← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း (၂၇၄) ဝတ်ရုံလုပွဲ - ၁၆

အချို့လူများအနေဖြင့် ဖုန်းပုကြွယ်တစ်ယောက် ဗုံးတွေနှင့် လေထီးကို မည်သည့်နေရာကနေ ရခဲ့ပါသနည်း။ တူးဖေ့စ်နှင့် မည်သို့ ချိတ်ဆက်မိသွားသနည်း။ ပြီးတော့ မစ္စတာဖရိဇ်ကော ဘာဖြစ်သွားသနည်း စသဖြင့် သိချင်နေကြပေလိမ့်မည်။

ထိုအရာများအားလုံးမှာ အသေးအဖွဲကိစ္စများသာ ဖြစ်သောကြောင့် ကျွန်ုပ်အနေဖြင့် တစ်ခုချင်းစီကို အသေးစိတ်လိုက်လံရှင်းပြနေတော့မည် မဟုတ်ပါ။ ဤနေရာတွင် အကျဉ်းချုပ်သာ ရှင်းပြပေးလိုက်ပါမည်။

ပထမဦးစွာ ကျောက်ရင်းဝမ်သည် ဖုန်းပုကြွယ်၏ ဖောက်ခွဲမှုကြောင့် သေဆုံးသွားခြင်း မဟုတ်ဘဲ သူ့ဆန္ဒအရ ပွဲသိမ်းထွက်ခွာသွားခြင်း ဖြစ်သည်။ ထိုအချိန်က ထိုလူသည် သူအသတ်မခံရလောက်ပါဘူးဟူသော မျှော်လင့်ချက်ကို ဖက်တွယ်လျက် ရေခဲတုံးကြီးထဲမှနေ၍ ဖုန်းပုကြွယ်နှင့် မစ္စတာဖရိဇ်တို့ ဗုံးထောင်နေကြသည်ကို ထိုင်ကြည့်နေခဲ့သည်။ ဆယ်မိနစ်ခန့် ကြည့်ပြီးနောက်တွင်မူ သူသည် လုံးဝ စိတ်ပျက်အားငယ်ရတော့သည်။ သူသည် လူပြိန်းတစ်ယောက် ဖြစ်နေလင့်ကစား ဤပေါက်ကွဲမှုကြီးက မည်မျှကြီးမားလိမ့်မည်ကို မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ပွဲသိမ်းထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်...။

သို့သော်လည်း ဖုန်းပုကြွယ်နှင့် မစ္စတာဖရိဇ်တို့သည် စက်ရုံကို သေချာပေါက် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြသေးသည်။ အကြောင်းမှာ... သက်သေအထောက်အထားများကို ဖျက်ဆီးပစ်ရန်ဟူသည်က ဒုတိယအဆင့်သာဖြစ်ပြီး အဓိက အကြောင်းရင်းမှာ ဤပေါက်ကွဲမှုကြီးက ဖုန်းပုကြွယ်၏ နောက်ဆက်တွဲအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

ထို့နောက်တွင် ဖုန်းပုကြွယ်နှင့် မစ္စတာဖရိဇ်တို့သည် မြို့ထဲရှိ သူ၏ အခြားအခြေစိုက်စခန်းတစ်ခုဆီသို့ သွားရောက်ခဲ့ကြသည်။ ထိုနေရာတွင် ပရော်ဖက်ဆာဖရစ်ဇ်သည် (သူ့ဇနီးကို မထိခိုက်စေလိုသောကြောင့်) ပထမဦးစွာ SCP-500 ဆေးပြားတစ်ပြားကို စမ်းသပ်သောက်သုံးကြည့်ခဲ့ရာ သူ၏ သွေးအေးခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားလေသည်။ ဤနေရာတွင် မစ္စတာဖရိဇ်သည် ဖုန်းပုကြွယ်ပေးခဲ့သော ဆေးမှာ အမှန်တကယ် “ရောဂါအားလုံးကို ပျောက်ကင်းစေသော နတ်ဆေး” ဖြစ်ကြောင်း ခြွင်းချက်မရှိ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

မကြာမီ ပရော်ဖက်ဆာဖရစ်ဇ်သည် ထိုဆေးကို သုံး၍ သူ့ဇနီးကို ကုသပေးခဲ့သည်။ သူသည် သူမကို ရေခဲအရည်ဖျော်ပေးရန်ပင် မလိုအပ်ခဲ့ချေ။ ထိုနတ်ဆေးသည် သူ့ဇနီး၏ ရောဂါဝေဒနာကို ပျောက်ကင်းစေရုံတင်မကဘဲ တိုက်ရိုက်ပင် ပြန်လည်နိုးထလာစေခဲ့သည်။

ဖရစ်ဇ်သည် ဖုန်းပုကြွယ်အပေါ် လွန်စွာ ကျေးဇူးတင်သွားခဲ့သဖြင့် ၎င်းက ဖုန်းပုကြွယ်အတွက် အပေးအယူလုပ်ရန် အခွင့်အလမ်းအကြီးကြီးကို ရရှိစေခဲ့သည်။ ထို့ကြောင့် ဖုန်းပုကြွယ် တောင်းဆိုခဲ့သောအရာမှာ ရေခဲချပ်ဝတ်နှင့် ရေခဲသေနတ်သာ မဟုတ်ဘဲ မစ္စတာဖရိဇ်၏ ရာဇဝတ်လုပ်ငန်းဆိုင်ရာ အရင်းအမြစ်အားလုံးကိုပါ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ မှန်ပေသည် ဖုန်းပုကြွယ်က အဖိုးအခ ပြန်လည်ပေးချေမည်ဖြစ်ပြီး ဈေးနှုန်းကိုတော့ ညှိနှိုင်းရမည်ဖြစ်သည်။

ထိုအရာများကို ရရှိပြီးနောက် ဖုန်းပုကြွယ်သည် တူးဖေ့စ်ထံသို့ ချက်ချင်း ဆက်သွယ်ရှာဖွေခဲ့သည်။ တူးဖေ့စ်နှင့် ပင်ဂွင်းတို့ နှစ်ဦးလုံးမှာ တရားဝင် စီးပွားရေးလုပ်ငန်းများကို ဟန်ဆောင်လုပ်ကိုင်နေကြသော မာဖီးယားဂိုဏ်းချုပ်ကြီးများ ဖြစ်သောကြောင့် ၎င်းတို့ကို ရှာဖွေရန်မှာ ဖုန်းပုကြွယ်အတွက် မခက်ခဲလှပေ။ ခက်ခဲသည့်အချက်မှာ အမည်မသိပုံရိပ်တစ်ခုအနေဖြင့် သူနှင့် ပူးပေါင်းလာရန်အတွက် တူးဖေ့စ်ကို မည်သို့စည်းရုံးရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ကံကောင်းသည်မှာ ဖုန်းပုကြွယ်သည် စကားပြောအလွန်ကောင်းပြီး ဤဇာတ်ကောင်များ၏ စရိုက်များကိုလည်း ကောင်းစွာနားလည်ထားခြင်း ဖြစ်သည်။ သူသည် သူ၏ “စကြဝဠာနည်းပညာ” (သူ့သိုလှောင်အိတ်) ကို ပြသခဲ့သလို သူ့သဘောထားကိုလည်း (သူသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း) အထင်အရှား ပြသခဲ့သည်။ သူ၏ ဒိုင်းဖဲချပ်ကို အသုံးပြု၍ တူးဖေ့စ်က သူ့ထံပစ်ခတ်လိုက်သော ကျည်ဆန်အချို့ကိုလည်း ကာကွယ်ပြခဲ့သေးသည်။ နောက်ဆုံးတွင် ဟာဗေးဒန့် (Harvey Dent) သည် ဤစကြဝဠာခရီးသွားအား အခွင့်အရေးတစ်ခု ပေးခဲ့တော့သည် (သူ့ကို ယုံကြည်၍ ရမရကို ဒင်္ဂါးပြားတစ်ပြားမြှောက်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်)။

အရာအားလုံးကို ပြင်ဆင်ပြီးစီးသွားချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အချိန်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်ရာ ရဲတပ်ဖွဲ့ဝင်များကလည်း ဤဖြစ်စဉ်မှာ စူပါဗီလိန်တစ်ယောက်နှင့် ပတ်သက်နေကြောင်း သဘာဝကျစွာပင် သတင်းရရှိသွားကြပြီ ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ သိသွားကြခြင်းသည် ဂေါ့ဒ်နက်က ဟီးရိုးများလည်း သိသွားကြပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် ဟီးရိုးတစ်ယောက် အနီးအနားသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း တွက်ချက်ထားခဲ့သည်။ ပြီးလျှင် တစ်ယောက်တည်း လာနိုင်ခြေက ပိုများပေသည်။

ထို့နောက်တွင် သူသည် တင်မ်ရှေ့တွင် လုပ်ဆောင်ခဲ့သော အပြုအမူများကို ပြသခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဘက်မန်းအတုအဖြစ် သရုပ်ဆောင်နေသော ဂျေဆန်တော့ဒ်သာ ဖြစ်ခဲ့ပါက ဖုန်းပုကြွယ်အတွက် တကယ့်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခြေ ရှိပေသည်။ သို့သော်လည်း တင်မ်ဒရိတ်ကဲ့သို့သော လူကောင်းလေးတစ်ယောက်ကိုမူ အလွန်ရင်ဆိုင်ရ လွယ်ကူပေသည်။ သူ့ခြေလှမ်းတိုင်း၊ သူ့အတွေးတိုင်းနှင့် သူ့အပြုအမူတိုင်းမှာ ဖုန်းပုကြွယ်၏ တွက်ချက်မှုအတွင်း၌သာ ရှိနေခဲ့သည်။

ဤသည်မှာ ဉာဏ်ပညာ သို့မဟုတ် တိုက်ခိုက်ရေးစွမ်းအားနှင့် သက်ဆိုင်ခြင်းမဟုတ်ဘဲ ဇာတ်ကောင်၏ ဒီဇိုင်းပုံစံကြောင့် ဖြစ်ပေါ်လာရသော ရလဒ်တစ်ခုသာ ဖြစ်သည်။ လူကောင်းများတွင် စိုးရိမ်ပူပန်စရာများ အလွန်များပြားလှသည်။ ဓားစာခံတစ်ယောက် သို့မဟုတ် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ခံရရုံဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများကို အလွန်အမင်း ခက်ခဲသွားစေနိုင်သည်။ အကယ်၍ အမေရိကန် ရုပ်ပြကာတွန်းဇာတ်လမ်းများထဲက ဗီလိန်များသာ ဖုန်းပုကြွယ်ကဲ့သို့ အကျင့်သီလမရှိဘဲ ရက်စက်ကြမ်းကြုတ်ကြမည်ဆိုပါက အခုလောက်ဆို လူကောင်းအားလုံး သေဆုံးကုန်ကြပြီ ဖြစ်ပေလိမ့်မည်။

...

တင်မ်နိုးထလာချိန်တွင် ဦးခေါင်းထဲ၌ အနည်းငယ် မူးဝေနေသည်ကို ခံစားလိုက်ရသည်။ သူ့ဦးခေါင်းကို ပြင်းထန်စွာ အရိုက်ခံခဲ့ရမှုကြောင့် လက်ရှိတွင် ယာယီမှတ်ဉာဏ်ပျောက်ဆုံးခြင်းကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် သူ့ပတ်ဝန်းကျင်ကို ချက်ချင်း လေ့လာအကဲခတ်လိုက်မိသည်။ သူ့ရှေ့တွင် ကင်မရာတစ်လုံး၊ ဒေါက်တိုင်များဖြင့် တပ်ဆင်ထားသော မီးဆိုင်းနှစ်ဆိုင်း ရှိနေပြီး မီးရောင်မကျသော နေရာများမှာမူ မှောင်မည်းနေလေသည်။ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ မီးလင်းနေသောနေရာမှာ သူ့ဘေးနှင့် နောက်ဘက်က ၁၀ စတုရန်းမီတာလောက်သာရှိသော အဝိုင်းငယ်လေးတစ်ခုသာဖြစ်ပြီး အဝေးတစ်နေရာတွင်မူ အမှောင်ထုက ဖုံးလွှမ်းနေလေသည်။ အပေါ်မော့ကြည့်လိုက်ရာ မြင့်မားလှသော အမိုးကြီးကို မြင်တွေ့လိုက်ရသည်။ အမိုး၏ အကွေးအဆန့်ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် ၎င်းက အလွန်အမင်း ကြီးမားလှသော ဂိုဒေါင်ကြီးတစ်ခု ဖြစ်နိုင်ခြေ ရှိသည်။

“ဟေ့... ငါက ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးနော်”

တင်မ်က ဆိုလိုက်သည်။

“မင်းရဲ့ ဟာသဉာဏ်က အခြေအနေကို မပြောင်းလဲနိုင်ပါဘူး၊ လင်းနို့လေးရာ”

တူးဖေ့စ်၏ အသံက အမှောင်ထုထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တင်မ်မော့ကြည့်လိုက်ရာ ဟာဗေးဒန့်၏ ဆန့်ကျင်ဘက်ဖြစ်နေသော ရုပ်သွင်က အမှောင်ထုထဲမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

“တူးဖေ့စ် ...”

“မစ္စတာဒန့်နဲ့ ငါက သဘောတူညီချက်တချို့ လုပ်ထားပြီးပြီ”

ဖုန်းပုကြွယ်သည် စက်ပစ္စည်းများကို ပြင်ဆင်ပြီးပြီဖြစ်၍ နောက်လှည့်ကာ ဆိုလိုက်သည်။

“မင်းရဲ့ သေဆုံးမှုက ကြီးကျယ်ခမ်းနားတဲ့ ဖျော်ဖြေပွဲတစ်ခု ဖြစ်လာလိမ့်မယ်”

“မင်းတကယ်တမ်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ မင်းလို စကြဝဠာခရီးသွားတစ်ယောက်က”

တင်မ်သည် ကင်မရာကို မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်လိုက်သည်။

“မင်းနဲ့ တူးဖေ့စ်က...”

“ကောင်းပြီ... ကောင်းပြီ တင်မ်”

ဖုန်းပုကြွယ်က ကြားဖြတ်နှောင့်ယှက်လိုက်သည်။

“ငါအခုထိ မှတ်တမ်းတင်တာတောင် မစရသေးဘူး၊ မင်းအနေနဲ့ ဗီဒီယိုထဲမှာ သဲလွန်စတွေ ချန်ထားခဲ့ချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါစက်ပစ္စည်းတွေကို ဖွင့်တဲ့အချိန်အထိ စောင့်သင့်တာပေါ့”

“ငါက အလဟဿသေဆုံးသွားမှာ မဟုတ်ဘူး၊ ဂေါ့ဒ်နက်က ငါ့အတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်”

တင်မ်သည် သေခြင်းတရားကို ကြောက်ရွံ့သူ မဟုတ်ပေ။ သေဆုံးရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းသည် စူပါဟီးရိုးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်းတစ်ခု ဖြစ်သည်။

“ငါကလည်း သူတို့ကို မင်းအတွက် လက်စားချေပေးစေချင်တာပဲလေ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ပိုမြန်လေ ပိုကောင်းလေပဲ၊ ပိုရက်စက်လေ ပိုကောင်းလေပဲ၊ မုန်းတီးမှုဆိုတာ တွန်းအားတစ်ခုပဲ တင်မ်၊ ဒါပေမဲ့ တစ်ခါတလေကျရင်တော့... မုန်းတီးမှုက လူတွေကို မျက်စိကန်းသွားစေတတ်တယ်”

“ကောင်လေး... ငါမင်းကို သတိပေးလိုက်မယ်၊ ကင်မရာအရှေ့မှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို လျှောက်မပြောနဲ့”

တူးဖေ့စ်က ဖုန်းပုကြွယ်ဘက်သို့ ပြန်လှည့်ကာ ဆိုသည်။

“ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာမှ မဟုတ်တာပဲ”

ဖုန်းပုကြွယ်က ပခုံးတွန့်ပြလိုက်သည်။

“ဟမ့်...”

တူးဖေ့စ်က နှာခေါင်းရှုံ့လိုက်သည်။

“စိတ်မပူပါနဲ့၊ ကျုပ်က ခင်ဗျားရဲ့ အရည်အချင်းမရှိတဲ့ လက်ပါးစေတွေနဲ့ မတူပါဘူး မစ္စတာဒန့်”

ဖုန်းပုကြွယ်က သူ့ကို နောက်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။

“အခုတော့ ကျေးဇူးပြုပြီး နောက်ကို ခြေလှမ်းနည်းနည်းငယ် ဆုတ်ပေးထားပါဦး၊ ခင်ဗျား ကင်မရာထဲမှာ ပါမသွားအောင်လို့ပါ”

တူးဖေ့စ်၏ နှုတ်ခမ်းများမှာ အနည်းငယ်တွန့်ကွေးသွားရသည်။ သူသည် သူ၏ ကုတ်အင်္ကျီကော်လာကို ပြန်ပြင်လိုက်ပြီးနောက် လှည့်ထွက်ကာ အမှောင်ထုထဲသို့ ပြန်လည်ပျောက်ကွယ်သွားတော့သည်။

“အို... ငါတို့ မစတင်ခင်...”

ဖုန်းပုကြွယ်သည် ဘေးနားစားပွဲပေါ်မှ တိပ်တစ်ခုကို ယူ၍ တင်မ်၏ပါးစပ်ကို ပိတ်ဆို့လိုက်လေသည်။

“အင်း... အင်း...”

တင်မ်သည် ကြိုးစားရုန်းကန်၍ သူ့ခွန်အားအားလုံးကို အသုံးချလိုက်လင့်ကစား ဤအသံမျှသာ ထွက်ပေါ်လာနိုင်သည်။

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် ကင်မရာကို ဖွင့်လိုက်ပြီး ဗီဒီယိုကို စတင်၍ မှတ်တမ်းတင်တော့သည်။

“မင်္ဂလာပါ ဂေါ့သမ်မြို့က ကြည့်ရှုသူအပေါင်းတို့”

သူ ကင်မရာအရှေ့တွင် မတ်တတ်ရပ်လိုက်ရာ သူ့ကိုယ်ခန္ဓာက ထိုင်ခုံတွင် ကြိုးချည်ခံထားရသော တင်မ်ကို ကွယ်နေလေသည်။

“ပထမဦးဆုံးအနေနဲ့ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ၊ ကျုပ်က တခြားကမ္ဘာက ရောက်လာတဲ့ ခရီးသွားတစ်ယောက် ဖြစ်ပါတယ်၊ ခင်ဗျားတို့ ကျုပ်ကို ‘အနောနီးမတ်’ လို့ ခေါ်နိုင်ပါတယ်”

သူ ခဏရပ်လိုက်သည်။

“ငါက လမ်းပေါ်ကို ဒေါ်လာသန်းချီ လျှောက်ကြဲခဲ့သူ ဖြစ်သလို ရဲအရာရှိသုံးဦးကို သတ်ခဲ့တဲ့လူလည်း ဖြစ်ပါတယ်”

ယင်းကို ကြားလိုက်ရချိန်တွင် တင်မ်သည် အခြေအနေက အလွန်အမင်း ဆိုးရွားနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်မိသည်။ ဖုန်းပုကြွယ် ယခင်ကပြောခဲ့သော ဥပဒေဆိုင်ရာ အငြင်းပွားမှုများမှာ ပြင်းထန်သည်ဟု ထင်ရသော်လည်း ၎င်းတို့က လက်တွေ့ဘဝတွင် သေချာပေါက် ဖြစ်ပေါ်လာနိုင်ခြေ ရှိပေသည်။ အကယ်၍ ဖုန်းပုကြွယ်သာ ပြစ်ဒဏ်မှ လွတ်မြောက်ရန် ကြိုးစားခဲ့မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များတွင် သူ့ကို ထောင်ထဲပို့နိုင်မည့် သက်သေအထောက်အထား အလုံအလောက်ရှိနေမည် မဟုတ်ချေ။

သို့သော်လည်း ယခုအခါတွင် ဖုန်းပုကြွယ်သည် မည်သည့်ဟန်ဆောင်မျက်နှာဖုံးမျှ တပ်ဆင်ခြင်းမရှိတော့ဘဲ ကင်မရာရှေ့တွင်ရပ်လျက် သူ၏ရာဇဝတ်မှုများကို တိုက်ရိုက်ဝန်ခံနေခြင်း ဖြစ်သည်။ ဤအရာက သူသည် ကင်မရာရှေ့၌ အခြားကိစ္စရပ်များကို လုပ်ဆောင်ရန်အတွက်လည်း စိုးရိမ်ပူပန်နေတော့မည်မဟုတ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဥပမာအားဖြင့်... စူပါဟီးရိုးတစ်ယောက်ကို သတ်ဖြတ်ပစ်ခြင်းမျိုးပင်။

“ဒီလူကတော့... ကျုပ်အထင် ခင်ဗျားတို့အထဲကအများစုက သိကြလိမ့်မယ်လို့ ထင်ပါတယ်”

ဖုန်းပုကြွယ် ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်ရာ သူ့နောက်တွင်ရှိနေသော တင်မ်ဒရိတ် ပေါ်ထွက်လာခဲ့သည်။

“သူကတော့ ရော်ဘင်ပါပဲ၊ လူငယ်စူပါဟီးရိုးတစ်ယောက် ဖြစ်သလို ‘ဂေါ့ဒ်နက်’ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဘက်မန်း၏ လက်ထောက်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်”

ဖုန်းပုကြွယ်သည် ကင်မရာမြင်ကွင်း ခဏထွက်ခွာသွားပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ့လက်ထဲ၌ ခါးပတ်တစ်ခုကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာ၏။

“ဒီပစ္စည်းကိရိယာတွေ အပြည့်အစုံပါနေတဲ့ ခါးပတ်က သူဟာ ရော်ဘင်အစစ်ဖြစ်ကြောင်း သက်သေပြနေပါတယ်၊ကျုပ် ကုတ်အင်္ကျီကို အတင်းဝတ်ခိုင်းခံထားရတဲ့ သာမန်ပြည်သူတစ်ယောက် မဟုတ်ပါဘူး”

သူသည် ကင်မရာရှေ့၌ ထိုခါးပတ်ကို အကြိမ်အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။

“ချိတ်သေနတ်၊ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ ပေဂျာ၊ ညကြည့်မှန်ပြောင်း စတာတွေ ပါဝင်ပါတယ်... ‘ဂေါ့ဒ်နက်’ က လူတွေအနေနဲ့ အဲ့ဒါရဲ့ကွာခြားချက်ကို ခွဲခြားနိုင်လိမ့်မယ်လို့ ကျုပ်ထင်ပါတယ်”

သူ ခါးပတ်ကို ပြန်ချထားလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ဓားမြှောင်အသေးလေးတစ်လက်ကို ထုတ်ယူလိုက်လေသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ကင်မရာနှင့် နီးကပ်စွာ ချဉ်းကပ်လိုက်ပြီးနောက် ကောက်ကျစ်လှသော လူသတ်သမားတစ်ဦး၏ အပြုံးမျိုး ပြုံးလိုက်လေသည်။

“ကျုပ် နောက်ထပ်ဘာလုပ်မလဲဆိုတာ ခန့်မှန်းကြည့်ကြစမ်းပါ၊ ဟားဟား... အားဟားဟားဟား...”

ရူးသွပ်သော ရယ်မောသံများနှင့်အတူ ဖုန်းပုကြွယ်သည် တင်မ်ထံသို့ ရုတ်တရက် ချဉ်းကပ်သွားလိုက်သည်။ သူသည် တင်မ်၏ နောက်ကွယ်သို့ ပတ်သွားလိုက်ပြီး ကင်မရာဘက်သို့ မျက်နှာမူလိုက်သည်။ သူ၏ ဘယ်ဘက်လက်ဖြင့် တင်မ်၏ ဆံပင်များကို ဆွဲကိုင်လိုက်ပြီး ညာဘက်လက်က ဓားမြှောင်ဖြင့် တင်မ်၏လည်ပင်းကို ဖိချလိုက်တော့သည်။

တင်မ်သည် စကားမပြောနိုင်သောကြောင့် ဗီဒီယိုထဲတွင် သဲလွန်စများ ချန်ထားခဲ့နိုင်ရန်အတွက် မျက်တောင်ခတ်ပြရန် ကြိုးစားသော်လည်း ဖုန်းပုကြွယ်က အချိန်အများစုတွင် ကွယ်ထားသဖြင့် သူ ဘာမှမလုပ်နိုင်ခဲ့ချေ။ သေခြင်းတရားနှင့် ရင်ဆိုင်နေရသော ယခုအခိုက်အတန့်တွင် တင်မ်၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်များကိုသာ မြင်တွေ့နိုင်တော့သည်။

“ဂေါ့သမ်မြို့သူမြို့သားတို့၊ ရဲမင်းကြီး ဂေါ်ဒွန်နဲ့ ရဲအရာရှိတို့၊ ဂေါ့ဒ်နက်က အဖွဲ့ဝင်တို့၊ ပြီးတော့ ‘ကိုယ့်ကိုယ်ကိုယ် ဘက်မန်းပါ’ လို့ ကြွေးကြော်နေတဲ့လူ၊ ဟုတ်ပါတယ်... ကျုပ် ခင်ဗျားအကြောင်းကို ပြောနေတာဆိုတာ ခင်ဗျား သိပါတယ်...”

ဖုန်းပုကြွယ်သည် ဓားဖြင့် ချက်ချင်း မလှီးသေးချေ။ သူသည် ဓားသွားကို တင်မ်၏ လည်ပင်းသွေးကြောမကြီးပေါ်သို့ ဖိကပ်ထားရင်း ဆက်ပြောလိုက်သည်။

“ဒါက အစပဲရှိပါသေးတယ်... အခုအချိန်ကစပြီး ကျုပ်နဲ့ တခြားကမ္ဘာက မဟာမိတ်တချို့၊ ပြီးတော့ ကျုပ် လက်ရှိ မြို့ထဲမှာ မကြာသေးခင်က သိကျွမ်းခဲ့တဲ့ မိတ်ဆွေအသစ်တစ်ယောက်တို့နဲ့ ပူးပေါင်းပြီးတော့ ရဲအရာရှိတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ စူပါဟီးရိုးတွေကို လွတ်လွတ်လပ်လပ် အမဲလိုက်မှုကို စတင်တော့မှာ ဖြစ်တယ်”

သူသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ထပ်လောင်းပြောကြားလိုက်သည်။

“ပြီးတော့ ဟာဗေးဒန့်... မစ္စတာတူးဖေ့စ်။ မျက်နှာဖုံးနက် (Black Mask) သေဆုံးသွားပြီးတော့ မင်းက ဒီနေရာမှာ ဆရာကြီးဖြစ်ပြီလို့ ထင်နေတာလား၊ ဟဲ... မင်းမှားသွားပြီ၊ မင်းလည်း သေရမှာပဲ”

“ဘယ်သူမှ ကျုပ်တို့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး၊ ဘက်မန်းကိုယ်တိုင် သေရာက ပြန်ထလာခဲ့ရင်တောင်မှ တတ်နိုင်မှာ မဟုတ်ဘူး”

သူ့လေသံက ပိုမိုကျယ်လောင်လာခဲ့သည်။

“ခင်ဗျားတို့ လက်တွေမှာ သွေးမစွန်းချင်ကြတဲ့လူတွေကတော့... ပါးစပ်ပိတ်ထားကြပြီး ခင်ဗျားတို့ရဲ့ နွေးထွေးလှတဲ့ အိမ်တွေဆီ ပြန်သွားကြပါ၊ ပြီးတော့ ငြိမ်ငြိမ်သက်သက်နဲ့... ဒီကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်ကို စောင့်ကြည့်လိုက်ကြပါ”

နောက်တစ်စက္ကန့်၌ ဓားသွားက တင်မ်၏လည်ပင်းကို ဖြတ်သန်းသွားပြီး တောက်ပသော အနီရောင် သွေးများပန်းထွက်လာရာ အချို့သွေးစက်များမှာ ကင်မရာ၏ မှန်ဘီလူးပေါ်သို့ပင် လွင့်စင်သွားရတော့သည်။

ဖုန်းပုကြွယ်၏ ရူးသွပ်သော ရယ်မောသံများနှင့်အတူ ဖန်သားပြင်ကြီးမှာ မှောင်မည်းသွားပြီး ဗီဒီယိုမှတ်တမ်းတင်ခြင်းမှာလည်း ရုတ်တရက် အဆုံးသတ်သွားတော့သည်။

မိနစ်ဝက်ခန့် ကြာပြီးနောက်...

“ဘာ... ဘာဖြစ်သွားတာလဲ...”

ဖုန်းပုကြွယ် တင်မ်၏ ပါးစပ်မှ တိပ်များကို ခွာပေးလိုက်ချိတ်တွင် တင်မ်သည် ဗလာဖြစ်နေသော စိတ်ခံစားချက်များဖြင့် ရေရွတ်မိလိုက်သည်။

“ဒါကို စပယ်ရှယ်အက်ဖက်လို့ ခေါ်တယ်ကွ”

ဖုန်းပုကြွယ်က သူ့လက်ဖဝါးကို ပြသလိုက်လေသည်။ သူသည် ပင့်ကူမျှင်လက်အိတ်၏ စွမ်းရည်ကို သုံး၍ သူ့လက်ဖဝါးတွင် သွေးအိတ်တစ်ခုကို ကပ်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဗီဒီယိုမှတ်တမ်းထဲတွင် ကြည့်ရှုပါက အစစ်အမှန်နှင့် အလွန်အမင်းတူလှသော်လည်း လက်တွေ့တွင်မူ လှည့်ကွက်တစ်ခုသာ ဖြစ်ပေသည်။

“မင်းတို့ကောင်တွေ... သူ့ကို ခေါ်သွားပြီး သေသေချာချာချုပ်ထားလိုက်ကြစမ်း”

တူးဖေ့စ်အသံက အမှောင်ထုထဲမှ ထပ်မံထွက်ပေါ်လာပြန်သည်။ သူ၏ လက်ပါးစေအချို့သည် တင်မ်ကို ထိုင်ခုံမှ ကြိုးဖြည်ပေးလိုက်ကြပြီး အဝေးတစ်နေရာဆီသို့ ဆွဲခေါ်သွားကြသည်။

“မင်းနည်းလမ်းက အလုပ်ဖြစ်ရင် ပိုကောင်းလိမ့်မယ်”

ထိုလူများ ထွက်ခွာသွားပြီးနောက် တူးဖေ့စ်က မီးရောင်အောက်သို့ လျှောက်လာရင်း ဖုန်းပုကြွယ်ကို လှမ်းပြောလိုက်သည်။

ဖုန်းပုကြွယ်သည် ကင်မရာနောက်တွင် မတ်တတ်ရပ်နေပြီး လတ်တလော ရိုက်ကူးထားသော ဗီဒီယိုကို ပြန်လည်ကြည့်ရှုနေလေသည်။

“စိတ်မပူပါနဲ့၊ ကျုပ်တို့ ဒီဗီဒီယိုမှတ်တမ်းကို ကော်ပီတွေအများကြီးကူးပြီး ဂေါ့သမ်မြို့ထဲက ရုပ်သံဌာနအားလုံးကို ပို့ပေးပို့လိုက်မယ်၊ နောက်တစ်နာရီအတွင်းမှာ တစ်မြို့လုံးကလူတွေ ဒါကို ကြည့်ရှုရလိမ့်မယ်”

သူက ရယ်မောရင်း ဆက်ပြောလိုက်သည်။

“အဲဒီအခါကျရင် အဲဒီဟီးရိုးတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့၊ ဟဲ... ကျုပ်ရဲ့ တွက်ချက်မှုအရဆိုရင်တော့... မစ္စတာကော့ဘာတ် (ပင်ဂွင်း) ကတော့ မိုးမလင်းခင် သူ့ကုတင်ပေါ်ကနေ ဆွဲချခံရပြီး အရိုက်ခံနေရလောက်ပြီ”

All Chapters