အခန်း ၇၀၀
Vol. 67 Ch. 700
အခန်း (၇၀၀)။
“ဒါဟာ ကောင်းကင်အပြင်ပနယ်မြေလား။ အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးတွေ လှည့်လည်သွားလာပြီး မဟာကမ္ဘာလောကရဲ့ တာအိုပညာရပ်တွေနဲ့ အခြေခံစည်းမျဉ်း တွေကို ဟောပြော ပြန့်ပွားခဲ့တဲ့ နေရာလား။”
ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ကောင်းကင်အပြင်ပ နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာ၌ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် ကြယ်စင်စုများ မှာ အတူတကွ လွင့်မျောနေကြပြီး အရောင်အသွေး စုံလင်ကာ ဆန်းကြယ်သည့် ကမ္ဘာကြီးတစ်ခုကို ဖန်တီးထားကြသည်။ ဤကမ္ဘာသည် ‘သာမန်နယ်မြေ’ တစ်ခုထက် အဆပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပိုမိုရှုပ်ထွေးသည့် ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
ဤနေရာရှိ ကြယ်တစ်လုံးချင်းစီမှာ အခြေခံအားဖြင့် ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ ခန့် ကြီးမားကြပြီး၊ ထိုကြယ်များပေါ်တွင် သမုဒ္ဒရာများ၊ သစ်တောများနှင့် ပေါကြွယ်ဝသော သယံဇာတ အရင်းအမြစ်မျိုးစုံ ရှိနေကြသည်။
ထိုကြယ်များကြားတွင် မီးလုံးကြီးများနှင့် တူသော ကြယ်ကြီးများစွာ လွင့်မျောနေပြီး၊ ထိုကြယ်များက အခြားကြယ်များအတွက် လိုအပ်သော စွမ်းအင်များကို အဆက်မပြတ် ထောက်ပံ့ပေးနေသည်။ ထိုကြယ်များမှာ ကောင်းကင်အပြင်ပနယ်မြေ၏ ‘နေကြယ်’ များ ပင် ဖြစ်သည်။
ကြယ်တစ်လုံးချင်းအပေါ်တွင် နိုင်ငံများ၊ ဂိုဏ်းဂဏများနှင့် ကျင့်ကြံသူများ ရှိနေကြပြီး ရှုပ်ထွေးသော ပတ်ဝန်းကျင်နှင့် အင်အားစုများကို ဖြစ်ပေါ်စေသည်။ ၎င်းတို့မှာ ကမ္ဘာဦး ခေတ်ကတည်းက တည်ရှိနေခဲ့ကြခြင်းဖြစ်ပြီး သမိုင်းကြောင်းမှာလည်း မဟာကမ္ဘာ လောကကဲ့သို့ပင် ရှည်လျားလှသည်။
ကောင်းကင်အပြင်ပနယ်မြေ၏ လူဦးရေမှာ မဟာကမ္ဘာလောကထက် ဆယ်ဆ သို့မဟုတ် အဆပေါင်း ရာနှင့်ချီ၍ ပိုမိုများပြားသည်။ မဟာကမ္ဘာလောကတွင် စုစုပေါင်း လူဦးရေမှာ ၄ ဘီလီယံ (သန်း ၄၀၀၀) ခန့်သာ ရှိသော်လည်း၊ ကောင်းကင်အပြင်ပနယ်မြေ၏ ‘ဗဟိုကမ္ဘာ’ တစ်ခုတည်းမှာတင် လူဦးရေမှာ ၁၀ ဘီလီယံ (သန်း ၁၀၀၀၀) ခန့် ရှိနေသည်။
အခြားသော ကြယ်များဖြစ်သည့် ‘လီဖူကြယ်’၊ ‘အထီးကျန်ကြယ်’နှင့် 'ချိန်ခွင်ကြယ်' (Scale Star) အစရှိသည့် ကြယ်တစ်လုံးစီတွင် လူဦးရေမှာ သန်းပေါင်း ရာနှင့်ချီ၍ ရှိနေကြ သည်။ သေးငယ်သော ကြယ်အချို့တွင်ပင် လူဦးရေ သန်းဂဏန်း၊ ဆယ်သန်းဂဏန်း ရှိကြ သည်။
ကြယ်စင်စု အကြီးအသေးပေါင်း ရာချီထောင်ချီပေါ်ရှိ လူဦးရေအားလုံးကို ပေါင်းလိုက်လျှင် အနည်းဆုံး ဘီလီယံ ဆယ်ဂဏန်းမှသည် ဘီလီယံ ရာဂဏန်းအထိ ရှိနိုင်ပါသည်။ ထိုပမာဏမှာ အလွန်တရာ ကြီးမားသည့် အခြေခံကိန်းဂဏန်းတစ်ခုဖြစ်ပြီး စဉ်းစားကြည့် ရုံဖြင့်ပင် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
လူဦးရေ ဘီလီယံ ရာနှင့်ချီသည့် အခြေခံအုတ်မြစ်။ ထိုထဲတွင် ပုန်းအောင်းနေသည့် နဂါးများနှင့် ဝပ်နေသည့် ကျားများ မည်မျှရှိနေမည်နည်း။ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ မည်မျှ ရှိနေမည်နည်း။ နှစ်ပေါင်းသောင်းနှင့်ချီသော သမိုင်းတစ်လျှောက်တွင် ကြည်နူးစရာ၊ ဝမ်းနည်းစရာ ဇာတ်လမ်းပေါင်း မည်မျှ ပေါ်ပေါက်ခဲ့မည်နည်း။ သုတေသန ပြုရန် ထိုက်တန်သည့် ယဉ်ကျေးမှုများ၊ လေ့လာမှတ်သားရန် ထိုက်တန်သည့် လူသား ပထဝီဝင်အရင်းမြစ်များ မည်မျှ ရှိနေမည်နည်း။
ကောင်းကင်အပြင်ပနယ်မြေရှိ ထောင်နှင့်ချီသော ကြယ်များ၏ အလယ်ဗဟိုတွင် ရပ်နေ ရင်း ဟုန်ယွိသည် သူ့ကို လွှမ်းခြုံလာသော ထူထဲလေးလံသည့် သမိုင်းကြောင်း အရှိန်အဝါ များကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ထိုခံ့ညားထည်ဝါသော သမိုင်းကြောင်းများ ကို ခံစားကြည့်နေမိရာ သူကိုယ်တိုင်ပင် မဟာစကြာဝဠာ၏ သမိုင်းမြစ်ကြီးထဲတွင် ခရီးနှင် နေရသကဲ့သို့ ခံစားလိုက်ရ၏။
ကောင်းကင်အပြင်ပနယ်မြေတွင် ဤမျှများပြားသော လူဦးရေနှင့် ကြီးမားရှုပ်ထွေးသော ကြယ်ကမ္ဘာကြီးများ ရှိနေခြင်းကြောင့်ပင် အလယ်ခေတ် ပညာရှင် သူတော်စင်များသည် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ပေး၍ ဤနေရာသို့ လာရောက်ကာ သူတို့၏ ယဉ်ကျေးမှု များကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် ဟုန်ယွိ နားလည် သွားခဲ့ပါပြီ။
“နှမြောစရာပဲ... တကယ်ကို နှမြောစရာပါပဲ... အလယ်ခေတ် သူတော်စင်တွေဟာ ဒီနေရာ မှာ သူတို့ရဲ့ အဆုံးအမတွေကို ပြန့်ပွားအောင် လုပ်ခဲ့စဉ်တုန်းက ဘာစာပေမှတ်တမ်းမှ မကျန်ခဲ့ဘူး။ တကယ်လို့ မှတ်တမ်းတွေ ရှိခဲ့ရင်တောင် အဲဒါတွေက အထက်တန်းလွှာ မိသားစုကြီးတွေရဲ့ လျှို့ဝှက်လက်ရေးမူတွေပဲ ဖြစ်မှာပါ။ အပြင်လောကကိုတော့ လုံးဝ ပေါက်ကြားခံမှာ မဟုတ်ဘူး။ နှစ်ပေါင်းထောင်နဲ့ချီပြီး ကောင်းကင်အပြင်ပနယ်မြေရဲ့ စစ်မှန်တဲ့ မျက်နှာစာကို ဘယ်သူမှ မသိခဲ့ကြဘူး။ ဒီတစ်ခေါက်မှာ ငါက မဟာစကြာဝဠာ ကြီးရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာခံစားဖို့ စိတ်ကူးထားခဲ့တာ။ ဒါပေမဲ့ ‘သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်’ ကိစ္စကြောင့် ငါ့မှာ အချိန် သိပ်မရှိ ဘူး။ ဗဟိုကမ္ဘာက ကိစ္စတွေကို အပြီးသတ် ဖြေရှင်းပြီးမှပဲ ငါ ဒီနေရာကို ပြန်လာပြီး ငါ့ရဲ့ ‘ပြောင်းလဲခြင်းကျမ်း’ ယဉ်ကျေးမှုကို ပြန့်ပွားအောင် လုပ်တော့မယ်။” ဟုန်ယွိက သက်ပြင်းချရင်း ဆိုလိုက်သည်။
...
“ကျွန်မရဲ့ ‘လီဖူကြယ်’ မှာ မူလက လူဦးရေ သန်း ၁၃၀ ရှိပြီး နိုင်ငံပေါင်း ဆယ်နိုင်ငံကျော် ရှိခဲ့တာပါ။ နိုင်ငံတိုင်းက ကျွန်မတို့ ‘လီဖူသိုင်းဂိုဏ်း’ ရဲ့ လက်အောက်ခံတွေဖြစ်ပြီး ကျွန်မ တို့ ဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ကြတာ။ ဒါပေမဲ့ အခု ဗဟိုကမ္ဘာ ရောက်လာတော့ အဲဒီနေရာ ဟာ ရန်သူ့လက်ထဲ လုံးဝ ကျရောက်သွားခဲ့ပြီ။... မိတ်ဆွေယွိ ဟိုမှာ ကြည့်လိုက်ပါဦး။”
ဟုန်ယွိ သက်ပြင်းချနေစဉ်မှာပင် လီဖူယန်လော့က မိုင်ပေါင်း ခုနစ်သိန်း ရှစ်သိန်းခန့် ဝေးကွာသော ကြယ်တစ်လုံးကို လက်ညှိုးညွှန်ပြလိုက်သည်။ ဟုန်ယွိ လှမ်းကြည့်လိုက်ရာ ထိုကြယ်ပေါ်တွင် မြင့်မားသော မြို့ကြီးများစွာ တည်ရှိနေပြီး အလွန်ပင် စည်ကားနေသည် ကို တွေ့ရသည်။ ၎င်းတို့၏ ယဉ်ကျေးမှုမှာ တော်ဝင်ချန်မင်းဆက်ကဲ့သို့ပင် တိုးတက်နေပြီး အလွန်ထွန်းကားနေပါသည်။
သို့သော် ယခုမူ ထူးဆန်းသော လက်နက်များကို ကိုင်ဆောင်ထားသည့် သံချပ်ကာဝတ် စစ်သည်များစွာမှာ ထိုမြို့များ၏ အပြင်ဘက်တွင် တပ်စွဲထားကြသည်။ သူတို့သည် မြို့သူ မြို့သားများကို မောင်းထုတ်နေကြပြီး၊ အရာရှိများကို ဖမ်းဆီးကာ၊ နန်းတော်များကို ဖျက်ဆီးပြီး သယံဇာတများကို လုယက်နေကြသည်။ ကျရှုံးသွားသော နိုင်ငံတစ်ခု၏ ဝမ်းနည်းကျေကွဲဖွယ် မြင်ကွင်းမှာ ဟုန်ယွိ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
နိုင်ငံတော် ပျက်စီးသွားပြီး မြေယာများ ဆုံးရှုံးသွားခဲ့ရပြီ။
ဟုန်ယွိသည် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များကို စုပ်ယူထားသူ ဖြစ်သဖြင့် ဤကဲ့သို့ လုယက်နေသည့် မြင်ကွင်းများအတွက် အံ့ဩမနေတော့ပေ။ ဗဟိုကမ္ဘာဖြစ်သော ‘ဖန်ကြယ်’သည် လူဦးရေ ၁၀ ဘီလီယံကို ထောက်ပံ့ပေးနေရပြီး၊ သူတို့အတွက် လုံလောက် သော အစားအစာနှင့် အဝတ်အထည်များ ပံ့ပိုးပေးမှသာ လူများက ကျင့်ကြံခြင်းအတွက် အချိန်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် လိုအပ်ချက်အတွက် လုယက်မှုများမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
ဗဟိုကမ္ဘာရှိ အလုပ်အချို့ဖြစ်သည့် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးတို့ကို ‘ခေါင်းပေါင်း ဝါစစ်သည်’၊ ‘ဝိညာဉ်နတ်ဘုရားစစ်သည်’နှင့် အခြားသော ရုပ်သေးရုပ်များက လုပ်ဆောင် ပေးနေသော်လည်း သယံဇာတများမှာ အရေးအကြီးဆုံး ဖြစ်နေဆဲပင်။ ‘ဖန်ကြယ်’ ပေါ် တွင် သတ္တုတွင်းများကဲ့သို့သော သယံဇာတများမှာ အကန့်အသတ် ရှိသည်။ ၎င်းတို့ကို အမြောက်အမြား ထုတ်လုပ်၍ မရနိုင်သဖြင့် သူတို့၏ အင်အားကို ထိန်းသိမ်းရန်အတွက် ပတ်ဝန်းကျင် ကြယ်များအပေါ် လုယက်တိုက်ခိုက်ခြင်းကိုသာ အားကိုးနေရခြင်း ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် မဟာကမ္ဘာလောက၏ အဆုံးမဲ့သည့် နယ်မြေများသည် ဗဟိုကမ္ဘာက တကယ်ကို တောင့်တနေသည့် အရာများ ဖြစ်နေရခြင်း ဖြစ်သည်။ ကျယ်ပြောလှသည့် တောရိုင်းမြေများ၊ အဆုံးမဲ့ ပင်လယ်များ၊ လွင်ပြင်ကြီးများနှင့် အနောက်ဘက် သဲကန္တာရများပင်လျှင် မရေတွက်နိုင်သော လူများကို လက်ခံထားနိုင်ပေ သည်။
ဤအချက်ကို မြင်လိုက်ရသည့်အခါ ဟုန်ယွိသည် ဗဟိုကမ္ဘာက မဟာကမ္ဘာလောကကို ကျူးကျော်လိုသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။
ပထမအချက်မှာ လူဦးရေ ဖိအားကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ မဟာကမ္ဘာလောက သည် ဒဏ္ဍာရီလာ မသေမျိုးလောကဖြစ်ပြီး မသေမျိုးတာအို၏ မြစ်ဖျားခံရာ နေရာ ဖြစ်သောကြောင့်ပင်။ မဟာကမ္ဘာလောကသို့ သွားခြင်းသည် တာအိုကိုရရှိပြီး၊ ကောင်းကင် ဘုံသို့ တက်လှမ်းခြင်းနှင့် အတူတူပင် ဖြစ်သည်။
“ရန်သူ သတိမထားမိစေနဲ့။ ‘‘သေမင်းတိတ်ဆိတ်ခြင်းကြယ်’ ဆီ ချက်ချင်း သွားကြရ အောင်။ အခု ရွှီဝူယွိက မဟာကမ္ဘာလောကထဲကို ရောက်နေတာ။ သူ့အကာအကွယ် မရှိဘူးဆိုရင် ကျွန်တော် ‘သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်’ကို ဖွင့်ပြီး အထဲကို ဝင်နိုင်ကောင်း ဝင်နိုင်လိမ့်မယ်။”
ဟုန်ယွိက လှည့်၍ လက်ဝှေ့ယမ်းပြရင်း သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ဟင်းလင်း ပြင်ကို ဖောက်ထွက်ကာ ရှေ့သို့ ပျံသန်းသွားသည်။
“မိတ်ဆွေယွိ ပြောတာ မှန်တယ်” လီဖူယန်လော့သည် သူမ တစ်ချိန်က အုပ်ချုပ်ခဲ့သည့် ကြယ်စင်ကို နောက်ထပ် မတောင့်တတော့ပါ။ ဂုဏ်ကျက်သရေ အားလုံးမှာ ခဏတာ လွင့်မျောသွားသော မီးခိုးငွေ့များနှင့် တိမ်တိုက်များကဲ့သို့ ကွယ်ပျောက်သွားခဲ့ပါပြီ။
သူတို့နှစ်ဦးမှာ ဆက်လက် ပျံသန်းသွားကြပြီး လီဖူယန်လော့က ဟုန်ယွိ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူတို့သည် ကြယ်များကြားရှိ အက်ကြောင်းပေါင်း မည်မျှကို ဖြတ်ကျော်ခဲ့ပြီး၊ ကီလိုမီတာ သန်းပေါင်း မည်မျှ အကွာဝေးအထိ ပျံသန်းခဲ့သည် ကို မည်သူမျှ မသိနိုင်ပေ။
“ဟိုမှာ ကြည့်လိုက်... အဲဒါ ဗဟိုကမ္ဘာပဲ ဖြစ်ရမယ်။ အခုတော့ ငါတို့ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားကြစို့၊ တိုက်ရိုက် ပျံမဝင်နဲ့ဦး။ ဗဟိုကမ္ဘာမှာ ပညာရှင်တွေက ကောင်းကင်ယံ က တိမ်တိုက်တွေလို များပြားလွန်းတယ်။ အထူးသဖြင့် ‘ခေါင်းဆောင်’ ရွှီယွိက ‘ယန်နတ်ဘုရားအသိစိတ်’ ကို ပိုင်ဆိုင်ထားတယ်။ အဲဒီယန်နတ်ဘုရား အသိစိတ်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါ မသိပေမဲ့ သူကတော့ ငါတို့ရှိနေတာကို ရိပ်မိနိုင်တယ်”
ပျံသန်းနေရင်းဖြင့်ပင် ဟုန်ယွိသည် စစ်ဘက်ရေးရာဝန်ကြီး၏ မှတ်ဉာဏ်များအရ ‘ဖန်ကြယ်’ ဗဟိုကမ္ဘာ၏ အစွန်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။
ကောင်းကင်ပြာရောင် ကြယ်ကြီးတစ်လုံးမှာ ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေပြီး မသိမသာ သော အရှိန်ဟုန်ဖြင့် လည်ပတ်နေသည်ကို သူ မြင်လိုက်ရ၏။ ဤသည်မှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ဗဟိုကမ္ဘာဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။
အကြောင်းမှာ အစွမ်းထက် အရှိန်အဝါများနှင့် မရေတွက်နိုင်သော စိတ်အာရုံများမှာ ဟင်းလင်းပြင်ထဲ၌ သိပ်သည်းစွာ ဖုံးလွှမ်းနေပြီး မမြင်နိုင်သော ကောင်းကင်ပိုက်ကွန်ကြီး တစ်ခုကို ဖန်တီးထားသောကြောင့် ဖြစ်သည်။
အကယ်၍ ပုံမှန်မဟုတ်သော အရာတစ်ခုခုသာ ထိုကောင်းကင်ပိုက်ကွန်၏ အတိုင်းအတာ အတွင်းသို့ ဝင်ရောက်လာပါက ဗဟိုကမ္ဘာမှ ပညာရှင်များ ချက်ချင်း သတိပြုမိသွားဖွယ် ရှိသည်။
ဟုန်ယွိသည်လည်း ဗဟိုကမ္ဘာ၏ ‘ခေါင်းဆောင်’ ရွှီယွိနှင့် အမှန်ပင် ယှဉ်ပြိုင် တိုက်ခိုက် ကြည့်ချင်မိသည်။ သူနှင့် မုန့်ရှန်းကျီကြားတွင် မည်သူက ပိုအစွမ်းထက်လဲ၊ ‘ဧကရာဇ်ဖန်’ ၏ ယန်နတ်ဘုရားအသိစိတ်လား သို့မဟုတ် ‘နတ်ဘုရားလက်နက်ဘုရင်သုံးပါး’ လား၊ မည်သူက အနိုင်ရပြီး မည်သူက ‘ဘုရင်တို့၏ဘုရင်’ ဖြစ်သလဲဆိုသည်ကို သူ သိချင်နေမိ သည်။
သို့သော် သူသည် ထိုအတွေးများကို လက်ရှိတွင် ထိန်းချုပ်ထားရမည် ဖြစ်သည်။ မဟုတ်ပါ က ဗဟိုကမ္ဘာမှ ပညာရှင်များစွာ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရလျှင် သူ သေဆုံးသွားနိုင်သည်။
ဗဟိုကမ္ဘာကို ကျော်ဖြတ်ပြီး ဆက်လက် ပျံသန်းလာသည့်အခါ ဟုန်ယွိသည် လူသူကင်းမဲ့ သော ကြယ်များစွာကို တွေ့လိုက်ရသည်။
အချို့ကြယ်များမှာ ပျက်စီးနေသော အပျက်နယ်မြေများ သို့မဟုတ် ခြောက်သွေ့သော သဲကန္တာရများသာ ဖြစ်ကြသည်။
အချို့ကြယ်များမှာမူ ပုပ်စော်နံနေသည့် အမှိုက်ပုံကြီးများကဲ့သို့ စုပုံနေသည်။ ၎င်းတို့မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည့် ‘အမှိုက်ကြယ်’ များသာ ဖြစ်နေကြသည်။
ကြယ်များမှာ အလှအပ၏ သင်္ကေတများဖြစ်သော်လည်း ကြယ်များက ဤကဲ့သို့ ဖြစ်သွား နိုင်လိမ့်မည်ဟု ဟုန်ယွိ တစ်ခါမှ မတွေးဖူးခဲ့ပါ။
“ဒီကြယ်တွေထဲက အများစုက ဗဟိုကမ္ဘာက အရာအားလုံးကို တိုက်ခိုက်လုယက်သွားလို့ ဖြစ်လာရတဲ့ ရလဒ်တွေပဲ။ အချို့ အမှိုက်ကြယ်တွေဆိုတာ ဗဟိုကမ္ဘာက လူပေါင်း ၁၀ ဘီလီယံရဲ့ စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်တဲ့ နေရာတွေပါ။ ဗဟိုကမ္ဘာရဲ့ လက်နက်ဖန်တီးမှု နည်းပညာက အလွန် တိုးတက်တယ်။ ရုပ်သေးရုပ်တွေကို ဖန်တီးဖို့အတွက် သဘာဝ ရတနာတွေ၊ သတ္တုတွေနဲ့ သတ္တုရိုင်းတွေ အမြောက်အမြား လိုအပ်တယ်။ အဲဒါကြောင့် သူတို့ ပတ်ဝန်းကျင်က အရာတွေကို မလုယက်ရင် သူတို့ကိုယ်သူတို့ ဆက်ပြီး ရပ်တည်နိုင် မှာ မဟုတ်တော့ဘူး။” လီဖူယန်လော့က ရှင်းပြလိုက်သည်။
“ဒါကို ကျွန်တော်လည်း သိပါတယ်။ ကျွန်တော်က စစ်ဘက်ရေးရာဝန်ကြီးရဲ့ မှတ်ဉာဏ် တွေကို စုပ်ယူထားတာဆိုတော့ အချို့အရာတွေကို ခင်ဗျားထက်တောင် ပိုသိသေးတယ်။” ဟုန်ယွိက တိုးညှင်းစွာ ပြောလိုက်ပြီး သူ၏ ခရီးကို ဆက်ခဲ့သည်။
နာရီပေါင်းများစွာ ခရီးနှင်ပြီးနောက် ကြယ်များက ပိုမို ကျဲပါးလာသလို ပို၍လည်း ခြောက်သွေ့လာသည်။ ဤကြယ်များဆီသို့ နေမင်းကြယ်များ၏ အလင်းရောင် မရောက် တော့သဖြင့် မှောင်မည်းကာ အေးစက်နေပါသည်။ ပတ်ဝန်းကျင်မှာလည်း ပို၍ ပို၍ ဆိုးရွားလာပါသည်။
ရုတ်တရက် သူတို့မျက်စိရှေ့မှ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။ ကြယ်အားလုံး ပျောက်ကွယ်သွားပြီး၊ သူတို့သည် ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်သွား သလိုမျိုး၊ သို့မဟုတ် ကြယ်တစ်လုံး၏ စစ်မှန်သော ဗဟိုချက်သို့ ရောက်သွားသလိုမျိုး ခံစားရသည်။
ဤနေရာမှာ လုံးဝ မှောင်မည်းနေပြီး အဝေးတစ်နေရာတွင်မူ ခြောက်ကပ်ငြိမ်သက်နေ သည့် မီးခိုးရောင် ကြယ်တစ်စင်းကသာ အထီးကျန်စွာ ရပ်တည်နေကာ မျှော်လင့်ချက်မဲ့ ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေပါသည်။
“ဟုတ်တယ်။ အဲဒါပဲ၊ အဲဒါ ‘သေမင်းတိတ်ဆိတ်ခြင်းကြယ်ပဲ... ဒဏ္ဍာရီလာ ‘သေမင်း တိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်။ အဲဒီမှာ အကျဉ်းကျခံရတဲ့သူတွေထဲက တစ်ယောက်မှ ပြန်ထွက်မလာနိုင်သေးဘူး။ ကျွန်မရဲ့မိတ်ဆွေကောင်း၊ မြောက်ပြန်ကြယ် သခင်မ ‘ယွိပေယောင်’ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က စစ်ဘက်ရေးရာဝန်ကြီး ရဲ့ ဝိုင်းရံပိတ်ဆို့ ချိတ်ပိတ်တာကို ခံခဲ့ရပြီး ဒီအကျဉ်းထောင်ထဲကို ပို့ခံခဲ့ရတာ။ အဲဒီအချိန် ကတည်းက သူမဆီကနေ ဘာသတင်းမှ မရတော့ဘူး။ သူမ အသက်ရှင်နေသေးလား၊ သေသွားပြီလားဆိုတာတောင် ကျွန်မ မသိဘူး”
‘သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ကို မြင်လိုက်ရသည့်အခါ အဆုံးတွင် လီဖူယန်လော့သည် စိတ်မထိန်းနိုင်တော့ပေ။ သူမသည် အဝေးမှ သေမင်းတိတ်ဆိတ်ခြင်း ကြယ်ကို စိုက်ကြည့်နေမိသည်။ သူမ ဘာတွေတွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
“ဒီသေမင်းတိတ်ဆိတ်ခြင်းကြယ်ရဲ့ ပတ်ပတ်လည် မိုင်ပေါင်း ၃ သိန်း အကွာအဝေးအထိ ဟင်းလင်းပြင်ထဲမှာ သိပ်သည်းလှတဲ့ မှော်သင်္ကေပေါင်း သန်းပေါင်းများစွာပါဝင်တဲ့ အစွမ်း ထက် အစီအရင်တွေနဲ့ တည်ဆောက်ထားတာ။ ဒါပေမဲ့ ကျွန်တော်က အင်မော်တယ် ကျောက်စာတိုင်ကို ရထားပြီးသားဆိုတော့ လောကမှာရှိတဲ့ အစီအရင် အားလုံးရဲ့ လျှို့ဝှက် ချက်ကို သိထားတယ်။ ကျွန်တော် အဲဒီအစီအရင်တွေကို ကျော်ဖြတ်ပြီး ဘယ်သူမှ မသိ အောင် ကြယ်ပေါ်ကို ဝင်သွားနိုင်တယ်။ ကျွန်တော့်နောက်ကသာ လိုက်ခဲ့ပါ။ ခင်ဗျားရဲ့ တပည့် ‘သူတော်စင် ၂၆ ဖော်’ ကိုတော့ သူတို့ရဲ့ အရှိန်အဝါတွေကို လုံးဝ ဖုံးကွယ်ထားခိုင်း လိုက်။” ဟုန်ယွိက ပြုံးလျက် ပြောလိုက်သည်။
လီဖူယန်လော့၏ တပည့် ၂၆ ဦးမှာ ‘တိမ်တိုက်ဖွင့် ရတနာမှန်’ ဖြင့် ဖန်တီးထားသော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်နေကြပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေကြ သည်။
“ရှင်က အင်မော်တယ်ကျောက်စာတိုင်ကို ရထားတာလား” လီဖူယန်လော့မှာ တစ်ဖန် ထိတ်လန့်သွားပြန်သည်။ “အင်မော်တယ် ကျောက်စာတိုင်ဆိုတာ ဒဏ္ဍာရီလာ အထွတ်အ ထိပ် ရတနာပဲ။ ဒဏ္ဍာရီတွေအရဆိုရင် ကောင်းကင်အပြင်ပနယ်မြေက လူတစ်ယောက် ယောက်ကသာ အင်မော်တယ် ကျောက်စာတိုင် ငါးခုလုံးကို ရခဲ့မယ်ဆိုရင် မဟာကမ္ဘာ လောကဆီကို သွားနိုင်မယ့် လမ်းကြောင်းကို အမှန်တကယ် ဖွင့်နိုင်လိမ့်မယ်။ အဲဒီကို ဝင်သွားပြီးရင် သူတော်စင်တစ်ဦး ဖြစ်လာနိုင်သလို၊ ယန်နတ်ဘုရားအဆင့်ကို ရောက်နိုင် ပြီး နိဗ္ဗာနနယ်ပယ်ကိုတောင် ကျော်လွန်သွားနိုင်တယ်လို့ ဆိုကြတယ်။”
“အခုတော့ တစ်တိုင်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ လေးတိုင်ကတော့ ကောင်းကင်အပြင်ပ နယ်မြေရဲ့ တစ်နေရာရာမှာ ရှိနေမှာပေါ့။” ဟုန်ယွိက ပြောလိုက်သည်။ “သွားကြစို့”
...
ဝုန်း
သူ၏ မျက်ခုံးနှစ်ခုကြားမှ ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ မူလစွမ်းအင်များမှာ လုံးဝ ပွင့်ထွက်လာပြီး လီဖူယန်လော့ကိုပါ အတွင်းထဲသို့ ဆွဲသွင်းလိုက်သည်။ သူတို့သည် ခန်းမ အတွင်းသို့ ဝင်ရောက်သွားကြပြီးနောက် ခန်းမတစ်ခုလုံးမှာ မည်သူမျှ မမြင်နိုင်သော အလွန်သေးငယ်သည့် အစက်အပြောက်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ‘သေမင်း တိတ်ဆိတ်ခြင်းကြယ်ဆီသို့ ပျံသန်းသွားတော့သည်။
အမှန်ပင်... သူတို့ ‘သေမင်းတိတ်ဆိတ်ခြင်းကြယ်ဆီသို့ ပျံသန်းသွားသည်နှင့် ဟုန်ယွိသည် သိပ်သည်းစွာ ခင်းကျင်းထားသည့် သတ်ဖြတ်ခြင်း အစီအရင်များစွာကို အာရုံခံမိလိုက်မိပါ သည်။
ကောင်းကင်ဝံပုလွေ အစီအရင်၊ နိဗ္ဗာနအစီအရင်၊ ပျံလွင့်မီးခိုး အစီအရင်၊ မိစ္ဆာပြုစား အစီအရင်၊ ဝိညာဉ်ချေမွ အစီအရင်၊ စိတ်ဝိညာဉ်ဖိနှိပ် အစီအရင်၊ အဆုံးစွန်ဆယ်ပါး အစီအရင်၊ သံစဉ်ကိုးမျိုး အစီအရင်၊ သတ်ဖြတ်ခြင်း အစီအရင်... စသည်ဖြင့် အစီအရင်မျိုးစုံ ရှိနေကြသည်။
သို့သော် ဟုန်ယွိ၏ ကိုယ်ယောင်ဖျောက် စွမ်းအားဖြင့် သူသည် ထိုအစီအရင်များ၏ ‘အစီအရင်မျက်လုံး’များကို ရှာဖွေတွေ့ရှိသွားသည်။ ၎င်းတို့မှာ အစီအရင်၏ အားနည်းဆုံး သော နေရာများ ဖြစ်ကြသည်။ သူသည် ထိုနေရာများမှတစ်ဆင့် တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်ခဲ့ရာ မကြာမီမှာပင် အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားတော့သည်။
အေးစက်မှု... အလွန်ပင် ပြင်းထန်သော အေးစက်မှုမှာ သူတော်စင်ပေါင်းစုံခန်းမ အတွင်း သို့ပင် ပျံ့နှံ့ဝင်ရောက်လာသည်။ ထိုအအေးဒဏ်ကြောင့် လီဖူယန်လော့ပင်လျှင် တစ်ကိုယ် လုံး တုန်ယင်သွားခဲ့ရသည်။
“အစီအရင်တွေ ဒီလောက်တောင် များတာလား။ တကယ်လို့ မိတ်ဆွေယွိရဲ့ ဆန်းကြယ်တဲ့ နတ်ဘုရားစွမ်းရည်မျိုးသာ မရှိရင် ဘယ်သူမှ ဒီနေရာကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။” သူမသည် သူတော်စင်ပေါင်းစုံခန်းမက ဟင်းလင်းပြင်လှိုင်းများကြား၌ ဟိုဟိုဒီဒီ ပျံသန်းနေ သည်ကို ကြည့်နေမိသည်။ ကြီးမားသော အစီအရင်ကြီးများမှာ တစ်ခုပြီးတစ်ခု သူမ၏ မျက်စိရှေ့၌ ပေါ်လာသည်။ တစ်ခါတစ်ရံတွင် အင်မော်တယ် နန်းတော်တစ်ခု၊ တစ်ခါတစ်ရံ တွင် ဓားများနှင့် မီးလျှံများ ပြည့်နှက်နေသော ပင်လယ်ပြင်၊ တစ်ခါတစ်ရံတွင် ငရဲကမ္ဘာနှင့် တစ်ခါတစ်ရံတွင် မိစ္ဆာများကခုန်မှုများ... ဤမျှ ရှုပ်ထွေးလှသော အစီအရင်စုကြီးမှာ စကြဝဠာအတွင်း၌ နံပါတ်တစ် သတ်ဖြတ်ခြင်း နယ်မြေ ဖြစ်ပေလိမ့်မည်။
“အမှန်ပဲ... တကယ်လို့ ကျွန်တော့်မှာ ‘နတ်ဘုရားလက်နက်ဘုရင်’ ဖြစ်တဲ့ ဒီသူတော်စင် ပေါင်းစုံခန်းမသာ မရှိရင် ကျွန်တော်လည်း ဝင်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက ခေါင်းငြိမ့် လိုက်သည်။ “အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် စွမ်းအားရှိနေရင်တောင်မှ ဒီထဲကို ဝင်ဖို့ တော်တော်လေး အခက်တွေ့ရမှာ။ ဒီနေရာက အစီအရင်တွေက သေမင်းတိတ်ဆိတ်ခြင်း ကြယ်တစ်ခုလုံးကို စွမ်းအင်အရင်းအမြစ်အဖြစ် သုံးထားတာ။ အစီအရင်တွေက စကြဝဠာ ဟင်းလင်းပြင်ထဲက မူလစွမ်းအင်တွေကို အမြဲတမ်း စုပ်ယူနေပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်တီးမှုတွေနဲ့ လိုက်ဖက်ညီအောင် လုပ်ဆောင်နေတာ။ ဒါဟာ တကယ်ကို အစွမ်းထက် လွန်းတယ်။ ဒီအစီအရင်တွေကို ခင်းကျင်းခဲ့တဲ့လူက ကျွန်တော် ထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်နိုင်တယ်။ သူဟာ ယန်နတ်ဘုရား တစ်ပါးတောင် ဖြစ်နိုင်တယ်။”
“ယန်နတ်ဘုရားတစ်ပါး”
“သတိထားပါ... ကျွန်တော်တို့ နောက်ဆုံးအစီအရင်ကို ကျော်ဖြတ်တော့မယ်။ ‘သူတော်စင် ပေါင်းစုံ အစစ်မှန် သဘောတရား’၊ ‘မဟာမူလစွမ်းအင် ငါးပါး’၊ ‘မူလတာအိုသခင်’၊ ‘ထိုက်ကျိ မိုးကြိုးရေကန်’... ပြောင်းလဲစမ်း”
ဝုန်း
သူတော်စင်ပေါင်းစုံခန်းမက တစ်ချက်တွန့်လိမ်သွားပြီး နောက်ဆုံး အစီအရင်ဖြစ်သော ‘ယင်ယန် မိစ္ဆာနှိမ်နင်းရေး အစီအရင်’ ကို ဖြတ်ကျော်သွားခဲ့သည်။
ဝူး ဝူး ဝူး... ညင်သာသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူတော်စင်ပေါင်းစုံခန်းမ သည် သေမင်းတိတ်ဆိတ်ခြင်းကြယ်ပေါ်၌ ပေါ်လာတော့သည်။ သူတို့သည် ကောင်းကင် အပြင်ပ နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်ဆုံးသော ဗဟိုကမ္ဘာ၏ သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့ကြပြီ။
သူ့ရှေ့မှ မြင်ကွင်းမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
နေရာတိုင်းတွင် မှောင်မည်းပြီး အုံ့မှိုင်းနေသော တောင်တန်းများ ရှိနေပြီး၊ ထိုတောင်တန်း တစ်ခုချင်းစီမှာ မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး လူလုပ်ထားသည့်အလား ထင်မှတ်ရ၏။ တောင်တန်းကြီးမှာ ဧရာမ အကျဉ်းထောင်ကြီးများနှင့်ပင် တူလှသည်။ မရေမတွက်နိုင် သော အမည်မသိ သက်ရှိများကို ထိုတောင်များအတွင်း၌ ချုပ်နှောင်ကာ အကျဉ်းချထား ကြသည်။
“မလှုပ်ရှားနဲ့ဦး”
ဤအရာအားလုံးကို မြင်လိုက်ရသည့်အခါ ဟုန်ယွိက လီဖူယန်လော့ တစ်ခုခုလုပ်ရန် ပြင်နေသည်ကို တွေ့သဖြင့် အမြန်တားလိုက်သည်။ “ဒီတောင်တွေထဲက တစ်လုံးချင်းစီက အကျဉ်းထောင်တွေ ဖြစ်တာ မှန်ပေမဲ့၊ အဲဒါတွေက သာမန်တော့ မဟုတ်ဘူး။ တောင်ထိပ် တွေကို ကြည့်လိုက်ဦး။”
အမှန်ပင်... တောင်ထိပ်များပေါ်ရှိ မီးခိုးရောင် မြူနှင်းများကြားတွင် ကျောက်နန်းတော်များ ရှိနေသည်။
ထိုကျောက်နန်းတော်များအတွင်း၌ လူရိပ်များကို မသဲမကွဲ မြင်နေရသည်။ ထိုပုံရိပ်များမှာ ပြည့်စုံလှသော ခန္ဓာကိုယ်များ ရှိကြပြီး အရပ်အမောင်း မြင့်မားကြသည်။ သူတို့ထံမှ ဆိတ်သုဉ်းခြင်း၊ ရှုပ်ထွေးခြင်းနှင့် အထီးကျန်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုကျောက်နန်းတော်များနှင့် လူရိပ်များမှာ တံလျှပ်တစ်ခုကဲ့သို့ ဝေဝေဝါးဝါး ဖြစ်နေကြ သည်။ အကယ်၍ ဟုန်ယွိ၏ ထက်မြက်သော အာရုံခံစားမှုသာ မရှိပါက လီဖူယန်လော့တို့ ရှာတွေ့နိုင်မည် မဟုတ်ပေ။
“အာ... ပျက်သုဉ်းခြင်းနတ်ဘုရားတွေ”
ကျောက်နန်းတော်များထဲမှ ပုံရိပ်များကို မြင်လိုက်ရသည့်အခါ လီဖူယန်လော့မှာ ထိတ်လန့်သွားတော့သည်။ ထိုမြင့်မားပြီး ပြည့်စုံလွန်းသော ပုံရိပ်များမှာ ဗဟိုကမ္ဘာ၏ အစွမ်းထက်ဆုံး ရုပ်သေးရုပ်များဖြစ်သည့် ပျက်သုဉ်းခြင်းနတ်ဘုရားများပင် ဖြစ်သည်။
သခင်လေးရှူ၏ အစွမ်းထက်ဆုံး မှော်လက်နက်မှာ ‘ဖန်ဧကရာဇ်၏ အချိန်ဓား’ မဟုတ်ဘဲ ပျက်သုဉ်းခြင်းနတ်ဘုရားတစ်ကောင် ဖြစ်သည်။ အကယ်၍ ထိုနတ်ဘုရားသာ မရှိပါက သခင်လေးရှူမှာ ဟုန်ယွိ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရသည်မှာ ကြာပြီ ဖြစ်သည်။
“ပျက်သုဉ်းခြင်းနတ်ဘုရား ရုပ်သေးတစ်ကောင် ဖြစ်လာဖို့ ဗဟိုကမ္ဘာက လူအင်အားနဲ့ သယံဇာတတွေ အမြောက်အမြား သုံးစွဲခဲ့ရတာ။ ဒဏ္ဍာရီတွေအရဆိုရင် အဲဒီတစ်ကောင်ကို သန့်စင်ဖို့ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့တာတဲ့။ အဲဒါက ‘သိုင်းသူတော်စင်’ ပညာရှင် ရာပေါင်းများစွာရဲ့ သွေးယဇ်ပူဇော်မှု၊ ဒါမှမဟုတ် ‘လူသားအင်မော်တယ်’ ပညာရှင် ဒါဇင် ပေါင်းများစွာရဲ့ အလောင်းတွေ၊ သဘာဝရတနာတွေနဲ့ သတ္တုဝိညာဉ်တွေ အများကြီး လိုအပ်တာ။ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ကောင်ရဲ့ စွမ်းအားဟာ လူသားအင်မော်တယ် တစ်ယောက်နဲ့ ယှဉ်နိုင်ရုံတင်မဘူး၊ သူ့ရဲ့ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်၊ ကျယ်ပြောလှတဲ့ မူလ စွမ်းအင်ကြောင့် ထင်မှတ်မထားဘဲ ပေါ်လာလိုက် ပျောက်သွားလိုက် လုပ်ဆောင်နိုင်ပြီး၊ ဖမ်းဆီးရခက်ခဲတယ်။ ပညာရှင်အများပြားဟာ ပျက်သုဉ်းခြင်းနတ်ဘုရားတွေကြောင့် အကြီးအကျယ် ဒုက္ခရောက်ကြရတယ်။ ဒါပေမဲ့ ဗဟိုကမ္ဘာမှာတောင် ဒီနတ်ဘုရားတွေ အများကြီး မရှိပါဘူး၊ အခုတော့ ဒီမှာတင် တစ်ဆယ့်နှစ်ပါးတောင် ရှိနေတာလား။” လီဖူယန်လော့က သွားကြိတ်ရင်း တီးတိုး ပြောလိုက်သည်။
“သေမင်းတိတ်ဆိတ်ခြင်း အကျဉ်းထောင်ကို ပျက်သုဉ်းခြင်းနတ်ဘုရားတွေနဲ့ စောင့်ကြပ် ထားတာ မထူးဆန်းပါဘူး။ ကျွန်တော် သခင်လေးရှူနဲ့ တိုက်ဖူးတယ်၊ သူ့ရဲ့နတ်ဘုရားက ဒီမှာရှိတဲ့ ၁၂ ကောင်လို ရှေးဟောင်းအရှိန်အဝါမျိုး မရှိဘူး။”
ဟုန်ယွိမှာ အဆင်ခြင်မဲ့ မလှုပ်ရှားပေ။ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ကောင်၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလွန်းသည်။ ထို့အပြင် ဤနေရာတွင် ၁၂ ကောင်ထက် ပို၍ပင် ရှိနေနိုင်သေးသည်။ သူတို့ မရှာတွေ့သေးသည့် ပညာရှင်အချို့လည်း ရှိနေနိုင်ပေသည်။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ကောင်၏ စွမ်းအားမှာ ‘ဖန်ဆင်းရှင်’ တစ်ပါးနှင့် တန်းတူနီး ပါး ရှိသည်။ သို့သော် သူတို့မှာ ‘ဖန်ဆင်းရှင်’ မဟုတ်သဖြင့် အသွင်မျိုးစုံ ပြောင်းလဲနိုင်စွမ်း တော့ မရှိပေ။ အကယ်၍ တစ်ယောက်ချင်း တိုက်မည်ဆိုပါက သူတို့သည် ဖန်ဆင်းရှင် တစ်ပါးကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ကောင်သာ အတူတကွ ပေါင်းတိုက်မည်ဆိုလျှင် ဟုန်ယွိပင်လျှင် ရင်ဆိုင်ရန် မလွယ်ကူပေ။
အကယ်၍ ဤနေရာသာ သေမင်းတိတ်ဆိတ်ခြင်း အကျဉ်းထောင် မဟုတ်ပါက၊ ဟုန်ယွိ အနေဖြင့် ထိုနတ်ဘုရားများကို ဖမ်းဆီး၊ ချိပ်ပိတ်ပြီး သူ၏ လက်အောက်ခံအဖြစ် ယူဆောင် သွားနိုင်မည်ဟု ယုံကြည်မှု ရှိသည်။ ထိုသို့ဆိုလျှင် သူ၏ အင်အားမှာ တစ်ဟုန်ထိုး တိုးတက် လာပြီး တော်ဝင်ချန်မင်းဆက်ကိုပင် တစ်ချက်တည်းဖြင့် ကျော်လွန်သွားနိုင်မည်။
သို့သော် ယခုအချိန်တွင် သူသာ ရန်သူကို သတိပေးမိလိုက်ပါက ခေါင်းဆောင် ရှူယွိ၊ ဝန်ကြီးခုနစ်ပါး၊ ရွှီဝူယွိနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတို့ကို ဆွဲဆောင်မိသွား လိမ့်မည်။ ထိုသို့ဆိုလျှင် သူ ချက်ချင်း အသတ်ခံရမည်ကို ဟုန်ယွိ ကောင်းကောင်း သိသည်။
...
“ကျွန်မတို့ ဘာလုပ်သင့်လဲ။ ကျွန်မရဲ့မိတ်ဆွေကောင်း မြောက်ပြန်ကြယ်သခင်မ ယွိပေ့ယောင်ကို ရှာရမယ်။” လီဖူယန်လော့က ပြောသည်။ “သူမက ကျွန်မရဲ့ တစ်ဦးတည်း သော မိတ်ဆွေကောင်းပဲ။”
“ကောင်းပါပြီ...” ဟုန်ယွိ အတန်ကြာ စဉ်းစားလိုက်သည်။ ထိုခဏမှာပင် ရုတ်တရက် ဝေးကွာလှသော အကျဉ်းထောင်တစ်ခုဆီမှ “ဟား ဟား ဟား ဟား...” ဟူသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံမှာ အလွန်ပင် ကျယ်လောင်လွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါ သွားရသည်။
“ငါ အပြင်ထွက်ချင်တယ်။ မင်းတို့က ငါ့ကို ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား” ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုမှာ ကောင်းကင်ယံ၌ စက်ဝိုင်းပုံစံ လှိုင်းများ အဖြစ် ပြန့်ကားထွက်လာသည်။ ထိုလှိုင်းစက်ဝိုင်းများမှာ ငွေရောင် ဖြစ်နေသည်ကို ဟုန်ယွိ က မျက်စိဖြင့်ပင် မြင်တွေ့နေရသည်။
“ဒါ ဘယ်သူလဲ။ ဒီလောက်တောင် အစွမ်းထက်တဲ့ တည်ရှိမှုမျိုး”
စာစဉ် (၆၇)။ ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။