အခန်း ၆၉၅
Vol. 67 Ch. 695
အခန်း (၆၉၅)။
“တကယ့်ကို အံ့မခန်းစရာ အနာဂတ်သခင်ပါလား။ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်းက အစစ်မှန် အသက်မဲ့အနာဂတ်ကျမ်းကို အမှန်တကယ် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီး၊ အနာဂတ်သခင်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲဒီ အသက်မဲ့ အနာဂတ်ကျမ်းဆိုတာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုပဲ။ ဒီကျမ်းရဲ့ နက်နက်မူက ငါ့ပြောင်းလဲခြင်းကျမ်းနဲ့လည်း အတော်လေး ဆင်တူတယ်...”
ကမ္ဘာလောကကြီးတစ်ခုလုံးကို အပေါ်စီးကနေ စူးစမ်းကြည့်ရှုနိုင်သည့် မျက်လုံးကိုးလုံးပါ အနာဂတ် သခင်ကို မြင်လိုက်ရတဲ့အခါ ဟုန်ယွိသည် အလွန်အမင်း တုန်လှုပ်သွားရသည်။
သူသည် အစစ်မှန် အသက်မဲ့အနာဂတ်ကျမ်းကို တစ်ခါမျှ မမြင်ဖူးသော်လည်း၊ ဤအတုမဲ့ လျှို့ဝှက်ကျမ်း၏ အချို့သော အစိတ်အပိုင်းများကိုမူ ယခင်က ခန့်မှန်းတွက်ချက်ဖူးသည်။ အနာဂတ်သခင်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ပြီဆိုပါက လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားစွမ်းရည်များကို ရရှိမည်ဖြစ်ပြီး အနာဂတ်ကို ပိုမိုတိကျစွာ ဖော်ဆောင်နိုင်ကာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သူ သိရှိထားသည်။
အနာဂတ်သခင်၏ ခန္ဓာကိုယ်ပေါ်ရှိ မျက်လုံးကိုးလုံးမှာ - ကောင်းကင်မျက်လုံး၊ မြေပြင် မျက်လုံး၊ သဗ္ဗညုမျက်လုံး၊ ပညာမျက်လုံး၊ ဖုံးကွယ်ခြင်းမျက်လုံး၊ မှော်မျက်လုံး၊ အမှန်တရားမျက်လုံး၊ တံလျှပ်မျက်လုံးနှင့် ဆန်းကြယ်မျက်လုံးတို့ ဖြစ်ကြသည်။
ဤမျက်လုံးကိုးလုံးသည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းမြင်နိုင်ပြီး အတိတ်၊ အနာဂတ်နှင့် အမျိုးမျိုးသော ပြောင်းလဲမှုအားလုံးကိုပါ သိမြင်နိုင်စွမ်း ရှိကြသည်။
အနာဂတ်သခင်တွင် နောက်ထပ် ဆန်းကြယ်သော စွမ်းအားတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ ပြောင်းလဲခြင်းကျမ်းကဲ့သို့ပင် သိုင်းပညာများ၊ တာအိုကျင့်စဉ်များနှင့် အပြောင်း အလဲ အမျိုးမျိုးကို တွက်ချက်နိုင်ခြင်း ဖြစ်သည်။
ဟုန်ယွိ၏ ပြောင်းလဲခြင်းကျမ်းသည်လည်း အသက်မဲ့အနာဂတ်ကျမ်းကို လေ့လာ ကြည့်ရှု ရာမှ စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ အောင်မြင်မှုမှာ အနာဂတ်သခင်ထက် သာလွန်နေပြီ ဖြစ်သော်လည်း ‘အနာဂတ်သခင်’ကို သန့်စင်ပြီးသွားပါက ပြောင်းလဲခြင်း ကျမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။ အကြောင်းမှာ မဟာတာအို၏ အနက်ရှိုင်း ဆုံး အဆင့်များတွင် အရာအားလုံးမှာ အချင်းချင်း ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။
ဧကရာဇ် ယန်ဖန်းအနေဖြင့် အနာဂတ်သခင်ကို ကျင့်ကြံနိုင်ခြင်းမှာ ကြီးမားသော စွမ်းအား ကို ရရှိသွားရုံသာမက ကောင်းကင်နှင့် ကမ္ဘာမြေ၏ အပြောင်းအလဲများကို တွက်ချက်နိုင် သည့် နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုတစ်ခုကို ပိုင်ဆိုင်သွားခြင်းလည်း ဖြစ်သည်။ သူသည် မည်သည့် သိုင်းပညာ သို့မဟုတ် တာအိုကျင့်စဉ်ကိုမဆို တဖြည်းဖြည်းချင်း တွက်ချက်ဖော်ထုတ်နိုင်ပေလိမ့်မည်။
အမှန်စင်စစ် သူသည် ဖန်ဆင်းခြင်းသင်္ဘောတွင် ပျောက်ဆုံးနေသော ‘ကောင်းကင်ကိုးလွှာ၊ မြေကြီးကိုးဆင့်၊ အစွန်းရောက်ကိုးသွယ် သံလိုက်အစီအရင်ကိုပင် အချိန်ပေးရုံဖြင့် တွက်ချက် ဖော်ထုတ်နိုင်ပေလိမ့်မည်။
ဆေးလုံးများ၊ သိုင်းကျင့်စဉ်များ၊ စိုက်ပျိုးရေးမျိုးစေ့များ၊ အုပ်ချုပ်ရေးစနစ်များမှအစ ကွန်ဖူးရှပ်ဝါဒီ အရေးအသားများ၊ ဂီတသီအိုရီ၊ လူမှုဓလေ့နှင့် ကဗျာလင်္ကာများအထိ အရာအားလုံးကို အနာဂတ်သခင်ထံ ပေးအပ်ကာ သိမြင်နားလည်အောင် ပြုလုပ်နိုင်ပေ သည်။
အနာဂတ်သခင်၏ လုပ်ဆောင်နိုင်စွမ်းမှာ စကြဝဠာကြီးတစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွား နိုင်ပေသည်။
“ဒီအနာဂတ်သခင်က ငါ့အထွက်အထိပ် ကိုယ်ပွားဖြစ်တဲ့ မူလတာအိုသခင်လောက် မစွမ်း မထက်ပေမယ့်၊ ငါ့မူလတာအိုသခင်က တွက်ချက်မှုတွေ မလုပ်နိုင်ဘူး။ အနာဂတ်သခင်က တော့ ဘယ်တော့မှ မမောမပန်းဘဲ အမြဲတမ်း တွက်ချက်ကြံစည်နေနိုင်သလို၊ လောကကြီး ရဲ့ ယုံကြည်ကိုးကွယ်မှု စွမ်းအင်တွေကို စုပ်ယူပြီး အဆုံးမဲ့ စွမ်းအားတွေကိုလည်း ပိုင်ဆိုင် ထားနိုင်တယ်။”
ဟုန်ယွိသည် ခပ်ပြင်းပြင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါသည်။ (နားလည် လွယ်အောင် ပြောရလျှင် ‘အနာဂတ်သခင်’ သည် တစ်စက္ကန့်လျှင် အကြိမ်ပေါင်း ကုဋေ ကုဋာမက တွက်ချက်နိုင်သည့် အစွမ်းထက်ဆုံး စူပါကွန်ပျူတာကြီး တစ်လုံးနှင့် တူပေ သည်။)
ဟုန်ယွိသည် ယခုလေးတင်ကမှ ပြည်နယ် ၉၉ ခု၏ မြေပုံကို လေ့လာပြီး၊ သူ၏ အမြင့်ဆုံး အပ်စိုက်မှတ်များ၏ နက်နဲမှုကို နားလည်ရန် ကြိုးစားခဲ့ရာတွင် သူ၏ ဉာဏ်ပညာနှင့် စိတ်ဝိညာဉ်စွမ်းအား အတော်များများ ကုန်ဆုံးသွားခဲ့သည်။ တွက်ချက်မှုများအပြီးတွင် သူ၏ စိတ်ဝိညာဉ်မှာ အတော်ပင် နွမ်းလျသွားခဲ့ရသည်။
သို့သော် ဤအနာဂတ်သခင်မှာမူ မောပန်းခြင်း မရှိပေ။ သူသည် နေ့ညမပြတ် မနားတမ်း တွက်ချက်နေမည်ဆိုပါက သူ၏ တွက်ချက်နိုင်စွမ်းမှာ ဟုန်ယွိ၏ ပြောင်းလဲခြင်းကျမ်း လောက် မကောင်းသော်လည်း၊ တစ်နေ့တွင် ပြည်နယ် ၉၉ ခု ၏ လျှို့ဝှက်ချက်များကို အမှန်တကယ်ပင် နားလည်သွားပေလိမ့်မည်။ ဆယ်နှစ်ဖြစ်စေ၊ အနှစ်တစ်ရာဖြစ်စေ အနာဂတ်သခင်က လုပ်ဆောင်နေမည်သာ။
အနာဂတ်သခင် အထွဋ်အထိပ်သို့ ရောက်ရှိသွားသောအခါ မည်သူမျှ မယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဟုန်ယွိ သိရှိသည်။ သို့သော် ယခုလက်ရှိတွင်မူ သူ၏ မူလတာအိုသခင်ကို မယှဉ်နိုင်သေးပေ။ ၎င်းမှာ ထူးဆန်းသည်တော့ မဟုတ်ချေ။ တော်ဝင် ချန် ဧကရာဇ်ယန်ဖန်းသည် အနာဂတ်သခင်ကို အခြေခံအဆင့်အဖြစ်သာ ကျင့်ကြံထားနိုင် သေးပုံရသည်။
သို့သော် ကနဦးအဆင့်သာ ရှိသေးသော်လည်း အနာဂတ်သခင်မှာ အလွန်ပင် ကြောက်မက် ဖွယ် ကောင်းနေပြီ ဖြစ်သည်။ အနာဂတ်တွင် တော်ဝင်ချန်မင်းဆက်မှာ ဤအနာဂတ်သခင် ကြောင့် ကမ္ဘာမြေတုန်လှုပ်မတတ် ပြောင်းလဲမှုကြီးများကို ကြုံတွေ့ရပေလိမ့်မည်။
ဥပမာအနေဖြင့် လက်နက်များနှင့် သံချပ်ကာများ ဆန်းသစ်လာခြင်း၊ ဆေးဝါးမျိုးစုံ အသစ် ပေါ်ထွက်လာခြင်း၊ စိုက်ပျိုးရေးမျိုးစေ့များ ဆန်းသစ်လာခြင်းနှင့် ရောဂါကုသမှုများ တိုးတက်လာခြင်း စသည်တို့ပင် ဖြစ်သည်။
ဟုန်ယွိသည် အလွန်ပင် ဉာဏ်ကောင်းသူ ဖြစ်သော်လည်း၊ တာအိုကျင့်စဉ်များ မဟုတ် သည့် အခြားအရာများ - ဥပမာ ‘မိုးကြိုးမီးလျှံသံမဏိအမြောက်များ’ ကို အဆင့်မြှင့်ခြင်း၊ ‘ခရမ်းရောင်မိုးကြိုးယမ်းမှုန့်’ ကို သန့်စင်ခြင်း သို့မဟုတ် ‘နဂါးစွယ်ဆန်’ ကို ပိုမိုလွယ်ကူစွာ စိုက်ပျိုးနိုင်အောင် လုပ်ဆောင်ခြင်း စသည်တို့အတွက် အချိန်ပေးရခြင်းမှာ သူ့အတွက် အချိန်ဖြုန်းတီးခြင်းသာ ဖြစ်ကြောင်း သိထားသည်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ အဆုံးမရှိပေ။ ယန်နတ်ဘုရားအဆင့် ရောက်ပြီးသည့်တိုင်အောင် တဖက်ကမ်းသို့ ကူးမြောက်ခြင်း နိဗ္ဗာန နယ်ပယ် ရှိနေသေးရာ၊ ထိုသို့သော အရေးကြီးသည့်အချိန်တွင် တခြားအရာများကို လေ့လာရင်း အချိန်ဖြုန်းနေ၍ မရပေ။
“ငါ အခုချက်ချင်း အောက်ဆင်းသွားပြီး ဒီအနာဂတ်သခင်ကို ငါ့ကိုယ်ပိုင်အဖြစ် သိမ်းယူ လိုက်ရမလား၊ ဒါပေမဲ့ ဒီအနာဂတ်သခင်ဆိုတာ ဧကရာဇ် ယန်ဖန်ရဲ့ ကိုယ်ပွားဖြစ်နေသလို အချိန်မရွေး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်နိုင်တယ်။ ပြီးတော့ ယန်ဖန်မှာ ‘ဖန်ဆင်းခြင်း သင်္ဘော’ ရှိနေသလို ဟုန်ရွှန်ကျိလည်း ရှိနေသေးတယ်။ ဗဟိုကမ္ဘာနဲ့ မဟာကမ္ဘာလောက တို့ စစ်ဖြစ်တော့မယ့် ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာ ပရမ်းပတာတွေ မဖြစ်စေချင်ဘူး။ ထားလိုက်ပါတော့လေ။”
အသေအချာ စဉ်းစားပြီးနောက် ဟုန်ယွိသည် သူစုစည်းထားသော ကြီးမြတ်သော မူလ စွမ်းအင် ငါးမျိုးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး၊ တိုက်ခိုက်ခြင်း မပြုတော့ပေ။
အနာဂတ်သခင်မှာ ဆွဲဆောင်မှု ရှိသော်လည်း လက်ရှိအချိန်တွင် အလုံးစုံသော အခြေအနေ အရပ်ရပ်က ပိုအရေးကြီးနေသည်။ ထို့ပြင် သူသည် အနာဂတ်သခင်ကို ရယူ နိုင်မည်ဟုလည်း အသေအချာ မပြောနိုင်ပေ။ အကယ်၍ ရယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိမှသာ လှုပ်ရှားခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။
ဤအချက်ကို ဟုန်ယွိက အလွန် ရှင်းလင်းစွာ သိထားသည်။
“ယန်ဖန်အနေနဲ့ အနာဂတ်သခင်ကို ကျင့်ကြံပြီးရင် ဒီလောကကြီးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ သယ်ဆောင်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ဒီအနာဂတ် သခင်ရဲ့ အကူအညီနဲ့ဆိုရင် ဒီလောကရဲ့ သတ္တဝါအားလုံးဟာ ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခု ကို ရောက်ရှိနိုင်မှာ အသေအချာပဲ”
ဟုန်ယွိက ခေါင်းကို ခါယမ်းလိုက်ရင်း၊ သူ၏ ထိုက်ကျိ မူလစိတ်ဝိညာဉ်ကို လှုပ်ရှားစေကာ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်းရှိ ကြယ်စင်စုကြီးတစ်ခုဆီသို့ ပျံသန်းသွား တော့သည်။
ထိုကြယ်စင်စုကြီး၏ အလယ်ဗဟိုမှာ ကောင်းကင်အပြင်ပနယ်မြေမှ ကြယ်ကမ္ဘာအချို့ ရှိနေသည်။ ထိုနေရာရှိ မြောက်များစွာသော ကြယ်များပေါ်တွင် မရေမတွက်နိုင်သော လူသားများ နေထိုင်ကြသည်။ အလယ်ခေတ်က ပညာရှင် သူတော်စင်များ၏ မူလ စိတ်ဝိညာဉ်များသည် ကောင်းကင်အပြင်ပနယ်မြေများသို့ ခရီးလှည့်လည်ခဲ့ကြပြီး ယဉ်ကျေးမှုများစွာကို ပြန့်ပွားစေခဲ့သည်။
အချို့သော ကြယ်များပေါ်တွင်မူ ဒေသခံလူရိုင်းများ၊ ကမ္ဘာဦး နတ်ဘုရားသားရဲများနှင့် အခြား ထူးဆန်းသော တည်ရှိမှုများလည်း ရှိနေကြပြီး၊ ၎င်းတို့မှာ ထူးဆန်း အံ့ဖွယ်ကောင်း ကာ ဖော်ပြရန်ပင် ခက်ခဲလှသည်။
အလယ်ခေတ်မှ ပညာရှင် သူတော်စင်တစ်ရာတို့သည် အသိပညာများ ပြန့်ပွားစေရန်နှင့် သူတို့ကိုယ်ပိုင် အသိအမြင်များ ကျယ်ပြန့်စေရန်၊ ယန်နတ်ဘုရားများ၏ နတ်ဘုရား လက်နက်များနှင့် စိတ်ဝိညာဉ် အတွေးစများကို ရှာဖွေရန် ကောင်းကင်အပြင်ပနယ်မြေသို့ ခရီးနှင်ခဲ့ကြခြင်း ဖြစ်သည်။
မူလကတည်းက ကြယ်စင်တန်း၏ အလယ်ဗဟိုသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း မှ မိုင်ပေါင်း သန်းနှင့်ချီ၍ ဝေးကွာလှသည်။ ဖန်ဆင်းရှင်အဆင့်ရှိသူများပင် စိတ်ဝိညာဉ်ဖြင့် ခရီးသွားမည်ဆိုပါက ထိုနေရာသို့ ရောက်ရန် ဆယ်စုနှစ်နှင့်ချီ၍ ကြာပေလိမ့်မည်။ အချို့နေရာများသို့ ရောက်ရန်မှာမူ နှစ်ပေါင်း ရာနှင့်ချီ၍ ပျံသန်းရပေလိမ့်မည်။
အလယ်ခေတ် ပညာရှင်ကြီးများသည် ကောင်းကင်အပြင်ပနယ်မြေသို့ တစ်ကြိမ် ခရီးထွက် လျှင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လေ့ရှိသည်။
ဟင်းလင်းပြင်ကို လေဟာနယ်မုန်တိုင်းကို ဖြတ်ကျော်နိုင်ရုံဖြင့်လည်း မရပေ။ အကြောင်း မှာ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်း၌ မြစ်ထဲက သဲပွင့်များသဖွယ် များပြားလှ သော ဟင်းလင်းပြင် အလွှာများ ရှိနေခြင်းကြောင့် ဖြစ်သည်။ တစ်လွှာပြီးတစ်လွှာ ဖြတ်ကျော်ပါက နှစ်အနည်းငယ်အတွင်း ရောက်နိုင်သော်လည်း၊ ကောင်းကင်အပြင်ပ နယ်မြေသို့ ရောက်သည့်အခါ ခန္ဓာကိုယ်မှာ အင်အားကုန်ခန်းပြီး သေဆုံးသွားနိုင်ပေသည်။
နှစ်ပေါင်းများစွာ အဆက်မပြတ် ဟင်းလင်းပြင် အလွှာများကို ဖြတ်ကျော်ရမည်ဟု တွေးကြည့်ရုံနှင့်ပင် ကြောက်စရာ ကောင်းလှသည်။
ယခင်က ဟုန်ယွိသည် အနောက်ဘက်ဒေသမှ တောရိုင်းကန္တာရနယ်မြေသို့ မိုင်ပေါင်း သောင်းနှင့်ချီ ခရီးနှင်ခဲ့စဉ်က စကြာဝဠာအိတ်ပင် လုံးဝ ပျက်စီးသွားခဲ့ဖူးသည်။ မဟာ ကမ္ဘာလောကကြီးမှ ကောင်းကင်အပြင်ပနယ်မြေသို့ သွားရမည့် ခရီးမှာမူ ထိုထက် များစွာ ဝေးကွာလှပေသည်။
ဖန်ဆင်းရှင် တစ်ဦးပင်လျှင် နှစ်ပေါင်းများစွာကြာအောင် ဟင်းလင်းပြင် လေဟာနယ်တံခါး ကို ဖွင့်ထားရပါက သူ၏ ‘မူလစွမ်းအင်’ ကုန်ခန်းမှုကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် အချိန်မှာလည်း အလွန် အကန့်အသတ် ရှိနေသည်။ အတိုဆုံး အချိန်ဖြစ်သည့် နှစ်အနည်းငယ်အတွင်း ရောက်သွားလျှင်ပင် နောက်ကျနေပေလိမ့်မည်။ အနာဂတ်သခင် ကို ကျင့်ကြံထားသည့် ယန်ဖန်မှာ နှစ်အနည်းငယ်အတွင်း မည်မျှအထိ တိုးတက်ပြောင်းလဲ သွားမည်ကို မည်သူ သိနိုင်ပါမည်နည်း။
သို့သော် ဟုန်ယွိတွင် ကိုယ်ပိုင်နည်းလမ်း ရှိသည်။ သူ ဤနေရာကို လာရခြင်းမှာ ဖုံးကွယ် ထားသော လမ်းကြောင်းများကို ရှာဖွေရန် ဖြစ်သည်။ တခြားသူများက အင်အားသုံးကာ ဖွင့်ထားခဲ့သော လမ်းကြောင်းများ မြောက်များစွာ ရှိပေသည်။
ကောင်းကင်အပြင်ပနယ်မြေမှ လူများ မဟာကမ္ဘာလောကသို့ ရောက်ရှိနိုင်ရန်အတွက်၊ အစွမ်းထက်သော မှော်စွမ်းအားနှင့် အချိန်များစွာ အသုံးပြု၍ လမ်းကြောင်းပေါင်းများစွာကို ဖွင့်လှစ်ခဲ့သူများ ရှိခဲ့ရပေမည်။ သို့မဟုတ်ပါက သခင်လေးရှူနှင့် အခြားသူများ ဤနေရာသို့ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ယခုအခါ သူသည် ထိုလမ်းကြောင်းများကို ရှာဖွေပြီး ဆန့်ကျင်ဘက်အတိုင်း ပျံသန်းသွားမည်ဆိုလျှင် ကောင်းကင်အပြင်ပနယ်မြေသို့ သေချာပေါက် ရောက်ရှိပေလိမ့် မည်။
ကြင်စုတန်းမှာများ တောက်ပနေဆဲဖြစ်ပြီး၊ ကြယ်အစုအဝေးများသည် ဟင်းလင်းပြင် ဝဲဂယက်၏ အစွန်းတွင် တည်ရှိနေကြပြီး၊ အလွန်တရာ လှပနေကြသည်။
ဟုန်ယွိသည် ထိုကဲ့သို့ လှပသော မြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်လိုက်ပြီးနောက် သူသည် သူ၏နတ်ဘုရားစိတ်ဝိညာဉ် အတွေးစများကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး ဟင်းလင်းပြင် တစ်ခုလုံးသို့ ဖြန့်ကျက်ကာ အလွှာတစ်ခုပြီးတစ်ခု အနက်ရှိုင်းဆုံးအထိ ရှာဖွေလိုက်သည်။ မည်သည့် သဲလွန်စမျှ သူ့ကို မလွတ်သွားစေရပေ။
“ပြီးခဲ့တဲ့တစ်ခေါက်က ရှောင်ရှိူက်ရဲ့ တပည့်နှစ်ယောက်ဖြစ်တဲ့ အထွဋ်အထိပ် သိုင်းသူတော်စင်တွေဟာ ယာယီလမ်းကြောင်းတစ်ခုကနေ မဟာကမ္ဘာလောကဆီကို ရောက်လာခဲ့ကြတာ။ အခုတော့ အဲဒီလမ်းကြောင်းက စကြာဝဠာရဲ့ စွမ်းအားကြောင့် အလို အလျောက် ပြန်လည် ပိတ်သွားခဲ့ပြီ”
ဟုန်ယွိသည် ‘ရှောင်ရှိူက်’ လာခဲ့သော လမ်းကြောင်းကို မူလကတည်းက သိရှိထားသော် လည်း ယခုအခါ ထိုလမ်းကြောင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ စကြာဝဠာ၏ အချိန်နှင့် ဟင်းလင်းပြင်စွမ်းအင်မှာ အလွန်ပင် အစွမ်းထက်လှ၏။ အကယ်၍ ကျွမ်းကျင် သူပေါင်း မြောက်မြားစွာက သူတို့၏ အသွေးအသားများကို ယဇ်ပူဇော်ပြီး ယာယီ လမ်းကြောင်းတစ်ခု ဖန်တီးခဲ့မည်ဆိုလျှင်ပင်၊ ၎င်းမှာ နာရီအနည်းငယ် သို့မဟုတ် ရက် အနည်းငယ်အတွင်း ပြန်လည် ပိတ်သွားတတ်သည်။ အလွန်ဆုံး လအနည်းငယ်ထက် မပိုပေ။
‘ယန်နတ်ဘုရား’ အဆင့် ပညာရှင်တစ်ဦးက အင်အားသုံး၍ ဖောက်လုပ်ခဲ့ပါက နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်ကျော်အထိ တည်တံ့နေနိုင်ပေသည်။
“ဟင်…. လမ်းကြောင်းတစ်ခုကို ငါ တကယ်ပဲ ရှာတွေ့သွားပြီ ထင်တယ်။”
ဟုန်ယွိသည် သူ၏ အစွမ်းထက်လှသော နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများကို အသုံးပြု ၍ နာရီအနည်းငယ်ကြာ ရှာဖွေပြီးနောက်၊ ကြယ်စုတန်း၏ အစွန်းရှိ လျှို့ဝှက်ဟင်းလင်းပြင် တစ်ခုတွင် ပုံမှန်မဟုတ်သော တုန်ခါမှု သဲလွန်စများကို ရုတ်တရက် ရှာတွေ့သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လှုပ်ရှားသွားပြီး ထိုနေရာသို့ ပျံသန်းသွားတော့သည်။
...
အမှောင်အတိကျနေသော လိုဏ်ခေါင်းတစ်ခုအတွင်း၌၊ ငွေချည် ရွှေချည်များ ထိုးထား သော အဝတ်အစားများကို ဝတ်ဆင်ထားကာ၊ ကျောက်စိမ်းမကိုဋ်များ ဆောင်းထားသော လူအယောက်နှစ်ဆယ်ခန့်မှာ အရှိန်အဟုန်ဖြင့် ပျံသန်းနေကြသည်။ သူတို့ ပျံသန်းနေစဉ် သူတို့ပတ်လည်ရှိ လေစီးကြောင်းမှာ ‘မီးလျှံဖီးနစ်’ များသဖွယ် ပြောင်းလဲသွားကြသည်။ ၎င်းမှာ လေထုနှင့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် မီးတောက်များပင် ဖြစ်သည်။
“ကြယ်သခင်... ကျွန်တော်တို့ရဲ့ လီဖူကြယ် သွားပါပြီ။ တကယ်ကို ပျက်စီးသွားပါပြီ။ အကြီးအကဲ သုံးရာ... အကြီးအကဲ သုံးရာက သူတို့ရဲ့ သွေးသားတွေနဲ့ ဝိညာဉ်တွေကို ယဇ်ပူဇော်ပြီး မဟာကမ္ဘာလောကကြီးဆီ သွားမယ့် ဒီလမ်းကြောင်းကို ဖွင့်ပေးခဲ့ကြတာ။ ကျွန်တော်တို့ မဟာကမ္ဘာကြီးဆီကို အောင်အောင်မြင်မြင် ရောက်နိုင်ပါ့မလား မသိဘူး။”
ရုတ်တရက် လေစီးကြောင်းမှာ အနည်းငယ် တုန်ခါသွားပြီး ရပ်တန့်သွားသည်။ လေလှိုင်း များကြားမှ လူတစ်ဦးမှာ နောက်သို့ လှည့်ကြည့်လိုက်ရင်း လိုက်ဖမ်းသူများ မရှိသည်ကို တွေ့ရသဖြင့် သူ၏ ရင်ခွင်ထဲမှ ဆေးလုံးတစ်လုံး ထုတ်ကာ မျိုချလိုက်ပြီး ခန္ဓာကိုယ် အတွင်းရှိ သွေးစွမ်းအင်ကို ပြန်လည် ထိန်းညှိလိုက်သည်။
ဤလူများမှာ တာအိုကျင့်စဉ် ကျင့်ကြံသူများ မဟုတ်ကြဘဲ၊ အားလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့မှာ ကောင်းကင်အပြင်ပနယ်မြေမှ လာခြင်းဖြစ်ကြောင်း သိသာလှ သည်။
ကောင်းကင်အပြင်ပနယ်မြေတွင် ဗဟိုကမ္ဘာမှလွဲ၍ တခြားသော ကြယ်များပေါ်ရှိ လူအားလုံးမှာ ‘ရှောင်ရှိူက်’ နှင့် ‘အနန္တ ဘိုးဘေးသခင်’ တို့ကဲ့သို့ သိုင်းပညာကိုသာ ကျင့်ကြံကြသည်။
“ဆရာ့ရဲ့ဒဏ်ရာတွေက ပြင်းထန်တယ်။ သူက မိုးတိမ်ဖွင့်မှန်ထဲမှာ အနားယူနေတယ်။ သူ့ကို သွားမနှောင့်ယှက်ကြနဲ့။ အရင်က ဆရာက စီနီယာအစ်ကို ဖန်းယွန်နဲ့ စီနီယာအစ်ကို ရှင်းလန်တို့ကို မဟာကမ္ဘာလောကဆီ စေလွှတ်ခဲ့ပြီးပြီ။ ဒါ့အပြင် ဆရာက မဟာကမ္ဘာ လောကမှာ ယင်နဲ့ယန်ကို ထိန်းချုပ်ထားတဲ့ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိနဲ့လည်း အဆက်အသွယ် ရထားပြီးသားပါ။ ရှောင်ရှိူက်နဲ့ တခြားသူတွေလည်း မဟာကမ္ဘာလောက မှာ ခိုလှုံခွင့် ရထားပြီး ကိုယ်ပိုင်နေရာတစ်ခုစီ ရှိနေကြပြီ။ ဒီနေရာက ဒဏ္ဍာရီလာ ကမ္ဘာဦး အင်မော်တယ် နယ်မြေတစ်ခုပဲ။ အခု ငါတို့ မဟာကမ္ဘာလောကဆီကို ရောက်တော့မှာဆို တော့ စစ်မှန်တဲ့ တာအိုကျင့်စဉ်တွေကိုလည်း ကျင့်ကြံနိုင်တော့မှာ။” လှပသော အမျိုးသမီး ငယ်တစ်ဦးက ပြောလိုက်သည်။
ဤအမျိုးသမီး၏ အရှိန်အဝါမှာ အထူးသဖွယ် အစွမ်းထက်လှ၏။ သူမ၏ သွေးစွမ်းအင်မှာ တဟုန်ထိုး ပျံ့လွင့်နေပြီး၊ မူလစွမ်းအင်မှာ မီးရှူးတိုင်တစ်ခုသဖွယ် တောက်ပနေသည်။ သူမမှာ အမှန်တကယ်ပင် အထွက်အထိပ် သိုင်းသူတော်စင် တစ်ဦး ဖြစ်သည်။ သူမ ဝတ်ဆင်ထားသော ‘ကျောက်စိမ်းရွှေချည်ဝတ်ရုံ’ မှာလည်း အထွက်အထိပ်အဆင့် ဝတ်ရုံ တစ်ခု ဖြစ်ကြောင်း သိသာလှသည်။
“ရှောင်ရှိူက်က မဟာကမ္ဘာလောကမှာ မဟာကမ္ဘာကြီးမှာ အခြေစိုက်စခန်းတစ်ခု ရထား တယ်လို့ ငါ ကြားတယ်၊ အဲဒါ တကယ်လား မသိဘူးနော်” နောက်ထပ် လူငယ်တစ်ဦးက ဆိုသည်။ “နှမြောစရာ ကောင်းတာက ငါတို့လီဖူကြယ်မှာ ‘ကျောက်စိမ်းရွှေချည်ဝတ်ရုံ’ ၂၆ စုံပဲ ရှိနေတာ။ မဟုတ်ရင် နောက်ထပ် ငါတို့စီနီယာနဲ့ ဂျူနီယာ အစ်ကို၊ မောင်နှမတွေလည်း ထွက်ပြေးနိုင်ကြမှာ။ အခုလို ဗဟိုကမ္ဘာရဲ့ စစ်တပ်လက်ထဲမှာ အဖမ်းခံရပြီး အသတ်ခံရမှာ မဟုတ်ဘူး။”
“ငါတို့ ၂၆ ယောက်လုံးဟာ ‘လီဖူကြယ်’ ရဲ့ သူတော်စင် ၂၆ ဖော်ပဲ။ ငါတို့ဟာ လီဖူဂိုဏ်းရဲ့ အတော်ဆုံး ပညာရှင်တွေဖြစ်တယ်။ အကြီးအကဲ ၃၀၀ က သူတို့ အသက်တွေ စတေးပြီး လီဖူဂိုဏ်းရဲ့ ရှင်သန်မှုမျိုးစေ့ကို ထိန်းသိမ်းဖို့အတွက် ငါတို့ မဟာကမ္ဘာလောကဆီ ရောက်လာနိုင်အောင် လမ်းကြောင်းဖွင့်ပေးခဲ့တာ။ အခု ခဏနားပြီးပြီဆိုတော့ မြန်မြန် သွားကြရအောင်။ မဟာကမ္ဘာလောကကြီးဆီ အမြန်ဆုံး ရောက်အောင် သွားကြမယ်။ အရင်ဆုံး ဆရာကြီးရဲ့ ဒဏ်ရာတွေကို ကုသရမယ်၊ ပြီးမှ ယင်နဲ့ယန်ကို ထိန်းချုပ်နေတဲ့ ဟုန်ရွှန်ကျိကို ဆက်သွယ်ရမယ်”
“ဟုတ်တယ်။ အစစ်မှန် မဟာကမ္ဘာလောကကြီးက ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါလည်း မြင်ချင်လှပြီ။ ဒဏ္ဍာရီထဲကအတိုင်း အဆုံးမရှိတဲ့ မသေမျိုးနယ်မြေ ဟုတ်မဟုတ်ဆိုတာ ပေါ့” လီဖူသူတော်စင် ၂၆ ဖော်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောလိုက် သည်။
ဤ ‘လီဖူသူတော်စင် ၂၆ ဖော်’ သည် လူတစ်ရပ်ကျော် မြင့်သော ရတနာမှန်ကြီး ဖြစ်သည့် မိုးတိမ်ဖွင့်မှန်ကို ကာကွယ်နေကြခြင်း ဖြစ်သည်။ ထိုမှန်ကြီးအတွင်း၌ ဝေဝေဝါးဝါး ကမ္ဘာငယ်တစ်ခု ရှိနေသကဲ့သို့ ဖျော့တော့စွာ မြင်နေရသည်။ ထိုကမ္ဘာငယ်အတွင်း မည်သည့်အရာများ ရှိနေမှန်း မည်သူမျှ မသိနိုင်သော်လည်း၊ ရတနာမှန်မှ ထွက်ပေါ်လာ သော တောက်ပသည့် အလင်းရောင်မှာ လူတိုင်းကို လွှမ်းခြုံထားပြီး ထိုအလင်းကြောင့်ပင် သူတို့မှာ သူတို့မှာ ဤမျှ မြန်မြန် ဆန်ဆန် ပျံသန်းနိုင်ခြင်း ဖြစ်သည်။
“ဟားဟားဟား၊ ဟားဟားဟား...”
ထိုရတနာမှန်ကြီးကို သယ်ဆောင်လာသော လီဖူသူတော်စင် ၂၆ ဖော်တို့ ပျံသန်းနေစဉ်မှာ ပင်၊ ရူးသွပ်ဖွယ်ကောင်းသော တုန်ခါမှုတစ်ခု ပျံ့နှံ့လာပြီး သူတို့၏ ရှေ့တွင် ပုံရိပ်အချို့ ပေါ်လာသည်။
ထိုပုံရိပ်များမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင် ထားကြပြီး ခန္ဓာကိုယ်အနှံ့တွင် ကြောက်မက်ဖွယ်ကောင်းသော အရိုးစူးများ ရှိနေကြသည်။ သူတို့သည် ကမ္ဘာဦး နတ်ဘုရားများကဲ့သို့ အရပ်အမောင်း မြင့်မားကြကာ၊ သူတို့၏ အရှိန်အဝါမှာ ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ပင်။ ထိုလူများသည် ငရဲဧကရာဇ်၏ ဝိညာဉ်နှုတ် နတ်ဘုရားများနှင့်ပင် တူလှသည်။
“လီဖူသူတော်စင် ၂၆ ဖော်နဲ့ လီဖူကြယ်သခင်... မင်းတို့တွေ လွတ်အောင် ပြေးနိုင်မယ်လို့ ထင်နေတာလား၊” ခေါင်းဆောင်ဖြစ်သူက လှောင်ပြောင်သလို ပြောလိုက်ရင်း၊ သူ၏အသံ မှာ အိုးထဲကလိပ်ကို ဖမ်းရသကဲ့သို့ အေးဆေးတည်ငြိမ်လှပေသည်။
“ကောင်းကင်သခင် မုန်တိုင်း၊ ရှင် ကျွန်မနောက်ကို ဒီအထိ လိုက်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။”
ရုတ်တရက် ‘ကျောက်စိမ်းရွှေချည်ဝတ်ရုံ’ ဝတ်ဆင်ထားသော အမျိုးသမီးမှာ မျက်မှောင် ကြုတ်သွားရင်း၊ သူမ၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး ထိုအရပ်မြင့်မြင့် ‘ကောင်းကင် သခင် မုန်တိုင်း’ ကို စိုက်ကြည့်လိုက်ပါသည်။
“ကောင်းကင်သခင် မုန်တိုင်းလား၊ လီဖူသူတော်စင် ၂၆ ဖော်၊ ပြီးတော့ သူတို့က ဟုန်ရွှန်ကျိ နဲ့တောင် အဆက်အသွယ် ရှိနေတာလား။” လျှို့ဝှက်ဟင်းလင်းပြင် အလွှာတစ်ခုမှနေ၍ ဟုန်ယွိသည် ဤမြင်ကွင်းကို ရှင်းလင်းစွာ စောင့်ကြည့်နေပြီး အခြေအနေကို ချက်ချင်း နားလည်သွားသည်။
“ရွှီဝူယီရဲ့ လက်အောက်မှာ ‘ကောင်းကင်သခင်မုန်တိုင်း’ နဲ့ ‘ကောင်းကင်သခင် ‘ဟင်းလင်း ပြင်ဖြိုခွင်းသူ’ ဆိုတဲ့ အဆင့်မြင့် ပညာရှင်တွေ ရှိတယ်။ ဗဟိုကမ္ဘာမှာဆို ‘ကောင်းကင် သခင်’လို့ ခေါ်ခံရသူတွေဟာ ကနဦးအဆင့် လူသားအင်မော်တယ်တွေ ဒါမှမဟုတ် ငါးကြိမ် မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူတွေပဲ။ သူတို့ဟာ ဗဟိုကမ္ဘာရဲ့ အမာခံဖြစ် တဲ့ အလယ်အလတ်နဲ့ အထက်တန်းအဆင့် အင်အားစုတွေပဲ။ အုပ်ချုပ်ရေး ရာထူးအနေနဲ့ ပြောရရင် သူတို့ဟာ တော်ဝင်ချန်မင်းဆက်ရဲ့ နယ်စား၊ မြို့စားတွေနဲ့ အဆင့်တူတူပဲ။”
ဟုန်ယွိသည် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များထဲမှ အချက်အလက်များကို ပြန်လည် အမှတ်ရသွားလေသည်။