အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း (၂၇၉) ဝတ်ရုံလုပွဲ - ၂၁
ထောင်ကားပေါ်မှ လွတ်မြောက်လာပြီးနောက် သျှီဝနှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့သည် ပူးပေါင်းမိသွားကြပြီး ပတ်ဝန်းကျင်ရှိ ရဲအရာရှိများ၏ အသက်ကို အသုံးချ၍ နိုက်ဝင်းကို ယာယီနောက်ဆုတ်သွားစေခဲ့ပြီး ဖမ်းဆီးခံရခြင်းမှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ကြသည်။ မှန်ပေသည် ထိုအချိန်မှစ၍ သူတို့သည် ဇာတ်လမ်း၏ လမ်းမှန်ဘက်တော်သားများနှင့် လုံးဝ ဆက်ဆံရေးပြတ်တောက်သွားပြီ ဖြစ်သည်။
သူတို့ အဖမ်းခံထားရသည့် အချိန်အပိုင်းအခြားသည် သူတို့အတွက် အနားယူရသည့် အချိန်တစ်ခု ဖြစ်ခဲ့ပေသည်။ ထွက်ပြေးမှုကြောင့် သူတို့၏ စွမ်းအင်အချို့ အနည်းငယ်ကုန်ဆုံးသွားခဲ့သော်လည်း ယေဘုယျအားဖြင့် သူတို့၏ အခြေအနေများသည် အပြည့်နီးပါး ရှိနေကြသေးသည်။
သူတို့၏ စွမ်းရည်များနှင့်ဆိုလျှင် စွမ်းအင်အပြည့်ဖြစ်နေချိန်တွင် သူတို့သည် စူပါဟီးရိုးများကဲ့သို့ ကွန်ကရစ်တောအုပ်ကြီးထဲ၌ လွတ်လပ်စွာ ပျံလွှားနိုင်ကြသည်။ အဆောက်အအုံအမိုးများကြားမှ အကွာအဝေးသည် သူတို့အတွက် ဘာမှမဟုတ်ချေ။ သူတို့သည် The Matrix ရုပ်ရှင်ထဲကလိုပင် အဆောက်အအုံတစ်ခုမှတစ်ခုသို့ ခုန်ကူးသည့်လှုပ်ရှားမှုမျိုးကိုပင် ပြုလုပ်နိုင်ကြပေသည်။
ထို့ကြောင့် အောင်မြင်စွာ လွတ်မြောက်လာကြပြီးနောက် နှစ်ဦးသား လမ်းခွဲလိုက်ကြပြီး ညအမှောင်ထုထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြလေသည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်း သွားရာနေရာကို ခေတ္တမျှ ချန်လှပ်ထားပြီး သျှီဝ၏လှုပ်ရှားမှုကိုသာ အဓိက အာရုံစိုက်ကြည့်ကြပါစို့။
ကစားသမားခြောက်ဦးထဲတွင် ဖုန်းပုကြွယ်တစ်ယောက်တည်းသာ “ဝတ်ရုံလုပွဲ” ရုပ်ပြကာတွန်းကို ဖတ်ဖူးသည်မဟုတ်ချေ။ သျှီဝသည် ယေဘုယျဇာတ်ကွက်ကို သိထားသော်လည်း သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် အနိုင်ရနိုင်သည်ဟု ယုံကြည်မှုရှိသောကြောင့် ဇာတ်ကောင်များနှင့် သိပ်ရောနှောရန် စိတ်ကူးမရှိခဲ့ချေ။
သို့သော် ယခုတွင်မူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ ဖုန်းပုကြွယ်ကဲ့သို့ လှည့်ကွက်များ အသုံးပြုရသည်ကို နှစ်သက်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် သျှီဝအနေဖြင့် အလွန်အမင်း ဖြောင့်မတ်နေ၍ မရတော့ချေ။ သို့မဟုတ်ပါက ကြီးကြီးမားမား ခံစားသွားရနိုင်ခြေ ရှိသည်။
သူ့အား လိုက်လံဖမ်းဆီးနေသူများကို လုံးဝခြေရာဖျောက်နိုင်ခဲ့ပြီဟု အတည်ပြုပြီးနောက် သူသည် အင်တာနက် အသုံးပြုနိုင်မည့် နေရာတစ်ခုကို အရင်ဆုံး ရှာဖွေကာ သတင်းအချက်အလက်များကို စတင်စုဆောင်းတော့သည်။
အွန်လိုင်းပေါ်တွင် “အခြားကမ္ဘာမှ လာရောက်သူ” နှင့် ပတ်သက်သည့် သတင်းများက နေရာအနှံ့ ပျံ့နှံ့နေပြီး ဗီဒီယိုဝက်ဘ်ဆိုက်များတွင် ကြည့်ရှုသူအများဆုံး ဗီဒီယိုမှာ “အနောနီးမတ်” ထုတ်လုပ်ထားသည့် “ရော်ဘင်၏ သေဆုံးခြင်း” ဖြစ်ပေသည်။
သျှီဝသည် ထိုဗီဒီယိုကို ကြည့်ရှုပြီး သတင်းအစီရင်ခံစာအချို့ကို ဖတ်ရှုလိုက်ချိန်တွင် ယခုရက်ပိုင်းအတွင်း ဖုန်းပုကြွယ်၏ လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ နားလည်သွားခဲ့သည်။ သံသယဖြစ်ဖွယ်မရှိဘဲ “အနောနီးမတ်” ဆိုသည်မှာ ဖုန်းပုကြွယ်ပင် ဖြစ်ပြီး ထိုကောင်လေး၏ အသွင်အပြင်ကိုလည်း ယခုတွင် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူယုံကြည်ထားသည့် အရေးအကြီးဆုံးသတင်းတစ်ခုမှာ ဖုန်းပုကြွယ်သည် ယခုချိန်ထိ အဖမ်းမခံရသေးသည့်အချက်ပင် ဖြစ်၏။
သျှီဝနှင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့ကို သတင်းများထဲတွင် “အခြားကမ္ဘာမှ ရာဇဝတ်ကောင် A နှင့် B” ဟု ရည်ညွှန်းထားကြပြီး သူတို့ အဖမ်းခံရသည့်သတင်း၊ လွတ်မြောက်သွားသည့် သတင်းများကိုပင် အွန်လိုင်းပေါ်တွင် တွေ့ရှိနိုင်ပြီ ဖြစ်သည်။ သို့သော် လမ်းပေါ်တွင် ပိုက်ဆံများ ကြဲခဲ့ပြီး ရဲများကို သတ်ကာ ရော်ဘင်ကိုပါ သတ်ပစ်ခဲ့သည့် ထိုအမည်မသိအရူးကောင်၏ သတင်းကိုမူ သတင်းများထဲတွင် လုံးဝ ဖော်ပြထားခြင်းမရှိချေ။ ယင်းက သူသည် တရားဝင်အာဏာပိုင်များ၏ ဖမ်းဆီးမှုကို မခံရသေးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
သျှီဝသည် ယူဆချက်သုံးခု ပြုလုပ်လိုက်သည်။ ပထမအချက်မှာ သူသည် ‘ဂေါ့ဒ်နက်’ အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူ့စွမ်းအားများကို အလွဲသုံးစားလုပ်ခံနေရခြင်း ၊ ဒုတိယအချက်မှာ သူသည် ဂျေဆန်တော့ဒ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ချုပ်နှောင်ခံနေရခြင်း ၊ တတိယအချက်မှာ သူသည် လွတ်မြောက်နေဆဲဖြစ်ပြီး အကြံအစည်တစ်ခုကို ကြံစည်နေခြင်း ဖြစ်သည်။
ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ပထမအခြေအနေမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှသည်။ ဂေါ့ဒ်နက်အဖွဲ့ဝင်များသည် နောက်ဆုံးတွင် “လူကောင်းများ” ဖြစ်ကြသည်။ သူတို့သည် တင်မ်သေဆုံးမှုအတွက် အလွန်အမင်း ဝမ်းနည်းပူဆွေးကြမည်ဖြစ်သော်လည်း စိတ်ရူးပေါက်သွားသည်အထိတော့ ဖြစ်လာမည်မဟုတ်ချေ။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အစောပိုင်း သူထွက်ပြေးလာချိန်က နိုက်ဝင်းအား ဤမျှကိုင်တွယ်ရ လွယ်ကူလိမ့်မည်မဟုတ်ပေ...။
ဒုတိယအခြေအနေသည်လည်း ဖြစ်နိုင်ခြေ နည်းပါးပေသည်။ သေခြင်းတမန်တော်၏ စွမ်းအားကို ထည့်သွင်းစဉ်းစားလျှင် ဂျေဆန်တော့ဒ်သည် ပို၍ သန်မာမည်ဖြစ်ပြီး လျော့နည်းမည်မဟုတ်ချေ။ ထို့ပြင် သူသည် အလွန်လည်း ကြမ်းတမ်းလှသည်။ နည်းဗျူဟာကိုသာ အဓိကအားကိုးသည့် အဆင့် ၂၈ ကစားသမားတစ်ဦးအနေနှင့် တော့ဒ်၏ “အရှင်ဖမ်းဆီးခြင်း” ကို ခံရရန်မှာ အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။ တိုက်ပွဲတွင် ချက်ချင်းအသတ်ခံရခြင်းကသာ ပုံမှန်ဖြစ်စဉ် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တတိယမြောက်ယူဆချက်ကသာ အချက်အကျဆုံး ဖြစ်ပုံရလေသည်။
ဖုန်းပုကြွယ် လွတ်မြောက်နေဆဲဖြစ်ကြောင်း ဆုံးဖြတ်ပြီးနောက် သျှီဝသည် သူ့ရည်ရွယ်ချက်များကို စတင်ဆင်ခြင်တော့သည်…။
“တကယ်လို့ ငါသာ တိုက်ခိုက်ရေးအထူးပြုတဲ့ ကစားသမားတစ်ယောက် မဟုတ်ခဲ့ရင် ဒီအခြေအနေမှာ ငါဘာလုပ်မလဲ”
သူ သူ့ဘာသာ မေးမြန်းလိုက်သည်။
မကြာမီ သျှီဝစိတ်ထဲ၌ စကားလုံးနှစ်လုံး ဖျတ်ခနဲ ထွက်ပေါ်လာလေသည်။
“လင်းနို့ဂူပဲ”
ထိုညတွင် ဂေါ့ဒ်နက်မှ ဟီးရိုးများသည် အင်အားအပြည့်ဖြင့် အပြင်ဘက်တွင် အလုပ်ရှုပ်နေကြမည်ဖြစ်ပြီး လိုက်လံထိန်းသိမ်းနိုင်ကြမည် မဟုတ်ချေ။ ဝှီးချဲပေါ်တွင် ထိုင်နေရသည့် ဆေ့ဂျ်နှင့် အိမ်တော်ထိန်းဟောင်းကြီး အဲဖရက်ကို ဘေးဖယ်ထားပါက လင်းနို့ဂူထဲတွင် ဘယ်သူမှ ရှိနေမည် မဟုတ်ပေ။
ယင်းမှာ လူအိုကြီးတစ်ဦးနှင့် မသန်မစွမ်းသူတစ်ဦးတို့ စောင့်ကြပ်နေသည့် ရတနာသိုက်ကြီးတစ်ခုလိုပင်။ ပစ္စည်းကိရိယာများနှင့် အိုင်တမ်များမှာ လွတ်လွတ်လပ်လပ် ယူဆောင်ခံရရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ထိုသို့ တွေးမိသည်နှင့် သျှီဝသည် ဂေါ့သမ်မြို့၏ မြေပုံကို ချက်ချင်းစစ်ဆေးပြီး ဝိန်းစံအိမ်ဆီသို့ ဦးတည်သွားတော့သည်။ ထိုနေရာ၌ ဖုန်းပုကြွယ်အား ရှာမတွေ့လျှင်ပင် ထိုနေရာသို့ အရင်ဆုံး ရောက်ရှိသွားခြင်းက သူ့အတွက် အလွန်အမင်း အကျိုးရှိစေမည် ဖြစ်သည်။
ဆယ်မိနစ်အကြာတွင် အဆောက်အအုံတစ်ခုအပေါ်မှ လှမ်းကြည့်ရင်း အဝေးတစ်နေရာရှိ လမ်းမဆီမှ သေနတ်သံများကို သူကြားလိုက်ရပြီး တော့ဒ်နှင့် ဖုန်းပုကြွယ်တို့၏ တိုက်ပွဲကို ချက်ချင်း မြင်တွေ့လိုက်ရလေသည်။
ညအချိန်ဖြစ်သော်လည်း လမ်းမီးတိုင်များနှင့် ကြော်ငြာဆိုင်းဘုတ်များက လင်းထိန်နေစေသည့်အပြင် လရောင်ကလည်း ကောင်းမွန်နေသောကြောင့် သျှီဝအနေဖြင့် ဖုန်းပုကြွယ်၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ ထို့ပြင် လမ်းသည် အတော်လေး တိတ်ဆိတ်နေသဖြင့် အသံမှာ အတော်ဝေးဝေးအထိ ပျံ့လွင့်နိုင်ပြီး ထောက်လှမ်းရေးကျွမ်းကျင်မှု အဆင့် C ရှိထားသော သျှီဝသည် သူတို့၏ စကားပြောသံများကိုပါ ကြားနေနိုင်လေသည်။
ဤသို့သာလွန်ကောင်းမွန်သော အခြေအနေမျိုးအောက်တွင် သျှီဝသည် သဘာဝကျကျပင် သူ့ကိုယ်သူ လူလုံးပြစရာ အကြောင်းမရှိချေ။ ဖုန်းပုကြွယ်ကိုယ်ပေါ်မှ ဗုံးသည် အစစ်လား အတုလားဆိုသည်ကို သူ မသေချာသလို ထိုဗုံး၏ စွမ်းအားနှင့် ပေါက်ကွဲမည့်အခြေအနေများသည်လည်း ဖုန်းပုကြွယ် ပြောသကဲ့သို့ ဟုတ်မဟုတ် သူမသိချေ။ ဤအချိန်တွင် ဘေးကင်းသော အကွာအဝေးတစ်ခုမှ ရန်ပွဲကို စောင့်ကြည့်နေခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။
တစ်ဖက်တွင်လည်း ဖုန်းပုကြွယ်သည် သိရှိသွားခဲ့ပြီ ဖြစ်သည်…။ သူသည် တော့ဒ်၏ တိုက်ခိုက်မှုကို ခံနေရရုံတင်မကဘဲ အခြားကစားသမားများ၏ စောင့်ကြည့်မှုကိုလည်း ခံနေရခြင်းဖြစ်သည်။ သို့သော်လည်း အစ်ကိုကြွယ်၏ နည်းဗျူဟာများကမူ ပြောင်းလဲမသွားချေ။ အနားတွင် ကစားသမားများ ရှိနေမှန်း သိနေလျက်ပင် သူသည် သူ၏ ချပ်ဝတ်ကို ဝတ်ဆင်ရန် ပြင်ဆင်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် တော့ဒ်သည် သန်မာလွန်းပြီး စိတ်အနှောင့်အယှက် ပေးလွန်းသဖြင့် သူ့ကို ချောင်ပိတ်မိအောင် ဖိအားပေးနေသောကြောင့် ဖြစ်သည်။
"ဂျေဆန်၊ မင်း အဲလောက်အထိ မောက်မာမနေနဲ့"
ဖုန်းပုကြွယ်က စက်သေနတ်ပစ်ခြင်းကို ရပ်တန့်လိုက်ပြီး ကားနောက်ဖုံးကို ဂွဖြင့် အတင်းကလော်ဖွင့်ရင်း အော်ပြောလိုက်သည်။
"တခြားကမ္ဘာက ငါ့အဖော်က ဒီအနီးအနားကနေ စောင့်ကြည့်နေတယ်ကွ၊ သူသာ လှုပ်ရှားလိုက်ရင် မင်း သေပြီပဲ"
ထိုသို့ပြောပြီးသည်နှင့် သူသည် ကားနောက်ဖုံးထဲသို့ လှိမ့်ဝင်သွားပြီး အဖုံးကို ပြန်ပိတ်လိုက်လေသည်။
"ချီးပဲ... သွားပြီ"
ထိုအချိန်တွင် သျှီဝ၏ စိတ်ထဲ၌ အတွေးများ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
"ဘာလဲကွာ၊ ဒီကောင်က ငါ ဒီနားမှာ ရှိနေတာကို ဘယ်လိုသိသွားတာလဲ၊ သူ လျှောက်ပြောနေတာလား၊ ကံကောင်းလွန်းတာပဲ၊ တကယ်လို့ သူလျှောက်ပြောနေတာ ဖြစ်ရင်တောင် ငါတော့ ဒုက္ခလှလှတွေ့ပြီ"
ဂျေဆန်တော့ဒ်သည် စူပါဟီးရိုးတစ်ယောက်ပီပီ စကားပင် ဆုံးအောင်မပြောရသေးခင် သိမ်းငှက်ကဲ့သို့ ထက်မြက်လှသော သူ့မျက်လုံးများဖြင့် ပတ်ဝန်းကျင်ရှိ မိုးမျှော်တိုက်များ၏ ခေါင်မိုးများ၊ ဝရန်တာများနှင့် ပြတင်းပေါက်များကို ဝေ့ဝဲရှာဖွေလိုက်သည်။ သျှီဝခမျာ ပုန်းအောင်းရန်ပင် အချိန်မရလိုက်ဘဲ အမိအရ အမြင်ခံလိုက်ရတော့သည်။
"တကယ်ကြီး တစ်ယောက် ရှိနေတာပဲ..."
တော့ဒ်က အသံမြှင့်၍ သျှီဝရှိသည့်ဘက်သို့ လှမ်းပြောလိုက်သည်။
"ဂေါ့ဒ်နက်ရဲ့ လိုင်းပေါ်မှာ ကြားလိုက်တယ်၊ မင်း နိုက်ဝင်းဆီကနေ လွတ်မြောက်လာတာဆို... ဟမ့်၊ မဆိုးပါဘူး"
ပြောပြောဆိုဆိုနှင့် သူသည် သျှီဝကို ရှင်းပြခွင့်ပင် မပေးတော့ဘဲ မောင်းခလုတ်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲညှစ်လိုက်တော့သည်။
သျှီဝရှိနေသည့် ခေါင်မိုးသည် တော့ဒ်ထက် ပိုမြင့်ပေသည်။ သူသည် တော့ဒ်၏ အမြင်အာရုံမှ ကွယ်သွားစေရန် အမြန်နောက်ဆုတ်လိုက်ရသည်။
မမျှော်လင့်ထားသည်က တော့ဒ်သည် ကြိုးသေနတ်ကို ချက်ချင်းပြောင်းလဲအသုံးပြုပြီး အနီးနားရှိ အခြားအဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ တက်သွားကာ သျှီဝထက် ပိုမြင့်သော နေရာမှနေ၍ ဆက်တိုက်ပစ်ခတ်တော့သည်။ ထင်ရှားသည်မှာ သူသည် ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီ ဆိုသည့်အချက်ပင်။
သျှီဝအနေဖြင့် သူ၏ ကံဆိုးမှုကိုသာ လက်ခံလိုက်ရတော့သည်။ မည်သို့ပင်ဖြစ်စေ သူ့ခန္ဓာကိုယ်တွင် ဗုံးများ ပတ်မထားသည် မဟုတ်ပါလား…။ ဖုန်းပုကြွယ်ကား ကားနောက်ဖုံးထဲ ဝင်ပုန်းလိုက်သည့်အတွက် တော့ဒ်က သူ့ကို ဆက်လက်ပစ်ခတ်၍ မရတော့ချေ။ ထိုကောင်လေးက အထဲတွင် ဘယ်လိုပုံစံနှင့် နေနေတာကို ဘယ်သူသိမှာလဲ။ တကယ်လို့ ဗုံးကို သွားမှန်သွားရင် ဘယ်လိုလုပ်မလဲ။
"နားထောင်စမ်း၊ ငါက သူ့ဘက်က မဟုတ်ဘူး"
သျှီဝက အကာအကွယ်တစ်ခုနောက်သို့ လှိမ့်ဝင်ရင်း အော်ပြောလိုက်သည်။
"ငါ သက်သေပြနိုင်တယ်၊ သူ့ကို သတ်ဖို့ ငါမင်းကို ကူညီပေးမယ်"