အခန်း ၇၀၉
Vol. 68 Ch. 709
အခန်း (၇၀၉)။
“ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး... ဒီအဆင့်က ဒီလောက်တောင် ဆန်းကြယ်တာကိုး။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးက ဘယ်လိုအဆင့်မျိုးလဲဆိုတာ ငါ အမြဲတမ်း ခန့်မှန်းခဲ့ ဖူးပေမဲ့၊ အခု ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရတော့မှ ယင်နဲ့ယန်ရဲ့ဖန်ဆင်းမူ၊ ကိုးကိုး လုံး အထွတ်အထိပ်က ဘာလဲဆိုတာကို ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ဒါ့အပြင် ပြန်လည်ဝင်စားခြင်းနဲ့ မူလအရင်းမြစ်က ဘာလဲ၊ မွေးရာပါအစွမ်းနဲ့ နောက်မှရလာတဲ့ အစွမ်းတွေက ဘာလဲဆိုတာကိုပါ ငါ သိသွားပြီ။ အိုမင်းခြင်း၊ နာကျင်ခြင်း၊ သေဆုံးခြင်းနဲ့ ဝိညာဉ်တစ်ခုရဲ့ မွေးဖွားခြင်းဆိုတာတွေကိုပါ ငါ အကုန်သိမြင်သွားပြီ...။”
ထိုက်ကျိ မိုးကြိုးရေကန်အတွင်းမှ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးရည်များကို သူ၏ မူလ စိတ်ဝိညာဉ်အတွင်းသို့ စုပ်ယူလိုက်ပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သံသရာ စက်ဝန်းပေါင်း သန်းတစ်ရာကို ဖြတ်သန်းနေရသကဲ့သို့ ခံစားလိုက်ရပြီး၊ အချိန်ကာလမှာ လည်း အလွန်ပင် ရှည်လျားသွားသကဲ့သို့ပင်။
အတိတ်၊ အနာဂတ်၊ အရာအားလုံးမှာ သူ၏မျက်စိရှေ့တွင် ထင်ဟပ်လာပြီး သူ၏ စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များမှာလည်း ပွင့်လင်းလာတော့သည်။
ဟုန်ယွိသည် ဘဝပေါင်း ထောင်သောင်းချီမှ မှတ်ဉာဏ်များကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဘဝပေါင်းများစွာမှ အမှတ်တရများမှာ အိပ်မက်တစ်ခုအလား တစ်ခုပြီးတစ်ခု နိုးထလာကြသည်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနှင့် သေဆုံးခြင်း တို့ကို သူ မြင်တွေ့ခဲ့ရသည်။ သူ၏စိတ်ဝိညာဉ်နှင့် မှတ်ဉာဏ်များမှာ လွင့်ပျယ်သွားပြီး နောက် ကောင်းကင်နှင့် မြေကြီးအတွင်းသို့ စီးဝင်သွားသော အခြေခံအကျဆုံး မူလစွမ်းအင် များအဖြစ် အသွင်ပြောင်းသွားကြသည်။
ကလေးငယ်တစ်ဦး မွေးဖွားလာချိန်တွင် စိတ်ဝိညာဉ်၏ အစစ်မှန်ဆုံးသော မူလစွမ်းအားမှာ အရာဝတ္ထုအမျိုးမျိုးနှင့် ထိတွေ့မိပြီး ကိုယ်ပိုင် မှတ်ဉာဏ်များ စတင်ဖြစ်ပေါ်လာသည်။
လူသားတို့သည် ဤလောကထဲသို့ ရောက်ရှိလာချိန်တွင် သူတို့၏ စိတ်ဝိညာဉ်မှာ မူလက သန့်စင်ကြည်လင်ပြီး အပြစ်အနာအဆာ ကင်းစင်ကာ ဗလာနတ္ထိ ဖြစ်နေကြသော်လည်း၊ အမျိုးမျိုးသော အရာဝတ္ထုများ၊ မြင်ကွင်းများနှင့် တွေ့ကြုံရချိန်တွင်မူ မှတ်ဉာဏ်များအဖြစ် ပြောင်းလဲသွားကြသည်။
သေဆုံးသွားချိန်တွင်မူ စိတ်ဝိညာဉ်၏ မှတ်ဉာဏ်များမှာ တဖြည်းဖြည်း လွင့်စင် ပျောက်ကွယ်သွားပြီး၊ အချိန်မြစ်အတွင်း၌ အနည်ထိုင်သွားကြကာ အလင်းတန်းများ အလား စီးမျောသွားပြီး တစ်ဖန် ပြန်လည်မလာတော့ဘဲ ထာဝရ ကွယ်ပျောက်သွားကြ ပေလိမ့်မည်။ စိတ်ဝိညာဉ်၏ အဆီအနှစ်စွမ်းအင်မှာမူ အသန့်စင်ဆုံးသော မူလစွမ်းအင်များ အဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေပြင်ကြား၌ လွင့်ပျံ့သွားပြီး စကြဝဠာကြီး အတွင်းသို့ ပေါင်းစပ်သွားပေလိမ့်မည်။
ဤသည်ကား သက်တမ်းကုန်ဆုံးခါနီးအချိန်မှာ ကြုံတွေ့ရသည့် ဘဝတစ်ခု၏ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနှင့် သေဆုံးခြင်းတို့၏ အခြေခံအကျဆုံးသော သံသရာ အပြောင်း အလဲပင်။
ဟုန်ယွိသည် သူ၏သက်တမ်း ကုန်ဆုံးသွားချိန်တွင် သူ၏ မှတ်ဉာဏ်အားလုံးမှာ ပေါက်ကွဲ ထွက်လာပြီး အချိန်မြစ်ကြီး၏ ဝဲသြဃအတွင်းသို့ ဆွဲခေါ်ခြင်းခံရကာ အောက်ခြေသို့ နစ်မြုပ်သွားမည် ဖြစ်ကြောင်း ခံစားမိနေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် သူ ကျင့်ကြံခဲ့သမျှသော စွမ်းအားများနှင့် မူလစွမ်းအင်များမှာလည်း သူ၏ ၎င်းတို့၏ မူလအစသို့ ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။
ဤသည်ကား မည်သူမျှ မချိုးဖျက်နိုင်သော မူလသံသရာစက်ဝန်းပင် ဖြစ်သည်။
ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်များပင်လျှင် အဆုံး၌ သဘာဝတရားထံသို့ ပြန်လည် ရောက်ရှိသွားရမည်ဖြစ်ပြီး၊ ဒုက္ခပင်လယ်ကြီးအတွင်းသို့ ပြန်လည်ရောက်ရှိသွားကြရသာ။ သူတို့အားလုံး ထိုနေရာတွင် ထာဝရ အိပ်မောကျခြင်းဖြင့် အနည်ထိုင်သွားရပေလိမ့်မည်။
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးဆိုသည်မှာ ဖန်ဆင်းခြင်း၏ ပျော်ရွှင်မှုမဟုတ်သလို၊ စိတ်ဝိညာဉ်ကို နတ်ဘုရားအဖြစ် သန့်စင်ခြင်း၏ စွမ်းအားသက်သက် မဟုတ်ဘဲ၊ မူလ သံသရာစက်ဝန်းကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း၊ သေခြင်းနှင့် ရှင်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားသိမြင်ခြင်းနှင့် ကောင်းကင်နှင့် မြေကြီး၏ သံသရာ စက်ဝန်းအတွင်းမှ မလွတ်မြောက်နိုင်ခြင်းတို့ကို သိမြင်စေခြင်းပင် ဖြစ်သည်။ ဤသိမြင်မှု ကပင် မူလသံသရာစက်ဝန်းကို ဖျက်ဆီးရန်၊ ထာဝရ မသေမျိုးသူ ဖြစ်လာရန်နှင့် ပါရမီ ဖြည့်ကျင့်ကာ နိဗ္ဗာန်ဆိုသည့် တစ်ဖက်ကမ်းသို့ ကူးမြောက်ရန် ယုံကြည်မှုကို ပေးစွမ်းလိုက် ခြင်း ဖြစ်သည်။
ဟုန်ယွိသည် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်း နှင့် သေဆုံးခြင်းတို့၏ ဆင်းရဲဒုက္ခကို ဤမျှ နက်နက်ရှိုင်းရှိုင်း တစ်ခါမျှ မခံစားခဲ့ဖူးချေ။
သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးမှာ ဧရာမ ဒုက္ခလှောင်အိမ်ကြီး တစ်ခုအလား သူ ခံစားလိုက်ရ၏။ ဤလောကကြီးအတွင်းရှိ အရာအားလုံးမှာ ရေများ၊ ခါးသီးသော ရေများ ဖြစ်နေကာ ထိုရေများမှာ စုပေါင်း၍ ‘သံသရာဝဲသြဃ’ အဖြစ် ပြောင်းလဲနေသည်ကို အချိန်တိုင်း ခံစားနေရသည်။
ထိုခဏ၌ပင် ခါးသီးခြင်း၏ အဓိပ္ပာယ်မှာ သူ၏ အတွေးစ၊ သူ၏ စိတ်ဝိညာဉ်နှင့် မူလ စိတ်ဝိညာဉ်၏ တစ်လက်မစီတိုင်းတွင် ပြည့်နှက်သွားခဲ့သည်။ ကောင်းကင်နှင့် မြေပြင်မှာ ယခင်အခိုက်အတန့်က ကောင်းကင်နှင့် မြေပြင် မဟုတ်တော့ဘဲ ဧရာမ ဒုက္ခလှောင်အိမ် ကြီးတစ်ခုသာ ဖြစ်တော့သည်။
လှောင်အိမ်ထဲတွင် ပိတ်မိနေသူများသည် ပေါက်ကွဲထွက်ရမည်၊ သူတို့၏ စွမ်းအား အားလုံးကို ထုတ်ဖော်ရမည်၊ ဤဒုက္ခလှောင်အိမ်ကြီးကို ဖျက်ဆီး၍ လွတ်မြောက်မှုကို ရှာဖွေရမည်။ ဤသံသရာဝဲသြဃကို ဖြတ်ကျော်ပြီး ကမ်းတစ်ဖက်သို့ ရောက်ရှိရပေမည်။
သို့သော်လည်း ဟုန်ယွိသည် ဤအနှိုင်းမဲ့ စွမ်းအားနှင့် ကောင်းကင်နှင့်မြေကြီး၏ ဒုက္ခ လှောင်အိမ်ကြီးကို ချိုးဖျက်လိုသော စိတ်ဆန္ဒကို အသုံးပြု၍ ပြိုင်ဘက်ကင်း လက်သီး တစ်ချက်ကို ထိုးနှက်လိုက်သည့်အခါ သူ၏ နှလုံးသားအတွင်းရှိ နာကျင်မှုများအားလုံးမှာ ပေါက်ကွဲထွက်သွားတော့သည်။ သူသည် အတိုင်းအထက်အလွန် လွတ်လပ်ပေါ့ပါးသွားပြီး မဟာလွတ်မြောက်မှုကြီဂကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
ကောင်းကင်နှင့် မြေကြီးမှာ မူလအတိုင်း ပြန်လည်ရောက်ရှိသွားပြီး မည်သည့်အရာမှ လွဲချော်နေခြင်း မရှိတော့ပေ။
...
ဘုန်း….
ရွှီဝူယွိ၏ ခန္ဓာကိုယ်မှာ သေးငယ်သော အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ ပွင့်ထွက်လာခဲ့သည်။ ဟုန်ယွိကမူ သူ့ကို ဂရုမစိုက်တော့ ပေ။ သူသည် အဆင့်သစ်ဖြစ်သော ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးနှင့် အသားကျအောင် ပြင်ဆင်နေသည်။
သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်မှာ ထပ်မံ ပြောင်းလဲသွားပြီး အလွန်ပင် လျင်မြန်ပေါ့ပါး လာကာ စွမ်းအားများဖြင့် ပြည့်လျှံနေသည်ကို သူ ခံစားမိသည်။ ထိုက်ကျိမူလစိတ်ဝိညာဉ် လှုပ်ရှားလိုက်သည့်အခါတိုင်း ကောင်းကင်နှင့် မြေကြီး၏ အခြေခံကျဆုံး မူလစွမ်းအင်များ ကို စုပ်ယူကာ ကိုယ့်ကိုယ်ကိုယ် ပိုမိုသန်မာလာအောင် ပြုလုပ်နေ၏။ သူ၏ မူလ စိတ်ဝိညာဉ်မှာ နေမင်းကြီးအလား ကောင်းကင်နှင့် မြေပြင်ကို ထာဝရ အလင်းပေးနေသည့် အလွန်တရာ သန့်စင်သောယန် ဖြစ်နေသည်ဟူသော ခံစားချက်မှာ သူ၏ စိတ်နှလုံးထဲ၌ လှိုင်းထနေပေသည်။
‘သန့်စင်သော ယန်’ အဆင့်….
သူ၏စိတ်ဝိညာဉ်မှာ လှုပ်ခတ်သွားပြီး အတွေးများအားလုံးနှင့် အတွေးစများအားလုံးမှာ ကွယ်ပျောက်သွားကာ စွမ်းအားများ၊ သန့်စင်သော စွမ်းအားများ၊ မည်သည့်အတွေးမျှ မပါဝင်သော သန့်စင်သည့် စွမ်းအားများဖြင့် အစားထိုးခံလိုက်ရသည်။
ဤသည်ကား ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်ပင် ဖြစ်သည်။ စိတ်ဝိညာဉ်၊ မူလစိတ်ဝိညာဉ်နှင့် အတွေးစများမှာ လုံးဝဥဿုံ သန့်စင်သွားခဲ့ပြီး ‘သန့်စင်သော ယန် ဓမ္မခန္ဓာ’ အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ မူလစိတ်ဝိညာဉ် အတွင်း၌ အသားစိုင်ကဲ့သို့ အရာဝတ္ထုအချို့မှာ အမြဲတမ်း ပြောင်းလဲတိုးတက်နေပြီး ကိုယ်ထည်ဒြပ်ရှိသော တည်ရှိမှုတစ်ခုအဖြစ် ဖြစ်ပေါ်လာနေသည်ကို သူ မှိန်ပျပျ ခံစားမိနေ သည်။
ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးနှင့် ယှဉ်လျှင် သူ၏ အစွမ်းမှာ နှစ်ဆမျှ တိုးတက်လာခဲ့ပြီ။ သူ၏ လှုပ်ရှားမှုတိုင်းမှာ သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်းအဆင့်ရှိ သိုင်းပညာရှင် တစ်ဦးနှင့် အဆင့်တူ ရလဒ်များကို ထွက်ပေါ်လာစေသည်။
“ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးနဲ့ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်က အဆင့်တူ ဖြစ်နေတာ မဆန်းတော့ပါဘူး။ သူတို့က အံ့သြစရာကောင်းလောက်အောင် ဆင်တူနေတာကိုး”
ဟုန်ယွိသည် သူ၏ မူလစိတ်ဝိညာဉ်၏ သွက်လက်မှုမှာ ရွှီဝူယွိ၏ အရှိန်အဟုန်နှင့် တန်းတူနီးပါး ဖြစ်သွားပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ ရွှီဝူယွိ တိုက်ခိုက်လာသည့်အခါ တုံ့ပြန်ရန် အချိန်မရသည့် အဖြစ်မျိုး နောက်ထပ် ရှိလာတော့မည် မဟုတ်ပေ။
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီး၊ ဒုက္ခပင်လယ်ကို နားလည်ခဲ့ကာ၊ မူလသံသရာစက်ဝန်းကို ထိုးထွင်းသိမြင်ပြီး ‘သန့်စင်သောယန်’ အဆင့်အထိ ကျင့်ကြံထား သော သူ၏စိတ်ဝိညာဉ်မှာ ယခုအခါ ‘ယန်နတ်ဘုရား’ အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့ပေသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ သန့်စင်သောယန် ထိုက်ကျိစိတ်ဝိညာဉ်နှင့် သူ၏ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် ရုပ်ခန္ဓာကိုယ်တို့မှာ နီးကပ်စွာ ပေါင်းစပ်နေကြပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ကြိုးစားနေကြသည်ကို ခံစားမိသည်။
သူတို့ အပြည့်အဝ ပေါင်းစည်းသွားပြီးပါက ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများ ဖြစ်ပေါ် လာပေလိမ့်မည်။
၎င်းမှာ ယန်နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ် ‘ဟင်းလင်းပြင် ဖျက်ဆီးခြင်း’ ဟူသော ထူးဆန်းသည့် အဆင့်မျိုးလည်း ဖြစ်နိုင်ပေသည်။
စမ်းသပ်မှု မပြုလုပ်ဘဲ မည်သူမျှ မသိနိုင်ပေ။ သို့သော်လည်း ဟုန်ယွိ၏ စိတ်ထဲ၌ မှိန်ပျပျ ခံစားမိနေသည်မှာ သူ၏ စိတ်ဝိညာဉ်သည် မိုးကြိုးကပ်ဘေး ကိုးကြိမ်စလုံးကို ကျော်ဖြတ် ပြီး အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာမူ ‘အသွင်မျိုးစုံ ပြောင်းလဲခြင်း’ အဆင့်တွင် ရှိနေသော်လည်း အပ်စိုက်အမှတ် ကိုးဆယ့်ကိုးခု လိုအပ်နေ သေးခြင်း ဖြစ်သည်။
ထိုအပ်စိုက်မှတ် ၉၉ ခုကို နားလည်သဘောပေါက်မှသာ အမြင့်ဆုံး မဟာလမ်းစဉ်ကြီးကို အောင်မြင်နိုင်ပေလိမ့်မည်။
အရာအားလုံးမှာ ရှင်းလင်း ထင်ရှားသွားခဲ့ပြီ။ အမြင့်ဆုံး မဟာလမ်းစဉ်အဆင့်သို့ သွားရာ တံခါးကို ဖွင့်ရန်အတွက် သော့တစ်ချောင်းတည်းသာ ရှိပြီး၊ ထိုသော့သည် အပ်စိုက်အမှတ် ကိုးဆယ့်ကိုးခုနှင့် ကိုယ်စားပြုသော ‘ပြည်နယ် ကိုးဆယ့်ကိုးခု’ ပင် ဖြစ်သည်။
‘ကောင်းပြီ... ငါ့ရဲ့ အခုအဆင့်ဟာ နောက်ဆုံးတော့ အထွတ်အထိပ်ကို ရောက်သွားပြီ’ ဟုန်ယွိက သူ၏ စိတ်ထဲတွင် တွေးလိုက်သည်။
ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ရွှီဝူယွိနှင့် တိုက်ခိုက်နေစဉ်အတွင်း ဟုန်ယွိ၏ မူလစိတ်ဝိညာဉ်မှာ ရုတ်တရက် ကိုးကြိမ် မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်သွားလိမ့်မည်ဟု ဝန်ကြီးခုနစ်ပါးပင် မထင်မှတ် ထားခဲ့ကြပေ။ သူသည် ‘ကိုးကိုးလုံးအထွက်အထိပ် နတ်ဘုရားတစ်ပါး’ ဖြစ်လာပြီး သူ၏ စွမ်းအားမှာလည်း တစ်ရှိန်ထိုး တိုးတက်သွားခဲ့သဖြင့် ရွှီဝူယွိပင် သတိမထားမိအောင် ဖြစ်သွားခဲ့ရသည်။
အကယ်၍ ဟုန်ယွိသာ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို တရားဝင် ဖြတ်ကျော်ပြီးပြီ ဆိုပါက သူတို့သည် အစောကြီးကတည်းက ဝန်း၍ တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ ယခုမူ သူတို့သည် အခွင့်အရေးကိုသာ စောင့်နေခဲ့ကြသည်။ ရွှီဝူယွိနှင့် ဟုန်ယွိတို့ အင်အား ကုန်ခမ်းသွားမည့်အချိန်ကို စောင့်ဆိုင်းပြီးမှ အေးအေးဆေးဆေး ကိုင်တွယ်ရန် ကြံစည်ခဲ့ ကြခြင်း ဖြစ်သည်။
ဗဟိုကမ္ဘာ၏ ‘ကောင်းကင်မိုးကြိုးစင်’ မှာ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ဟင်းလင်းပြင် အတွင်းရှိ မိုးကြိုးအားလုံးကို စုဆောင်းနိုင်စွမ်း ရှိသဖြင့် မိုးကြိုးရေကန်ထက် များစွာ စွမ်းအားကြီးမားပြီး ၎င်းကို ‘ဧကရာဇ်ဖန်’နှင့် မဟာဧကရာဇ် ချန်ရှန်းတို့က ကိုယ်တိုင် ကိုယ်ကျ သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ သာမန် မိုးကြိုးရေကန်များမှာ မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်သော်လည်း မပြည့်စုံသဖြင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန် မစွမ်းသာကြပေ။ သို့သော် ဟုန်ယွိ၏ ထိုက်ကျိမိုးကြိုးရေကန်မှာ ပြီးပြည့်စုံသွားပြီဖြစ်ရာ၊ ၎င်းမှာ ယခုအခါ ‘ကောင်းကင်မိုးကြိုးစင်မြင့်’ နှင့် အတူတူပင် ဖြစ်သွားခဲ့ပြီ။
မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန်အတွက် မဟာကမ္ဘာလောကကြီးသို့ ပြန်သွားရန် လုံးဝ မလိုတော့ပေ။
ဤအရာမှာ သူ၏ အရေးကြီးဆုံးသော လှုပ်ရှားမှု ဖြစ်သလို အသက်ကယ် နည်းလမ်းလည်း ဖြစ်ပေသည်။
...
“ညီအစ်ကို ရွှီဝူ... မင်း ငါ့ထောင်ချောက်ထဲကို ထပ်ပြီး ကျရောက်သွားပြန်ပြီ။ ငါ အားနာနေ မှာ မဟုတ်တော့ဘူး” တခဏအတွင်းမှာပင် ဟုန်ယွိသည် သူ၏ နယ်ပယ်အသစ်နှင့် အသားကျသွားသည်။ သူသည် အမြင့်မြတ်ဆုံး မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦးအလား ရပ်တည်နေပြီး၊ သန့်စင်သော ယန်စိတ်ဝိညာဉ်နှင့် သူ၏ အသွင်မျိုးစုံပြောင်းလဲခြင်း ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်သည်။ သူ၏ စွမ်းအားများမှာ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူသည် ရွှီဝူယွိ၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
“ကောင်းတယ်…၊ ကောင်းတယ်… ကောင်းတယ်”
ရွှီဝူယွိ၏ နှလုံးမှာ လက်သီးချက်ကြောင့် အမှုန်အမွှားအဖြစ် ပေါက်ကွဲသွားသော်လည်း၊ နောက်တစ်ခဏ၌ပင် ဒဏ်ရာမရရှိခဲ့သကဲ့သို့ ပြန်လည် စုစည်းသွားတော့သည်။ သို့သော် လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်များနှင့် ဟင်းလင်းပြင် အမှတ်များမှာ အနည်းငယ် အက်ကွဲသွားကြောင်း ဟုန်ယွိက ရှင်းလင်းစွာ ခံစားမိလိုက်သည်။
လက်သီးတစ်ချက်ဖြင့် ဒဏ်ရာရစေနိုင်ခြင်းမှာ သူ၏ တိုက်ခိုက်ရေးစွမ်းအားအပေါ် ကြီးမား သော သက်ရောက်မှု ရှိပေသည်။
“ညီအစ်ကို ယွိ... မင်းက တကယ်ကို အစွမ်းထက်တာပဲ။ ငါ မင်းကို ငါ့ရဲ့ကံကြမ္မာက သတ်မှတ်ထားတဲ့ ပြိုင်ဘက်တစ်ဦးအဖြစ် အမြဲ မြင်ခဲ့တာ။ ဒီနေ့ မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာကို မြင်ရတော့ ငါ ပိုပြီးတောင် စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ ဒီနေ့ တိုက်ပွဲကို ဒီမှာပဲ ရပ်ကြရအောင်။ ငါတို့ ဆက်ပြီးတိုက်နေရင် တိုက်နေမယ်ဆိုရင် ဒါက မာန ပြိုင်ဆိုင် တဲ့ပွဲ ဖြစ်သွားလိမ့်မယ်။ ငါ မင်းကို တစ်ကွက် ရှုံးသွားတဲ့အတွက် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကိုလည်း ငါ မယူတော့ဘူး၊ မင်းကိုလည်း ငါ မတားတော့ဘူး။ မင်းနဲ့ ဝန်ကြီးခုနစ်ပါး ကြားက တိုက်ပွဲကတော့ ငါနဲ့ မဆိုင်ဘူး။ မင်း သူတို့လက်ကနေ လွတ်မြောက်နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။ အဲဒီအခါကျမှ ငါတို့ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ကြတာပေါ့”
ရွှီဝူယွိက ဟုန်ယွိ၏ စွမ်းအားကို တန်ပြန်ကာ လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။ ယခုအခါ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် သူသည် ပို၍ တည်ငြိမ်နေပေသည်။ လက်သီးချက်ကို ခံယူပြီး နောက် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ထပ်မံ တွန်းထုတ်ခံလိုက်ရသည်။
ရုတ်တရက် သူက လေချွန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ကိုးခုအဖြစ် ကွဲထွက်သွားကာ ဧရာမငှက်ကြီး ကိုးကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ သူတို့သည် သေမင်းကြယ် ထက်တွင် ပျံသန်းကာ မတူညီသော အရပ်ကိုးမျက်နှာသို့ ခွဲထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားကြတော့သည်။
ဤသည်ကား ‘ရှေးဦးကောင်းကင် ငှက်ကိုးမျိုးအသွင်ပြောင်းခြင်း’ ပညာရပ်၏ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်သည့် ‘ဘေးဒုက္ခကြုံလျှင် ပျံသန်းခြင်း’ ပင် ဖြစ်သည်။
ဤအရှိန်အဟုန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသဖြင့် ဟုန်ယွိပင် အချိန်မီ မတားဆီးနိုင်ခဲ့ပေ။ အမှန်စင်စစ် သူ တားဆီးရန်လည်း မလိုပေ၊ အကြောင်းမှာ ရွှီဝူယွိ မထွက်ခွာမီ သူ၏ စိတ်ဆန္ဒကို ဟုန်ယွိအနေဖြင့် ရှင်းလင်းစွာ ခံစားမိသောကြောင့် ဖြစ်သည်။ ရွှီဝူယွိသည် ဟုန်ယွိကို လွတ်မြောက်စေချင်ပြီး အနာဂတ်တွင် ပြန်လည် တိုက်ခိုက်လိုခြင်း ဖြစ်သည်။
ဤလူသည် အနာဂတ် တိုက်ပွဲတစ်ခုအတွက်နှင့် ဝန်ကြီးခုနစ်ဦး၏ ဝိုင်းရံတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်၍ တိုက်ခိုက်ခြင်းမပြုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိသည် သူ၏ စိတ်ထားကြီးမြတ်မှုကို လေးစားမိသွားခဲ့သည်။
သူသည် ဟုန်ယွိ၏လက်သီးတစ်ချက်ကြောင့် အသေးစား ဒဏ်ရာရခဲ့သော်လည်း အလွန် ကြီးမားသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ အကယ်၍ သူသာ ဝန်ကြီးခုနစ်ဦးနှင့် ပူးပေါင်းပြီး ဝိုင်းတိုက်မည်ဆိုလျှင် ဟုန်ယွိသည် ဝိုင်းရံပိတ်ဆို့ခံရမည် ဖြစ်ပြီး၊ သူ၏ သေခြင်းရှင်ခြင်းကို သူ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
...
“အားလုံး တူတူ တိုက်ကြစို့။ ဟုန်ယွိကို သတ်ကြ”
“သတ်”
“ကောင်းကင်ဘုံ၏ အရှိန်အဝါ အရပ်လေးမျက်နှာကို လွှမ်းခြုံစေ”
ထိုခဏ၌ ဝန်ကြီးခုနစ်ပါးသည် ရွှီဝူယွိက မတိုက်ခိုက်ဘဲ ထွက်ခွာသွားသည်ကို မြင်သည့် အခါ အလွန်အမင်း ဒေါသထွက်သွားကြတော့သည်။ ထိုဒေါသလှိုင်း ခုနစ်ခုမှာ လျန်ယွန်ကျိ ၏ ‘တိမ်လှိုင်းရေဒေါသ’ ထက်ပင် ဆယ်ဆမျှ ပိုမိုပြင်းထန်လှပေသည်။
ဝန်ကြီးခုနစ်ဦးမှာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပြီး၊ ကောင်းကင်ယံမှနေ၍ ဟုန်ယွိနှင့် အထွတ်အထိပ် လူသားအင်မော်တယ် ကြယ်သခင် လေးဦးတို့ထံသို့ လက်ဝါး ရိုက်ချက်တစ်ခု ပစ်လွှတ်လိုက်ကြသည်။
ဘုန်း….
ဖော်ပြ၍မရနိုင်သော စွမ်းအား၊ ဂြိုဟ်တစ်ခုကို ပေါက်ကွဲစေနိုင်ပြီး ပင်လယ်လေးစင်းကို အငွေ့ပျံသွားစေနိုင်လောက်အောင် ပြင်းထန်သော အားတစ်ခုမှာ ဟုန်ယွိထံသို့ တိုးဝင်လာ ခဲ့သည်။
ဟုန်ယွိသည် သူ၏အမြင်အာရုံများ ဝေဝါးသွားပြီး မည်သည့်အရာကိုမျှ မမြင်ရ၊ မကြားရ တော့သကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း ပြောင်းပြန် စီးဆင်းနေသလား၊ ပုံမှန်အတိုင်းလား မသိနိုင်တော့ဘဲ သူ မည်သည့်နေရာတွင် ရှိနေသည် ကိုပင် မခွဲခြားနိုင်တော့ပေ။
“မကောင်းတော့ဘူး”
ထိုအချိန်တွင် ဟုန်ယွိသည် သူ၏ အစွမ်းအားလုံးကို အသုံးပြု၍ မျက်လုံးများကို ဖွင့်လိုက် ရာ သူ၏ မျက်ဝန်းများအတွင်း၌ မုနိအလင်းစက်ဝန်း တစ်ခု ထွက်ပေါ်လာသည်။ သူသည် ထိုရှုပ်ထွေးမှုများကို ဖောက်ထွင်းမြင်သွားပြီး ဝန်ကြီးခုနစ်ဦး၏ တည်နေရာများကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
ငြိမ်းချမ်းရေးဝန်ကြီး၏ စွမ်းအားမှာ အစိမ်းဖျော့ဖျော့ရောင်ဖြစ်ပြီး သူ၏ အစစ်မှန် စွမ်းအင်များအတွင်း၌ ချိုးဖြူငှက်ပုံသဏ္ဌာန် အလင်းတန်းလေးများစွာ ပျံသန်းနေကြသည်။ ထိုအလင်းတန်းများမှာ အလွန်ပင် စေးကပ်ခိုင်မာလှပြီး ထိုအတွင်း၌ ပိတ်မိသွားသူ မည်သူ မဆို ပင့်ကူအိမ်အတွင်းမှ ခြင်တစ်ကောင်ကဲ့သို့ ရုန်းမရတော့ဘဲ သေမည့်ဘေးကိုသာ ထိုင်စောင့်နေကြရပေလိမ့်မည်။
ကောင်းကင်ဝန်ကြီး၊ သမုဒ္ဒရာဝန်ကြီးနှင့် မြေပြင်ဝန်ကြီးတို့၏ အစစ်မှန်စွမ်းအင်များမှာမူ အတိုင်းအဆမဲ့ နတ်ဘုရားတန်ခိုး အငွေ့အသက်များကို ထုတ်ဖော်နေကြပြီး၊ ကောင်းကင် ယံ၏ အတိုင်းအဆမရှိ ကျယ်ပြောမှု၊ သမုဒ္ဒရာ၏ တုန်လှုပ်ဖွယ်ရာ လှိုင်းတံပိုးများနှင့် ကုန်းမြေ၏ လေးလံခိုင်ခံ့မှုတို့ကို ကိုယ်စားပြုနေကြသည်။
စိုက်ပျိုးရေးဝန်ကြီး၊ ဖန်ဆင်းခြင်းဝန်ကြီးနှင့် ယဉ်ကျေးမှုဝန်ကြီး ဤဝန်ကြီးသုံးပါး၏ စွမ်းအားများမှာမူ မမြင်နိုင်ဘဲ အထည်ကိုယ်ဒြပ်ရှိသလိုလို၊ ဒြပ်မဲ့သလိုလိုနှင့် ခွဲခြားရန် ခက်ခဲလှပေသည်။
ဝန်ကြီးခုနစ်ပါးမှာ တစ်ဦးချင်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ သူတို့၏ အစစ်မှန် စွမ်းအင် များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားကြရာ ကောင်းကင်နှင့် မြေပြင်ကြားတွင် မည်သူမျှ မယှဉ်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ရွှီဝူယွိ၏အစွမ်းမှာ ဝန်ကြီး နှစ်ဦးခွဲစာလောက် ရှိပေသည်။ ဆိုလိုသည်မှာ ဝန်ကြီးခုနစ်ဦး ပူးပေါင်းလိုက်ပါက ရွှီဝူယွိ သုံးဦးနှင့် ညီမျှပေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဝန်ကြီးခုနစ်ပါးစလုံးတွင် ပြိုင်ဘက်ကင်းသော နတ်ဘုရားရတနာများ ကိုယ်စီ ရှိနေကြခြင်း ဖြစ်သည်။ ထိုနတ်ဘုရားလက်နက်တို့မှာ နတ်ဘုရားလက်နက်ဘုရင်အဆင့် မဟုတ်ကြသော်လည်း ‘မသေမျိုးစစ်အလံ’ ထက် များစွာ နိမ့်ပါးခြင်း မရှိကြပေ။
စစ်ဘက်ရေးရာဝန်ကြီးမှာ စစ်ရေးကို တာဝန်ယူထားသူဖြစ်သဖြင့် အသန်မာဆုံးဖြစ်သော် လည်း ကျန်ရှိသော ဝန်ကြီးအချို့မှာမူ စစ်ဘက်ရေးရာဝန်ကြီးထက်ပင် ပို၍ နက်နဲ ဆန်းကြယ်ကာ ခန့်မှန်းရခက်လှသည်။
အကယ်၍ ဝန်ကြီးခုနစ်ပါးသာ တစ်ဦးချင်းစီ တိုက်ခိုက်မည်ဆိုပါက ဟုန်ယွိအနေဖြင့် ဖောက်ထွက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ဟုန်ယွိနှင့် ရွှီဝူယွိတို့ တိုက်ခိုက်နေခြင်းကို အခွင့်ကောင်းယူ၍ ဝန်ကြီးခုနစ်ဦးမှာ သူတို့၏ အစစ်မှန် စွမ်းအင်များကို တစ်ခုတည်း အဖြစ် ပေါင်းစည်းလိုက်ကြခြင်း ဖြစ်သည်။ ဤကဲ့သို့ စွမ်းအားမျိုးကို ‘မုန်းရှန်းကျီ’ ပင်လျှင် လုံးဝ ကိုင်တွယ်နိုင်မည် မဟုတ်ဘဲ အရှုံးပေး၍ ထွက်ပြေးရပေလိမ့်မည်။
“မကောင်းတော့ဘူး”
ထိုအချိန်တွင် အထွတ်အထိပ် လူသားအင်မော်တယ် လေးဦးသည်လည်း သူတို့၏ စွမ်းအား များကို ချိတ်ဆက်လိုက်ပြီး ဟင်းလင်းပြင်အတွင်းသို့ လက်ဝါးရိုက်ချက်တစ်ခု ပစ်လွှတ် လိုက်ကြသည်။ သို့သော်လည်း တိုက်ခိုက်မှု ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့၏ လက်ဝါးစွမ်းအားမှာ လုံးဝ တန်ပြန် တွန်းထုတ်ခြင်း ခံလိုက်ရသည်။
ဂျိန်း...
ဝူကျွင်း၊ ပေချိန်၊ ရန်ယန်နှင့် လီဖူတို့ ဝတ်ဆင်ထားသော ‘ဟေက်စ်ဇာဂရမ်ရှစ်ကွက် မူလစိတ်ဝိညာဉ် ချပ်ဝတ်’ များမှာ အရင်ဆုံး ပေါက်ကွဲသွားခဲ့သည်။ သူတို့ ယခုလေးတင် ရရှိထားသော ချပ်ဝတ်များမှာ ယခုအခါ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
ပြင်းထန်သော အစစ်မှန်စွမ်းအင် လှိုင်းလုံးကြီးမှာ သူတို့ဆီသို့ ပြန်လည်ရိုက်ခတ်လာပြီး အရေပြားများကို စုတ်ပြဲစေကာ၊ အရိုးများကို အက်ကွဲစေပြီး သူတို့၏ သိုင်းဆန္ဒများကိုပါ ချေမှုန်းပစ်လိုက်သည်။ သူတို့၏ အသက်အန္တရာယ်မှာ အလွန်ပင် စိုးရိမ်ရသော အခြေအနေ သို့ ရောက်ရှိသွားတော့သည်။
ထိုခဏ၌ ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ပြီး ‘တည်နေရာရွှေ့ပြောင်းခြင်း’ ပညာရပ်ကို အသုံးပြုကာ လူသားအင်မော်တယ် လေးဦးကို သူတော်စင်ပေါင်းစုံခန်းမအတွင်းသို့ ရွှေ့ပြောင်းပေးလိုက်သည်။ သူကိုယ်တိုင်လည်း သူတော်စင်ပေါင်းစုံခန်းမအတွင်းသို့ ချက်ချင်းပင် ဝင်ရောက်လိုက်တော့သည်။
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသော သူ၏ သန့်စင်သောယန် ထိုက်ကျိ မူလစိတ်ဝိညာဉ်သည် သူတော်စင်ပေါင်းစုံခန်းမ အတွင်းရှိ သန်းပေါင်းများစွာ သော အစီအရင်များကို ချက်ချင်းပင် ထိန်းချုပ်ကာ တစ်ပြိုင်နက်တည်း အသက်သွင်းလိုက် တော့သည်။
သူတော်စင်ပေါင်းစုံခန်းမမှာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူတော်စင်ပေါင်းတစ်ရာ၏ ပုံရိပ်များနှင့် ဟုန်ယွိ၏ ပုံရိပ်မှာလည်း ထင်ရှားစွာ ပေါ်ပေါက် လာတော့သည်။ မူလစွမ်းအင်များမှာ အရပ်မျက်နှာ အားလုံးသို့ ပေါက်ကွဲထွက်သွားပြီး တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်အတွင်း၌ ပြင်းထန်စွာ လည်ပတ်နေပေသည်။
အတိုင်းအဆမရှိ ကြီးမားသော မူလစွမ်းအင်မှာ ဝန်ကြီးခုနစ်ဦး၏ အစစ်မှန်စွမ်းအင်များနှင့် ထိပ်တိုက် တိုးသွားပါတော့သည်။
သေမင်းတိတ်ဆိတ်ခြင်းကြယ်ပေါ်တွင် မရေမတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာ ပြီး ထိုစွမ်းအားများကြောင့် ဤစကြဝဠာကြီးအတွင်းရှိ သေမင်းကြယ်ကြီးတစ်ခုလုံးမှာ အစအနမကျန် ပျက်စီးသွားတော့မည့်အလား တုန်ခါနေတော့သည်။
ယခင်က မုန့်ရှန်းကျီနှင့် တိုက်ခိုက်စဉ်က သူတော်စင်ပေါင်းစုံခန်းမမှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် စစ်ဘက်ရေးရာဝန်ကြီးကို သတ်ပြီးနောက် သူ၏ ကြီးမားလှသော အသက်စွမ်းအားကို အသုံးပြု၍ အစီအရင်များကို အပြည့်အဝ ပြန်လည် ပြုပြင်ခဲ့သလို၊ ပိုမို နက်နဲသိမ်မွေ့သော လျှို့ဝှက်ချက်များကိုလည်း ထည့်သွင်းထားခဲ့သည်။ ယခုအခါ ဟုန်ယွိ သည် သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအားအားလုံးကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး၊ ဝန်ကြီးခုနစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှုကို ခံနိုင်ရန်အတွက် တွင်းထဲ၌ ပုန်းအောင်းနေ သော လိပ်တစ်ကောင်အလား ပြုမူနေပေသည်။
ဝန်ကြီးခုနစ်ပါး၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှပေသည်။ အထူးသဖြင့် ဝန်ကြီး တစ်ဦးချင်းစီတွင်လည်း နတ်ဘုရားရတနာများ ရှိနေကြသည်။ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်နှင့် အသွင်မျိုးစုံ ပြောင်းလဲခြင်း ခန္ဓာကိုယ်ပင်လျှင် ပြန်လည်ကုသ၍မရနိုင်သော ဒဏ်ရာများ ရရှိနိုင်သလို၊ အသက်ပင် ဆုံးရှုံးသွားနိုင်ပေသည်။
ဝန်ကြီးခုနစ်ဦး၏ ပူးပေါင်းစွမ်းအားနှင့် သူတို့၏ နတ်ဘုရားလက်နက် ခုနစ်ခုမှာ ‘ယန်နတ်ဘုရား’ အဆင့်ရှိ ပညာရှင်များကိုပင် ဒဏ်ရာရစေနိုင်စွမ်း ရှိပေသည်။
ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း...
စွမ်းအင်များ ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ဤတိုက်ခိုက်မှုမှာ ‘သူတော်စင်ပေါင်းစုံ ခန်းမ’ နှင့် ‘ဖန်ဆင်းခြင်းသင်္ဘော’ တို့ တိုက်ခိုက်စဉ်ကထက် များစွာ ပိုမို ပြင်းထန်လှပေ သည်။ ဤအချိန်၌ ဟုန်ယွိသည် ဝန်ကြီးခုနစ်ပါး ပူးပေါင်းလိုက်ချိန်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။
မူလစွမ်းအင်များ စတင် ထိတွေ့လိုက်သည်နှင့် သူတော်စင်ပေါင်းစုံခန်းမအတွင်းရှိ အစီအရင်များစွာမှာ စတင်အက်ကွဲလာတော့သည်။ ဟုန်ယွိ၏ ထိုက်ကျိ မူလစိတ်ဝိညာဉ် မှာလည်း တုန်ခါသွားပြီး လွင့်စင်သွားလုနီးပါး ဖြစ်သွားခဲ့သည်။
ဧရာမ သူတော်စင်ပေါင်းစုံခန်းမကြီးမှာ ဘောလုံးတစ်လုံးကဲ့သို့ လေထဲတွင် လွင့်ထက်သွား ပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လုံးဝကင်းမဲ့သွားပြီး၊ ကျယ်ပြောလှသော သမုဒ္ဒရာ အလယ်တွင် ကျောက်ဆောင်များနှင့် တိုက်မိ၍ နစ်မြုပ်တော့မည့် သင်္ဘောတစ်စင်းနှင့် အလားတူပေသည်။
“တကယ့်ကို ပြင်းထန်တာပဲ၊ နှမြောစရာပဲ။ ငါ ထိုက်ကျိ မိုးကြိုးရေကန်ကို အခု သုံးလို့ မရသေးဘူး၊ မဟုတ်ရင် ငါ ဖောက်ထွက်နိုင်မှာပဲ” ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမ၏ တည်ငြိမ်မှုကို အစွမ်းကုန် အားထုတ်နေရသည်။ သူ၏ ရုပ်ခန္ဓာကိုယ်မှာ လှုပ်ရှားလိုက်ပြီး၊ မူလတာအိုသခင်ကို ကူညီ၍ ပျက်သုဉ်းခြင်း နတ်ဘုရားများ၏ ဆူပူသောင်းကျန်းနေမှုကို အပြည့်အဝ နှိမ်နှင်းရန်အတွက် မိုးကြိုးရေကန်အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။
ပျက်သုဉ်းခြင်း နတ်ဘုရားများသာ သောင်းကျန်းခြင်း မရှိတော့ပါက ထိုက်ကျိမိုးကြိုး ရေကန်၏ စွမ်းအားကို ဖွင့်ချလိုက်သည်နှင့် သူတို့ ချက်ချင်း ထွက်ခွာနိုင်ပေလိမ့်မည်။
ထိုစဉ်မှာပင် ကောင်းကင်တုန်ဟည်းမတတ် အသံကြီး ထွက်ပေါ်လာသည်။
သူတော်စင်ပေါင်းစုံခန်းမ၏ အပြင်ဘက်ရှိ ‘အရပ်ဆယ်မျက်နှာ မဟာဝရဇိန်အစီအရင်’ မှာ ရုတ်တရက် အက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
...
“ကောင်းတယ်၊ စွမ်းအားတွေ ပိုပြီး သုံးကြစမ်း။ ဒီသူတော်စင်ပေါင်းစုံခန်းမကို ဖျက်ဆီး ပစ်ကြ” ငြိမ်းချမ်းရေးဝန်ကြီးသည် သူတော်စင်ပေါင်းစုံခန်းမ၏ ပျက်စီးမှုကို တိကျစွာ ခံစားမိသဖြင့် ဟစ်အော်လိုက်တော့သည်။ သူ၏ ဦးခေါင်းထက်တွင်လည်း နတ်ဘုရား ရတနာတစ်ခု လွင့်မျောနေ၏။ ထိုရတနာမှာ အဖိုးတန်ရတနာများစွာဖြင့် အလှဆင်ထား သော သံလွင်ခက်တစ်ခုနှင့် တူလှပြီး ‘ဆာဟာရတနာသစ်ပင်’ ထက်ပင် သာလွန်နေပေ သည်။
ဤသည်မှာ သူ၏ နတ်ဘုရားရတနာဖြစ်သော ‘ငြိမ်းချမ်းရေးသစ်ပင်’ ပင် ဖြစ်သည်။
“မကောင်းတော့ဘူး။ သေမင်းကြယ်ကြီး ပေါက်ကွဲတော့မယ်။ အတွင်းထဲက ‘ကော့လီ နတ်ဘုရားဘုရင်’ ထွက်လာတော့မယ်” ထိုခဏ၌ ကောင်းကင်ဝန်ကြီး၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။ ဝန်ကြီးများအားလုံး အောက်သို့ ငုံ့ကြည့်လိုက်ရာ ရွှီဝူယွိ၏ အရှိန်အဝါနှင့် တန်းတူပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ အကျဉ်းထောင်ကို ဖောက်ထွင်း၍ ထွက်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။
သူတို့၏ တိုက်ခိုက်မှု နောက်ဆက်တွဲ ရလဒ်များမှာ ပြင်းထန်လွန်းသဖြင့်၊ အကျဉ်းထောင် အတွင်း ပိတ်လှောင်ခံထားရသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးအတွက် အခွင့်အရေးများစွာ ဖြစ်ပေါ်စေခဲ့ခြင်းပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် အခြေအနေမှာ မည်သူမျှ ခန့်မှန်း၍မရနိုင်သော လမ်းကြောင်းသို့ ပြောင်းလဲသွားပါတော့သည်။