အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁) ဝတ်ရုံလုပွဲ - ၁၃
ရုတ်တရက်... ဆယ်မီတာခန့်အကွာအဝေးမှ စည်းချက်ကျသော လက်ခုပ်သံတစ်ခု ထွက်ပေါ်လာ၏။
သျှီဝသည် စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး သူ၏ နွမ်းနယ်မှုများနှင့် စိတ်ပင်ပန်းမှုများကို မောင်းထုတ်လိုက်ကာ ထိုအသံထွက်ပေါ်လာရာနေရာဆီသို့ လှည့်ကြည့်လိုက်လေသည်။
သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး လျှောက်လှမ်းလာခဲ့သည်။ သူသည် စစ်တပ်သုံး ဘောင်းဘီရှည်၊ လက်ရှည်တီရှပ်နှင့် အနက်ရောင်ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။
“ခုနှစ်ထွေသတ်ဖြတ်ခြင်း ...”
သျှီဝက ထိုလူ့အမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်ရာ သူတို့နှစ်ဦးမှာ ယခင်က တိုက်ခိုက်ဖူးကြကြောင်း ထင်ရှားပေသည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်းက လက်ခုပ်တီးခြင်းကို ရပ်တန့်လိုက်သည်။
“တိုက်ပွဲကတော့ စိတ်လှုပ်ရှားစရာပဲ၊ ဒါပေမဲ့ ငါကတော့ မင်းရဲ့ ဒီလိုမျိုး ရှုပ်ထွေးနေတဲ့ စွမ်းရည်တွေကို သဘောမကျဘူး”
သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ယောက်ျားဆိုတာ ကိုယ့်လက်သီးနဲ့ပဲ အဆုံးအဖြတ်ပေးရတာမျိုး ဖြစ်သင့်တယ်”
“မင်းက တကယ့် ထူးဆန်းတဲ့ကောင်ပဲ”
သျှီဝက ဆိုသည်။
“မင်း ဒီကိုရောက်နေတာ ကြာပြီပဲကို... ငါ ဝူစစ်ချန်ရွှမ်နဲ့ တိုက်ခိုက်နေတုန်းက ဘာလို့ ချောင်းမတိုက်ခဲ့တာလဲ၊ အဲဒီလိုသာ လုပ်ခဲ့ရင် မင်း ငါတို့နှစ်ယောက်လုံးကို အပြတ်ရှင်းပြီးသားတောင် ဖြစ်နေလောက်ပြီ”
“ဟဲ...”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ရယ်မောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ရတာကို သဘောကျတဲ့လူဖြစ်နေလို့ပဲ”
သူသည် စကားပြောနေရင်း ‘ဟိုကူတိုရှင်းကန်’ သိုင်းပညာကို ထုတ်ဖော်တော့မည့်အလား သူ့လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်၍ လက်ချောင်းများကို တဖျောက်ဖျောက်မြည်အောင် ချိုးလိုက်လေသည်။
“ငါတော့ ဒီလိုမျိုးဝါဒအကြောင်း တစ်ခါမှမကြားဖူးပါဘူး”
သျှီဝသည် တစ်ဖက်လူနှင့် စကားပြောဆိုနေစဉ်အတွင်း အသက်အမှတ်ပြန်လည်ဖြည့်တင်းဆေးရည် တစ်ပုလင်းကို တိတ်တဆိတ် အသုံးပြုလိုက်ပြီး သူ၏ အသက်အမှတ်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းလိုက်သည်။
“ရိုးရိုးလေးပါပဲ၊ ဘေးကနေ ကြည့်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင်တာပဲဖြစ်ဖြစ်၊ ငါက တိုက်ပွဲတစ်ခုကို တစ်ယောက်ချင်းထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲမျိုးပဲ ဖြစ်စေချင်တာ၊ အဲဒါက အားကစားတစ်ခုလိုမျိုးပေါ့... ထိပ်တန်းဆရာသခင်နှစ်ယောက်က သူတို့ရဲ့ စွမ်းအားအားလုံးကို ထုတ်သုံးပြီး နောက်ဆုံးအချိန်အထိ တိုက်ခိုက်ကြပေမယ့် တစ်ယောက်တည်းပဲ အနိုင်ရနိုင်တာမျိုးလေ”
သူက သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“အဲဒီလိုဆိုရင်... အနိုင်ရတဲ့လူက သံသယရှိစရာမလိုဘဲ အသန်မာဆုံးလူဖြစ်သွားမှာပဲ”
“ဟမ့်... အနိုင်အရှုံးဆိုတာကတော့ အမြဲတမ်းဆင်ခြေပေးလို့ ရတာပဲ၊ အခု ငါ့မှာလည်း ဆင်ခြေတစ်ခု ရှိနေတာပဲလေ”
သျှီဝက နောက်ပြောင်သည့်လေသံဖြင့် ဆိုလိုက်သည်။
“ဥပမာအားဖြင့်... ငါက ခုလေးတင် ဝူစစ်ချန်ရွှမ်နဲ့ တိုက်ပြီးထားလို့ ဒဏ်ရာအပြင်းအထန် ရထားတာမျိုးပေါ့”
“ဟားဟားဟား...”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက အားရပါးရ ရယ်မောလိုက်သည်။
“လုပ်စမ်းပါ၊ မင်းမှာ သက်လုံအမှတ်တွေ အများကြီးကျန်နေသေးတယ်ဆိုတာ ငါကောင်းကောင်း သိပါတယ်ကွာ၊ မင်းရဲ့ အသက်အမှတ်တွေဆိုလည်း လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကတည်းက အပြည့်အဝ ပြန်ဖြည့်ပြီးသားပဲလေ”
သူသည် အလွန်ပွင့်လင်းပြတ်သားသူတစ်ဦးဖြစ်သဖြင့် စိတ်ထဲရှိသည့်အတိုင်း တိုက်ရိုက် ပြောဆိုတတ်ခြင်း ဖြစ်သည်။
“ဒါ့အပြင် ငါ့အခြေအနေကလည်း မင်းထက်စာရင် သိပ်မထူးခြားပါဘူး၊ ငါ ခုနကတင် ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးဆိုတဲ့ ကောင်မလေးနဲ့ ထိပ်တိုက်တွေ့ခဲ့တာ၊ အလွယ်လေး အပြတ်ရှင်းနိုင်မယ်လို့ ထင်ထားပေမယ့် ဒီဘက်ခေတ် ကောင်မလေးတွေက ယောက်ျားလေးတွေထက်တောင် ပိုပြီး ရက်စက်ကြမ်းကြုတ်လိမ့်မယ်လို့ မထင်ထားမိဘူး၊ ငါကိုယ်တိုင်တောင် အမှားသေးသေးသေးကြောင့် အသတ်ခံရမလို ဖြစ်သွားရတယ်”
“အဲဒါကြောင့်မို့လို့ပဲ သည်းထိတ်ရင်ဖို သုခဘုံက ဒီလောက်စိတ်ဝင်စားဖို့ ကောင်းနေတာပေါ့...”
သျှီဝက ပြန်လည်တုံ့ပြန်လိုက်သည်။
“မင်းလည်း သတိထားမိတယ်မလား၊ အရိပ်ဘုရင်က တကယ်အသတ်ခံလိုက်ရပြီ”
သူ စကားကို ခဏရပ်လိုက်ပြီး လေးနက်သော လေသံဖြင့် ထပ်လောင်းပြောလိုက်သည်။
“ပြီးတော့ အဲဒါက မင်း၊ ငါ ဒါမှမဟုတ် ဝူစစ်ချန်ရွှမ်တို့ လက်ချက်လည်း မဟုတ်ဘူး”
“ဟုတ်တယ်၊ အဲဒါက တကယ်ကို မျှော်လင့်မထားတဲ့ ကိစ္စတစ်ခုပဲ၊ ငါသူ့ကို တစ်ခါရှုံးဖူးတယ်၊ အဲဒီကောင်ရဲ့ သွေးကျောက်တုံးမိစ္ဆာက တကယ့်ကို ရင်ဆိုင်ရခက်တဲ့အထဲမှာ ပါတယ်”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါပေမဲ့... သူက ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးလက်ချက်နဲ့ သေသွားတာမျိုးတော့ မဟုတ်လောက်ဘူးလို့ ထင်တယ်၊ အဲဒီကောင်မလေးမှာ အဲဒီလောက်အထိ စွမ်းအားမရှိပါဘူး”
“ဒါဆိုရင်... မင်းပြောချင်တာက ဒီကိစ္စကို အဆင့် ၂၈ ပဲ ရှိသေးတဲ့ ဖုန်းပုကြွယ်ဆိုတဲ့ ကစားသမားက လုပ်ခဲ့တာလို့ ပြောချင်တာလား...”
သျှီဝက အကဲစမ်းသည့် လေသံဖြင့် မေးလိုက်သည်။
“စကားမစပ်၊ ငါ အဲဒီအိုင်ဒီကို တစ်နေရာရာမှာ ကြားဖူးနေသလို ခံစားရတယ်...”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ခေါင်းကုတ်လိုက်သည်။
“ဒါပေမဲ့ ဘယ်တုန်းကလဲဆိုတာတော့ မမှတ်မိတော့ဘူး”
သူ ပခုံးတွန့်လိုက်သည်။
“ထားလိုက်ပါတော့၊ ကျောက်ရင်းဝမ်က ကစားသမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာလို့ပဲ ငါတို့ တထစ်ချတွက်လို့ မရဘူးမလား၊ ဒီမြို့ထဲမှာ အစွမ်းထက်တဲ့ ဇာတ်ကောင်တွေ အများကြီးရှိနေတာပဲ မဟုတ်လား”
“ဒါလဲ ဟုတ်တာပဲ”
သျှီဝသည် စက္ကန့်အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ဆက်ပြောသည်။
“ကျောက်တုံးမိစ္ဆာက အရမ်းအာရုံစိုက်ခံရလွန်းတယ်၊ ဖြစ်နိုင်တာကတော့ သူက ရဲတွေ ဒါမှမဟုတ် စူပါဟီးရိုးတွေကို သွားရန်စမိလို့ ဇာတ်လမ်းကမ္ဘာထဲက ဇာတ်ကောင်တွေလက်ချက်နဲ့ အသတ်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ”
“ကောင်းပြီ... အခုလိုဝေဖန်နေတာက အဓိပ္ပာယ်မရှိဘူး၊ မင်း ခုနတင် ဝူစစ်ချန်ရွှမ်ကို အဲဒီအတိုင်း ပြောနေခဲ့တာ မဟုတ်လား”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆိုသည်။
“ဒီဂိမ်းမှာ အနိုင်ရဖို့ အချက်တစ်ခုတည်းကိုပဲ အာရုံစိုက်ရမယ်၊ ကိုယ်ကလွဲလို့ ကျန်တဲ့ ကစားသမားအားလုံးကို အပြတ်ရှင်းပစ်ဖို့ပဲ”
“ကောင်းပါပြီ၊ ဘိုင်ဝမ်းဖိုက်တာကြီးရေ၊ ငါလည်း ဝမ်းမြောက်စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်”
သျှီဝက ပြန်ဖြေလိုက်သည်။
စကားလုံးများက ထိုမျှသာ ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် သူတို့နှစ်ဦးမှာ တိုက်ပွဲဖြစ်တော့မည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။
သူတို့၏ စကားဝိုင်းအပြီးတွင် သျှီဝနှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့သည် သဘောတူညီချက်တစ်ခုသို့ ရောက်ရှိသွားကြသည်။ ဤတိုက်ပွဲသည် ထိုသတ်ဖြတ်ခြင်းဂိမ်း၏ အနိုင်ရသူကို ကြိုတင်အဆုံးအဖြတ်ပေးသွားနိုင်ခြေ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် ကျန်ရှိနေသော အခြားကစားသမားနှစ်ဦးမှာ သူတို့အတွက် လုံးဝခြိမ်းခြောက်မှု မရှိသောကြောင့် ဖြစ်သည်။
သူတို့နှစ်ဦး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်မှာပင် မျှော်လင့်မထားသော အခြားအဖြစ်အပျက်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။
သူတို့နှစ်ဦးကြားတွင် လူရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး အသံနက်နက်ဖြင့် ဆိုလိုက်သည်။
“မင်းတို့က တခြားကမ္ဘာက ရောက်လာကြတဲ့ ‘စူပါရာဇဝတ်ကောင်တွေ’ ဆိုတာလား”
သျှီဝနှင့်ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့သည် သူတို့ရှေ့ကလူကို မမှတ်မိကြသော်လည်း သူတို့နှစ်ဦးလုံး ချက်ချင်းနောက်ဆုတ်လိုက်ကြပြီး ထိုလူရိပ်နှင့် သူတို့ကြား ၁၀ မီတာကျော် အကွာအဝေးတစ်ခုကို တည်ဆောက်လိုက်ကြသည်။ ၎င်းသည် တိုက်ပွဲအတွင်း ရောက်ရှိနေသော အစွမ်းထက်သူနှစ်ဦး၏ အန္တရာယ်အပေါ် အလိုအလျောက် တုံ့ပြန်မိသည့် ဗီဇဖြစ်သည်။
ဤသို့ တိုက်ပွဲအတွင်း မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသော ဧည့်သည်မှာ အနက်ရောင်နှင့် မီးခိုးရောင် ရောစပ်ထားသော ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်အပေါ်ပိုင်းတွင် အနက်ရောင်ဦးထုပ်ပါသော ဝတ်ရုံဖြူကို ထပ်မံဝတ်ဆင်ထားခြင်းဖြစ်သည်။ ထိုဝတ်ရုံ၏ အလယ်ဗဟိုတွင် သွေးနီရောင်ကြက်ခြေခတ်သင်္ကေတတစ်ခု ပါရှိနေသည်။ သူသည် ဓားနှစ်လက်ကို ကိုင်ဆောင်ထားပြီး သားရေခါးပတ်ပတ်ထားကာ ဘွတ်ဖိနပ်ရှည်ကြီးများကို ဝတ်ဆင်ထားသဖြင့် အလယ်ခေတ် ခရူးဆိတ်စစ်ပွဲအတွင်းက စစ်သည်တော်တစ်ဦး၏ အသုံးအဆောင်နှင့် အလွန်အမင်း ဆင်တူလှပေသည်။
“မင်းက ဘယ်သူလဲ”
သျှီဝက မေးလိုက်သည်။
ထိုလူရိပ်က သျှီဝဘက်သို့ လှည့်လိုက်ရာ အနက်ရောင်ဦးထုပ်နောက်ကွယ်က မျက်နှာဖုံးတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ ထိုမျက်နှာဖုံးမှာ အဖြူရောင်ဖြစ်ပြီး အောက်ဘက်ပိုင်းတွင် ဖြန့်ကားထားသော အနီရောင်အတောင်ပံပုံစံများ ပုံနှိပ်ထားသဖြင့် သူ့ပါးစပ်နှင့် နှာခေါင်းတို့ကို လုံးဝ ဖုံးကွယ်ပေးထား၏။
“အဲဒါက ငါမင်းတို့ကို မေးရမယ့် မေးခွန်းပဲ”
မျက်နှာဖုံးအောက်မှ ခပ်ဩဩ ပြန်ဖြေသံတစ်ခု ထွက်ပေါ်လာလေသည်။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက...
စိန့်အလက်ဇန္ဒားသည် Knights Templar အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
ရွေးချယ်ခံထားရသော စစ်သည်တော်အဖွဲ့တစ်ဖွဲ့မှာ ခရူးဆိတ်စစ်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး နောက်ဆုံးတွင် ဘုရားကျောင်းနှင့် လမ်းခွဲခဲ့ကြသည်။
သူတို့သည် ဆွီဒင်နိုင်ငံတွင် အခြေစိုက်သော သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့ကြပြီး “အရှင်မြတ်၏ နူတ်ကပတ်တော်များ” ကို စောင့်ရှောက်ရန်အတွက် ရန်ငြိုးကြီးသော ကောင်းကင်တမန်တစ်ပါးကို ဖန်တီးခဲ့ကြသည်။
ထိုစောင့်ရှောက်သူကို အက်ဇ်ရေးလ်ဟု ခေါ်တွင်ပြီး သေခြင်းတရား၏တမန်တော်ဟု လူသိများကြသည်။
ခေတ်ကာလများ ပြောင်းလဲလာသည်နှင့် သေခြင်းတမန်တော်၏ အထောက်အထားနှင့် ရုပ်သွင်မှာလည်း တရွေ့ရွေ့ ပြောင်းလဲလာခဲ့လေသည်။
ယခု သျှီဝနှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ရှေ့တွင် ပေါ်ထွက်လာသော ထိုလူ၏ အမည်မှာ မိုက်ကယ် ဝါရှင်တန်လိန်း ဖြစ်သည်။ သူသည် ကောလိပ်ကျောင်းသားဘဝက နောက်တန်းလူတစ်ဦး ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် မရိန်းတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ကာ အနားယူပြီးနောက်တွင် ဂေါ့သမ်မြို့ရဲတပ်ဖွဲ့၏ ကင်းလှည့်ရဲအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။
သူ့မိသားစုတစ်ခုလုံး သေဆုံးသွားခဲ့ရသည့်ကိစ္စနှင့် ထူးဆန်းသော သေဆုံးမှုအကြောင်းရင်းများကို ခဏဘေးဖယ်ထားပြီး အဓိကအချက်သို့ တိုက်ရိုက်သွားရမည်ဆိုလျှင်... လိန်းသည် စစ်တပ်နှင့် ဂေါ့သမ်မြို့ရဲတပ်ဖွဲ့ကြားက လျှို့ဝှက်စီမံကိန်းတစ်ခုတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ထိုစီမံကိန်း၏ အနှစ်သာရမှာ... ဘက်မန်းဒဏ်ရာရရှိသွားသည့် အချိန်များတွင် သူ့ကိုယ်စား လူစားဝင်သရုပ်ဆောင်နိုင်မည့် လူတစ်စုကို ရွေးချယ်လေ့ကျင့်ပေးရန် ဖြစ်သည်။ လိန်းသည် နောက်ဆုံးအဆင့်အထိ ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ်လောင်းသုံးဦးထဲက တစ်ဦး ဖြစ်ခဲ့သော်လည်း ကျန်ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ ရူးသွပ်သွားကြသဖြင့် ထိုစီမံကိန်းကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။
သို့သော်လည်း လိန်း၏ ဇာတ်လမ်းမှာ ထိုမျှနှင့် လမ်းဆုံးမသွားခဲ့ချေ။ ယခုတွင် သူသည် ဝမ်းနည်းခြင်းချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ညာလက်တွင် “မူလအပြစ်” (Original Sin - အနီရောင် မီးတောက်များ လွှမ်းခြုံနေသောဓား) ကို ကိုင်ဆောင်ထားကာ ဘယ်လက်တွင်မူ “ကယ်တင်ခြင်း” (Redemption - အပြာရောင် မီးတောက်များလွှမ်းခြုံနေသောဓား) ကို ကိုင်ဆောင်ထား၍ သေခြင်းတရား၏ ကောင်းကင်တမန်တော်အသစ် ဖြစ်လာပြီး ဂေါ့ဒ်နက်နှင့်အတူ ဂေါ့သမ်မြို့ကြီး၏ စင်မြင့်ထက်တွင် လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။
...
“မင်းလေသံအရ ကြည့်ရရင် မင်းလည်း လမ်းဘေးသူရဲကောင်းတစ်ယောက် ဖြစ်ပုံပဲ၊ ငါတို့ ဒီမှာ တိုက်ခိုက်နေတာက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး ငါ့ကောင်”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆိုသည်။ ‘တစ်ဦးချင်းတိုက်ခိုက်ခြင်းကို ခရီးပေါက်အောင် လုပ်ဆောင်လိုသူ’ တစ်ဦးအနေဖြင့် တိုက်ပွဲမစတင်မီ ဤသို့ ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်မှာ သေချာပေါက် သူ့ကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
ယင်းကို ကြားသောအခါ သေခြင်းတမန်တော်သည် သူ့အကြည့်ကို ခုနှစ်ထွေသတ်ဖြတ်ခြင်းသို့ ရွှေ့လိုက်လေသည်။ ထိုအခိုက်အတန့်တွင် အဖြူရောင်မျက်နှာဖုံးအောက်မှ အသက်ရှူကျပ်မတတ် ပြင်းထန်လှသော ဖိအားတစ်ခုနှင့် ခြိမ်းခြောက်မှုအငွေ့အသက်များ တိုးထွက်လာခဲ့သည်။ ထိုမမြင်ရသောအငွေ့အသက်တစ်ခုတည်းကတင် ဤဇာတ်လမ်းကမ္ဘာအတွင်းရှိ စူပါဟီးရိုးများသည် မည်မျှစွမ်းအားကြီးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
“မင်းက အစောပိုင်းတုန်းက မြို့တော်အရှေ့ပိုင်းလမ်းပေါ်မှာ ‘ကျင်းတူး’ နေခဲ့တဲ့ လူနှစ်ယောက်ထဲက တစ်ယောက် မဟုတ်လား”
သေခြင်းတမန်တော်က တုံ့ပြန်လိုက်သည်။
“မင်းတို့ ‘တိုက်ပွဲ’ လို့ ခေါ်တဲ့ အရာကြောင့်ပဲ ကံမကောင်းတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်နဲ့ စုံတွဲတစ်တွဲဟာ နေရာမှာတင် သေဆုံးသွားပြီး တခြားလူတွေလည်း ဒီမတော်တဆမှုကြောင့် အပြင်းအထန်ဒဏ်ရာ ရခဲ့ကြတယ်”
ယင်းကို ကြားလိုက်ရသောအခါ သျှီဝသည် တိတ်တဆိတ် ဝမ်းသာသွားရသည်။ လက်ရှိ အခြေအနေအရ သူသည် ဇာတ်လမ်းထဲက NPC များကို အသုံးပြု၍ ခုနှစ်ထွေသတ်ဖြတ်ခြင်းကို အလွယ်တကူဖယ်ရှားပစ်နိုင်မည်ဖြစ်သဖြင့် သူ့ကိုယ်တိုင် ပင်ပန်းနေစရာ မလိုတော့ချေ။ ထို့ကြောင့် သူသည် ခုနှစ်ထွေသတ်ဖြတ်ခြင်းဘက်သို့လှည့်ကာ ကျယ်လောင်စွာ ဆိုလိုက်လေသည်။
“ကြည့်ရတာ သူက မင်းကို လာရှာကြပုံပဲ၊ ငါမင်းနဲ့ ဆက်မနေပေးတော့ဘူး”
သူ ပြောပြီးသည်နှင့် ထွက်ခွာရန် နောက်လှည့်လိုက်လေသည်။
“ငါတော့ အဲဒီလို မထင်ဘူးနော်”
အခြားအသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
သျှီဝ ထိတ်လန့်တကြားနောက်လှည့်ကြည့်လိုက်ရာ သူ့နောက်ကျောတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လူနှစ်ဦး မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သျှီဝသည် လူ့အဖွဲ့အစည်းနှင့် ကင်းကွာနေတတ်သောလူစားမျိုး မဟုတ်သဖြင့် ထိုလူနှစ်ဦးကို ချက်ချင်း မှတ်မိလိုက်သည်။ နက်ပြာရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင်ရှည်နှင့် ချောမောသည့် အမျိုးသားမှာ နိုက်ဝင်းဖြစ်ပြီး နူးညံ့သောခရမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပေါင်တံများကို ထင်ထင်ရှားရှား ပြသထားသော လှပသည့်အမျိုးသမီးမှာ ဟန့်ထရက်စ်ဖြစ်သည်။ ပြီးလျှင် အစောပိုင်းက စကားပြောခဲ့သူမှာ အခြားသူမဟုတ်ဘဲ နိုက်ဝင်းတဖြစ်လဲ ဒစ်ခ်ဂရေဆန်ပင် ဖြစ်သည်။
“ငါက ဂေါ့သမ်မြို့ရဲ့ ပြည်သူတွေကို ထိခိုက်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး”
သျှီဝက လျင်မြန်စွာ ဆိုလိုက်သည်။
“မင်းတို့တွေ ငါ့ကို ရန်သူလိုဆက်ဆံရမယ့် အကြောင်းရင်း မရှိပါဘူး”
“ငါကတော့ အဲဒီလို မထင်မိဘူး”
နိုက်ဝင်းက ပြန်လည်တုံ့ပြန်လိုက်သည်။
“လွန်ခဲ့တဲ့ နာရီပိုင်းလောက်တုန်းက သူ့ကိုယ်သူ ‘အနောနီးမတ်’ လို့ ခေါ်တဲ့ တခြားကမ္ဘာက ရောက်လာတဲ့ ဧည့်သည်တစ်ယောက်က ဘဏ်တစ်ခုထဲကို ဝင်သွားခဲ့ပြီး ဘဏ်ဓားပြသုံးယောက်နဲ့ ရဲအရာရှိသုံးယောက်ကို သတ်ဖြတ်ခဲ့တယ်၊ ဒါ့အပြင် လမ်းပေါ်ကိုလည်း ဒေါ်လာ သန်းပေါင်းများစွာကို ကြဲချခဲ့သေးတယ်၊ သူ ထွက်မပြေးခင် ရဲတွေကို ရည်ရွယ်ချက်ရှိရှိ အရိပ်အမြွက်ပြခဲ့တာက... သူ့လိုမျိုး တခြားကမ္ဘာက ရောက်လာတဲ့ ရာဇဝတ်ကောင်ခြောက်ယောက် ရှိနေသေးတယ်တဲ့၊ ပြီးတော့ အဲ့ဒီလူတွေက ဂေါ့သမ်မြို့ကြီးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ပြောသွားခဲ့တယ်”
သူက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“မိတ်ဆွေ... ဒီကိစ္စအပေါ် မင်းရဲ့သဘောထားကို ငါနည်းနည်းလောက် ကြားချင်မိသား”
“ငါ ဒီအကြောင်းကို ဘာမှမသိဘူး... မင်းပြောတဲ့ တခြားကမ္ဘာက ဧည့်သည်ဆိုတဲ့လူက ငါနဲ့ ဘာမှ မဆိုင်ပါဘူး”
သျှီဝက ပြန်ဖြေလိုက်သည်။ တစ်ဖက်လူ၏ ပြောဆိုချက်များကို နားထောင်ရင်း သူသည် တဖြည်းဖြည်း အဖြစ်မှန်ကို ရိပ်မိလာခဲ့ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
‘ငါတို့ကို လာပြီး မီးတို့သွားတာက အဲဒီဖုန်းဆိုတဲ့ကောင်ရဲ့ လက်ချက်လား...’
“အဲဒီလိုလား၊ ဒါဆိုရင် မင်းနောက်ကျောမှာ ရှိနေတဲ့ ကျောက်ပြားဝိုင်းက ဘာလဲဆိုတာကိုရော ရှင်းပြနိုင်မလား”
ဟန့်ထရက်စ်ကတော့ သေချာပေါက်ပင် သူ့ကို မယုံကြည်ချေ။
သျှီဝ ပြန်မတုံ့ပြန်နိုင်သေးမီ နိုက်ဝင်းက ဆက်ပြောလိုက်သည်။
“လူကြီးမင်း... ငါ့အမြင်အရတော့ မင်းရဲ့ စွမ်းအားက မင်းကိုယ်တိုင်အတွက်ရော အခြားလူတွေအတွက်ပါ အရမ်းအန္တရာယ်များလှတယ်၊ တကယ်လို့ မင်းမှာ တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင်တော့ မင်းလက်နက်တွေကို အောက်ချပြီး အခြေအနေကိုရှင်းပြပေးဖို့ ငါအကြံပြုချင်ပါတယ်”
“ဘာလို့ သူတို့နဲ့ စကားတွေ အများကြီး ပြောနေရတာလဲ သျှီဝ၊ ငါ့အမြင်အရတော့... ဒီသုံးယောက်လုံးကို အရင်ဆုံး အပြတ်ရှင်းပြီးမှ အခြားတစ်နေရာကိုသွားပြီး ငါတို့ချင်း အဆုံးအဖြတ်ပေးကြတာ ပိုကောင်းလိမ့်မယ်နော်”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆိုလိုက်သည်။ သူ ထိုသို့ပြောဆိုလိုက်သော်လည်း သေခြင်းတမန်တော်ထံမှ ထွက်ပေါ်နေသော ဖိအားမှာ အမှန်တကယ် ပြင်းထန်လှသဖြင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းအနေဖြင့်လည်း ဇွတ်တရွတ် မလုပ်ရဲချေ။ သူသည် သျှီဝ၏ သဘောထားကို ဦးစွာ စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။
“ဒီလူမိုက်ကတော့... မင်းဘာသာ သေချင်ရင် သေပေါ့၊ ငါ့ကိုပါ လာပြီးဆွဲမချစမ်းပါနဲ့...”
သျှီဝသည် အခြေအနေမဟန်တော့ကြောင်း ရိပ်မိလိုက်သည်။ထိုလေသံမျိုးဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုခြင်းက ဇာတ်လမ်းထဲက NPC များ၏ ရန်လိုမှုကို သေချာပေါက် ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။
မှန်ပေသည် ယင်းကို ကြားလိုက်သောအခါ နိုက်ဝင်းနှင့် ဟန့်ထရက်စ်တို့နှစ်ဦးလုံး ချက်ချင်းပင် ခုခံကာကွယ်ရေးပုံစံမျိုး ပြင်ဆင်လိုက်ကြပြီး သူတို့လက်များကလည်း သူတို့၏ လျှို့ဝှက်ဓားများဆီသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။
“ငါ လက်နက်ချတယ်”
သျှီဝက ဆိုရင်း သူ့လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်ပြလိုက်သည်။ သူ၏ စိတ်ဝိညာဉ်လက်နက်ကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် ကွယ်ပျောက်သွားခဲ့သည်။
“ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ တိုက်ခိုက်ခဲ့တာပါ”
သူက ခုနှစ်ထွေသတ်ဖြတ်ခြင်းဘက်သို့ လှမ်းကြည့်လိုက်သည်။
“ကျန်တဲ့ငါးယောက်လုံးက လူသတ်သမားအရူးတွေချည်းပဲ ဖြစ်လို့ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ”
ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် သူသစ္စာဖောက်ခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူသည် အလွန်ပွင့်လင်းပြတ်သားသူ ဖြစ်သဖြင့် “ဟန်ဆောင် သရုပ်ဆောင်ခြင်း” အပိုင်းတွင် အညံ့ဆုံး ဖြစ်သည်။ ဇာတ်လမ်းထဲက NPC များကို လက်နက်ချ ဟန်ဆောင်ရန်မှာ သူ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ချေ။
“ချီးပဲ... မင်းကိုယ်တိုင်ကျတော့ သူတို့ကို မတိုက်ရဲဘဲနဲ့ တခြားလူကို အသုံးချပြီး မင်းအလုပ်တွေကို လုပ်ခိုင်းချင်နေတာပဲ...”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဟိန်းဟောက်လိုက်သည်။
“အဆင်ခြင်မဲ့လိုက်တဲ့ကောင်”
သူ စကားပြောမဆုံးသေးမီ သူ့ခြေဖျားဖြင့် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ ဖုန်နံရံတစ်ခု ထွက်ပေါ်သွားပြီး ထိုအရှိန်ကို အသုံးချလျက် အခြားအရပ်မျက်နှာတစ်ခုဆီသို့ အပြင်းအထန် ထွက်ပြေးတိမ်းရှောင်လိုက်တော့သည်။
“ထွက်ပြေးချင်တာလား”
ခပ်ဩဩအသံက ထပ်မံထွက်ပေါ်လာပြန်သည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ လှုပ်ရှားမှုကို အမြဲစောင့်ကြည့်နေခဲ့ပြီး သူထွက်ပြေးမည်ကို ကြိုတင်တွက်ချက်ထားခဲ့သော သေခြင်းတမန်တော်သည် ယခုတွင်မူ သူ့ထက် ပိုမြန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး ခုနှစ်ထွေသတ်ဖြတ်ခြင်း ထွက်ပြေးမည့်လမ်းကြောင်းကို ကြိုတင်ပိတ်ဆို့လိုက်တော့သည်။
“အရမ်း မြန်တာပဲ...”
ခုနှစ်ထွေသတ်ဖြတ်ခြင်းမှာ ခြောက်ခြားသွားရသည်။ မူလက သူသည် ဂိမ်းအတွင်းရှိ သူ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများမှာ သာမန်လူသားများထက် အဆမတန်သာလွန်ပြီး သူ၏ စွမ်းရည်များကလည်း “စူပါပါဝါ” များနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်ဟု ထင်မှတ်ထားခဲ့သဖြင့် ဘက်မန်း ဇာတ်လမ်းတွဲထဲက ဤစူပါဟီးရိုးများကို အလေးမထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ ဘယ်တော့မှ မျှော်လင့်မထားခဲ့သည်မှာ... ဤဟီးရိုးများက ဤမျှချဲ့ကားလွန်းသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်တော့သည်။
အမှန်တကယ်၌ ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် သာမန်အသိပညာပိုင်းဆိုင်ရာ အမှားတစ်ခုကို ပြုလုပ်ခဲ့မိခြင်း ဖြစ်သည်။ ဤနေရာသည် DC universe ဖြစ်ပြီး “အစစ်အမှန်ကမ္ဘာ” မဟုတ်ချေ။ ဤနေရာတွင် စူပါပါဝါမရှိကြသော ဟီးရိုးများကိုပင် “သာမန်လူသားများ” ဟု သတ်မှတ်၍ မရချေ။ သူတို့အားလုံးမှာ စာရေးဆရာများ၏ အကာအကွယ်ကို အပြည့်အဝ ရရှိထားကြသော ကာတွန်းဇာတ်ကောင်များ ဖြစ်ကြသည်။
ဥပမာအားဖြင့် ဘက်မန်းသည် နှစ်စဉ်နှစ်တိုင်း သုံးထပ် သို့မဟုတ် လေးထပ်မျှ မြင့်သော အဆောက်အအုံပေါ်မှ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ ခုန်ချနိုင်ခြင်းကို ရိုးရှင်းစွာ ရှင်းပြထားသည်မှာ သူ့ဝတ်ရုံ၌ အရှိန်လျှော့ပေးနိုင်သောစနစ် ပါဝင်သောကြောင့် ဖြစ်သည်ဟူ၍ ဖြစ်သည်။
ဟားဟား...
နောက်ထပ် ဥပမာတစ်ခုအနေဖြင့် ပဉ္စမမြောက်ရော်ဘင် ဖြစ်သည့် ဒီမီယံ (Damian) ဆိုလျှင် ရင်ဘတ်ကို သေနတ်ပစ်ခံခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့ရုံတင်မကဘဲ နာရီအနည်းငယ်အကြာတွင် စွမ်းအင်အပြည့်အဝဖြင့် ဟိုဟိုဒီဒီ ခုန်ပေါက်ပြေးလွှားနေနိုင်ခဲ့သည်။ ၎င်းအပေါ် အဲဖရက် (Alfred) က တည်ငြိမ်စွာ ရှင်းပြခဲ့သည်။
“မင်းရဲ့ ကတ်ဗ်လာဝတ်စုံက မင်းအသက်ကို ကယ်တင်ပေးခဲ့တာပဲ၊ ဒါပေမဲ့ မင်းသွေးတွေ အများကြီး ဆုံးရှုံးခဲ့ရသလို အဆုတ်မှာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်၊ ကံကောင်းချင်တော့ ငါ့ရဲ့ အပ်ချုပ်အရည်အချင်းက အတော်လေးကောင်းတာမို့ သေနတ်ကျည်ဆန်ကြောင့် ပျက်စီးသွားတဲ့ သွေးကြောတွေကို ပြန်ချုပ်ပေးရတာက ငါ့အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”
ယင်းက သက်သေပြနေသည်မှာ... ဤစကြဝဠာအတွင်းရှိ ဟီးရိုးများအတွက် ကိုယ်ကျပ်ဝတ်စုံဆိုသည်မှာ ကျည်ကာအင်္ကျီထက်ပင် ပို၍ စွမ်းဆောင်ရည် မြင့်မားလှသည်။ သေစေနိုင်လောက်သော ဒဏ်ရာရရှိခဲ့လျှင်ပင် ခွဲစိတ်မှုပြုလုပ်ပြီး နာရီဝက်အတွင်း ပြန်လည် ထိုင်ထလုပ်နိုင်ပြီး တိုက်ပွဲဝင်နိုင်စွမ်း ရှိကာ တိုက်ခိုက်ရေးစွမ်းရည်ပင် ပိုမို မြင့်မားလာတတ်သေးသည်။
ကံမကောင်းစွာဖြင့် သာမန်လူသားများနှင့် အရန်ဇာတ်ကောင်များမှာမူ ဤအခွင့်အရေးမျိုးကို ရရှိကြမည် မဟုတ်ချေ။ သူတို့ကမှ တကယ့် “သာမန်လူသားစစ်စစ်များ” ဖြစ်ကြသည်။
စူပါပါဝါမရှိကြသော စူပါဟီးရိုးများနှင့် စူပါဗီလိန်များကို ထူးဆန်းသောဝတ်စုံများ ဝတ်ဆင်ထားသည့် သာမန်လူသားများအဖြစ် သတ်မှတ်ထားကြသော ကစားသမားများအတွက်မူ အမှန်တကယ်ပင် ကြီးမားလှသော အမှားကြီးတစ်ခုကို ပြုလုပ်မိနေခြင်း ဖြစ်ပေလိမ့်မည်...။
“ဘုရားသခင်သည် တရားမျှတသော တရားသူကြီး ဖြစ်တော်မူပြီး မကောင်းမှုပြုလုပ်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အမျက်ဒေါသ ထွက်တော်မူတယ်”
သေခြင်းတမန်တော်သည် ဘာသာရေးအယူသည်းသူသဘာဝပီပီ ဆန်းကြယ်နက်နဲသော လေသံဖြင့် ကျမ်းစာများကို ရွတ်ဆိုလိုက်တော့သည်။
“အကယ်၍ လူတစ်ယောက်က နောင်တရပြီး နောက်ပြန်မလှည့်လာဘူးဆိုရင် သူ့ဓားကို သေသေချာချာ သွေးရလိမ့်မယ်၊ သူ့မြားကိုလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရလိမ့်မယ်...”
အနီရောင်နှင့် အပြာရောင် မီးတောက်များ အသီးသီး တောက်လောင်နေသော အမွှာဓားနှစ်လက်မှာ သေခြင်းတမန်တော်၏ ကိုယ်ခန္ဓာဘေးတစ်ဖက်တစ်ချက်စီတွင် ထွက်ပေါ်လာပြီ ဖြစ်သည်။ သူ၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်မှာ ပြစ်ချက်မဲ့လုနီးပါး ဖြစ်သည်။ အရိပ်မဟာမိတ်အဖွဲ့က လုပ်ကြံသတ်ဖြတ်သူများ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ကြစဉ်ကပင် သူ့ရှေ့တွင် ဘာအခွင့်အရေးမှ မရရှိခဲ့ကြချေ။
ခုနှစ်ထွေသတ်ဖြတ်ခြင်း သူနှင့် တစ်ချက်ပင် ထိပ်တိုက်မရင်ဆိုင်ရသေးသော်လည်း တစ်ကိုယ်လုံးတွင် ချွေးစေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးအရည်အချင်းမှာ လွန်ခဲ့သော အချိန်ကတည်းက အဆင့် B သို့ ရောက်ရှိထားခဲ့ခြင်းဖြစ်ပြီး များစွာသော တက်ကြွစွမ်းရည်များနှင့် ပင်ကိုယ်စွမ်းရည်များကိုပါ တတ်မြောက်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် အနီးကပ်တိုက်ခိုက်မှုပိုင်းတွင် ပြိုင်စံရှားသူဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်စာရင်းတွင် အဆင့်နှစ်နေရာ၌ ရှိနေသော သျှီဝနှင့် ရင်ဆိုင်ရလျှင်ပင် သူ့ကိုယ်သူ ၅၀ ရာခိုင်နှုန်း နိုင်ခြေရှိသည်ဟု ယူဆထားသူ ဖြစ်သည်။ သို့သော်လည်း သူ ဘယ်လိုမှ ထင်မှတ်မထားခဲ့သည်မှာ... သူ့ရှေ့ရှိ သေခြင်းတမန်တော်ထံမှ ထွက်ပေါ်နေသော ဖိအားလှိုင်းတစ်ခုတည်းကိုပင် သူမခုခံနိုင်ခြင်း ဖြစ်သည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်းကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးအနေဖြင့် မတိုက်ခိုက်မီမှာပင် ဖြစ်ပေါ်လာမည့် ရလဒ်ကို အတိုင်းအတာတစ်ခုအထိ ကြိုတင်တွက်ချက်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း သေခြင်းတမန်တော်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရချိန်တွင်မူ ခုနှစ်ထွေသတ်ဖြတ်ခြင်းစိတ်ထဲ၌ ပေါ်လာသည့် တစ်ခုတည်းသောမြင်ကွင်းမှာ တိုက်ကွက်နှစ်ကွက်အတွင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိုမီးတောက်ဓား၏ အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရမည့် အခြေအနေမျိုး ဖြစ်သည်။
“နေပါဦး...”
တစ်ဖက်လူ တိုက်ခိုက်တော့မည့် အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် လျင်မြန်စွာ အော်ဟစ်ရင်း သူ့လက်နှစ်ဖက်ကို မြှောက်ပြလိုက်တော့သည်။
“ငါလည်း လက်နက်ချပါတယ်... မင်းတို့တွေက လူတွေကို စည်းကမ်းမရှိ လျှောက်မသတ်ဘူးမလား သူရဲကောင်းတို့”
...
ဂေါ့သမ်မြို့တော်၏ ညအချိန်ခါသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤညသည် ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းနိုင်မည့် ညတစ်ည မဟုတ်ခဲ့ချေ။
ဂေါ့သမ်မြို့တော် ရဲတပ်ဖွဲ့ဌာနချုပ်၏ အထက်ဘက် မျှော်စင်ပေါ်တွင်...
ဘက်မန်းအချက်ပြမီး၏ ဖန်သားပြင်မှာ ကွဲအက်နေပြီး လေထုထဲသို့ ပရိုဂျက်တာဖြင့် ထိုးပြထားသော အနက်ရောင် လင်းနို့ပုံစံနောက်ကွယ်မှ “rid” ဟူသော အင်္ဂလိပ်စာလုံးသုံးလုံးက တောက်ပစွာ ပေါ်ထွက်နေခဲ့သည်။ ၎င်းသည် ဤမြို့ကြီးဆီသို့ တစ်စုံတစ်ခုကို ကြေညာမောင်းခတ်နေသည့်အလား ထင်မှတ်ရပေသည်။
ရဲမင်းကြီး ဂေါ်ဒွန်သည် အမြဲတမ်းလိုလို အညိုရောင်ဝတ်ရုံရှည်၊ အင်္ကျီနှင့် နက်ကတိုင်ကို ဝတ်ဆင်ထားတတ်သည်။ သူသည် လေပြင်းများ တိုက်ခိုက်နေသည့်ကြား ရပ်နေခဲ့ပြီး သူ့ဆံပင်ပုံစံက သပ်ရပ်မြဲသပ်ရပ်နေဆဲဖြစ်ကာ သူ့မျက်မှန်အောက်မှ မျက်လုံးများမှာမူ ထက်မြက်ပြီး ပြတ်သားနေလေသည်။
အနီရောင် ကိုယ်ကျပ်ဝတ်စုံ၊ အနက်ရောင်ဝတ်ရုံနှင့် မျက်စိတစ်ဖက်ကပ်မျက်မှန်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက သူ့အနားသို့ လျှောက်လာခဲ့သည်။
“သတင်းကောင်းကတော့... နိုက်ဝင်းနဲ့ သူ့အဖွဲ့က လူနှစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းပြီး ရဲစခန်းကို ခေါ်လာခဲ့ပါပြီ”
သူက စကားကို ခဏရပ်လိုက်သည်။
“သတင်းဆိုးကတော့ တခြားလေးယောက်က... အခုထိ ပျောက်ဆုံးနေတုန်းပါ၊ ဒါပေမဲ့ ဂေါ့ဒ်နက်က သူတို့ကို မကြာခင် ရှာတွေ့တော့မှာပါ”
“ငါ့အတွက်တော့ သတင်းကောင်းနဲ့ သတင်းဆိုးဆိုပြီး ကွဲပြားတာ မရှိပါဘူး”
ဂေါ်ဒွန်က ဆိုသည်။
“ဒီနေ့တင် ရဲအရာရှိသုံးဦးရဲ့ မိသားစုတွေက ဖခင်တစ်ယောက်၊ ခင်ပွန်းတစ်ယောက်နဲ့ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီ... ဒီလိုထိခိုက်လွယ်တဲ့ အချိန်မှာ စူပါဗီလိန်အသစ်တစ်ယောက် ရုတ်တရက် ပေါ်လာပြန်ပြီဆိုတော့ နောက်ထပ် ဘာတွေ ဖြစ်ပျက်လာဦးမလဲဆိုတာ စိတ်တောင်မကူးကြည့်ဝံ့တော့ဘူး...”
တင်မ်ဒရိတ် (Tim Drake - တတိယမြောက် ရော်ဘင်) က ပြန်ဖြေက်သည်။
“ဘာပဲဖြစ်ဖြစ် ဂေါ့ဒ်နက်က အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ”
“ကောင်လေး၊ မင်းမှာ ဒီလိုယုံကြည်ချက်မျိုး ရှိနေတာ ကောင်းပါတယ်”
ဂေါ်ဒွန်က သက်ပြင်းချလိုက်သည်။
“ဂေါ့ဒ်နက်က ဂေါ့သမ်မြို့ကြီး ပြိုလဲမသွားအောင် ကာကွယ်ပေးခဲ့တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး၊ ဒါပေမဲ့ ဂေါ့သမ်မြို့ကြီးက အပေါက်တွေ အများကြီးရှိနေတဲ့ ဆည်ကြီးတစ်ခုလို ဖြစ်နေခဲ့ပြီ၊ ငါတို့ အပေါက်တစ်ခုကို လိုက်ပိတ်လိုက်တိုင်း တခြားအပေါက်အသစ် သုံးခုက ထပ်ပေါ်လာစမြဲပဲ၊ ပြိုကျပျက်စီးသွားဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာ...”
သူက တင်မ်ကို လှမ်းကြည့်လိုက်သည်။
“ဒါကို နိုက်ဝင်းလည်း သိတယ်၊ ငါတို့လည်း သိတယ်၊ အမှောင်ထဲမှာ ပုန်းအောင်းနေကြတဲ့ ရာဇဝတ်ကောင်တွေကလည်း သိကြတာပဲ... သူတို့တွေက ဒီလိုမျိုး စာရွက်တစ်ရွက်လို ပါးလွှာပြီး ထိခိုက်လွယ်တဲ့ မြို့ကြီးကို ဖျက်ဆီးပစ်ဖို့ အဆင်သင့်ဖြစ်နေကြပြီ”
“ကျွန်တော်တို့ အဲဒီလိုမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး”
တင်မ်က ဆိုလိုက်ရာ သူ့လေသံတွင် စိတ်လှုပ်ရှားမှုများကြောင့် တုန်ရင်မှုအချို့ ပါဝင်နေလေသည်။
“ဘက်မန်းက... သေချာပေါက် ပြန်ထွက်လာမှာပါ”
သူသည် နောက်ဆုံးတွင် သူ သို့မဟုတ် ဒစ်ခ် နှစ်ဦးထဲမှ တစ်ဦးဦးက ထိုဝတ်ရုံကို သေချာပေါက် လွှဲပြောင်းဝတ်ဆင်ရမည်ဖြစ်ကြောင်း နှလုံးသားထဲကနေ ကောင်းစွာ သိရှိထားခြင်း ဖြစ်သည်။
“ဒါနဲ့ စကားမစပ် ကောင်လေး၊ ငါ့ဆီမှာ အဲဒီတခြားကမ္ဘာက ရောက်လာတဲ့ ခရီးသွားတွေနဲ့ ပတ်သက်ပြီး ရရှိနိုင်ခြေရှိတဲ့ သဲလွန်စတစ်ခု ရှိတယ်”
ဂေါ်ဒွန်က စကားလမ်းကြောင်းပြောင်းလဲလိုက်သည်။
“ဒီနေ့ ညနေပိုင်းတုန်းက ရဲတပ်ဖွဲ့ဆီကို သတင်းတစ်ခု ရောက်လာခဲ့တယ်၊ တစ်ယောက်ယောက်က ပရော်ဖက်ဆာ ဗစ်တာဖရစ်ရဲ့ လျှို့ဝှက်ပုန်းအောင်းနေတဲ့နေရာကို ငါတို့ကို လာပေးသွားခဲ့တာ”
“မစ္စတာဖရိဇ်လား”
တင်မ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
“သူက ဘယ်မှာလဲ”
“‘မြောက်ပိုင်းသန့်စင်မြေ’ လို့ ခေါ်တဲ့ စက်ရုံတစ်ခုထဲမှာပဲ၊ ဒါပေမဲ့ အဲဒါက အခု အရေးမကြီးတော့ပါဘူး”
ဂေါ်ဒွန်က ဆိုသည်။
“ပြီးခဲ့တဲ့ နာရီဝက်လောက်တုန်းကပဲ အဲဒီနေရာတစ်ခုလုံးက ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုကြောင့် မြေပြန့်ကြီးတစ်ခု ဖြစ်သွားခဲ့ရပြီ၊ ပေါက်ကွဲရတဲ့ တိကျတဲ့ အကြောင်းရင်းကိုတော့ ဆက်လက်စုံစမ်းဖို့ လိုအပ်နေသေးပေမယ့် ငါ့ရဲ့ အလိုလိုသိစိတ်အရတော့ ဒါက အဲဒီ ‘တခြားကမ္ဘာက ခရီးသွားတွေ’ နဲ့ တိုက်ရိုက် သက်ဆိုင်လိမ့်မယ်လို့ ထင်မိတယ်၊ ဖြစ်နိုင်ရင် မင်း အဲဒီနေရာကိုသွားပြီး ကံစမ်းကြည့်လို့ ရတာပဲ...”
ဂေါ်ဒွန်သည် တင်မ်ဘက်သို့ လှည့်လိုက်သော်လည်း တင်မ်သည် လေထဲတွင် ကွယ်ပျောက်သွားပြီဖြစ်သဖြင့် သူ့စကားကို အဆုံးမသတ်လိုက်ရချေ။
လေပြင်းများ တိုက်ခိုက်နေသည့်ကြား၌ ရဲမင်းကြီးသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ သူသည် စကားပြောဆိုမှု အဆုံးသတ်ခါနီးတိုင်း ရုတ်တရက် အလိုအလျောက်ပျောက်သွားတတ်သော အခြားလူတစ်ဦးကို မနေနိုင်ဘဲ ပြန်သတိရမိသွားခဲ့ခြင်း ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းလှသည်မှာ ထိုမိတ်ဆွေဟောင်းကြီးက သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။