← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း (၂၇၅) ဝတ်ရုံလုပွဲ - ၁၇

ခွေးများသည် သစ္စာရှိပြီး ဖော်ရွေခင်မင်တတ်ကြသည်။ သို့သော်လည်း ကြောင်များမှာကား အေးစက်ပြီး သီးသန့်နေတတ်ကာ ယုံကြည်စိတ်ချရမှု မရှိကြချေ။

ကြောင်များသည် မိန်းမများနှင့် တူညီကြသည်။ နားလည်ရခက်လှသော်လည်း အလွန်အမင်း ဆွဲဆောင်မှုရှိလှပေသည်။

...

ဂေါ့သမ်မြို့ကြီးသည် မှောင်မိုက်သော ညဉ့်အချိန်တွင် မရေမတွက်နိုင်သော မီးရောင်စုံများဖြင့် လင်းထိန်တောက်ပနေလေသည်။မြင်ကွင်းမှာ ကောင်းကင်မှ ကြယ်တာရာများ ကမ္ဘာမြေပေါ်သို့ ကြွေကျလာသည့်အလား သို့မဟုတ် တောက်ပသော စိန်ပွင့်များအလား ထိုအန္တရာယ်များလှသော ကတ္တီပါရောင်ရှုခင်းကြီးကို တန်ဆာဆင်ထားကြသည်။

ညဉ့်နက်သန်းခေါင်အချိန်၌ ကျော့ရှင်းသော ပုံရိပ်တစ်ခုသည် အဆောက်အအုံများအကြားတွင် ပေါ့ပါးဖျတ်လတ်စွာဖြင့် ကူးလူးပျံသန်းနေလေသည်။

သူမသည် ညယံနှင့် အရိပ်တို့၏ ဖန်တီးမှုတစ်ခု ဖြစ်သည်။

သူမသည် အေးစက်သည်၊ သီးသန့်ဆန်သည်၊ အမှီအခိုကင်းသည်...။

သူမသည် ကြောင်တစ်ကောင် ဖြစ်သလို အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်...။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူမသည် သူမ၏ အေးစက်နေသော နှလုံးသားကို နွေးထွေးစေရန်အတွက် ထိုကြယ်ပွင့်များကို လိုက်လံစုဆောင်းမည်ဟု တိတ်တဆိတ် သစ္စာဆိုခဲ့ဖူးသည်။

သူမသည် သူမ၏ လွတ်လပ်ခွင့်နှင့် ဘဝကို လောင်းကြေးထပ်၍ လိုက်လံအမဲလိုက်တတ်သော သူခိုးတစ်ယောက် ဖြစ်လာခဲ့သည်။

အသက် ၁၈ နှစ်အရွယ်တွင် သူမ၏အရည်အချင်းများမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ သူမသည် သူမ၏ပစ်မှတ်များကို ပိုမိုကောင်းမွန်စွာ ရွေးချယ်တတ်လာသလို သူမ၏ လှုပ်ရှားမှုများမှာလည်း ပိုမိုတိတ်ဆိတ်ကာ ဖမ်းဆုပ်ရန် ခက်ခဲလာခဲ့သည်။ သူမသည် သာမန်ခါးပိုက်နှိုက်သမားတစ်ဦး မဟုတ်တော့ဘဲ ခိုးယူရာတွင် ဆရာတစ်ဆူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

နောက်ပိုင်းတွင် သူမ ပြောင်းလဲသွားခဲ့သည်...။

သူမသည် အခြားသော ညဉ့်သတ္တဝါတစ်ကောင်အပေါ် စွဲလန်းနှစ်သက်သွားခဲ့ရခြင်းဖြစ်သည်။ ၎င်းမှာ တရားဥပဒေပြင်ပမှနေ၍ တရားမျှတမှုကို ဖော်ဆောင်ပေးတတ်သော၊ အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေတတ်သော ညဉ့်ငှက်ကြီးတစ်ကောင်ပင်။

တစ်ညတွင် သူမသည် ထိုလူကို ကိုယ်ပိုင်မျက်စိဖြင့် အထင်အရှား မြင်တွေ့လိုက်ရလေသည်။ သူမသည် ထိုလူ၏ လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုများကို မချီးကျူးဘဲ မနေနိုင်ခဲ့သလို ထိုလူ၏ ပြောင်မြောက်လှသော ရုပ်ဖျက်မှုများကိုလည်း အားကျမိခဲ့သည်။

သူမသည် ထိုလူ၏ လင်းနို့အသွင်ကို အတုယူလျက် အတွေးတစ်ခု ပေါ်ထွက်လာရသည်။

သူမသည်လည်း ကြောင်တစ်ကောင်ကဲ့သို့ ရုပ်ဖျက်ဝတ်ဆင်လိုက်ပြီး သူမ၏ လက်အိတ်များတွင်လည်း ကြောင်လက်သည်းများကို တပ်ဆင်လိုက်တော့သည်။

ထိုအချိန်မှစ၍ သူမသည် ရာဇဝတ်ကောင်များကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့တော့သည်။

ထိုလူနှင့် သူမကြားက ရေရေရာရာမရှိလှသော ပတ်သက်မှုကလည်း သူမကို ဆွဲဆောင်နေခဲ့သည်။

သို့သော်လည်း တစ်နေ့တွင် ထိုလူ သေဆုံးသွားခဲ့ရသည်…။

သို့သော်ငြား သူမသည် ထိုလူဖြစ်ချင်ခဲ့သော လူမျိုးအဖြစ် ဆက်လက်၍ တိုက်ပွဲဝင်နေခဲ့ဆဲ ဖြစ်သည်…။

…

ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူး၏ လက်ရှိဝတ်စုံပုံစံမှာ Ragnarok Online ထဲက ဓားသမားတစ်ဦး၏ ဝတ်စုံနှင့် ဆင်တူပြီး “စက်မှုတော်လှန်ရေးနှင့် မှော်ဒြပ်စင်များ ပေါင်းစပ်ထားသည့် အနောက်တိုင်း စိတ်ကူးယဉ်ဝတ်စုံ” မျိုး ဖြစ်သည်။ ဤဂိမ်းအတွင်း၌ ကစားသမား၏ ရုပ်သွင်ကို အကာအကွယ်ပေးထားခြင်း မရှိချေ။ ဆိုလိုသည်မှာ သူမ မည်သည့်အရာကို ဝတ်ဆင်ထားသည်ဖြစ်စေ ဂိမ်းထဲက ဇာတ်ကောင်များသည် သူမကို ထိုအတိုင်းသာ မြင်တွေ့ရမည် ဖြစ်သည်။ ဤအရာက သေချာပေါက်ပင် သူမ၏ လှုပ်ရှားမှုများအတွက် အဆင်မပြေမှု အမြောက်အမြားကို ယူဆောင်လာခဲ့သည်။

ယခင်က သူမသည် ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ ဖမ်းဆီးမှုမှ ထွက်ပြေးရန်အတွက် လမ်းမကြီးကို ဖြိုချခဲ့သလို အနီးကပ်တိုက်ခိုက်ရေး ဧရာမလက်နက်ကြီးကို အသုံးပြုလျက် လမ်းမပေါ်က တက္ကစီကားတစ်စီးကို ထိုးစိုက်ခဲ့ကာ အဝေးထိန်းသေနတ်နှစ်လက်ဖြင့်လည်း ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။ ဤမြင်ကွင်းများအားလုံးသည် အနီးအနားလမ်းဆုံလမ်းခွများနှင့် ဆိုင်ခန်းများရှိ စောင့်ကြည့်ရေးကင်မရာများတွင် မှတ်တမ်းတင်ခံခဲ့ရသည်။

သူမသည် ယခုချိန်အထိ ရာဇဝတ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့သော ဝတ်စုံကိုပင် လဲလှယ်ခွင့်မရသေးဘဲ ထိုအခြေအနေအတိုင်း မြို့အတွင်း၌ ပုန်းအောင်းနေရခြင်း ဖြစ်သည်...။

နောက်ဆုံးတွင်မူ သူမအား ဂေါ့ဒ်နက်မှ ဟီးရိုးတစ်ယောက်က ရှာဖွေတွေ့ရှိသွားတော့သည်။

နေရာမှာ ခြောက်ထပ် သို့မဟုတ် ခုနစ်ထပ်ခန့်ရှိသော အဆောက်အအုံများ ဘေးချင်းကပ် တည်ရှိနေကြသည့် လူနေရပ်ကွက်တစ်ခု ဖြစ်သည်။ သူမသည် ထိုအဆောက်အအုံများထဲမှ တစ်ခု၏ အမိုးပေါ်တွင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

“ပုန်းတမ်းလိုက်တမ်း ကစားနည်းကတော့ လမ်းဆုံးသွားပြီ ကောင်မလေးရေ”

အနက်ရောင် သားရေကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူမ၏လမ်းကို ပိတ်ဆို့ရင်း ဆိုလိုက်သည်။

“ကျစ်...”

ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးက မကျေမနပ်ဖြင့် တံတွေးထွေးလိုက်သည်။ သူမ နောက်လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် အူဇီ စက်သေနတ်တိုတစ်လက်ကို ထုတ်ယူလိုက်ပြီး Catwoman ရှိရာဘက်သို့ တရစပ် ပစ်ခတ်လိုက်တော့သည်။

“ငါ့နားက ထွက်သွားစမ်း”

သို့သော်လည်း သူမ၏ ကျည်ဆန်များက Catwoman ၏ လှုပ်ရှားမှုများကို မတားဆီးနိုင်ပါချေ။ Catwoman ၏ ဖျတ်လတ်မှုနှင့် အမြန်နူန်းမှာ ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးထက် များစွာ သာလွန်လှပေသည်။ သူမသည် လေထဲ၌ အကြိမ်အနည်းငယ် လိမ့်ခုန်လိုက်ရုံဖြင့် အနီးသို့ ထပ်မံရောက်ရှိလာပြန်သည်။

“နင်တို့လို တခြားကမ္ဘာက ရောက်လာတဲ့ ရာဇဝတ်ကောင်တွေ ဘာဖြစ်နေကြလဲဆိုတာ ငါကတကယ် နားမလည်နိုင်တော့ဘူး...”

ဆလီနာက သူမနောက်သို့ လိုက်ဖမ်းရင်း ဆိုလိုက်သည်။ သူမ၏ ကျော့ရှင်းသောခန္ဓာကိုယ်လေးမှာ လေထဲ၌ ဂျွမ်းပြန်သွားပြီးနောက် ပြင်းထန်သော ကန်ချက်တစ်ခုက ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူး၏ ဂုတ်ပိုးဆီသို့ ဦးတည်ချိန်ရွယ်လိုက်လေသည်။

“ပထမတစ်ယောက်က လမ်းမပေါ်က အပြစ်မဲ့တဲ့ပြည်သူတွေကို စည်းမရှိကမ်းမရှိ သတ်ဖြတ်ခဲ့တယ်... ပြီးတော့ အခုတစ်ယောက်က ရော်ဘင်ကိုပါ ပစ်မှတ်ထားနေပြန်ပြီ”

သူမ၏လေသံတွင် ဒေါသများပြည့်နှက်နေသည်မှာ ထင်ရှားနေလေ၏။

“နင်ဘာတွေ လျှောက်ပြောနေလဲ ငါမသိဘူး”

ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း သေနတ်ဖြင့် အချက်အနည်းငယ် ထပ်မံပစ်ခတ်ပြီးနောက် ဆက်လက်ထွက်ပြေးတော့သည်။

(TL Note – ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူး (Not Afraid a Cat) ကို တရုတ်လိုဆို (Bu Fan Cai Ne) လို့ ရေးသလို (BuFan) လို့လည်း ရေးပါတယ်။ နောက်ပိုင်းမှာ Not Afraid a Catလို့ သိပ်မရေးတော့ပဲ BuFanလို့ပဲ ရေးလာပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ‘ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူး’ကို ဖတ်ရတာထောက်နေလို့ ပုဖန်(ငါမကြောက်ဘူး)လို့ပဲ ရေးပါတော့မယ်)

...

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ဖုန်းပုကြွယ် ညွှန်ကြားရိုက်ကူးခဲ့သော ဗီဒီယိုမှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ဂေါ့သမ်မြို့အတွင်းရှိ ပြည်သူအများစုလည်း ၎င်းကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

လင်းနို့ဂူအတွင်းရှိ ဆေ့ဂ်ျသည်လည်း ထိုဗီဒီယိုကို ချက်ချင်းမြင်တွေ့ခဲ့ရပြီးဖြစ်၍ ဂေါ့ဒ်နက်က ဟီးရိုးများထံသို့ တင်မ်ဒရိတ် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ဗီဒီယိုထဲက “အနောနီးမတ်” ပြောပြခဲ့သော သတင်းအချက်အလက်များကို လှမ်းအသိပေးခဲ့သည်။

ထို့ကြောင့် ယခုအခိုက်အတန့်တွင် မြို့တော်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ စူပါဟီးရိုးများနှင့် မစ္စတာ ဂျေဆန်တော့ဒ် အပါအဝင် လူတိုင်း အလွန်အမင်း ဒေါသထွက်နေကြပြီ ဖြစ်သည်...။

ဖုန်းပုကြွယ်ကမူ အရာအားလုံးကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူပီပီ ဤအခြေအနေအားလုံးကို မြင်တွေ့နေရပြီး များစွာကျေနပ်အားရနေလေသည်။

ရဲတပ်ဖွဲ့အတွင်း၌ ထည့်သွင်းထားသော နှစ်ဖက်ချွန်သူလျှိုထံမှလည်း လတ်တလော ဦးဆုံးရ သတင်းအမြောက်အမြားကို ရရှိနိုင်နေသည်။ ဖုန်းပုကြွယ်သည် ပုဖန်လမ်းမပေါ်တွင် ဖြစ်စေခဲ့သော ရုန်းရင်းဆန်ခတ်မှုများကို သိထားပြီးသားဖြစ်သလို ခုနှစ်ထွေသတ်ဖြတ်ခြင်းနှင့် သျှီဝတို့ အဖမ်းခံလိုက်ရသည့် သတင်းကိုလည်း သိထားခဲ့ပြီး ဖြစ်သည်။

သူနှင့် တူးဖေ့စ်တို့ ပူးပေါင်းကပြခဲ့သောပြဇာတ်မှာ အခြေခံအားဖြင့် ဂေါ့သမ်မြို့အတွင်းရှိ တရားမျှတမှု အင်အားစုများကို အသုံးပြု၍ ၎င်းတို့၏ သက်ဆိုင်ရာရန်သူများကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ သူတို့နှစ်ဦးအနေဖြင့် ဘေးကထိုင်ကြည့်နေရုံဖြင့် အဆင်ပြေလှသည်။ အကယ်၍ နောက်ဆုံးတွင် အခြေအနေများ ပေါ်ပေါက်သွားခဲ့လျှင်ပင် ကိစ္စမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်သည် ဟာဗေးအတွက် ဝှက်ဖဲတစ်ချပ် ချန်ထားခဲ့သောကြောင့် ဖြစ်သည်…။ တင်မ်မှာ လက်တွေ့တွင် သေဆုံးခြင်း မရှိသေးချေ။

…

“နင်သိဖို့ မလိုပါဘူး…”

ဆလီနာက ပြောလိုက်သည်။

“နင့်လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ဖို့ပဲ ပြင်ဆင်ထားလိုက်တော့”

သူမ၏ ကြောင်လက်သည်းများက လေမုန်တိုင်းတစ်ခုအလား ဝှေ့ယမ်းရောက်ရှိလာတော့သည်။

ပုဖန်သည် အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် သူမ၏ ဘယ်ဘက်ပါးပေါ်တွင် နက်ရှိုင်းလှသော သွေးနီရောင်လက်သည်းရာလေးခု ပေါ်ထွက်လာရတော့သည်။

“ဒါတော့ များသွားပြီ”

ပုဖန် ကျိန်ဆဲလိုက်ရင်း သေနတ်ကို ချက်ချင်း ပြန်သိမ်းလိုက်ကာ သူမ၏ အဓိကလက်နက်ဖြစ်သော ‘မိုးကြိုးတုတ်ကောက်’ ကို ထုတ်ယူလိုက်တော့သည်။

အမှန်တကယ်တွင် ပုဖန်သည် ထိုဇာတ်ကောင်များနှင့် ထိပ်တိုက်မတွေ့ချင်ချေ။ အမှန်အတိုင်း ပြောရရင် သူမသည် ဖုန်းပုကြွယ်မှလွဲ၍ ဘယ်သူ့ကိုမှ မတိုက်ခိုက်လိုပေ...။

အခြားကစားသမားငါးဦး၏ အမည်များကို မြင်တွေ့ရပြီးနောက် ပုဖန်၏ ပထမဆုံးတုံ့ပြန်မှုမှာ တတ်နိုင်သမျှ လူသူမသိအောင်နေထိုင်ရင်း အခြားလူများအားလုံး ဒဏ်ရာအပြင်းအထန်ရသွားသည့် အချိန်မှသာ သူမအနေဖြင့် အနိုင်ရရန်ကြိုးစားမည်ဟူသော အတွေး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် အဆင့် ၂၈ ရှိသော ထိုကောင်ကိုသာ သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်…။

ထိုယုံကြည်ချက်ကို ဖက်တွယ်ထားရင်း သူမ ဘာကိုမှမကြောက်ရွံ့ခဲ့သော်လည်း စိတ်မကောင်းစရာမှာ ခုနှစ်ထွေသတ်ဖြတ်ခြင်းက သူမကို ရှာတွေ့သွားခဲ့ခြင်း ဖြစ်သည်။ သူမ ထွက်ပြေးနေစဉ်အတွင်း သူမကြောင့် သာမန်ပြည်သူသုံးဦး သေဆုံးသွားရသည်ဖြစ်ရာ ၎င်းက လက်ရှိအခြေအနေမျိုး ဖြစ်ပေါ်လာရန် ကြိုတင်နိမိတ်ပြနေခဲ့ခြင်း ဖြစ်တော့သည်။

မျှမျှတတ ပြောရမယ်ဆိုရင်တော့ ဒါက ပုဖန်ရဲ့ အပြစ်သက်သက်တော့ မဟုတ်ပါဘူးလေ။ ကစားသမားတစ်ယောက်အတွက် ဂိမ်းတစ်ခုထဲမှာ မတော်တဆ သာမန်ဇာတ်ကောင်တချို့ကို သတ်ဖြတ်မိရုံနဲ့ ဒါက ကြီးမားတဲ့ ကိစ္စကြီးမဟုတ်ဘူးမလား။

The Elder Scrolls ဂိမ်းထဲမှာ မြို့ထဲက NPC တစ်ယောက်ကို မတော်တဆ သွားတိုက်ခိုက်မိတာ ဘာမှားလို့လဲ။

Call of Duty ဂိမ်းထဲမှာလည်း ကိုယ့်ရဲ့ အသင်းဖော်တွေက ရုတ်တရက် ထွက်လာလို့၊ ပတ်ဝန်းကျင်က မှောင်မည်းနေလို့ ဒါမှမဟုတ် ဝတ်စုံချင်းတူနေလို့ မတော်တဆပစ်သတ်မိတာမျိုးကလည်း အမြဲတမ်း ဖြစ်နေကျပဲ မဟုတ်လား။

GTA ဂိမ်းထဲမှာကျတော့ ကားထဲမှာပျော်ပါးပြီး ပြည့်တန်ဆာမကို သတ်ပြီး ငွေတွေကို ပြန်လုတာမျိုးကတော့... ကောင်းပါပြီ၊ ဒါကတော့ နည်းနည်း လွန်တာပေါ့။

အတိုချုပ် ပြောရမယ်ဆိုရင်... လူ့အသက်ကို တန်ဖိုးမထားတဲ့ ဒီလိုပုံရိပ်ယောင်ကမ္ဘာကြီးထဲမှာ သေဆုံးသွားရတဲ့ အသက်တိုင်းအပေါ် ငါတို့တွေ တကယ်ပဲ စိတ်ထဲထည့်နေဖို့ လိုအပ်လို့လား။

ငါ့အထင်တော့ လူတိုင်းက အသားကျနေကြပြီလို့ ထင်ပါတယ်။ မင်းတို့တွေ Contra ဂိမ်းထဲမှာ လူဘယ်နှစ်ယောက်ကို သတ်ဖြတ်ခဲ့မိလဲဆိုတာ ရေတွက်ဖူးလို့လား။ Super Mario ထဲမှာကော ဘဲဘယ်နှစ်ကောင်ကို တက်နင်းမိခဲ့လဲဆိုတာ ရေတွက်ဖူးလို့လား။ မင်းတို့ရှေ့တင် သေဆုံးသွားခဲ့ရတဲ့ အပင်တွေနဲ့ ဖုတ်ကောင်တွေရဲ့ အရေအတွက်ကိုကော ရေတွက်ဖူးလို့လား။

သတ်ဖြတ်ခြင်းဆိုတာ ဂိမ်းတွေထဲက ထာဝရ အဓိကအကြောင်းအရာတစ်ခု ဖြစ်နေခဲ့ပါပြီ၊ ငါတို့တွေက စခရင်ရှေ့မှာထိုင်ရင်း လူပဲဖြစ်ဖြစ်၊ မကောင်းဆိုးဝါးပဲဖြစ်ဖြစ် ဒါမှမဟုတ် သစ်သီးဝလံပဲဖြစ်ဖြစ် တစ်ခုခုကို လိုက်လံသတ်ဖြတ်နေရတာကို ကျင့်သားရနေကြပြီ ဖြစ်တယ်...။

ငါတို့တွေအနေနဲ့ လက်တွေ့ဘဝထဲမှာ ဒီလိုမျိုးလုပ်လို့မရဘူးဆိုတာကို သိနေသရွေ့တော့ လုံလောက်နေပြီ မဟုတ်လား…။

ကဲ... ဇာတ်လမ်းဆီ ပြန်သွားကြရအောင်…။

မျက်တောင်တစ်ခတ်အတွင်း လျှပ်စီးများ ဖြာထွက်နေသော မိုးကြိုးတုတ်ကောက်မှာ Catwoman ထံသို့ ဦးတည်လျက် ဝှေ့ယမ်းရောက်ရှိသွားတော့သည်။ သူမသည် တုန်လှုပ်ခြောက်ခြားသွားခြင်းမရှိဘဲ သူမ၏ သေးသွယ်သောခါးလေးကို ကျွမ်းကျင်စွာလှည့်လိုက်ရင်း နေရာတင်ရပ်လျက်ပင် ခန္ဓာကိုယ်ကို တစ်ဝက်ခန့်အထိ နောက်သို့ကွေးညွှတ်ကာ ထိုတုတ်ကောက်ကို ရှောင်တိမ်းလိုက်လေသည်။

ထို့နောက် ထိုအရှိန်ကို အသုံးပြု၍ Catwoman၏ ရှည်လျားလှသော ခြေတံများက အပေါ်သို့ မြှောက်တက်သွားပြီး ပုဖန်၏ မေးစေ့ဆီသို့ ပြင်းထန်စွာ ကန်ကျောက်လိုက်တော့သည်။

“အင့်...”

ပုဖန်သည် နာကျင်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူမ၏ ဦးခေါင်းကို ပြင်းထန်စွာအရိုက်ခံလိုက်ရခြင်းကြောင့် မူးဝေသွားရပြီး ဟန်ချက်ပျက်ကာ နောက်ထပ်အားနည်းချက်တစ်ခု ထပ်မံပေါ်ထွက်လာတော့သည်။

Catwoman သည် ထိုအခွင့်အရေးကို အရယူ၍ လက်နှစ်ဖက်ဖြင့် မြေပြင်ကို ထောက်၍ ခြေနှစ်ဖက်ကို ဖြန့်ကားကာ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ထပ်မံပြုလုပ်လိုက်တော့သည်...။

All Chapters