← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း။ ၄၆

"ဝါး... ကျွန်တော်တို့အိမ် ဒါမှမဟုတ် နမ်ဂန်းမိသားစုနဲ့တော့ လေထုချင်း မတူဘူးပဲ"

"ကြီးလိုက်တာ"

ဂယ်ဆောင်းရဲတိုက်၏ ရဲတိုက်ပိုင်ရှင် ဒိုအူလ်တေး၏ အိမ်ခြံမြေသို့ ရောက်ရှိလာသော လူသုံးဦးမှာ ရွှေရောင်တလက်လက် တောက်ပြောင်နေသည့် ဧရာမအိမ်ကြီးကို ငေးကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ထိုမျှကြီးမားသည့် အိမ်ကြီးရှေ့ ရောက်လာရသည့်အတွက် စိတ်ဖိစီးမှုကြောင့်လား မသိပေ ယူဒုံယော့၏ နဖူးမှ ချွေးအေးများမှာ စီးကျနေသည်။

သို့သော် သားဖြစ်သူကို တွေ့မြင်လိုသည့် တစ်ခုတည်းသော ဆန္ဒကသာ ယူဒုံယော့ကို ခွန်အားဖြစ်စေသည်။

"မင်းတို့က ဘယ်သူတွေလဲ ရဲတိုက်ပိုင်ရှင်က ဘယ်သူ့ကိုမှ အဝင်မခံဖို့ အမိန့်ပေးထားတယ်။ ပြန်ကြပေတော့"

ဒိုမိသားစု၏ အစောင့်လေးဦးက ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်သည်။

"မင်္ဂလာပါရှင်"

စီးယုက အရင်ဆုံး ရှေ့တိုးလာကာ ယဉ်ကျေးစွာ ခါးညွှတ်ပြီး နှုတ်ဆက်သည်။

"ကျွန်မက ဂျင်မိသားစုရဲ့ အစေခံ စီးယုပါ။ ဒါကတော့ ဂျင်မိသားစုရဲ့ သားဦး သခင်လေး ဂျင်ဆိုဟွန်းပါ"

"ဂျင်မိသားစု"

အထက်စီးကနေ ပြောဆိုနေသည့် အစောင့်များ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့သည် ရိုသေသော အမူအရာဖြင့် ခါးညွှတ်လိုက်ကြသည်။

"တောင်းပန်ပါတယ်။ ဂျင်မိသားစုမှန်း မသိဘဲ အရိုင်းအစိုင်းနိုင်မိတဲ့အတွက် ခွင့်လွှတ်ပါ"

"မလိုပါဘူး။ ကျွန်တော်က အကြောင်းမကြားဘဲ ရောက်လာတာမို့ တောင်းပန်စရာ မလိုပါဘူး"

"ဒါပေမဲ့... သခင်လေးဂျင်က ဘာကိစ္စနဲ့ ရောက်လာတာလဲ"

"ကျွန်တော် ယူဒုံယော့ရဲ့သား ဆောဘီကို လာတွေ့တာပါ"

ယူဆောဘီ၏ နာမည်ကို ကြားလိုက်ရသည့်အခါ အစောင့်များ၏ မျက်နှာမှာ တင်းမာသွားသည်။ ထိုအခါမှသာ ဂျင်ဆိုဟွန်းနှင့် စီးယုတို့နောက်တွင် ပြစ်မှုကျူးလွန်သူတစ်ယောက်လို ရပ်နေသော ယူဒုံယော့ကို သူတို့ သတိထားမိသွားသည်။

"အဲဒီလူ... ဒီကို ရောက်လာရဲသေးတယ်ပေါ့"

အစောင့်များသည် ယူဒုံယော့အပေါ် ပွင့်ပွင့်လင်းလင်းပင် ရန်လိုနေကြသည်။ ယူဒုံယော့၏သား ယူဆောဘီသည် ရဲတိုက်ပိုင်ရှင်၏ တစ်ဦးတည်းသောသားကို ဟင်းသီးဟင်းရွက်လို ဖြစ်အောင် လုပ်လိုက်သူ သို့မဟုတ် တရားခံကို သိလျက်နဲ့ ဖုံးကွယ်ပေးနေသူ ဖြစ်နေသည့်အတွက် အကြောင်းပြချက် ရှိနေသည်။

"သခင်လေး ဂျင်ကို ဒီလိုပြောရလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အဲဒီလူက ဒိုမိသားစုအိမ်ထဲ ဝင်လို့မရဘူး။ ပြီးတော့ သခင်လေးလည်း ရဲတိုက်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရပါဘူး"

"အမှန်တရားကို ရှာဖွေဖို့ မလိုဘူးလား။ ဆောဘီရဲ့ ပါးစပ်ကို ဖွင့်ဖို့အတွက် သူ့အဖေဖြစ်တဲ့ ဦးလေးယူ လိုအပ်ပါတယ်"

"အဲဒီလူက သူ့သားကို တွေ့ပြီးသားပါ။ ဒါပေမဲ့ အဲဒီကောင်လေးက ပါးစပ်မဖွင့်ဘူး။ ဟူး တောင်းပန်ပါတယ်။ သခင်လေးဂျင် ပြန်ကြပါတော့"

ဒိုမိသားစု၏ ခိုင်မာသော သဘောထားကြောင့် ဂျင်ဆိုဟွန်းနှင့် ယူဒုံယော့တို့မှာ နောက်ပြန်လှည့်ထွက်လာခဲ့ရသည်။

"သတင်းစကား ပါးလိုက်ရမလား"

"မလိုဘူး"

"ဟုတ်ကဲ့ပါ... ကျွန်တော်နဲ့ ဆောဘီကြောင့် သခင်လေးတို့ ဂျင်မိသားစု ဒုက္ခမရောက်စေရပါဘူး"

လက်လျှော့ပြီး ပြန်ဖို့ ပြင်နေသော ယူဒုံယော့ကို ဂျင်ဆိုဟွန်းက ဆွဲထားလိုက်သည်။

"ဦးလေး"

"ဗျာ ဘာဖြစ်လို့လဲ"

"ဆောဘီကို ဘယ်နားမှာ အကျဉ်းချထားလဲဆိုတာ ခန့်မှန်းခြေ သိလား"

"ဆောဘီကတော့..."

ယူဒုံယော့ အမှတ်တရများကို ပြန်ဆန်းစစ်ရင်း ဆောဘီကို တွေ့ခဲ့သည့် အချိန်ကို ပြန်စဉ်းစားသည်။

"အရှေ့ဘက်က ဂိုဒေါင်ငယ်လေးတစ်ခုပါ။ အရင်က အစားအစာတွေ သိမ်းတဲ့နေရာလို့ ထင်တယ်။ ဘာလို့လဲ သခင်လေး"

ဖြေမည့်အစား ဂျင်ဆိုဟွန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"နေမဝင်ခင် တစ်နာရီလောက်တော့ လိုသေးတယ်မလား"

တစ်နာရီကြာပြီးနောက် ဒိုမိသားစုအိမ်နှင့် မလှမ်းမကမ်းရှိ တည်းခိုခန်းတစ်ခုတွင် ခဏအိပ်စက်နေသော ဂျင်ဆိုဟွန်း နိုးလာသည်။

"ဟာ့... ဟူး တကယ့်ကို အလုပ်ရှုပ်လိုက်တာ"

ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ပစ်ထားပြီး ရက်အနည်းငယ်လောက် လှဲနေချင်တယ်။

"ဒါပေမဲ့ သွားရမှာပဲ"

ပျင်းရိပြီး ချမ်းသာပြီးပျော်ရွှင်တဲ့ အနာဂတ်အတွက် ယူဦးလေးရဲ့သားကို ကယ်ရမယ်။ ယူဆောဘီမှာ အပြစ်မရှိဘူးဆိုရင်ပေါ့။

"သခင်လေး နိုးလာပြီလား"

"ဦးလေးယူကော ဘယ်မှာလဲ"

"သူ အိပ်ပျော်သွားတယ် ထင်တယ်။ မကြာသေးမီက သူ အိပ်မပျော်တာ ကြာပြီလေ"

"ဦးလေးယူနဲ့ ခဏနေလိုက်ဦး။ ကျွန်တော် အပြင် ခဏသွားပြီး ပြန်လာခဲ့မယ်"

"ဘယ်သွားမလို့လဲ"

"ဒိုမိသားစုအိမ်လေ"

စကားဆုံးသည်နှင့် ဂျင်ဆိုဟွန်းသည် ပွင့်နေသည့် ပြတင်းပေါက်မှတစ်ဆင့် ပျံသန်းထွက်သွားတော့သည်။

"အို သခင်လေး ဒါ တတိယထပ်လေ"

သခင်လေး အရူးထသွားပြီလား။

အံ့သြတကြီး ပြတင်းပေါက်ဆီ ပြေးသွားသည့် စီးယုမှာ ဂျင်ဆိုဟွန်းကို ဘယ်နေရာမှ မမြင်ရတော့သည့်အတွက် ခေါင်းကိုသာ ကုတ်နေမိသည်။

"ဘယ်လို ဆင်းသွားတာပါလိမ့်"

နားမလည်နိုင်သည့် စီးယုကို ချန်ထားခဲ့ပြီး တည်းခိုခန်းမှ ထွက်လာသည့် ဂျင်ဆိုဟွန်း ဦးတည်ရာမှာ ဒိုမိသားစုအိမ် ဖြစ်သည်။ ရဲတိုက်ပိုင်ရှင် နေထိုင်သည့်နေရာမို့ လုံခြုံရေးမှာ အလွန်တင်းကျပ်သည်။ မြင့်မားသော အုတ်ရံများကြားတွင် မီးတိုင်များကို ကိုင်ဆောင်ထားသည့် အစောင့်သိုင်းပညာရှင်များမှာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် ကင်းလှည့်နေကြသည်။

"ဒီလိုမျိုး မလုပ်တာ ကြာပြီ။ ဒါပေမဲ့ အဆင်ပြေမှာပါ ဟုတ်တယ်မလား။ အော် တကယ့်ကို အလုပ်ရှုပ်လိုက်တာ"

ညဉ့်ယံ အမှောင်ထုဖုံးလွှမ်းနေသည့် ဒိုမိသားစုအိမ်ဆီသို့ ဂျင်ဆိုဟွန်း ခြေလှမ်းလိုက်သည်။ ခဏချင်းမှာပင် အရိပ်များနှင့် တစ်သားတည်းကျသွားသော ဂျင်ဆိုဟွန်း၏ ပုံရိပ်မှာ အမှောင်ထဲတွင် ရေကူးသကဲ့သို့ ရွေ့လျားသွားပြီး ခြေဖျားဖြင့် အုတ်ရံကို ကန်လိုက်သည်။

ခြေနှစ်ချက်ကန်ကာ ဒိုမိသားစုအိမ်၏ မြင့်မားသော အုတ်ရံကို ခုန်ကျော်လိုက်သည့် ဂျင်ဆိုဟွန်းမှာ အသက်ကို အောင့်ထားပြီး မြေပြင်ပေါ် မှောက်ရက်လဲလိုက်သည်။

"ယူဒုံယော့က ဂျင်မိသားစုရဲ့ အပျင်းထူလွန်းတဲ့သခင်လေးကို ခေါ်လာတာတဲ့"

"လောကဓံကို မသိတဲ့ အဲဒီကောင်လေးကို သုံးပြီး သူ့သားကို ကယ်ထုတ်လို့ ရမယ်လို့ ထင်နေတာပဲ"

"မရှက်တတ်တဲ့ ခွေးကောင် သူ့သားကို ဒီအထိ အသက်ရှင်အောင် ထားပေးထားတာကိုတင် ကျေးဇူးတင်သင့်တာ"

"ဒါနဲ့ စစ်ဆေးမေးမြန်းတာက ဘယ်အချိန် စမှာလဲ"

"ဒီနေ့ည စမှာတဲ့"

အနားမှ ဖြတ်သွားသည့် အစောင့်သိုင်းပညာရှင်နှစ်ဦး၏ စကားကို အသက်အောင့်ပြီး နားထောင်နေသည့် ဂျင်ဆိုဟွန်းမှာ ဖြည်းဖြည်းချင်း ထလာသည်။

"အို... အချိန်မရှိတော့ဘူး"

ဗဟိုမြေပြင်၏ နံပါတ်တစ် သူခိုး၊ အရိပ်မဲ့ခိုးသူဗီယွန်းဂဲဆီက သင်ယူထားသည့် ပုန်းကွယ်ခြင်း ပညာဖြင့် ဂျင်ဆိုဟွန်း၏ အရိပ်မှာ ဧရာမ ဒိုမိသားစုအိမ်ကို ဖြတ်ကျော်သွားသည်။

အရိပ်ရေကူးခြင်း ပညာဖြင့် အုတ်ရံအထပ်ထပ်ကို မြွေတစ်ကောင်လို ဖြတ်ကျော်လာခဲ့သည့် ဂျင်ဆိုဟွန်းမှာ သိုင်းပညာရှင်ငါးဦး စောင့်ကြပ်နေသည့် ဂိုဒေါင်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။

ဂိုဒေါင်တံခါးမှာ သော့သုံးထပ် ခတ်ထားပြီး ပြတင်းပေါက်များကိုလည်း အလင်းရောင်ပင် မပေါက်နိုင်အောင် ထူထဲသော သစ်သားပြားများဖြင့် ဖုံးအုပ်ထားသည်။

"အင်း..."

ဂျင်ဆိုဟွန်းမှာ ဂိုဒေါင်ခေါင်မိုးပေါ်သို့ တိတ်တဆိတ် တက်လိုက်ပြီး အောက်ကို ငုံ့ကြည့်သည်။

"စစ်ဆေးမေးမြန်းတာ မကြာခင် စတော့မှာလား"

"ဟုတ်တယ်။ ရဲတိုက်ပိုင်ရှင်က အသေအချာ ပြင်ဆင်ထားပုံပဲ။ အစိုးရရုံးမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ စစ်ဆေးမေးမြန်းမှု ကျွမ်းကျင်သူကိုတောင် ဖိတ်ထားတယ်ဆိုပဲ"

"အဲဒီမိုက်မဲတဲ့ ကောင်လေးက နောက်ဆုံးတော့ ပါးစပ်ဖွင့်တော့မှာပေါ့"

"ဟားဟား ဖွင့်ကို ဖွင့်ရမှာပေါ့ သူ မသေချင်ဘူးဆိုရင်တော့"

ဒိုမိသားစု၏ သိုင်းပညာရှင်များ စကားပြောနေသည်ကို နားထောင်နေသည့် ဂျင်ဆိုဟွန်းမှာ အနီးဆုံးရှိ သိုင်းပညာရှင်တစ်ယောက်၏ ခါးပတ်ဆီသို့ လက်ကို ဆန့်ထုတ်လိုက်သည်။

ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကို ကိုင်လျက် ဂျင်ဆိုဟွန်းတစ်ယောက် နောက်သို့ လှည့်လိုက်သည်။

သူတို့ သတိမထားမိခင် မြန်မြန် လှုပ်ရှားရမယ်။

အစောင့်သိုင်းပညာရှင်တစ်ယောက် သူ့ဓား ပျောက်သွားမှန်း မသိခင်မှာပဲ ဂိုဒေါင်ထဲကို ရောက်အောင် ဝင်ရမယ်။

ဂျင်ဆိုဟွန်းသည် သူကိုင်ထားသော ဓားကို ပျံသန်းသောဓားပညာကဲ့သို့ပင် အတွင်းအားများ သွင်းလိုက်ပြီး ပြတင်းပေါက်ကို ဖုံးအုပ်ထားသည့် ထူထဲသော သစ်သားပြားများကို ဖြတ်တောက်လိုက်သည်။

ဂျင်ဆိုဟွန်းသည် ဖြတ်တောက်လိုက်သော သစ်သားပြားများကို အသံမထွက်စေဘဲ ဖယ်ရှားလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ကိုယ်ကိုတွန်းပို့ကာ အထဲသို့ ဝင်သွားလိုက်သည်။

ထိုအချိန်တွင် ဂိုဒေါင်ထဲ၌ ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ကာ မျက်ရည်များ မျိုချနေသည့် ယူဆောဘီမှာ ပြတင်းပေါက်မှတစ်ဆင့် တွားသွားဝင်လာသော ဧရာမမြွေကြီးတစ်ကောင်၏ ပုံသဏ္ဍာန်ကို မြင်လိုက်ရ၍ တုန်လှုပ်သွားသည်။ ကြောက်လွန်းသဖြင့် အော်ဟစ်ရန်ပင် မေ့လျော့နေမိသည်။

အ…..ဧရာမမြွေကြီး သူတို့ ငါ့ကို ကိုက်သတ်တော့မှာပဲ။

ဒိုအူလ်တေးက သူ့ကို မြွေကြီးတစ်ကောင်နှင့် သတ်ပစ်တော့မည်ဟု ထင်မှတ်ကာ ယူဆောဘီတစ်ယောက် မျက်ရည်များ ကျဆင်းရင်း မျက်လုံးကို တင်းတင်း မှိတ်လိုက်သည်။

တောင်းပန်ပါတယ် ဖေဖေ...

ယူဆောဘီ ကြောက်ရွံ့စွာ တုန်ယင်နေစဉ် သူ၏အနီးသို့ ရောက်လာသော ဧရာမမြွေကြီးမှာ လက်ကို ဆန့်ထုတ်လိုက်သည်။

"ဆောဘီ"

မှိတ်ထားသော မျက်လုံးကို ဖွင့်ကြည့်လိုက်သည့် ယူဆောဘီမှာ သူ၏ရှေ့တည့်တည့်တွင် ရောက်နေသော ဂျင်ဆိုဟွန်းကို မြင်ပြီး အံ့သြသွားသည်။

"ဘ…..ဘယ်သူလဲ"

"အပြင်မှာ လူတွေ ရှိနေသေးတယ်။ ဒါကြောင့် တိုးတိုးပဲ ပြော။ ကျွန်တော် ဂျင်ဆိုဟွန်းပါ။ အရင်က တစ်ခါ တွေ့ဖူးတယ် မဟုတ်လား"

"အစ်ကိုဂျင်"

"ဟုတ်တယ်။ ကျွန်တော်ပါပဲ"

မှိန်ဖျော့သော အလင်းရောင်ကြားမှ ထင်ရှားနေသော ချောမောသည့် မျက်နှာကို မြင်လိုက်ရသည့်အခါ ယူဆောဘီတစ်ယောက် သူသည် အစစ်အမှန် ဂျင်ဆိုဟွန်းဖြစ်ကြောင်း သိလိုက်ရသည်။

"အစ်ကို..."

"အခြေအနေကို အကြမ်းဖျင်း ကြားထားပါတယ်။ ရဲတိုက်ပိုင်ရှင်ရဲ့သား ဒိုယောင် ဟင်းသီးဟင်းရွက်လို ဖြစ်သွားတာကို တွေ့လိုက်ရတာ ဟုတ်တယ်မလား"

"..."

ယူဒုံယော့နည်းတူ ယူဆောဘီမှာလည်း ခရုကဲ့သို့ပင် ပါးစပ်ကို ပိတ်ထားလိုက်သည်။

"စစ်ဆေးမေးမြန်းမှု ကျွမ်းကျင်သူ ရောက်လာတော့မှာ"

ဂျင်ဆိုဟွန်း၏ တည်ငြိမ်သော စကားကြောင့် ယူဆောဘီ ပါးစပ်ဟလိုက်သည်။

"ဘယ်သူလဲ"

"ကျွန်တော်လည်း အသေအချာ မသိဘူး။ ဒါပေမဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ အမှန်တရားကို ဖော်ထုတ်ရတာ ဝါသနာပါတဲ့ ကျွမ်းကျင်သူမျိုး ဖြစ်မှာပါ"

"ညှဉ်းပန်းနှိပ်စက်တာ ဟုတ်လား"

"ဟုတ်တယ်။ ဒါကြောင့် အခု ပြောပြမှ ဖြစ်မယ်။ အဲဒီနေ့က ဘာတွေ ဖြစ်ခဲ့တာလဲ။ မပြောဘူးဆိုရင် ကျွန်တော်လည်း ကူညီပေးလို့ မရဘူး"

"..."

ယူဆောဘီမှာ လက်နှစ်ဖက်ဖြင့် ပခုံးကို ပိုက်ကာ တုန်ယင်နေသည်။

ဒီလောက်ငယ်ရွယ်နုနယ်ပြီး သိမ်မွေ့တဲ့ ကလေးငယ်လေးကို ကြောက်ရွံ့တုန်လှုပ်နေစေပြီး ပါးစပ်မဖွင့်ရဲအောင် ဘာတွေက တားဆီးနေတာလဲ။

ဂျင်ဆိုဟွန်း စဉ်းစားခန်း ဝင်ပြီးနောက် မေးလိုက်သည်။

"အဲဒါ မင်း မဟုတ်ဘူး မဟုတ်လား"

ယူဆောဘီ၏ မျက်လုံးများက ဂျင်ဆိုဟွန်းကို မော့ကြည့်လာသည်။ ကလေးငယ်၏ မျက်ဝန်းများမှာ ပြင်းထန်စွာ တုန်ယင်နေသည်။

"ဒိုယောင်ကို အဲဒီလို ဖြစ်အောင် လုပ်တာ တခြားသူ တစ်ယောက်ယောက် လုပ်တာမလား မင်းက ဘယ်သူလဲဆိုတာ မပြောနိုင်တာ မဟုတ်လား"

"...ကျွန်တော်... ကျွန်တော်..."

"သူငယ်ချင်း တစ်ယောက်လား"

ယူဆောဘီ၏ မျက်နှာမှာ ဖြူရော်သွားသည်။

"မင်းအရွယ်အတွက်ဆိုရင် အဖိုးတန်ဆုံးသူက မိသားစု ဒါမှမဟုတ် သူငယ်ချင်းပဲ ဖြစ်မှာပါ။ မင်းနဲ့ ဒိုယောင်မှာ တခြား သူငယ်ချင်း တစ်ယောက် ရှိသေးတယ် မဟုတ်လား"

ဘယ်ကို ကြည့်ရမှန်းမသိဘဲ လွင့်မျောနေသော ယူဆောဘီ၏ အကြည့်များမှာ လေဟာနယ်ကို စိုက်ကြည့်နေမိသည်။ မကြာမီတွင် ကလေးငယ်၏ ခေါင်းမှာ ငိုက်စိုက်ကျသွားသည်။

"ယွန်းဟွာ"

"ယွန်းဟွာ"

"ကျွန်တော်နဲ့ ဒိုယောင်ရဲ့... အင်မတန် ရင်းနှီးတဲ့ ငယ်သူငယ်ချင်း... ပြီးတော့ ဒိုယောင် သဘောကျနေတဲ့ ကလေးမလေး"

အတွင်းအားလမ်းကြောင်း လွဲမှားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည့် ဒိုယောင်ကို ပထမဆုံး တွေ့ရှိသူမှာ ယူဆောဘီ မဟုတ်ပေ။

သူသည် အိမ်သို့ ပြန်ရောက်လာသည့် သူငယ်ချင်းဖြစ်သူကို တွေ့ဆုံရန် ဒိုမိသားစုအိမ်သို့ ရောက်လာခဲ့ပြီး ချိန်းထားသည့်နေရာတွင် ကံဆိုးမိုးမှောင်ကျနေသည့် သူငယ်ချင်းကို တွေ့လိုက်ရခြင်းပင်။

သူ၏ ဘေးတွင် ယွန်းဟွာ ရှိနေသည်။

အသက် ဆယ့်သုံးနှစ်အရွယ်သာရှိသည့် ချစ်စရာကောင်းကာ သိမ်မွေ့သည့် မိန်းကလေးမှာ ဒိုယောင်၏ ပထမဆုံး အချစ်ဦးဖြစ်သည်။

ဒိုယောင် ဂျောင်နမ်ဂိုဏ်းသို့ ဝင်ရောက်ပြီး သိုင်းပညာသင်ယူရခြင်း၏ အကြောင်းရင်းမှာလည်း သန်မာသော သိုင်းသမားများကို သဘောကျသည့် ယွန်းဟွာအတွက်ပင်။

ချစ်ရသူအတွက် ဂျောင်နမ်ဂိုဏ်း၌ သိုင်းပညာများ သင်ယူပြီးမှ ပြန်ရောက်လာသော ဒိုယောင်မှာ ထိုညက တစ်ကိုယ်လုံး တောင့်တင်းလျက် ဟင်းသီးဟင်းရွက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ ဒိုယောင် ကံဆိုးမိုးမှောင်ကျသည်ကို မြင်လိုက်ရသူ၊ အမှန်တရားအားလုံးကို သိရှိသူမှာ တစ်ယောက်သာ ရှိသည်။ ယွန်းဟွာဟူသော မိန်းကလေးမှာသာ တစ်ဦးတည်းသော သက်သေပင်။

"ယွန်းဟွာဆိုတဲ့ ကလေးမလေး ဘယ်ကို ရောက်သွားလဲ"

"ကျွန်တော့်ကို မြင်တာနဲ့ သူမ ပြေးသွားတယ်။ ဘယ်ကို သွားလဲဆိုတာ... ကျွန်တော်လည်း မသိဘူး"

"ဒါဆို မင်း ယွန်းဟွာကို ကာကွယ်ဖို့အတွက် အခုထိ ပါးစပ်ပိတ်ထားတာပေါ့"

အစာမစားရ အိပ်မရသဖြင့် ပိန်လှီသွားသော ယူဆောဘီမှာ ခေါင်းညိတ်ပြသည်။

"ယွန်းဟွာ ထိခိုက်မှာ ကြောက်လို့ပါ။ ကျွန်တော် မလုပ်သင့်ဘူး... ဒါပေမဲ့ ယွန်းဟွာမှာ အခက်အခဲ တစ်ခုခုများ ရှိနေမလားလို့..."

ငိုကြွေးနေသည့် ယူဆောဘီ၏ ခေါင်းပေါ်တွင် ဂျင်ဆိုဟွန်းက လက်တင်လိုက်သည်။

"မင်းစကားကို ကျွန်တော် ယုံလို့ရမလား"

"ဟုတ်ကဲ့။ အားလုံး အမှန်အတိုင်းပါ"

"အမှန်အတိုင်း ဖြစ်ကို ဖြစ်ရမယ်။ မဟုတ်ရင် ကျွန်တော်လည်း ဒုက္ခ အကြီးအကျယ် ရောက်တော့မယ်။ အခုတောင် အလုပ်ရှုပ်နေရတာ"

ထိုင်နေရာမှ ထလိုက်သည့် ဂျင်ဆိုဟွန်းမှာ တံခါးဝတွင် လူရိပ်တစ်ခုကို ခံစားမိသဖြင့် အမှောင်ထဲတွင် ပုန်းကွယ်လိုက်သည်။ မကြာမီတွင် သော့ပွင့်သွားပြီး ဒိုမိသားစု၏ သိုင်းပညာရှင်များ အတင်းအကျပ် ဝင်ရောက်လာကြသည်။

"ငါတို့နောက် လိုက်ခဲ့"

အားအင်ကုန်ခမ်းနေ၍ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်သော ယူဆောဘီကို သိုင်းပညာရှင်များက အတင်းအကျပ် ဆွဲခေါ်သွားကြသည်။

"အချိန် မရှိတော့ဘူး"

အရိပ်ထဲတွင် ပုန်းကွယ်နေသော ဂျင်ဆိုဟွန်းမှာ ပြတင်းပေါက်မှတစ်ဆင့် ထွက်လာခဲ့သည်။ ဂျင်ဆိုဟွန်း ဦးတည်ရာမှာ ဒိုမိသားစုအိမ်၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်သည်။

တဲအိမ်၏ ခေါင်မိုးပေါ်တွင် ရပ်နေသည့် ဂျင်ဆိုဟွန်းသည် မျက်လုံးနှစ်ဖက်ဆီသို့ အတွင်းအားများ သွင်းလိုက်ရာ သူ၏မျက်ဝန်းနှစ်ခုမှ အပြာရောင် အလင်းတန်းများ စီးဆင်းသွားတော့သည်။

ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သော ဂျင်ဆိုဟွန်း၏ မျက်လုံးများသည် လျင်မြန်စွာ ရွေ့လျားသွားပြီး ဒိုမိသားစုအိမ်အတွင်း ရှိနေသူများကို စတင် စစ်ဆေးသည်။

သူ ဒီမှာ မရှိရင်တော့ ပြဿနာပဲ။

ယူဆောဘီ၏ လက်ရှိ ကျန်းမာရေးအခြေအနေကို ကြည့်ရလျှင် ညှဉ်းပန်းနှိပ်စက်မှုကို ခံလိုက်ရပါက အသက်ရှင်ရန်ပင် ခက်ခဲပေလိမ့်မည်။ အသက်ရှင်လျက် လွတ်မြောက်လာခဲ့လျှင်လည်း မသန်မစွမ်း ဖြစ်သွားဖို့သာ ရှိသည်။

ထို့ကြောင့် စစ်ဆေးမေးမြန်းမှု အပြည့်အဝ မစတင်မီ ယွန်းဟွာဆိုသည့် ကလေးမလေးကို ရှာဖွေပြီး အမှန်တရားကို သိရှိရမည်။

"ဟူး"

ကောင်းကင်မျက်လုံးဖြင့်ပင် ယွန်းဟွာကို ရှာမတွေ့သဖြင့် ဂျင်ဆိုဟွန်းသည် ဒိုမိသားစုအိမ်၏ တဲအိမ်တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းကာ ပတ်ဝန်းကျင်ကို စစ်ဆေးသည်။

လေတိုက်နှုန်းကဲ့သို့ မြန်ဆန်စွာဖြင့် ဒိုမိသားစုအိမ်ကို ပတ်ပြေးနေသည့် ဂျင်ဆိုဟွန်းသည် ရုတ်တရက် ရပ်တန့်သွားသည်။

"အင်း"

ကလေးမလေးတစ်ယောက် သူ့၏ ကောင်းကင်မျက်လုံးထဲသို့ ဝင်လာသည်။ အသက် ဆယ့်နှစ်နှစ်မှ ဆယ့်လေးနှစ်ကြား ရှိမည်ဖြစ်ကာ ချစ်စရာကောင်းသော မျက်နှာပိုင်ရှင်ဖြစ်သော်လည်း သူမ၏ မျက်ဝန်းများတွင် အရွယ်နှင့်မလိုက်သော ဝမ်းနည်းမှုများ ရှိနေသည်။ ထိုကလေးမှာ ယွန်းဟွာဖြစ်ကြောင်း အလိုလို သိလိုက်ရသည့်အတွက် ဂျင်ဆိုဟွန်းသည် သူမထံ ချက်ချင်း ချဉ်းကပ်သွားသည်။

"ဟူး မင်္ဂလာပါ"

ဂျင်ဆိုဟွန်း ရုတ်တရက် ပေါ်လာသော်လည်း ကလေးမလေး၏ တုံ့ပြန်မှုမှာ အေးစက်နေသည်။

"မင်္ဂလာပါ"

"မင်းက ယွန်းဟွာလား"

"ဟုတ်ပါတယ်။ ကျွန်မကို လာရှာတယ်ဆိုတော့ အစ်ကိုဆောဘီ နောက်ဆုံးတော့ ပါးစပ်ဟလိုက်ပြီပေါ့"

ယွန်းဟွာသည် တစ်စုံတစ်ယောက် လာရောက်တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်လျက် ဂယ်ဆောင်းရဲတိုက်အနီးတွင် လှည့်လည်နေခဲ့ခြင်း ဖြစ်ကြောင်း ဂျင်ဆိုဟွန်း သဘောပေါက်လိုက်သည်။ ဂျင်ဆိုဟွန်း ဂရုတစိုက်ဖြင့် စကားစလိုက်သည်။

"ဆောဘီက မင်းကို ကာကွယ်ဖို့အတွက် ဒိုမိသားစုဝင်တွေကို အခုထိ မပြောပြခဲ့တာပါ"

"ဟုတ်လား သူကတော့ နောက်ဆုံးအချိန်အထိ ခေါင်းမာတဲ့ ကလေးပဲ"

ယွန်းဟွာသည် တောက်ပစွာ ပြုံးလိုက်ပြီး ဂျင်ဆိုဟွန်းကို ကြည့်လိုက်သည်။ သူမ၏ ပါးစပ်က ပြုံးနေသော်လည်း မျက်ဝန်းများမှာမူ အလွတ်သဘော ဖြစ်နေသည်။

"အမှန်တရားကို သိချင်လို့ ကျွန်မကို လာရှာတာ မဟုတ်လား"

"ဟုတ်တယ်။ ဒိုယောင် အတွင်းအားလမ်းကြောင်း လွဲမှားခြင်း မဖြစ်ခင် နောက်ဆုံးတွေ့လိုက်ရတဲ့သူက မင်းဖြစ်နေလို့ပါ"

"ကျွန်မ လုပ်တာပါ"

"မင်း လုပ်တာ ဟုတ်လား"

"ဟုတ်ပါတယ်။ ကျွန်မ အဆိပ်သုံးခဲ့တယ်။ အသက်အန္တရာယ် မရှိပေမဲ့ အတွင်းအား သုံးစွဲမှု အရမ်းမြန်လာရင် အတွင်းအားတွေ ပြောင်းပြန် စီးဆင်းလာအောင် လုပ်တဲ့ အဆိပ်မျိုးပါ။ အတွင်းအား ထိန်းချုပ်ရာမှာ အတွေ့အကြုံမရှိသေးတဲ့ ငယ်ရွယ်တဲ့ သိုင်းပညာရှင်တွေက ဒါကို မထိန်းချုပ်နိုင်ကြဘူး။ ကံကောင်းရင်တော့ သေသွားမယ်၊ ကံဆိုးရင်တော့ ဒိုယောင်လိုမျိုး ဟင်းသီးဟင်းရွက်လို ဖြစ်သွားမှာပေါ့"

အမှန်တရားကို သိလိုက်ရသော ဂျင်ဆိုဟွန်း၏ သွေးများပင် အေးစက်သွားသလို ခံစားလိုက်ရသည်။ မိသားစု၏ တစ်ဦးတည်းသောသားမှာ အတွင်းအားလမ်းကြောင်း လွဲမှားပြီး ဟင်းသီးဟင်းရွက်ကဲ့သို့ ဖြစ်သွားခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သူမှာမူ နောင်တရဟန် မရှိပေ။ ဂျင်ဆိုဟွန်းကို ပို၍ စိတ်ရှုပ်ထွေးစေသည်မှာ ဤမျှ ရက်စက်သော အလုပ်ကို လုပ်ဆောင်ခဲ့သူမှာ အသက် ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်နေခြင်းပင်။

"ဘာလို့ လုပ်တာလဲ ဒိုယောင်က မင်းအပေါ် တစ်ခုခု မကောင်းတာ လုပ်ခဲ့လို့လား..."

"မဟုတ်ပါဘူး။ ဒိုယောင်ရော ယူဆောဘီရော အင်မတန် သဘောကောင်းတဲ့သူတွေပါ"

"ဒါဆို ဘာလို့လဲ"

ဂျင်ဆိုဟွန်း ဒေါသတကြီး မေးလိုက်သည့်အခါ ယွန်းဟွာက အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့... အဲဒါက ကျွန်မ ရှင်သန်နေရတဲ့ အကြောင်းရင်းမို့လို့ပါ"

ပါးစပ်ထဲမှ တစ်စုံတစ်ခု ကျိုးကျသွားသည့် အသံနှင့်အတူ ယွန်းဟွာ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။

"အယ်…."

ယွန်းဟွာဆီသို့ ပြေးသွားသော ဂျင်ဆိုဟွန်းမှာ သူမ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်ကို တွေ့လိုက်ရသည်။

"မဖြစ်နိုင်တာ... သူ အဆိပ်သောက်လိုက်တာလား"

သူမ အဆိပ်ကို မြိုချလိုက်ခြင်းပင်။ ဂျင်ဆိုဟွန်းသည် သေဆုံးလုနီးပါး ဖြစ်နေသည့် ယွန်းဟွာကို ငေးကြည့်နေမိသည်။

"ဘာလို့... ဘာလို့ ဒီလို လုပ်ရတာလဲ"

သေဆုံးသွားသည့် အချိန်အထိ ယွန်းဟွာက အကြောင်းရင်းကို ပြောမသွားခဲ့ပေ။

သူမ ဘာကြောင့် သေဖို့ ကြိုးစားရတာလဲ။ ဘာကြောင့် ဒိုယောင်ကို သတ်ဖြတ်ဖို့ ကြိုးစားရတာလဲဆိုသည်ကို ဂျင်ဆိုဟွန်း မသိရှိလိုက်ရပေ။

ဂျင်ဆိုဟွန်း၏ ရှေ့တွင် ကျန်ရှိနေခဲ့သည်မှာ အဆိပ်မြိုချကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသည့် မိန်းကလေး၏ ရုပ်အလောင်းသာ။

All Chapters