အခန်း ၇၀၃
Vol. 68 Ch. 703
အခန်း (၇၀၃)။
“ဗုဒ္ဓလက်ဝါး တံဆိပ်တော်ဆယ်ပါး။ မဟာလေဟာနယ်လက်ဝါး တံဆိပ်တော်”
အကျဉ်းကျနေသော စန်းလန်ကြယ်သခင်၊ နေမီးလျှံကြယ်သခင်နှင့် မြောက်ပြန်ကြယ် သခင်မ ယွိပေယောင်တို့နှင့် ဆက်သွယ်ပြီးနောက် ဟုန်ယွိသည် အခြားသော ပညာရှင်များ ကို ထပ်မံ မဆက်သွယ်တော့ဘဲ သူ၏ အစွမ်းထက်သော နည်းလမ်းများကို ချက်ချင်းပင် ထုတ်ဖော်လိုက်တော့သည်။
သူသည် သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ကို အင်အားသုံး၍ ပြင်းထန် စွာ ဖောက်ခွဲကာ လူများကို ကယ်တင်ရန် စတင်လိုက်လေပြီ။
ဟုန်ယွိ၏ ပထမဆုံး လှုပ်ရှားမှုမှာ ဗုဒ္ဓလက်ဝါး တံဆိပ်တော်ဆယ်ပါး ဖြစ်ပြီး မဟာ လေဟာနယ်လက်ဝါး တံဆိပ်တော်များနှင့်အတူ ပူးတွဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ မြေကမ္ဘာကို တုန်ဟည်းစေသော လက်ဝါးတံဆိပ်တော်သည် ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာအစီအရင်’ ကို တိုက်ရိုက် အပြင်းထန် တိုက်ခိုက်လိုက်ပြီး အထူးသဖြင့် ထိုလူသုံးဦးကို ချုပ်နှောင်ထားသည့် အကျဉ်းထောင်ဆီသို့ ဦးတည်သွားလေသည်။
ယခုအခါ ဟုန်ယွိ၏ ကံတရား မူလစိတ်ဝိညာဉ်မှာ ပြည့်စုံသွားပြီဖြစ်သလို၊ ‘အသက်မဲ့ အနာဂတ်ကျမ်း’ မှာလည်း ပြောင်းလဲခြင်းကျမ်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ထို့အပြင် မဟာလေဟာနယ် လက်ဝါးတံဆိပ်တော်မှာလည်း ပြီးပြည့်စုံသွားခဲ့ရာ သူ၏ စစ်မှန်သော စွမ်းအားများမှာ ပေါ်ထွက်လာခဲ့လေပြီ။
ကံတရား မူလစိတ်ဝိညာဉ် ပေါ်ထွက်လာသည်နှင့် ထူးဆန်းသော ရှေးဟောင်းဗုဒ္ဓတစ်ပါး အဖြစ် ပြောင်းလဲသွားကာ ကမ္ဘာအသီးသီး၏ အထွတ်အထိပ် အရှင်သခင်တစ်ပါးအလား လောကဓာတ်တစ်ခွင်လုံးကို ထွန်းလင်းတောက်ပစေကာ သေမင်းတိတ်ဆိတ်ခြင်းကြယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ဤမွန်မြတ်လှသော ရှေးဟောင်းဗုဒ္ဓသည် လက်ဝါးတော် ကို ဖြန့်လိုက်ရာ ဧရာမ လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး သူ၏ စွမ်းအားမှာ အထွတ် အထိပ်သို့ ရောက်သည်အထိ ကြီးထွားလာခဲ့သည်။ သေမင်းတိတ်ဆိတ်ခြင်းကြယ် တစ်ခု လုံးမှာ ဟုန်ယွိ၏ စွမ်းအားကြောင့် ပျက်စီးတော့မည့်အလား တုန်ခါနေတော့သည်။
ထိုစွမ်းအားများ တကယ်တမ်း သက်ဆင်းလာသည့်အခါတွင်မှသာ လီဖူယန်လော့သည် ဟုန်ယွိ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသည်ကို အမှန်တကယ် သဘောပေါက် သွားတော့သည်။
သူမ၏ အာရုံထဲတွင် ဟင်းလင်းပြင်၊ အချိန်၊ မြေကမ္ဘာ၊ ကျောက်နန်းတော်များ၊ တောင်တန်း များနှင့် သေမင်းတိတ်ဆိတ်ခြင်းကြယ်၏ အထက် ပေပေါင်းသိန်းချီ မြင့်မားသော နေရာရှိ အစီအရင်များပင်လျှင် ပျက်စီးခြင်း နိမိတ်များ ပြသနေတော့သည်။
သေမင်းတိတ်ဆိတ်ခြင်းကြယ်၏ မြေပြင်မှာ အက်ကွဲသွားပြီး ကောင်းကင်ကြီး ပြိုကျကာ စကြဝဠာကြီး လည်ပတ်သွားသကဲ့သို့ ခံစားရ၏။ ဤအခိုက်အတန့်တွင် ပစ္စုပ္ပန်နှင့် အနာဂတ်တို့သည် အခြေခံကျကျ ပြောင်းလဲမှုများကို ကြုံတွေ့နေရလေပြီ။
“အား…၊ အစွမ်းထက်လိုက်တာ။ တကယ်ကို အစွမ်းထက်လွန်းတယ်”
စန်းလန်ကြယ်သခင် ဖြစ်စေ၊ မုတ်ဆိတ်ဖြူ အဘိုးကြီး နေမီးလျှံကြယ်သခင် ဖြစ်စေ၊ မြောက်ပြန်ကြယ်သခင်မ ယွိပေယောင်ဖြစ်စေ သူတို့အားလုံးမှာ ဟုန်ယွိ၏ တိုက်ခိုက်မှုနှင့် အပြင်ဘက်ရှိ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုကြီးကို ခံစားမိနေကြသည်။
သူတို့သည် ဟုန်ယွိ၏ စွမ်းရည်များများကြောင့် အံ့အားသင့်နေကြသော်လည်း အချိန်ဆွဲ မနေကြဘဲ မိမိတို့၏ အကျဉ်းထောင်အတွင်းမှနေ၍ စွမ်းအားများကို အပြင်းအထန် ပေါက်ကွဲထုတ်လိုက်ကြတော့သည်။
“နေမီးလျှံ အစစ်မှန် စွမ်းအင်” “သိုင်းသခင် မိစ္ဆာသတ်လက်သီး” “မြောက်ပြန်ကြယ် အစစ်မှန် စွမ်းအင်။”
ပညာရှင် သုံးဦးစလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီ။ ‘ကောင်းကင်ဆယ့်နှစ် လွှာ မဟာကြယ်တာရာအစီအရင်’ မှာ မရပ်မနား တုန်ခါသွားပြီး သူတို့ကို ချိပ်ပိတ်ထား သော ဟင်းလင်းပြင် အကျဉ်းထောင်မှာ ပြိုကွဲမည့် အရိပ်အယောင်များ ပြသလာသည်။
တစ်ချိန်တည်းမှာပင် ဤရုတ်တရက် အပြောင်းလဲကြောင့် ဤသေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်အတွင်း၌ ပညာရှင်ပေါင်း မည်မျှ ပိတ်မိနေသည်ကို မည်သူမျှ မသိနိုင်သော်လည်း ဤရုတ်တရက် ပြောင်းလဲမှုကြောင့် အားလုံးမှာ နိုးကြားလာကြသည်။
ဤအကျဉ်းထောင်ထဲ၌ အကျဉ်းကျနေသော အထွက်အထိပ် လူသားအင်မော်တယ်မှာ ဤသုံးဦးတည်း မဟုတ်ဘဲ အယောက်သုံးဆယ်ထက်ပင် ပိုနိုင်ပေသည်။ ယခုအခါ သူတို့ အားလုံးသည် ဤဆူပူအုံကြွမှုကို ခံစားမိနေကြပြီ။
ရုတ်တရက် ဖြစ်ပေါ်လာသော ဤရုန်းရင်းဆန်ခတ်မှုကြီးသည် ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာအစီအရင်’ ကို ဖိနှိပ်ထားသော ရှေးဦး ပျက်သုဉ်းခြင်းနတ်ဘုရား တို့ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ပျက်သုဉ်း ခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ ချက်ချင်းပင် တန်ပြန်တိုက်စစ်ကို ဆင်နွှဲတော့သည်။ ၎င်းတို့အနက် ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးမှာ အတိုင်းအဆမဲ့ စွမ်းအားများဖြင့် ပုန်ကန်နေကြသော ပညာရှင် သုံးဦးဆီသို့ ဦးတည် ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ပျက်သုဉ်းခြင်းနတ်ဘုရား ကိုးပါးမှာ ဟုန်ယွိဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ ထိုပျက်သုဉ်းခြင်းနတ်ဘုရား ကိုးပါးမှာ အနှိုင်းမဲ့ နတ်ဘုရားတန်ခိုးများဖြင့် ဟင်းလင်းပြင် အလွှာလွှာကို ဆွဲဖြဲကာ ဟုန်ယွိ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး သူတို့၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ကြတော့သည်။
ဧရာမ မျောက်ဝံကြီးနှင့်တူသော ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ပါးမှာ ကျောပြင်၌ လေးတစ်လက်ကို လွယ်ထားသည်။ သူ၏ပခုံးများကို ပခုံးများမှာ တုန်ခါနေပြီး၊ လက်မောင်းများမှာ ပေါက်ကွဲထွက်တော့မည့်အလား စွမ်းအားများဖြင့် ပြည့်နှက်နေကာ၊ ခြေထောက်များက တဟုန်ထိုး ပြေးလွှားနေ၏။ သူ၏ လက်ချောင်း ခြေချောင်းများမှ ထွက်ပေါ်လာသော မြည်ဟီးသံကြီးမှာ ဧရာမ စက်လေးကြီးတစ်ခုကို မြှားကြီး တစ်စင်း တင်လိုက်သည့်အလား တကျွိကျွိ မြည်နေ၏။ သူသည် ဟုန်ယွိဆီသို့ ပြေးဝင်လာရင်း ပစ်လွှတ်လိုက်သော လက်သီးရိပ်များမှာ ဆင်ဦးခေါင်းခန့် ကြီးမားလှသည်။
တစ်ချိန်တည်းမှာပင် ထိုပျက်သုဉ်းခြင်းနတ်ဘုရား အသက်ရှူလိုက်တိုင်း သူ၏ ခန္ဓာကိုယ် အတွင်းရှိ အဆုတ်များမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းနေ၏။ ထိုအဆုတ်များမှ ထွက်ပေါ် လာသော မိုးခြိမ်းသံတစ်ခုတည်းနှင့်တင် ‘တစ္ဆေအင်မော်တယ်’ တစ်ဦးကို တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
“နေမင်းပစ်ခွင်း နတ်ဘုရား။”
ပထမဆုံး ပျက်သုဉ်းခြင်းနတ်ဘုရားက ဟုန်ယွိဆီသို့ ပစ်လွှတ်လိုက်သော လက်သီးမှာ အလွန်ပင် ရှေးကျသော ပညာရပ်တစ်ခု ဖြစ်ပြီး၊ ထိုပညာရပ်မှာ ရှေးဦးအစ ကမ္ဘာဦးခေတ် က နတ်ဘုရားများ အလွန်တောက်ပလွန်းသော နေမင်းကြီးကို မကျေနပ်သဖြင့် နတ်ဘုရား လေးများကို အသုံးပြု၍ နေမင်းကြီးကို ပစ်ချနေကြသည့် ပုံစံမျိုးပင်။
...
“မူလတာအိုသခင်... အခု မင်းအလှည့်ပဲ။ ငါ စစ်ဘက်ရေးရာဝန်ကြီးကို သတ်ပြီး သူ့ကို မင်းအဖြစ် ပြန်လည် သန့်စင်ပေးထားတာ။ မင်း ပျက်သုဉ်းခြင်းနတ်ဘုရား ဘယ်နှစ်ကောင် ကို ခုခံနိုင်မလဲ ကြည့်ကြတာပေါ့။”
ပျက်သုဉ်းခြင်းနတ်ဘုရား၏ ရှေးဟောင်းတိုက်ကွက်ဖြစ်သော ‘နေမင်းပစ်ခွင်း နတ်ဘုရား’ နှင့် ရင်ဆိုင်ရသည့်တိုင် ဟုန်ယွိမှာ တုန်လှုပ်ခြင်း မရှိဘဲ သူ၏ မျက်ခုံးနှစ်ခုကြားမှ ပုံရိပ် တစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် လက်နှစ်ဖက်ဖြင့် ဆွဲဖြဲပြီး ဖမ်းဆုပ်လိုက် ရာ ဟင်းလင်းပြင်ကြီး၏ အစိတ်အပိုင်းကြီးတစ်ခုမှာ ဆွဲဖြဲခံလိုက်ရပြီး ပျက်သုဉ်းခြင်း နတ်ဘုရားဆီသို့ ဦးတည်သွားတော့သည်။
ဤပုံရိပ်မှာ မူလတာအိုသခင်ပင် ဖြစ်သည်။ သူ၏ ပထမဆုံး လှုပ်ရှားမှုမှာ ကောင်းကင်နှင့် မြေကြီး ဆွဲဖြဲခြင်းပင်။
ဗုန်း…. ဗုန်း….. ဗုန်း…..
‘ကောင်းကင်နှင့်မြေကြီး ဆွဲဖြဲခြင်း’ တိုက်ကွက်သည် ‘နေမင်းပစ်ခွင်း နတ်ဘုရား’ တိုက်ကွက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ တစ်ကွက်တည်းနှင့်တင် ပျက်သုဉ်းခြင်း နတ်ဘုရားမှာ ချက်ချင်း နောက်လန်သွားပြီး၊ ကြမ်းပြင်ပေါ်တွင် ဖရုံသီးတစ်လုံး လိမ့်သွား သကဲ့သို့ လိမ့်ထွက်သွားကာ၊ ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာအစီအရင်’ ရှိ ကျောက်နန်းတော်ဆီသို့ ပြန်ရောက်သွားသည်။
“လခွမ်း…၊ ဒီပျက်သုဉ်းခြင်းနတ်ဘုရားက သခင်လေးရှူရဲ့ နတ်ဘုရားထက်တောင် ပိုအစွမ်းထက်နေတာပဲ။ မူလတာအိုသခင်တောင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘဲ နောက်ဆုတ်အောင်ပဲ တိုက်ခိုက်နိုင်တယ်။”
မူလတာအိုသခင်ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် စစ်ဘက်ရေးရာဝန်ကြီး၏ အသက် စွမ်းအား၊ သွေးအနှစ်သာရတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့အပြင် မူလ တာအိုသခင်တွင် နတ်ဘုရားလက်နက်ဘုရင်အဆင့်နှင့် နီးကပ်သော အထွက်အထိပ် ရတနာဖြစ်သည့် မသေမျိုးစစ်အလံလည်း ပါဝင်သည်။ မသေမျိုးစစ်အလံ၏ စွမ်းအင် အများစုမှာ ထိုက်ကျိမိုးကြိုးရေကန်၌ စုစည်းထားသော်လည်း စွမ်းအင် အနည်းငယ်မှာ မူလတာအိုသခင်ထံ၌ ရှိနေဆဲ ဖြစ်သည်။
ထိုကဲ့သို့ စွမ်းအားမျိုးဖြင့် ပျက်သုဉ်းခြင်းနတ်ဘုရားတစ်ပါးကို ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်နိုင်ခြင်းရှိခဲ့လျှင် မထူးဆန်းပေ။
သို့သော် ဤနတ်ဘုရားမှာ နောက်သို့သာ လွင့်ထွက်သွားပြီး ဒဏ်ရာရခြင်း မရှိပေ။ ဤ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ ဗဟိုကမ္ဘာရှိ အစွမ်းထက်ဆုံး ရုပ်သေးရုပ် တစ်ဆယ့်နှစ်ရုပ် ဖြစ်နိုင်ကြောင်း ဟုန်ယွိ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ သို့သော် ဤသည်မှာလည်း မထူးဆန်းလှပေ။ သေမင်းတိတ်ဆိတ်ခြင်း အကျဉ်းထောင်သည် မည်မျှ အရေးကြီးသနည်း။ ဤအကျဉ်းထောင်ကို တစ်စကြဝဠာလုံးရှိ အလျှို့ဝှက်ဆုံးသော အကျဉ်းထောင်ဟု ဆိုနိုင်သည်။ အကယ်၍ အထွက်အထိပ် ရုပ်သေးရုပ်များကို အကျဉ်း ထောင်စောင့်အဖြစ် မထားရှိပါက ဤနေရာကို မည်သို့ ထိန်းချုပ်ထားနိုင်မည်နည်း။
...
ပထမဆုံး ပျက်သုဉ်းခြင်းနတ်ဘုရားမှာ နောက်သို့ လွင့်စင်သွားသော်လည်း ကျန်ရှိသော နတ်ဘုရားရှစ်ပါးမှာ တစ်ပါးပြီးတစ်ပါး ပြေးဝင်လာကြသည်။
နတ်ဘုရားလက်သီး ရှစ်လုံးမှာ အရပ်ရှစ်မျက်နှာ၊ အရပ်လေးမျက်နှာနှင့် အထက်အောက် ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ လက်သီးများမှာ မူလတာအိုသခင်ကို ဖိနှိပ်ရန် ကျရောက်လာသော သံပြားကြီးများသဖွယ်ပင်။
လီဖူယန်လော့သည်လည်း ပျက်သုဉ်းခြင်းနတ်ဘုရား နှစ်ပါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရ သည်။ သူမ၏ခန္ဓာကိုယ်မှ အစိမ်းရောင် မီးလျှံများ ထွက်ပေါ်လာပြီး သူမသည် သန့်စင်ခြင်း ဆေးမီးလျှံဖိုနှင့် သူမကျွမ်းကျင်သော လှုပ်ရှားမှု နည်းစနစ်များကို ထပ်မံ အသုံးပြုလိုက် သည်။
ကမ္ဘာပျက်မတတ် မြည်ဟည်းသံကြီး ပေါ်ထွက်လာသည်…
သူမသည် ပျက်သုဉ်းခြင်းနတ်ဘုရား နှစ်ပါးကို ခုခံလိုက်သည်။ ယခုအခါ သူမ၏ သိုင်းဆန္ဒ မှာ ‘အထည်ကိုယ်ဒြဗ်အသွင်စုစည်းခြင်း’ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို၊ သူမ၏ ခန္ဓာကိုယ်မှာလည်း ‘မိုးတိမ်ဖွင့်မှန်’ ကို သန့်စင်ထားပြီး ဖြစ်ရာ၊ ကမ္ဘာဦးမိစ္ဆာ ‘ခုန်း’ လောက် မသန်မာသော်လည်း ပျက်သုဉ်းခြင်းနတ်ဘုရား နှစ်ပါးသုံးပါးကိုတော့ ရင်ဆိုင်နိုင်စွမ်း ရှိပေ သည်။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ပါး၏ စွမ်းအားမှာ အပ်စိုက်မှတ်တစ်ခု ဖွင့်လှစ်ထားသော အထွက်အထိပ် လူသားအင်မော်တယ်တစ်ဦးနှင့် ညီမျှသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အထွက်အထိပ် လူသားအင်မော်တယ်တစ်ဦးထက်ပင် ပိုမို ခိုင်ခံ့သေးသည်။ သို့သော်လည်း သူတို့တွင် အထွက်အထိပ် လူသားအင်မော်တယ် တစ်ဦး၏ ‘ကောင်းကင်တာအို’ မရှိသလို လူသားများထက် သာလွန်သော အာရုံခံစားမှုနှင့် ဉာဏ်ပညာမျိုးလည်း မရှိကြပေ။
ရုပ်သေးရုပ်များသည် လူသားကို ဘယ်သောအခါမှ မကျော်လွန်နိုင်ပေ။
လူသားများသည် သဘာဝတရားက ဖန်ဆင်းထားခြင်း ဖြစ်ပြီး၊ ရုပ်သေးရုပ်များမှာမူ လူတို့က ဖန်တီးထားခြင်း ဖြစ်သောကြောင့်ပင်။
လီဖူယန်လော့က ပျက်သုဉ်းခြင်းနတ်ဘုရား နှစ်ပါးကို ရင်ဆိုင်နေစဉ်မှာပင် မူလတာအို သခင်က ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မသေမျိုးစစ်အလံအဖြစ် ပြောင်းလဲကာ ပျက်သုဉ်း ခြင်းနတ်ဘုရား သုံးပါးဆီသို့ ဝှေ့ယမ်းလိုက်သည်။
မသေမျိုးစစ်အလံ၏ စွမ်းအားမှာ အတိုင်းအဆမရှိပေ။ ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးမှာ သန်မာသော်လည်း မသေမျိုးစစ်အလံ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ သူတို့ တစ်ပါးစီ သည် ပြင်းထန်သော စွမ်းအင်များကို ထုတ်လွှတ်၍ ရှုပ်ထွေးနေသော ဟင်းလင်းပြင် အတွင်းမှ ဖောက်ထွက်နိုင်ရန် ကြိုးစားနေကြသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိကလည်း ကျန်ရှိသော ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးနှင့် ရင်ဆိုင်နေရသည်။
“ကမ္ဘာဦးလက်သီး”
“ပျက်သုဉ်းခြင်း နတ်ဘုရားလက်သီး၊”
“ဆိတ်သုဉ်းခြင်း နတ်ဘုရားလက်သီး။”
ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးမှာ ကြောက်ရွံ့ခြင်း မရှိသလို မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အတူတူ တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုများမှာ ဟုန်ယွိ၏ ခန္ဓာကိုယ် အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့ကို ဦးတည်နေသည်။ သူတို့သည် ဟုန်ယွိ၏ အသက်စွမ်းအားကို ဖြတ်တောက်ပြီး သူ၏ အပ်စိုက်မှတ်များကို ဖျက်ဆီးပစ်ချင်နေကြ သည်။
ဟုန်ယွိသည် ထိုပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးကို ရင်ဆိုင်ရင်း သူ၏ မျက်လုံးများအတွင်း အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ပြောင်းလဲသွားပြီး ‘ထာဝရ ပြောင်းလဲခြင်းလှုပ်ရှားမူ’ နည်းစနစ်ကို အသုံးပြုကာ တစ်ကိုယ်လုံး လှုပ်ခါလိုက်ရာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတော်စင်ပေါင်းစုံခန်းမနှင့် ထိုက်ကျိမိုးကြိုးရေကန်တို့၏ စွမ်းအား များအပြင် များပြားလှသော အသက်စွမ်းအား အားလုံးနီးပါးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်လိုက်သည်။
“ကောင်းကင်နှင့်မြေကြီးနိယာမရုပ်အသွင်။”
ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော ဟုန်ယွိသည် သူ၏ လက်ခြောက်ဖက်လုံးကို အသုံးပြု၍ ‘ပျက်သုဉ်းခြင်း နတ်ဘုရားလက်သီး’ သုံးမျိုးကိုပင် ပြန်လည် ထုတ်ဖော်၍ တိုက်ခိုက်လိုက်ပါသည်။ သူသည် ခွန်အားကို ခွန်အားဖြင့် တုံ့ပြန်ပြီး၊ သိမ်မွေ့မှုကို သိမ်မွေ့ မှုဖြင့် ရင်ဆိုင်ကာ ပျက်သုဉ်းခြင်းနတ်ဘုရားသုံးပါး၏ လက်သီးချက်များကို ခံစစ်ကော တိုက်စစ်ပါ ထုတ်ဖော် တိုက်ခိုက်ခြင်း ဖြစ်သည်။
ဗုန်း… ဗုန်း… ဗုန်း…
ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးလုံးမှာ လက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွား ကြသည်။ သူတို့သည် ကြောက်ဖွယ်ကောင်းစွာ ဟစ်အော်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ် ပေါ်ရှိ ချပ်ဝတ်တန်ဆာများနှင့် အရေပြားများမှာ အက်ကွဲသွားပြီး သင်းပျံ့သော မွှေးရနံ့များ ပြည့်နှက်နေသည့် ရွှေရောင်သွေးများ စီးကျလာတော့သည်။
ထိုသွေးများအတွင်း၌ မရေတွက်နိုင်သော မှော်သင်္ကေတများ လက်ခနဲ ပေါ်နေကြသည်။
“အလင်းနှင့်အမှောင် မန္တလာ... ချိပ်ပိတ်စမ်း”
ဟုန်ယွိ၏ လက်သီးချက် ခြောက်ချက်မှာ ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးကို နောက်ဆုတ် သွားစေခဲ့သည်။ သူတော်စင်ပေါင်းစုံခန်းမမှ ကြီးမားသော မူလစွမ်းအားနှစ်ခုကို ခွဲထုတ်ပြီး ထာဝရအမှောင်ည မူလစိတ်ဝိညာဉ်နှင့် ကံတရားမူလစိတ်ဝိညာဉ်တို့ကို ဖွဲ့စည်းကာ ‘အလင်းနှင့်အမှောင် အကာအကွယ်’ ကို ဖန်တီးလိုက်သည်။ သူသည် အမှန်တကယ်ပင် ထို ပျက်သုဉ်းခြင်းနတ်ဘုရား သုံးပါးကို ချိပ်ပိတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။