အခန်း ၇၀၅
Vol. 68 Ch. 705
အခန်း (၇၀၅)။
ဟုန်ယွိ ထုတ်ဖော်လိုက်သော ‘ခွန်ဟေက်စ်ဇာဂရမ်’ (ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်) ၏ အထက်ပိုင်းမှာ ‘အိုင်’ ဖြစ်ပြီး၊ အောက်ပိုင်းမှာမူ ‘ရေ’ ဖြစ်သည်။ မူလက ရေသည် အိုင် အတွင်း၌သာ ခိုအောင်းနေရမည် ဖြစ်သော်လည်း၊ ဤဟေက်စ်ဇာဂရမ်၏ သဘော တရားမှာ ‘ရေတို့သည် အိုင်အတွင်းမှ ထွက်ခွာ၍ အောက်ဘက်သို့ စိမ့်ဆင်းသွားခြင်း’ ကို ဖော်ဆောင်နေသည်။ ဤသည်မှာ ရေမရှိတော့သည့် အိုင်တစ်ခုကို ဆိုလိုပြီး၊ ထိုအိုင် အတွင်း၌ လုံးဝဥဿုံ ပိတ်မိနေခြင်းကို ကိုယ်စားပြုပေသည်။
ဤဟေက်စ်ဇာဂရမ် ထွက်ပေါ်လာသည်နှင့် လူကြီးလူကောင်းတစ်ယောက် ပိတ်မိနေပြီး သူ၏စိတ်ဆန္ဒကို သေခြင်းတရားဖြင့်သာ အဆုံးသတ်နိုင်ခြင်း’ ကို ညွှန်ပြနေသည်။
လူကြီးလူကောင်းတစ်ယောက်သည် ပိတ်မိနေချိန်မှာပင် သူသည် မိမိ၏ အသက်ကို စတေးရန် အသင့်ရှိနေရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် သူ၏ ရည်မှန်းချက်ကို အပြည့်အဝ အကောင်ထည်ဖော်ရမည် ဖြစ်သည်။
ဤသည်မှာ ‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ ၏ စစ်မှန်သော အဓိပ္ပာယ်ပင် ဖြစ်သည်။
သို့သော်လည်း ဟုန်ယွိမှာမူ ယခုအခါ ဤ ‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ သဘောတရားကို အသုံးပြု၍ ကျန်ရှိနေသော ပျက်သုဉ်းခြင်းနတ်ဘုရား ရှစ်ပါးကို ပိတ်လှောင်ရန် ကြိုးစားနေ ခြင်း ဖြစ်သည်။ ထို့နောက် သူသည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာပြီး မဟာကမ္ဘာလောက သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ သူ့အနေဖြင့် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး လုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ အထွက်အထိပ် လူသားအင်မော်တယ် သုံးဦးကို ကယ်တင်နိုင်ခဲ့ ခြင်းကပင် အလွန်ကြီးမားသော အောင်မြင်မှု ဖြစ်နေလေပြီ။
အကယ်၍ သူသည် ဝန်ကြီးခုနစ်ပါး ဝိုင်းရံခံရသည်အထိ စောင့်ဆိုင်းနေမည်ဆိုလျှင်၊ ထိုက်ကျိမိုးကြိုးရေကန် အတွင်း၌ ဖိနှိပ်ထားသော ပျက်သုဉ်းခြင်း နတ်ဘုရားများကပါ ဆူပူသောင်းကျန်းလာမည်ဆိုပါက အခြေအနေမှာ ရှင်းရခက်သွားပေလိမ့်မည်။ သူ၏ အားထုတ်မှုများ အလဟဿ ဖြစ်သွားရုံသာမက သူ၏ အသက်အန္တရာယ်ပါ စိုးရိမ်ရပေ မည်။ ဤကဲ့သို့သော အနေအထားမျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက မုန့်ရှန်းကျီပင်လျှင် ထွက်ပြေးရပေလိမ့်မည်။
‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ ကို ထုတ်ဖော်လိုက်သည်နှင့် ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ မှ အနက်ရောင် အငွေ့အသက်များ၊ မူလစွမ်းအင်များနှင့် ကြမ်းတမ်းသော အရှိန်အဝါများ အားလုံးမှာ ဤဟေက်စ်ဇာဂရမ်၏ ရှေ့မှောက်၌ အေးခဲ ကာ ပိတ်မိသွားတော့သည်။
ပျက်သုဉ်းခြင်း နတ်ဘုရား ရှစ်ပါး၏ ဟစ်အော်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှ ၏။ အကြောင်းရင်းမှာ သူတို့သည် သူတို့ဆီသို့ ပျံသန်းလာသော ဟုန်ယွိ၏ ပြင်းထန်သော စွမ်းအားများကို ခံစားမိလိုက်သောကြောင့်ပင်။ ထိုစွမ်းအားမှာ အလွန်ပင် နက်ရှိုင်းလှပြီး သူတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားရုံသာမက ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင် လည်ပတ်မှုကိုပါ ဟန့်တားနေပေသည်။
ထိုအခိုက်အတန့်တွင် ပျက်သုဉ်းခြင်း နတ်ဘုရား ရှစ်ပါးမှာ တစ်ပြိုင်နက်တည်း လက်သီး ချက် တစ်ချက်ကို ပစ်လွှတ်လိုက်ကြသည်။
ဤလက်သီးချက်မှာ အကြိမ်ပေါင်း ကုဋေကုဋာမက လေ့ကျင့်ထားသည့်အလား အလွန်ပင် စနစ်ကျလှ၏။ လက်သီးတစ်ချက်စီမှ ထွက်ပေါ်လာသော စွမ်းအားနှင့် မူလစွမ်းအင်တို့မှာ ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်လှပြီး ရှေးဦးနတ်ဘုရားဘုရင်တစ်ပါး ပြန်လည် ရှင်သန်လာသည့်အလား သို့မဟုတ် ရှေးဦး ‘ယန်နတ်ဘုရား’ တစ်ပါး ပြန်လည် မွေးဖွားလာ သည့်အလား ရှိနေသည်။ ထိုစွမ်းအား ရှစ်မျိုးမှာ တွန်းထုတ်ခြင်း၊ ဆွဲငင်ခြင်း။ ရိုက်နှက်ခြင်း၊ ဝှေ့ယမ်းခြင်း၊ ချိတ်ဆွဲခြင်း၊ ဆွဲဖြဲခြင်း၊ ခွဲထုတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ ဖြစ်ကြသည်။
ကြိုးတစ်ချောင်းအဖြစ် ကျစ်လျစ်စွာ ပေါင်းစည်းသွားပြီး မကြုံစဖူးသော စွမ်းအားကြီး အဖြစ် ပြောင်းလဲကာ ဟုန်ယွိ၏ ‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ သို့ ဦးတည်သွားတော့ သည်။ မူလစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လက်သီးရိပ်များမှာ ရောယှက်နေကြသည်။
‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ မှာ အမှန်တကယ်ပင် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။
ဟုန်ယွိသည် ပျက်သုဉ်းခြင်းနတ်ဘုရားရှစ်ပါး၏ ပူးပေါင်းအင်အားနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ ‘အသွင်မျိုးစုံပြောင်းလဲခြင်း’ နတ်ဘုရားစွမ်းရည်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် သူတော်စင်ပေါင်းစုံခန်းမ၏ အစစ်မှန်စွမ်းအင်များမှာ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် ပေါင်း ၁၁၉၇ ခုလုံးသို့ စီးဝင်သွားတော့သည်။
ဝုန်း…
ကြီးမားလှသော အစစ်မှန် စွမ်းအားများမှာ သူ၏ အပ်စိုက်မှတ်များအတွင်းသို့ လုံးဝ ပျံ့နှံ့သွားသည်။ ဟုန်ယွိ၏ အသွင်မျိုးစုံပြောင်းလဲခြင်း ခန္ဓာကိုယ်မှာ ထပ်မံ မြင့်မားလာပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်များမှာ ပေါက်ကွဲတော့မတတ် ဝေဝေဝါးဝါး ခံစား လိုက်ရ၏။ သူသည် ‘ဟင်းလင်းပြင်ဖျက်ဆီးခြင်း’ ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် နယ်ပယ်သို့ပင် အတိုင်းအဆမရှိ နီးစ်ပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မူလတာအိုသခင်သည် ထိုက်ကျိမိုးကြိုးရေကန်ဆီသို့ ပြန်လည် ပျံသန်းသွားပြီး၊ အတွင်း၌ ချိပ်ပိတ်ထားသော ပျက်သုဉ်းခြင်း နတ်ဘုရား လေးပါးကို ဖိနှိပ်ထားလိုက်သည်။
ချိပ်ပိတ်ခံထားရသော ပျက်သုဉ်းခြင်း နတ်ဘုရား လေးပါးမှာ အလွယ်တကူ နားခံမည့်သူ များ မဟုတ်သော်လည်း၊ မူလတာအိုသခင်တစ်ဦးတည်းနှင့်ပင် သူတို့ကို ဖိနှိပ်ထားရန် လုံလောက်ပေသည်။ အမှန်စင်စစ် ကောင်းကင်နှင့် မြေပြင်ကြားတွင် မုန့်ရှန်းကျီ အပါ အဝင် မည်သူမျှ ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးလုံးကို ချိပ်ပိတ် ဖိနှိပ်ထားနိုင် စွမ်း မရှိကြပေ။
သို့သော်လည်း အကယ်၍ သူသည် ထိုက်ကျိမိုးကြိုးရေကန်ကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပြီး မိုးကြိုးရေကန်၏ အစောင့်အရှောက် မူလတာအိုသခင် အဖြစ် ပြောင်းလဲနိုင် သော ဟုန်ယွိအနေဖြင့် ပျက်သုဉ်းခြင်း နတ်ဘုရား တစ်ဆယ့်နှစ်ပါးလုံးကို ဖိနှိပ်နိုင်မည့် မျှော်လင့်ချက် ရှိပေသည်။
...
“ပျက်သုဉ်းခြင်း နတ်ဘုရားတို့... မင်းတို့ကို စစ်မှန်တဲ့ စွမ်းအားက ဘာလဲဆိုတာ ငါပြမယ်”
သူတော်စင်ပေါင်းစုံခန်းမကို အသုံးပြု၍ သူ၏ အသွင်မျိုးစုံပြောင်းလဲခြင်း ခန္ဓာကိုယ်ကို အကန့်အသတ်အထိ ထပ်မံ မြှင့်တင်လိုက်ရာ၊ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်နှင့် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။ ‘ပိတ်ဆို့ခြင်း ဟေက်စ်ဇာဂရမ်’ ၏ အကာ အကွယ်အောက်တွင် ဟုန်ယွိသည် ‘ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်’ ကို ထုတ်ဖော်လိုက် သည်။ သူ၏ခန္ဓာကိုယ်မှာ လေတိုက်ခံရသော သစ်ပင်တစ်ပင်ကဲ့သို့ ယိမ်းနွဲ့သွားသည်။
ထက်မြက်သော လက်သီးချက်များနှင့် ခြေကန်ချက်များမှာ မုန်တိုင်းတစ်ခုကဲ့သို့ ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါးဆီသို့ ကျရောက်သွားတော့သည်။
ထိုလက်သီးချက်များနှင့် ခြေကန်ချက်များအတွင်း၌ ဟုန်ယွိသည် သူ၏ အဆင့်မြင့် တိုက်ကွက်များ အားလုံးကို မီးဖိုတစ်ခုအတွင်း စုစည်းထားသကဲ့သို့ ပေါင်းစပ်လိုက်၏။ ထိုသိုင်းကွက်များမှာ ‘ကောင်းကင်နှင့်မြေကြီး ဧရာမကြိတ်ဆုံ’၊ ‘အဆုံးမဲ့ ထာဝရအသက်’၊ ‘ကောင်းကင်နှင့်မြေကြီး အတူရှင်သန်ခြင်း’၊ ‘ထင်းရှုးနှင့် ကြိုးကြာထာဝရအသက်’၊ ‘ပြီးပြည့်စုံသောပညာရပ်’၊ ‘သန့်စင်ခြင်းဆေးမီးလျှံဖို’ နှင့် ‘၃၃ဘုံ ကောင်းကင်နန်းတော်’ တို့ပင်။
တိုက်ကွက် တစ်ခုစီသည် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ပါးစီကို ပြင်းထန်စွာ ရိုက်ခတ် သွားပါသည်။
ဝုန်း….
ချက်ချင်းပင် အဆင့်မြင့်သိုင်းကွက်များမှာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ပျက်သုဉ်းခြင်း နတ်ဘုရား ရှစ်ပါးမှာ ဒေါသတကြီး ဟိန်းဟောက်ရင်း သူတို့ ကိုယ်ပိုင် ကျောက်နန်းတော် များဆီသို့ လွင့်ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည်လည်း နောက်သို့ လွင့်ထွက်သွားခဲ့သည်။
သူသည် မည်မျှပင် အစွမ်းထက်စေကာမူ၊ ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါး၏ တစ်ပြိုင်နက် တည်း တိုက်ခိုက်မှုကိုတော့ လုံးဝ ခံနိုင်ရည် မရှိသေးပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် အများအပြားမှာ ထိုစွမ်းအားကြောင့် တုန်ခါသွားပြီး အနည်းငယ် ပျက်စီးသွား ခဲ့သည်။
ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါး ပူးပေါင်းတိုက်ခိုက်ခြင်းမှာ မည်မျှ အစွမ်းထက်သနည်း။ ၎င်းမှာ အထွက်အထိပ် လူသားအင်မော်တယ် ရှစ်ဦး တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။ ‘ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး’ ပညာရှင် တစ်ဦးပင်လျှင် ထိုတိုက်ခိုက်မှုကို တိုက်ရိုက် ခံလိုက်ရပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
ဟုန်ယွိ၏ လက်ရှိ နတ်ဘုရားစွမ်းအားမှာ ‘ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး’ ပညာရှင် ထက် များစွာ သာလွန်နေပြီ ဖြစ်သော်လည်း၊ ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါးလုံးကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆီးရန်မှာ သူ့အတွက် မလွယ်ကူသေးပေ။
“ကောင်းကင်နှင်းရည် အဆီအနှစ်... ငါ့ကို ကုသပေးစမ်း”
သူ၏ အပ်စိုက်မှတ်များမှာ အနည်းငယ် ပျက်စီးသွားသည်။ အတွေးတစ်ချက်နှင့်တင် ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမအတွင်း သိုလှောင်ထားသော ကြီးမားလှသည့် ‘ကောင်းကင်နှင်းရည် အဆီအနှစ်’ များဖြင့် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ မိုးဖွဲလေးများကဲ့သို့ပင် ဒဏ်ရာအားလုံးမှာ ချက်ချင်းပင် သက်သာပျောက်ကင်းသွားတော့ သည်။
ဤကဲ့သို့သော ဒဏ်ရာမျိုးမှာ သာမန်လူတစ်ဦး၏ လက်ချောင်းကို အပ်နှင့် အနည်းငယ် စူးခံရသကဲ့သို့သာ ဖြစ်သည်။ ဒဏ်ရာကို စုပ်လိုက်ရုံနှင့်ပင် အဆင်ပြေသွားပေမည်။
သို့သော်လည်း ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါးအတွက်မူ သူတို့သည် ဟုန်ယွိကဲ့သို့ သန်မာသော ခန္ဓာကိုယ်မျိုး မရှိကြပေ။ သူတို့သည် မိမိတို့၏ ကျောက်နန်းတော်များ အတွင်းသို့ လွင့်စင်သွားကြပြီး သူတို့၏ မူလစွမ်းအင်များမှာ ရှုပ်ထွေးကာ အသက်ရှူရ ကြပ်တည်းနေသကဲ့သို့ တခဏတာမျှ မလှုပ်ရှားနိုင်တော့ချေ။
“ဒါဟာ အခွင့်ကောင်းပဲ။ ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါးလုံးကို ငါ ဖမ်းဆီးမယ်”
တွန့်ဆုတ်နေခြင်း မရှိဘဲ ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သူ၏ လက်ဝါး၊ မျက်ခုံးကြားနှင့် ခန္ဓာကိုယ် အလယ်ဗဟိုတို့မှ မူလစွမ်းအင် လှိုင်းငါးခု ပစ်ထွက်သွားပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားကာ၊ ကျောက်နန်းတော်များ တစ်ခုလုံးနှင့် အတွင်းရှိ ပျက်သုဉ်းခြင်း နတ်ဘုရားများကိုပါ ဖမ်းဆုပ်တော့မည့်အလား ကျောက်နန်းတော်များကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ပျက်သုဉ်းခြင်း နတ်ဘုရားရှစ်ပါးသည် ကျောက်နန်းတော်များပေါ်သို့ မူလစွမ်းအင်လက်ဝါး ကြီး ကျဆင်းလာသည်ကို မြင်သောအခါ ထပ်မံ ဟစ်ကြွေးလိုက်ကြပြီး ‘ကောင်းကင် ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ကို အသက်သွင်းလိုက်ကြသည်။
အစီအရင်ကြီးမှာ ထပ်မံ မြည်ဟည်းလာပြန်သည်။ အနက်ရောင် တိမ်တိုက်များမှာ လေထု အတွင်း ပြည့်နှက်သွားပြီး ကြယ်တာရာများပါ တုန်ခါသွားကြကာ၊ ဟုန်ယွိ၏ မူလစွမ်းအင် လက်ဝါးကြီးကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် စန်းလန်ကြယ်သခင်၊ နေမီးလျှံကြယ်သခင်၊ မြောက်ပြန်ကြယ် သခင်မနှင့် လီဖူကြယ်သခင်မဟူသော အထွက်အထိပ် လူသားအင်မော်တယ် လေးဦး တို့သည် ဟုန်ယွိ၏ ဘေးပတ်လည်တွင် စုရုံးလာကြသည်။
“ကောင်းကင်နှင်းရည် အဆီအနှစ်”
ကယ်တင်ခံလိုက်ရသော ပညာရှင်သုံးဦးမှာလည်း ဟုန်ယွိ၏ ခန္ဓာကိုယ်မှ စီးထွက်လာ သော မြူနှင်းရည်များကို ခံစားမိလိုက်ကြသဖြင့် အံ့သြတကြီး ရေရွတ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်အနှံ့ရှိ အပ်စိုက်မှတ်များမှာလည်း ထိုအဆီအနှစ်များကို မရပ်မနား စုပ်ယူနေကြသည်။
သူတို့သည် သေမင်းတိတ်ဆိတ်ခြင်း အကျဉ်းထောင်အတွင်း၌ အတွင်း၌ ပိတ်လှောင်ခံထား ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သဖြင့် သူတို့၏ မူလစွမ်းအင်များမှာ ပြင်းထန်စွာ ဆုံးရှုံးနေခဲ့ သည်။ ယခုအခါ ‘ကောင်းကင်နှင်းရည် အဆီအနှစ်’ ၏ အာဟာရကို ရရှိလိုက်သည့်အခါ သူတို့သည် ချက်ချင်းပင် ခွန်အားများ ပြန်လည် ရရှိလာကြသည်။ သူတို့၏ အားနည်းနေ သော ခန္ဓာကိုယ်များမှာလည်း ကောင်းမွန်သည့် ဟန်ချက်ညီမှုကို ရရှိသွားခဲ့ပြီ။ သူတို့၏ အသက်စွမ်းအင်များမှာ ရုတ်တရက် အင်အားကောင်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပြည့်နှက်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ တလိမ့်လိမ့် တက်နေသော အနက်ရောင် တိမ်တိုက်များ၊ မြူနှင်းများနှင့် ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ တို့မှာ ပညာရှင်လေးဦး ပူးပေါင်း ထုတ်လွှတ်လိုက်သော သိုင်းဆန္အောက်တွင် အနားပင် မကပ်နိုင်ကြတော့ချေ။
“ကံကောင်းတာက ငါ အရင်ဆုံး ပျက်သုဉ်းခြင်း နတ်ဘုရား လေးပါးကို ဖိနှိပ်ထားနိုင်ခဲ့လို့ပဲ။ ဒါကြောင့် ဒီအစီအရင်က မပြည့်စုံတော့ဘဲ အပြည့်အဝ အလုပ်မလုပ်နိုင်တော့တာ။ မဟုတ် ရင် ဒီအစီအရင်ရဲ့ စွမ်းအားက ဆယ်ဆမက ပိုလာလိမ့်မယ်။ အဲဒီအချိန်ကျရင် နှိမ်နှင်းဖို့ တကယ် ခက်သွားလိမ့်မယ်”
ဟုန်ယွိသည်လည်း အစီအရင်၏ စွမ်းအားမှာ များစွာ လျော့ကျသွားကြောင်း ခံစားမိလိုက် သည်။ ထို့ကြောင့် သူသည် သူ၏ စွမ်းအားများကို ထပ်မံ ထုတ်ဖော်လိုက်ပြီး သူသည် သူ၏ ထိုက်ကျိ မူလစိတ်ဝိညာဉ်ကို သူ၏ခန္ဓာကိုယ်နှင့် ခေတ္တ ပေါင်းစပ်လိုက်ရာ သူ၏ စွမ်းအား မှာ ပိုမို မြင့်တက်လာခဲ့သည်။ တခဏအတွင်းမှာပင် သူသည် ကျောက်နန်းတော် ရှစ်ခုလုံး ကို မတင်လိုက်တော့သည်။