← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း။ ၄၈

"မိသားစုအိမ်တော်ကို ပြန်ကြမယ်။ နမ်ဂန်းမိသားစုဆီကို သတင်းစကား ပို့ရမယ်"

"ဘာ…..ဘာဖြစ်လို့လဲ ကျွန်မကိုလည်း ပြောပြလို့ မရဘူးလား"

"သေချာသွားတဲ့အခါမှ ပြောပြမယ်"

ဂျင်ဆိုဟွန်းသည် တည်းခိုခန်းတွင် ကျန်ခဲ့သည့် မြင်းနှစ်ကောင်ဆွဲ ရထားလုံးပေါ်သို့ စီးယုနှင့်အတူ တက်လိုက်သည်။ မြင်းရထားသည် ဂျင်မိသားစု အိမ်တော်ရှိရာသို့ လျင်မြန်စွာ မောင်းနှင်သွားသည်။

မြို့ပြင်သို့ ထွက်ခွာပြီးနောက် ခရီးလမ်းတစ်ဝက်ခန့် ရောက်သောအခါတွင် မောင်းနှင်သူက ရထားကို ရုတ်တရက် ရပ်လိုက်သည်။

"ဟို... ဟို..."

မြင်းများကို ထိန်းကျောင်းပြီးနောက် မောင်းနှင်သူက ရထားအတွင်းသို့ လှမ်းပြောသည်။

"သခင်လေး ပြဿနာတစ်ခု ရှိနေတယ်"

"ဘာဖြစ်တာလဲ"

စီးယုသည် ရထားလုံး၏ အကာကိုဖွင့်ကာ ခေါင်းထုတ်ကြည့်လိုက်သည်။

"လှည်းဘီးတစ်ခု ပြုတ်ကျနေတယ်။ လမ်းက ပိတ်နေတယ်"

"ဟုတ်သားပဲ"

မောင်းနှင်သူ ပြောသည့်အတိုင်း လှည်းဘီးတစ်ခု ပြုတ်ကျနေသော လှည်းတစ်စီးက လမ်းမကို ပိတ်ဆို့ထားသည်။

"ကျွန်တော် သွားကူလိုက်ဦးမယ်။ သခင်လေးကို ခဏ စောင့်ပေးဖို့ ပြောလိုက်ပါ"

"ဟုတ်ကဲ့"

မောင်းနှင်သူက ရထားပေါ်မှ ဆင်းကာ ဘီးပြုတ်နေသော လှည်းဆီသို့ ချဉ်းကပ်သွားသည်။ ထိုနေရာတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့က လမ်းတွင် ပြန့်ကျဲနေသော ပစ္စည်းများကို စုစည်းနေကြသည်။

"ကျွန်တော် ကူပေးပါ့မယ်"

"တောင်းပန်ပါတယ်ဗျာ ကူပေးပါဦး"

သူတို့သုံးယောက် ပစ္စည်းများကို စုနေစဉ်တွင် သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ရင်း အခြေအနေကို စောင့်ကြည့်နေကြသည့် အနက်ရောင်ဝတ်စုံနှင့် လူများမှာ တဖြည်းဖြည်း ရွေ့လျားလာကြသည်။

ဂျင်ဆိုဟွန်း သူရဲ့ အသိုက်ဆီ မပြန်ခင် ရှင်းပစ်ရမယ်။

သူတို့သည် ငွေရောင်အမှတ်တံဆိပ်မှ လုပ်ကြံသူများ ဖြစ်သည်။ ပစ်မှတ်မှာ ဂျင်မိသားစု၏ သားဦး ဂျင်ဆိုဟွန်းဖြစ်သည်။

သုံးယောက်တစ်ဖွဲ့စီ ခွဲထားသော လုပ်ကြံသူများမှာ ရထားလုံးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး ဓားများကို ဆွဲထုတ်လိုက်ကြသည်။ မထင်ရှားစေရန် အနက်ရောင်သုတ်ထားသော ဓားများကို ကိုင်ဆောင်ထားသည့် ထိုလူများမှာ အချက်ပေးရန် စောင့်ဆိုင်းနေသည်။

"ငါ မြင်တာ မှားတာ မဟုတ်ဘူးပဲ"

ဘယ်နေရာမှန်း မသိရသော ဂျင်ဆိုဟွန်း၏ အသံကြောင့် လုပ်ကြံသူများမှာ အသက်ရှူရပ်သွားပြီး ထိုနေရာတွင်ပင် ဝပ်ဆင်းလိုက်ကြသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

အရပ်ရှစ်မျက်နှာမှ ထွက်ပေါ်လာသော ဂျင်ဆိုဟွန်း၏ အသံကြောင့် လုပ်ကြံသူများ အလွန်အမင်း ထိတ်လန့်သွားသည်။

အရပ်ရှစ်မျက်နှာ အသံလား။

သူတို့၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိရုံသာမက အသံက နေရာအနှံ့မှ ထွက်ပေါ်လာသဖြင့် ဂျင်ဆိုဟွန်း၏ တည်နေရာကိုပင် အတိအကျ မသိနိုင်တော့ပေ။

အခုချက်ချင်း ဆုတ်ခွာကြ….

လုပ်ကြံမှု ပျက်ပြားသွားပြီဟု သဘောပေါက်လိုက်သော လုပ်ကြံသူများ နောက်ဆုတ်ရန် ပြင်ဆင်လိုက်သည့် ထိုအချိန်တွင်...

ဝူး….ဖတ်….

တစ်နေရာမှ ပျံသန်းလာသော လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံးက လုပ်ကြံသူတစ်ဦး၏ ခေါင်းကို ထိမှန်သွားသည်။ အသံပင် မထွက်နိုင်ဘဲ လွင့်စင်သွားသော လုပ်ကြံသူမှာ ထိုနေရာတွင်ပင် မေ့လဲသွားသည်။

ငါတို့ အမိခံလိုက်ရပြီ လူစုခွဲကြ…..

လုပ်ကြံသူများမှာ အရပ်မျက်နှာအသီးသီးသို့ ပြေးလွှားသွားကြသည်။ ထွက်ပြေးနေသည့် လုပ်ကြံသူ ကိုးဦးကို ကြည့်ရင်း ဂျင်ဆိုဟွန်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"အာ စိတ်အနှောင့်အယှက် ဖြစ်လိုက်တာ"

ဂျင်ဆိုဟွန်းသည် ကြိုတင်ပြင်ဆင်ထားသော ကျောက်တုံးများကို လက်ထဲတွင် ကိုင်ကာ အနီးဆုံးရှိ လုပ်ကြံသူများဆီသို့ ပစ်ပေါက်လိုက်သည်။

ဇွက်…..

အတွင်းအား သွင်းထားသော ကျောက်တုံးများသည် ထွက်ပြေးနေသည့် လုပ်ကြံသူများ၏ နောက်စေ့ကို တိတိကျကျ ထိမှန်သွားသည်။

အရပ်မျက်နှာအသီးသီးမှ ခေါင်းကွဲသံများ ထွက်ပေါ်လာသောအခါ လုပ်ကြံသူများကို ဦးဆောင်နေသည့် အမ်အို၏ ကျောတွင် ချွေးစေးများ ပြန်လာသည်။

ဒါက သာမန် အရည်အချင်း မဟုတ်ဘူး။ ဒါက... ကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်ရာပဲ။

လှည်းကိုဖျက်ပြီး ဂျင်ဆိုဟွန်းကို ချောင်းမြောင်းသတ်ဖြတ်ရန် စီစဉ်ခဲ့သော လုပ်ကြံသူများသည် သူတို့ကိုယ်တိုင်ပင် အခေါ်ခံလိုက်ရမှန်း မသိခဲ့ကြပေ။ ခဏချင်းအတွင်း လုပ်ကြံသူ ကိုးဦးမှာလဲကျသွားပြီး ခေါင်းဆောင်ဖြစ်သူ အမ်အိုသာ ကျန်ရှိတော့သည်။

အားလုံး ခေါင်းကို ထိပြီး မေ့သွားကြတယ်။ သူ သတင်းအချက်အလက် စစ်ဆေးဖို့ ကြံစည်နေတာလား။

အမ်အိုသည် ကိုယ့်ကိုကိုယ် ပြင်ဆင်ကာ သူ၏ အံဆုံးတွင် ထည့်ထားသော အဆိပ်လုံးကို စစ်ဆေးလိုက်သည်။ ထိုစဉ် ချုံပုတ်ထဲသို့ ထွက်ပြေးနေသည့် အမ်အို၏ ရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။

အာ သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ။

ဂျင်ဆိုဟွန်းထံမှ မလွတ်မြောက်နိုင်ကြောင်း သဘောပေါက်လိုက်သော အမ်အိုမှာ အံတင်းတင်းကြိတ်လိုက်သည်။

သို့သော်...

ဖတ်

ဂျင်ဆိုဟွန်းမှာ လျှပ်တစ်ပြက်မြန်နှုန်းဖြင့် အမ်အို၏ မေးရိုးကို ဖမ်းဆုပ်လိုက်သည်။

ငါ့ကို သတ်ပစ်တော့….

အဆိပ်လုံးကို ဝါးစားရန် ပါးစပ်ပိတ်လိုက်ရမည်ဖြစ်သော်လည်း ဂျင်ဆိုဟွန်း၏ လက်က ထိုသို့လုပ်ခွင့် မပေးပေ။

အမ်အိုသည် ခါးကြားမှ ဓားကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း ဂျင်ဆိုဟွန်း၏ ဘယ်လက်က ဓားကို ပြန်တွန်းထည့်လိုက်သည်။

"ယွန်းဟွာဆိုတဲ့ ၁၃ နှစ်အရွယ် ကလေးမလေးက ပါးစပ်ထဲမှာ ထည့်ထားတဲ့ အဆိပ်လုံးကို ဝါးစားပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်"

ဂျင်ဆိုဟွန်း၏ အသံမှာ အေးစက်နေသည်။

"ဒါပေမဲ့ မင်းမှာလည်း အဲဒါမျိုး ရှိနေတာပေါ့ ဟုတ်လား"

အမ်အိုသည် တုန်လှုပ်ခြင်းမရှိသော မျက်ဝန်းဖြင့် ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေသည်။ လူတစ်ယောက်တွင် လက်နှစ်ဖက် ရှိသည်။

ဂျင်ဆိုဟွန်း၏ ဘယ်လက်က မေးရိုးကို ဆုပ်ထားပြီး လက်ဝဲလက်က ဓားကို ထိန်းချုပ်ထားသဖြင့် အမ်အို၏ ဘယ်လက်သာ ကျန်ရှိတော့သည်။ အမ်အိုသည် ဘယ်လက်ကို ဆန့်ထုတ်ကာ ဂျင်ဆိုဟွန်း၏ လည်ပင်းကို ရွယ်လိုက်သည်။

သူ လက်လွှတ်လိုက်တာနဲ့ ငါ အဆိပ်လုံးကို ချက်ချင်း ဝါးစားမယ်

အကယ်၍ တိုက်ခိုက်မှု အောင်မြင်လျှင် ဂျင်ဆိုဟွန်း သေမည်။ အကယ်၍ မအောင်မြင်လျှင်လည်း အဆိပ်ကို ဝါးစားကာ အဆုံးစီရင်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက် ပြည့်မြောက်နိုင်သည်ဟု သူ ထင်သည်။

သို့သော် အမ်အို မသိသည်မှာ ဂျင်ဆိုဟွန်းသည် သူ ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်သည်ဆိုသည့် အချက်ပင်။

လုပ်ကြံသူ၏ အသက်လုတိုက်ခိုက်မှုကို ညာလက်ဖြင့် ကာကွယ်လိုက်ပြီးနောက် ဂျင်ဆိုဟွန်းက ဘယ်လက်ဖြင့် ထိုသူ၏ အချက်အချာ အကြောကို ဖိနှိပ်လိုက်သည်။

မျက်တောင်ပင် မခတ်လိုက်ရခင်မှာပင် အကြောဖိနှိပ်ခံလိုက်ရသည့် အမ်အိုမှာ အံ့အားသင့်သွားသည်။

သူ့လက်လှုပ်ရှားတာကိုတောင် ငါ မမြင်လိုက်ဘူး။

သူ့မျက်စိရှေ့တည့်တည့်မှာပင် ရှိနေသော်လည်း ဂျင်ဆိုဟွန်း ဘယ်လိုလှုပ်ရှားသွားမှန်း သူ လုံးဝ ခန့်မှန်းမရပေ။ ထိုအချိန်တွင် ဂျင်ဆိုဟွန်းက သူ့မေးရိုးကို ကိုင်ကာ အားနှင့် ဖိလိုက်သည်။

ဂျောက်…..

လုပ်ကြံသူ၏ မေးရိုးကို အရိုးအဆစ်လွဲသွားစေပြီးနောက် ဂျင်ဆိုဟွန်းက မျက်မှောင်ကြုတ်လိုက်သည်။

"အယ်….နာတာကိုတော့ သည်းခံလိုက်ပါ။ မဟုတ်ရင် ခင်ဗျား အဆိပ်ကို ဝါးစားပြီး သေသွားလိမ့်မယ်"

စကားဆုံးသည်နှင့် ဂျင်ဆိုဟွန်းက လုပ်ကြံသူခေါင်းဆောင်ကို လက်သီးဖြင့် ထိုးနှက်ကာ မေ့လဲသွားစေပြီးနောက် ခေါင်းကို လှည့်လိုက်သည်။

"အိုင်းယား လူတွေကလည်း အများကြီးပဲ"

မေ့လဲနေသော လုပ်ကြံသူများကို တစ်နေရာတည်း စုစည်းပြီးနောက် ဂျင်ဆိုဟွန်းမှာ သူတို့ သတိပြန်လည်လာသည်အထိ စောင့်နေလိုက်သည်။

လုပ်ကြံသူများ၏ ပါးစပ်နှင့် လက်များကို အသေအချာ ချည်နှောင်ထားသဖြင့် သူတို့ ကိုယ့်ကိုကိုယ် အဆုံးမစီရင်နိုင်တော့ပေ။ အချိန်အနည်းငယ် ကြာပြီးနောက် လုပ်ကြံသူခေါင်းဆောင် အမ်အိုမှာ ပထမဆုံး မျက်လုံး ပွင့်လာသည်။

"မင်္ဂလာပါ"

ဂျင်ဆိုဟွန်း၏ နှုတ်ဆက်စကားကြောင့် အမ်အိုက အေးစက်စက် အကြည့်ဖြင့် ကြည့်သည်။

"ကျွန်တော် မေးစရာ ရှိတယ်။ ဘာလို့ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာလဲ"

"..."

အမ်အိုက ပါးစပ်ပိတ်ခံထားရကြောင်း ပြသရန် မေးစေ့ကို မော့ပြလိုက်သည်။

"အော် ခဏလေးပါ"

ဂျင်ဆိုဟွန်းက အမ်အို၏ ပါးစပ်ကို ပိတ်ထားသည့် အဝတ်စကို ဖယ်ရှားပေးပြီး လွဲနေသည့် မေးရိုးကို ပြန်နေရာချပေးလိုက်သည်။

"အဆိပ်လုံးကိုတော့ ထုတ်ပစ်လိုက်ပြီ။ ဒါပေမဲ့ လျှာကို ကိုက်ဖြတ်တာမျိုးတော့ မလုပ်ပါနဲ့။ အဲဒီလို လုပ်ရင် ကျွန်တော် ခင်ဗျားကို ပါးစပ်ပြန်ပိတ်ရလိမ့်မယ်"

"..."

"ကဲ ပြောပါဦး။ ဘာလို့ ကျွန်တော့်ကို သတ်ချင်တာလဲ"

"မင်း လုပ်ကြံသူတွေရဲ့ စည်းကမ်းကို သိလား"

"သိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို လုပ်ကြံရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို ထုတ်မပြောရဘူး မဟုတ်လား"

"သိရင်လည်း ငါ့ကို သတ်လိုက်ပါ။ မင်း ဘာပဲလုပ်လုပ် ငါတို့ ပါးစပ်ဟမှာ မဟုတ်ဘူး"

သူ၏ မတုန်မလှုပ်သော မျက်ဝန်းများက သူတို့ပြောသည့်စကားမှာ စစ်မှန်ကြောင်း ဖော်ပြနေသည်။

"မင်ဂိုဏ်း မဟာမိတ်အဖွဲ့က ခင်ဗျားတို့ကို စေလွှတ်လိုက်တာပေါ့... ကျွန်တော် ရှိနေလို့လား ဒါဆို တခြားသူတွေလည်း အန္တရာယ် ရှိမှာပဲ"

ဂျင်ဆိုဟွန်း ထိုသို့ပြောကာ လည်ပင်းကို အသာအယာ နှိပ်နယ်လိုက်သည်။

"အဲဒီ အားနည်းတဲ့ကောင်တွေလည်း အန္တရာယ် ရှိမှာပဲ"

ဂျင်ဆိုဟွန်း၏ အမြင်တွင် ငါးမိသားစုကြီးမှ မျိုးဆက်သစ် ထူးချွန်သူများမှာ အားနည်းလွန်းသူများ ဖြစ်သည်။

ငါးယောက်တောင် ရှိပါလျက်နဲ့ လူတစ်ယောက်ကိုတောင် ကောင်းကောင်း မကိုင်တွယ်နိုင်သော ကလေးငယ်များသာ ဖြစ်သည်။ သူတို့သာ ဂျင်ဆိုဟွန်းကဲ့သို့ လုပ်ကြံသူများ၏ ချောင်းမြောင်းခြင်းကို ခံရလျှင် အသက်အန္တရာယ် ရှိနိုင်သည်။

"ခုလောလောဆယ်တော့ ခင်ဗျားတို့အားလုံး အစိုးရရုံးရဲ့ ထောင်ထဲကို သွားရတော့မယ်..."

"သ…..သခင်လေး"

နောက်မှ ငိုရှိုက်သံကြောင့် ဂျင်ဆိုဟွန်း လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် စီးယု၏ လည်ပင်းကို ဓားဖြင့်ထောက်ကာ ဖမ်းဆီးထားသော လူငယ်တစ်ယောက် ရှိနေသည်။

"ဒီမိန်းမရဲ့ အသက်ကို တန်ဖိုးထားရင် နောက်ဆုတ်စမ်း။ မြန်မြန်"

လူငယ်လက်ထဲမှ ဓားမှာ စီးယု၏ လည်ပင်းဆီသို့ ပိုမိုနီးကပ်သွားသည်။ သို့သော်လည်း ဂျင်ဆိုဟွန်းမှာ အနည်းငယ်မျှပင် မလှုပ်ရှားပေ။ သူသည် လူငယ်၏ လက်ထဲမှ ဓားကိုသာ ငေးကြည့်နေသည်။

"ငါပြောတာ မကြားဘူးလား ဒီမိန်းမရဲ့ အသက်က အရေးကြီးတယ်..."

"အဲဒီ သွေးက... ဘယ်သူ့သွေးလဲ"

"ဘာလဲ"

"မင်းဓားပေါ်က သွေးလေ။ ဘယ်သူ့သွေးလဲ"

လူငယ်က မဖြေဘဲ စီးယုက ပြန်ဖြေသည်။

"မောင်း…..မောင်းနှင်သူရဲ့ သွေးပါ ဒီလူက မောင်းနှင်သူကို ရုတ်တရက် ထိုးသတ်လိုက်တာ"

"ပါးစပ်ပိတ်ထားစမ်း။ ဒါ နောက်ဆုံးအကြိမ် သတိပေးတာပဲ"

"မင်း မောင်းနှင်သူကို သတ်လိုက်တာလား"

"သူ အခုဆိုရင် သေနေလောက်ပြီ။ မင်း နောက်မဆုတ်ရင် ဒီမိန်းမလည်း သူနဲ့အတူတူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သေချာ စဉ်းစားပါ"

ဂျင်ဆိုဟွန်းသည် လူငယ်၏ စကားကို လျစ်လျူရှုကာ စီးယု၏ မျက်နှာကို ကြည့်လိုက်သည်။

"စီးယု"

"သခင်လေး..."

"မျက်လုံးမှိတ်ထားပါ"

စီးယုသည် ဘာကြောင့်လဲဟု မမေးတော့ဘဲ သခင်လေး ပြောသည့်အတိုင်း မျက်လုံးကို တင်းတင်း မှိတ်လိုက်သည်။

ထိုအချိန်တွင်ပင် တစ်စုံတစ်ခု ကွဲအက်သံနှင့်အတူ ပူနွေးသည့် အရာတစ်ခုက စီးယု၏ ပါးပြင်နှင့် ခေါင်းပေါ်သို့ ထိတွေ့သွားသည်။

"အဆင်ပြေရဲ့လား"

ဂျင်ဆိုဟွန်း၏ အသံအဆုံးတွင် စီးယု မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"နောက်လှည့် မကြည့်နဲ့။ မျက်လုံးမှိတ်ပြီး ခဏလောက် ရပ်နေလိုက်ပါ"

"ဟ…..ဟုတ်ကဲ့... သ... သခင်လေးပြောတဲ့အတိုင်း လုပ်ပါမယ်"

ဂျင်ဆိုဟွန်းသည် စီးယု၏ ပါးပြင်နှင့် ခေါင်းပေါ်မှ သွေးများကို အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်ပြီးမှ နောက်လှည့်လိုက်သည်။ ထိုအချိန်တွင် သတိပြန်ဝင်လာသော လုပ်ကြံသူများမှာ ခေါင်းပြတ်ထွက်သွားသော သူတို့၏ ရဲဘော်ကို ကြည့်ပြီး ကြက်သေသေသွားကြသည်။

သူက ငါတို့ကိုတော့ အင်အား ထိန်းချုပ်ပြီး လုပ်တာလား။

ကျွမ်းကျင်သော လုပ်ကြံသူတစ်ဦးဖြစ်သည့် ထိုလူငယ်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ခေါင်းပြတ်ထွက်သွားသည်။ ဂျင်ဆိုဟွန်း၏ အိတ်ကပ်ထဲမှ ထုတ်လိုက်သော ကျောက်စရစ်ခဲသေးသေးလေး တစ်လုံးတည်းဖြင့်ပင်။

ဒီလို နတ်ဆိုးမျိုးကို လုပ်ကြံခိုင်းရတာလား ငါတို့ကို……

သူတို့၏ တာဝန်မှာ အစကတည်းက မှားယွင်းနေကြောင်း အမ်အို သဘောပေါက်လိုက်သည်။ ဂျင်မိသားစု၏ အပျင်းထူလွန်းတဲ့သခင်လေးဟု နာမည်ကြီးသည့် ဒီလူမှာ သာမန်လူသား မဟုတ်ပေ။ သူက နတ်ဆိုးတစ်ကောင်ပင်။

ဂျင်ဆိုဟွန်းသည် လုပ်ကြံသူခေါင်းဆောင်၏ ရှေ့သို့ ချဉ်းကပ်ကာ ဒူးထောက်လိုက်ပြီး မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်သည်။ ထို့နောက် အလွန်တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

"မအော်နဲ့။ ဆူညံတယ်ဗျ"

"ကျွန်တော့်မိသားစုကိုတော့ လျှို့ဝှက်ထားပေးပါ။ ဒါကိုတော့ ဦးလေးမူကိုပဲ အပ်လိုက်ပါတော့မယ်"

"အော် ဟုတ်ကဲ့..."

မူယုံဟူသည် ဂျင်ဆိုဟွန်း၏ တောင်းဆိုချက်အတိုင်း စွန့်ပစ်ထားသော အိမ်ဟောင်းထဲသို့ ဝင်သွားသည်။ မူယုံဟူ၏ ရှေ့တွင် မြင်လိုက်ရသည်မှာ ဝမ်းနည်းဖွယ် အခြေအနေရောက်နေသော လုပ်ကြံသူ ကိုးဦးပင်။

"ဒါက..."

တစ်ချက်ကြည့်လိုက်ရုံဖြင့် လုပ်ကြံသူတို့မှာ အသက်မျှသာ ကျန်ရှိတော့ကြောင်း သိလိုက်ရသည်။

"ဒါ... ဒါ ဆိုဟွန်းရဲ့ လက်ရာလား"

မျက်နှာတွင် အထီးကျန်ဆန်သော အရိပ်အယောင်ဖြင့် မိသားစုအိမ်တော်သို့ ပြန်ရောက်လာသည့် ဂျင်ဆိုဟွန်းက မောင်းနှင်သူမှာ လုပ်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်းနှင့် စီးယုမှာလည်း အသက်အန္တရာယ်နှင့် ကြုံခဲ့ရကြောင်း ပြောပြခဲ့သည်။

အလွန်အမင်း အံ့အားသင့်သွားသည့် မူယုံဟူသည် ဂျင်ဆိုဟွန်း၏ ကျန်းမာရေးကို စစ်ဆေးကြည့်သော်လည်း သူမှာ ပွန်းပဲ့ဒဏ်ရာပင် မရရှိဘဲ အကောင်းပကတိ ဖြစ်နေသည်။

ဂျင်ဆိုဟွန်းမှာမူ ရှုပ်ထွေးနေဟန်ဖြင့်သာ ကြည့်နေသည်။

"ကိုယ့်မျက်စိနဲ့ ကိုယ် မြင်နေရပေမဲ့လည်း မယုံနိုင်စရာပဲ"

မူယုံဟူသည် လုပ်ကြံသူများကို တစ်ဦးချင်းစီ ကြည့်လိုက်သည်။ သူတို့အားလုံး၏ ပါးစပ်နှင့် မျက်လုံးများကို အဝတ်စများဖြင့် ချည်နှောင်ဖုံးအုပ်ထားပြီး တစ်ဦးမျှ အကောင်းပကတိ မကျန်ရှိတော့ပေ။

သူက နည်းစနစ်တစ်ခုတည်းနဲ့ လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်တွေကို ချိုးပစ်လိုက်တာပဲ။ သူတို့ နောက်တစ်ကြိမ် လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး။

လုံးဝ ကြေမွသွားသော လုပ်ကြံသူများ၏ လက်နှင့် ခြေထောက်များက ပြန်ကောင်းလာလျှင်ပင် ဓားကို ကိုင်နိုင်တော့မည် သို့မဟုတ် ပုံမှန် လမ်းလျှောက်နိုင်တော့မည် မဟုတ်ပေ။

အဘိုးကန်ဆီက သိုင်းပညာ ဘယ်လောက်ပဲ သင်ထားပါစေ... ဒါကတော့ ပုံမှန် မဟုတ်ဘူး။

မူယုံဟူအတွက်တောင်မှ လုပ်ကြံသူကိုးဦးကို တစ်ချက်မျှ မပွန်းပဲ့ဘဲ အနိုင်ယူရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

"မင်း ဘာတွေကိုများ ဖုံးကွယ်ထားတာလဲ"

စိတ်ထဲမှ တွေးတောနေခြင်းကို အဆုံးသတ်လိုက်ပြီးနောက် မူယုံဟူသည် လုပ်ကြံသူတို့၏ မျက်လုံးကို ဖုံးထားသော အဝတ်စများကို တစ်ခုပြီးတစ်ခု ဖြည်ပေးလိုက်သည်။

အချိန်အတန်ကြာပြီးနောက် လုပ်ကြံသူတို့၏ ခေါင်းဆောင်က မျက်လုံးပွင့်လာသည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ ဂျင်ဆိုဟွန်း မဟုတ်ဘဲ အေးစက်သော မျက်နှာထားဖြင့် ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသားဖြစ်သည်။

"ငါ့နာမည်က မူယုံဟူ။ ဂျင်မိသားစုရဲ့ ကိုယ်ရံတော်အဖွဲ့ ခေါင်းဆောင်ပဲ"

"..."

"မင်း ငါ့ကို မှတ်ထားစရာ မလိုပါဘူး။ မင်း ဘယ်သူ့လက်ချက်နဲ့ ဘာလို့ သေရတာလဲဆိုတာကို သိသွားစေချင်ရုံ သက်သက် ပြောတာပါ"

မူယုံဟူသည် ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်သည်။

"သခင်လေးက မင်းတို့ကို အစိုးရရုံးရဲ့ ထောင်ထဲ ပို့ခိုင်းတယ်။ ဒါပေမဲ့ ငါ့အမြင်ကတော့ မတူဘူး"

မူယုံဟူ၏ ဓားမှာ အရောင်လက်သွားသည်။ တစ်ချက်တည်းဖြင့် လုပ်ကြံသူအားလုံး၏ လည်ပင်းကို ဖြတ်တောက်လိုက်ပြီးနောက် မူယုံဟူက အေးစက်စက် ရေရွတ်လိုက်သည်။

"မင်းတို့က အသက်ရှင်ဖို့ မထိုက်တန်ဘူး"

လုပ်ကြံသူအားလုံးကို သတ်ဖြတ်ပြီးနောက် မူယုံဟူသည် ဓားပေါ်မှ သွေးများကို ခါချလိုက်ပြီး အိမ်ဟောင်းထဲမှ ထွက်ခွာသွားသည်။

"မီးရှို့လိုက်။ အရိုးအပိုင်းအစလေး တစ်ခုတောင် မကျန်စေရဘူး"

"ဟုတ်ကဲ့"

အိမ်ဟောင်းပေါ်သို့ ဆီများ လောင်းချလိုက်ပြီး မီးတုတ်ကို ပစ်ပေါက်လိုက်သည်။ ခဏချင်းတွင်ပင် မီးတောက်များ အုံကြွလာပြီး အိမ်ဟောင်းမှာ လျင်မြန်စွာ လောင်ကျွမ်းသွားတော့သည်။ လုပ်ကြံသူတို့၏ အလောင်းများနှင့်အတူ...

"ဘာ... ဘာတွေဖြစ်နေတာလဲ"

သူတောင်းစားဂိုဏ်း၏ ရှန်တုန်းဌာနခွဲကို စီမံခန့်ခွဲနေသည့် ဆိုချွီးဂယ်မှာ အလွန်အမင်း ထိတ်လန့်သွားသည်။ သူ အပင်ပန်းခံ စီမံထားသည့် တဲအိမ်များမှာ အားလုံး ပျက်စီးသွားပြီး ခုခံနေသော သူတောင်းစားများမှာလည်း ခွေးကင်စားသည့်နေ့က ခွေးများကို ရိုက်သလိုမျိုး တုတ်များဖြင့် အရိုက်ခံထားရကာ နေရာအနှံ့ ပက်လက်လန်နေကြသည်။

"ငါက ဌာနခွဲခေါင်းဆောင်လေ သူတောင်းစားဂိုဏ်းရဲ့ ဌာနခွဲခေါင်းဆောင်တစ်ယောက်ပဲ"

ဆိုချွီးဂယ်၏ အော်ဟစ်သံကို မမှုဘဲ ရုတ်တရက် ပေါ်လာသော သူတောင်းစားများမှာ ရပ်တန့်မသွားပေ။

"ဒီ…..ဒီကောင်လေးတွေ... အာ အာ"

တစ်ယောက်ယောက်ကို တွေ့လိုက်ရသော ဆိုချွီးဂယ်မှာ အလောတကြီး ပြေးသွားသည်။ သူသည် လူတစ်ယောက်၏ ပခုံးကို ဆွဲကိုင်ကာ တောင်းပန်သည်။

"ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်တာလဲ ဂိုဏ်းချုပ်ငယ်"

ဂူယောင်က ပြုံးလိုက်ပြီး သူ့ပခုံးကို ကိုင်ထားသည့် ဆိုချွီးဂယ်၏ လက်ကို ဖယ်ရှားလိုက်သည်။

"ဌာနခွဲခေါင်းဆောင်ဆို"

"ရှင်းပြပေးပါဦး ဂိုဏ်းချုပ်ငယ်"

"ကျွန်တော့်ဆီကို တိုင်စာတစ်စောင် ရောက်လာတယ်။ တိုင်စာရဲ့ အကြောင်းအရာက... ဌာနခွဲခေါင်းဆောင်ဆိုက သူတောင်းစားဂိုဏ်းရဲ့ သတင်းအချက်အလက်တွေကို မင်ဂိုဏ်းဘက်ကို စျေးပေါပေါနဲ့ ရောင်းစားနေတယ်ဆိုတာပဲ"

ဆိုချွီးဂယ်၏ မျက်နှာမှာ ဖြူလျော့သွားသည်။

"ဘာ…..ဘာလိုလိုနဲ့ စွပ်စွဲတာလဲ ဒီ ဆိုချွီးဂယ်က သူတောင်းစားဂိုဏ်းအတွက် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တာ သူတောင်းစားဂိုဏ်းရဲ့ သတင်းကို မင်ဂိုဏ်းဘက် ရောင်းစားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"အဲဒါကို မကြာခင်မှာပဲ သိရတော့မှာပါ။ ဒါကြောင့် ငြိမ်ငြိမ်လေး ပူးပေါင်းဆောင်ရွက်ပေးပါ"

"တစ်ခုခုတော့ မှား... မှားနေတာ ဖြစ်ရမယ်"

"ဌာနခွဲခေါင်းဆောင်ဆိုကို ခေါ်သွားကြ"

"ဟုတ်ကဲ့"

ဂိုဏ်း၏ စည်းကမ်းကို ကာကွယ်ပြီး ရာဇဝတ်ကောင်များကို အပြစ်ပေးသည့် သူတောင်းစားများက ဆန့်ကျင်နေသော ဆိုချွီးဂယ်ကို ဆွဲခေါ်သွားကြသည်။

"ဒါက နောက်ဆုံးလူပဲ"

ဆိုချွီးဂယ်ကို ဆွဲခေါ်သွားသည်ကို ကြည့်နေသော လူတစ်ယောက်က ဂူယောင်၏ ဘေးတွင် ရပ်နေသည်။ သူမှာ အသက် ၁၈ နှစ်ခန့် ရှိမည်ဖြစ်ကာ သူတောင်းစားများနှင့် မလိုက်ဖက်သည့် သန့်ရှင်းကြည်လင်သော အသားအရေ၊ ဖြူစင်သည်ဟု ခံစားရသည့် မျက်လုံးများ ပိုင်ဆိုင်ထားသော ထိုလူငယ်က ပျော်ရွှင်စွာ ပြုံးသည်။

"ဒီတစ်ခါတော့ သူတောင်းစားဂိုဏ်းရဲ့ သတင်းတွေကို ဘယ်သူက ပေါက်ကြားအောင် လုပ်နေလဲဆိုတာကို သိနိုင်တော့မှာပါ"

"ကောင်းလိုက်တာ လျန်။ အကုန်လုံး မင်းကြောင့်ပါပဲ"

"ကျွန်တော်က ကံကောင်းတာပါ။ အစ်ကို့ကို အကူအညီပေးနိုင်လို့ ဝမ်းသာပါတယ်"

"ဟုတ်ပြီ"

ဂူယောင်က လျန်ဟုခေါ်သည့် လူငယ်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးသည်။ လျန်သည် ထိုအထိအတွေ့ကို နှစ်သက်ဟန်ဖြင့် အသာအယာ ပြုံးလိုက်သည်။

ဖတ်….

လည်ပင်းနောက်ပိုင်းတွင် ခံစားလိုက်ရသော ပြင်းထန်သည့် နာကျင်မှုကြောင့် လျန်မှာ ဒူးထောက်ကျသွားသည်။ သူ၏ ခေါင်းများ မူးဝေလာပြီး ပျို့အန်ချင်စိတ် ဖြစ်လာသည်။

"စဉ်းစားကြည့်ရင် ဒါက ရိုးရှင်းတဲ့ ကိစ္စတစ်ခုပါ။ မင်ဂိုဏ်း မဟာမိတ်အဖွဲ့ဆီ ရောက်သွားတဲ့ သတင်းအချက်အလက်တွေက ဌာနခွဲခေါင်းဆောင်တွေတောင် မထိနိုင်တဲ့ အချက်အလက်တွေပဲ။ ဒီလောက် အဆင့်မြင့်တဲ့ သတင်းတွေကို ဘယ်သူက သိနိုင်မှာလဲ ပြီးတော့ အဲဒီသတင်းကို ဘယ်သူက ဖန်တီးတာလဲ"

"အစ်... အစ်ကို..."

လျန်သည် သူ့အား လှောင်ပြောင်သလို ပြုံးနေသော ဂူယောင်ကို တွေ့လိုက်ရသည်။ ထိုသို့သော လျန်ကို ဂူယောင်က အလွန်တိုးညင်းစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ဗဟိုလွင်ပြင်က သိုင်းပညာရှင်တွေအကြောင်း ဘယ်သူက အသိဆုံးလဲ လျန် အဲဒါက... မင်းရဲ့အစ်ကို ငါပဲလေ"

လျန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အမှန်တရားကို နောက်ဆုံးတွင် သိလိုက်ရပြီး အရာအားလုံး မှားယွင်းနေကြောင်း သူ သဘောပေါက်သွားသည်။

မဟုတ်ဘူး...

လျန်သည် လက်ကို ဆန့်ထုတ်ရန် ကြိုးစားသော်လည်း တောင့်တင်းနေသော ခန္ဓာကိုယ်က ခွင့်မပြုပေ။ မကြာမီ လျန် သတိလစ်သွားသောအခါ ဂူယောင်လည်း နေရာမှ ထလိုက်သည်။

"သူ့ကို ခေါ်သွားရမလား"

"အင်း ခေါ်သွားပါ"

သူတောင်းစားများက လျန်ကို ခေါ်ဆောင်သွားစဉ် ဂူယောင်၏ အကြည့်မှာ အနောက်ဘက်သို့ ရောက်သွားသည်။ လူသူမရှိဘူးဟု ထင်ရသော ထိုနေရာမှ အဘိုးအိုတစ်ဦး ရုတ်တရက် ပေါ်လာသည်။ သူက ဂူယောင်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။

"ဂူယောင်..."

ဂူယောင်က အချိန်အတော်ကြာမှ ပြန်ဆုံတွေ့ရသည့် အဘိုးအိုကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။

"မတွေ့တာ ကြာပြီ အဘိုးဗီ"

All Chapters