အခန်း ၂၇၇
Vol. 28 Ch. 277
အခန်း (၂၇၇) ဝတ်ရုံလုပွဲ - ၁၉
အနည်းဆုံးတော့ အချက်တစ်ချက်တွင် သျှီဝနှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ တွေးတောသည်မှာ မှန်ကန်ခဲ့၏။ ယင်းမှာ ဖုန်းပုကြွယ်သည် ဇာတ်လမ်းထဲက “ဟီးရိုး” တစ်ဦး၏ ရှာဖွေတွေ့ရှိခြင်းကို အမှန်တကယ် ခံလိုက်ရခြင်း ဖြစ်သည်။
ဤသည်မှာ “အမြင့်မြတ်ဆုံးစိတ်ဆန္ဒ” ဟု ခေါ်သော အရာ၏ ညွှန်ကြားချက်ကြောင့်လား သို့မဟုတ် စနစ်၏ စီစဉ်မှုကြောင့်ပဲလားတော့မသိ ဖုန်းပုကြွယ်သည် တူးဖေ့စ်ဆီကနေ ရလာသည့် ကားတစ်စီးကို မောင်းနှင်၍ ဝိန်းစံအိမ်ဆီ ဦးတည်သွားနေစဉ် သူ မတွေ့ချင်ဆုံးဖြစ်သည့် လူနှင့် ထိပ်တိုက်တိုးမိတော့သည်။
ရုတ်တရက် ကောင်းကင်ပေါ်မှ အရိပ်တစ်ခု ပြုတ်ကျလာပြီး ကားရှေ့ဖုံးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ဖိနင်းချလိုက်သည်။
ဖုန်းပုကြွယ်သည် ချက်ချင်းတုံ့ပြန်လိုက်ပြီး ဘရိတ်ကို ဆောင့်နင်းလိုက်သော်လည်း တစ်ဖက်လူမှာ အရှိန်ကြောင့် လွင့်ထွက်မသွားဘဲ မြေပြင်တွင် အမြစ်တွယ်နေသကဲ့သို့ အခိုင်အမာ မတ်တတ်ရပ်နေဆဲဖြစ်သည်။
အနက်ရောင်ဝတ်ရုံ၊ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံ၊ ထင်ရှားပေါ်လွင်နေသည့် ကြွက်သားအဖုအထစ်များနှင့်အတူ သွေးနီရောင်မျက်လုံးတစ်စုံ။
သူကတော့ ဂျေဆန် တော့ဒ်ပင်။ သူသည် ဒုတိယမြောက် ရော်ဘင်ဟောင်းဖြစ်ပြီး နောက်ပိုင်း ရက်ဒ်ဟုဒ်ဖြစ်လာကာ ယခုချိန်တွင် ‘ဘက်မန်းအတု’ အဖြစ် လှုပ်ရှားနေသူဖြစ်သည်။
တော့ဒ်၏ လင်းနို့မျက်နှာဖုံးပေါ်မှာ သတ္တုမျက်နှာဖုံးတစ်ခု ထပ်မံတပ်ဆင်ထားပြီး သူ့ရင်ဘတ်တွင်တော့ ရမ်ဘိုကဲ့သို့ ကျည်ဆန်ခါးပတ်များကို ရစ်သိုင်းထားလေသည်။ ဂေါ့သမ်မြို့၏ အကြမ်းတမ်းဆုံး အကြမ်းဖက်ဟီးရိုးတစ်ဦးအနေဖြင့် ဘက်မန်းအစစ်နှင့် သူ့အကြား အကြီးမားဆုံး ကွာခြားချက်မှာ... သူသည် အမွှာပစ္စတိုနှစ်လက်ကို ကိုင်ဆောင်ပြီး လူများကို သတ်ပစ်တတ်ခြင်းပင်။
ဒိုင်း... ဒိုင်း... ဒိုင်း...။
ကျည်ဆန်မုန်တိုင်းကြောင့် ကားရှေ့မှန်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ယာဉ်မောင်းနေရာတွင် ကျည်ဆန်ပေါက် ခြောက်ခု၊ ခုနစ်ခုခန့် ချက်ချင်း ပေါ်ထွက်လာတော့သည်။
ဖုန်းပုကြွယ်ကား မည်ကဲ့သို့ လူစားမျိုးနည်း။ ဤတိုက်ခိုက်မှုမျိုးနှင့် မည်သို့ အသတ်ခံရပါမည်နည်း။ တော့ဒ်ချည်းကပ်လာသည်ကို မြင်မြင်ချင်းပင် သူသည် စကားတစ်ခွန်းမှ မဆိုဘဲ ကိုယ်ခန္ဓာမြင့်တင်ခြင်းအတတ်ကို ချက်ချင်းအသက်သွင်းလိုက်ပြီး ကားတံခါးကို ကန်ဖွင့်ကာ အပြင်သို့ ခုန်ထွက်လိုက်သည်။ သူ့လှုပ်ရှားမှုများသည် ရေစီးကြောင်းကဲ့သို့ ချောမွေ့ပြီး အလွန်အမင်း မြန်ဆန်လှ၏။ အကယ်၍ သူသာ စက္ကန့်ပိုင်းလောက် နောက်ကျသွားခဲ့လျှင် ကျည်ဆန်များကြောင့် ဇကာပေါက် ဖြစ်သွားလောက်ပြီ ဖြစ်သည်။
“ဘယ်ပြေးမလို့လဲ”
တော့ဒ်၏ လှုပ်ရှားမှုနှုန်းကလည်း မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသဖြင့် ဖုန်းပုကြွယ် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ် သုံးထားသည့် အခြေအနေ၌ပင် သုံးစက္ကန့်အတွင်း အမှီလိုက်လာနိုင်ပြီး စကားပြောနေရင်းနှင့် ပြင်းထန်သည့်တိုက်ကွက်တစ်ခုကို ဆင့်ကဲ ထုတ်ဖော်လိုက်လေသည်။
ဖုန်းပုကြွယ်မှာ ထိုတိုက်ကွက်ကို ရှောင်တိမ်းရန် အချိန်မရတော့သဖြင့် သူ့နောက်ကျောဆီသို့ ပြင်းထန်သည့် ဒူးတိုက်ကွက်တစ်ကွက်ကို အမိအရ ခံလိုက်ရတော့သည်။ တိုက်ကွက်ထိမှန်ပြီးနောက် ဆယ်စက္ကန့်ခန့်အထိ ဖုန်းပုကြွယ်တစ်ယောက် အသက်ရှူကြပ်သွားရသည်။ သူ့ခန္ဓာကိုယ်ထဲက သွေးများပင် ဆူပွက်ချင်လာတော့သည်။
သို့သော် သူသည် နာကျင်မှုကို အံကြိတ်ခံရင်း အရှိန်ကိုအသုံးချ၍ ရှေ့သို့လိမ့်ထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်တွင် ပတ်ထားသည့်ဗုံးများကို လျင်မြန်စွာ ဖော်ပြလိုက်သည်။
“အနား ထပ်တိုးမလာနဲ့”
သူသည် နောက်ဆုံးလက်ကျန်အသက်ရှူသံနှင့် အော်ဟစ်လိုက်သည်။
တော့ဒ်၏ လှုပ်ရှားမှုများ တုံ့ဆိုင်းသွားပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်လေသည်။
“ဟူး... ဟူး...”
ဖုန်းပုကြွယ်သည် ဒူးတစ်ဖက်ထောက်လျက် အချိန်အတော်ကြာ အသက်ရှူလိုက်ရ၏။
လက်ရှိတွင် သူတို့နှစ်ယောက်သည် မိန်းလမ်းမကြီး၏ အလယ်တည့်တည့်တွင် ရှိနေကြသော်ငြား ဂေါ့သမ်မြို့၏ ညံ့ဖျင်းလှသည့် လုံခြုံရေးအခြေအနေကြောင့် လမ်းပေါ်၌ လူသူကင်းမဲ့နေပြီး ဖြတ်သန်းသွားလာသည့် ကားများလည်း အလွန်နည်းပါးလှသည်။ သို့သော်လည်း အမှောင်လမ်းကြားများထဲတွင်တော့ ယုတ်မာကောက်ကျစ်သည့် မျက်လုံးအစုံပေါင်းများစွာက သူတို့ကို ချောင်းမြောင်းကြည့်ရှုနေကြလေ၏။
“ဒီလှည့်ကွက်ကတော့ တကယ့်ကို အမြဲတမ်း အလုပ်ဖြစ်တာပဲ”
အခြေအနေ ယာယီတည်ငြိမ်သွားသည်ကို မြင်သောအခါ ဖုန်းပုကြွယ်သည် သူ၏ အသက်အမှတ်ဆုံးရှုံးမှုကို ရပ်တန့်ရန်အတွက် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် တုန်တုန်ယင်ယင်နှင့် ထရပ်လိုက်ပြီး ပါးစပ်ကို သုတ်လိုက်၏။ အစောပိုင်းက တိုက်ကွက်သည် အမှန်တကယ် ပြင်းထန်လွန်းသဖြင့် သူ့မှာ သွားရည်များတောင် ထွက်ကျလာရသည်။
“မင်း ဒါမှမဟုတ် မင်းဘေးနားက လူတွေပါ အပိုင်းပိုင်းပြတ်အောင် ပေါက်ကွဲသွားမယ့်ကိစ္စကို ငါ တကယ်ဂရုစိုက်လိမ့်မယ်လို့ မင်းထင်နေလား”
သတ္တုမျက်နှာဖုံးအောက်မှ တော့ဒ်၏ အက်ကွဲပြီး ကြမ်းရှရှအသံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ဘက်မန်းအစစ်၏ အသံနှင့် အမှန်တကယ် ဆင်တူ၏။
“မင်းကတော့ သေချာပေါက် ဂရုမစိုက်ဘူးပေါ့”
ဖုန်းပုကြွယ်က သရော်လိုက်သည်။
“ဒါပေမဲ့ ငါထင်တာတော့... မင်း ငါ့ကိုယ်ပေါ်မှာ ပတ်ထားတဲ့ ဖောက်ခွဲပစ္စည်းတွေရဲ့ ပြင်းထန်တဲ့ အဖျက်စွမ်းအားကို သတိထားမိသွားလို့ ဖြစ်လိမ့်မယ် ၊ ဒီလောက်အကွာအဝေးဆိုရင် မင်းရဲ့ ကတ်ဗ်လာကိုယ်ကျပ်ဝတ်စုံနဲ့ မှတ်ဉာဏ်ပါတဲ့ ပိုလီမာဝတ်ရုံတွေ ရှိနေရင်တောင် ငါနဲ့အတူတူ အမှုန့်ဖြစ်သွားမှာ သေချာတယ်လေ”
“ဟမ့်...”
တော့ဒ်ကလည်း နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အမွှာပစ္စတိုများကို ပြန်သိမ်းလိုက်လေသည်။
“မင်းက အများကြီးသိနေပုံရတာပဲ ကောင်လေး... မင်း ခုနကရှောင်သွားတဲ့ နည်းစနစ်ကလည်း တော်တော်လေး ကောင်းတာပဲ”
“ငါသာ အဲဒီကျည်ဆန်တွေကို မရှောင်နိုင်ခဲ့ရင် ငါတို့နှစ်ယောက်လုံး အခုအချိန်မှာ သေချင်းဆိုးနဲ့ သေနေလောက်ပြီ”
ဖုန်းပုကြွယ်က ပြန်လည်ချေပလိုက်၏။
“ဟုတ်ပါပြီ... နောက်တစ်ခါ လူတွေကို သေနတ်နဲ့လိုက်ပစ်ရင် ငါ ပိုသတိထားရမှာပေါ့”
တော့ဒ်က ရွဲ့စောင်းပြောလိုက်သည်။
“ဒီဘက်ခေတ်မှာ ကိုယ့်ကိုယ်ကိုယ် ဗုံးတွေပတ်ပြီး လျှောက်သွားနေတဲ့ အရူးတွေ ပိုပိုများလာတာပဲ”
“ဟက်”
ဖုန်းပုကြွယ်ကလည်း စကားနိုင်လုရာတွင် အခြားသူများ အရှုံးမပေးတတ်သူ ဖြစ်သည်။
“ကိုယ့်ကိုယ်ကိုယ် ဘက်မန်းလို ဟန်ဆောင်ပြီး သေနတ်ကြီးတကားကားနဲ့ လျှောက်သွားနေတဲ့လူနဲ့ ယှဉ်ရင်တော့ ကိုယ့်ဘာသာ ဗုံးတွေပတ်ပြီး လျှောက်သွားတာက သိပ်တော့ မထူးဆန်းဘူးမလား”
တော့ဒ်၏ အသံက ရုတ်တရက် အေးစက်သွား၏။
“ငါက ဘက်မန်းပဲ”
“ဟားဟားဟား...”
ဖုန်းပုကြွယ်မှာ ပိုမို စိတ်လှုပ်ရှားသွားရသည်။
“ဂျေဆန်... ဂျေဆန်...”
သူက တစ်ဖက်လူ၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုလိုက်လေသည်။
“တကယ်လို့ ဘရုစ်သာ မင်းရဲ့ ဒီလိုပုံစံကို မြင်သွားရင် သူဘာတွေးမလဲ”
ထိုနာမည်သည် တော့ဒ်အား မလွဲဧကန်ပင် အနာပေါ်တုတ်ကျ ဖြစ်သွားစေသဖြင့် သူသည် ချက်ချင်း အော်ဟစ်လိုက်တော့သည်။
“ငါ့ရှေ့မှာ ဒီနာမည်ကို လာမပြောနဲ့”
သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“မင်းက ဘယ်သူလဲ ၊ ဒါတွေကို မင်းဘယ်လိုသိတာလဲ...”
“မင်းကိုယ်မင်း ပြန်ကြည့်ပါဦး...”
ဖုန်းပုကြွယ်က သူ့စကားကို ကြားဖြတ်လိုက်သည်။
“မင်းပုံစံက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်”
သူသည် ရုပ်ပြကာတွန်းထဲမှာ ဂျေဆန်က တင်မ်ကို တိုက်ခိုက်ခဲ့စဉ်က ပြောခဲ့သည့် စကားတစ်ခွန်းကို ကောက်နုတ်ပြီး ရွတ်ဆိုလိုက်လေသည်။
“အတိအကျပြောရရင်တော့... ကလေးတစ်ယောက်က သကြားလုံးတောင်းတမ်းကစားနည်း ဆော့နေတဲ့ ပုံစံမျိုးပဲ”
တော့ဒ်သည် စက္ကန့်အနည်းငယ် တုံ့ဆိုင်းသွားပြီး ဆက်လက် ရန်စမထံတော့ပေ။
“မင်းပုံစံက ငါ့ကို လူတစ်ယောက်ကို သွားသတိရစေတယ်...”
“ဟားဟားဟားဟား...”
ဖုန်းပုကြွယ်သည် ဂျိုကာ၏ အသံအတိုင်း ရည်ရွယ်ချက်ရှိရှိ တဟားဟားနှင့် ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ဘာလဲ... နောက်ထပ် ရော်ဘင်တစ်ယောက် အသတ်ခံရတာကို မြင်လိုက်လို့ မင်းအတွက် စိတ်မသက်မသာစရာ အတိတ်တစ်ခုခုကို သွားသတိရသွားစေတာလား”
သူသည် တစ်ဖက်လူအား အာရုံလွှဲ၍ ထွက်ပြေးရန် အခွင့်အရေး ရှာနေခြင်း ဖြစ်သည်။
“မင်းက Earth 51 မှာ ‘သူ့ကို’ တစ်ခါ သတ်ဖူးရုံနဲ့ မင်းကိုယ်မင်း အစွမ်းထက်ဆုံးလို့ ထင်နေတာလား ၊ မင်း စိတ်ကျန်းမာရေးကုသမှုခံယူသင့်ပြီ ဂျေဆန် ၊ ဘာလို့လဲဆိုတော့ မင်းလည်း သူ့လို ရူးသွပ်နေလို့ပဲ”
“တော်စမ်း”
တော့ဒ်က ဟိန်းဟောက်လိုက်သည်။ သူ့ဝတ်ရုံက လေထဲတွင် ဝဲပျံသွားပြီး ခန္ဓာကိုယ်တစ်ပတ်လည်ကာ ပြေးဝင်လာတော့သည်။
သူ့အရှိန်သည် အလွန်အမင်း မြန်ဆန်လှသောကြောင့် ဖုန်းပုကြွယ်၏ မျက်စိထဲတွင် လူရိပ်တစ်ခုအဖြစ်သာ မြင်တွေ့လိုက်ရသည်။
ပြောင်မြောက်လှသော အရည်အချင်းများနှင့် သန်မာလှသည့် ခန္ဓာကိုယ်ကြောင့် ဖုန်းပုကြွယ်အနေဖြင့် ခုခံကာကွယ်ရန်ပင် အချိန်မရလိုက်ချေ။ မျက်စိတစ်မှိတ်အတွင်း သူ့ရင်ဘတ်ဆီသို့ နောက်ထပ် ပြင်းထန်သည့် ရိုက်ခတ်မှုဒဏ်တစ်ခု ထပ်မံခံစားလိုက်ရပြန်သည်။
အစောပိုင်းက အသက်အမှတ် အပြည့်ရှိနေသည့် ဖုန်းပုကြွယ်သည် တော့ဒ်၏ တိုက်ခိုက်မှုကို နှစ်ချက်မျှ ခံလိုက်ရရုံဖြင့် သူ့အသက်အမှတ်မှာ ၂၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့၏။ ယင်းသည် ဤဇာတ်လမ်းကမ္ဘာထဲရှိ ဟီးရိုးများ၏ စွမ်းအားက မည်မျှကြီးမားကြောင်း သက်သေပြနေခြင်းပင်။
“စနစ်တံ ဘယ်မှာလဲ”
တော့ဒ်က ဖုန်းပုကြွယ်၏ ကော်လာစကို ဆောင့်ဆွဲ၍ မေးမြန်းလိုက်သည်။
“ဟက်... ဘယ်သူသိမှာလဲ ၊ ဒါပေမဲ့ ငါမင်းကို ကြိုသတိပေးထားမယ်နော်... တကယ်လို့ ငါသာ သတိလစ်သွားခဲ့ရင် ဥပမာအားဖြင့် မင်းငါ့ကို သတိလစ်အောင် ရိုက်လိုက်ရင်တောင် ဗုံးက အလိုအလျောက် ပေါက်ကွဲသွားလိမ့်မယ်”
ဖုန်းပုကြွယ်၏ စကားများသည် သိသိသာသာ လုပ်ကြံပြောဆိုနေခြင်းဖြစ်သော်လည်း သူ၏ လိမ်ညာသည့်အရည်အချင်းမှာ ငြင်းပယ်စရာမရှိချေ။ သူ့လေသံနှင့် မျက်နှာအမူအရာကလည်း ယုံကြည်မှုအပြည့် ရှိနေလေသည်။
“မင်းကို မလှုပ်ရှားနိုင်အောင် လုပ်မယ့်နည်းလမ်းတွေ အများကြီး ရှိပါတယ်...”
တော့ဒ်က မျက်နှာဖုံးအောက်မှ ရက်စက်စွာ သွားဖြဲပြလိုက်သည်။
“ဒီအရာက မင်းလို အရူးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ ငါစမ်းသပ်ချင်နေတာ ကြာလှပြီ”
သူ့လက်ထဲတွင် စိမ်းဖန့်ဖန့် ပုလင်းလေးတစ်ပုလင်း ပေါ်ထွက်လာလေသည်။
တော့ဒ်သည် သူ့လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ အစိမ်းရောင်မီးခိုးငွေ့များက ပုလင်းထဲမှ တိုးထွက်လာပြီး ဖုန်းပုကြွယ်၏ မျက်နှာဆီသို့ တိုက်ရိုက်ဦးတည်သွားလေတော့သည်။
“အဟွတ်... အဟွတ် အဟွတ်...”
တော့ဒ်၏ အချုပ်ခံထားရသည့် ဖုန်းပုကြွယ်သည် ရှောင်တိမ်းရန် နည်းလမ်းမရှိသောကြောင့် ထိုဓာတ်ငွေ့များကို ပါးစပ်အပြည့် ရှူသွင်းလိုက်မိတော့သည်။
“မင်းလည်း ကြောက်ရွံ့မှုရဲ့ အရသာကို ခံစားရစေရမယ်... အရူးကောင်”
တော့ဒ်က ဆို၏။
ယင်းကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်သည် သူရှူသွင်းလိုက်မိသည်က မည်သည့်အရာဖြစ်မှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ယင်းသည် Scarecrow ( ဂျိုနသန်ကလိန်း၊ စူပါဗီလိန်တစ်ဦးဖြစ်ပြီး စိတ်ပညာနှင့် ဇီဝဓာတုဒေါက်တာဘွဲ့ရရှိထားကာ ဂေါ့သမ်တက္ကသိုလ်၏ ပါမောက္ခဟောင်းတစ်ဦး) ၏ ကြောက်ရွံ့စေတတ်သောဓာတ်ငွေ့ ဖြစ်ပေသည်။
ဝတ်ရုံလုပွဲရုပ်ပြကာတွန်းဇာတ်လမ်းထဲတွင် တော့ဒ်သည် လင်းနို့ဂူထဲမှ ကြောက်ရွံ့စေတတ်သောဓာတ်ငွေ့ အချို့ကို ခိုးယူခဲ့ပြီး နိုက်ဝင်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ဖူးသည်။ သို့သော်လည်း သူ မမျှော်လင့်ထားခဲ့သည်မှာ နိုက်ဝင်းသည် ထိုဓာတ်ငွေ့များ၏ ဗိုင်းရပ်စ်မျိုးကွဲအားလုံးကို ကြိုတင်ကာကွယ်ဆေး ထိုးထားပြီးသားဖြစ်သောကြောင့် မည်သည့်ခြောက်ခြားမှုကိုမှ မခံစားရဘဲ သာမန်အာရုံလွဲရုံသာ ရှိခဲ့သည်။ တော့ဒ်သည် အခြေအနေကို သူထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်ပြီး ပေါ့ဆသွားခဲ့ရာမှ အားနည်းချက်တစ်ခု ပေါ်ပေါက်သွားပြီး နောက်ဆုံးတွင် နိုက်ဝင်းလက်ချက်နှင့် အရေးနိမ့်သွားခဲ့ရသည့် အချိုးအကွေ့တစ်ခု ဖြစ်သွားခဲ့ရဖူးသည်။
“ဟဲ... ဟဲဟဲ...”
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ဖုန်းပုကြွယ်သည် တစ်ဖက်လူကို ကြည့်ပြီး ပြုံးလိုက်လေသည်။
“တကယ်ကြီးလား... ဂျေဆန် ၊ မင်းဆီမှာ ဒီလိုပစ္စည်းမျိုးတွေ ထပ်ရှိသေးလား ၊ ငါ့ကို နည်းနည်းလောက် ထပ်ပေးပါဦး”