← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း။ ၃၇

"အားလုံး အဆင်ပြေပြေနဲ့ ပြန်ရောက်လာလို့ ဝမ်းသာပါတယ်။ တကယ်ကို ပင်ပန်းခဲ့ရမှာပဲ"

ဂျင်ဆူမောက်နှင့် ယူဆောဟွန်းတို့သည် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြသည့် သားသမီးနှစ်ဦးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြသည်။

အထူးသဖြင့် အန်းဟွေနှင့် ရှန်စီပြည်နယ်တို့အကြား ကုန်သွယ်ရေးအခွင့်အရေးကို ဆက်သွယ်ပေးရာတွင် ဂျင်ဂါဟွန်းက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း စာထဲတွင် ဖော်ပြထားသည့်အတွက် ဂျင်ဆူမောက်မှာ ပျော်ရွှင်၍ မဆုံးတော့ပေ။

"ငါ့သမီးလေးကတော့ ထင်တဲ့အတိုင်းပဲ"

သူနှင့် ဆင်တူသည့် ကုန်သွယ်ရေး ပါရမီများကို ပြသနေသော ဂျင်ဂါဟွန်းကို ဂျင်ဆူမောက်က ချစ်ခင်စွာ ကြည့်ရှုလိုက်သည်။ ဂျင်ဂါဟွန်း၏ ခေါင်းကို ပွတ်သပ်ပေးပြီးနောက် သူမဘေးတွင် ရပ်နေသည့် ဂျင်ဆိုဟွန်းကို မြင်လိုက်ရသည်။

"ပြီးတော့... ဆိုဟွန်း မင်းလည်း ပင်ပန်းခဲ့မှာပဲ"

"ဟုတ်ကဲ့"

ဂျင်ဆူမောက်အတွက်မူ ဂျင်ဆိုဟွန်း ဘေးကင်းစွာ ပြန်ရောက်လာခြင်းမှာပင် လုံလောက်နေပြီ ဖြစ်သည်။

"အာ... အဖေ မိသားစုခေါင်းဆောင် နမ်ဂုန်းက အဖေဆီ ပေးခိုင်းလိုက်တဲ့ စာတစ်စောင် ရှိပါတယ်"

"နမ်ဂုန်းမိသားစုခေါင်းဆောင်က ငါ့ဆီကိုလား"

ဂျင်ဆိုဟွန်းသည် ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ ဂျင်ဆူမောက်အား ပေးလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုနှင့် မျှော်လင့်ချက်များ စိုးမိုးနေသည်ကို မြင်လိုက်ရသည့်အခါ ဂျင်ဆူမောက်မှာ အကြောင်းရင်းမသိဘဲ ရင်တုန်သွားသည်။

"ငါ နောက်မှ အေးဆေး ဖတ်ကြည့်ပါ့မယ်။ မင်းတို့လည်း အန်းဟွေကို ကုန်သွယ်ရေး သွားရတာ ပင်ပန်းလှရောပေါ့။ အခန်းထဲ သွားပြီး အနားယူကြပါဦး"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့"

ဂျင်ဂါဟွန်းနှင့် ဂျင်ဆိုဟွန်းတို့ အနားယူရန် ထွက်သွားပြီးနောက် ဂျင်ဆူမောက်မှာ ရုံးခန်းသို့ ပြန်ရန် ပြင်ဆင်နေစဉ် သူ၏ရှေ့တွင် မျက်လုံးများ အရောင်လက်နေသည့် စီးယုကို တွေ့လိုက်ရသည်။ သူမက စကားတစ်ခွန်းမှ မပြောဘဲ ဂျင်ဆူမောက်၏ မျက်နှာကို စိုက်ကြည့်နေသည်။

ဆုချီးမြှင့်ခြင်းကို စောင့်မျှော်နေသည့် ခွေးပေါက်လေးတစ်ကောင်နှင့်ပင် တူနေသည်။

"အ…အင်း... စီးယု ဆိုဟွန်းနဲ့ ဂါဟွန်းတို့ကို ပြုစုစောင့်ရှောက်ပေးခဲ့ရတာ မင်းလည်း ပင်ပန်းမှာပဲ"

"ဟုတ်ကဲ့"

စီးယုက ငြင်းဆိုခြင်း မပြုပေ။ သူမအတွက် ရသင့်ရထိုက်သည့်အရာကို သူမ တောင်းဆိုရမည်။ ထိုအရာက စီးယု၏ စည်းကမ်းချက်ပင်။

စီးယုက ဂျင်ဆူမောက်ကို တစ်စုံတစ်ရာ တောင်းဆိုလိုသည့် အရိပ်အယောင် ပြလိုက်သည့်အခါ ဂျင်ဆူမောက်မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီလိုမှ ဂျင်မိသားစုရဲ့ အစေခံမလေးပေါ့။ ကဲ... ဘာလိုချင်လို့လဲ"

အပိုဆုကြေးအကြောင်း ပြောလိမ့်မည်ဟု ယူဆထားသော်လည်း စီးယုက မမျှော်လင့်ထားသည့် အဖြေကို ပေးလိုက်သည်။

"ကျွန်မကို သခင်မလေးရဲ့ ကိုယ်ပိုင် အစေခံမလေးအဖြစ် ခန့်အပ်ပေးပါ"

"မရဘူး"

သိုင်းပညာရှင်တစ်ယောက်၏ တိုက်ကွက်ကို ရှောင်တိမ်းသကဲ့သို့ပင် ဂျင်ဆူမောက်၏ အဖြေမှာ လျင်မြန်ပြီး တုံ့ဆိုင်းမှု မရှိပေ။

"သခင်လေးက ကျွန်မကို မလိုတော့ဘူးလေ..."

"မရဘူး"

"..."

"မရဘူး။ သွားတော့။ ပြောင်းလဲပေးဖို့ စိတ်ကူး မရှိဘူး"

"ဒါဆိုရင် အပိုဆုကြေးလေးတော့..."

"ယုံဟူကတစ်ဆင့် ပို့ပေးလိုက်မယ်"

"ဟုတ်ကဲ့"

စီးယုက စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်သွားသော်လည်း ဂျင်ဆူမောက်မှာ သနားစိတ် မရှိပေ။

ဒီပျင်းရိတဲ့ ကောင်လေးက စီးယုလို အစေခံမျိုးမှပဲ ရမှာ။

ထိုမြေခွေးငယ်လေး၏ ရည်မှန်းချက်ကို ဂျင်ဆူမောက် သိထားပြီးဖြစ်သည်။

သူမ အောင်မြင်ဖို့အတွက် ဆိုရင်တော့ ဆိုဟွန်းကို လှုပ်ရှားအောင် လုပ်မှာပဲ။

အကြီးတန်း အစေခံမလေး ဖြစ်လာရန်အတွက် သူမ၏ အရည်အချင်းကို သက်သေပြရမည်ဖြစ်ပြီး အကောင်းဆုံး နည်းလမ်းမှာ ပျင်းရိသော ဂျင်ဆိုဟွန်းကို လှုပ်ရှားအောင် လုပ်ခြင်းပင်။

ထို့ကြောင့် ဂျင်ဆိုဟွန်း၏ ဘေးမှ စီးယုကို ဘယ်တော့မှ ခွဲထုတ်ပေးရန် ဂျင်ဆူမောက်တွင် အစီအစဉ် မရှိပေ။

"ဖြစ်နိုင်စရာ မရှိဘူး"

စီးယုကို လွှတ်ပေးပြီးနောက် ဂျင်ဆူမောက်သည် သူနှင့် လာတွေ့သည့် အကြီးအကဲထံသို့ ဦးညွှတ်လိုက်သည်။

"တကယ်ကို ပင်ပန်းခဲ့ရမှာပဲ အကြီးအကဲဂွန်ဆွန်း။ အထဲကို အရင် ကြွပါဦး"

ဂွန်ဆွန်းဆူနှင့်အတူ ဧည့်ခန်းထဲသို့ ရောက်ရှိလာပြီးနောက် ဂျင်ဆူမောက်က သက်ပြင်းချကာ ပြောသည်။

"သတင်းကြားရတော့ တကယ် အံ့ဩသွားတယ်။ ကျွန်တော်တို့ မိသားစု အလံကို တပ်ဆင်ထားတဲ့ ရထားလုံးကို တိုက်ခိုက်မယ့် သူတွေ ရှိလာမယ်လို့ လုံးဝ မထင်ခဲ့မိဘူး။ အကြီးအကဲဂွန်ဆွန်းသာ မပါခဲ့ရင်... အာ... တွေးတောင် မတွေးရဲဘူး"

"ဟိုဟို... ရှန်စီပြည်နယ်ရဲ့ ခိုင်မာတဲ့ အပင်ကြီးလို့ ထင်ခဲ့တာ။ မင်းက ဒီလောက်တောင် ပရိယာယ်များတဲ့ မြေခွေးတစ်ကောင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

"ပရိယာယ်များတဲ့ မြေခွေး... ဘာကို ဆိုလိုတာလဲ"

ဂျင်ဆူမောက်က နားမလည်နိုင်သည့် မျက်နှာဖြင့် မေးလိုက်သောအခါ ဂွန်ဆွန်းဆူ၏ အကြည့်မှာ ထက်မြက်သွားသည်။

"ငါတောင် မသိရဘဲနဲ့ ပျံသန်းသောဓား သူရဲကောင်းကို ကုန်သွယ်ရေး ခရီးစဉ်မှာ ခေါ်သွားတာလား... အနည်းဆုံးတော့ ငါ့ကို ပြောပြသင့်တယ် မဟုတ်ဘူးလား။ မင်း ငါ့ကို အဲဒီလောက်ထိတောင် မယုံကြည်တာလား"

ဂွန်ဆွန်းဆူ၏ ထက်မြက်လှသည့် အမေးကြောင့် ဂျင်ဆူမောက်မှာ ဆင်ခြေပေးစရာ မရှိတော့ပေ။ သို့သော် သူ၏ စကားကို ကြားရသော ဂျင်ဆူမောက်မှာ ဘာကို ပြောနေသလဲဟု ပြန်မေးမည့်ပုံပင်။

"မဖြစ်နိုင်တာ။ အကြီးအကဲဂွန်ဆွန်း မသိဘဲနဲ့ အကြီးအကဲကန်းကို ဘယ်လိုလုပ် ခေါ်သွားရမှာလဲ"

"အို အဆုံးထိ မသိချင်ယောင် ဆောင်နေဦးမှာလား"

"ဒါပေမဲ့ အကြီးအကဲကန်းက အခု ရှန်စီမှာ ရှိနေတာလေ။ သူက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တွေ့ဖို့သွားတယ်လို့ ကြားတယ်..."

သူ၏ အတွင်းစိတ်ကို စူးစမ်းကြည့်သော်လည်း ဂျင်ဆူမောက်၏ မျက်နှာတွင် မုသား၏ အရိပ်အယောင် တစ်စုံတစ်ရာ မတွေ့ရပေ။ ထိုအခါ ဂွန်ဆွန်းဆူမှာ အလန့်တကြား ဖြစ်သွားသည်။

ကန်ချွန်းဆို မဟုတ်ဘူးလား ဒါဆိုရင် ဘယ်သူလဲ

ပျံသန်းသောဓား နည်းပညာကို သုံးနိုင်သည့် နောက်ထပ် ကျွမ်းကျင်သူ ရှိသေးတာလား။ စဉ်းစားခန်း ဝင်နေသည့် ဂွန်ဆွန်းဆူကို ကြည့်ရင်း ဂျင်ဆူမောက်က ဂရုတစိုက် မေးသည်။

"ကျွန်တော် မသိသေးတဲ့ ကိစ္စ တစ်ခုခု ရှိနေသေးလား"

"...ပျံသန်းသောဓား သူရဲကောင်းက ရှန်စီမှာ တကယ်ပဲ ရှိနေတာ သေချာလား"

"ဟုတ်ကဲ့။ ကျွန်တော် သိသလောက်တော့ အဲဒီအတိုင်းပါပဲ"

ဂွန်ဆွန်းဆူ၏ အကြည့်တို့မှာ လှုပ်ခါသွားတော့သည်။

"ဟူးဟူးဟူး..."

ကုတင်ပေါ်တွင် လှဲလျောင်းရင်း ခြေချင်းဝတ်ကို ခေါက်ကာ တေးသီချင်း ညည်းနေသော ဂျင်ဆိုဟွန်းကို မြင်သည့်အခါ စီးယုက မျက်နှာမသာမယာဖြင့် မေးလိုက်သည်။

"သခင်လေး အရမ်းကို ပျော်ရွှင်နေပုံပဲနော်။ နမ်ဂုန်းမိသားစုမှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လား"

"ဟုတ်တယ်။ မှန်တယ်"

"ဟား"

ဂျင်ဆိုဟွန်းက ဝန်ခံကာ ခေါင်းညိတ်လိုက်သောအခါ စီးယုမှာ အံ့အားသင့်စွာဖြင့် ပါးစပ်ကို ပိတ်လိုက်ပြီးနောက် ဝမ်းနည်းနေသော မျက်နှာဖြင့် ဖြစ်သွားသည်။

သူကတော့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ အရမ်းလှပတဲ့ ဂုဏ်သရေရှိ မိသားစုဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီး ပြုံးစိစိ ဖြစ်နေတယ်။ ဒါပေမဲ့ သခင်လေးအပေါ် သစ္စာရှိတဲ့ ငါ့ရဲ့ အနာဂတ်ကတော့... အရွယ်ရောက်လာရင်တောင် သခင်လေးရဲ့ ခြံဝင်းကို တံမြက်စည်းလှဲနေရဦးမှာလား...

စီးယုမှာ အသက်ကြီးသည့်တိုင် ဂျင်ဆိုဟွန်း၏ အိမ်ရှေ့ခြံဝင်းကို တံမြက်စည်းလှဲနေရမည့် ကိုယ့်ကိုကိုယ် ပုံဖော်ရင်း မျက်ရည်တစ်ပေါက် ကျလိုက်မိသည်။

သူသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဂျင်ဆိုဟွန်းမှာမူ အလွန်ပေါ့ပါးလန်းဆန်းပြီး လွတ်လပ်မှုကို ခံစားနေရသည်။

"ငါ အခု လွတ်လပ်သွားပြီ"

ဂျင်ဆိုဟွန်းမှာ လွတ်လပ်မှုကို ခံစားရင်း ကိုယ်လက်ဆန့်နေချိန်တွင် ဂျင်မိသားစုအတွင်း ထူးခြားသော လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။

"သူတို့ နောက်တစ်ခါ ထပ်တိုက်ခိုက်ခံလိုက်ရပြန်ပြီလား"

"ဟုတ်ပါတယ်။ သွားလာဖို့ နှစ်ပတ်လောက် ကြာပေမဲ့ ကာကွယ်ဖို့ မစွမ်းသာဘဲ တိုက်ခိုက်ခံလိုက်ရတာပါ"

"မိသားစုခေါင်းဆောင်ကို ပြောပြီး တတ်နိုင်သမျှ လျော်ကြေးပေးလိုက်ပါ့မယ်။ ခဏလောက် စောင့်ပေးပါ"

"ကျေးဇူးတင်ပါတယ်"

ကုန်သည်များကို လွှတ်ပေးလိုက်ပြီးနောက် မူယုံံဟူက ဂျင်ဆူမောက်ထံ တန်းတန်းမတ်မတ် သွားခဲ့သည်။

"မိသားစုခေါင်းဆောင်"

"ဟုတ်တယ်။ အခုပဲ ကြားလိုက်တယ်။ ရှန်စီပြည်နယ်က ကုန်သည်တွေ နောက်တစ်ခါ တိုက်ခိုက်ခံရပြန်ပြီပေါ့"

"ဟုတ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်နဲ့ ကုန်သည်တွေရဲ့ ထွက်ဆိုချက်အရ အရင်လူတွေနဲ့ တူတဲ့ အဖွဲ့ပဲ ဖြစ်ပုံပဲ"

"ဟူး... ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကြောင့် ခရီးဝေး သွားလာနေရတဲ့ သူတွေဆိုတော့ လျော်ကြေးကို သင့်တော်သလို ပေးလိုက်ပါ"

"ဟုတ်ကဲ့"

မူယုံံဟူ ထွက်သွားပြီးနောက် ဂျင်ဆူမောက်၏ ခေါင်းမှာ ထိုးကိုက်လာပြီး နားထင်နှစ်ဖက်ကို လက်ဖြင့် ဖိနှိပ်လိုက်သည်။

"အဲဒီဓားပြတွေပဲလား"

ရုံးခန်းသို့ ရောက်ရှိလာသည့် ယူဆောဟွန်းက ဂျင်ဆူမောက်၏ ပခုံးကို နူးညံ့စွာ နှိပ်ပေးလိုက်သည်။

"ဟုတ်တယ်။ ဒီတစ်ခါလည်း သေးငယ်တဲ့ ကုန်သည်အဖွဲ့တွေ ဒါမှမဟုတ် လှည့်လည်ရောင်းချသူတွေကိုပဲ ပစ်မှတ်ထားတာပဲ"

"အရာရာတိုင်းမှာ..."

ရှန်စီပြည်နယ်မှ ကုန်သည်များမှာ ရုတ်တရက် ပေါ်ပေါက်လာသည့် ဓားပြအဖွဲ့အချို့ကြောင့် တစ်ပတ်လောက် ခေါင်းကိုက်နေခဲ့ရသည်။

သူတို့သည် ကုန်သည်များ အဓိက သွားလာလေ့ရှိသည့် တောလမ်းများတွင် စခန်းချကာ လှည်းတစ်စီး၊ နှစ်စီး သို့မဟုတ် လှည့်လည်ရောင်းချသူများကိုသာ လုယက်နေခြင်းပင်။ အကယ်၍ ကြီးမားသည့် တောင်ပေါ်ခံတပ်မျိုးဆိုလျှင် သိုင်းသမားများကို လွှတ်၍ နှိမ်နင်းနိုင်သော်လည်း ဓားပြအဖွဲ့မှာ အများဆုံး ၅ ယောက်ထက် မပိုသလို တကယ့်ခံတပ်မျိုးလည်း မရှိပေ။

ထို့ပြင် လူမသတ်ဘဲ ပစ္စည်းသာ လုယူသဖြင့် အာဏာပိုင်များကို တိုင်ကြား၍ ဖမ်းဆီးနိုင်လျှင်ပင် သူခိုးအသေးစားအဖြစ်သာ အရေးယူနိုင်သည်။

"မိသားစုထဲက သိုင်းသမားတွေ ရောက်လာရင် သူတို့ ပုန်းနေကြတယ်။ ဒါမှမဟုတ် မနိုင်ဘူးလို့ ယူဆရင် အလိုလို လက်နက်ချပြီး အာဏာပိုင်တွေဆီ အဖမ်းခံကြတယ်။ အဲဒီတော့ ဖမ်းမိရင်လည်း ဘာမှ ထူးခြားလာတာ မရှိဘူး"

"အစောင့်တွေ ထည့်ပေးဖို့လည်း ခက်ခဲလိမ့်မယ်"

"သူတို့က အရမ်းများတော့လေ..."

ဂျင်မိသားစုမှာ ရှန်စီပြည်နယ်တစ်ခုလုံး၏ ကုန်သွယ်ရေးအခွင့်အရေးကို ပိုင်ဆိုင်ထားသည်ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။ ထို့ကြောင့် ဂျင်မိသားစု စီမံခန့်ခွဲရသည့် ကုန်သည်အရေအတွက်မှာ များပြားလှပြီး တစ်ယောက်ချင်းစီတိုင်းကို အစောင့် ထည့်ပေးရန် မဖြစ်နိုင်သလို လူအင်အားလည်း မလောက်ငှပေ။

သို့သော်လည်း ကုန်သည်အဖွဲ့ငယ်လေးများကို ခရီးဆက်ခြင်း ရပ်တန့်ခိုင်းရန်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဂျင်မိသားစုကို ရှန်စီပြည်နယ်၏ နံပါတ်တစ် ကုန်သည်မိသားစုအဖြစ် အချိန်တိုအတွင်း ရောက်ရှိစေခဲ့သည့် တွန်းအားမှာ သူတို့ပင် ဖြစ်သောကြောင့်ပင်။

ဂျင်ဆူမောက်မှာ ကြီးမားသည့် ကုန်သည်အဖွဲ့ကြီးများ၊ အဖွဲ့အစည်းများသာမက ကုန်ပစ္စည်းအနည်းငယ်သာ သယ်ဆောင်ရောင်းချသည့် ကုန်သည်လေးများကိုပါ ရင်းနှီးစွာ ပွေ့ဖက်ထားသူ ဖြစ်သည်။

ဒီလောကမှာ အသုံးမဝင်တဲ့ ကုန်သည်ဆိုတာ မရှိဘူး။

ကုန်သည်အဖွဲ့ကြီးများနှင့်ဆိုလျှင် အစောင့်အရှောက်အဖွဲ့များနှင့် တွဲဖက်၍ အရောင်းအဝယ် လုပ်ပြီး ကုန်သည်အဖွဲ့ငယ်လေးများနှင့်ဆိုလျှင် အသေးစား အရောင်းအဝယ်များ ပြုလုပ်သည်။

အထူးသဖြင့် ဒေသထွက် ကုန်ပစ္စည်းအသစ်များကို ရှာဖွေခိုင်းလေ့ရှိသည်။

ကုန်သည်များ ပစ္စည်းရောက်လာလျှင် ဈေးကွက်သုတေသန လုပ်ကာ အကျိုးအမြတ် ရှိမည်ဆိုလျှင် ကုန်သည်အဖွဲ့ ဖွဲ့စည်း၍ ဆက်လုပ်သည်။ ထို့ကြောင့် လူတိုင်းမှာ ဂျင်မိသားစုအတွက် မရှိမဖြစ် ဖြစ်နေသဖြင့် အရှုံးခံရလျှင်တောင် အားလုံးကို ပွေ့ဖက်ထားရခြင်းပင်။

"ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ ဒေဝါလီခံရလိမ့်မယ်။ ဟားဟားဟား"

ဂျင်ဆူမောက်က ဟာသသဘောဖြင့် ပြောလိုက်သောအခါ ယူဆောဟွန်းက သူ့ပါးပြင်ကို အသာပွတ်သပ်ပေးသည်။ ဂျင်မိသားစုမှာ ဤမျှလောက် အရှုံးနှင့်တော့ ဒေဝါလီခံစရာ မရှိပေ။ သို့သော် အချိန်ကြာလာလျှင် ဂျင်မိသားစု၏ ကြင်နာမှုကို အခွင့်ကောင်းယူမည့်သူများ ပေါ်လာမည်ဖြစ်ပြီး ၎င်းမှာ ဂျင်မိသားစုနှင့် ရှန်စီ၏ စီးပွားရေးကို ကြီးမားစွာ ထိခိုက်စေလိမ့်မည်။

"အတူတူ ဖြေရှင်းချက် ရှာကြတာပေါ့။ ကောင်းတဲ့ အကြံဉာဏ်တစ်ခုတော့ ထွက်လာမှာပါ"

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။ အာ နမ်ဂုန်းမိသားစုခေါင်းဆောင်က ဆိုဟွန်းကတစ်ဆင့် စာတစ်စောင် ပို့လိုက်သေးတယ်"

"စာလား မြန်မြန် ကြည့်ရအောင်"

ဂျင်ဆူမောက်မှာ နမ်ဂုန်းမိသားစု တံဆိပ်ပါသော စာကို ထုတ်၍ ဖတ်လိုက်သည်။ ဂုဏ်သရေရှိ မိသားစုခေါင်းဆောင်တစ်ယောက် ရေးသားသည့်အတိုင်း အားမာန်ပါပြီး ခန့်ညားသော လက်ရေးဖြင့် ရေးထားသည်။

စာ၏ အကြောင်းအရာမှာ အံ့သြစရာကောင်းလောက်အောင်ပင် ဂျင်ဆိုဟွန်း၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းနှင့် သူ့ခန္ဓာကိုယ်မှာ သူများနှင့် မတူသဖြင့် နေပူထဲ အကြာကြီး မနေသင့်ကြောင်း ရေးသားထားသည်။

"ဟင်"

အကြောင်းအရာမှာ နားလည်ရခက်သော်လည်း နမ်ဂုန်းမူယော့ လိမ်ညာလိမ့်မည်ဟု မထင်သည့် သူတို့နှစ်ဦး၏ မျက်နှာမှာ တည်ကြည်သွားသည်။

"ဆိုဟွန်းကို နေပူထဲ မထွက်ခိုင်းသင့်ဘူးလား"

"နမ်ဂုန်းမိသားစုခေါင်းဆောင်ကိုယ်တိုင် စာရေးပြီး သတိပေးတယ်ဆိုတော့... အခြေအနေက အတော်လေး ဆိုးပုံပဲ"

"ဆိုဟွန်း ပျင်းရိနေတာက အဲဒီလောက်ထိတောင် ဖြစ်နိုင်မလား..."

"အင်း အဲဒီလို အကျိုးသက်ရောက်မှု ရှိခဲ့တာ ဖြစ်နိုင်တယ်"

ဂျင်ဆိုဟွန်းကို အပြင်သို့ ထွက်ခိုင်းရန် ကြိုးစားခဲ့မိသည့် သူတို့၏ လုပ်ရပ်ကို ဂျင်လင်မယားမှာ နောင်တရမိသည်။

"ဒါကို မသိခဲ့မိဘူး... ငါတို့တော့ ဆိုဟွန်းကို တကယ်ကို ရက်စက်ခဲ့မိပြီ ယောကျာ်းရေ"

"အဲဒီလို ဖြစ်သွားပြီ... ငါတို့ တကယ်ကို မိဘဖြစ်ဖို့ အရည်အချင်း မရှိကြဘူး..."

မျက်ရည်ကို သုတ်ရန် ပြင်နေသည့် ယူဆောဟွန်းက စာထဲတွင် တစ်ခုခု ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။

"ဒီနောက်ပိုင်းတော့ ဆိုဟွန်းကို သူဖြစ်ချင်သလိုပဲ နေခိုင်းတော့မယ်"

"နေပါဦး။ ယောကျာ်းရေ ဒါကို ကြည့်…."

"ဘာလဲ"

ယူဆောဟွန်းက စာထဲမှ စာလုံးအချို့ကို လက်ညှိုးထိုးပြကာ ပြောသည်။

"နမ်ဂုန်းမိသားစုခေါင်းဆောင်ရဲ့ လက်ရေးက ခန့်ညားပြီး ထောင့်ကျတယ်။ နောက်ပြီး စာလုံးအဆုံးတွေက အပေါ်ကို ညွှန်းနေတယ်။ ဒါပေမဲ့ အချို့ စာလုံးတွေက အောက်ကို ညွတ်ကျနေတယ်"

"အဲဒါ နမ်ဂုန်းမိသားစုခေါင်းဆောင်ရဲ့ အကျင့်လောက်ပဲ မဟုတ်လား"

"ခဏလေး"

ယူဆောဟွန်းက စုတ်တံကို ကိုင်၍ အောက်ကို ညွတ်နေသော စာလုံးများကို မှတ်သားလိုက်သည်။

"တိမ်ကို လွမ်းဆွတ်သော ငှက်လှောင်အိမ် ဒါက ဘာကို ဆိုလိုတာလဲ..."

ဂျင်ဆူမောက်မှာ စာလုံးများကို ပေါင်းစပ်၍ နားမလည်နိုင် ဖြစ်နေချိန်တွင် ယူဆောဟွန်း၏ မျက်လုံးများမှာ အရောင်လက်သွားသည်။

"မဟုတ်ဘူး။ အစဉ်လိုက် ပြောင်းရမှာ။ ဒါဆိုရင်... ဒီလို ဖြစ်သွားပြီ"

ယူဆောဟွန်း ပြောသည့်အတိုင်း စာလုံးများကို ပြောင်းလိုက်သည့်အခါ သူတို့နှစ်ဦး၏ မျက်နှာတွင် အံ့ဩမှုများ ပေါ်လာသည်။

"လှောင်အိမ်ထဲက ငှက်သည် တိမ်ကို လွမ်းဆွတ်၏"

လှောင်အိမ်ထဲက ငှက်သည် တိမ်ကို လွမ်းဆွတ်၏။ လွတ်လပ်မှုကို တောင့်တသော သူကို ဆိုလိုသည့် စကားဖြစ်ပြီး နမ်ဂုန်းမူယော့၏ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ဂျင်လင်မယား သဘောပေါက်သွားသည်။

"သူ ဒီလို ပုံစံမျိုးနဲ့ ဖုံးကွယ်ထားတာ ဆိုဟွန်းကို အိမ်မှာပဲ မပိတ်ထားဘဲ လောကထဲကို ထွက်ခိုင်းဖို့ ဖြစ်ရမယ် ဟုတ်တယ်မလား"

ယူဆောဟွန်း၏ စကားကြောင့် ဂျင်ဆူမောက်မှာလည်း အကြီးအကျယ် သဘောတူလိုက်သည်။

"အဲဒီလိုပဲ ဖြစ်ရမယ် ဘာလို့ ဒီလောက် ရှုပ်ထွေးအောင် ပြောလဲ မသိပေမဲ့ နမ်ဂုန်းမိသားစုခေါင်းဆောင်က ကျွန်တော်တို့ မမြင်နိုင်တဲ့ ဆိုဟွန်းရဲ့ အရည်အချင်းကို မြင်လိုက်တာပဲ ဖြစ်ရမယ်"

"ငါတို့ မှားတာ မဟုတ်ဘူး"

"ဟုတ်တယ်"

ဂျင်လင်မယားမှာ အလွန်ပင် ဝမ်းမြောက်သွားကြသည်။ ထို့နောက် ဂျင်ဆိုဟွန်းကို ပို၍ တွန်းအားပေးကာ လောကထဲသို့ အမြန်ဆုံး စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

ဤအကြောင်းကို ဘာမျှမသိသော ဂျင်ဆိုဟွန်းမှာမူ နမ်ဂုန်းမူယော့ဆီမှ အလိမ်ခံလိုက်ရမှန်း မသိဘဲ တေးသီချင်းကို ညည်းကာ ပျင်းရိနေဖို့ ပြင်ဆင်နေရင်း ရုတ်တရက် ထရပ်လိုက်သည်။

"ရာသီဥတု သာယာတာပဲ ကြိုလုပ်ထားလိုက်ရင်ကောင်းမလား"

ဂျင်ဆိုဟွန်းက သူ၏ ဝတ်ရုံ ချိတ်ထားသော အဝတ်လှန်းတန်းဆီသို့ လက်ကို ဆန့်ထုတ်လိုက်သည်။

ဝုန်း….

အရာဝတ္ထုမဲ့ ထိန်းချုပ်မှုကို သုံး၍ ဝတ်ရုံကို ဆွဲယူလိုက်ပြီး ဂျင်ဆိုဟွန်းမှာ ပြုံးလိုက်သည်။

"ဒီလောက် အဆင်ပြေတဲ့ အရာကို အခုထိ မသိခဲ့တာပဲ ဆရာကန်ကလည်း လွန်တယ်။ ဒီလောက် အဆင်ပြေတာကို ကြိုပြောပေးသင့်တာ"

တေးသီချင်း ညည်းကာ ဝတ်ရုံကို ဝတ်ဆင်ပြီးနောက် ခြံထဲသို့ ထွက်သွားပြီး သစ်ပင်ကြီးအောက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

"ဒီနေ့တော့ အားသွန်ခွန်စိုက် လုပ်မယ်"

အလွန်ကြာမှ အသက်ရှူလမ်းကြောင်းကို လေ့ကျင့်ရန် ထွက်လာသော ဂျင်ဆိုဟွန်းသည် မျက်လုံးများကို စုံမှိတ်ကာ စတင် လေ့ကျင့်တော့သည်။ ထိုအချိန်တွင် မည်သူမျှ မသိအောင် ဂျင်ဆိုဟွန်းထံသို့ လာရောက်သူ တစ်ဦး ရှိနေသည်။

ငါ့မျက်စိနဲ့ ကိုယ်တိုင် သေချာ စစ်ဆေးရမယ်။

အမှန်တရားကို ရှာဖွေရန် ဂျင်ဆိုဟွန်း၏ အခန်းသို့ ရောက်လာသော ဂွန်ဆွန်းဆူက ဂျင်ဆိုဟွန်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထင်တဲ့အတိုင်းပဲ သူ အသက်ရှူလမ်းကြောင်း လေ့ကျင့်နေတာပဲ။ ဒီနေ့တော့ မင်းရဲ့ တကယ့်ကိုယ်ပိုင် သရုပ်မှန်ကို ဖော်ထုတ်ပြမယ်။

ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားသော ဂွန်ဆွန်းဆူမှာ ဂျင်ဆိုဟွန်းကို ကြွက်ကလေးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

သူ အသက်ရှူလမ်းကြောင်းကို အချိန်အတော်ကြာ လေ့ကျင့်နေတာပဲ... အဲ... ခဏလေး။

ဂျင်ဆိုဟွန်း၏ ခေါင်းမှာ ရှေ့တစ်ချက် နောက်တစ်ချက် စည်းချက်ညီညီ ယိမ်းနေသည်ကို တွေ့လိုက်ရသောအခါ ဂွန်ဆွန်းဆူ၏ မျက်နှာမှာ တွန့်ကွေးသွားသည်။

အဲဒီကောင်လေး...မဖြစ်နိုင်တာ…

ဂျင်ဆိုဟွန်းဆီသို့ ဂရုတစိုက် ချဉ်းကပ်လိုက်သော ဂွန်ဆွန်းဆူသည် သူ ထိုင်လျက် အိပ်ပျော်နေသည်ကို အတည်ပြုလိုက်သည်။

"သူ အသက်ရှူလမ်းကြောင်း လေ့ကျင့်နေတာ မဟုတ်ဘူး အိပ်နေတာလား"

အမှန်တရားကို သိလိုက်ရသော ဂွန်ဆွန်းဆူမှာ ဂျင်ဆိုဟွန်းက သိုင်းပညာကို ဖုံးကွယ်ထားသည်ဟု ထင်ခဲ့မိသော ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်သွားသည်။

"ဟွန်း ဒီလို ပျင်းရိတဲ့သူက ဘာလုပ်နိုင်မှာလဲ..."

သူ၏ အတွေးမှာ မှားယွင်းနေကြောင်း သိလိုက်သော ဂွန်ဆွန်းဆူမှာ ထိုနေရာမှ ထွက်ခွာသွားသည်။ ဂွန်ဆွန်းဆူ ထွက်သွားသည်နှင့် ဂျင်ဆိုဟွန်း၏ စုံမှိတ်ထားသော မျက်လုံးများမှာ တစ်ဖက် ပွင့်လာသည်။

"သူ ဘာလို့ လာတာလဲ"

သမ်းဝေနေသော ဂျင်ဆိုဟွန်းမှာ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ ပျံသန်းသောဓားဆယ်လက်ကို လွတ်လပ်စွာ ကိုင်တွယ်နိုင်ရန်အတွက် ပိုမိုများပြားသော အတွင်းအား လိုအပ်သဖြင့် ဒီနေ့အတွက် အသက်ရှူလမ်းကြောင်း လေ့ကျင့်ခြင်းကို အားသွန်ခွန်စိုက် လုပ်ရမည်ပင်။

သို့သော် အိပ်ငိုက်ခြင်းကို မကျော်လွှားနိုင်ခဲ့ပေ။

"ခလော…ခလော....."

All Chapters