အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း (၂၇၃) ဝတ်ရုံလုပွဲ - ၁၅
ည ၈ နာရီခန့်တွင် ဂေါ့သမ်မြို့ရဲတပ်ဖွဲ့ဌာနချုပ်ရှေ့ရှိ လမ်းမကြီးပေါ်၌ ဆန္ဒပြသူများနှင့် သတင်းထောက်များဖြင့် ပြည့်နှက်ကာ ကျပ်ညပ်နေလေသည်။
လူများသည် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြပြီး ဆောင်ပုဒ်သံများကိုလည်း ကြွေးကြော်နေခဲ့ကြသည်။ ဆိုင်းဘုတ်အမြောက်အမြားမှာ ရဲမင်းကြီး ဂေါ်ဒွန်ကို ဦးတည်ထားခြင်း ဖြစ်ပြီး “ဂေါ်ဒွန် ရာထူးကဆင်း”၊ “ဂေါ်ဒွန် ထွက်သွား” ဟူ၍ ရေးသားထားကြကာ အခြားဆိုင်းဘုတ်များတွင်မူ “တာဝန်ဝတ္တရား ပျက်ကွက်မှု”၊ “လင်းနို့ထွက်သွား” နှင့် “သူတို့ကို ကြိုးပေးကြ” ဟူသော စာသားများ ပါဝင်နေခဲ့သည်။
ဂေါ်ဒွန် လမ်းမပေါ် ထွက်ပေါ်လာသည့်အချိန်တွင် သတင်းထောက် အုပ်စုကြီးမှာ သူ့ထံသို့ အလုအယက် တိုးဝှေ့ရောက်ရှိလာကြပြီး မိုက်ကရိုဖုန်းများ၊ အသံဖမ်းစက်များ၊ ကင်မရာများနှင့် မီးလင်းထိန်နေသော အလင်းရောင်များကို သူ့ထံသို့ ထိုးပြလျက် ချွန်ထက်သောမေးခွန်းများဖြင့် ဗုံးကြဲသကဲ့သို့ တရစပ် မေးမြန်းလာကြတော့သည်။
“ဒီနေ့တင် ရဲအရာရှိ နောက်ထပ် ၁၅ ယောက် ရာထူးကနေ နုတ်ထွက်သွားတယ်လို့ ကြားရပါတယ်၊ အဲဒါ အမှန်ပဲလား”
“လမ်းမတွေပေါ်က စနစ်တကျရှိမှုက ဘယ်လောက်ကြာမှ ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာလဲ”
“ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ”
“သေဆုံးသွားတဲ့ ရဲအရာရှိတွေရဲ့ မိသားစုတွေကို ခင်ဗျားဘယ်လို ရှင်းပြမှာလဲ၊ အဲဒီ ‘အနောနီးမတ်’ က ရဲတွေရဲ့ မျက်စိအောက်တင် ဘယ်လိုလွတ်မြောက်သွားရတာလဲ”
“ရဲမင်းကြီး... ရဲတပ်ဖွဲ့ထဲကို ရာဇဝတ်မှုလှုပ်ရှားမှုတွေ ကျူးကျော်ဝင်ရောက်နေပြီလား”
“ရဲတပ်ဖွဲ့က လူမိုက်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှု ခံနေရတာလား”
“ခင်ဗျားအနေနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားသင့်နေပြီ မဟုတ်ဘူးလား ရဲမင်းကြီး ဂေါ်ဒွန်”
ဤကမ္ဘာကြီးတွင် မိမိကိုယ်မိမိ အလွန်အမင်း တော်တတ်သည်သည်ဟု ထင်မှတ်နေကြသော လူများစွာ ရှိကြပေသည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ထူးခြားသူများ ဖြစ်ကြပြီး သူတို့၏ဘဝနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာလည်း အလွန်အမင်း အဓိပ္ပာယ်ရှိသည်ဟု ယူဆတတ်ကြသည်။
လက်တွေ့ဘဝတွင်မူ ၎င်းတို့အားလုံးမှာ ချီးထုပ်များသာ ဖြစ်ပေသည်။
အမေရိကန်နိုင်ငံတွင် သတင်းထောက်အများစုသည် ဤကဲ့သို့ မိမိကိုယ်မိမိ အမွှမ်းတင်တတ်သော အလေ့အထမျိုး ရှိကြသည်။ ၎င်းတို့သည် မိမိတို့က ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လမ်းညွှန်ပေးနိုင်ပြီး အခြားလူများ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ သာမန်လူသားများထက် ပိုမိုမြင့်မြတ်ပြီး ပိုအမြင်ကျယ်သူများ ဖြစ်ကြသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် နေ့စဉ်ရက်ဆက် တာဝန်မဲ့သော ဖော်ပြချက်များကို ထုတ်ဝေနေကြပြီး မိမိတို့၏ ရာထူးနှင့် ကျွမ်းကျင်မှုများကို အသုံးပြုလျက် အမှန်တရားများကို လိမ်ညာဖျောက်ပစ်ကာ မိမိတို့ကိုယ်တိုင်အတွက် မြင့်မားသော လူမှုရေးအဆင့်အတန်း၊ အာရုံစိုက်မှုများနှင့် အကျိုးအမြတ်များကို ရှာဖွေနေကြခြင်း ဖြစ်သည်။
သူတို့သည် ဤအရာအတွက် အခြားလူများ၏ ဂုဏ်သိက္ခာနှင့် ဘဝများကို ဖျက်ဆီးပစ်ရန်အတွက်လည်း လုံးဝ တုံ့ဆိုင်းနေကြမည် မဟုတ်ချေ။
အခြားလူများ၏ မျက်လုံးထဲတွင်မူ ထိုလူများသည် မိမိကိုယ်မိမိ အမှန်တရားဟု ထင်မှတ်နေကြသော မိစ္ဆာနတ်ဆိုးများ ဖြစ်ကြပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်။ ၎င်းတို့ကိုယ်တိုင်ကမူ မိမိတို့ကိုယ်မိမိ ကျေနပ်အားရနေကြပြီး အဖြစ်မှန်ကို လုံးဝသဘောမပေါက်ကြဘဲ လျှံကျနေသော လူမှုရေးတာဝန်သိစိတ်များကိုသာ ဟန်ဆောင်ပြသနေကြခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် သူတို့သည် မြင့်မြတ်သူများ မဟုတ်ပေ... မိမိတို့ကိုယ်မိမိ မြင့်မြတ်သည်ဟု ထင်မှတ်နေကြခြင်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။ အကယ်၍ ထိုလူများသည် ကင်မရာနောက်ကွယ်မှ ကင်မရာရှေ့သို့ ထွက်ပေါ်လာရပြီး သတင်းထောက်ဘဝမှနေ၍ သတင်းဖော်ပြခံရသူဘဝသို့ ပြောင်းလဲသွားမည်ဆိုပါက မိမိတို့ အစစ်အမှန်က ဘာလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားကြလိမ့်မည် ဖြစ်သည်။
၎င်းတို့၏ ကောလာဟလများကို ဖြန့်ဝေနိုင်သည့် သနားစရာကောင်းသော လုပ်ပိုင်ခွင့်ကိုသာ ပိတ်ပင်လိုက်မည်ဆိုလျှင် ထိုဟန်ဆောင်မျက်နှာဖုံးများနောက်ကွယ်တွင် ၎င်းတို့သည် လှုံ့ဆော်သူ လူတစ်စုမျှသာ ဖြစ်ကြောင်း ပေါ်လွင်သွားပေလိမ့်မည်။ ဤအဖွဲ့အစည်းမှာ အမှောင်ခေတ်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပြီး သမ္မာကျမ်းစာထဲတွင် ကမ္ဘာပျက်ကပ်၏ ရှေ့ပြေးနိမိတ်များထဲက တစ်ခုအဖြစ် ဖော်ပြခံထားရသည်။
၎င်းတို့သည် မိမိတို့၏ အမြင်များနှင့် သဘောထားများကို အခြားလူများအပေါ် အတင်းအကျပ် သွတ်သွင်းလိုက်ချိန်ကတည်းက မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၏ အနှစ်သာရကို မေ့လျော့သွားခဲ့ကြပြီ ဖြစ်သည်။ စောင့်ကြည့်လေ့လာသူ သို့မဟုတ် မှတ်တမ်းတင်သူတစ်ဦးက မမြင်ရသောစည်းတစ်ခုကို ဖြတ်ကျော်လိုက်သည့် အခါတွင်မူ ၎င်းတို့သည် လမ်းမှားသို့ တရွေ့ရွေ့ဖြင့် ပိုမိုရောက်ရှိသွားကြရပြီး နောက်ဆုံးတွင် အာရုံစိုက်မှုရရန်အတွက် ဘာမဆို လုပ်ဆောင်ရဲသော လိမ်ညာသူနှင့် လုပ်ကြံဖန်တီးသူများအဖြစ် ပြောင်းလဲသွားကြရတော့သည်။
ဂေါ့သမ်မြို့အတွင်းရှိ သတင်းထောက် အများစုမှာ ဤသို့သောလူမျိုးများ ဖြစ်ကြသည်။
ဂေါ့သမ်မြို့၏ ပြည်သူများနှင့် ပတ်သက်၍မူ ကျေးဇူးပြုပြီး မောပါးဆင့် (Maupassant) ၏ ‘Horra’ စာအုပ်ထဲက စာသားအချို့ကို ကိုးကားခွင့်ပြုပါ။
“သာမန်ပြည်သူတွေဆိုတာ အရည်အချင်းမရှိတဲ့ နွားအုပ်ကြီးတစ်အုပ်လိုမျိုးပဲ။ တစ်ခါတလေကျရင် သူတို့က မိုက်မဲလွန်းတဲ့အထိ နာခံတတ်ကြပြီး တစ်ခါတလေကျရင်တော့ ပုန်ကန်တဲ့အထိ ရက်စက်ကြမ်းကြုတ်တတ်ကြပြန်ရော။ သူတို့ကို ‘ဝမ်းမြောက်ကြစမ်း’ လို့ အမိန့်ပေးလိုက်ရင် သူတို့က နာခံကြတယ်၊ အဲဒီနောက် ‘မင်းတို့ရဲ့ အိမ်နီးနားချင်းကို သွားတိုက်ခိုက်ကြစမ်း’ လို့ အမိန့်ပေးလိုက်ရင်လည်း သူတို့က ထပ်ပြီး နာခံကြပြန်ရော။ ဧကရာဇ်တစ်ပါးကို ထောက်ခံဖို့ အမိန့်ပေးရင် သူတို့က ဦးညွှတ်ကြပြီး သမ္မတနိုင်ငံကို ထောက်ခံဖို့ အမိန့်ပေးပြန်ရင်လည်း သူတို့က သောင်းသောင်းဖျဖျ ကြွေးကြော်ကြပြန်ရော။
ပြည်သူတွေကို ထိန်းချုပ်နေတဲ့လူတွေကလည်း အဲဒီလိုမျိုး မိုက်မဲကြတာပါပဲ၊ ကွာခြားတာကတော့ သူတို့က အရှင်သခင်တစ်ယောက်ကို နာခံတာ မဟုတ်ဘဲ အချို့ဝါဒတွေကို နာခံနေကြတာ ဖြစ်တယ်။ ဤဝါဒတွေက ဝါဒတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပဲ သေချာပေါက် အဓိပ္ပာယ်မရှိဘဲ မှားယွင်းနေကြတာ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ထာဝရတည်တံ့ပြီး မပြောင်းလဲနိုင်တဲ့ အရာတစ်ခုကို ထူထောင်ဖို့ ကြိုးစားနေကြလို့ပဲ။ ဒီကမ္ဘာပေါ်မှာ မပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိဘူးဆိုတဲ့ အယူအဆက... ငါတို့ မြင်တွေ့နေရပြီး ကြားနေရသမျှ အရာအားလုံးက လှည့်စားမှုတစ်ခုမျှသာ ဖြစ်တယ်ဆိုတာပဲ”
ကျွန်ုပ်တို့၏ ရဲမင်းကြီးဂေါ်ဒွန်ကတော့ ဤကဲ့သို့ နွားကျောင်းသားပင်။
ဘုရားသခင်ရဲ့ စူပါဟီးရိုးတွေ...။
သူတို့သည် ဤမြို့ကြီးနှင့် ပြည်သူများကို ကာကွယ်ရန်အတွက် သူတို့တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။ သို့သော်လည်း သူတို့သည် လှုံ့ဆော်သူများ၏ သံသယမေးခွန်းများနှင့် တိုက်ခိုက်မှုများကို အမြဲတမ်း ခံနေကြရစမြဲ ဖြစ်သည်။ မိမိတို့၏ အသက်များကို စွန့်လွှတ်၍ ရာဇဝတ်ကောင်များကို တိုက်ခိုက်နေကြစဉ်မှာပင် သူတို့သည် အချိန်များစွာတွင် လိုက်လျောညီထွေဖြစ်အောင် အလျှော့ပေးနေကြရသေးသည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည် သူတို့ကို လှောင်ရယ်မိရုံတင်မကဘဲ သနားစရာကောင်းသည်ဟုပင် ခံစားမိနေလေသည်...။ ဗီလိန်များ၏ ‘ဆင်းရဲဒုက္ခ’ နဲ့ နှိုင်းယှဉ်ရင် ဟီးရိုးများ၏ ‘ဆင်းရဲဒုက္ခ’ ကတော့ အများစုအားဖြင့် သူတို့ဘာသာ ဖန်တီးယူထားကြခြင်း ဖြစ်သည်။
“နောက်ဆုံး မေးခွန်းတစ်ခု... ဘက်မန်းက အမှန်တကယ် သေဆုံးသွားပြီလား”
ထိုမေးခွန်းကို ထူးခြားပြီး ဆွဲဆောင်မှုရှိလှသော အသံတစ်ခုက မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ဂေါ်ဒွန် ခေါင်းလှည့်ကြည့်လိုက်ရာ လူအုပ်ကြီး၏အစွန်တွင် နံရံကိုမှီထားပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ပုပုအမျိုးသားတစ်ဦးက သူ့ကို အေးအေးလူလူ လှမ်းကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ရစ်ဒလာ ...”
ဂေါ်ဒွန် တွေးလိုက်မိသည်။
စိတ်မကောင်းစရာကောင်းလှသည်မှာ ဖုန်းပုကြွယ် ပြောခဲ့သည့်အတိုင်း ဤကဲ့သို့သော “ဥပဒေ” အုပ်ချုပ်ရာနေရာတွင် သင့်ရှေ့၌ စူပါရာဇဝတ်ကောင်တစ်ယောက် မတ်တတ်ရပ်နေသည်ကို သိနေရင်တောင်မှ သင်သူ့ကို ဇွတ်သွားဖမ်းလို့ မရပါဘူး။
“ကောင်းပြီ... ကျေးဇူးပြုပြီး ဘေးဖယ်ပေးကြပါဦး၊ ကားဖြတ်မောင်းပါရစေ၊ ဒါက အရေးကြီးတဲ့ ရာဇဝတ်ကောင် ဖြစ်လို့ပါ”
ဂေါ်ဒွန်သည် ရစ်ဒလာကို စက္ကန့်အနည်းငယ် စိုက်ကြည့်လိုက်ပြီးနောက် သတင်းထောက်အုပ်ကြီးကြားမှ တိုးဝှေ့ထွက်ခွာလာခဲ့ရသည်။
ထိုအခိုက်အတန့်တွင် ရာဇဝတ်ကောင်များကို တင်ဆောင်လာသော ဗန်ကားတစ်စီးမှာ လမ်းမအတိုင်း မောင်းနှင်ရောက်ရှိလာပြီး လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ရဲအရာရှိအချို့က လျင်မြန်စွာ ခုန်ဆင်းကာ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် နှစ်တန်းတန်းလျက် အပြိုင်မတ်တတ်ရပ်လိုက်ကြသည်။
အခြားတစ်ဖက်တွင်မူ ရာဇဝတ်ကောင်နှစ်ဦးမှာလည်း ရဲစခန်း၏ အဝင်လှေကားထစ်များအတိုင်း အောက်သို့ ဆင်းလျှောက်လာကြလေသည်။
ယခုအခိုက်အတန့်တွင် သျှီဝနှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့သည် ရဲအရာရှိနှစ်ဦးစီ၏ ထိန်းသိမ်းခံထားရပြီး သူတို့၏ လက်နှင့် ခြေထောက်များတွင်လည်း သံခြေချင်းများ ခတ်ခံထားရသည်။
လွန်ခဲ့သော မိနစ်နှစ်ဆယ်ခန့်က သူတို့နှစ်ဦးသည် ရဲစခန်း၏ စစ်ကြောရေးခန်းထဲသို့ ဝင်ရောက်ခဲ့ကြပြီး ထိုင်ခုံတွင်ထိုင်ရန် အခွင့်အရေး မရသေးမီ သူတို့ကို စစ်ဆေးမေးမြန်းနေသော နိုက်ဝင်းသည် ဆက်သွယ်မှုတစ်ခုကို ပြန်လည်ဖြေကြားရန်အတွက် ရုတ်တရက် အပြင်ထွက်သွားခဲ့သည်။ ဆေ့ဂ်ျက သူ့ကို ဘာပြောလိုက်မှန်း ဘယ်သူမှ မသိကြသော်လည်း မည်သို့ပင်ဖြစ်စေ စစ်ဆေးမေးမြန်းမှုမှာ ထိုနေရာတင် လမ်းဆုံးသွားခဲ့ပြီးနောက် ယခုလိုအခြေအနေမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်...။
ယခုအချိန်တွင် ကစားသမားနှစ်ဦးလုံးမှာ အခြေအနေမဟန်တော့ကြောင်း သဘောပေါက်လိုက်ကြပြီ ဖြစ်သည်...။ သူတို့တွင် တူညီသော အတွေးတစ်ခု ရှိနေကြသည်။ အနီးအနားတွင် စူပါဟီးရိုးများ စောင့်ကြည့်နေကြသည်ကို သိရှိထားကြသဖြင့် မဆင်မခြင် ပြန်လည်ခုခံပါက နေရာတင် အပစ်ခံရမည့် ရလဒ်မျိုး ဖြစ်ပေါ်လာနိုင်ခြေ ရှိပေသည်။ ထို့ကြောင့် ထွက်ပြေးနိုင်မည့် အခွင့်အရေး ရှိမရှိကို ဆက်လက်စောင့်ကြည့်ခြင်းက ပိုကောင်းလိမ့်မည် ဖြစ်သည်။
“ဆေ့ဂ်ျ... ရဲစခန်းက လူနှစ်ယောက် အပြင်ထွက်လာမယ်”
ရဲစခန်း၏ ခေါ်မိုးပေါ်တွင် မတ်တတ်ရပ်နေသော နိုက်ဝင်းသည် အောက်ဘက်က လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်နေပြီး လင်းနို့ဂူဆီသို့ လှမ်းဆက်သွယ်လိုက်သည်။
“သူတို့တွေ လမ်းတစ်ဝက်မှာ ထွက်ပြေးသွားမှာစိုးရတယ်၊ ဒါကြောင့် ငါသူတို့နဲ့ လိုက်သွားလိုက်မယ်၊ တင်မ်ဘက်က အခြေအနေကရော ဘယ်လိုရှိလဲ”
“မကောင်းဘူး... လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်ကပဲ ငါတို့ အဆက်အသွယ် ပြတ်တောက်သွားတာ၊ သူ ပြောခဲ့တဲ့ ဗုံးပေါက်မယ့် အချိန်နဲ့ ကွက်တိပဲ”
ဆေ့ဂ်ျက ပြန်ဖြေလိုက်သည်။
“ဒီမီယံက သူနဲ့ အနီးဆုံးနေရာမှာ ရှိနေတာမို့ သွားနှင့်နေပြီ၊ သူ ဘက်မိုဘိုင်းကို မောင်းသွားတယ်၊ ကားထဲမှာလည်း အရေးပေါ် အသက်ကယ် အထောက်အကူပြုပစ္စည်းတွေ ပါတာမို့လို့ တင်မ် အန္တရာယ်နဲ့ ကြုံနေရရင် အဆင်ပြေနိုင်ပါတယ်”
မျက်နှာဖုံးအောက်က နိုက်ဝင်း၏ ပြတ်သားသော မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်အချို့ ပေါ်ထွက်လာခဲ့သည်။
“ငါ ခံစားချက်မကောင်းဘူး ဘာဘရာ၊ မင်းတခြားလူတစ်ယောက်ကို ထပ်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်”
ဆေ့ဂ်ျက ပြန်လည်တုံ့ပြန်လိုက်သည်။
“ကောင်းပါပြီ၊ ငါ ဆက်ပြီး အဆက်အသွယ် လုပ်ပေးထားပါ့မယ်”
“ငါလောလောဆယ် ဒီနေရာက ထွက်သွားလို့ မရသေးဘူး၊ တင်မ်ဆီက သတင်းရရချင်း ငါ့ကို ချက်ချင်း လှမ်းပြောပေးပါဦး အိုကေ”
နိုက်ဝင်းက ပြောလိုက်သည်။
“နင်လည်း သတိထားဦးနော်... ဒစ်ခ်”
ဆေ့ဂျ်က စိုးရိမ်ပူပန်စွာ လှမ်းပြောလိုက်လေသည်။
...
တစ်ချိန်တည်းတွင် ဂေါ့သမ်မြို့အတွင်းရှိ ဂိုဒေါင်တစ်ခုထဲ၌...
“အင်း... ငါ ဘယ်ရောက်နေတာလဲ...”
တင်မ် ဒရိတ်သည် ခဏမျှ သတိလစ်နေရာမှ ပြန်နိုးလာ၏။ သူ့အကြည့်များက အလင်းရောင်နှင့် အသားကျသွားချိန်တွင်မူ သူသည် ခရမ်းရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော လူရိပ်တစ်ခုရှေ့တွင် ရောက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
“စိတ်မလှုပ်ရှားပါနဲ့ တင်မ်၊ မင်းသတိလစ်နေတုန်း ငါတို့က မင်းကို ဒီနေရာ... ဘေးကင်းတဲ့ နေရာတစ်ခုဆီကို ရွှေ့ပြောင်းပေးခဲ့တာပါ”
ဖုန်းပုကြွယ်က တင်မ်ကို ကျောခိုင်းထားလျက် ကင်မရာတစ်ခုကို ပြင်ဆင်နေရင်း ပြန်လည်ဖြေကြားလိုက်သည်။