အခန်း ၆၉၈
Vol. 67 Ch. 698
အခန်း (၆၉၈)။
ဟုန်ယွိသည် အလင်းနှင့်အမှောင် မန္တလာကို အသုံးပြု၍ လီဖူကြယ်သခင်ကို ခေတ္တမျှ ချိတ်ပိတ်ထားနိုင်ခဲ့သော်လည်း၊ သူမ၏ နတ်ဘုရားစွမ်းအားများကို ကြည့်လျှင် ဤမန္တလာ အတားဆီးတစ်ခုတည်းဖြင့် ရေရှည်ထိန်းချုပ်ထားနိုင်ရန်မှာ မသေချာပေ။ သူမသည် ရှောင်ရှိူက်ကဲ့သို့ပင် အထွက်အထိပ် လူသားအင်မော်တယ် ပညာရှင်တစ်ဦး ဖြစ်သည်။ တာအိုပညာအရ ဆိုလျှင် သူမသည် ‘ဖန်ဆင်းရှင်’ အဆင့်နှင့် ညီမျှပေသည်။
အထွက်အထိပ် လူသားအင်မော်တယ် များသည် ‘ဖန်ဆင်းရှင်’ များကဲ့သို့ မခန့်မှန်းနိုင်သော ပညာရပ်များ၊ ဖန်တီးခြင်းပညာရပ်များ မရှိသော်လည်း၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ပေါက်ကွဲအားမှာမူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ တစ်ခါတစ်ရံတွင် ရန်သူ ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေရန် လက်သီးတစ်ချက်တည်းနှင့်ပင် လုံလောက်ပေသည်။
မိုးကြိုးကပ်ဘေး ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် လူသားအင်မော်တယ်များသည် လိုက်လျောညီထွေရှိမှု နည်းပါးပြီး ထာဝရအသက် မရှင်နိုင်ကြပေ။ သို့သော် သူတို့၏ တိုက်ခိုက်မှုမှာမူ အသားနှင့်အရိုးများကို လက်သီးတစ်ချက်ဖြင့် ခြေမွပစ်နိုင်လောက် အောင် ပြင်းထန်သည်။ အထူးသဖြင့် အထွက်အထိပ် လူသားအင်မော်တယ်နှင့် ‘ဖန်ဆင်း ရှင်’ တို့ တိုက်ခိုက်ကြလျှင် ‘ဖန်ဆင်းရှင်’ က အသာစီးရနိုင်သော်လည်း၊ လူသား အင်မော်တယ်ကို သတ်ဖြတ်နိုင်ရန်အတွက် ‘ဖန်ဆင်းရှင်’ ဘက်မှလည်း အလွန်ပြင်းထန် သော ပေးဆပ်မူမျိုးဖြင့် ရင်းနှီးရမည်ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် လူသားမသေမျိုး အထွတ်အထိပ်နှင့် ဖန်ဆင်းရှင်အဆင့် ပညာရှင် တို့ တိုက်ခိုက်ခဲ့ကြသည့် အထင်ရှားဆုံး ဥပမာမှာ ‘အမှောင်ဧကရာဇ်တာအိုသခင်’ နှင့် ‘စစ်နတ်ဘုရားရှန့်’ တို့၏ တိုက်ပွဲပင် ဖြစ်သည်။ ထိုစဉ်က နောက်ဆုံးတွင် ‘အမှောင် ဧကရာဇ်တာအိုသခင်’ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းက ‘ဖန်ဆင်းရှင်’ တို့၏ အစွမ်းမှာ မည်မျှ ကြီးမားကြောင်း သက်သေပြနေသည်။
အကယ်၍ နှစ်ဖက်စလုံးက နတ်ဘုရား လက်နက်များကို မသုံးဘဲ မိမိတို့၏ စစ်မှန်သော စွမ်းအားဖြင့်သာ တိုက်ခိုက်ကြမည်ဆိုပါက ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ် ထားသော ‘ဖန်ဆင်းရှင်’ တစ်ပါးသည် အပ်စိုက်မှတ်အချို့ ပွင့်ထားသော လူသား အင်မော်တယ်ကို အနိုင်ယူနိုင်သည်။ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်ရှိသူသည် သိုင်းဆန္ဒကို အထည်ကိုယ် ဒြဗ်အသွင်စုစည်းခြင်းအဆင့်ရှိ လူသားအင်မော်တယ် တစ်ဦး ကို ကြီးမားသော ပေးဆပ်မှုဖြင့် အနိုင်ယူနိုင်သည်။ သို့သော် ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေး အဆင့်ရှိသူပင်လျှင် ‘သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း’ အဆင့်ရှိသူကို အနိုင်ယူရန် မလွယ်ကူတော့ပေ။
အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်မှာမူ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကိုပင် လုံးဝ ကျော်လွန်သွားပြီ ဖြစ်သည်။ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာသောအခါ သိုင်းတာအိုကျင့်ကြံခြင်း၏ ကြောက်မက်ဖွယ် ကောင်းသော အခြမ်းမှာ အမှန်တကယ် ပေါ်ထွက်လာတော့သည်။
အကယ်၍ ဟုန်ယွိသာ လီဖူကြယ်သခင်ကို အမှန်တကယ် သတ်ဖြတ်လိုပါက သူသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ နှင့် ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ကို အသုံးပြုနိုင် သည်။ သူမ သေခါနီးတွင် ပြုလုပ်မည့် အစွမ်းကုန် ပြန်လည်တိုက်ခိုက်မှုကိုလည်း သူ့အနေ ဖြင့် ကြောက်ရွံ့နေမည် မဟုတ်ပေ။
လီဖူကြယ်သခင်၏ သန့်စင်ခြင်းဆေးမီးလျှံဖို သိုင်းပညာမှာ သူမ၏ အပ်စိုက်မှတ် အားလုံးမှ စွမ်းအင်များကို တစ်ပြိုင်နက် ထုတ်လွှတ်၍ ဖိုတစ်ခုကဲ့သို့ ပုံဖော်ကာ၊ ပုံမှန်ထက် ကျော်လွန်သော ပေါက်ကွဲအားဖြင့် ပြိုင်ဘက်ကင်း တုံ့ပြန်တိုက်ခိုက်မှုများကို ပြုလုပ်နိုင် သော်လည်း၊ ယခုလက်ရှိ ဟုန်ယွိမှာ သာမန် ဖန်ဆင်းရှင် တစ်ဦး မဟုတ်တော့ပေ။ သူသည် ကောင်းကင်နှင့်မြေကြီးကြားတွင် အင်အားအကြီးဆုံးသော တည်ရှိမှုများထဲမှ တစ်ဦး ဖြစ်ပေသည်။
သို့သော် ဟုန်ယွိသည် အကြောင်းမဲ့ သတ်ဖြတ်မည့်သူ မဟုတ်ပေ။ သူက စစ်ဘက်ရေးရာ ဝန်ကြီး အကြောင်းကို ထည့်သွင်းပြောဆိုလိုက်ခြင်းမှာ လီဖူကြယ်သခင်ကို အမြစ်က လှုပ်လာအောင် တုန်လှုပ်ခြောက်ခြားသွားစေရန် ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ပင် ထိုအထွက်အထိပ် လူသားအင်မော်တယ် အမျိုးသမီးမှာ ချက်ချင်းပင် ထိတ်လန့်သွား ပြီး သူမ၏ စိတ်ဝိညာဉ်မှာလည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
စစ်ဘက်ရေးရာ ဝန်ကြီးဆိုသည်မှာ ‘ကောင်းကင်အပြင်ပနယ်မြေ’ ရှိ မည်သည့် ပညာရှင် များအတွက်မဆို အိပ်မက်ဆိုးတစ်ခုကဲ့သို့ တည်ရှိနေသူ ဖြစ်သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ရုတ်တရက် သေဆုံးသွားခြင်းက သူတို့အပေါ် မည်မျှအထိ ရိုက်ခတ်မှု ရှိသွားမည်နည်း။
သူမ၏ နေရာတွင် ကိုယ်ချင်းစာ၍ တွေးကြည့်လျှင် ဟုန်ယွိအနေဖြင့် လီဖူကြယ်သခင်၏ ရင်ထဲမှ တုန်လှုပ်မှုကို ခန့်မှန်းနိုင်ပါသည်။ ထိုတုန်လှုပ်မူမှာ မဟာကမ္ဘာလောကမှ ‘မုန့်ရှန်း ကျီ’၊ တော်ဝင်ချန်ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့အားလုံး သေဆုံးသွားပြီဟု ရုတ်တရက် ကြားလိုက်ရသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
...
“ဒါပေါ့... ဒါက အမှန်တရားပဲ။ ကျွန်တော် သူ့ကို ဘယ်လိုသတ်ပြီး ဘယ်လို သန့်စင်ခဲ့လဲ ဆိုတဲ့ မြင်ကွင်းကို ခင်ဗျားကို ပြသပေးမယ်။ စိတ်အာရုံ လှည့်စားခြင်း... စိတ်ဝိညာဉ် မုန်တိုင်း” ဟုန်ယွိ၏ လှုပ်ရှားမှုနှင့်အတူ ပြင်းထန်သော စိတ်ဝိညာဉ် မုန်တိုင်းတစ်ခုက အလင်းနှင့်အမှောင် အကာအကွယ် အတွင်းသို့ တိုးဝင်သွားပါသည်။
ချက်ချင်းဆိုသလိုပင်...
လီဖူကြယ်သခင်သည် စစ်ဘက်ရေးရာဝန်ကြီး အသတ်ခံရသည့် မြင်ကွင်းကို မြင်တွေ့ လိုက်ရသည်။ ဟုန်ယွိနှင့် မည်သို့ တိုက်ခိုက်ခဲ့ပုံ၊ ဟုန်ယွိက မိုးကြိုးရေကန်ကို မည်သို့ ဖောက်ခွဲခဲ့ပုံ၊ အခြားသူကို အသုံးချ၍ မည်သို့ လက်စဖျောက်ခဲ့ပုံနှင့် စစ်ဘက်ရေးရာဝန်ကြီး ၏ မှတ်ဉာဏ်များကို ထုတ်ယူကာ ‘သူရဲကောင်းမှတ်တမ်း’ အဖြစ် မည်သို့ သန့်စင်ပြီး ပြောင်းလဲခဲ့ပုံများကို မြင်တွေ့လိုက်ရ၏။ စစ်ဘက်ရေးရာဝန်ကြီး၏ အဆုံးမရှိသော နတ်ဘုရား အရှိန်အဝါများ၊ သူ၏ နောက်ဆုံးအချိန် အသည်းအသန် ရုန်းကန်မှုများနှင့် ဟုန်ယွိက ထာဝရ တည်တံ့နေသော အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ အရာအားလုံးကို ထိန်းချုပ်ထားပုံများကို သူမ မြင်တွေ့ခဲ့ရသည်။
သူမ၏ အတွင်းစိတ် အာရုံခံစားမှုအရ ဤမြင်ကွင်းများသည် လုံးဝ အတုအယောင်များ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အရာများမှ ပြန်လည်ပြသခြင်း ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။
သူမ၏အဆင့်မျိုးတွင် အစစ်နှင့်အတုကို သဘာဝအတိုင်း ခွဲခြားနိုင်ပါသည်။
“ဟုန်ယွိ... ရှင် တကယ်ပဲ စစ်ဘက်ရေးရာဝန်ကြီးကို သတ်လိုက်တာပဲ။ တကယ်ကို သတ်လိုက်တာပဲ။ ကောင်းတယ်။ ကောင်းတယ်။ တကယ်ကို ကောင်းတယ်။...”
လီဖူကြယ်သခင်သည် ဝမ်းသာအားရဖြင့် ဟားတိုက် ရယ်မောလိုက်ရာ သူမ၏ ကိုယ်လေး မှာ ရှေ့တိုးနောက်ငင် ဖြစ်နေပြီး ပါးပြင်ပေါ်သို့ မျက်ရည်များပင် စီးကျလာသည်။ သူမ၏ ရယ်မောသံများထဲတွင် အလွန်တရာ ကျေနပ်အားရမှုနှင့် အလွန်နက်ရှိုင်းသော ရန်ငြိုးများ ပေါက်ကွဲထွက်လာမှုတို့ ပြည့်နှက်နေသည်။ ထိုစဉ်မှာပင် ဟုန်ယွိသည် လီဖူကြယ်သခင်၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ကြည်လင်သော အတွေးစများ စီးဆင်းသွားသည်ကို ခံစားလိုက်ရ သည်။ သူမ၏ အပ်စိုက်မှတ် အားလုံးမှာ တုန်ခါသွားပြီး၊ အလွန်အစွမ်းထက်သော သိုင်းဆန္ဒ များမှာ အပ်စိုက်မှတ်များအတွင်း၌ ပေါက်ဖွားလာသည်။ ခဏအတွင်းမှာပင် ထိုသိုင်းဆန္ဒ မှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အပြင်သို့ ထွက်ပေါ်လာတော့သည်။
သိုင်းဆန္ဒ အထည်ကိုယ်ဒြဗ်အသွင် စုစည်းခြင်း။
လီဖူကြယ်သခင်သည် ဟုန်ယွိက စစ်ဘက်ရေးရာဝန်ကြီးကို သတ်ဖြတ်သည့် မြင်ကွင်းကို ကြည့်ရင်းဖြင့်ပင် သူမ၏ ပိတ်ဆို့နေသောအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ယခုအခါ သိုင်းဆန္ဒကို အထည်ကိုယ်ဒြဗ်အသွင် စုစည်းခြင်းအဆင့်သို့ ရောက်ရှိ သွားလေပြီ။
သိုင်းပညာရှင်တစ်ဦး အဆင့်တက်ရာတွင် တာအိုပညာရှင်များကဲ့သို့ မိုးကြိုးကပ်ဘေးကို အသက်စွန့်ကျော်ဖြတ်ရန် မလိုဘဲ ‘နှလုံးသားကပ်ဘေး’ ကို ကျော်ဖြတ်ရခြင်း ဖြစ်သည်။ ၎င်းမှာ သိုင်းပညာရှင်များအတွက် အားသာချက်တစ်ခု ဖြစ်ပြီး အသက်အန္တရာယ် သိပ်မရှိ ပေ။ သို့သော် နှလုံးသား ကပ်ဘေးကို ကျော်ဖြတ်ရန်မှာလည်း လွယ်ကူလှသည် မဟုတ်ပေ။
မူလစွမ်းအင်များမြောက်မြားစွာ စုစည်းလာပြီး သူမ၏ သန့်စင်ခြင်းဆေးမီးလျှံဖို သိုင်းပညာ မှာ ပို၍ပင် တောက်ပလာသည်။ ထိုစိမ်းဖန့်ဖန့် မီးတောက်များမှာ အလင်းနှင့်အမှောင် အကာအကွယ်ကိုပင် လောင်ကျွမ်းဖောက်ထွက်တော့မည်ကဲ့သို့ ရှိနေသည်။
သူမ၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ။
သူမ၏ အရှိန်အဝါမှာ အဆုံးမဲ့ မြင့်တက်နေဆဲပင်။
ဘုန်း…
နောက်ဆုံးတွင် သူမ၏ လက်ထဲရှိ မိုးတိမ်ဖွင့်မှန်သည် တောက်ပသော အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ထိုရတနာမှန်သည် ‘သန့်စင်ခြင်းဆေးမီးလျှံဖို’ အတွင်း၌ လုံးဝဥဿုံ အရည်ပျော်သွားပြီး သူမ၏ အဓိက အပ်စိုက်မှတ်များအတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွား သည်။
“လူနဲ့ရတနာ တစ်သားတည်း ဖြစ်ခြင်း... သူမရဲ့ နတ်ဘုရားစွမ်းအားတွေ ထပ်တိုးလာပြန် ပြီ” ဤမိုးတိမ်ဖွင့်မှန်မှာ ‘နေလစကြဝဠာ ဆေးပေါင်းအိုး’ ကဲ့သို့ပင် အလွန်တရာ အစွမ်း ထက်သော နတ်ဘုရား လက်နက်တစ်ခု ဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။ ဤရတနာ မှန် သည် မူလကပင် လူသားခန္ဓာကိုယ်ပုံစံအဖြစ် ဖော်ဆောင်ရန်နှင့် နောက်ဆုံးတွင် ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစပ်ကာ ခန္ဓာကိုယ်၏ ချို့ယွင်းချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်သည်။
လီဖူကြယ်သခင်သည် ယခင်က ဤရတနာမှန်ကို သန့်စင်နိုင်ခြင်း မရှိခဲ့ပေ။ ယခုအခါ နှလုံးသားကပ်ဘေး ကျော်ဖြတ်နိုင်ပြီး အတွေးစများ ကြည်လင်သွားသည့်အခါ ရတနာမှန် ကို ချက်ချင်း သန့်စင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ သူမ၏ နတ်ဘုရားစွမ်းရည်မှာလည်း ထပ်မံ တိုးတက်လာခဲ့သည်။
“ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်… လီဖူကြယ်သခင်အနေနဲ့ သိုင်းဆန္ဒ အထည်ကိုယ် ဒြဗ်အသွင်စုစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ဒါဟာ ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ အဆင့်ဆီကို နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်နိုင်တာပါပဲ။”
ထိုသို့ မြင်တွေ့ရသောအခါ ဟုန်ယွိ သည် အလင်းနှင့်အမှောင် အကာအကွယ်ကို ပြန်လည် ရုပ်သိမ်းပေးလိုက်သည်။ လီဖူကြယ်သခင်သည် ရှည်လျားသော ဟစ်ကြွေးသံနှင့်အတူ ပျံသန်းထွက်ပေါ်လာပြီး၊ သူမ၏ မျက်ခုံးကြားတွင် တစ်ခါမျှ မတွေ့ဖူးသော တည်ငြိမ်မှုနှင့် ကျေနပ်မှုများ ပေါ်လွင်နေသည်။
“ငါ့ဘဝရဲ့ အရေးကြီးကိစ္စတစ်ခု ဖြေရှင်းနိုင်ခဲ့ပြီ...” သူမ အပြင်သို့ ရောက်လာလျှင် ဟုန်ယွိ ကို ချက်ချင်း စကားမပြောသေးဘဲ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ၎င်းမှာ အတိတ်က နာကျင်မှုများကို ပြန်လည် တွေးတောနေသကဲ့သို့ပင်။
သူမ သက်ပြင်းချနေစဉ်မှာပင် ဟုန်ယွိသည် လီဖူကြယ်သခင်၏ ပုံစံကို သေချာစွာ စောင့်ကြည့်လိုက်သည်။
ကြယ်တစ်စင်းလုံးကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်နှင့်အညီ သူမတွင် လှပသော မျက်ခုံးများ၊ နက်ရှိုင်းသော မျက်လုံးများ၊ စံပယ်နွယ်ကဲ့သို့ နှာတံနှင့် ယွမ်ရှန်းရှန်း၊ ကောင်းကင်သံစဉ် နတ်သမီးတို့ထက်ပင် ပိုမိုစွဲမက်ဖွယ်ကောင်းသော မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်။ သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ လူတစ်ယောက်ကို အလိုလို နစ်မျောသွားစေနိုင် စွမ်း ရှိနေသည်။
ယွမ်ရှန်းရှန်းနှင့် ကောင်းကင်သံစဉ် နတ်သမီးတို့မှာ တာအိုကျင့်စဉ်များကို ကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ လီဖူကြယ်သခင်ကမူ သူမ၏ ခန္ဓာကိုယ်ကို လူသားအင်မော်တယ် အထွတ်အထိပ်အထိ ကျင့်ကြံထားသူ ဖြစ်သည်။
ခန္ဓာကိုယ် တည်ဆောက်ပုံအပိုင်းတွင် သူတို့မှာ အဆင့်ချင်း လုံးဝ မတူကြပေ။
အစပိုင်းတွင် သူ အလေးအနက် မထားမိသော်လည်း၊ အနီးကပ် ကြည့်လိုက်သည့်အခါမှ သာ သူမ၏ဆွဲဆောင်မှုမှာ အခြားသူများထက် ပိုမို ထူးကဲနေသည်ကို ဟုန်ယွိ ခံစားမိသည်။
“အထွက်အထိပ် လူသားအင်မော်တယ်အဆင့် အမျိုးသမီးတစ်ဦး... တကယ်ကို ပြီးပြည့်စုံ တဲ့ ခန္ဓာကိုယ်ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ရုပ်ခန္ဓာ ကျင့်ကြံမှုမှာ ဒီအဆင့်ထိ ရောက်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ ဒါကြောင့်လည်း ဟုန်ရွှန်ကျိက သူမကို သိမ်းသွင်းဖို့ သူ့ရဲ့ အမြင့်ဆုံးပညာရပ်တွေကိုတောင် သင်ပေးခဲ့တာ ကိုး။ တကယ်လို့ သူတို့ နှစ်ယောက်သာ ပူးပေါင်းလိုက်ရင်... ဟွန့်... ဉာဏ်ရှိတဲ့သူ ဘယ်သူ မဆို ဟုန်ရွှန်ကျိ ဘာတွေးနေလဲဆိုတာ သိနိုင်ပါတယ်။” ဟုန်ယွိ သက်ပြင်းချလိုက်မိသည်။
...
“ကျေးဇူးတင်ပါတယ် သခင်လေးယွိ... ကျွန်မတို့အတွက် အဲဒီမိစ္ဆာကောင်ကြီးကို သတ်ပြီး ကလဲ့စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မလက်နဲ့ ကိုယ်တိုင် မသတ်ခဲ့ရပေ မဲ့ သခင်လေးရဲ့ ကျေးဇူးတရားကိုတော့ ကျွန်မ ပြန်ဆပ်ရပါလိမ့်မယ်။”
ရုတ်တရက် လီဖူကြယ်သခင်သည် ဟုန်ယွိကို အနည်းငယ် ဦးညွှတ်ကာ အရိုအသေပြု လိုက်သည်။ မာနကြီးသော အထွက်အထိပ် လူသားအင်မော်တယ် တစ်ဦးက ဤသို့ ဦးညွှတ်ခြင်းမှာ ဟုန်ယွိက စစ်ဘက်ရေးရာဝန်ကြီးကို သတ်ပေးခဲ့ခြင်းအပေါ် သူမ၏ အလွန်တရာ ကျေးဇူးတင်မှုကို ပြသနေခြင်းပင် ဖြစ်သည်။
သူမ၏ လက်ရှိစွမ်းအားအရ သူမကဲ့သို့ ကျွမ်းကျင်ပညာရှင် သုံးလေးယောက် ပေါင်းလျှင် ပင် ထိုဝန်ကြီးကို အကြပ်ရိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ဟုန်ယွိက သူ့ကို အမြစ်ပြတ် သတ်ဖြတ်နိုင်ခဲ့သည်။
“အခုကစပြီး ကျွန်မ လီဖူယန်လော့က သခင်လေးယွိရဲ့ လက်အောက်မှာ စစ်မှန်တဲ့ သစ္စာရှိ မှုနဲ့ ခိုလှုံပါ့မယ်။”
လီဖူကြယ်သခင်သည် သူမ၏ အစစ်မှန် နာမည်ရင်းကိုပင် ထုတ်ပြောလိုက်ရာ သူမအနေ ဖြင့် ဟုန်ယွိအပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေသည်။
“ဒါဟာ စစ်မှန်တဲ့ သစ္စာရှိမှုပဲ။ အထွက်အထိပ် လူသားအင်မော်တယ် ပညာရှင်တစ်ဦးရဲ့ သစ္စာစောင့်သိမှုကို ရရှိဖို့ဆိုတာ မလွယ်ဘူး။ စစ်ဘက်ရေးရာဝန်ကြီးကို သတ်ခဲ့တာက ဒီလောက်အထိ အကျိုးကျေးဇူးများမယ်လို့ ငါ မထင်ထားခဲ့ဘူး။” ဟုန်ယွိ ဝမ်းသာသွား သည်။ “ဒါပေမဲ့ မဟာကမ္ဘာလောကမှာ ရှင်သန်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး။ လီဖူကြယ်သခင်အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အင်အားစုတစ်ခုနဲ့ ပူးပေါင်းဖို့ လိုအပ်လိမ့်မယ်။ မဟုတ်ရင် ခင်ဗျားတို့ဟာ ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာရဲ့ လိုက်လံတိုက်ခိုက်မှုကို ဆက်ပြီး ခံနေရဦးမှာပဲ။”
သူမ၏ သစ္စာရှိမှုကို ဟုန်ယွိ ခံစားမိသည်။ တစ်ဖက်တွင် သူ၏ အစွမ်းထက်သော စွမ်းအား ကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် စစ်ဘက်ရေးရာဝန်ကြီးကို သူ သတ်ပေးခဲ့သော ကြောင့် ဖြစ်သည်။
“သစ္စာခံတယ်ဆိုတဲ့ စကားမျိုး မပြောပါနဲ့။ ကျွန်တော်ဟုန်ယွိရဲ့ ရည်မှန်းချက်ကိုက ခေါင်းဆောင်မပါတဲ့ နဂါးအုပ်စုလိုမျိုး လူတိုင်း ကိုယ်ပိုင် လွတ်လပ်ခွင့် ရရှိဖို့ပဲ။” ဟုန်ယွိက လက်ကာပြလိုက်သည်။ “အခုကစပြီး ကျွန်တော်တို့ဟာ တာအိုမိတ်ဆွေအဖြစ်ပဲ ဆက်ဆံ ကြရအောင်။ ကျွန်တော်ဟုန်ယွိမှာ မိတ်ဆွေတွေပဲ ရှိတယ်၊ လက်အောက်ငယ်သားဆိုတာ မရှိဘူး။”
“သခင်လေးယွိရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ကျွန်မ သိပါတယ်” လီဖူယန်လော့က ခေါင်းညိတ်ပြသည်။ “ဒီအင်မော်တယ်ကမ္ဘာကြီးမှာ သခင်လေးယွိရဲ့ နာမည်ဂုဏ်သတင်း က တော်တော်ကြီးပါတယ်။ သခင်လေးရဲ့ ‘ပြောင်းလဲခြင်းကျမ်း’ တစ်စောင်ဟာ ကျွန်မတို့ ကောင်းကင်အပြင်ပနယ်မြေကိုတောင် ပြန့်နှံ့လာပြီး တချို့လူတွေ ဖတ်နေကြပြီ။ ကျွန်မ လည်း တချို့ ဖတ်ဖူးပါတယ်။”
“ဘာ… ပြောင်းလဲခြင်းကျမ်းက ကောင်းကင်အပြင်ပနယ်မြေအထိတောင် ပျံ့နှံ့သွားပြီ လား” ဟုန်ယွိ အံ့အားသင့်သွားသည်။ ကောင်းကင်အပြင်ပနယ်မြေမှ စာပေများမှာ မဟာ ကမ္ဘာလောကနှင့် ထူးမခြားနားသည်မှာ အလယ်ခေတ် ပညာရှင်သူတော်စင်များ၏ ပြန့်ပွားအောင် ကြိုးပမ်းမှုကြောင့်ပင် ဖြစ်သည်။
“ဒါဆိုရင်တော့ ကျွန်တော်တို့ မဟာကမ္ဘာလောကဆီ ပြန်ကြရအောင်။ ခင်ဗျားတို့ နေထိုင် ဖို့ နေရာတစ်ခု ကျွန်တော် စီစဉ်ပေးပါ့မယ်။” ဟုန်ယွိက ပြောလိုက်သည်။
“ခဏလေးပါ” လီဖူယန်လော့က ရုတ်တရက် တားလိုက်သည်။ “သခင်လေးယွိ... ကျွန်မ စကားကို နားထောင်ပေးနိုင်မလား၊ အခုအချိန်မှာ သခင်လေးယွိရဲ့ အင်အားကို အဆပေါင်း များစွာ တိုးတက်စေနိုင်မယ့် အခွင့်အရေးကြီး တစ်ခု ရှိနေတယ်။”
“အဲဒါက ဘာလဲ” ဟုန်ယွိ၏ မျက်လုံးများ တောက်ပသွားသည်။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဗဟိုကမ္ဘာဟာ အရပ်မျက်နှာအနှံ့ကို စစ်ချီခဲ့ပြီး မရေမတွက်နိုင်တဲ့ ကြယ်သခင်တွေကို သတ်ဖြတ်တာ ဒါမှမဟုတ် ချိတ်ပိတ်ခဲ့ကြတယ်။ သူတို့ အားလုံးကို တစ်နေရာတည်းမှာ အကျဉ်းချထားတယ်။ တကယ်လို့ သခင်လေးယွိ သာ စိတ်ဝင်စားမယ်ဆိုရင် ကျွန်မတို့ လောင်းကြေးထပ်ပြီး စွန့်စားကြရအောင်။ အဲဒီ ကြယ်သခင်တွေကို ကျွန်မတို့ သွားကယ်ထုတ်ကြရအောင်”
“ဘာ”
ဟုန်ယွိ အံ့သြသွားရသည်။ ဤကိစ္စမှာ သေးငယ်လှသည် မဟုတ်ပေ။ “သူတို့ကို ဘယ်မှာ အကျဉ်းချထားတာလဲ။”