အခန်း ၃၆
Vol. 4 Ch. 36
အခန်း။ ၃၆
နမ်ဂုန်းဆွန်းလု အပါအဝင် မျိုးဆက်သစ် လူငယ် သုံးဦးသည် တည်းခိုဆောင်သို့ ရောက်ရှိလာကြသည်။ နမ်ဂုန်းဆွန်းလု၊ နမ်ဂုန်းဆောင်းနှင့် ဇူဂယ်မင် တို့ ဖြစ်သည်။
အဖူးအညွန့် ခြေမှုန်းရေးစီမံကိန်းတွင် အနည်းငယ်သာ ဒဏ်ရာရခဲ့ကြသော ထိုသူတို့သည် လှုပ်ရှားနိုင်သည့် အခြေအနေသို့ ရောက်သည်နှင့် ဂျင်ဆိုဟွန်းထံ လာရောက်တွေ့ဆုံခြင်းပင်။
"သက်သာရဲ့လား"
ဂျင်ဂါဟွန်း၏ မေးခွန်းကြောင့် ဇူဂယ်မင်၏ မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။
"ကျွန်တော် အဆင်ပြေပါတယ်။ အဲဒါထက် အခုမှပဲ လာရောက် နှုတ်ဆက်နိုင်တာကို ခွင့်လွှတ်ပေးပါ"
ကိုယ်ခန္ဓာတွင် ပတ်တီးများ ပတ်ထားလျက်သားဖြင့် ဇူဂယ်မင်က လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းညွှတ်လိုက်သည်။ နမ်ဂုန်းဆောင်းလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်လျက် ပြောသည်။
"ကျွန်တော်တို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးဂျင်"
နမ်ဂုန်းဆောင်းနှင့် ဇူဂယ်မင်တို့က အသက်ကယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သောအခါ ဘာမှမသိရှာသည့် ဂျင်ဂါဟွန်းနှင့် စီးယုတို့သည် ဂျင်ဆိုဟွန်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
ထိုအခါ အလန့်တကြား ဖြစ်သွားသော ဂျင်ဆိုဟွန်းက ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
"ဟားဟား... ဘာမှ မဟုတ်ပါဘူး။ မိသားစုခေါင်းဆောင်က အနားမှာ ရှိနေလို့ပါ"
ဂျင်ဆိုဟွန်းသည် သူ၏ သူရဲကောင်းဆန်သော လုပ်ရပ်ကို ဖုံးကွယ်ထားလိုက်သည်။ ဂျင်ဂါဟွန်း စိတ်ပူမည်ကို မလိုလားသောကြောင့်ပင်။
"အင်း"
တစ်ဖက်တွင် ဇူဂယ်မင်နှင့် နမ်ဂုန်းဆောင်းတို့မှာမူ နားမလည်နိုင် ဖြစ်သွားကြသည်။ ဂျင်ဆိုဟွန်းက လုပ်ကြံသူကို ရိုက်ချလိုက်ပြီးမှ နမ်ဂုန်းမူယော့ ရောက်လာခြင်း ဖြစ်သဖြင့် စကားမှာ ကိုက်ညီမှု မရှိပေ။
သို့သော်လည်း အကဲခတ်ကောင်းသော ဇူဂယ်မင်က ချက်ချင်းပင် စကားကို အသာအယာ ဆက်လိုက်သည်။
"ဒါပေမဲ့လည်း သခင်လေးဂျင်သာ မိသားစုခေါင်းဆောင်ကို မခေါ်ခဲ့ရင် ကျွန်တော်တို့ အသက်ရှင်ဖို့ ခက်ခဲမှာပါ"
"အ…..ဟုတ်ပါတယ် ဟုတ်ပါတယ်"
အခြေအနေကို ရိပ်မိသွားသော နမ်ဂုန်းဆောင်းကလည်း ရယ်မောရင်း ထောက်ခံလိုက်သဖြင့် ဂျင်ဂါဟွန်းနှင့် စီးယုတို့မှာ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဘာတွေ ဖြစ်ခဲ့သလဲတော့ မသိပေမဲ့ သခင်လေးကတော့ တကယ်ပဲ ဂုဏ်ယူစရာ ကောင်းတဲ့ အလုပ်တစ်ခု လုပ်ခဲ့တာပဲ"
"အဲဒီလိုပဲ ပြောရမှာပေါ့"
အစေခံမလေးနှင့် ရင်းနှီးစွာ စကားပြောနေသည့် ဂျင်ဆိုဟွန်းကို ကြည့်ရင်း ဇူဂယ်မင် တွေးမိသည်။
သူ့ရဲ့ သိုင်းစွမ်းရည်ကို ထုတ်မပြချင်တာပဲ။ ဒါဟာ နှိမ့်ချနေတာလား... ဒါမှမဟုတ် သူများတွေကို သူ့သိုင်းပညာ မသိစေချင်တာလား...
ဇူဂယ်မင်က ဂျင်ဆိုဟွန်း၏ အခြေအနေကို အေးဆေးစွာ အကဲခတ်သည်။ တစ်ဖက်တွင် နမ်ဂုန်းဆောင်းကမူ ဂျင်ဆိုဟွန်းမှာ သူ့ကိုယ်သူ ထုတ်မပြတတ်သည့် နှိမ့်ချသော လူတစ်ယောက်သာ ဖြစ်သည်ဟု ယူဆလိုက်သည်။
ဘာလို့လဲ ဘာလို့ ငါ ဘာမှ မပြောနိုင်တာလဲ။
လာရောက် တွေ့ဆုံသူ နမ်ဂုန်းဆွန်းလုသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဖြစ်နေရသည်ကို ထူးဆန်းနေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကတည်းက တည်းခိုဆောင်သို့ လာရာလမ်းတွင် ပြောရမည့် စကားများကို အကြိမ်ကြိမ် ပြင်ဆင်ထားခဲ့သည်။
သို့သော် ဂျင်ဆိုဟွန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါ ပျားရည်စားမိသော ငတုံးတစ်ယောက်လို စကားမပြောနိုင် ဖြစ်သွားရသည်။
နမ်ဂုန်းဆွန်းလု စိတ်လှုပ်ရှားနေချိန်တွင် တည်းခိုဆောင်၌ ညဉ့်နက်လာပြီ ဖြစ်သည်။
"ပြန်ကြရအောင်။ သူတို့နှစ်ယောက်လည်း အနားယူဖို့ လိုသေးတယ်"
နမ်ဂုန်းဆောင်း၏ စကားကြောင့် ဇူဂယ်မင်က ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်တို့မှာ တစ်ဖက်သို့ ရောက်သွားသည်။ သူတို့၏ အကြည့်ကို ခံလိုက်ရသော နမ်ဂုန်းဆွန်းလုသည် မနေနိုင်တော့ဘဲ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။
"သခင်လေးဂျင် ခဏလောက် အချိန်ပေးနိုင်မလား"
ရုတ်တရက် အဆိုပြုချက်ကြောင့် ဂျင်ဆိုဟွန်းက မျက်တောင် ခတ်လိုက်သည်။
"အင်း... ကောင်းပြီလေ"
နမ်ဂုန်းဆွန်းလု၏ တောင်းဆိုချက်အရ နှစ်ဦးသား အပြင်ဘက်သို့ ထွက်သွားသောအခါ စီးယုက ဂျင်ဂါဟွန်း၏ ဘေးသို့ ကပ်ကာ တိုးတိုးလေး ပြောသည်။
"ကြည့်စမ်း။ သခင်မလေးနမ်ဂုန်းက သခင်လေးကို ကိုယ်တိုင် ခေါ်ထုတ်သွားတယ်ဆိုတော့... အဲဒါမျိုး လုပ်တော့မယ် ထင်တယ်..."
"အဲဒါမျိုး"
"အချစ်ကို ဝန်ခံခြင်းလေ"
"ဘုရားရေ….."
ဂျင်ဂါဟွန်း၏ မျက်နှာမှာ နီရဲသွားသည်။ သူမကိုယ်တိုင်လည်း အချစ်ကို သိရှိနားလည်နိုင်သော အရွယ်ရောက် အမျိုးသမီးလေး ဖြစ်သည်။ ဂျင်ဂါဟွန်းနှင့် စီးယုတို့ စိတ်လှုပ်ရှားနေချိန်တွင် အပြင်ဘက် တဲငယ်လေး၌ နှစ်ဦးသား ရင်ဆိုင်ရပ်နေကြသည်။
"ဘာလို့... သခင်လေးရဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာလဲ"
"ကျွန်တော်လား"
"ဟုတ်တယ်။ ဘာလို့ ကျွန်မရှေ့မှာ အဲဒီလောက် ကြီးမားတဲ့ စွမ်းအားတွေ မရှိသလို ဟန်ဆောင်ခဲ့တာလဲ"
"အဲဒါက..."
"ကျွန်မရဲ့ အားနည်းတဲ့ အသိနဲ့ သခင်လေးကို တိုင်းတာခဲ့တာ တကယ်ကို ရှက်စရာ ကောင်းတယ်လို့ ထင်တယ်။ ပြီးတော့... သခင်လေး အဲဒီမှာ မရှိမှန်း သိလျက်နဲ့ လှေကို စတင်လိုက်တဲ့အတွက် ကျွန်မ ကိုယ့်ကိုကိုယ် ဒေါသထွက်ပြီး စက်ဆုပ်မိတယ်..."
ပုံမှန်အတိုင်း မဟုတ်ဘဲ နမ်ဂုန်းဆွန်းလု၏ အသံတွင် တုန်ယင်မှုများ ပါဝင်နေသည်။
"ကျွန်မရဲ့ မိုက်မဲမှုကြောင့် ရဲဘော်တွေ ဒဏ်ရာရခဲ့ရသလို အသက်လည်း ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ အကယ်၍... သခင်လေး အချိန်မီ မရောက်လာခဲ့ရင်... ကျွန်မတို့အားလုံး အဲဒီနေရာမှာတင် သေဆုံးသွားမှာ..."
လက်ယှက်ကာ နှုတ်ဆက်မည့်အစား နမ်ဂုန်းဆွန်းလုက ခါးကိုင်း၍ ခေါင်းညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ပြီးတော့ တောင်းပန်ပါတယ်။ ကျွန်မရဲ့ မိုက်မဲမှုနဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ"
"မမဟုတ်ပါဘူး။ ခင်ဗျားကို ရိုင်းတယ်လို့ တစ်ခါမှ မထင်ခဲ့ပါဘူး အားလုံး အသက်ရှင်နေတာပဲ ကံကောင်းပါတယ်"
နမ်ဂုန်းဆွန်းလု ခေါင်းမော့လိုက်ပြီး ဂျင်ဆိုဟွန်း၏ မျက်လုံးနှစ်ဖက်ကို စိုက်ကြည့်လိုက်သည်။ မုသားဆိုသည်မှာ မရှိသလောက် သန့်စင်နေသော မျက်ဝန်းများပင်။
ဘာလို့လဲ...
ဒီလောက်အဆင့်မြင့်တဲ့ လူတစ်ယောက်ဆိုရင် သူ့စွမ်းအားကို ဂုဏ်ယူပြသချင်မှာပဲ။
ဒါပေမဲ့ ဂျင်ဆိုဟွန်းက မျိုးဆက်သစ် လူငယ်တွေကို ကယ်တင်ပြီးတာတောင်မှ ကိုယ့်ကိုကိုယ် ယုံကြည်လွန်တာ ဒါမှမဟုတ် စွမ်းအားတွေကို ထုတ်ပြဖို့ မကြိုးစားခဲ့ဘူး။
နှိမ့်ချတာလား ဒါမှမဟုတ်...
ဒါဟာ အားကောင်းသူတစ်ယောက်သာ ရနိုင်တဲ့ သက်သောင့်သက်သာ ဖြစ်မှုလား။
နမ်ဂုန်းဆွန်းလုသည် သူ့၏ ထိုသက်သောင့်သက်သာ ဖြစ်မှုကို အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့အတူ တန်ဖိုးရှိသူကို ကာကွယ်ပေးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဂျင်ဆိုဟွန်းကိုလည်း အလွန် အားကျမိသည်။
"ကျွန်မ ဘယ်လိုလုပ်ရင် သခင်လေးဂျင်လို အားကောင်းလာနိုင်မလဲ"
အားကောင်းလာအောင် ဘယ်လိုလုပ်ရမလဲဟု မေးလာသော နမ်ဂုန်းဆွန်းလုကို ကြည့်ကာ ဂျင်ဆိုဟွန်းမှာ အတော်လေး လန့်သွားရှာသည်။
ငါလည်း မသိဘူး...
ဂျင်ဆိုဟွန်းသည် အားကောင်းလာဖို့အတွက် သိုင်းပညာကို တစ်ခါမျှ လေ့ကျင့်ခဲ့ဖူးသူ မဟုတ်ပေ။
သူ၏ ဆရာသုံးဦး၏ အသိအမှတ်ပြုမှုကို အမြန်ဆုံး ရယူပြီး မိသားစုဆီသို့ ပြန်သွားချင်ရုံသာ ရှိသည်။
သို့သော်လည်း ထိုအတိုင်း ပြောပြရန်မှာ နမ်ဂုန်းဆွန်းလု၏ အလေးအနက်ထားသော မျက်နှာကြောင့် မဖြစ်နိုင်ပေ။
"အင်း..."
နမ်ဂုန်းဆွန်းလု၏ အကြည့်ကြောင့် အလွန်အမင်း စိတ်ရှုပ်ထွေးသွားပြီး စိတ်ထဲရှိရာကို ဖောက်သည်ချလိုက်သည်။
"ပ….ပထမဦးဆုံး... အခြေခံကနေ ပြန်စကြည့်ရင်ကော"
"အခြေခံ"
နမ်ဂုန်းမိသားစုတွင် နမ်ဂုန်းဆွန်းလုကို အခြေခံနှင့် ပတ်သက်၍ ဆွေးနွေးပေးမည့်သူ မည်သူမျှ မရှိခဲ့ဖူးပေ။ သူမသည် ငယ်စဉ်ကတည်းက သိုင်းပညာတွင် ပါရမီထူးချွန်ခဲ့သူဖြစ်ပြီး မွေးရာပါ ပါရမီနှင့် ကြိုးစားအားထုတ်မှုတို့ဖြင့် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ထားပြီး ဖြစ်သည်။
ယခုဆိုလျှင် ထိုအုတ်မြစ်ပေါ်တွင် သိုင်းပညာမျှော်စင်ကို တည်ဆောက်ရန်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် အကယ်၍ အခြားသူတစ်ယောက်ကသာ သူမကို အခြေခံအကြောင်း ပြောခဲ့လျှင် နမ်ဂုန်းဆွန်းလု ဒေါသထွက်ခြင်း သို့မဟုတ် ဂရုမစိုက်ဘဲ နေမိမည်ပင်။
သို့သော် ဂျင်ဆိုဟွန်း၏ စကားလုံးများမှာမူ ကိုယ်အလေးချိန်ချင်း မတူညီပေ။
ငါ အခြေခံပိုင်းမှာ လိုအပ်ချက် ရှိနေတာလား။
မွေးရာပါ ပါရမီကြောင့် ငါ မောက်မာနေမိတာလား။
အခြေခံမှ စတင်ရန် ဂျင်ဆိုဟွန်း ပြောလိုက်သော စကားက နမ်ဂုန်းဆွန်းလု၏ စိတ်ထဲတွင် နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားသည်။
ငါ တစ်ခါ ကျိုးပဲ့ခဲ့ဖူးပြီ။ ဒါကြောင့် ကျိုးပဲ့သွားတဲ့ ဓားကို ပြန်ပြီး သွေးရမယ်လို့ ပြောတာပဲ ဖြစ်ရမယ်။
အကူအညီမဲ့စွာ ရှုံးနိမ့်ခဲ့ရသည့် ရှက်စရာကောင်းသော အတွေ့အကြုံမှ လွတ်မြောက်ကာ ကိုယ့်ကိုကိုယ် အစမှ ပြန်လည် ဆန်းစစ်ရန် ပြောလိုက်ခြင်းဟု နမ်ဂုန်းဆွန်းလုက အဓိပ္ပာယ် ကောက်ယူလိုက်သည်။
သူမသည် ဂျင်ဆိုဟွန်းကို စိတ်ပါလက်ပါဖြင့် လက်ယှက်၍ နှုတ်ဆက်လိုက်သည်။
"သခင်လေးဂျင်ရဲ့ သင်ကြားမှုကို နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုပြီး မှတ်သားထားပါ့မယ်။ ကျေးဇူးတင်ပါတယ်"
ငါ ဘာကို သင်ပေးလိုက်တာလဲ။
ဂျင်ဆိုဟွန်းကိုယ်တိုင်ပင် မသိလိုက်သည့် သင်ခန်းစာကို ရလိုက်သော နမ်ဂုန်းဆွန်းလု၏ မျက်နှာမှာ အနည်းငယ် တောက်ပသွားသည်။
ကောင်းတာပေါ့ ကောင်းတာပေါ့…..
အဆုံးသတ်ကောင်းလျှင် အရာအားလုံး အဆင်ပြေသည်။ ဂျင်ဆိုဟွန်းကလည်း ရှက်ရွံ့သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
"အထောက်အကူ ဖြစ်လို့ ဝမ်းသာပါတယ်"
နမ်ဂုန်းဆွန်းလုကို ဆက်ပြီး ရင်ဆိုင်ဖို့ ခက်ခဲနေသော ဂျင်ဆိုဟွန်းမှာ သူမကို တစ်ချက်စောင်းကြည့်ကာ သတိကြီးစွာဖြင့် နောက်ဆုတ်လိုက်သည်။ နမ်ဂုန်းဆွန်းလုကမူ သူမ ရရှိလိုက်သော ထိုးထွင်းသိမြင်မှုအသစ်ကို နက်ရှိုင်းစွာ တွေးတောနေပုံပင်။
"ဒဒါဆို... ကျွန်တော် သွားတော့မယ်..."
"သခင်လေးဂျင်"
"ဗျာ"
ဂျင်ဆိုဟွန်းမှာ လမ်းတစ်ဝက်တွင် အလန့်တကြား ရပ်တန့်လိုက်သည်။
"ကျွန်မ သခင်လေးဂျင်ရဲ့ နောက်ကနေ သေချာပေါက် လိုက်လာပါ့မယ်။ ပြီးတော့ တစ်နေ့ကျရင်... သခင်လေးကို ကျော်ဖြတ်ပြမယ်"
"အာ... ဟုတ်ကဲ့။ ကျွန်တော်ကတော့ အားနည်းပေမဲ့ မင်းကို အမြဲ အားပေးနေမှာပါ"
စကားပြောအပြီး ဂျင်ဆိုဟွန်းမှာ ခပ်မြန်မြန်ပင် ဦးညွှတ်၍ တည်းခိုဆောင်သို့ အမြန်ပြန်သွားလိုက်သည်။ အခန်းထဲတွင် ဂျင်ဂါဟွန်း၊ နမ်ဂုန်းဆောင်းနှင့် ဇူဂယ်မင်တို့မှာ ရင်းနှီးနေကြပြီ ဖြစ်ပြီး စီးယုမှာလည်း ဗိုက်ပြည့်အောင် စားသောက်နေသည်။
ဂျင်ဆိုဟွန်းနှင့် နမ်ဂုန်းဆွန်းလုတို့ ပြန်ရောက်လာသည့်အခါ ဂျင်ဂါဟွန်းက တစ်ခုခုကို သတိရသွားသည့်အလား ပြုံးကာ ပြောသည်။
"အာ... အစ်ကို အစ်ကို ပုလွေမှုတ်တတ်တယ်လို့ ပြောခဲ့တယ်မဟုတ်လား ကျွန်မတို့ကို တစ်ပုဒ်လောက် တီးပြပေးနိုင်မလား"
ဂျင်ဂါဟွန်းမှာ ဂျင်ဆိုဟွန်း၏ လျှို့ဝှက်ထားသော ဆွဲဆောင်မှုကို ထုတ်ဖော်ပြသရန် စိတ်ကူးဖြင့် အကြံပြုခြင်းပင်။ ထိုအခါ နမ်ဂုန်းဆောင်းနှင့် ဇူဂယ်မင်တို့၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း တောက်ပသွားသည်။
"အို... သခင်လေးဂျင်က ပုလွေပညာမှာ နက်နက်နဲနဲ သိထားတာကို မသိခဲ့ဘူး"
"အရမ်း မျှော်လင့်နေပါတယ်"
လူတိုင်း၏ မျှော်လင့်ချက်များကို ရရှိလိုက်သော ဂျင်ဆိုဟွန်းမှာ ခါးပတ်တွင် ချိတ်ထားသည့် ပုလွေကို ထုတ်လိုက်သည်။
ငါ့ရဲ့ တီးလုံးကို ပြသရမယ့် အချိန် ရောက်ပြီ။
သူ၏ ဝါသနာနှင့် ပျော်ရွှင်မှုတစ်ခုဖြစ်သော ပုလွေတီးခြင်းကို သူများတွေကို ကြားစေရမည့် အချိန် ရောက်ရှိလာပြီ ဖြစ်သည်။
စိတ်လှုပ်ရှားနေသော ဂျင်ဆိုဟွန်းက ပုလွေကို ပါးစပ်နား ကပ်လိုက်သောအခါ စိုးရိမ်တကြီး ကြည့်နေသော စီးယုမှာ ရုတ်တရက် ထခုန်လိုက်သည်။
သူမ အားတန်တကြီး မေ့ဖျောက်ထားခဲ့သော အတိတ်က အဖြစ်အပျက်ကို သတိရသွားသည်။
သခင်လေး စီးယုလည်း ပုလွေတီးတာကို နားထောင်ချင်တယ်။
ထိုနေ့က ပျင်းနေသော စီးယုက တောင်းဆိုခဲ့သဖြင့် ဂျင်ဆိုဟွန်းက ဝမ်းသာအားရ တီးပြခဲ့သည်။ တီးလုံးကို နားထောင်ပြီးနောက် စီးယုမှာ ပါးစပ်မှ အမြုပ်များထွက်ကာ ထိုနေရာတွင်ပင် သတိလစ်သွားခဲ့ရသည်။ နှစ်ရက်ကြာမှ နိုးလာသော စီးယုမှာ အရေးကြီးသည့်အချက်ကို ပြန်သတိရသွားသည်။
သခင်လေးက တေးဂီတမှာ တကယ်ကို နားမပါသူပဲ။
ထိုအဖြစ်အပျက်နောက်ပိုင်း စီးယုမှာ နားအူခြင်း ဝေဒနာကို ရက်အတော်ကြာ ခံစားခဲ့ရသည်။ ထိုနာကျင်ဖွယ် အတိတ်ကို ပြန်တွေးမိသော စီးယုမှာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"မ….မဖြစ်ဘူး..."
ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော စီးယုက ဂျင်ဂါဟွန်း၏ လက်ကို အတင်းဆွဲလိုက်သည်။
"သခင်မလေး ခဏလောက် အပြင်ထွက်ပေးပါ"
"ဟင် အ…အခုချက်ချင်းလား"
"ဟုတ်တယ် ကျေးဇူးပြုပြီး"
စီးယုမှာ ဂျင်ဂါဟွန်းကို အတင်းဆွဲခေါ်သွားသည်။ ထိုအချိန်တွင် ဂျင်ဆိုဟွန်းက နမ်ဂုန်းဆောင်း၊ ဇူဂယ်မင်နှင့် နမ်ဂုန်းဆွန်းလုတို့၏ ရှေ့တွင် ပုလွေကို ပါးစပ်နား ကပ်လိုက်ပြီး ပြုံးကာ ပြောသည်။
"ပထမဆုံး သီချင်းကတော့..."
ထိုညတွင် နမ်ဂုန်းမိသားစု၏ တည်းခိုဆောင်၌ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ မကြာသေးမီကမှ ပြန်လည် နာလန်ထူလာသော မျိုးဆက်သစ် လူငယ် သုံးဦးမှာ ပါးစပ်မှ အမြုပ်များ ထွက်လျက် အတွင်းဒဏ်ရာများဖြင့် လဲကျကုန်သည်။
ဆရာဝန်များ အမြန်ဆုံး ရောက်လာပြီး ထိုသုံးဦးကို ဆေးခန်းသို့ ပို့ဆောင်လိုက်ရသည်။
တည်းခိုဆောင်ထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြပေ။ ပုလွေကို လက်တွင် ကိုင်လျက် ကြောင်တောင်တောင် ဖြစ်နေသော ဂျင်ဆိုဟွန်းတစ်ယောက်သာ စိတ်မကောင်းစွာဖြင့် ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။
"ဘာလို့... ဘာလို့လဲ..."
ဘာလို့ဖြစ်ရတာလဲ သူ၏ ပုလွေသံကို ကြားရသူတိုင်း ပါးစပ်မှ အမြုပ်များထွက်ကာ လဲကျကုန်ကြသည်။ အကြောင်းရင်းကို မသိရှိနိုင်သော ဂျင်ဆိုဟွန်းမှာ စိတ်မကောင်းသော မျက်နှာဖြင့် ကျန်ရစ်နေခဲ့တော့သည်။
နောက်တစ်နေ့ နမ်ဂုန်းမူယော့၏ ခေါ်ယူမှုကြောင့် သွားရောက်တွေ့ဆုံသည့် ဂျင်ဆိုဟွန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ကျွန်တော့်ကို ခေါ်လိုက်တာလား"
"ဟုတ်တယ်။ ခေါ်လိုက်တာ"
နမ်ဂုန်းမူယော့က သူ၏ ရင်ဘတ်ထဲမှ နဂါးပုံစံ ထွင်းထုထားသည့် အဝိုင်းပုံ ငွေပြားကို ထုတ်ကာ ဂျင်ဆိုဟွန်းကို ပေးလိုက်သည်။ မမျှော်လင့်ဘဲ ငွေပြားကို ရလိုက်သည့် ဂျင်ဆိုဟွန်းက ခေါင်းကို စောင်းလျက် မေးသည်။
"ဒါက ဘာလဲ"
"သိမ်းထားလိုက်ပါ။ တစ်နေ့ကျရင် အသုံးဝင်လာလိမ့်မယ်"
"ဟုတ်ကဲ့"
ဂျင်ဆိုဟွန်းက ပေးလာသည့်အရာကို ငြင်းဆန်ခြင်း မရှိပေ။ သူ ငွေပြားကို ရင်ဘတ်ထဲ ထည့်လိုက်သည့်အခါ နမ်ဂုန်းမူယော့က ကြိုတင်ပြင်ဆင်ထားသည့် စာတစ်စောင်ကို ထပ်ပေးလိုက်သည်။
"ဒါက ကတိပေးထားတဲ့ စာပဲ။ မင်းရဲ့ အဖေ မိသားစုခေါင်းဆောင်ဂျင်ကို ပေးလိုက်ပါ"
"ခင်ဗျား မမေ့ဘူးပေါ့"
ဂျင်ဆိုဟွန်းက ဝမ်းသာအားရဖြင့် စာကို ယူကာ ရင်ဘတ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်သည်။
သူက နမ်ဂုန်းမိသားစုရဲ့ ကျေးဇူးရှင်ဆိုတာကို ပြတဲ့ ငွေနဂါးပြားထက် စာတစ်စောင်ကို ပိုပြီး သဘောကျနေတာပဲ။
လောဘကင်းစင်ပြီး သန့်စင်သော ဂျင်ဆိုဟွန်းကို ကြည့်ရင်း နမ်ဂုန်းမူယော့၏ မျက်နှာပေါ်တွင် မသိလိုက်ဘဲ ပြုံးရိပ်သန်းလာသည်။
"ဒီနေ့ပဲ ပြန်တော့မှာလား"
"ဟုတ်ကဲ့။ ဒါဆိုရင်လည်း ကောင်းကောင်း နေခဲ့ပါဦး"
နမ်ဂုန်းမူယော့ နောက်ထပ် ဘာအကွက်တွေ ဆင်ဦးမလဲ မသိသောကြောင့် ဂျင်ဆိုဟွန်းမှာ အမြန်ဆုံး ထွက်ခွာရန် ကြိုးစားသည်။ ခေါင်းညွှတ်ပြီး လှည့်ထွက်သွားသည့် ဂျင်ဆိုဟွန်း၏ ကျောပြင်ကို ကြည့်ရင်း နမ်ဂုန်းမူယော့ အသက်ကို ဝအောင် ရှူလိုက်သည်။
"ဂျင်မိသားစု..."
ဂျင်မိသားစု….
ရှန်စီပြည်နယ်တွင် နံပါတ်တစ် ကုန်သည်မိသားစုဖြစ်ပြီး ကောင်းကင်ဘုံက ပေးတဲ့ သိုင်းပါရမီရှင်ကို မွေးဖွားပေးလိုက်သော မိသားစု….
"စိတ်ဝင်စားဖို့ ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ"
နမ်ဂုန်းမူယော့နှင့် ဂျင်ဆိုဟွန်းတို့ တွေ့ဆုံပြီး မကြာမီမှာပင် ဂျင်မိသားစု၏ အလံကို တပ်ဆင်ထားသော ရထားလုံးမှာ နမ်ဂုန်းမိသားစု အိမ်တော်မှ ထွက်ခွာသွားသည်။
လိုက်လံ ပို့ဆောင်ပေးကြသော နမ်ဂုန်းမူယော့နှင့် အပြာရောင်ကောင်းကင် တပ်ဖွဲ့ဝင်တို့က တိတ်ဆိတ်စွာဖြင့် ဝေးကွာသွားသော ရထားလုံးကို ဂါရဝပြုလိုက်ကြသည်။
လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ရသော တာဝန်တစ်ခုဖြစ်သည့်အတွက် နမ်ဂုန်းမိသားစုဝင် အများစုမှာ ဂျင်ဆိုဟွန်းကို အပျင်းထူလွန်းတဲ့သခင်လေးတစ်ယောက်အဖြစ်သာ သိရှိကြသည်။
သို့သော်လည်း အဖူးအညွန့် ခြေမှုန်းရေးစီမံကိန်းတွင် မျိုးဆက်သစ် လူငယ်များကို ကယ်တင်ခဲ့သော ဂျင်ဆိုဟွန်းမှာ နမ်ဂုန်းမိသားစုအပါအဝင် မျိုးဆက်ကြီးငါးခုအတွက် ကျေးဇူးရှင်နှင့် အတူတူပင်။
"မင်း စိတ်ပျက်နေပုံပဲ"
ရထားလုံးကို မျက်စိတစ်ဆုံး ဖြစ်သွားသည်အထိ မခွာတမ်း ကြည့်နေသည့် နမ်ဂုန်းဆွန်းလု၏ ပခုံးပေါ်တွင် နမ်ဂုန်းမူယော့က လက်ကို အသာတင်လိုက်သည်။ သူမသည် နားထဲတွင် ပိတ်ထားသည့် ဂွမ်းစကို ထုတ်လိုက်ပြီး ပြောသည်။
"အဆင်ပြေပါတယ်။ တစ်နေ့ကျရင်..."
နမ်ဂုန်းဆွန်းလု စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။
ကျွန်မ သူ့ကို လိုက်မီအောင် ကြိုးစားမယ်။
နမ်ဂုန်းဆွန်းလု စိတ်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်နေချိန်၌ နမ်ဂုန်းမူယော့၏ မျက်နှာမှာ ထူးဆန်းနေသည်။
ဆွန်းလုက ဂျင်ဆိုဟွန်းကို တကယ်ပဲ စွဲလမ်းသွားပြီပဲ။
သူ တစ်ခုခုကို မှားယွင်းစွာ နားလည်နေပုံပင်။
တစ်ဖက်တွင်လည်း ဂျင်မိသားစု၏ ရထားလုံးမှာ တောက်ပသော နေရောင်အောက်တွင် သီချင်းသံစဉ်များဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ သူတို့နှင့်အတူ လိုက်ပါလာသော ဆွန်အို အစောင့်အရှောက်အဖွဲ့နှင့် ဂွန်ဆွန်းဆူတို့က လမ်းတစ်လျှောက် ကာကွယ်ပေးထားသည်။
"အိမ်ပြန်ရတော့မှာဆိုတော့ ပျော်စရာကောင်းပေမဲ့ နည်းနည်းတော့ နှမြောဖို့ ကောင်းသား။ ဟုတ်တယ်မလား သခင်လေး"
"မ….မဟုတ်ပါဘူး။ လုံးဝ မနှမြောပါဘူး"
လက်ပိုက်လျက် အိပ်ရန် ပြင်ဆင်နေသည့် ဂျင်ဆိုဟွန်းကို ကြည့်ကာ စီးယုက လျှို့ဝှက်စွာ ပြုံးပြသည်။
"ညာနေတာ"
"ဟင် ဘာပြောလိုက်တာလဲ"
"ဘာမှ မဟုတ်ပါဘူး"
စီးယုက စိတ်ထဲတွင် တစ်ခုခုကို ကြံစည်နေဟန်ဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။
မကြာခင်မှာပဲ လက်ထပ်ခွင့် တောင်းဆိုမှုတွေ အပြန်အလှန် ဖြစ်လာတော့မှာပေါ့။ ဟုတ်တယ်မလား။ အဲဒီအချိန်အတွင်းမှာ သခင်လေးရဲ့ လက်ထဲကနေ ငါ ဘယ်လိုနည်းနဲ့မဆို လွတ်အောင် ရုန်းထွက်ရမယ်။
အကြီးတန်း အစေခံမလေး ဖြစ်လာရန် စီးယု၏ ရည်မှန်းချက်မှာ ယနေ့နေရောင်ကဲ့သို့ပင် ပူလောင်ပြင်းပြနေသည်။
စီးယုက နေရာယူရန် ကြံစည်နေချိန်တွင် ဂျင်ဂါဟွန်းမှာ နမ်ဂုန်းမိသားစုမှ ရရှိလာသော အန်းဟွေ ကုန်သွယ်ရေးအခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းများတွင် နစ်မြုပ်ကာ အလုပ်ရှုပ်နေသည်။
"ဟား"
ယနေ့အတွက် အိပ်စက်ချိန်ကို အစားထိုးရန် မျက်လုံးမှိတ်ထားသော ဂျင်ဆိုဟွန်းက ပြတင်းပေါက်အပြင်ဘက်ကို တစ်ဖက်တည်း ဖွင့်ကြည့်လိုက်သည်။
ဒီတစ်ခေါက် အိမ်ပြန်ရောက်ရင် ဘာမှမလုပ်ဘဲ သုံးနှစ်လောက် အေးအေးဆေးဆေး စားအိပ်မယ်။
ဂျင်ဆိုဟွန်းမှာ ထိုသို့ တွေးတောရင်း ရင်ဘတ်ထဲရှိ နမ်ဂုန်းမူယော့ ပေးလိုက်သည့် စာကို အသာပုတ်လိုက်သည်။
ဟီးဟီး... ဒါဆိုရင်တော့ အဖေတောင် ငါ့ကို ဘာမှ လာလုပ်နိုင်တော့မှာ မဟုတ်ဘူး။
နမ်ဂုန်းမူယော့နှင့် အရောင်းအဝယ် လုပ်ရာမှ ရရှိလာသော သေးငယ်သော်လည်း ကြီးမားသည့် အောင်မြင်မှုတစ်ခုပင်။
"အာ စီးယု"
"ရှင်"
"ဒီမှာ ဒါကို ယူထားလိုက်"
ဂျင်ဆိုဟွန်းက ရင်ဘတ်ထဲမှ ငွေနဂါးပြားကို ထုတ်ပေးလိုက်သောအခါ စီးယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါ... ဒါက ဘာလဲ"
တန်ဖိုးကြီးမားမှန်း သိသာလှသော ပစ္စည်းဖြစ်သဖြင့် စီးယု၏ အသံမှာ တုန်ယင်နေသည်။
"ဒီငွေပြားနဲ့ ငါတို့ အကြွေးတွေ အကုန်ပြေလည်သွားပြီလို့ သတ်မှတ်လိုက်ကြရအောင် ဘယ်လိုလဲ"
"အင်း... တကယ်ဆို ဒါနဲ့တင် မလုံလောက်သေးပေမဲ့... ဒီတစ်ခေါက်တော့ ဒါနဲ့ပဲ ကျေနပ်လိုက်ပါတော့မယ်"
"ကောင်းပြီလေ"
နမ်ဂုန်းမိသားစု၏ ကျေးဇူးရှင်အဖြစ် သတ်မှတ်သော ငွေနဂါးပြားကို အစေခံမလေးလက်ထဲ ထည့်ပေးလိုက်ပြီးနောက် ဂျင်ဆိုဟွန်းမှာ လေပြေညင်းကို ခံစားရင်း ပေါ့ပါးသော မျက်နှာဖြင့် အေးချမ်းစွာ ကျန်ရစ်ခဲ့သည်။