← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း (၂၇၈) ဝတ်ရုံလုပွဲ - ၂၀

“ကြည့်ရတာ မင်း တကယ်ရူးသွားတဲ့ ပုံပဲ…”

တော့ဒ်သည် ဖုန်းပုကြွယ်၏ မျက်လုံးများထဲတွင် မည်သည့်ကြောက်ရွံ့မှု အရိပ်အယောင်မျှ မတွေ့ရချေ။

“ငါအမြင်ကတော့ မပြောင်းလဲသေးဘူး…”

ဖုန်းပုကြွယ်သည် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။

“လင်းနို့ဝတ်စုံ ဝတ်ထားတဲ့လူကမှ ရူးနေတဲ့ကောင်ပဲ”

သူ စကားမဆုံးခင် ရုတ်တရက် လက်သီးတစ်ချက် ဝှေ့ယမ်း ထိုးနှက်လိုက်လေသည်။

ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို သုံးထားသည့်တိုင် သူ့အရှိန်သည် တော့ဒ်ထက် နှေးကွေးနေဆဲဖြစ်ရာ ထိုအချက်ကို ဒူးတိုက်ခံရကတည်းက ဖုန်းပုကြွယ် ကြိုတင်သဘောပေါက်ထားပြီးဖြစ်သည်။

ပြိုင်ဘက်၏ လှုပ်ရှားမှုက ပိုမိုမြန်ဆန်နေသောကြောင့် သူ့တိုက်ခိုက်မှုသည် ပိတ်ဆို့ခြင်း သို့မဟုတ် ရှောင်တိမ်းခံရမည်သာ ဖြစ်၏။ ထိုခြေအနေမျိုးတွင် ဖုန်းပုကြွယ်သည် တိုက်ခိုက်မည့် ထောင့်အချိုးအစားကိုသာ အဓိကအာရုံစိုက်ရမည်ဖြစ်ပြီး ရန်သူအနေနှင့် ရှောင်တိမ်းမရနိုင်မည့် အနေအထားမျိုးဖြစ်အောင် ဖန်တီးရမည်ဖြစ်သည်။

တော့ဒ်သည် ဖုန်းပုကြွယ်၏ ခွန်အားနှင့် အရှိန်အပေါ် မျှတသည့် တွက်ချက်မှုတစ်ခု ရှိထားပြီးဖြစ်သည်။ ထိုကောင်လေးသည် သေချာပေါက် သူ့အရှိန်ထက် အနည်းငယ်နှေးကွေးသကဲ့သို့ ခွန်အားပိုင်းတွင်လည်း ပေါင် ၁၂၀ ခန့်သာ ရှိသောကြောင့် သာမန်လူထက် သန်မာလျှင်ပင် ထိုးချက်၏ အရှိန်သည် ပေါင် ၂၀၀ ထက် ကျော်လွန်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် တော့ဒ်သည် အလွန်ရိုးရှင်းသည့် ခုခံမှုပုံစံအတိုင်း သူ့လက်မောင်းကို မြှောက်ကာ ကာကွယ်လိုက်လေသည်။

သို့သော်... ကစားသမားများတွင် “စကေး” ဆိုသည့်အရာများ ရှိနေသည်ကို သူမည်သို့ သိရှိနိုင်ပါမည်နည်း။ ဖုန်းပုကြွယ်၏ ‘ဒါကို ခံစားလိုက်စမ်း’ စကေးသည် ပို၍ပင် ခန့်မှန်းရခက်ပြီး ဆန်းပြားလှရာ သူကိုယ်တိုင်ပင် မည်သည့်အရာ ထွက်ပေါ်လာမည်ကို မသိချေ...။

လက်သီးချက်က ပြင်းထန်စွာ ကျရောက်သွားပြီးနောက် “ခရက်” ဟူသောအသံနှင့်အတူ တော့ဒ်၏ ညာဘက်လက်ဖျံရိုးမှာ ကျိုးကြေသွားရတော့သည်။ ထိုတင်မကသေးဘဲ လက်သီး၏ လက်ကျန်အရှိန်သည် အားနည်းသွားသည့် သူ့လက်မောင်းကို ရင်ဘတ်ထံ ထပ်မံဖိတွန်းလိုက်ရာ တော့ဒ်သည် နောက်သို့ လွင့်ထွက်သွားရတော့သည်။

ထိုထွားကျိုင်းသန်မာလှသည့် အမျိုးသားသည် အမြောက်ဆန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး လမ်းဘေးရှိ မီးသတ်ရေတိုင်ကီကို ဆောင့်မိကာ နောက်ဆုံးတွင် လမ်းဘေးအဆောက်အအုံတစ်ခု၏ နံရံကို အရှိန်နှင့် ဝင်ဆောင့်၍ ရပ်တန့်သွားခဲ့သည်။

အမည် - အပိုဆောင်းသက်ရောက်မှု ဖြောင့်လက်သီးချက်

စကေးကတ် ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်း ကျွမ်းကျင်မှု

စကေးအမျိုးအစား - တိုက်ခိုက်ရေး

အကျိုးသက်ရောက်မှု - အစွမ်းထက်သော လက်ကောက်ဝတ်အားကို အသုံးပြု၍ ပြင်းထန်သော ဖြောင့်လက်သီးချက်ကို ထုတ်ဖော်နိုင်သည်

ကုန်ကျမှု - သက်လုံ ၅၀၀

သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့် C သို့မဟုတ် အထွေထွေကျွမ်းကျင်မှု အဆင့် C

မှတ်ချက် - “လက်ဝှေ့ဘုရင်” ဘိုင်ဆန် တီထွင်ခဲ့သော တိုက်ကွက်တစ်ခု ဖြစ်သည်။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို အသုံးပြု၍ မယုံနိုင်လောက်သည့် လျင်မြန်မှုနှင့်အတူ ရှေ့သို့ တစ်လှမ်းတိုးကာ မိမိ၏ ကိုယ်အလေးချိန်တစ်ခုလုံးကို ထည့်သွင်း၍ ထိုးနှက်လိုက်သော ဖြောင့်လက်သီးချက်သည် အံ့ဩစရာကောင်းသော ဖျက်ဆီးမှုစွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဤတိုက်ကွက်တွင် အခြားထူးခြားသည့် ဂုဏ်သတ္တိများ မပါဝင်ဘဲ ထိုးချက်၏ ဖျက်ဆီးမှုစွမ်းအားကိုသာ သီးသန့် မြှင့်တင်ပေးခြင်း ဖြစ်သည်။

သို့သော် တစ်ခါတစ်ရံတွင် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသော တိုက်ကွက်များသာ အထိရောက်ဆုံး ဖြစ်တတ်ပေသည်။ ဂျေဆန်တော့ဒ်သည် ဖုန်းပုကြွယ်၏ စွမ်းရည်ကို ကြိုတင်မသိခဲ့သောကြောင့် တိတ်တဆိတ် အထိနာသွားခဲ့ရခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တော့ဒ်သည် အမှန်တကယ် ကြံ့ခိုင်လှသည်။ ပြင်းထန်လှသော နာကျင်မှုကို ခံစားနေရသည့်တိုင် သူသည် သတိလစ်သွားခြင်း သို့မဟုတ် တုံ့ဆိုင်းသွားခြင်းမရှိဘဲ ချက်ချင်း လိမ့်ထွက်သွားကာ ပြန်ထရပ်လိုက်ပြီး ခါးတွင်ချိတ်ထားသည့် မီးခိုးဗုံးတစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်ထုတ်လိုက်လေသည်။

ယင်းကို မြင်သောအခါ ဖုန်းပုကြွယ်သည် ဂေါ်ဘလင်ဓာတ်ငွေ့ကာမျက်နှာဖုံးကို အသက်သွင်းလိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။

မီးခိုးငွေ့များ အနည်းငယ် လွင့်ပြယ်သွားသောအခါ တော့ဒ်သည် လမ်းဘေးရှိ နှစ်ထပ်အဆောက်အအုံ၏ အမိုးပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ မျက်နှာဖုံးအောက်က ထွက်ပေါ်လာသည့် အသံသည် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံနှင့် တူလှသည်။

“ငါမင်းကို လျှော့တွက်မိသွားတယ်... မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ”

တော့ဒ်သည် ဖုန်းပုကြွယ်ကို စူပါပါဝါရှိသည့် ရာဇဝတ်ကောင်တစ်ဦးဟု ထင်မှတ်သွားကြောင်း ရှင်းလင်းလှသည်။ ဤသို့ထင်မှတ်ခြင်းကလည်း အကြောင်းမဲ့တော့မဟုတ်ချေ။ ယင်းသည် ကြည့်ရသည်မှာ နုနယ်ပုံရသော လူတစ်ယောက်က သစ်ပင်ကြီးတစ်ပင်ကို လက်သီးတစ်ချက်တည်းနှင့် ထိုးဖြတ်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရခြင်းနှင့် တူပေသည်။

“ဒီကောင်သာ မြို့ပြစီမံခန့်ခွဲရေးအရာရှိ မဟုတ်ရင် ဘယ်သူမဆို ဒီလိုတွေးမိမှာပဲ…”

ဖုန်းပုကြွယ်သည် စိတ်ထဲမှ ကျေနပ်စွာ တွေးတောလိုက်သော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲဖြစ်ကာ နှုတ်ခမ်းထောင့်ကို အနည်းငယ်ကွေး၍ ပြုံးပြလိုက်လေသည်။

“ငါ့ရဲ့ စွမ်းရည်တွေက ဒါတင် မကသေးဘူး… ငါ့ထက် နည်းနည်းလောက် ပိုမြန်နေရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မထင်နဲ့ဦး”

လေလုံးထွားခြင်းက သူ၏ အထူးချွန်ဆုံးစွမ်းရည်ပါပေ။

“မင်းရဲ့ သေနတ်ပစ်စွမ်းရည်က ကောင်းတယ်ဆိုတာ ငါသိတယ် ၊ ဒါကြောင့် ငါထပ်သတိပေးပါရစေ... ငါသာ သတိလစ်သွားရင် ဗုံးက ချက်ချင်းပေါက်ကွဲမှာဖြစ်တယ် ၊ တကယ်လို့ မင်းက ငါ့ခေါင်းကို သေနတ်နဲ့ ပစ်ခွဲဖို့ တွေးနေရင်တော့ အသင့်ပြင်ထားလိုက်ပါ... မင်းအပါအဝင် ဒီပတ်ဝန်းကျင်က လူတွေအားလုံး ငါနဲ့အတူ သေကြရလိမ့်မယ်”

သူ စကားကို ခေတ္တရပ်၍ ဆက်ပြောလိုက်သည်။

“ပြီးတော့... မင်းငါ့ကို ခြေလက်တွေနဲ့ပဲ ဖမ်းချင်တယ်ဆိုရင်တော့ မင်းရဲ့ လက်မောင်းဒဏ်ရာကို အရင်ဆုံးထည့်တွက်ဖို့ ငါအကြံပြုချင်တယ် ၊ ပြီးတော့... ဒီလိုတိုက်ခိုက်မှုမျိုးကို မင်း ဘယ်နှချက်လောက် ထပ်တောင့်ခံနိုင်ဦးမှာလဲ”

တော့ဒ်သည် ဖုန်းပုကြွယ်၏ စကေးတွင် စောင့်ဆိုင်းရန်ကြာချိန် ဆယ်မိနစ် ရှိနေသည်ကို မသိချေ။ ထိုကဲ့သို့ ခြိမ်းခြောက်ပြီး အချက်အလက်ကျသော စကားများကို ကြားရသည့်အခါ တော့ဒ်သည်လည်း အကူညီမဲ့နေရသည်။ သူသည် လက်ရှိအခြေအနေတွင် ရန်သူကို တစ်ယောက်တည်းနှင့် ကိုင်တွယ်ရန် မလွယ်ကူကြောင်း သဘောပေါက်ပေသည်။ အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်မှာ ယခုအချိန်တွင် ယာယီဆုတ်ခွာပြီး ဒဏ်ရာရထားသည့် လက်မောင်းကို အရင်ဆုံးကုသရန် ဖြစ်သည်။

သို့သော် ပြဿနာမှာ တော့ဒ်သည်လည်း စိတ်ပိုင်းဆိုင်ရာ လုံးဝကောင်းမွန်နေသူတစ်ဦး မဟုတ်ချေ။ သူ၏ တရားမျှတမှုအပေါ် နားလည်ပုံသည် Marvel Universe ထဲမှ “အပြစ်ပေးသူ(Punisher)” နှင့် ဆင်တူပြီး နှစ်ဦးလုံးသည် အကြမ်းဖက်ဟီးရိုး အမျိုးအစားများ ဖြစ်ကြသည်။ မကောင်းမှုအပေါ် သူ၏ မုန်းတီးစိတ်က ပို၍ပင် ပြင်းထန်လှသေး၏။

ကျိုးသွားသည့် လက်မောင်းမှပေးသည့် နာကျင်မှုသည် စိတ်ကြွဆေးတစ်မျိုးကဲ့သို့ ဖြစ်ပြီး ရန်သူကို ချက်ချင်း ရှင်းလင်းပစ်ချင်သည့် တော့ဒ်၏ အလိုဆန္ဒကို ပိုမိုတောက်လောင်စေတော့သည်။

“စကား ကောင်းလှချည်လား… ဒါဆိုရင်တော့ မင်းလည်း ထွက်မပြေးနိုင်အောင်၊ ဗုံးကိုလည်း မဖောက်ခွဲနိုင်အောင် မင်းရဲ့ ခြေလက်တွေကို အရင်ဆုံး ချိုးပစ်ရမှာပေါ့”

တော့ဒ်သည် သူ၏ ဘယ်ဘက်လက်ဖြင့် သေနတ်ကိုမြှောက်၍ အမြင့်မှ ချိန်ရွယ်လိုက်သည်။

“မစိုးရိမ်ပါနဲ့... သွေးထွက်လွန်ပြီး မင်းသတိလစ်မသွားစေရဘူး ၊ မင်း သတိမလစ်ခင် အဒရီနယ်လင်နဲ့ မော်ဖင်းတွေကို ငါ အလုံအလောက် ထိုးပေးပါ့မယ်”

ဖုန်းပုကြွယ်သည် သူဒုက္ခရောက်တော့မည်ကို အာရုံရလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအကောင်သည် သူ့စကားများကို လုံးဝနားမဝင်ဘဲ ယုံကြည်မှုလွန်ကဲနေပြီး ပစ်မှတ်လွဲချော်သွားလျှင် ဖြစ်လာမည့် နောက်ဆက်တွဲရလဒ်များကို လုံးဝ ဂရုမစိုက်တော့သောကြောင့် ဖြစ်သည်။

“ဘိ…ဘိ”

ဖုန်းပုကြွယ် ဆဲဆိုလိုက်ရင်း အစောပိုင်းက သူမောင်းနှင်လာခဲ့သည့် ကားဆီသို့ ဦးတည်ကာ ပြေးလွှားလိုက်လေသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် သူသည် ဗီဇအရ တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။ သူ့စိတ်ထဲတွင် အချက်ပေးသံတစ်ခု အကျိုးအကြောင်းဖြစ်စဉ်များ ချက်ချင်း ဖြတ်သန်းသွားကာ ကောက်ချက်တစ်ခု ထွက်ပေါ်လာတော့သည်။ ယင်းမှာ... အခြားကစားသမားများလည်း အနီးအနားတွင် ရှိနေကြခြင်း ဖြစ်၏။

ထိုကောက်ချက်ကို အတည်ပြုရန်အတွက် သူသည် ထပ်မံကျိန်ဆဲရန် ကြိုးစားလိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ စနစ်က သူ့ကို တားဆီးပိတ်ပင်လိုက်ပြီ ဖြစ်သည်။

“တကယ့်ကို ကံဆိုးမိုးမှောင်ကျတော့တာပဲ...”

ဖုန်းပုကြွယ် ရေရွတ်ရင်း မစ္စမောက်ဇီ၏ ဒေါသကို ထုတ်ယူကာ တော့ဒ်ရှိရာ နေရာဆီသို့ ကျည်ဆန်များ တရစပ် ပစ်ခတ်လိုက်တော့သည်။

မှန်ပေသည် တော့ဒ်သည်လည်း ထိုပစ်ခတ်မှုမျိုးကို သေချာပေါက် အထိခံမည်မဟုတ်ချေ။ ရုပ်ပြကာတွန်းစာအုပ်ထဲက ဟီးရိုးဆိုသည်မှာ မည်သို့နည်း။ ရုပ်ပြကာတွန်းဟီးရိုးတစ်ယောက်အတွက် ကျည်ဆန်မုန်တိုင်းများကြားတွင် ရိုးရိုးရှင်းရှင်း လိမ့်ထွက်လိုက်ရုံဖြင့် လုံးဝ ထိခိုက်မှုမရှိနိုင်ဘဲ အလွန်ဆုံးရှိမှ အနည်းငယ်သာ ရှပ်ထိသွားတတ်ခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည်လည်း ဤတိုက်ခိုက်မှုကြောင့် အစစ်အမှန် ထိခိုက်မှု ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူသည် အချိန်ဆွဲရန်အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သည်။ သူ၏ ကားနောက်ဖုံးထဲတွင် မစ္စတာဖရိဇ်၏ ချပ်ဝတ် ရှိနေခြင်းဖြစ်သည်။ ၎င်းကို ဝတ်ဆင်ပြီးသွားပါက သာမန်ကျည်ဆန်များသည် ဘာမှမဟုတ်တော့သော်လည်း ထိုကြီးမားလေးလံသော ချပ်ဝတ်ထဲသို့ တိုးဝင်ရန်မှာ သူ့အတွက် အနည်းဆုံး ခုနစ်စက္ကန့် သို့မဟုတ် ရှစ်စက္ကန့်ခန့် အချိန်ယူရမည်ဖြစ်သည်။

အမည် - သွေးအေးချပ်ဝတ်

အမျိုးအစား - ချပ်ဝတ်

အရည်အသွေး - ပြည့်စုံ

ခုခံကာကွယ်မှု - အလွန်အမင်း သန်မာခြင်း

ဂုဏ်သတ္တိ - အလင်းပြန်ခြင်း၊ အပူအအေး သီးခြားဖြစ်စေခြင်း

အထူးအာနိသင်များ - သာမန်ကျည်ဆန်များကို လုံးဝခုခံနိုင်သည်၊ အထူးကျည်ဆန်များနှင့် လေးလံသော လက်နက်များ၏ ဖျက်ဆီးမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်၊ အတွင်းပိုင်း အပူချိန်ကို အလိုအလျောက် ညှိနှိုင်းပေးနိုင်ပြီး လေ၀င်လေထွက်နှင့် သန့်စင်မှုစနစ် ပါဝင်သည်။

အသုံးပြုရန် လိုအပ်ချက် - အမျိုးသားကစားသမား ဖြစ်ရမည်ဖြစ်ပြီး ချပ်ဝတ်ကို အသက်သွင်းနိုင်လောက်သည့် ခွန်အား ရှိရမည်။

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - မစ္စတာဖရိဇ် အမြဲဝတ်ဆင်လေ့ရှိသော ချပ်ဝတ်ဖြစ်ပြီး အလွန်ထူးကဲလှသော ခုခံမှုစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ၎င်း၏ အားနည်းချက်များသည်လည်း ထင်ရှား၏။ ပထမအချက်မှာ အလွန်လေးလံလွန်းသဖြင့် ဝတ်ဆင်ရန် အတိုင်းအတာတစ်ခုအထိ ခွန်အားလိုအပ်ပြီး လှုပ်ရှားသည့်အခါ သက်လုံအမြောက်အမြား ကုန်ဆုံးစေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းသည် အားသွင်းရန် လိုအပ်ပြီး အားသွင်းရမည့် အချိန်အပိုင်းအခြားမှာ သုံးနာရီမှ ခြောက်နာရီအထိ ဖြစ်သောကြောင့် စိတ်ပျက်စရာကောင်းလောက်အောင် အကြိမ်ရေများပြားခြင်း ဖြစ်သည်။ တတိယအချက်မှာ ချပ်ဝတ်တန်ဆာ၏ အတွင်းပိုင်းအပူချိန်သည် ၀ မှ ၁၀ ဒီဂရီဆဲလ်စီးယပ်စ်အတွင်း ရှိနေသဖြင့် သာမန်လူများအနေနှင့် ရေရှည်ဝတ်ဆင်ပါက ခန္ဓာကိုယ်အပူချိန် လွန်ကဲစွာ ကျဆင်းမှုအန္တရာယ် ရှိနိုင်ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် မှတ်ချက်တွင် ဖော်ပြမထားသည့် အခြားပြဿနာနှစ်ခုလည်း ရှိနေသေး၏။ ပထမအချက်မှာ ဤပစ္စည်းသည် “ချပ်ဝတ်” ဟု သတ်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ “ယာဉ်” တစ်စီးနှင့် ပိုတူသဖြင့် ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်သွင်းမရနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် ၎င်းကို ကားထဲတွင်သာ ထည့်သွင်း၍ သယ်ဆောင်သွားနိုင်သည်။ ဒုတိယအချက်မှာ ဝတ်ဆင်ခြင်းနှင့် ပြန်ချွတ်ရခြင်းသည်လည်း တူညီစွာပင် ရှုပ်ထွေးလှပြီး အချိန်အနည်းငယ် ပေးရခြင်း ဖြစ်သည်။

ဤကဲ့သို့ တောင့်ခံရန်ခက်ခဲသော တိုက်ပွဲတွင် အဓိကသော့ချက်သည် ချပ်ဝတ်ကို အောင်မြင်စွာ ဝတ်ဆင်နိုင်ခြင်း ရှိမရှိပေါ်တွင်သာ မူတည်တော့သည်။

All Chapters