှေ့ယမ်းကာ သိုင်းလောက မဟာမိတ်အဖွဲ့မှ သိုင်းသမားများကို စာရွက်များကဲ့သို့ ခုတ်ပိုင်းနေသည့် ဒါယီဂန်း၏ ရှေ့မှောက်တွင် နမ်ဂုန်းမူယော့မှာ လုံးဝ အင်အားနည်းပါးနေခဲ့သည်။

ငါ ကြောက်လန့်တုန်ရီပြီး ကိုယ့်ရဲ့ အားနည်းချက်ကို သိလိုက်ရတယ်။

ဒါယီဂန်းနှင့် ရင်ဆိုင်ရန်ပင် မရဲဘဲ တုန်ရီနေချိန်တွင် ချွန်ယူဆင် ပေါ်လာခဲ့သည်။

နမ်ဂုန်းမူယော့ကဲ့သို့ပင် ငယ်စဉ်ကတည်းက ပါရမီရှင်ဟု အခေါ်ခံခဲ့ရသည့် ချွန်ယူဆင်သည် ဒါယီဂန်းကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့ပြီး အချက်ပေါင်း ရာချီ အပြန်အလှန် တိုက်ခိုက်ပြီးနောက် ခေါင်းကို ဖြတ်နိုင်ခဲ့သည်။

ထိုအချိန်တွင် နမ်ဂုန်းမူယော့မှာ မွေးရာပါ ပါရမီနှင့် အဆင့်အတန်း၏ ခြားနားမှုကို အပြည့်အဝ ခံစားခဲ့ရသည်။

ပါရမီရှင်အထက်မှာ ပါရမီရှင် ရှိသေးတယ်ဆိုတာကို ငါ ဝန်ခံရတော့မယ်။

ကောင်းကင်ထက် မြင့်မားသော နေရာတစ်ခု ရှိသေးကြောင်း သူ ထိုအချိန်က သိလိုက်ရသည်။

"စိတ်ဝင်စားဖို့ ကောင်းလာပြီ ချွန်ယူဆင်"

နမ်ဂုန်းမူယော့က စေ့ထားသော မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"မင်းကို ကျော်ဖြတ်နိုင်မယ့် ပါရမီရှင်တစ်ယောက် မွေးဖွားလာပြီ ထင်တယ်။ ပြီးတော့ အဲဒါက... သိုင်းမျိုးနွယ်စုက မဟုတ်ဘဲ ကုန်သည်မျိုးနွယ်စုကပဲ"

"အခုပဲ အိမ်ပြန်ကြရအောင်လား"

သူ ကြားခဲ့ရသမျှထဲတွင် အပျော်ရွှင်ဆုံး သတင်းဖြစ်သည်။ နမ်ဂုန်းမူယော့ကြောင့် သူသည် ကောင်းကင်လက်နှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု အချို့ကို ရရှိခဲ့ပြီ ဖြစ်သည်။ အခုဆိုလျှင် ထိုနေရာတွင် ဘာအလုပ်မှ မကျန်တော့သဖြင့် ဂျင်ဆိုဟွန်းမှာ မိသားစု အိမ်တော်သို့ အမြန်ဆုံး ပြန်ချင်နေပြီ ဖြစ်သည်။

"နောက်ဆုံးတော့ ဦးလေးယူရဲ့ ပန်းသီးတွေကို စားရတော့မယ်"

သွားများပင် ဆွေးမြည့်သွားမလားဟု စိုးရိမ်ရလောက်အောင် ချိုမြိန်လွန်းသည့် ဦးလေးယူ၏ ပန်းသီးများပင်။

စားသောက်ခြင်းကို စိတ်မဝင်စားသည့် ဂျင်ဆိုဟွန်းအတွက် ပျင်းရိခြင်းနှင့်အတူ စွဲလမ်းမိသော တစ်ခုတည်းသောအရာမှာ ဦးလေးယူ၏ အသီးများပင်။

"အွန်း အိမ်ပြန်ပြီး ကိစ္စတွေကို စီစဉ်ရမယ်။ ဒီတစ်ခေါက်တော့ အများကြီး အောင်မြင်ခဲ့တယ်"

ဂျင်ဂါဟွန်းမှာ ကုန်သည်တစ်ယောက် ဖြစ်ရသည်ကိုပင် အသက်မွေးဝမ်းကျောင်းဟု သတ်မှတ်ထားသလိုမျိုး နမ်ဂုန်းမိသားစုတွင် အနားမယူဘဲ အလုပ်ရှုပ်နေခဲ့သော်လည်း သူမ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသည်။

ဂျင်ဆိုဟွန်းက ညီမဖြစ်သူ၏ မျက်နှာကို ကျေနပ်စွာ ကြည့်နေပြီးမှ အမောတကော ရောက်လာသည့် စီးယုကို နှုတ်ဆက်ရတော့သည်။

"သခင်လေး ကျွန်မရဲ့ ပိုက်ဆံအိတ်ကို နောက်တစ်ခါ ထပ်ခိုးသွားတာမလား"

"ငါလား"

ဒါများ မသိသလို ဟန်ဆောင်နေလိုက်ရုံပေါ့ …..

"ဟုတ်တယ် ကျွန်မရဲ့ ပိုက်ဆံအိတ်ကို လိုချင်မက်မောမယ့်သူဆိုလို့ သခင်လေး တစ်ယောက်ပဲ ရှိတာ"

စီးယုမှာ ချွန်ထက်သော အငြင်းအခုံများကို လက်နက်သဖွယ် ကိုင်စွဲကာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြေးဝင်လာသည်။

"ကျွန်မရဲ့ ပိုက်ဆံအိတ်ကို ဘာလုပ်လိုက်တာလဲ"

"ဒ…ဒါ…လေ"

ဂျင်ဆိုဟွန်း ဆန့်ထုတ်ပြလိုက်သည်မှာ အထဲတွင် ဘာမျှမကျန်တော့ဘဲ သားရေချောင်းသာ ကျန်တော့သည့် ပိုက်ဆံအိတ် ဖြစ်သည်။

"အား ကျွန်မရဲ့ သွေးချွေးနဲ့ ရင်းနှီးထားတဲ့ငွေတွေ မြန်မြန် ပြန်ပေးစမ်း ထွေးထုတ်ပေး"

စီးယုမှာ ကျားမတစ်ကောင်ကဲ့သို့ ပြေးဝင်လာပြီး ဂျင်ဆိုဟွန်းမှာလည်း ထိုသားရဲငယ်လေးထံမှ ထွက်ပြေးရတော့သည်။

"အိမ်ပြန်ရောက်မှ ပေးမယ် ငါ ပေးမှာပါ"

"ခြောက်ဆပေးရမယ်"

"နေ့ခင်းကြောင်တောင် ဓားပြတိုက်တဲ့သူ"

"သခင်လေးကမှ နေ့ခင်းကြောင်တောင် ဓားပြတိုက်တဲ့သူ"

စီးယုနှင့် ဂျင်ဆိုဟွန်းတို့ စကားများနေချိန်တွင် ဂျင်ဂါဟွန်းက တည်းခိုဆောင်သို့ ရောက်ရှိလာသည့် ဧည့်သည်များကို တွေ့လိုက်ရသည်။

"လာပါ သခင်မလေးနမ်ဂုန်း"

All Chapters