← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း။ ၃၉

ဂျင်ဆိုဟွန်းနှင့် စီးယုတို့မှာ နာခံစွာဖြင့် ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

လူခြေမနီးသည့် တောလမ်းကြမ်းများနှင့် ချုံနွယ်များကို တိုးဝင်ရင်း တစ်နာရီခန့်လျှောက်လှမ်းလာပြီးနောက်တွင်မူ ကြမ်းတမ်းစွာ ဆောက်လုပ်ထားသော သစ်သားတံတိုင်းတစ်ခု ပေါ်လာသည်။

"ငါပဲ တံခါးဖွင့်လိုက်"

ခေါင်းဆောင်၏ အော်သံကြောင့် ပိတ်ထားသော သစ်သားတံခါး ပွင့်သွားပြီး အတွင်းဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသည်။

တဲသုံးလုံးရှိပြီး အလယ်တွင် မီးပုံကြီးတစ်ခု ရှိကာ ဖမ်းမိထားသည့် တိရစ္ဆာန်အသားများကို အကင်လုပ်ထားသည်။ တံတိုင်းပတ်လည်တွင်မူ လုယက်ထားပုံရသည့် သေတ္တာများနှင့် အထုပ်အပိုးများ ပုံထားသည်။

"မင်း ဒီမှာပဲ နေခဲ့။ မင်း ငါ့နောက်ကို လိုက်ခဲ့"

ခေါင်းဆောင်က စီးယုကို ထားခဲ့ပြီး ဂျင်ဆိုဟွန်းကို ခေါ်သွားသောအခါ စီးယု၏ မျက်နှာမှာ ဖြူလျော့သွားသည်။

"အစ်... အစ်ကို"

"စိတ်မပူပါနဲ့။ ဘာမှ ဖြစ်မလာပါဘူး"

ဂျင်ဆိုဟွန်းက စီးယု၏ ကျောကို ပုတ်ကာ စိတ်သက်သာရာ ရစေသည်။

သူတို့ အများစုက သနားစရာ အဆင့်ပဲရှိတာ။ ဒါ ဓားပြတွေဖြစ်နေလို့လား

တောင်ပေါ်ခံတပ်သို့ လာစဉ်ကတည်းက ဂျင်ဆိုဟွန်းမှာ ဓားပြများ၏ အဆင့်ကို တိုင်းတာနေခဲ့သည်။ သူတို့၏ အဆင့်မှာ တကယ်ကို သနားစရာကောင်းလှသည်။

ဂျင်ဆိုဟွန်း၏ စံနှုန်းအရဆိုလျှင် တတိယအဆင့်တောင် မမှီသည့် လူ့အမှိုက်များသာ ဖြစ်သည်။

မိသားစုကြီးငါးခုရဲ့ သနားစရာကောင်းတဲ့ မျိုးဆက်သစ်တွေကတောင် ထိပ်သီးသိုင်းသမားတွေလို ဖြစ်နေရအောင် သူတို့ဘယ်လောက်တောင် အဆင့်နိမ့်နေတာလဲ။

"မင်း ငြိမ်ငြိမ်နေရင် ဘာမှ ဖြစ်မလာနိုင်ဘူး"

ခေါင်းဆောင်က ပြောပြီး တခစ်ခစ် ရယ်သည်။

"ခီခီခီခီ"

"ဟားဟားဟား"

ဓားပြများမှာ သူတို့၏ အဝါရောင်သွားများကို ဖြဲ၍ ရယ်မောကြသည်။ ဂျင်ဆိုဟွန်းက တွေးတောပြီးနောက် ခေါင်းဆောင်၏ နောက်မှ အကြီးဆုံးတဲထဲသို့ ဝင်လိုက်သည်။

တဲအတွင်းပိုင်းမှာ ရိုးရှင်းကာ ပရိဘောဂဟူ၍ မရှိသလောက်ဖြစ်ပြီး အစားအသောက် အကြွင်းအကျန်များနှင့် အရက်ပုလင်းများ ပြန့်ကျဲနေသည်။ အလယ်တွင်မူ ထူးထူးခြားခြား ကုတင်ကြီးတစ်ခု ရှိပြီး တိရစ္ဆာန်ရေဖြင့် ပြုလုပ်ထားသော ကုတင်မှာ ဤတောင်ပေါ်ခံတပ်တွင် အဇိမ်ကျဆုံး ဖြစ်သည်။

ခေါင်းဆောင်က ဂျင်ဆိုဟွန်းကို ကုတင်ဘေးသို့ ဆွဲခေါ်သွားပြီး မေးစေ့ကို ဆုပ်ကိုင်လိုက်သည်။

"ရှန်စီမှာ ဒီလောက် ချောမောတဲ့သူမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ထူးခြားတဲ့ ဝါသနာရှိတဲ့သူတွေဆီမှာ ဈေးကောင်းရမှာ။ ခံတပ်ချုပ်ကြီးမသိခင် သူ့ကို အမြန်ရှင်းပစ်ရမယ်"

"ခံတပ်ချုပ်ကြီးဆိုတာ သီးသန့်ရှိသေးတာလား"

"ရှိတာပေါ့"

"ဒါဆို ရှန်စီမှာ လုယက်နေတာက ခံတပ်ချုပ်ကြီးဆိုတဲ့သူရဲ့ အမိန့်ပဲပေါ့"

"ဟုတ်တယ် အဲဒီအတွက်ကြောင့်ပဲ ငါတို့ ဒီငရဲလို အလုပ်ကို လုပ်နေရတာ"

"အာ ဒါဆို ခံတပ်ချုပ်ကြီးဆိုတဲ့သူဆီ ကျွန်တော့်ကို ခေါ်သွားပေးနိုင်မလား"

"ဘာ ဟားဟားဟား မင်း အရူးပဲ"

ခေါင်းဆောင်က ဂျင်ဆိုဟွန်း၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ဝူး

သို့သော် ခေါင်းဆောင်၏ အားမာန်ပါသော လက်သီးမှာ လေဟာနယ်ကိုသာ ထိသွားသည်။

"ဟင်"

ဂျင်ဆိုဟွန်းမှာ မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့မှ ပျောက်ကွယ်သွားသဖြင့် ခေါင်းဆောင်မှာ မျက်လုံးပြူးသွားသည်။

"ခံတပ်ချုပ်ကြီးက ဝေးလား"

သူ့ဘေးနားမှ ထွက်လာသော ဂျင်ဆိုဟွန်း၏ အသံကြောင့် ခေါင်းဆောင်မှာ တုန်လှုပ်သွားသည်။

"ဘဘာလဲ မင်း ဘယ်လိုလုပ်လိုက်တာလဲ"

"ဘာကိုလဲ"

"ဘယ်လို ရှောင်လိုက်တာလဲ"

"ဒီလောက် နှေးတဲ့လက်သီးနဲ့သာ ထိမိရင် ဆရာကန်ဆီမှာ အဆူခံရမှာလေ။ တောင်ပေါ်ပြန်ခေါ်သွားပြီး ခြေလှမ်းပညာကို ထပ်လေ့ကျင့်ခိုင်းနေဦးမှာ"

အဲဒါမျိုးဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။

ဂျင်ဆိုဟွန်းမှာ ထိုအကြောင်းကို တွေးမိရုံနှင့် ကြောက်လန့်နေချိန်တွင် ဒေါသထွက်နေသော ခေါင်းဆောင်က လက်ကို ဆန့်ထုတ်လိုက်သည်။

"ဒီကောင်"

သို့သော် သူ မည်မျှပင် လက်ဆန့်ထုတ်စေကာမူ ဂျင်ဆိုဟွန်းကို မဖမ်းနိုင်ပေ။ ခေါင်းဆောင်မှာ ဂျင်ဆိုဟွန်းကို အကြိမ်ကြိမ် လွဲချော်ပြီးနောက် သည်းမခံနိုင်တော့ဘဲ အတွင်းအားကို ထုတ်သုံးလိုက်သည်။

"မင်းက ဘာလို့ ဒီလို ပရိယာယ်တွေ သုံးနေတာလဲ"

ခေါင်းဆောင်က ခါးကြားမှ ဓားကြီးကို ဆွဲထုတ်ကာ ခုတ်လိုက်ရာ ဂျင်ဆိုဟွန်းမှာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက အန္တရာယ်များတယ်"

ဂျင်ဆိုဟွန်းက လက်ဖဝါးကို ဖွင့်ကာ ခေါင်းဆောင်၏ ကျောကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဖတ်….

"အား…"

ကျောပြင်မှ ပြင်းထန်သော နာကျင်မှုကြောင့် ခေါင်းဆောင်မှာ ကိုင်ထားသော ဓားကိုပင် လွှတ်ချလိုက်ပြီး ကြမ်းပြင်ပေါ် လူးလှိမ့်သွားသည်။ ကျောပြင်မှာ မီးလောင်သကဲ့သို့ ပူစပ်သွားသည်။

"အူး..."

မျက်ရည်များ ဝဲနေသော ခေါင်းဆောင်က နားမလည်နိုင်သည့် မျက်နှာဖြင့် ဂျင်ဆိုဟွန်းကို မော့ကြည့်သည်။

"မင်း မင်း မင်း ဘယ်သူလဲ"

ဂျင်ဆိုဟွန်းက ကြမ်းပြင်ပေါ် ကျနေသည့် ဓားကြီးကို ကောက်ယူကာ နံရံဆီသို့ ပစ်လိုက်သည်။

ဝူး

လျှပ်တစ်ပြက်မြန်နှုန်းဖြင့် ပျံသန်းသွားသော ဓားမှာ နံရံထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ၎င်းကို ငေးကြည့်နေသော ခေါင်းဆောင်မှာ ဂျင်ဆိုဟွန်း ချဉ်းကပ်လာသည်ကို မြင်ပြီး တုန်လှုပ်သွားသည်။

"မင်း ဘယ်သူလဲ"

ဂျင်ဆိုဟွန်းက ခါးနှစ်ဖက်ကို လက်ထောက်ကာ ယုံကြည်ချက်ရှိစွာ ပြောသည်။

"လမ်းသွားလမ်းလာ ကုန်သည်ကောင်းတစ်ယောက်ပါ။ ဒါနဲ့ ခံတပ်ချုပ်ကြီးဆီ ခေါ်သွားပေးမှာလား ပြောစရာတွေ အများကြီး ရှိလို့"

သိုင်းသမား... တကယ့်ကို အစွမ်းထက်တဲ့ သိုင်းသမားကြီးပဲ။

ခေါ်လာသည့် ချောမောသော လူငယ်မှာ အံ့အားသင့်စရာကောင်းသည့် သိုင်းသမား ဖြစ်နေမှန်း ခေါင်းဆောင် ယခုမှပင် သဘောပေါက်သွားသည်။

"အမြန်ပြောပြပေးရင် ကျေးဇူးတင်မယ်။ ကျွန်တော် စိတ်တိုလာပြီ"

ဂျင်ဆိုဟွန်း၏ မျက်နှာတွင် ပျင်းရိမှု အရိပ်အယောင်များ ပေါ်နေသည်။

သူ စိတ်တိုလာရင် ဘာဖြစ်မလဲ ငါ့ကို သတ်ပစ်တော့မှာလား။

ဂျင်ဆိုဟွန်း၏ မျက်လုံးများတွင် သတ်လိုစိတ် မရှိပေ။ သို့သော် ထိုအချက်ကပင် ခေါင်းဆောင်ကို ပို၍ ကြောက်လန့်စေသည်။

"ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

"ဘာလဲ ဘာလို့ သတ်ရမှာလဲဗျာ ဒါနဲ့ ခင်ဗျား နာမည်က ဘယ်သူလဲ"

"ပ….ပိုင်ဖုန်းပါ"

"ဟုတ်ပြီ ဦးလေးပိုင်ဖုန်း။ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ဓားပြတွေက ခံတပ်ချုပ်ကြီးရဲ့ အမိန့်နဲ့ ရှန်စီက ကုန်သည်တွေကို ဒုက္ခပေးနေတာပေါ့ ဟုတ်လား"

"ဟုတ်ပါတယ်"

"ဒါဆို ခံတပ်ချုပ်ကြီးကို ဖမ်းလိုက်ရင် အားလုံး ပြီးသွားမှာပေါ့"

"အဲဒါတော့ ဟုတ်ပေမဲ့"

"ဒါဆို လမ်းပြပေးပါ"

ခံတပ်ချုပ်ကြီးဆီ လမ်းပြပေးဖို့ ဂျင်ဆိုဟွန်းက တောင်းဆိုလိုက်သည့်အခါ ပိုင်ဖုန်း၏ မျက်လုံးများမှာ တုန်ယင်သွားသည်။

"အဲဒါကတော့..."

"ဘာဖြစ်လို့လဲ"

"အဲဒီလိုလုပ်ရင် ကျွန်တော်တို့ နှစ်ယောက်လုံး သေရလိမ့်မယ်။ ခံတပ်ချုပ်ကြီးက မင်းထင်ထားတာထက် ပိုသန်မာတယ် သူရဲကောင်းလေး"

"ခံတပ်ချုပ်ကြီး"

"အဲဒီလူက အဲလောက်တောင် သန်မာလို့လား"

"ဟုတ်တယ် စိမ်းလန်းသော တောအုပ်ကြီးရဲ့ ရဲတိုက် ၇၂ ခုရဲ့ အကြီးအကဲဖြစ်ရတာ အလကားမဟုတ်ဘူး"

"စိမ်းလန်းသော တောအုပ်ကြီး၏ ရဲတိုက် ၇၂ ခု"

အံ့ဩစရာကောင်းသည်မှာ ဂျင်ဆိုဟွန်းသည် ကုန်သည်တိုင်း သိထားသင့်သည့် ဓားပြလောက၏ နာမည်ကြီးအဖွဲ့အစည်း ဖြစ်သော စိမ်းလန်းသော တောအုပ်ကြီး၏ ရဲတိုက် ၇၂ ခုအကြောင်းကို မသိရှိပေ။ သူက ခေါင်းကို စောင်းကာ မေးလိုက်သောအခါ ပိုင်ဖုန်းမှာ မျက်တောင်ခတ်လိုက်သည်။

"မ…မင်း စိမ်းလန်းသော တောအုပ်ကြီးအကြောင်း မသိဘူးလား"

"မသိဘူး"

"ဟင်... စိမ်းလန်းသော တောအုပ်ကြီးဆိုတာ ဗဟိုမြေပြင်မှာ အကြီးဆုံး ဓားပြအုပ်စုကို ခေါ်တာ။ တောင်ပေါ်ရဲတိုက် ၇၂ ခု ရှိတယ်။ ငါတို့က အဲဒီအထဲက ပိုင်ဖုန်းရဲတိုက်တစ်ခုပဲ"

"ပိုင်ဖုန်းရဲတိုက်"

ဂျင်ဆိုဟွန်းမှာ မျက်မှောင်ကြုတ်လိုက်သည်။

"တောင်ပေါ်ရဲတိုက်ကို ပုံမှန်အားဖြင့် ကိုယ့်နာမည်ကိုယ် ပေးလေ့ရှိတာလား"

ပိုင်ဖုန်းမှာ ရှက်ရွံ့စွာဖြင့် လည်ပင်းကို ကုတ်လိုက်သည်။

"အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး ဒါပေမဲ့..."

"ထားလိုက်တော့ ခံတပ်ချုပ်ကြီးဆိုတဲ့လူဆီ အမြန်လမ်းပြပေးပါ"

"အဲ..."

ပိုင်ဖုန်း တုံ့ဆိုင်းနေသဖြင့် ဂျင်ဆိုဟွန်း၏ မျက်လုံးများမှာ ပြူးကျယ်လာသည်။ သူက သူ့နည်းသူ့ဟန်ဖြင့် ခြိမ်းခြောက်ကြည့်လိုက်သည်။

သူ့၏ အကြည့်စူးစူးကြောင့် ပိုင်ဖုန်းမှာ သက်ပြင်းချကာ ဖြည်းဖြည်းချင်း ထလိုက်သည်။

"ဟူး... နောင်တမရနဲ့နော်"

သူက အံ့ဩစရာကောင်းလောက်အောင် သန်မာနေရင်တော့ ချက်ချင်း ထွက်ပြေးရမှာပဲ။

ဂျင်ဆိုဟွန်းမှာ ပိုင်ဖုန်း၏ နောက်တွင် ကပ်လျက်လိုက်သွားရင်း အသံကို တည်တည်ငြိမ်ငြိမ် လုပ်ကာ ပြောသည်။

"ခင်ဗျား ကျွန်တော့်ကို လှည့်စားရင်တော့ အလွတ်မပေးဘူးနော်"

"နားလည်ပါပြီ။ ဒါပေမဲ့ အချက်တစ်ချက် ရှိတယ်"

"အချက်တစ်ချက် ဘာလဲ"

"ခင်ဗျားက ကျွန်တော့်ကို ခံတပ်ချုပ်ကြီးဆီ အတင်းဆွဲခေါ်သွားတဲ့ပုံစံမျိုး ဖြစ်ရမယ်။ ခံတပ်ချုပ်ကြီးဆီ ရောက်ဖို့ ဂန်ဆောင်ရဲတိုက်လို့ခေါ်တဲ့ တောင်ပေါ်ရဲတိုက်ကို ဖြတ်သွားရလိမ့်မယ်"

"ကောင်းပြီလေ"

ခေါင်းညိတ်လိုက်သော ပိုင်ဖုန်းမှာ သက်ပြင်းချကာ တဲထဲမှ ထွက်လာသည်။ ဂျင်ဆိုဟွန်းမှာ သူ့နောက်တွင် ကပ်၍ လိုက်သွားသည်။

"ဘာလို့ ဒီလောက်တောင် ကပ်နေတာလဲ ကြည့်ရတာ ထူးဆန်းနေမှာပေါ့"

ပိုင်ဖုန်းက တိုးတိုးလေး ပြောသောအခါ ဂျင်ဆိုဟွန်းကလည်း တိုးတိုးလေး ပြန်ပြောသည်။

"ဒီလိုဆိုမှ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ရမှာလေ"

"စိတ်ချင်းဆက်သွယ်တဲ့ ပညာ မသုံးတတ်ဘူးလား"

"စိတ်ချင်းဆက်သွယ်တဲ့ ပညာ အဲဒါ ဘာလဲ"

ပိုင်ဖုန်းမှာ နားမလည်နိုင်သည့် မျက်နှာဖြင့် ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။ သူ့၏ အပြစ်ကင်းစင်သော မျက်နှာပေါ်တွင် လိမ်ညာခြင်း၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

ထူးဆန်းတဲ့ ကောင်လေးပဲ။

ငါကိုယ်တိုင်တောင် မော့မကြည့်ရဲတဲ့ သိုင်းသမားတစ်ယောက်က စိတ်ချင်းဆက်သွယ်တာကိုတောင် မသိဘူးတဲ့လား။

နားမလည်နိုင်သည့် ကိစ္စဖြစ်သော်လည်း လက်ရှိတွင်တော့ သူကိုယ်လက်အင်္ဂါ ပြည့်စုံစွာဖြင့် ရှင်သန်နိုင်ရေးအတွက် ဂျင်ဆိုဟွန်း၏ တောင်းဆိုချက်ကို လိုက်လျောရုံမှတစ်ပါး မရှိတော့ပေ။

"ငါတို့ ခံတပ်ချုပ်ကြီးဆီ သွားကြတော့မယ်"

"ဘာ ခံတပ်ချုပ်ကြီးဆီ သွားမှာလား"

ပိုင်ဖုန်းရဲတိုက်မှ ဓားပြများမှာ အံ့ဩသွားကြသည်။ မီးပုံရှေ့တွင် ထိုင်ကာ အသားတုံးများကို ဆွဲဖြဲစားနေသည့် စီးယုမှာ ချက်ချင်း ထရပ်လိုက်ပြီး ဂျင်ဆိုဟွန်းဆီသို့ ပြေးလာသည်။

"အစ်ကို"

"အဆင်ပြေရဲ့လား"

"ဟုတ် မသေခင်မှာ အဝစားချင်တယ်လို့ ပြောလိုက်တာ သူတို့က အသားတွေ ကျွေးတယ်လေ"

သူမမှာ ရဲရင့်လွန်းနေတာလား သို့မဟုတ် ယုံကြည်ချက်ရှိလွန်းနေတာလား မသိနိုင်ပေ။ ဓားပြများထံမှ အသားများကို လုစားထားသည့် စီးယုနှင့်အတူ ပိုင်ဖုန်း၏ နောက်တွင် ရပ်နေသော ဂျင်ဆိုဟွန်းက တိုးတိုးလေး ပြောသည်။

"သွားကြစို့"

"နားလည်... အဲ... အဲဒီလိုဆိုရင် လမ်းဖယ်ပေးကြ ခံတပ်ချုပ်ကြီးဆီ သွားကြမယ်"

"နားလည်ပါပြီ"

ခေါင်းဆောင်၏ အမိန့်ပေးသံကြောင့် ပိုင်ဖုန်းရဲတိုက်မှ ဓားပြများမှာ နာခံစွာ လမ်းဖယ်ပေးကြသည်။

"အာ အဲဒီသေတ္တာကိုလည်း ယူသွားရမယ်"

ဂျင်ဆိုဟွန်းက လှည်းပေါ်ရှိ သေတ္တာကို လက်ညှိုးထိုးပြသဖြင့် ပိုင်ဖုန်းမှာ သက်ပြင်းချကာ ဓားပြနှစ်ယောက်ကို ထိုသေတ္တာကို ထမ်းခိုင်းလိုက်သည်။

"သွားကြစို့"

ပိုင်ဖုန်း၊ ဂျင်ဆိုဟွန်း၊ စီးယုနှင့် ဓားပြနှစ်ယောက်တို့မှာ တောင်ပေါ်သို့ ထပ်မံ တက်သွားကြသည်။ တစ်နာရီခန့် လျှောက်ပြီးနောက် မကြာသေးမီကမှ ဆောက်လုပ်ထားဟန်ရှိသော တောင်ပေါ်ရဲတိုက်တစ်ခု ပေါ်လာသည်။

"ဒါက ဂန်ဆောင်ရဲတိုက်ပဲ"

ဂန်ဆောင်ရဲတိုက်သို့ ရောက်ရှိချိန်တွင် အတွင်းဘက်မှ ပါးလွှာပြီး တုန်ယင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

"ပိုင်ဖုန်းပဲ"

"ပိုင်ဖုန်း"

ရဲတိုက်တံခါး ပွင့်သွားပြီး အတွင်းမှ ကျောကုန်းကို ကိုင်းညွတ်ထားသော လူတစ်ယောက် ထွက်လာသည်။ သူက ပါးလွှာသော ဆံပင်များကို ကုတ်ဖဲ့ရင်း မျက်လုံးပြူးကာ မေးလိုက်သည်။

"မင်း ဘာလာလုပ်တာလဲ ပြီးတော့ မင်းနောက်က လူ့အမှိုက်တွေက ဘာလဲ"

"ကျွန်တော်တို့ ခံတပ်ချုပ်ကြီးဆီ သွားရမယ် လမ်းဖယ်ပေး"

"ဘာလို့ ခံတပ်ချုပ်ကြီးဆီ သွားရမှာလဲ"

"မမေးပါနဲ့ လမ်းပဲ ဖယ်ပေးလိုက်"

ထိုလူက ယိုင်နဲ့နဲ့ လမ်းလျှောက်လာပြီး ကောက်နေသည့် ဓားတစ်လက်ကို ထုတ်ကာ ပိုင်ဖုန်း၏ လည်ပင်းကို ထောက်လိုက်သည်။

"ဒီကောင် မင်း သေချင်နေတာလား... မင်း လျှာကို မဖြတ်ခင် အမှန်အတိုင်း ပြောစမ်း။ ခံတပ်ချုပ်ကြီးကို ဘာလို့ တွေ့ချင်နေတာလဲ"

"နောင်တရမယ့်အလုပ် မလုပ်ပါနဲ့ အာဂျော့ရာ"

သူက ခပ်ပြတ်ပြတ် ပြောလိုက်သော်လည်း ပိုင်ဖုန်းက အာဂျော့အတွက် လမ်းဖယ်ပေးလိုက်ပြီး ဂျင်ဆိုဟွန်းကို ရှေ့သို့ တိုးလာစေသည်။

အခြေအနေ မကောင်းရင်တော့ အာဂျော့နဲ့ ပေါင်းပြီး တိုက်ရမှာပဲ။ ဒီအတိုင်းသာ ခံတပ်ချုပ်ကြီးဆီ ရောက်သွားရင် ငါသေရလိမ့်မယ်။

ပိုင်ဖုန်းမှာ အာဂျော့နှင့်အတူ ဂျင်ဆိုဟွန်းကို တိုက်ခိုက်ရန် ကြံစည်ထားသည်။

"ဟွန့်"

အာဂျော့ဟု ခေါ်သည့်လူက အော်ဟစ်ကာ လာသောအခါ ပိုင်ဖုန်းမှာ စိတ်ထဲမှ အားပေးနေသည်။

အမြန်လာစမ်း အာဂျော့ မင်းရဲ့ ခွေးလို စိတ်တိုတတ်တဲ့ အကျင့်နဲ့ ဒီကောင်လေးရဲ့ အာရုံကို အမြန်ဆွဲဆောင်လိုက်စမ်း

ပိုင်ဖုန်း၏ စိတ်ကို ရိပ်မိသည့်အတိုင်း အာဂျော့၏ မျက်လုံးများက ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။

"ပြီးတော့ မင်းက ဘယ်သူလဲ"

"အာဂျော့ စောင့်..."

ပိုင်ဖုန်းက အာဂျော့ကို တားသည့်ဟန်ဖြင့် ကျောကို တွန်းလိုက်သည်။ ဂျင်ဆိုဟွန်းနှင့် နီးကပ်စွာ ရင်ဆိုင်မိသွားသော အာဂျော့မှာ မျက်နှာရှုံ့မဲ့သွားသည်။

"ဒီချောမောတဲ့ ကောင်က ဘာလဲ စိတ်ပျက်စရာကောင်းလိုက်တာ"

အာဂျော့က သူကိုင်ထားသော ဓားကို ဂျင်ဆိုဟွန်း၏ လည်ပင်းအောက်သို့ သွင်းလိုက်သည်။

"မင်းလို ချောတဲ့ကောင်တွေကို မြင်ရင်ပဲ ငါ အရမ်း ဒေါသထွက်တာ။ ပြီးတော့ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ဖမ်းပြီး သတ်ပစ်လိုက်တာပဲ"

"ခင်ဗျားက အကျင့်မကောင်းတာပဲ"

"အဲဒီ မျက်လုံးတွေကအစ... မင်းရဲ့ မျက်လုံးတွေကို ငါ မကြိုက်ဘူး"

အာဂျော့၏ ကောက်နေသောဓားမှာ သတိပေးခြင်းမရှိဘဲ ဂျင်ဆိုဟွန်း၏ ဘယ်ဘက်မျက်လုံးကို ချိန်ကာ ထိုးစိုက်လာသည်။

မြန်ဆန်ပြီး ကျွမ်းကျင်လှသော တိုက်ခိုက်မှုပင်။

"အားးး"

ထိတ်လန့်သွားသော စီးယုမှာ မျက်လုံးများကို တင်းတင်းပိတ်လိုက်ချိန်တွင် ပိုင်ဖုန်းက လက်သီးကို ဆုပ်လိုက်သည်။

ဒီကောင်လေးက အာဂျော့ကို ဖြေရှင်းနေချိန်မှာ ငါက နောက်ကနေ တိုက်မယ်။

ပိုင်ဖုန်းက နောက်ဆက်တွဲ တိုက်ခိုက်ဖို့ ပြင်ဆင်နေစဉ် ဂျင်ဆိုဟွန်းမှာ အာဂျော့၏ ဓားကို ပေါ့ပါးစွာ ရှောင်လိုက်ပြီး သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

၎င်းမှာ အတွင်းအားများ ထည့်သွင်းထားသော လက်သီးချက်ဖြစ်သည်။

ဘုန်း….

အရိုးများ ကျိုးသွားသည့် အသံကျယ်ကြီးနှင့်အတူ လွင့်စင်သွားသော အာဂျော့မှာ ကြမ်းပြင်ပေါ်သို့ လူးလိမ့်ကျသွားသည်။

"ဝုန်း..."

"အာ ငါ အဲလောက်ထိ ပြင်းပြင်းထန်ထန် ရိုက်ဖို့ မရည်ရွယ်ပါဘူး။ ဘာလို့ ရုတ်တရက် တိုက်ခိုက်ရတာလဲ ငါ့ကို လန့်သွားအောင် လုပ်လိုက်တာပဲ"

တုံ့ပြန်မှုအရ အာဂျော့ကို လွင့်စင်သွားအောင် လုပ်လိုက်မိသော ဂျင်ဆိုဟွန်းမှာ လက်ထဲတွင် ကျန်ရစ်ခဲ့သည့် အရိုးကျိုးသွားသော ခံစားချက်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါ ဘာဖြစ်တာလဲ"

တောင်ပေါ်ရဲတိုက်မှ ဓားပြများမှာ အသံကျယ်ကြောင့် လန့်နိုးလာပြီး ပြေးထွက်လာကြသော်လည်း ပိုင်ဖုန်းက အလျင်အမြန် ရှေ့တက်ကာ အော်ဟစ်လိုက်သည်။

"ရပ် သေချင်တာမဟုတ်ရင် ငြိမ်ငြိမ်နေကြ"

ပိုင်ဖုန်း၏ အော်သံကြောင့် ဓားပြများမှာ ခြေလှမ်းရပ်သွားပြီး ရဲတိုက်အလယ်တွင် လဲလျောင်းနေသော အာဂျော့ကို ငေးကြည့်နေကြသည်။ သူတို့လည်း အရူးများ မဟုတ်ကြပေ။ သူတို့၏ ခံတပ်ချုပ် အာဂျော့တစ်ချက်တည်းနှင့် လဲကျသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် မည်သူမျှ မိုက်မိုက်ရူးရူး ထပ်မတိုက်ခိုက်ကြတော့ပေ။

သေစမ်း ငါ သေတော့မလို့ပဲ။

အကျင့်စရိုက်မှာ ဆိုးရွားသော်လည်း အာဂျော့၏ သိုင်းပညာမှာ ပိုင်ဖုန်းတောင် လက်မြှောက်ရလောက်အောင် ထူးချွန်သည်။

အထူးသဖြင့် ကောက်နေသောဓားဖြင့် သုံးသည့် အာဂျော့၏ ဓားပညာမှာ သိုင်းသမားများစွာ၏ အသက်ကို နှုတ်ယူခဲ့ဖူးသည်။ သို့သော် ထိုဂန်ဆောင်ရဲတိုက်၏ ခံတပ်ချုပ် အာဂျော့မှာ တစ်ချက်တည်းဖြင့် ရက်ရက်စက်စက် အနိုင်ယူခံလိုက်ရသည်။

သူ ဘယ်လောက်တောင် သန်မာတာလဲ။

ခဏတာ လေ့လာမိလိုက်သည့် အာဂျော့၏ မျက်နှာမှာ လုံးဝ ပုံပျက်သွားသည်။ နှာခေါင်းမှာ ပုံစံပျက်ပြီး ကြေမွသွားကာ သွားအများစုမှာလည်း ကျိုးပဲ့ကုန်သည်။

အသားတောင် မစားနိုင်တော့ဘဲ ဆန်ပြုတ်သာ စားရတော့မည့် အာဂျော့ကို မြင်လိုက်ရသည့်အခါ ပိုင်ဖုန်းမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။

"ဒါ ငရဲပဲ..."

ပိုင်ဖုန်းမှာ ဂျင်ဆိုဟွန်း၏ လက်သီးချက်ကိုပင် မမြင်လိုက်ရချေ။ သူနှင့် ဂျင်ဆိုဟွန်းကြားက ကွာဟချက်ကို ထပ်မံခံစားလိုက်ရသဖြင့် ပိုင်ဖုန်း တံတွေးမြိုချသည်။

ရှန်စီမှာ ဂျင်မိသားစုကြောင့် လူသူကင်းဝေးတဲ့ နေရာမှာ ပုန်းအောင်းနေတဲ့ သိုင်းပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်လို့ ပြောကြတာ ငါတော့ မှားယွင်းတဲ့သူနဲ့ တွေ့မိပြီ။

"ဦးလေး ပိုင်ဖုန်း"

"ဟုတ်"

ထူးဆန်းစွာ ယဉ်ကျေးနေသော ပိုင်ဖုန်းကို ဂျင်ဆိုဟွန်းက အေးစက်သော မျက်နှာဖြင့် စိုက်ကြည့်သည်။

"ဓားပြတွေ အားလုံးက ဒီလိုပဲလား"

သူ့မေးခွန်းကြောင့် ပိုင်ဖုန်းမှာ မည်သို့ ဖြေရမှန်း မသိတော့ပေ။ ငြင်းလိုက်လျှင် ဓားပြများ၏ တည်ရှိမှုကို ငြင်းရာရောက်မည် ဖြစ်ပြီး ဝန်ခံလိုက်လျှင်လည်း အာဂျော့၏ အဖြစ်ဆိုးနှင့် ကြုံရမည်ပင်။

"ဒီလို ဓားပြတွေလည်း ရှိသလို... ဒီလို မဟုတ်တဲ့ ဓားပြတွေလည်း ရှိပါတယ်ဗျာ"

ဂျင်ဆိုဟွန်းမှာ တိတ်တိတ်ကလေး ဒေါသထွက်နေသည်။

ဒီလူတွေက ဘာကြောင့် လူ့အသက်ကို ဒီလောက်ပေါ့ပေါ့တန်တန် သဘောထားကြတာလဲ။

ဓားပြ၏ မျက်နှာကို ပုံပျက်သွားအောင် လုပ်လိုက်သော်လည်း ဂျင်ဆိုဟွန်းတွင် အပြစ်ရှိသည်ဟူသော ခံစားချက် မရှိပေ။ ၎င်းမှာ သူတို့ စုဆောင်းထားသော ကံကြမ္မာ၏ အကျိုးပေးသာ ဖြစ်သည်။

"အခုတော့ သွားကြစို့။ ခံတပ်ချုပ်ကြီးဆိုတဲ့သူနဲ့ တွေ့ဖို့ လိုမယ်ထင်တယ်"

"ဟ..ဟုတ်ကဲ့"

ပိုင်ဖုန်း ရှေ့မှ ဦးဆောင်သွားသောအခါ ဂျင်ဆိုဟွန်း၊ စီးယုနှင့် ပိုင်ဖုန်းရဲတိုက်မှ ဓားပြနှစ်ယောက်တို့ နောက်မှ လိုက်သွားကြသည်။

"အဲဒီလူကို... အစ်ကိုက လုပ်လိုက်တာလား"

မျက်လုံးပိတ်ထားသဖြင့် အခြေအနေကို သေချာ မမြင်လိုက်ရသည့် စီးယု၏ မေးခွန်းကို ဂျင်ဆိုဟွန်းက ခေါင်းညိတ်သည်။

"ဟုတ်တယ်"

"ဝါး လူဆိုးတစ်ယောက်ကို အဲဒီလိုမျိုး အနိုင်ယူလိုက်တာ... သခင်လေး တကယ်ပဲ သိုင်းပညာ သင်ထားတာပဲ"

"သင်ထားတာပေါ့ တစ်ယောက်ယောက်ရဲ့ ကျေးဇူးကြောင့် တောင်ပေါ်မှာ အပိတ်ခံရပြီး အလုပ်သမားလို အသုံးချခံရင်း သိုင်းပညာ သင်ခဲ့ရတာလေ"

"ဟီးဟီး..."

"သခင်လေး"

တစ်ချိန်ချိန်တွင် ဂျင်ဆိုဟွန်းကို သခင်လေးဟု ခေါ်လာသော ပိုင်ဖုန်းက အတင်းပြုံးပြရင်း ဦးညွှတ်သည်။

"ဒီလမ်းအတိုင်း တန်းသွားရင် ခံတပ်ချုပ်ကြီးရှိတဲ့နေရာကို တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ သခင်လေး... တကယ် သွားမှာလား"

အခက်တွေ့နေသော ပိုင်ဖုန်းက ဂျင်ဆိုဟွန်းကို သနားစရာကောင်းသော မျက်နှာဖြင့် ကြည့်သည်။

"ဟုတ်တယ်"

ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်လိုက်သော ဂျင်ဆိုဟွန်းကို မြင်ပြီး ပုံပျက်သွားသည့် အာဂျော့၏ မျက်နှာကို ပြန်တွေးမိကာ ပိုင်ဖုန်းမှာ စိုးရိမ်တကြီးဖြင့် စိမ်းလန်းသော တောအုပ်ကြီး၏ ယာယီအဓိက တောင်တန်းကို မော့ကြည့်လိုက်သည်။

"ဟာ..."

All Chapters