အခန်း ၄၀
Vol. 4 Ch. 40
အခန်း။ ၄၀
"ဒါက ပိုင်ဖုန်းရဲတိုက်ရဲ့ အကြီးအကဲ ပိုင်ဖုန်းပါ ကျွန်တော် ခံတပ်ချုပ်ကြီးကို တွေ့ဖို့ လာခဲ့တာပါ"
ပိုင်ဖုန်း၏ အော်ဟစ်သံကြောင့် ခိုင်ခန့်စွာ ပိတ်ထားသော သစ်သားတံခါးကြီး ပွင့်လာသည်။ အတွင်းဘက်မှ ဓားပြအုပ်စုအချို့ ထွက်လာပြီး ပိုင်ဖုန်းကို နှုတ်ဆက်ကြသည်။
တခြားရဲတိုက်မှ ဓားပြများနှင့်မတူဘဲ သူတို့၏ တစ်ကိုယ်လုံးတွင် ဆိုးရွားသော အငွေ့အသက်များ လွှမ်းခြုံနေပြီး မျက်နှာနှင့် ကိုယ်ခန္ဓာတွင် အမာရွတ်ကြီးငယ်များ အပြည့်ရှိနေသည်။
"ပိုင်ဖုန်းရဲတိုက်က အကြီးအကဲ ဘာကိစ္စနဲ့ ရောက်လာတာလဲ"
သူတို့ထဲမှ ကြွက်သားအဖုအထစ်များဖြင့် ခန္ဓာကိုယ်ကြီးမားသော လူလတ်ပိုင်းအရွယ်တစ်ယောက် ချဉ်းကပ်မေးမြန်းလိုက်သဖြင့် ပိုင်ဖုန်း၏ နဖူးတွင် ချွေးစေးများ ပြန်လာသည်။
ဒီနေရာမှာ သူနဲ့ လာတွေ့ရမယ်လို့ ဘယ်သူထင်မှာလဲ။
ပိုင်ဖုန်းမှာ ထိတ်လန့်နေသောစိတ်ကို ဖုံးကွယ်ရင်း တတ်နိုင်သမျှ သဘာဝကျကျ ဖြေလိုက်သည်။
"ကျွန်တော် ခံတပ်ချုပ်ကြီးကို တွေ့ချင်လို့ပါ"
ပိုင်ဖုန်းကို အကြည့်စူးစူးဖြင့် ကြည့်နေသော ထိုလူက ဂျင်ဆိုဟွန်းနှင့် စီးယုကို လက်ညှိုးထိုးကာ မေးသည်။
"သူတို့က ဘယ်သူတွေလဲ"
"အာ ဒီကောင်လေးတွေက ပိုင်ဖုန်းရဲတိုက်ရဲ့ စစ်သားသစ်တွေပါ"
ပိုင်ဖုန်းက ဂျင်ဆိုဟွန်းနှင့် စီးယုကို မိတ်ဆက်ပေးလိုက်သည်။
"စစ်သားသစ်တွေ"
ထိုလူက ဂျင်ဆိုဟွန်းကို ဖောက်ထွင်းမြင်မတတ် စူးရဲသော အကြည့်ဖြင့် စိုက်ကြည့်သည်။ အပြစ်ကင်းစင်သော မျက်လုံးများနှင့် ချောမောသော မျက်နှာက ဓားပြတစ်ယောက်နှင့် လုံးဝမလိုက်ဖက်သော ပုံပန်းသဏ္ဍာန်ရှိသည့် ဂျင်ဆိုဟွန်းကို ကြည့်ပြီး ထိုလူက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
"စစ်သားသစ်တွေ... စစ်သားသစ်တွေပဲ..."
"ဟုတ်ပါတယ်"
ပိုင်ဖုန်းက အယောင်ယောင်အမှားမှား ရယ်မောလိုက်ချိန်တွင် ထိုလူကလည်း ပြန်ပြုံးပြပြီး စကားပြောလိုက်သည်။
ကျေးဇူးပြုပြီး ယုံပေးလိုက်ပါ။
ပိုင်ဖုန်း၏ ဆုတောင်းနှင့် ဆန့်ကျင်စွာပင် ထိုလူ၏ အပြုံးမှာ အေးစက်သွားသည်။
"ဒါတွေ အလကား စကားတွေ"
စကားဆုံးသည်နှင့် သူ၏ ခါးကြားမှ ထုတ်လိုက်သော လက်ပစ်တူတစ်လက်မှာ ဂျင်ဆိုဟွန်း၏ မျက်နှာဆီသို့ ပျံသန်းလာသည်။
ဖတ်….
သူ့၏ လှုပ်ရှားမှုကို ကြိုတင်မြင်ထားသော ဂျင်ဆိုဟွန်းမှာ ပျံသန်းလာသော လက်ပစ်တူကို အခက်အခဲမရှိဘဲ ဖမ်းယူလိုက်သည်။
"ဒီလောက်ပေါ့ပေါ့ပါးပါးနဲ့ ဖမ်းလိုက်နိုင်တယ်ပေါ့။ မင်းက သာမန်ကောင်လေးတစ်ယောက်တော့ မဟုတ်ဘူး... မင်း ဘယ်သူလဲ"
ထိုလူ၏ မေးခွန်းကြောင့် ပိုင်ဖုန်းမှာ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ငါ အမိခံလိုက်ရပြီ ဘယ်သူ့ကိုမှမဟုတ်ဘဲ ဒီခံတပ်ရဲ့ ဒုချုပ်ကိုမှ မိသွားရတယ်လို့။
ယခု သူတို့ရှေ့တွင် ရပ်နေသူမှာ ခံတပ်ချုပ်ကို ကူညီပေးနေသည့် ဒုတိယခံတပ်ချုပ် ဂီးဆီးမွန်းဖြစ်သည်။ ဂီးဆီးမွန်းမှာ ပုဆိန်ပညာရှင်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့် သိုင်းသမားတစ်ဦး ဖြစ်သည်။
ထိုသူမှာ ရဲတိုက် ၇၂ ခုမှ ခံတပ်ချုပ် ၅ ယောက် သို့မဟုတ် ၅ ယောက်ထက်ပို၍ လာတိုက်ခိုက်လျှင်ပင် အနိုင်ရရန် အာမခံနိုင်လောက်အောင် သန်မာသူဖြစ်သည်။ သူက ဂျင်ဆိုဟွန်းထံမှ တစ်ခုခုကို သံသယဖြစ်ဖွယ် ခံစားမိသွားခြင်းပင်။
ငါတော့ သေပြီ အခု ဘာလုပ်ရမလဲ အမှန်အတိုင်း ပြောလိုက်ရမလား။
ပိုင်ဖုန်းမှာ ဤအခြေအနေမှ မည်သို့ကျော်လွှားရမလဲဟု တွေးတောနေချိန်တွင် ဂီးဆီးမွန်းက နောက်ထပ် လက်ပစ်တူတစ်လက်ကို ခါးကြားမှ ထုတ်ကိုင်လိုက်သည်။
"မင်း အမှန်အတိုင်း ပြောတာ ကောင်းမယ်။ အဲဒီချောမောတဲ့ မျက်နှာနှစ်ခြမ်းကွဲသွားတာကို မမြင်ချင်ဘူးဆိုရင်ပေါ့"
ဂီးဆီးမွန်း၏ သတိပေးချက်ကြောင့် ဂျင်ဆိုဟွန်းမှာ သူကိုင်ထားသော လက်ပစ်တူကို ဘေးသို့ ပစ်ချလိုက်ပြီး ပြောသည်။
"ကျွန်တော် ခံတပ်ချုပ်ကြီးကို တွေ့ဖို့ လာခဲ့တာပါ။ ပြောစရာ စကားအနည်းငယ် ရှိလို့ပါ"
"ခံတပ်ချုပ်ကြီးကို…..ဟားဟားဟား မင်း တွေ့ချင်တိုင်းများ စိမ်းလန်းသော တောအုပ်ကြီးရဲ့ ခေါင်းဆောင်ကို တွေ့နိုင်မယ် ထင်နေတာလား"
"ဒါဆိုရင် ဘယ်လိုလုပ် တွေ့နိုင်မလဲ"
"အင်း... မင်းရဲ့ အထောက်အထားကို အခုချက်ချင်း ဖော်ထုတ်လိုက် ဒါမှမဟုတ် သေပြီးနောက် ဘဝမှာတော့ တစ်နေ့နေ့မှာ တွေ့နိုင်မှာပါ"
"ကျွန်တော်က နောက်ဆုံးကိစ္စကို မကြိုက်ဘူး ဒါကြောင့် ပထမအချက်ကိုပဲ ရွေးလိုက်မယ်"
"ကောင်းပြီလေ။ မင်းရဲ့ အထောက်အထားက ဘာလဲ"
"ကျွန်တော်က ဂျင်မိသားစုရဲ့ သားဦး၊ဂျင်ဆိုဟွန်းပါ"
ဂျင်မိသားစု၏ သားဦးဟု ဂျင်ဆိုဟွန်းက ကြေညာလိုက်သည့်အခါ နေရာတွင် စုဝေးနေသည့် ခံတပ်ချုပ်များသာမက ဂီးဆီးမွန်းပါ တုန်လှုပ်သွားသည်။
သူတို့ လုံးဝ မတွေ့ဆုံသင့်သည့် မိသားစုမှ သားဦးက စိမ်းလန်းသော တောအုပ်ကြီး၏ ဗဟိုချက်မသို့ တည့်တည့်ဝင်ရောက်လာခြင်းပင်။
"ဘယ်လိုလုပ်ပြီး ဂျင်မိသားစုရဲ့ သားဦးက..."
ဂီးဆီးမွန်း၏ အကြည့်များမှာ ပိုင်ဖုန်းဆီသို့ အလိုလို ရောက်သွားပြီး ပိုင်ဖုန်းမှာ ခေါင်းကိုသာ တရမ်းရမ်း ခါလိုက်သည်။
ဒါ ငရဲပဲ ဒီကောင်လေးက ဂျင်မိသားစုရဲ့ သားဦးတဲ့လား။
ပိုင်ဖုန်းမှာ ခေါင်းမူးသွားသည်။
'ဂျင်မိသားစုရဲ့ သားဦးက ကမ္ဘာပေါ်မှာ အပျင်းဆုံးလူဆိုပြီး နာမည်ကြီးတဲ့သူ မဟုတ်ဘူးလား။
အိမ်ပြင်တောင် သုံးလှမ်းထွက်လေ့မရှိဘူးဆိုတဲ့ အဲဒီငပျင်းက... ဓားပြစခန်းဆီ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...'
ငါ သေပြီ။
ပိုင်ဖုန်းမှာ အသက်ရှင်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်သည်။ ရှန်စီ၏ နံပါတ်တစ် ကုန်သည်မိသားစုက ဘယ်တော့မှ မထိပါးသင့်သည့် မိသားစု၏ သားဦးကို ခံတပ်ချုပ်ကြီးဆီ ခေါ်လာမိသည့်အတွက် သူမှာ သေဖို့သာ ရှိတော့သည်။
"ဒါက ငါတို့ ထင်ထားတာထက် ပိုကြီးတဲ့ ငါးပဲ။ ဂျင်မိသားစုရဲ့ သားဦးက ဒီကို ဘာလာလုပ်တာလဲ"
ဂီးဆီးမွန်း၏ အသံမှာ ယဉ်ကျေးသော်လည်း အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
"ကျွန်တော် ပြောခဲ့တယ်လေ။ ခံတပ်ချုပ်ကြီးကို တွေ့ဖို့ လာတာပါ"
"ခံတပ်ချုပ်ကြီးကတော့..."
ဂီးဆီးမွန်း စကားမဆုံးခင်မှာပင် ပိတ်ထားသော တဲတံခါး ပွင့်သွားပြီး လူတစ်ယောက် ထွက်လာသည်။ သူမှာ အသက် ၄၀ ကျော်၊ ၅၀ အရွယ်ခန့် ဖြစ်သည်။
ခန္ဓာကိုယ်မှာ ပိန်ပါးပြီး အရပ်မြင့်ကာ တခြားဓားပြများနှင့် မတူဘဲ သားရေအဝတ်အစားများ မဟုတ်ဘဲ ပိုးထည်ဖြင့် ရက်လုပ်ထားသည့် ပိုးဝတ်ရုံကို ဝတ်ဆင်ထားသည်။
ကြမ်းပြင်တွင် ပိုးဝတ်ရုံစကို ဆွဲလျားကာ ထွက်လာသည့် ထိုလူက ဂျင်ဆိုဟွန်းကို အကြည့်စူးစူးဖြင့် ကြည့်သည်။
"မင်း ဘယ်သူလဲ"
သမ်းဝေရင်း ထွက်လာသည့် ထိုလူက ဂျင်ဆိုဟွန်းကို အလုပ်ရှုပ်စရာကိစ္စတစ်ခုကို ကြုံနေရသည့် မျက်နှာဖြင့် ကြည့်သည်။
"ခံတပ်ချုပ်ကြီးကို အရိုအသေ ပေးပါတယ်"
ထိုလူ ထွက်လာချိန်တွင် ခံတပ်ချုပ်များအပါအဝင် ရဲတိုက်မှ ဓားပြအားလုံးမှာ ကိုယ်ကိုကိုင်းညွတ်ကာ အရိုအသေ ပေးကြသည်။ သူတို့မှာ ဂုဏ်သရေရှိ မိသားစုမှ သိုင်းပညာရှင်များအတိုင်းပင်။
"သူက ဂျင်မိသားစုရဲ့ သားဦး ဂျင်ဆိုဟွန်းပါ"
ဂီးဆီးမွန်း၏ ရှင်းပြချက်ကြောင့် ခံတပ်ချုပ်ကြီးဟု ခေါ်ဆိုသည့် လူက လည်ပင်းကို ကုတ်လိုက်သည်။
"ဒါဆို ဘာကိစ္စနဲ့ လာတာလဲ"
ခံတပ်ချုပ်ကြီး၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းက ပြောသည်။
"ရှန်စီမှာရှိတဲ့ ကုန်သည်အသေးစားလေးတွေကို ဒုက္ခပေးနေတာ ခင်ဗျားတို့ပဲလား"
"မင်းလား သူဌေးသားလေးရဲ့ ခေါင်းစဉ်ကလည်း ယဉ်ကျေးမှုတွေနဲ့ ပြည့်နေတာပဲ။ မင်းတို့အားလုံး ကြည့်ပြီး သင်ယူကြ။ နားလည်လား"
ခံတပ်ချုပ်ကြီး၏ စကားကြောင့် ဓားပြများက ချက်ချင်း ပြန်ဖြေကြသည်။
"ဟုတ်ကဲ့"
ဓားပြများ၏ အသံမှာ တောင်ပေါ်ရဲတိုက်တွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ထိုအတောအတွင်း ခံတပ်ချုပ်ကြီး၏ ပျင်းရိနေသော မျက်လုံးများက ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။ သူ့ကို ပြန်ကြည့်နေသည့် ဂျင်ဆိုဟွန်း၏ မျက်လုံးများမှာလည်း ပျင်းရိနေပုံ ပေါက်နေသည်။
ကုန်သည်မိသားစုမှ သားဦးဖြစ်သူက တင်းမာမှု လုံးဝမရှိဘဲ အရာအားလုံးကို အလုပ်ရှုပ်စရာကိစ္စတစ်ခုသဖွယ် သဘောထားကာ စိမ်းလန်းသော တောအုပ်ကြီး၏ နယ်မြေတွင် ရပ်နေသည်ကို မြင်ရသောအခါ ခံတပ်ချုပ်ကြီး ကန်ဆောပြောင်၏ စိတ်ဝင်စားမှုမှာ နိုးကြားလာသည်။
"ငါက စိမ်းလန်းသော တောအုပ်ကြီးရဲ့ ခံတပ်ချုပ်ကြီး ကန်ဆောပြောင်ပဲ။ မင်းက ငါတို့ကို ကုန်သည်တွေကို ဒုက္ခပေးနေတာလားလို့ မေးခဲ့တယ်မလား"
"ဟုတ်တယ်"
"မဟုတ်ဘူးဆိုရင်ကော"
"မဟုတ်ဘူးလား"
"မဟုတ်ဘူး။ ငါတို့ပဲ"
ကန်ဆောပြောင်က တခစ်ခစ်ရယ်ကာ ပြောလိုက်သောအခါ ဂျင်ဆိုဟွန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
မျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် ကန်ဆောပြောင်မှာ နားမလည်နိုင်သည့် မျက်နှာဖြစ်သွားသည်။
"ဘာက တော်သေးတာလဲ"
"ဘာလို့လဲဆိုတော့ ခေါင်းဆောင်ကို ထပ်ရှာနေစရာ မလိုတော့လို့လေ။ ဒီအတိုင်းဆိုရင် အလုပ်ရှုပ်တာနဲ့ပဲ ကျွန်တော် သေရတော့မှာ"
"အဲဒီလိုလား ဂုဏ်ယူပါတယ်။ ဒါပေမဲ့ မင်းက ငါတို့ကို တွေ့ရင် ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"
"ရှန်စီက ကုန်သည်တွေကို ဒုက္ခပေးတာ ရပ်လိုက်ဖို့ ပြောမလို့ လာခဲ့တာ"
"အဲဒီလိုလား မရပ်ချင်ဘူးဆိုရင်ကော"
"အင်း..."
ဂျင်ဆိုဟွန်းမှာ တောင်ပေါ်ရဲတိုက်ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက တစ်ခုခုကို အသံတိုးတိုးဖြင့် ရေရွတ်နေသဖြင့် ထူးဆန်းသည်ဟု ခံစားရသော ကန်ဆောပြောင်က မေးလိုက်သည်။
"မင်း အခု ဘာလုပ်နေတာလဲ"
"ကျွန်တော် ရေတွက်နေတာ"
"ဘာလို့ ရေတွက်နေတာလဲ"
"ဘယ်နှစ်ယောက်ရှိလဲ သိဖို့ လိုအပ်လို့လေ"
"အဲဒါနဲ့ မင်းက ဘာလုပ်မလို့လဲ"
ဓားပြအားလုံးကို ရေတွက်ပြီးသွားသော ဂျင်ဆိုဟွန်းက မျက်နှာကို တောက်ပစွာထားကာ ပြောသည်။
"အာဏာပိုင်တွေရဲ့ အကျဉ်းထောင်ထဲမှာ ခင်ဗျားတို့အားလုံးကို ထည့်လို့ရမလား တွက်ချက်ရမှာမို့လို့လေ"
"ဟားဟား ဒါဆို မင်းက ရမယ်လို့ ထင်နေတာလား"
"နည်းနည်းတော့ ကျဉ်းနေမယ် အဲဒီတော့ ခွဲထားရလိမ့်မယ် ထင်တယ်"
"မဟုတ်ဘူး။ ငါမေးတာ အဲဒါ မဟုတ်ဘူး"
ကန်ဆောပြောင်မှာ ပြုံးနေသော်လည်း သူ့ခန္ဓာကိုယ်မှ မသိစိတ်ဖြင့် ထွက်ပေါ်လာသော ပြင်းထန်သည့် ချီစွမ်းအင်များက ဂျင်ဆိုဟွန်းကို ဖိအားပေးလာသည်။
ပတ်ဝန်းကျင်ရှိ လေထုမှာ အလွန်လေးလံလာသဖြင့် အသက်ရှူရပင် ခက်ခဲလာသည်။ သို့သော် ဂျင်ဆိုဟွန်း၏ အမူအရာမှာ တည်ငြိမ်နေသည့်အပြင် သူ အနည်းငယ် စိတ်ရှုပ်နေပုံပင်။
"နောက်တစ်ခါပြန်စပြီ။ ခင်ဗျားတို့ ဓားပြတွေက အမှားလုပ်ထားတာဆိုတော့ အကျဉ်းထောင်ထဲကို နာနာခံခံနဲ့ပဲ သွားလိုက်လို့ မရဘူးလား"
"မင်း တစ်သက်မှာ နာနာခံခံနဲ့ အကျဉ်းထောင်ထဲသွားတဲ့ ဓားပြကို မြင်ဖူးလား"
"ဓားပြကို အခုမှ ပထမဆုံး မြင်ဖူးတာ"
"ဟားဟား... ဂျင်မိသားစုရဲ့ သားဦးက ကမ္ဘာပေါ်က အပျင်းဆုံးလူတဲ့လား ကောလာဟလတွေကို မယုံသင့်ဘူးဆိုတာ အမှန်ပဲ"
ကန်ဆောပြောင်က နောက်ဘက်ကို လက်ဟန်ပြလိုက်သောအခါ စောင့်ဆိုင်းနေသည့် ခန္ဓာကိုယ်တောင့်တင်းသော ဓားပြများက ခံတပ်ချုပ်ကြီး၏ တဲထဲမှ ဧရာမပုဆိန်ကြီးတစ်ခုကို ထုတ်ယူလာသည်။
လူသုံးယောက်မှ မနည်းမနော မနိုင်သည့် အလွန်ကြီးမားလေးလံသော ပုဆိန်၏ လက်ကိုင်ဖျားတွင် သံကြိုးရှည်ကြီးတစ်ခု တပ်ဆင်ထားသည်။
"နည်းနည်း အားထုတ်စမ်းပါဦး။ ပုဆိန်တစ်လက်အတွက် ဘာလို့ လူအများကြီး လိုတာလဲ အသုံးမကျတဲ့ကောင်တွေ"
ကန်ဆောပြောင်က သူ့လက်အောက်ငယ်သားများ ယူလာသည့် ပုဆိန်ကို တစ်ဖက်တည်းဖြင့် မကာ ပုခုံးပေါ် တင်လိုက်သည်။
ခလောက်…
သံကြိုးမှာ မြွေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် ရှည်လျားစွာ ဆန့်တန်းသွားသည်။
"မင်းက မိုးပျံဓားသူရဲကောင်းဆီက သိုင်းပညာ သင်ခဲ့တာဆိုတော့ မင်းကိုလည်း သိုင်းသမားလို့ ခေါ်လို့ရမှာပေါ့"
"ကျွန်တော် သိုင်းပညာ သင်ခဲ့တာကို ခင်ဗျား ဘယ်လိုသိတာလဲ"
ကန်ဆောပြောင်က သူ့နားကို ခေါက်ပြသည်။
"ဓားပြလုပ်မယ်ဆိုရင် နားစွင့်ထားဖို့ လိုတယ်။ ဒါ့အပြင် ဂျင်မိသားစုရဲ့ သားဦးကို အပျင်းထူလွန်းတဲ့သခင်လေးလို့ ခေါ်တာကိုလည်း ငါ သိတယ်လေ"
"ဟမ့်"
ဂျင်ဆိုဟွန်းမှာ မေးစေ့အောက်ကို ကုတ်လိုက်သည်။
တိုက်ခိုက်ရတာ အလုပ်ရှုပ်တယ်... ပြီးတော့ ဒီလူက သန်မာပုံပဲ...
မျိုးဆက်သစ် အရည်အချင်းရှိသူများကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ခဲ့သည့် ရန်သူနှင့် အဆင့်တူပုံပင်။ ကန်ဆောပြောင်မှာ ဂျင်ဆိုဟွန်းအနေဖြင့် အားလုံးကို အသုံးချမှသာ ရင်ဆိုင်နိုင်မည့် ကျွမ်းကျင်သူဖြစ်သည်။
ဒါက ပိုကောင်းတာလား။
ဂျင်ဆိုဟွန်းက ပိုင်ဖုန်းနှင့်အတူ လိုက်ပါလာသည့် ပိုင်ဖုန်းရဲတိုက်မှ ဓားပြနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့မှာ ဂျင်ဆိုဟွန်း၏ တောင်းဆိုချက်အတိုင်း သေတ္တာကြီးတစ်ခုကို ထမ်းကာ လိုက်လာခဲ့ကြခြင်းပင်။
"မင်း ဒါကို သိလား"
ကန်ဆောပြောင်က ပုဆိန်ဖြင့် ပုခုံးကို ပုတ်ကာ ပြုံးသည်။
"လက်သီးက ဥပဒေထက် ပိုနီးတယ်လေ"
သူ့စကားမှာ အမှန်ပင်။ ကန်ဆောပြောင်က တိုက်ပွဲစတင်တော့မည့်အလား အတွင်းအားကို ဖြည်းဖြည်းချင်း ထုတ်သုံးနေချိန်တွင် ဂျင်ဆိုဟွန်း၏ နောက်တွင် ရပ်နေသော စီးယုက ရှေ့သို့ တိုးလာသည်။
ယုံကြည်ချက်အပြည့်ဖြင့် ရှေ့တိုးလာသော စီးယုက သူမ၏ အားအင်အကုန်သုံးကာ အော်လိုက်သည်။
"ရပ် သခင်လေးကို ထိခိုက်အောင်လုပ်ရင် ဂျင်မိသားစုက အလွတ်ပေးမှာ မဟုတ်ဘူး"
"မင်းက ဘယ်သူလဲ"
"ကျွန်မက သခင်လေး ဂျင်ဆိုဟွန်းကို အစေခံတဲ့ သစ္စာရှိ အစေခံမလေး စီးယုပါ။ စိမ်းလန်းသော တောအုပ်ကြီးက အာဏာပိုင်တွေတောင် လွယ်လွယ်မထိရဲတဲ့ ဓားပြခံတပ် ဖြစ်ပေမဲ့ ဂျင်မိသားစုရဲ့ သားဦးကို ထိခိုက်အောင်လုပ်ရင် ရှင်တို့အတွက် ကောင်းမှာ မဟုတ်ဘူး"
စီးယုမှာ ယုံကြည်ချက် ရှိနေသည်။ အကြောင်းမှာ ဤနေရာမှာ ရှန်စီဖြစ်ပြီး ရှန်စီတွင် ဂျင်မိသားစု ရှိနေသောကြောင့်ပင်။ သိုင်းသမားများစွာနှင့် အဆက်အသွယ်ရှိသည့် နေရာတစ်ခုအပြင် ဂိုဏ်းကြီး ၉ ခုနှင့် အဖွဲ့အစည်း ၁ ခုသို့မဟုတ် မိသားစုကြီး ၅ ခုကို ထိတာထက် ရှန်စီက ဂျင်မိသားစုကို ထိတာက ပိုဆိုးသည်ဟု သတင်းကြီးသည့်အတိုင်း ဂျင်မိသားစု၏ နာမည်မှာ ရှန်စီတွင် အလေးချိန် များလှသည်။
သို့သော်လည်း ကန်ဆောပြောင်မှာ အတွင်းအားကို လျှော့ချခြင်း မရှိပေ။
"အဲဒီလိုလား"
"ဟုတ်တယ်"
"ပြီးတော့ အခုဆိုရင် ဂျင်မိသားစုရဲ့ စစ်သည်တွေ ဒီကို ရောက်လာတော့မှာ ဒါကြောင့် နာနာခံခံနဲ့ နောက်ဆုတ်လိုက်ကြ"
"ဟားဟားဟား"
ရယ်မောသံဖြင့် ဟိန်းဟောက်နေသော ကန်ဆောပြောင်က မျက်ရည်ကို သုတ်လိုက်ပြီး ဂျင်ဆိုဟွန်းကို ကြည့်သည်။
"မင်းမှာ စမတ်ကျပြီး ရဲတင်းတဲ့ အစေခံမလေးတစ်ယောက် ရှိတာပဲ"
"စီးယုက ရဲတင်းပါတယ်"
"ကောင်းလိုက်တဲ့ စကား။ စီးယုလို့ ပြောတာလား"
"ဟုတ်"
"မင်းရဲ့ ကျေးဇူးကြောင့် ငါ အကြီးအကျယ် အမှားလုပ်မိတော့မလို့ပဲ"
"ဟုတ်တယ်မလား ဒါကြောင့် အခုတောင်..."
"ဒီကန်ဆောပြောင်ကို ကုန်သည်ရဲ့ အစေခံမလေးတစ်ယောက်က ခြိမ်းခြောက်လောက်အောင် အထင်သေးခံရတယ်ပေါ့"
ကန်ဆောပြောင်၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာသဖြင့် စီးယု၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။
"အအဲဒါ မဟုတ်ပါဘူး..."
ထိတ်လန့်နေသော စီးယုက လက်များကို ဝှေ့ယမ်းသည်။ ထိုအခိုက်တွင် သူမရင်ဘတ်ထဲတွင် ထည့်ထားသော ငွေနဂါးပြားမှာ ကျသွားသည်။ ၎င်းကို မြင်လိုက်ရသော လူသုံးယောက်၏ အကြည့်များမှာ မြေပြင်ပေါ်သို့ ကျသွားသည့် ငွေနဂါးပြားဆီသို့ တစ်ပြိုင်နက် ရောက်သွားသည်။
"ဒါက... ဒါဆို..."
စီးယုက ငွေနဂါးပြားကို ကောက်ယူကာ ဆင်ခြေတစ်ခုခု ပေးရန် ကြိုးစားနေစဉ် ငွေနဂါးပြားကို မှတ်မိသွားသော ကန်ဆောပြောင်က ပြောသည်။
"ဒါ နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင်ပြားပဲ။ မိသားစုရဲ့ ကျေးဇူးရှင်တွေကိုပဲ ပေးတဲ့ ကျေးဇူးရှင်ပြားက မင်းဆီမှာ ဘာလို့ ရှိနေတာလဲ"
"အ…အဲဒါက ကျွန်မက နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင်မို့လို့လေ နားလည်လား ကျွန်မကို ခြိမ်းခြောက်တယ်ဆိုတာ နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင်ကို ခြိမ်းခြောက်တာနဲ့ အတူတူပဲ နမ်ဂွန်းမိသားစုနဲ့လည်း မိတ်ပျက်ချင်တာ မဟုတ်ရင် ချက်ချင်း နောက်ဆုတ်လိုက်"
"ငါ အမှားကြီးတစ်ခု ထပ်လုပ်မိတော့မလို့ပဲ။ အစေခံမလေးတစ်ယောက်မှာ နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင်ပြား ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
"ဟုတ်တယ် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ် ဒါကြောင့်..."
"ငါ အစေခံမလေးကို အသက်ရှင်လျက် လွှတ်ပေးမလို့ပါပဲ။ ဒါပေမဲ့ မင်းက နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင် ဖြစ်နေရင်တော့ ဇာတ်လမ်းက ပြောင်းသွားပြီ။ ဒီမှာရှိတဲ့သူအားလုံးကို သတ်ပြီး သက်သေဖျောက်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိတော့ဘူး"
"..."
စီးယုမှာ ချက်ချင်းပင် ကျောခိုင်းလိုက်ပြီး ငွေနဂါးပြားကို ဂျင်ဆိုဟွန်းထံ ပေးလိုက်သည်။
"ဟားဟား... ကျွန်မလို အစေခံမလေးတစ်ယောက်က နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင် ဖြစ်နိုင်ပါ့မလား။ သခင်လေးကို ပြန်ပေးလိုက်ပါတော့မယ်"
ငွေနဂါးပြားကို ပြန်ပေးလိုက်ပြီးနောက် စီးယုမှာ ခြေလှမ်းသေးသေးလေးများဖြင့် နောက်ဆုတ်သွားသည်။
"စီးယု"
"သခင်လေး ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်ပေးပါ"
"ဟူး….ဦးလေး ပိုင်ဖုန်းနဲ့အတူ နေလိုက်ပါ"
"ဟုတ်ကဲ့"
စီးယုမှာ ပိုင်ဖုန်း၏ နောက်တွင် ပုန်းနေလိုက်သောအခါ ဂျင်ဆိုဟွန်းနှင့် ကန်ဆောပြောင်တို့မှာ တစ်ဦးကိုတစ်ဦး ရင်ဆိုင်မိကြသည်။
" အပျင်းထူလွန်းတဲ့သခင်လေးလို့ ခေါ်တဲ့ ကမ္ဘာပေါ်က အပျင်းဆုံးလူက နမ်ဂွန်းမိသားစုရဲ့ ကျေးဇူးရှင် ဖြစ်နေတာပေါ့... မင်းရဲ့ စရိုက်နဲ့မလိုက်အောင် အထူးအခွင့်အရေးတွေ ရနေတာပဲ"
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်"
"ငါ မင်းကို မသတ်ဘူး။ မင်းကို ဖမ်းထားရင် ဂျင်မိသားစုဆီကနေ အများကြီး ရနိုင်မယ်လို့ ထင်တယ်"
"ကျွန်တော်လည်း လူသတ်ရတာ မကြိုက်ဘူး"
"ဟားဟားဟား"
ကန်ဆောပြောင်မှာ ဤရဲတင်းသော လူကို သဘောကျသွားသည်။
"ဒါဆို ပြလိုက်ပါ"
ဂျင်ဆိုဟွန်းက လက်ကို ဆန့်ထုတ်လိုက်သောအခါ ဓားပြများ ကိုင်ထားသည့် သေတ္တာအဖုံးမှာ ပွင့်သွားပြီး ပိုးဝတ်ရုံဖြင့် ထုပ်ထားသော ပစ္စည်းတစ်ခု ထွက်လာသည်။ ဂျင်ဆိုဟွန်းက ၎င်းကို ဖမ်းယူလိုက်ပြီး ပိုးဝတ်ရုံဖြင့် ထုပ်ထားသော လျှို့ဝှက်အိတ်ကို ထုတ်ကာ ပုခုံးပေါ် လွယ်လိုက်သည်။ ၎င်းကို ကြည့်နေသော ကန်ဆောပြောင်၏ အကြည့်များမှာ ပိုမိုပြင်းထန်လာသည်။
"မင်းက ငါ့ကို အံ့ဩစရာတွေ အကြိမ်ကြိမ် ပေးနေတာပဲ"
"ဒီအထိ ရောက်လာပြီဆိုတော့ အမြန်ဆုံး စကြရအောင်။ ကျွန်တော် အိပ်ချင်လာပြီ"
"ကောင်းပြီလေ"
သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ပြေးဝင်တိုက်ခိုက်ရန် ပြင်နေကြသည့်အချိန်တွင်...
"သခင်လေး"
ရဲတိုက်ဝင်ပေါက်မှ သွေးအလိမ်းလိမ်းနှင့် မူယုံံဟူမှာ နတ်ဆိုးတစ်ပါးကဲ့သို့ ပေါ်လာသည်။
၎င်းကို မြင်လိုက်ရသော ဂျင်ဆိုဟွန်းမှာ မျက်တောင်ခတ်လိုက်သည်။
"ဦးလေးမူ"