← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း။ ၄၇

မီးတိုင်အနည်းငယ်သာ ထွန်းညှိထားသော မှောင်မိုက်ကျဉ်းကျပ်သည့် အခန်းငယ်တစ်ခုအတွင်း၌ ယူဆောဘီသည် အေးစက်မာကျောသော သစ်သားကုလားထိုင်တွင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ကို ချည်နှောင်ခံထားရပြီး ကြောက်လန့်တကြား တုန်ရီနေသည်။

"မင်း ကြောက်နေတာလား"

သီတင်းပတ်ပေါင်းများစွာ အစာမစား၊ ရေမသောက်ရဘဲ ချိုင့်ဝင်နေသော မျက်လုံးများဖြင့် ယူဆောဘီသည် သူ့ရှေ့တွင် ရပ်နေသည့် အသက်အရွယ်ကြီးရင့်သူ အမျိုးသားကို စိုက်ကြည့်နေသည်။ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွှေးများ မရိတ်မသတ်ဖြင့် ပုံစံပျက်နေသည့် ထိုသူမှာ အိပ်ရေးပျက်ထားသည်ကြောင့် မျက်တွင်းများ ဟောက်ပက် ဖြစ်နေသည်။

"ငါ့သား ဒိုယောင်က အသက်ရှင်လျက်နဲ့ သေနေသလိုမျိုး တစ်ကိုယ်လုံး သစ်တုံးကြီးလို တောင့်တင်းနေတယ်။ သူ ဒီအတိုင်းပဲ တစ်သက်လုံး နေသွားရတော့မှာ။ မိဘတွေ ခွံ့ကျွေးတဲ့ ဆန်ပြုတ်၊ ရေတွေကိုသာ မှီဝဲရင်း အိပ်ရာထဲမှာတင် တစ်သက်လုံး ဖြည်းဖြည်းချင်း သေဆုံးသွားတော့မှာ"

ဒိုအူလ်တေး၏ မျက်လုံးများမှ ပူနွေးသော မျက်ရည်များ စီးကျလာသည်။

မီးတိုင်၏ အနီရောင်အလင်းအောက်တွင် သူ၏ ကြည်လင်သော မျက်ရည်များမှာ သွေးမျက်ရည်များကဲ့သို့ပင် ထင်မှတ်ရသည်။

"ဘာလို့ ဘာမှမပြောဘဲနေတာလဲ ငါ မင်းအဖေကို ကောင်းကောင်း သိတယ်။ သူက ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးတွေကို လိုအပ်နေသူတွေကို ဝေမျှပေးတတ်တဲ့ သဘောကောင်း၊ စိတ်ထားဖြူစင်သူ တစ်ယောက်ပါ။ မင်းကရော သူ့သား ဖြစ်ပါလျက်နဲ့ ဘာလို့ ပါးစပ်ပိတ်ထားရတာလဲ အဲဒါ မင်းလား မင်းက ဒိုယောင်ကို အဲဒီလို လုပ်လိုက်တာလား"

"..."

ယူဆောဘီ၏ ပါးစပ်မှာ လှုပ်ရှားနေသော်လည်း အသံထွက်မလာပေ။

ဝမ်းနည်းကြေကွဲစွာ ကြည့်နေသည့် ဒိုအူလ်တေးသည် ဝမ်းနည်းမှု အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"ငါ မင်းကို သုံးပတ် အချိန်ပေးခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ကို စိတ်ပျက်အောင်ပဲ လုပ်တယ်"

ဒိုအူလ်တေးသည် မျက်လုံးကို တင်းတင်းမှိတ်ကာ နောက်သို့ ဆုတ်လိုက်ပြီးနောက် သူ့နောက်တွင် စောင့်နေသည့် အဘိုးအိုတစ်ဦး ရှေ့သို့ ထွက်လာသည်။

"ကျွန်တော် အလှည့်ရောက်ပြီ ထင်တယ် ရဲတိုက်ပိုင်ရှင်"

"မင်းပဲ တာဝန်ယူလိုက်ပါ"

ဒိုအူလ်တေး နောက်လှည့်သွားသည့်အခါ ထိုအဘိုးအိုမှာ ယူဆောဘီ၏ ရှေ့တွင် ရပ်ကာ ကြင်နာယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

"ဒီအဘိုးကြီးနာမည်က ဂျန်ယာပါ။ အစိုးရရုံးမှာ စစ်ဆေးမေးမြန်းတာ နှစ်ပေါင်း ၃၀ လုပ်လာခဲ့ပြီ။ လူပေါင်းများစွာနဲ့ တွေ့ဖူးတယ်... မင်းထက် အသက်ကြီးတဲ့သူတွေ၊ သန်မာတဲ့သူတွေ၊ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ အများကြီးပါပဲ"

ဂျန်ယာသည် ရင်ဘတ်ထဲမှ သားရေအိတ်တစ်ခုကို ထုတ်လိုက်သည်။

"ဒါပေမဲ့ သူတို့အားလုံးမှာ ဘာတူညီချက် ရှိလဲ သိလား"

ယူဆောဘီ စကားမပြောနိုင်ဘဲ တုန်ရီနေသည်ကို ကြည့်ကာ ဂျန်ယာက ပြုံးပြီး ပြောလိုက်သည်။

"ငါ့လက်ထဲမှာ တစ်နာရီကျော်အောင် ခံနိုင်တဲ့သူ ဘယ်သူမှ မရှိဘူး"

သားရေအိတ်ထဲမှ သံညှပ်ကို ထုတ်လိုက်သည့် ဂျန်ယာမှာ သွားဖြဲလိုက်သည်။

"လက်သည်းတွေကနေ အရင် စကြရအောင်"

ဂျန်ယာ၏ သံညှပ်မှာ ယူဆောဘီ၏ လက်ညှိုးလက်သည်းဆီသို့ ရောက်လာသည်။

ထိုစဉ်...

"ခဏလောက်ပါ"

တစ်စုံတစ်ယောက်က ဂျန်ယာ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ ယူဆောဘီ၊ ဂျန်ယာနှင့် ဒိုအူလ်တေးတို့သာ ရှိသည့် ထိုနေရာတွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသဖြင့် ဂျန်ယာမှာ ထိတ်လန့်သွားသည်။

"မင်း... မင်းက ဘယ်သူလဲ"

ဂျန်ယာ၏ အော်သံကြောင့် ဒိုအူလ်တေး လှည့်ကြည့်လိုက်သည်။ မှောင်မိုက်ကျဉ်းကျပ်သည့် အခန်းငယ်ထဲတွင် ပန်းချီကားတစ်ချပ်လို ရုတ်တရက် ပေါ်လာသည့် လူတစ်ယောက်ပင်။

မျက်နှာသွင်ပြင် ထင်ရှားသည့် ချောမောသည့် မျက်နှာ၊ ကျောဘက်သို့ စည်းနှောင်ထားသည့် ရှည်လျားသော ဆံပင်အနက်ရောင်တို့က ထိုလူ၏ လွတ်လပ်မှုကို ကိုယ်စားပြုနေသည်။

"ပြောစရာလေး ရှိလို့ပါ"

ထိုလူ၏ ယဉ်ကျေးသော အသံကြားသော်လည်း ဒိုအူလ်တေးမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

"မင်းက ဘယ်သူလဲ ဒီနေရာကို ဘယ်လို ရောက်လာရဲတာလဲ..."

"နောက်ကျမှ နှုတ်ဆက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က ဂျင်မိသားစုက ဂျင်ဆိုဟွန်းပါ"

"ဂျင်... ဆိုဟွန်း ဂျင်မိသားစုခေါင်းဆောင်ရဲ့ သား... ဂျင်ဆိုဟွန်းလို့ ပြောတာလား"

"ဟုတ်ကဲ့ အဲဒီအတိုင်းပါပဲ"

"မင်း ငယ်ငယ်တုန်းက တစ်ခါ မြင်ဖူးတယ်... အခုတော့ ဒီလောက်တောင် အရွယ်ရောက်သွားပြီပဲ"

ဒိုအူလ်တေး၏ မျက်လုံးများမှာ လျင်မြန်စွာ တုန်ယင်နေသည်။ သူသည် ဂျင်ဆိုဟွန်း၏ မျက်နှာတွင် သူ့သား ဒိုယောင်ကို မြင်ယောင်နေမိသည်။

"မင်း ဒီကို ဘယ်လို ဝင်လာတာလဲ မင်း ရောက်လာတယ်လို့ ငါ လုံးဝ မကြားလိုက်ရဘူး"

ဒိုအူလ်တေး၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းက အားနာသည့်ပုံစံဖြင့် လည်ပင်းကို ကုတ်လိုက်သည်။

"အကြောင်းအမျိုးမျိုးကြောင့်... အုတ်ရံကို ကျော်ဝင်လာတာပါ"

"မင်း ဒိုမိသားစုရဲ့ အုတ်ရံကို ကျော်ဝင်လာတယ်"

"ဟုတ်ကဲ့"

ဒိုမိသားစုအိမ်၏ အုတ်ရံမှာ ရှစ်ပေကျော်ကျော် မြင့်သည်။ သိုင်းပညာရှင်တစ်ယောက်ပင် ခုန်ကျော်ရန် ခက်ခဲသော နေရာဖြစ်သည်။ ထို့ပြင် အစောင့်များစွာ ရှိနေသော်လည်း ဂျင်ဆိုဟွန်းမှာ သူတို့ကို ဖြတ်ကျော်ကာ ဒီအထိ ရောက်လာခဲ့ခြင်းပင်။

"မင်းက ပျံသန်းသောဓားသူရဲကောင်းဆီက သိုင်းပညာ သင်ယူထားတယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်တောင် ထူးချွန်တဲ့ အရည်အချင်း ရှိမယ်လို့ မထင်ထားမိဘူး"

"သာမန် သိုင်းပညာလေးပဲပါ"

ဗီယွန်းဂဲ ကြားရင် ဒေါသထွက်လောက်မည့် စကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဂျင်ဆိုဟွန်းသည် ဒိုအူလ်တေး၏ ရှေ့တွင် ခေါင်းညွှတ်လိုက်သည်။

"ရဲတိုက်ပိုင်ရှင်ရဲ့သားနဲ့ ပတ်သက်ပြီး ပြောစရာ ရှိပါတယ်"

"ဘာများလဲ"

ဒိုအူလ်တေး၏ အသံမှာ ယခင်ကထက် ပိုမို တုန်ရီနေသည်။ ဂျင်ဆိုဟွန်းသည် ချည်နှောင်ခံထားရသော ယူဆောဘီကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါကို သိရဖို့ ဆောဘီကိုလိုအပ်ပါတယ်"

အမှန်တရားကို ဖော်ထုတ်ရန်အတွက် ဂျင်ဆိုဟွန်းသည် ဒိုအူလ်တေး၊ ယူဆောဘီတို့နှင့်အတူ ယွန်းဟွာ သေဆုံးနေသည့်နေရာသို့ ရောက်ရှိလာသည်။ အိပ်ပျော်နေသကဲ့သို့ လဲလျောင်းနေသည့် ယွန်းဟွာကို တွေ့လိုက်ရသည့် ယူဆောဘီမှာ ပြေးသွားလိုက်သည်။

"ယ…..ယွန်းဟွာ... ယွန်းဟွာ"

ယူဆောဘီသည် လဲလျောင်းနေသည့် ယွန်းဟွာကို ပွေ့ဖက်ကာ မျက်ရည်များ ကျဆင်းလာသည်။ သို့သော် အသက်မဲ့သွားပြီဖြစ်သည့် ယွန်းဟွာ၏ မျက်လုံးများမှာ ပြန်မပွင့်လာတော့ပေ။

"ဒီကလေးက ဒိုယောင်ကို အဲဒီလို ဖြစ်အောင် လုပ်ခဲ့တာပေါ့လေ"

"ဟုတ်ပါတယ်။ ဒီမိန်းကလေးနာမည်က ယွန်းဟွာပါ။ ဒိုယောင်နဲ့ ဆောဘီတို့ရဲ့ ငယ်သူငယ်ချင်းပါတဲ့"

အဆိပ်သောက်ကာ သေဆုံးသွားသော ယွန်းဟွာ၏ ရုပ်အလောင်းကို ငေးကြည့်ရင်း ဒိုအူလ်တေးမှာ ဒူးနှစ်ဖက်စလုံး ထောက်ချလိုက်တော့သည်။

"ဘာကြောင့်များ..."

ယွန်းဟွာဆိုသည့် ကလေးမလေးကို ဒိုအူလ်တေးလည်း ကောင်းကောင်း သိသည်။ သာမန်ကုန်သည်တစ်ဦး၏ သမီးဖြစ်သူ ယွန်းဟွာကို ဒိုယောင်တစ်ယောက် တိတ်တဆိတ် သဘောကျနေခဲ့သည်ကို သူ သိသည်။

အကယ်၍သာ မဟုတ်ခဲ့လျှင် မိသားစုလုပ်ငန်းကို ဆက်ခံမည်ဟု ပြောခဲ့သော ဒိုယောင်တစ်ယောက် သိုင်းပညာသင်ယူချင်သည်ဆိုကာ ရှန်စီသို့ ထွက်ခွာသွားမည် မဟုတ်ပေ။

ဖေဖေ သား ယွန်းဟွာနဲ့ အိမ်ထောင်ပြုမယ်။ သားကို ခွင့်ပြုပေးပါ

ဂျောင်နမ်ဂိုဏ်းမှ ပြန်ရောက်လာသည့် ဒိုယောင်သည် သာမန်ကုန်သည်၏ သမီးဖြစ်သူ ယွန်းဟွာနှင့် လက်ထပ်ခွင့်ရရန် ဒိုအူလ်တေးကို တောင်းဆိုခဲ့ဖူးသည်။

ထိုအချိန်က ဒိုအူလ်တေးသည် သိမ်မွေ့ပြီး ရိုးသားသော ယွန်းဟွာကို သဘောကျသဖြင့် လက်ထပ်ခွင့် ပေးခဲ့သည်။ ဒိုယောင်၏ ဝမ်းသာအားရဖြစ်နေသည့် မျက်နှာကို ဒိုအူလ်တေး ယခုထိ မမေ့နိုင်သေးပေ။

"ဆိုဟွန်း... ရှင်းပြပေးနိုင်မလား"

ဒိုအူလ်တေး၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းသည် ယွန်းဟွာကို ပထမဆုံးအကြိမ် တွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြသည်။ ထိုအကြောင်းကို ကြားပြီးနောက် ဒိုအူလ်တေးမှာ ပို၍ပင် ရှုပ်ထွေးသွားသည်။

"ယွန်းဟွာဆိုတဲ့ ကလေးမလေး အသက်ရှင်ခဲ့တာက ဒိုယောင်ကို သတ်ဖို့အတွက်ပဲလို့ ဆိုလိုတာလား"

"ကျွန်တော်လည်း မသိပါဘူး"

ဂျင်ဆိုဟွန်း ဘာကိုမှ သေချာ မပြောနိုင်ခဲ့ပေ။ ယွန်းဟွာနှင့် တိုက်ရိုက် ရင်ဆိုင်ခဲ့ရသူဖြစ်သော်လည်း သူမ၏ စကားနှင့် လုပ်ရပ်များကို သူ နားမလည်နိုင်ခဲ့ပေ။

"မဖြစ်နိုင်တာ... မဖြစ်နိုင်တာ..."

ထိုအချိန်တွင် ယူဆောဘီက ငိုရှိုက်ရင်း ခေါင်းခါသည်။

"ယွန်းဟွာက ဒိုယောင်ကို သတ်ရမယ့် အကြောင်းရင်း မရှိပါဘူး။ သူတို့နှစ်ယောက်က... တစ်ယောက်ကိုတစ်ယောက် အရမ်း ဂရုစိုက်ကြတာပါ..."

တစ်နေ့တည်းနှင့် သူငယ်ချင်းနှစ်ယောက်လုံး ဆုံးရှုံးလိုက်ရသည့် ယူဆောဘီသည် အမှန်တရားကို လက်မခံနိုင်ဟန်ဖြင့် သေဆုံးသွားသော ယွန်းဟွာ၏ မျက်နှာကို ငေးကြည့်နေသည်။

"ဘာလို့ အစောကြီးက မပြောခဲ့တာလဲ အစောကြီးကသာ ပြောခဲ့ရင်"

"ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ယွန်းဟွာက... အစကတည်းက သေဖို့ စီစဉ်ထားတာပါ"

"သူမရဲ့ အံဆုံးနေရာမှာ အဆိပ်လုံး ရှိနေတယ်။ ဒါက ပုံမှန်လုပ်ကြံသူတွေ အဖမ်းခံရရင် သုံးတဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ အဆိပ်လုံးမျိုးပဲ... ဒီလောက် ငယ်ရွယ်တဲ့ ကလေးမလေးက..."

ယွန်းဟွာ၏ ရုပ်အလောင်းကို စစ်ဆေးသူ၏ ရှင်းပြချက်ကြောင့် ဒိုအူလ်တေးမှာ မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။

"သူမရဲ့ ရည်ရွယ်ချက်က တကယ်ပဲ ဒိုယောင် သေဖို့လား ဒါပေမဲ့ ဘာလို့လဲ... ဘယ်သူကများ..."

"ဂယ်ဆောင်းရဲတိုက်ကို ရန်ငြိုးထားတဲ့သူများ ဖြစ်မလား"

ဆရာဝန်၏ အကြံပြုချက်ကို ဒိုအူလ်တေး ပယ်ချလိုက်သည်။

"ဒီရဲတိုက်ကို ရန်ငြိုးထားတဲ့သူတွေ မရှိဘူးလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒါက ပုံစံတစ်မျိုးပဲ။ ပြီးတော့ ယွန်းဟွာက ဒိုယောင်ရဲ့ ငယ်သူငယ်ချင်းလေ။ သာမန်ကုန်သည်ရဲ့ သမီးက... ဘာလို့များ"

"ရဲတိုက်ပိုင်ရှင်"

ဒိုမိသားစုအိမ်မှ သိုင်းပညာရှင်များ ပြန်ရောက်လာသည့်အခါ ဒိုအူလ်တေး အလျင်အမြန် မေးလိုက်သည်။

"ဟုတ်တယ် ဘာဖြစ်ခဲ့လဲ"

"ကျွန်တော်တို့ နောက်ကျသွားပါတယ်"

"နောက်ကျတယ် ဘာကို ဆိုလိုတာလဲ"

"ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လင်မယားနှစ်ယောက်လုံး သေနေပြီ။ အဆိပ်သုံးပြီး အဆုံးစီရင်သွားတာ ထင်ပါတယ်"

"သူတို့လည်း အဆုံးစီရင်သွားတယ်ပေါ့"

"ဟုတ်ကဲ့"

"ဟူး..."

ဒိုအူလ်တေးမှာ ပို၍ပင် ရှုပ်ထွေးသွားသည်။

ယွန်းဟွာတင်မကဘဲ သူမရဲ့ မိဘတွေပါ ဘာလို့ သေဆုံးသွားရတာလဲ။

အခြေအနေကို နောက်တစ်ဆင့်မှ စောင့်ကြည့်နေသော ဂျင်ဆိုဟွန်းမှာလည်း စိတ်ရှုပ်ထွေးမှုကို မဖုံးကွယ်နိုင်တော့ပေ။ သိုင်းပညာမသိသည့် ကလေးတစ်ယောက်၏ အမှားကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းဖွယ်ရာဟု သူ ထင်ခဲ့သည့် ကိစ္စမှာ ပိုမိုနက်ရှိုင်းသော ဝင်္ကပါထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။

"အဖူးအညွန့်ချေမှုန်းပစ်ခြင်း"

ထိုအချိန်တွင် ဂျင်ဆိုဟွန်း မသိစိတ်က အဖူးအညွှန့်ခြေမှုန်းခြင်းဟူသော စကားလုံးကို ရေရွတ်မိသည်။

ဒါက အဖူးအညွှန့်ခြေမှုန်းခြင်းနဲ့ ဆင်တူနေတယ်။

နမ်ဂန်းမူဟွတ်၏ ရှင်းပြချက်အရ အဖူးအညွှန့်ခြေမှုန်းခြင်းကြောင့် နောက်မျိုးဆက်သစ် လူငယ်ထူးချွန်သူများစွာ စတေးခံခဲ့ရသည်။ အဖူးအညွှန့်ခြေမှုန်းခြင်း၏ နည်းလမ်းများမှာ ပိုမိုများပြားလာပြီး မည်သူမျှ မတွေးတောနိုင်သော နည်းလမ်းများဖြင့် လူငယ်သိုင်းသမားများစွာ စတေးခံနေရသည်။

ဒါပေမဲ့ ဒိုယောင်က ဂယ်ဆောင်းရဲတိုက်ရဲ့ သားတစ်ယောက်ပဲ ရှိသေးတယ်။

ယခုထိ အဖူးအညွှန့်ခြေမှုန်းခြင်းသားကောင်ဖြစ်ခဲ့သူများမှာ ဂိုဏ်းဂဏမှ တပည့်များ သို့မဟုတ် သိုင်းမိသားစုမှ ကလေးများသာ ဖြစ်သည်။

ပြီးတော့ ယွန်းဟွာက ဒိုယောင်ရဲ့ ငယ်သူငယ်ချင်း...

ဘာလို့လဲဆိုတော့... အဲဒါက ကျွန်မ ရှင်သန်နေရတဲ့ အကြောင်းရင်းမို့လို့ပါ။

အကယ်၍ ဒိုယောင်ကို သတ်ခြင်းက ယွန်းဟွာ၏ ရှင်သန်ရခြင်း အကြောင်းရင်း ဖြစ်လျှင် သူမသည် ဒိုယောင်ကို အစကတည်းက သတ်ဖြတ်လိုသော စိတ်ဖြင့် ချဉ်းကပ်ခဲ့ရန် အလားအလာ များသည်။

ဒိုယောင် ဂျောင်နမ်ဂိုဏ်း တပည့်ဖြစ်လာတာက သိုင်းပညာကို သဘောကျတဲ့ ယွန်းဟွာရဲ့ လွှမ်းမိုးမှုကြောင့်ပဲ။ ဒိုယောင်ရဲ့ သိုင်းပညာ အရည်အချင်း ပွင့်လန်းလာတဲ့အခါ ယွန်းဟွာက ဒိုယောင်ကို အဆိပ်ခတ်ပြီး အတွင်းအားလမ်းကြောင်း လွဲမှားအောင် လုပ်လိုက်တာပဲ။

အကယ်၍ ဒိုယောင်တွင် သိုင်းပညာ အရည်အချင်း မရှိခဲ့လျှင် သို့မဟုတ် ယွန်းဟွာ၏ လွှမ်းမိုးမှု မခံခဲ့ရဘဲ သိုင်းပညာရှင် မဖြစ်ခဲ့လျှင်ကော ဖြစ်နိုင်သည်မှာ ဒိုယောင်မှာ ဘေးကင်းနေလိမ့်မည်။ ယွန်းဟွာ၏ ပစ်မှတ်မှာ သိုင်းပညာတွင် ထူးချွန်သော မျိုးဆက်သစ်လူငယ် ဖြစ်နေလိမ့်မည်။

ဒါဆို မင်ဂိုဏ်း မဟာမိတ်အဖွဲ့က ယွန်းဟွာကို ဒိုယောင်ဆီ ချဉ်းကပ်ခိုင်းတာလား။ ဂယ်ဆောင်းရဲတိုက်ကို ဘာလို့ ရွေးရတာလဲ။

ဂျင်ဆိုဟွန်း ခေါင်းများ မူးဝေလာသည်။ ပျင်းရိပျင်းတွဲ နေထိုင်ခြင်းကိုသာ အဓိကထားသော သူ့ခေါင်းမှာ အချိန်ကြာမြင့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လျင်မြန်စွာ လည်ပတ်နေသည်။

"အူး... ဆရာ့ကို မေးကြည့်မှ ဖြစ်မယ်။ တစ်ယောက်တည်းတော့ မလုပ်နိုင်တော့ဘူး"

တစ်ယောက်တည်း မလုပ်နိုင်တော့ဟု ဆုံးဖြတ်လိုက်သည့် ဂျင်ဆိုဟွန်းမှာ ဒိုအူလ်တေးထံ ချဉ်းကပ်သွားသည်။

"ရဲတိုက်ပိုင်ရှင်"

"ဘာ... ဘာဖြစ်လို့လဲ တစ်ခုခု စဉ်းစားမိတာ ရှိလို့လား"

ပင်ပန်းနွမ်းနယ်နေသော ဒိုအူလ်တေးကို ကြည့်ပြီး ဂျင်ဆိုဟွန်း ဂရုတစိုက်ဖြင့် စကားစသည်။

"ကျွန်တော် ဆရာနဲ့ တိုင်ပင်ရဦးမယ် ထင်တယ်။ ဆောဘီကတော့..."

"အဲဒီကလေး အားလုံး ဝန်ခံသွားပြီ။ သူက ယွန်းဟွာဆိုတဲ့ ကလေးမလေးကို ကာကွယ်ဖို့အတွက် ပါးစပ်ပိတ်ထားခဲ့တာတဲ့။ အဲဒီကောင်လေးလည်း မသိခဲ့ဘူး။ သူတို့ ယုံကြည်အားကိုးခဲ့တဲ့ ငယ်သူငယ်ချင်းက... တကယ်တမ်းမှာတော့ ကလေးငယ်ရဲ့ ရုပ်ဖျက်ထားတဲ့ လုပ်ကြံသူ ဖြစ်နေတယ်ဆိုတာကို"

ခက်ခက်ခဲခဲ ထိုင်နေရာမှ ထလိုက်သော ဒိုအူလ်တေးက ဂျင်ဆိုဟွန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်။ မင်းသာ မရှိရင် ငါ အမှန်တရားကို မသိဘဲ အပြစ်မဲ့တဲ့ ကလေးကို ညှဉ်းပန်းနှိပ်စက်မိတော့မှာ။ မင်းရဲ့ အကူအညီက ကြီးမားပါတယ်"

"မဟုတ်တာ။ ဆောဘီကို ဂရုစိုက်ပေးပါ။ ပြီးတော့..."

အဖူးအညွှန့်ခြေမှုန်းခြင်းအကြောင်းကို ပြောပြရန် ပြင်ဆင်နေသည့် ဂျင်ဆိုဟွန်းမှာ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။

ခုလောလောဆယ်တော့ နည်းနည်း ပိုစုံစမ်းကြည့်ဦးမယ်။

သေချာသည့်အရာ ဘာမှ မရှိသေးသဖြင့် ယူဆောဘီကို ဂရုစိုက်ပေးရန်သာ မှာကြားပြီး ဂျင်ဆိုဟွန်း ဒိုမိသားစုအိမ်မှ ထွက်ခွာခဲ့သည်။

ပြန်ရောက်လာသည့် တည်းခိုခန်းတွင် စီးယုနှင့် ယူဒုံယော့တို့က ဂျင်ဆိုဟွန်းကို စောင့်မျှော်နေသည်။ ဒိုမိသားစုအိမ်တွင် ဖြစ်ပျက်ခဲ့သည်များကို ကြားသိလိုက်ရသော ယူဒုံယော့မှာ ငိုရှိုက်ရင်း ကျေးဇူးတင်စကားများ ထပ်ခါထပ်ခါ ဆိုပြီးနောက် ဒိုမိသားစုအိမ်သို့ ပြန်သွားသည်။

"ဟူး... ဆောဘီရဲ့ နာမည် အမည်းစက်ကင်းသွားတာ ကောင်းပေမဲ့ နောက်ဆုံးတော့ ဘာမှ မပြောင်းလဲသွားပါဘူး"

"ဒါနဲ့ သူက တကယ့်ကို ရက်စက်တဲ့သူပဲ"

"ဘယ်သူလဲ"

စီးယုက ဒေါသတကြီးဖြင့် ပြောသည်။

"ယွန်းဟွာဆိုတဲ့ လုပ်ကြံသူ ကလေးကို မွေးမြူထားတဲ့သူလေ နောက်ဆုံးတော့ လက်စားချေဖို့ ၁၀ နှစ်တောင် စောင့်ခဲ့တာပဲ။ ဒိုယောင်ကတော့ သနားဖို့ကောင်းတယ်။ ဒါပေမဲ့ ယွန်းဟွာဆိုတဲ့ လုပ်ကြံသူလည်း သနားဖို့ကောင်းပါတယ်။ လူတစ်ယောက်ကို သတ်ဖို့အတွက်ပဲ အသက်ရှင်ခဲ့ရတာဆိုတော့..."

စီးယု၏ စကား ဆုံးသည်နှင့် ဂျင်ဆိုဟွန်းမှာ နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။

"...သခင်လေး တစ်ခုခု ဖြစ်လို့လား"

"အဲဒီလို မဟုတ်ရင်ကော"

"ဘာကိုလဲ"

"ဘာလို့ ဂယ်ဆောင်းရဲတိုက်ပဲ ဖြစ်ရတာလဲဆိုတာကို ငါ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ တကယ်တမ်းက အဲဒီလို မဟုတ်ဘူး"

စီးယုမှာ ဘာမှ နားမလည်ဘဲ မျက်တောင်ခတ်နေစဉ် ဂျင်ဆိုဟွန်းမှာ ခေါင်းကို ဆံပင်များ ရှုပ်ပွသွားအောင် ကုတ်နေသည်။

"ဂယ်ဆောင်းရဲတိုက်ဆိုတာ သူတို့ထဲက တစ်ခုပဲ ရှိသေးတယ်"

"သခင်လေး ဘာတွေ ပြောနေတာလဲ"

"အဖူးအညွှန့်ခြေမှုန်းခြင်းက ဂိုဏ်းတွေ ဒါမှမဟုတ် သိုင်းမိသားစုတွေကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘူး။ သိုင်းပညာမှာ အရည်အချင်းရှိတဲ့ လူငယ်သိုင်းသမား အားလုံးကို..."

ဂျင်ဆိုဟွန်း၏ မျက်နှာမှာ တင်းမာသွားသည်။

"သူတို့က အဖူးအညွှန့်ခြေမှုန်းခြင်းရဲ့ ပစ်မှတ်တွေပဲ"

All Chapters