← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) ဝတ်ရုံလုပွဲ - ၂၂

“နားထောင်စမ်း၊ လမ်းပေါ်ကို ပိုက်ဆံတွေ ကြဲချခဲ့တာလည်း သူပဲ၊ ရဲတွေကို သတ်ခဲ့တာလည်း သူပဲ၊ ရော်ဘင်ကို သတ်ပစ်ခဲ့တာလည်း သူပဲ”

သျှီဝက ဆက်လက်၍ ထပ်လောင်းပြောဆိုလိုက်သည်။

“အဲဒီရဲတွေနဲ့ ဂေါ့ဒ်နက်အဖွဲ့ကလူတွေက ငါ့ကို ဘာမှမမေးမမြန်းဘဲ ‘အန္တရာယ်ရှိတဲ့သူ’ လို့ သတ်မှတ်ပြီး ဖမ်းဆီးခဲ့ကြတာ၊ ဒါကြောင့် ငါကတော့ ထွက်ပြေးရမှာပဲလေ”

သူက စကားခဏ ရပ်လိုက်သည်။

“ဒီလို ကိုယ့်ကိုယ်ကိုယ် တရားမျှတပါတယ်ဆိုတဲ့ လူတွေက အမြဲတမ်း သူတို့ရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကိုပဲ ဖက်တွယ်ထားပြီး တခြားသူတွေကိုလည်း အဲဒီအတိုင်း လိုက်နာဖို့ အတင်းအကျပ် ဖိအားပေးတတ်ကြတာ… ဒီလိုကိစ္စမျိုးက ဘယ်လောက်အထိ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလဲဆိုတာ မင်းက ငါ့ထက်ပိုပြီး နားလည်ထားသင့်တယ် မဟုတ်လား”

ထိုစကားလုံးများသည် ဂျေဆန်တော့ဒ်၏ အကြိုက်ကို အနည်းငယ်လိုက်ဖောရာ ရောက်ပေသည်။ အကြောင်းမူကား ဂျေဆန်တော့ဒ်သည် ရော်ဘင်အားလုံးထဲတွင် အပုန်ကန်တတ်ဆုံးသူဟု ဆိုနိုင်ပြီး ဘရုစ်ဝိန်း၏ အတွေးအခေါ် အတော်များများကိုလည်း လက်မခံနိုင်သူ ဖြစ်သောကြောင့်ပင်။

လူတစ်ဦး၏ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများသည် အရာများအပေါ် ရှုမြင်သည့် အမြင်နှင့် တရားမျှတမှုအပေါ် နားလည်မှုကို ပြောင်းလဲစေတတ်ပေသည်။ ရော်ဘင်အဆင့်မှသည် “ရက်ဒ်ဟုဒ်”ဘဝသို့ ရောက်ရှိသွားသော တော့ဒ်သည် ဒစ်ခ် နှင့် တင်မ်တို့ နားမလည်နိုင်သည့် ကမ္ဘာတစ်ခုတွင် ရှင်သန်နေခဲ့ခြင်းဖြစ်သည်။ တော့ဒ်၏ အမြင်တွင် ပထမနှင့် တတိယမြောက် ရော်ဘင်တို့သည် ဝိန်း၏ ဦးနှောက်ဆေးခံထားရပြီး စိတ်ကူးယဉ်ဆန်လှသော စည်းမျဉ်းများအတိုင်း လိုက်နာလှုပ်ရှားနေကြသည့် အလွန်အမင်း မိုက်မဲသူများသာ ဖြစ်ကြပေသည်။

အချို့က တော့ဒ်သည် အစွန်းရောက်သည်ဟု ထင်မြင်နိုင်သော်လည်း ပြောင်းပြန်လှန်ပြောရလျှင် ဘက်တ်မန်းကသာ အစွန်းရောက်သွားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့နှစ်ဦးစလုံးတွင် ကလေးဘဝ ဒဏ်ရာများနှင့် စိတ်ဒဏ်ရာ အမာရွတ်များ ကိုယ်စီရှိကြသဖြင့် မည်သူ၏ တန်ဖိုးထားမှုစံနှုန်းက ပိုမှန်ကန်သည်ဟု ပြောရန် ခက်ခဲလှသည်။

မှန်ပေသည်၊ အကယ်၍ ဂျိုကာသာ ဆုံးဖြတ်ရမည်ဆိုပါက သူတို့နှစ်ဦးလုံး အရူးများသာ ဖြစ်ကြလိမ့်မည်…။

“အဲဒီလိုလား… ဒါဆို မင်းကို သက်သေပြဖို့ အခွင့်အရေးတစ်ခု ပေးရတာပေါ့”

တော့ဒ်သည်လည်း သူ့အတွက် အကာအကွယ်တစ်ခု ရှာဖွေလိုက်ပြီး မျက်နှာဖုံးအောက်မှ သူ၏ အက်ရှရှအသံဖြင့် ပြောလိုက်သည်။

“မင်းက သူ့ကို သတ်ချင်တယ်လို့ ပြောတယ်မလား၊ ဒါဆိုရင် ငါမနှောင့်ယှက်တော့ဘူး၊ မင်း တစ်ယောက်တည်းပဲ သွားလိုက်”

ထိုအချိန်တွင် အင်ဒေါဖင်ဆေးများ၏ သက်ရောက်မှုကြောင့် သူ၏ ညာဘက်လက်ကောက်ဝတ် ကျိုးသွားသည့် ဒဏ်ရာမှာ အလွန်အမင်း မနာကျင်တော့ချေ။ သို့သော်လည်း… အကယ်၍ သူသည် ထိုလက်ကို အသုံးပြု၍ သေနတ်ပစ်ခြင်း သို့မဟုတ် ပြန်လည်တိုက်ခိုက်ခြင်းကို ရေတိုအတွင်း ပြုလုပ်လိုပါက ဒဏ်ရာပိုပြင်းလာပြီး နာကျင်မှုကြောင့် သတိလစ်သွားနိုင်သည်အထိ ပြင်ဆင်ထားရမည် ဖြစ်သည်။

ထိုစကားကို ကြားသည်နှင့် သျှီဝက ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။

“အိုကေ”

ထို့နောက် သူသည် အလွန်မြင့်မားသောအရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး လက်တစ်ဖက်ဖြင့် ကိုယ်ကိုတွန်းတင်ကာ ခေါင်မိုးပေါ်မှ လွှားခနဲ ခုန်ချလိုက်ပြီး လမ်းမဆီသို့ ဆင်းသက်သွားတော့သည်။

တော့ဒ်သည် လှုပ်ရှားသံကို ကြားလိုက်သဖြင့် အပြင်သို့ လှမ်းချောင်းကြည့်လိုက်ရာ ထိုလူ အဆောက်အအုံပေါ်မှ ခုန်ချသွားသည်ကို ကိုယ်တွေ့ မြင်လိုက်ရလေသည်။ စဉ်းစားကြည့်လျှင် တော့ဒ်၏ “ဟီးရိုး” အဆင့် စွမ်းရည်နှင့်ပင် သူသည် မည်သည့်ကိရိယာမှမပါဘဲ သုံးထပ်မြောက်မှသာ ခုန်ချရဲပြီး ထိုထက်မြင့်ပါက ပျံသန်းနိုင်သည့်ဝတ်ရုံ သို့မဟုတ် ကြိုးများကို အသုံးပြုရမည် ဖြစ်သည်။

သို့သော် ရိုးရိုးအရပ်ဝတ် အဝတ်အစားများဝတ်ထားသည့် ထိုလူကမူ ရှစ်ထပ်မြောက် ခေါင်မိုးပေါ်မှ တုံ့ဆိုင်းခြင်းမရှိဘဲ ခုန်ချသွားခြင်းဖြစ်သည်…။

“ဒီတခြားကမ္ဘာကလာတဲ့ ခရီးသွားတွေက သာမန်လူသားတွေ မဟုတ်ကြဘူးလား…”

တော့ဒ်သည် စိတ်ထဲမှ ရေရွတ်လိုက်မိပြီး သူတို့အားလုံးတွင် စူပါပါဝါများ ရှိကြသည်ဟု ယခုတွင် အခိုင်အမာ ယုံကြည်သွားရတော့သည်။

ဆင်းသက်ပြီးနောက် သျှီဝသည် အရင်ဆုံး ခေါင်မိုးပေါ်သို့ မော့ကြည့်လိုက်သည်။ သူ တော့ဒ်ကို မမြင်ရသော်လည်း တစ်ဖက်လူက အပေါ်မှ စောင့်ကြည့်နေကြောင်း သိရှိထား၏။

“မင်းကတိအတိုင်း ငါသူ့ကို သတ်နေတဲ့အချိန်မှာ ချောင်းမြောင်းတိုက်ခိုက်တာမျိုး မလုပ်ဖို့ မျှော်လင့်ပါတယ်”

သျှီဝက ပြောလိုက်သည်။

တိတ်ဆိတ်မှုကသာ သူ့ကို ပြန်အဖြေပေးခဲ့သော်လည်း ထိုမျှနှင့် လုံလောက်ပေပြီ။

ထို့နောက် သျှီဝသည် ဖုန်းပုကြွယ် ပုန်းနေသည့် ကားဆီသို့ အာရုံကို ပြောင်းလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

မှော်စိတ်ဝိညာဉ်လက်နက်ဖြစ်သည့် ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီသည် သူ့နောက်ကျောတွင် ပေါ်ထွက်လာပြီး အဖြူရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် ကျောက်ပြားဝိုင်း ခုနစ်ချပ်က ပျံသန်းထွက်ခွာသွားကာ ၎င်းတို့ပစ်မှတ်ဆီသို့ တည့်တည့်ဦးတည်သွားတော့သည်။

သျှီဝရှိနေသည့်နေရာကို ဗဟိုပြု၍ ထိုကျောက်ပြားဝိုင်းများသည် မီတာနှစ်ရာ အချင်းဝက်အတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်ကြပြီး မည်သည့်ထောင့်မှမဆို အလင်းတန်းများ ပစ်ခတ်နိုင်သဖြင့် အလွန်လျင်မြန်ဖျတ်လတ်သော လွင့်မျောနေသည့် အမြောက်ခုနစ်လက်ကဲ့သို့ပင် ဖြစ်သည်။ ဤလက်နက်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် အလုံပိတ်နေရာအောက်၌ ပုန်းအောင်းနေသည့် ဖုန်းပုကြွယ်သည် အိုးထဲမှ လိပ်ကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

“ကိုယ့်ကိုယ်ကိုယ် တော်လှချည်ရဲ့လို့ ထင်နေတဲ့ကောင်တွေက အမြဲတမ်း ကိုယ့်တွင်းကိုယ် တူးတတ်ကြတာပဲ”

သျှီဝက ဝင့်ကြွားစွာ မှတ်ချက်ပေးလိုက်သည်။ ဖုန်းပုကြွယ်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် တော့ဒ်ထက်ပင် ပိုမိုရဲတင်းနေလေသည်။ ဗုံးများကို သူဂရုမစိုက်ချေ။ ထိုဗုံးများက အစစ်ဖြစ်နေလျှင်ပင် မီတာနှစ်ရာအကွာအဝေးမှ သူ့ကို ချက်ချင်း အသက်မသေစေနိုင်သရွေ့ အဓိပ္ပာယ်မရှိချေ။

ကျောက်ပြားဝိုင်းခုနစ်ချပ်သည် ကားဆီသို့ ပျံသန်းသွားကြပြီး ကားပေါ်၌ ဝဲပျံဖြန့်ကြက်လိုက်ကြရာ ၎င်းသည် သားကောင်ကို အမိအရပစ်မှတ်ထားပြီး စားသောက်ပွဲဆင်နွှဲရန် အဆင်သင့်ဖြစ်နေသည့် လင်းတတစ်အုပ်နှင့် တူလှသည်။

စက္ကန့်အနည်းငယ်အကြာတွင် စူးရှသောအသံများ ဆက်တိုက်မြည်ဟည်းသွားပြီး ကျောက်ပြားဝိုင်း တစ်ချပ်ချင်းစီမှ အလင်းလှိုင်းတိုက်ခိုက်မှုများကို ပစ်ခတ်လိုက်ရာ ခြွင်းချက်မရှိပင် ကားပေါ်သို့ အားလုံး ကျရောက်သွားတော့သည်။ ဤဆက်တိုက်တိုက်ခိုက်မှုသည် အချိန်ကြာကြာ မခံလိုက်ချေ။ ကားသည် မီးစွဲလောင်သွားပြီး ပေါက်ကွဲသွားခဲ့သည်။

မှန်ပေသည်၊ ၎င်းသည် ရိုးရိုးကားတစ်စီး ပေါက်ကွဲခြင်းသာဖြစ်သဖြင့် ပေါက်ကွဲမှုအရှိန်သည် အလွန်ဆုံးရှိလှ မီတာအနည်းငယ်သာ ဖြစ်၏။ ဖုန်းပုကြွယ် ပြောဆိုခဲ့သည့် “လမ်းအတော်များများကို ပြာကျစေမယ့်” အခြေအနေမျိုးတော့ ဖြစ်မလာခဲ့ချေ။

“မြင်တယ်မလား ဂျေဆန်”

သျှီဝက အပေါ်ဘက်သို့ လှမ်းပြောလိုက်သည်။

“သူက လူလိမ်တစ်ယောက်ပဲ၊ လုံးဝ အလိမ်အညာကောင်၊ တကယ်လို့ သူ့ကိုယ်မှာ ဗုံးအစစ်သာ ပတ်ထားရင် သူအခုလောက်ဆို…”

“မင်းတို့ နှစ်ယောက်စလုံးကို လေထဲလွင့်သွားစေမှာပေါ့”

တခြားအသံတစ်ခုက သျှီဝ၏ စကားကို ဖြတ်ပြောရင်း သူ့စာကြောင်းကို အဆုံးသတ်ပေးလိုက်သည်။

သျှီဝသည် အံ့အားသင့်စွာဖြင့် ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် နောက်ကျပြီးမှ ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်ရာ ဖုန်းပုကြွယ်ဟူသည့် အိုင်ဒီတွင် “ရှင်သန်ဆဲ” ဟု ပြသနေသည်ကို တွေ့ရှိလိုက်ရသည်။

တောက်လောင်နေသော မီးလျှံများထဲမှနေ၍ ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ခြေတစ်လှမ်းစီတိုင်းတွင် စက်ရုပ်တစ်ကောင်ကဲ့သို့ သတ္တုသံများ တထပ်ထပ် မြည်နေလေသည်။

ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သျှီဝက ရေရွတ်လိုက်မိသည်။

“ဒါ ဘာကြီးလဲဟ”

“မင်းဆီမှာ မစ္စတာ ဖရိဇ်ရဲ့ ချပ်ဝတ်ရှိနေတာပဲ…”

အပေါ်မှ စောင့်ကြည့်နေသော တော့ဒ်က ထိုသံချပ်ကာဝတ်စုံကို ချက်ချင်း မှတ်မိသွား၏။

“ဟားဟားဟားဟား…”

ဖုန်းပုကြွယ်က ဝင့်ကြွားစွာ ရယ်မောလိုက်သည်။ ချပ်ဝတ်ပေါ်ရှိ စပီကာမှ ထွက်ပေါ်လာသော သူ့အသံသည် စက်ပစ္စည်းဖြင့် ပြုပြင်ထားသည့်အသံကဲ့သို့ ထွက်ပေါ်လာလေသည်။

“သျှီဝ ဟုတ်တယ်မလား”

သူက တခြားတစ်ယောက်ကို ပြောလိုက်သည်။

“မင်းက အဲဒီအကွာအဝေးမှာ ရပ်နေရုံနဲ့ ငါ့ကိုယ်ပေါ်က ဗုံးတွေကြောင့် အသက်မသေဘူးလို့ တကယ်ကြီး ထင်နေတာလား၊ ဟမ့်… ငါအကြိမ်ပေါင်းများစွာ အလေးအနက် ပြောခဲ့ပြီးသားပဲ၊ ဒီဗုံးတွေသာ တစ်ခါပေါက်ကွဲသွားရင် ပတ်ဝန်းကျင်လမ်းဘလောက်အတော်များများမှာ ရှင်သန်သူ ရှိမှာမဟုတ်ဘူးလို့”

“လာနောက်မနေနဲ့၊ မင်း တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် TNT ဗုံးတွေ ပတ်ထားတယ်ဆိုရင်တောင် အဲဒီဂျာကင်အင်္ကျီထဲမှာ ဘယ်လောက်အထိ ဖုံးကွယ်ထားနိုင်မှာလဲ၊ မင်းက မင်းကိုယ်မင်း နျူကလီးယားဗုံးအသေးလေးတစ်လုံး ဝှက်ထားတယ်လို့ ပြောချင်တာလား”

သျှီဝ၏ စကားများသည် သူ့သံသယကို ဖော်ပြနေရုံတင်မကဘဲ တစ်ဖက်လူကို စမ်းသပ်စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် တစ်ဖက်လူဘာကြံစည်နေသည်ကို သဘာဝအတိုင်း နားလည်ထားသည်။ သူက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“ငါပတ်ထားတာက အပူစွမ်းအင်သုံး လေဟာနယ်ဗုံးကွ၊ စမ်းကြည့်ချင်လား”

“ဘာ”

သျှီဝက စကားမဆိုသော်လည်း အထက်စီးတွင် ရပ်နေသည့် တော့ဒ်မှာမူ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ ဤသည်မှာ သာမန်စစ်ရေးဝါသနာအိုးတစ်ယောက်နှင့် ကျွမ်းကျင်သူတစ်ယောက်ကြားက ကွာခြားချက်ပင် ဖြစ်သည်။

“မင်းအနေနဲ့ ငါ ဒီသံချပ်ကာဝတ်စုံထဲကို အချိန်မီဝင်လိုက်နိုင်တာကိုပဲ ဝမ်းသာသင့်တယ်၊ မဟုတ်ရင် ငါတို့အားလုံး သွားပြီပဲ”

ဖုန်းပုကြွယ်က ပြုံးလျက် ပြောလိုက်သည်။

“မင်းလို အရူးကောင်၊ ဒီလိုအရာမျိုးကို မြို့ထဲမှာ ဖောက်ခွဲလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို သိရဲ့လား”

တော့ဒ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“မေးခွန်းကောင်းပဲ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“နေ့ခင်းက ‘မြောက်ပိုင်းသန့်စင်မြေ’ စက်ရုံမှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုက ငါ ပရော်ဖက်ဆာ ဖရိဇ်နဲ့အတူ လုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုပဲလေ၊ ဒါကြောင့် ငါ့ကိုယ်ပေါ်မှာ ပါလာတဲ့အရာက ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်မလဲဆိုတာ ငါ အရမ်းတိတိကျကျ ခန့်မှန်းထားပြီးသားပါ”

သျှီဝက ကြားဖြတ်ပြောလိုက်သည်။

“ဟမ့်… မင်း ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိအောင်ပြောပြော၊ ငါကတော့ မင်းကို ယုံမှာမဟုတ်ဘူး”

သူက အလွန်အမင်း ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် ဗုံးတွေ ပတ်ထားတာက ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို ခြောက်လှန့်ဖို့လောက်ပဲ အသုံးတည့်လိမ့်မယ် (အလားတူ စကားပြောခန်းများကို စနစ်မှ စစ်ထုတ်ပေးထားသဖြင့် NPC များ ကြားရသည့် အကြောင်းအရာမှာ အနည်းငယ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်)၊ ဒါပေမဲ့ ငါတို့လို ကစားသမားတွေအတွက်တော့ မင်းက မီးနဲ့ကစားနေတာပဲ”

သူသည် လက်တစ်ဖက်ကို မြှောက်၍ လက်ဖဝါးကို အပေါ်သို့ လှန်လိုက်သည်။

“ငါတို့ကတော့ ဒီပုံရိပ်ယောင်ကမ္ဘာထဲက မြို့ကြီးတစ်မြို့ ဘာဖြစ်သွားမလဲ၊ ဒါမှမဟုတ် လူဘယ်နှစ်ယောက် သေမလဲဆိုတာကို ဂရုစိုက်နေမှာ မဟုတ်ဘူး”

ကျောက်ပြားဝိုင်း ခုနစ်ချပ်သည် လေထဲတွင် ဖြည်းညှင်းစွာ လှုပ်ရှားသွားကြပြီး မသိမသာဖြင့် ဖုန်းပုကြွယ်အား ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

“မင်းအနေနဲ့ ‘တူတူသေကြစို့’ ဆိုတဲ့ နည်းလမ်းကို မင်းရဲ့ ဝှက်ဖဲအနေနဲ့ အသုံးပြုပြီး အစကတည်းက ထုတ်ပြလိုက်တာက တစ်ယောက်ချင်း တိုက်ပွဲမှာတော့ အတိုင်းအတာတစ်ခုအထိ ထိရောက်မှု ရှိနိုင်လိမ့်မယ်၊ ဒါပေမဲ့ ဒါက Free for all ပွဲကြီးကွ၊ မင်းက ငါ ဒီနေရာမှာ မင်းနဲ့ တကယ်ကြီး အသေအကြေ တိုက်ခိုက်မှာကို မကြောက်ဘူးလား”

သျှီဝက ပြောလိုက်သည်။

“ဟက်…”

ဖုန်းပုကြွယ်က လှောင်ပြုံးပြုံးလိုက်ပြီး “ဒီသတ်ဖြတ်ခြင်းဂိမ်းရဲ့ လူစာရင်းကို ကြည့်ရသလောက်တော့ ငါက အပေါ်ယံမှာ အားနည်းဆုံးပဲလေ၊ ဘယ်ပြိုင်ဘက်ကိုမဆို အတူတူ ဆွဲချနိုင်ရင် ငါ့အတွက် အမြတ်ပဲ၊ အဲဒီတော့ ငါက ဘာလို့မလုပ်ရဲရမှာလဲ”

သူက စကားပြောရင်းနှင့်ပင် ရေခဲသေနတ်ကို အနေအထား ပြင်လိုက်သည်။

“ငါတို့လို ဘာကောင်မှမဟုတ်တဲ့ကောင်တွေအတွက်တော့ နတ်ဘုရားတွေရဲ့ ခေါင်းဆောင်ကို သတ်ပစ်နိုင်တာက သေချာပေါက် ကြွားလုံးထုတ်စရာ ကိစ္စတစ်ခုပဲပေါ့”

“ဟမ်း…”

သျှီဝက ရယ်မောလိုက်သည်။

“အဲဒါလည်း အဓိပ္ပာယ်ရှိတာပဲ၊ ကြည့်ရတာ ငါ အခြေအနေကို သေချာမစဉ်းစားမိခဲ့ဘူး ထင်တယ်”

သူ စကားပြောမဆုံးသေးခင် ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီ၏ ကျောက်ပြားဝိုင်းသည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်ပြီး ထက်မြက်သော အလင်းတန်းများက သွေးအေးချပ်ဝတ်ပေါ်သို့ ထောင့်ပေါင်းစုံမှ ကျရောက်သွားတော့သည်။

သို့သော်လည်း ပြည့်စုံအဆင့်ရှိသည့် ချပ်ဝတ်နှင့် ရင်ဆိုင်ရချိန်တွင် ဤကဲ့သို့သော တိုက်ခိုက်မှုများသည် လုံးဝ အသုံးမဝင်ချေ…။

“တော်တော်လေး အားပြင်းတဲ့ ပစ်ခတ်မှုပဲ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ကြည့်ရတာ ဒါက စိတ်ဝိညာဉ်စွမ်းအင်သုံး မှော်လက်နက်တစ်ခု ဖြစ်ပုံရတယ်”

“စိတ်ဝိညာဉ်စွမ်းအင်သုံး မှော်လက်နက်” ဟု ပြောဆိုလိုက်ခြင်းက သျှီဝကို အလွန်အမင်း အံ့အားသင့်မသွားစေချေ။ အကြောင်းမူကား ဖိုရမ်ပေါ်တွင် ၎င်းနှင့် ပတ်သက်သည့် ပို့စ်များ ရှိနေပြီးသား ဖြစ်သောကြောင့်ပင်။ သူက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“မှန်တယ်၊ ဒါကို ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီလို့ ခေါ်တယ်၊ ငါ ဒီလက်နက်ကို ရခဲ့ကတည်းက တစ်ယောက်ချင်း တိုက်ပွဲတွေမှာ လုံးဝမရှုံးနိမ့်ခဲ့ဖူးဘူး၊ မင်းလည်း အဲဒီအခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ငါမထင်ဘူး”

“အဲဒီလိုလား”

ဖုန်းပုကြွယ်က ဆိုသည်။

“ရိုင်ဖယ်တစ်လက်လောက်နီးပါးပဲ စွမ်းအားရှိပြီး တစ်ကြိမ်မှာ သုံးချက်ပဲ ပစ်နိုင်တဲ့အပြင် ပစ်ခတ်မှုကြားကာလက တစ်မိနစ်အထိ ကြာပြီး ပျံသန်းနိုင်တဲ့ အချင်းဝက်ကလည်း မီတာနှစ်ရာထက် မပိုတဲ့ ဒီအရာလေးနဲ့လား”

အစ်ကိုကြွယ် စကားပြော၍ မဆုံးသေးခင်မှာ သျှီဝ၏ တုန်လှုပ်မှုအဆင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

“မင်း ဒီအချက်အလက်တွေကို ဘယ်ကနေ ရတာလဲ…”

သျှီဝက လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။ ဤအချိန်တွင် သူသည် နတ်ဘုရားများအဖွဲ့၏ အထက်လူကြီးများထဲ၌ သစ္စာဖောက်တစ်ယောက် ရှိနေနိုင်သည်ဟု သံသယဝင်သွားရသည်။ မဟုတ်ပါက တစ်ဖက်လူသည် ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီ၏ ဝိသေသလေးခုကို မည်သို့ ဤမျှတိကျစွာ ဖော်ပြနိုင်မည်နည်း။

“လေ့လာစောင့်ကြည့်မှုကြောင့်ပေါ့ကွာ”

ဖုန်းပုကြွယ်က ပြောဆိုရင်း တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။

သူ့လှုပ်ရှားမှုများသည် မမြန်ဆန်ချေ၊ မြန်ဆန်၍လည်း မရပါချေ။ အကြောင်းမူကား ရေခဲသေနတ်၏ အမြင့်ဆုံးစွမ်းအားသည် M4A1 သေနတ်၏ ပိုမိုကြီးမားသော ဗားရှင်းပုံသဏ္ဌာန်ရှိပြီး ရော့ကတ်လောင်ချာတစ်လက်နီးပါး အရွယ်အစားရှိသောကြောင့် ဖြစ်၏။ ထိုသေနတ်ကို ကိုင်ဆောင်သည့် တစ်ခုတည်းသော အနေအထားမှာ ရင်ဘတ်ရှေ့တွင် အလျားလိုက် ကိုင်ထားရန်ဖြစ်ပြီး ပစ်ခတ်သည့်အခါတွင်လည်း ပြောင်းဝကို တခြားတစ်ယောက်ဆီသို့ ချိန်ရွယ်ရန် ကိုယ်ကို ဘေးတစောင်း လှည့်ရမည် ဖြစ်သည်။

ထိုအရာကို အသုံးပြု၍ ပြိုင်ဘက်ကို ပစ်ခတ်ခြင်းက တိုက်ခိုက်မည့် ရည်ရွယ်ချက်ကို အလွန်အမင်း ထင်ရှားစေပြီး ပြိုင်ဘက်ကို ပြင်ဆင်ရန် အချိန်အလုံအလောက် ပေးထားသကဲ့သို့ ဖြစ်ပေရာ သာမန်လူတစ်ယောက်ပင်လျှင် ရှောင်တိမ်းနိုင်မည် ဖြစ်သည်။

သို့သော်လည်း ဤမျှထင်ရှားသော အားနည်းချက်များစွာ ရှိနေသော်လည်း ၎င်းသည် မစ္စတာဖရိဇ်၏ ဝှက်ဖဲအဖြစ် ရှိနေဆဲ ဖြစ်သည်။ အကြောင်းပြချက်မှာ ရိုးရှင်းလှ၏…။

သေနတ်ပြောင်းဝမှ ဖြူပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ရုတ်တရက် ညကောင်းကင်အား ပြင်းထန်သော အလင်းရောင်ဖြင့် လင်းထိန်သွားစေခဲ့သည်။

သျှီဝ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း သူသည် ဘေးသို့ မီတာဆယ်ဂဏန်းကျော် ရွှေ့ပြောင်းလိုက်သဖြင့် အလင်းတန်း၏ တည့်တည့်ထိမှန်မှုမှ ရှောင်တိမ်းနိုင်လိုက်သည်။

သို့သော်လည်း ထိုအလင်းတန်းက ဇွဲကောင်းလှသည်။ မီးသတ်သမားများ အသုံးပြုသည့် မီးသတ်ပိုက်ကဲ့သို့ပင် ဖုန်းပုကြွယ်အနေဖြင့် မောင်းခလုတ်ကို ဖိထားပြီး သေနတ်ပြောင်းဝကို လှည့်ပေးရုံဖြင့် ထိုအလင်းတန်းသည် ၎င်း၏ပစ်မှတ်နောက်သို့ လိုက်လံတိုက်ခိုက်မည် ဖြစ်သည်။

ကြောက်စရာအကောင်းဆုံးမှာ အလင်းတန်းထိမှန်သည့် နေရာတင် ချက်ချင်း ခဲသွားခြင်း မဟုတ်ပေ။ တိုက်ခိုက်မှု မဆုံးမချင်း ရေခဲသက်ရောက်မှုသည် ထိမှန်သည့်နေရာ၏ ပတ်ဝန်းကျင်ဆီသို့ ထင်ရှားစွာ ကူးစက်ပြန့်နှံ့သွားမည် ဖြစ်သည်။

ဤအချိန်တွင် သျှီဝရှောင်တိမ်းနေရသည်မှာ ရိုးရိုးအလင်းတန်းတစ်ခုတည်း မဟုတ်ဘဲ ရွေ့လျားနေသည့် ဧရာမ ဖျက်ဆီးနိုင်သော ဧရိယာတိုက်ခိုက်မှုကြီးတစ်ခု AOE (area of effect attack) ပင် ဖြစ်တော့သည်။

All Chapters