အခန်း ၇၁၀
Vol. 68 Ch. 710
အခန်း (၇၁၀)။
ဘုန်း... ဘုန်း... ဘုန်း...
ဝန်ကြီးခုနစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူတော်စင်ပေါင်းစုံခန်းမ၏ အပြင်ဘက်ရှိ ‘အရပ်ဆယ်မျက်နှာ မဟာဝရဇိန်အစီအရင်’ မှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသော် လည်း ဟုန်ယွိမှာမူ အထူးတလည် အံ့အားသင့်ခြင်း မရှိပေ။ အမှန်စင်စစ် သူ၏ ‘နတ်ဘုရား လက်နက်ဘုရင်’ မှာ ဗုဒ္ဓသင်္ကန်းတော်၊ ကောင်းကင်မြို့တော်၊ ဇမ္ဗူအစီအရင်၊ ရှေးဦး ဘိုးဘေးနဂါး အဆီအနှစ်၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓား၊ ဖန်ဟွမ်ဟင်းလင်းပြင်ဓား၊ မသေမျိုး စစ်အလံ၊ ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်၊ ကောင်းကင်ယှဉ်တွဲလှေကား နှင့် အခြားသော ရှေးဦးရတနာပေါင်း တစ်ဆယ်ကျော်ကို တစ်သားတည်း ပေါင်းစပ်ထား သောကြောင့် ဖြစ်သည်။ ခန်းမအတွင်း၌ သန်းပေါင်းများစွာသော အစီအရင်များ ရှိနှင့်ပြီး သား ဖြစ်သည်။ အစီအရင်တစ်ခု ပျက်စီးသွားလျှင်ပင် အခြားသော အစီအရင်များစွာမှာ ချက်ချင်းပင် အစားထိုး အသက်ဝင်လာကြပြီး ရန်သူကို ဆက်လက် ဟန့်တားထားနိုင်ပေ သည်။
“မဟာဆင့်ကဲပြောင်းလဲခြင်း နဂါးအစီအရင်”
ဝူး... နဂါးများ၏ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံများ လေထဲတွင် ပျံ့လွင့်လာ တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင်ပေါင်းစုံခန်းမ၏ အပြင်ဘက်၌ နဂါးပေါင်းများစွာ ပျံဝဲထွက်ပေါ်လာပြီး၊ သူတို့၏ စူးရှသော ခြေသည်းများနှင့် အစွယ်များကို ထုတ်ဖော်လျက်၊ နဂါးမုတ်ဆိတ်မွှေးများ တလွင့်လွင့်နှင့် ‘အစစ်မှန် နဂါးချီ’ များကို မှုတ်ထုတ်နေကြသည်။ နဂါးများ၏ ဦးခေါင်းနှင့် အမြီးများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြပြီး ဝန်ကြီးခုနစ် ပါး၏ အစစ်မှန်စွမ်းအင် တိုက်ခိုက်မှုများကို ထပ်မံ၍ ပိတ်ဆို့လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် အခြားသော ကောင်းကင်ပြာရောင် အစီအရင်ကြီးတစ်ခု ထွက်ပေါ် လာပြန်သည်။ ထိုအစီအရင်ကြီးမှာ အရိုးများ ပွင့်ထွက်လာသကဲ့သို့ ထူးခြားလှသည်။
ဤအစီအရင်မှာ ဟုန်ယွိက ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ မှတစ်ဆင့် သဘော ပေါက်နားလည်ခဲ့သော ‘ကောင်းကင်မူလအစီအရင်’ ပင် ဖြစ်သည်။
ထို့နောက် မီးလျှံအစီအရင်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။ မရေမတွက်နိုင်သော မီးလျှံများမှာ လက်ဝါးအရွယ်အစားရှိသော လွှသွားပုံသဏ္ဌာန် မီးလျှံများအဖြစ် ပြောင်းလဲ သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ဤသည်မှာ သန့်စင်သော ‘ကြက်သွေး ရောင်မီးလျှံ အဆီအနှစ်အစီအရင်’ ပင် ဖြစ်သည်။
အစီအရင်ကြီးများမှ တစ်ခုပြီးတစ်ခု အပြည့်အဝ အသက်ဝင်လာပြီး အပြင်ဘက်သို့ စွမ်းအားများ ထုတ်လွှတ်နေတော့သည်။
ဟုန်ယွိ အသက်တစ်ရှူက်အတွင်းမှာပင် အစီအရင်ပေါင်း ထောင်ချီ၍ ခင်းကျင်းလိုက်ပြီး ဝန်ကြီးခုနစ်ပါးအား ခုခံစစ်မှတစ်ဆင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
ဤသို့ အစွမ်းကုန် တိုက်ခိုက်လိုက်မှသာ အခြေအနေကို ခေတ္တထိန်းထားနိုင်သော်လည်း သူတော်စင်ပေါင်းစုံခန်းမကြီးမှာ ဟင်းလင်းပြင်အတွင်းမှ ပျံထွက်သွားနိုင်ခြင်း မရှိသေးပေ။ အကြောင်းမှာ သူတော်စင်ပေါင်းစုံခန်းမ၏ အခြေခံအုတ်မြစ်နှင့် စွမ်းအားအရင်းအမြစ်ဖြစ် သော ထိုက်ကျိမိုးကြိုးရေကန်ကို အသက်မသွင်းနိုင်သေးသောကြောင့်ပင်။ မိုးကြိုးရေကန် မှာ ပျက်သုဉ်းခြင်း နတ်ဘုရားများကြောင့် အနှောင့်အယှက် ဖြစ်နေရဆဲ ဖြစ်သည်။
“ဝန်ကြီးခုနစ်ပါးစလုံးဟာ စစ်ဘက်ရေးရာဝန်ကြီးနဲ့ အဆင့်တန်းတူ ပုဂ္ဂိုလ်တွေချည်းပဲ။ သူတို့လက်ထဲမှာလည်း နတ်ဘုရားရတနာတွေ ရှိနေသေးတယ်။ သူတို့ ပူးပေါင်းတိုက်ခိုက် လာတာကို လျှော့တွက်လို့ မရဘူး။ ကြယ်သခင်လေးဦး... ခင်ဗျားတို့ ထိုက်ကျိမိုးကြိုး ရေကန်ထဲ ဆင်းပြီး ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ကူညီပြီးတော့ ပျက်သုဉ်းခြင်း နတ်ဘုရားတွေကို အမြန်ဆုံး နှိမ်နင်းပေးကြ။ အဲဒီနတ်ဘုရားတွေကို ဖိနှိပ်နိုင်တာနဲ့ ဒီဝန်ကြီးခုနစ်ပါးဟာ ကျွန်တော့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး”
“ကောင်းပါပြီ”
ဝူကျွင်း၊ လီဖူ၊ မြောက်ပြန်ကြယ်သခင်မနှင့် နေမီးလျှံကြယ်သခင်တို့မှာ ဝန်ကြီးခုနစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ‘ဟေက်စ်ဇာဂရမ်ရှစ်ကွက် မူလစိတ်ဝိညာဉ် ချပ်ဝတ်များ ပျက်စီးကာ ဒဏ်ရာရထားကြသော်လည်း၊ သူတော်စင်ပေါင်းစုံခန်းမအတွင်းသို့ ရောက်ရှိ လာသည့်အခါ ‘ကောင်းကင်နှင်းရည် အဆီအနှစ်’ များကြောင့် သူတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအားများမှာ ချက်ချင်းပင် ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။
ကြယ်သခင်လေးဦးဖြစ်သည့် အထွတ်အထိပ် လူသားအင်မော်တယ်များသည် ထိုက်ကျိ မိုးကြိုး ရေကန်အတွင်းသို့ ခုန်ဝင်လိုက်ကြတော့သည်။
ရုတ်တရက် မိုးကြိုးရေကန်၏ အောက်ခြေတွင် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးနှင့် မူလ တာအိုသခင်နှင့် ဟုန်ယွိ၏ရုပ်ခန္ဓာကိုယ်တို့၏ အားပြိုင်နေမှုမှာ ပြောင်းလဲသွားတော့သည်။
ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးမှာ ဖိနှိပ်ခြင်း ခံထားရသော်လည်း သူတို့သည် မသေမျိုးများ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားနှင့် နည်းလမ်းများမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့ ပူးပေါင်းလိုက်လျှင် မြစ်နှင့် သမုဒ္ဒရာများကို ပြောင်းပြန်လှန်နိုင်ပြီး၊ တောင်များကို မကာ လမင်းကြီးကိုပင် လိုက်ဖမ်းနိုင်စွမ်း ရှိကြသည်။ ယခုအခါ သူတို့သည် မိုးကြိုးရေကန်၏ အောက်ခြေတွင် ပြင်းထန်သော သိုင်းပညာများကို အသုံးပြုကာ ချိပ်ပိတ်မှုများကို ဖောက်ထွင်းရန် အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ကြယ်သခင်လေးဦး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဦး စီကို ခွဲဝေကာ တိုက်ခိုက်ကြတော့သည်။
နေမီးလျှံကြယ်သခင်မှာ အကြမ်းတမ်းဆုံး ဖြစ်သည်။ သူသည် သူ၏ လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလျက် ‘နေမီးလျှံစွမ်းအင်’ များကို ထုတ်ဖော်ကာ နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေ သည်။ သူ၏ နေမီးလျှံများမှာ ပြိုင်ဘက်၏ အသွေးအသားများကိုပင် အငွေ့ပျံစေတော့မည့် အလား တောက်လောင်နေသည်။
သို့သော်လည်း ထိုနတ်ဘုရားမှာ သူ့ထက်ပင် ပို၍ ကြောက်စရာကောင်းနေဆဲပင်။ ၎င်းက “ဒီကျန်း..၊ ဒီကျန်း” ဟု အော်ဟစ်လျက် ‘ရှေးဦးကောင်းကင် ငှက်ကိုးမျိုးအသွင်ပြောင်း ခြင်း’ ပညာရပ်ကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်နေသည်။
ဤပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးစလုံးတွင် အမည်ကိုယ်စီ ရှိကြရာ ဤနတ်ဘုရားမှာ ‘ဒီကျန်း’ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှာ မိုးကြိုးသံကြိုးများဖြင့် အချုပ်ခံထားရသော် လည်း လှုပ်ရှားမှုကိုမူ ဟန့်တားနိုင်ခြင်း မရှိပေ။
သူတို့သည် အချိန်နှင့် ဟင်းလင်းပြင်ကို ပြောင်းလဲရမည့် နည်းလမ်းများကို မသိကြသော ကြောင့်သာ ဟုန်ယွိ၏ ထောင်ချောက်အတွင်း ပိတ်မိနေခြင်း ဖြစ်သည်။
သူတို့၏ ဖျက်ဆီးရေးစွမ်းအားမှာ ပြင်းထန်သော်လည်း ဆန်းပြားသော တာအိုနည်းလမ်း များကိုမူ မယှဉ်နိုင်ဘဲ ထောင်ချောက်အတွင်း ကျရောက်သွားရခြင်း ဖြစ်သည်။ အကယ်၍ တိုက်ခိုက်ရေးစွမ်းအား သက်သက်ဖြင့်သာဆိုလျှင် ဟုန်ယွိပင်လျှင် သူတို့ ၁၂ ပါးစလုံးကို တစ်ပြိုင်တည်း နှိမ်နင်းနိုင်ရန် မလွယ်ကူပေ။
ကြယ်သခင် လေးဦးနှင့် ပျက်သုဉ်းခြင်းနတ်ဘုရားများ ပြင်းထန်စွာ တိုက်ခိုက်နေစဉ် အပြင်ဘက်ရှိ ဟုန်ယွိသည်လည်း ဟစ်ကြွေးလိုက်ပြန်သည်။ သူ၏ မျက်ဝန်းအတွင်း၌ ‘မုနိ အလင်းစက်ဝန်း’ ပေါ်ပေါက်လာပြီး သူ့ကို တိုက်ခိုက်နေသော ဝန်ကြီးခုနစ်ပါးကို ရှင်းလင်း စွာ မြင်တွေ့နေရသည်။
ဝန်ကြီးခုနစ်ပါးစလုံး၏ ဦးခေါင်းထက်တွင် ကမ္ဘာတုန်ဟည်းမည့် နတ်ဘုရားလက်နက်များ ကိုယ်စီ လွင့်မျောနေကြ၏။ ငြိမ်းချမ်းရေးဝန်ကြီး၏ အထက်တွင် ‘ဆာဟာရတနာသစ်ပင်’ နှင့် တူသော သစ်ခက်တစ်ခု ရှိနေပြီး၊ ယဉ်ကျေးမှုဝန်ကြီး၏ အထက်တွင်မူ ဟုန်ယွိ၏ ‘သူရဲကောင်းမှတ်တမ်း’ နှင့် ဆင်တူသော စာအုပ်တစ်အုပ် ရှိနေသည်။
ကောင်းကင်၊ သမုဒ္ဒရာနှင့် မြေပြင်ဝန်ကြီး သုံးဦး၏ အထက်တွင်မူ ရှေးဦးစာလိပ်တစ်ခုနှင့် နတ်ဘုရားပုံချပ်တစ်ခု ရှိနေကြသည်။ ကောင်းကင်ဝန်ကြီး၏ အထက်တွင်မူ ကောင်းကင်၊ သမုဒ္ဒရာနှင့် မြေပြင်တို့၏ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်များကို ကိုယ်စားပြုသည့် အဆုံးမဲ့ ပန်းချီကားချပ်ကြီးတစ်ခု ရှိနေသည်။
ဖန်ဆင်းရေးဝန်ကြီး၏ ဦးခေါင်းထက်တွင်မူ ဧရာမ အိုးကြီးတစ်လုံး ရှိနေသည်။ ထိုအိုးမှာ လူသားတစ်ဦးနှင့်လည်း တူသလို၊ အရာဝတ္ထုတစ်ခုနှင့်လည်း တူလှသည်။ အိုးတွင် နားနှစ်ဖက်နှင့် ခြေထောက်သုံးချောင်း ပါရှိပြီး ဟင်းလင်းပြင်ထဲ၌ ရပ်တည်နေ၏။ အိုး၏ ကိုယ်ထည်ပေါ်တွင် နတ်ဘုရားသားရဲများ၊ ဝိညာဉ်များ၊ မိစ္ဆာဘုရင်များနှင့် နတ်ဘုရားများ ၏ ရုပ်ပုံများကို ထွင်းထုထားသည်။ ထိုအိုးအတွင်းမှနေ၍ အရာအားလုံးကို ဖန်တီးပေးနိုင် သော အရာများစွာ အဆုံးမရှိ ထွက်ပေါ်လာနေသကဲ့သို့ ခံစားရသည်။
စိုက်ပျိုးရေးဝန်ကြီး၏ ဦးခေါင်းထက်တွင်မူ မျိုးစေ့တစ်ခု ရှိနေသည်။ ဤမျိုးစေ့မှာ ‘အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’၏ မိစ္ဆာမျိုးစေ့ထက်ပင် ပို၍ ကြီးမားကာ ဆန်းကြယ်လှ သည်။ ထိုမျိုးစေ့မှာ နှလုံးနှင့် တူသော်လည်း နှလုံး မဟုတ်သလို၊ ရေစက်နှင့် တူသော်လည်း ရေစက် မဟုတ်ပေ။ အမည်းလည်းမဟုတ်သလို အဖြူလည်းမဟုတ်ဘဲ ဖရိုဖရဲ ရှုပ်ထွေး သည့် အရောင်များရှိနေကာ အဆက်မပြတ် လည်ပတ်နေ၏။
“မူလအစမျိုးစေ့”
ဤမျိုးစေ့မှာ စိုက်ပျိုးရေးဝန်ကြီး၏ ရတနာ ‘မူလအစမျိုးစေ့’ ဖြစ်ကြောင်း ဟုန်ယွိ သိလိုက် ပြီ။ ဤမူလအစမျိုးစေ့ အကြောင်းကို ရှေးဦးခေတ် ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာ၊ စကြဝဠာကြီးဖြစ်စေ၊ ကြယ်တာရာများဖြစ်စေ၊ အချိန်နှင့် ဟင်းလင်း ပြင်များဖြစ်စေ မဖြစ်ပေါ်သေးခင် အချိန်ကတည်းက ‘ရှေးဦးဟင်းလင်းပြင်’ တစ်ခုလုံးမှာ ပျံဝဲနေသော မျိုးစေ့များဖြင့် ပြည့်နှက်နေခဲ့သည်ဟု ဆိုကြသည်။ ထိုမျိုးစေ့အချို့မှာ နှစ်သန်းပေါင်းများစွာ စွမ်းအားများကို စုပ်ယူပြီးနောက် ကမ္ဘာများအဖြစ် ပြောင်းလဲသွားကြ ပြီး အချို့မှာမူ အိပ်စက်နေခဲ့ကြသည်။
ဤအိပ်စက်နေသော မျိုးစေ့များမှာ စကြဝဠာကြီး၏ မူလအစပင် ဖြစ်သည်။ ရှေးခေတ် ယန်နတ်ဘုရားများက ထိုမျိုးစေ့တို့ကို ရရှိပြီးနောက် အနှိုင်းမဲ့ နတ်ဘုရားလက်နက်များ အဖြစ် သန့်စင်ခဲ့ကြသည်။
ဟုန်ယွိသည် ‘မူလအစမျိုးစေ့’ ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်ဟု အမြဲတွေးခဲ့ သော်လည်း၊ ကောင်းကင်အပြင်ပနယ်မြေရှီ ဝန်ကြီးတစ်ပါး၏ လက်ထဲတွင် တွေ့ရလိမ့် မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤမျိုးစေ့မှာ ဒဏ္ဍာရီလာသည့်အတိုင်း ဆန်းကြယ်ချင်မှ ဆန်းကြယ်မည် ဖြစ်သော်လည်း နတ်ဘုရားလက်နက်ဘုရင်အဆင့်ပြီးလျှင် အစွမ်းအထက် ဆုံးဖြစ်သော အမှောင်ကြယ်၊ မသေမျိုးစစ်အလံနှင့် နတ်ဘုရားဘိုးဘေးတောင်တို့အောက် မနိမ့်ပါးပေ။
‘ထာဝရနိုင်ငံတော်’ ဆိုသည်မှာလည်း တာအိုသခင် ‘တိုင်’ က ဤ မူလအစမျိုးစေ့ ၈၁ စေ့ ကို အသုံးပြု၍ သန့်စင်ခဲ့သော ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်ဘုရင် ဖြစ်ပြီး၊ ထာဝရ ကာလကို ကျော်လွန်၍ တစ်ဖက်ကမ်းသို့ (နိဗ္ဗာနနယ်ပယ်) ရောက်ရှိနိုင်သော လက်နက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ‘တိုင်’ သည် ဤ မူလအစမျိုးစေ့များကို အသုံးပြု၍ မိမိကိုယ်ကိုယ် ယန်နတ်ဘုရားအဖြစ် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။
ဒန်တန် ကျင့်စဉ်အတွက် အသုံးပြုသော ဒန်တန်မျိုးစေ့မှာလည်း ဤ ‘မူလအစမျိုးစေ့’ ၏ ပုံသဏ္ဍာန်ကို စိတ်ကူးပုံဖော်ထားခြင်းပင် ဖြစ်သည်။
ဝန်ကြီးခုနစ်ပါး၏ ရတနာတစ်ခုချင်းစီမှာ ‘အမှောင်ကြယ်’ အဆင့်တွင် ရှိကြပြီး သူတို့ ခုနစ်ဦး ပူးပေါင်းလိုက်ပါက လက်သီးတစ်ချက်တည်းဖြင့်ပင် တော်ဝင်ချန်၏ ပြည်နယ် ၉၉ ခု အနက် မည်သည့်ပြည်နယ်ကိုမဆို မြေအောက် အနက်ရှိုင်းဆုံး ချော်ရည်များအတွင်းသို့ နစ်မြုပ်သွားစေနိုင်ပေသည်။
ဤအရာများကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ ဝန်ကြီးခုနစ်ပါး၏ အစွမ်းမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း ဟုန်ယွိ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
တစ်ချိန်တည်းမှာပင် သူသည် စစ်ဘက်ရေးရာဝန်ကြီးကို အရင်ဆုံး သတ်နိုင်ခဲ့သည့် အတွက် ဝမ်းသာမိသွားသည်။ မဟုတ်ပါက ဝန်ကြီးရှစ်ဦးစလုံး ပူးပေါင်းမည်ဆိုလျှင် မိုးကြိုးကပ်ဘေး ကိုးကြိမ်စလုံး ကျော်ဖြတ်ထားသည့် သူပင်လျှင် သေဆုံးသွားနိုင်ပေ သည်။
“မူလအစ၏ စွမ်းအား... မဟာကမ္ဘာ မျိုးစေ့ ချိုးဖျက်စမ်း”
ဘုန်း... ဘုန်း... ဘုန်း…
ထိုခဏ၌ စိုက်ပျိုးရေးဝန်ကြီးသည် သူ၏ အစွမ်းများကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး၊ သူ၏ နတ်ဘုရားစွမ်းအားများကို လှည့်ပတ်လိုက်ရာ၊ ဦးခေါင်းထက်တွင် လွင့်မျောနေသော ‘မူလအစမျိုးစေ့’ သည် သူတော်စင်ပေါင်းစုံခန်းမ၏ အစီအရင်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်ဆောင့်လေတော့သည်။
ထိုဝင်ဆောင့်ချက်က ကမ္ဘာမြေသို့ ပြုတ်ကျလာသည့် ဥက္ကာခဲကြီးတစ်ခုအလား ပြင်းထန်လှပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ‘မဟာဆင့်ကဲပြောင်းလဲခြင်း နဂါးအစီအရင်’ မှ နဂါးအားလုံး ချေမှုန်းခြင်းခံလိုက်ရသည်။ နဂါးများမှာ မကျေမနပ်ဖြစ်ဟန် ဟိန်းသံများပေးလျှက် ကောင်းကင်နှင့် မြေပြင်ကြား၌ ပျောက်ကွယ်သွားကြပါတော့သည်။
‘မဟာဆင့်ကဲပြောင်းလဲခြင်း နဂါးအစီအရင်’ ပျက်စီးသွားပြီ။
‘ကောင်းကင်မူလအစီအရင်’ ပျက်စီးသွားပြီ။
‘ကြက်သွေးရောင်မီးလျှံ အဆီအနှစ်အစီအရင်’ ပျက်စီးသွားပြီ။
တစ်ခဏအတွင်းမှာပင် မူလအစမျိုးစေ့သည် ဟုန်ယွိ ခင်းကျင်းထားသော အစီအရင်ပေါင်း တစ်ရာကျော်ကို အစအနမကျန် ဖျက်ဆီးပစ်လိုက်သည်။ ထိုအစီအရင်များအတွင်းမှ ‘မူလစွမ်းအင်’ များကိုလည်း မူလအစမျိုးစေ့က ဝါးမြိုစုပ်ယူပစ်လိုက်သည်။ အစီအရင်များ ၏ မူလစွမ်းအင်များကို စုပ်ယူပြီးနောက် မူလအစမျိုးစေ့မှာ ပိုမိုကြီးထွားလာပြီး သူတော်စင်ပေါင်းစုံခန်းမနှင့် တစ်ပုံစံတည်း တူညီသော ခန်းမကြီးတစ်ခုအဖြစ် အသွင် ပြောင်း သွာတော့သည်။ ၎င်းမှာ အစစ်နှင့် အတုကို ခွဲခြား၍ မရနိုင်လောက်အောင်ပင် သက်ဝင်လွန်းသည်။
“ဒီလောက်တောင် အစွမ်းထက်တာလား”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟုန်ယွိမှာ အံ့သြသွားပြီး မူလအစ မျိုးစေ့၏ စွမ်းအားကို ချီးကျူးမိသွားသည်။
မူလအစမျိုးစေ့မှ ပြောင်းလဲသွားသော သူတော်စင်ပေါင်းစုံခန်းမအတုသည် အစီအရင်များ ကို ဆက်တိုက်ဆိုသလို ဖျက်ဆီးနေပြီး၊ ၎င်း၏ အရှိန်အဝါမှာ ပို၍ပို၍ ခန့်ညားထည်ဝါလာ ကာ တောင်ကြီးတစ်မျှ မြင့်မားလာတော့သည်။
“တကယ်ကို ကောင်းမွန်တဲ့ ရတနာပဲ။ မူလအစမျိုးစေ့ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ငါ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားပေမဲ့ စကြဝဠာ ကြီးအပေါ် နားလည်မှုကတော့ လိုအပ်နေသေးတာပဲ။ ဒီမူလအစမျိုးစေ့ဟာ တကယ်တမ်း ဆို ငါနဲ့ပဲ ထိုက်တန်တာ။ အဲဒီမျိုးစေ့ကို ငါ့မူလစိတ်ဝိညာဉ် ဒါမှမဟုတ် ရုပ်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်ဆိုရင် ငါ့အဆင့်က ပိုပြီးတော့ မြင့်တက်လာမှာ သေချာတယ်”
ဟုန်ယွိသည် သူ၏အစီအရင်များစွာ ပျက်စီးသွားသော်လည်း ဒေါသမထွက်ဘဲ ပျော်ရွှင်နေ မိသည်။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော သူ၏ သန့်စင်သော ယန် ထိုက်ကျိမူလစိတ်ဝိညာဉ်ကို လှုပ်ရှားလိုက်ပြီး အစီအရင်ပေါင်းများစွာနှင့် ပေါင်းစပ် ကာ ဧရာမ လက်ဝါးကြီးတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် မူလအစမျိုးစေ့ကို ဆွဲယူရန် သူ၏ အစွမ်းကုန် ကြိုးစားလိုက်တော့သည်။
“ငါ့ရတနာကို လုချင်တာလား။ ဒီလောက် မလွယ်ဘူး”
စိုက်ပျိုးရေးဝန်ကြီးက ဟစ်ကြွေးလိုက်ရာ သူ၏ တစ်ကိုယ်လုံးမှ သွေးများမှာ စမ်းရေတွင်း တစ်ခုအလား ပန်းထွက်လာပြီး သူ၏ မူလစွမ်းအင်များနှင့် ပေါင်းစပ်သွားသည်။ မီးလောင် ရာ လေပင့်လိုက်သကဲ့သို့ သူ၏ စွမ်းအားများမှာ ပိုမိုပြင်းထန်လာပြီး၊ မူလအစမျိုးစေ့လည်း ထပ်မံကြီးထွားလာကာ ဟုန်ယွိ၏ မူလစိတ်ဝိညာဉ် လက်ဝါးအတွင်းမှ ရုန်းထွက်ပြီး ခန်းမ အပြင်ဘက်သို့ ပြန်လည်ပျံသန်းသွားတော့သည်။
“နှမြောစရာပဲ” ဟုန်ယွိသည် ‘မူလအစ မျိုးစေ့’ ကို လုယူရန် မလွယ်ကူကြောင်း သိသော် လည်း၊ ဤမျိုးစေ့ကို မြင်တွေ့ရသောအခါ မက်မောမိသွားခြင်း ဖြစ်သည်။
…
“ဟင်… အဲဒါ ဘာလဲ”
ဤတိုက်ပွဲတွင် ဟုန်ယွိမှာ အနည်းငယ် အရှုံးပေးလိုက်ရသော်လည်း၊ ထိုစဉ်မှာပင် အောက်ဘက်ရှိ သေမင်းကြယ်ပေါ်မှ ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’မှာ အဆက်မပြတ် လည်ပတ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အနက် ရောင် စွမ်းအင်များ ကောင်းကင်သို့ ပျံတက်နေသည်ကို မြင်တွေ့လိုက်ရသည်။ သေမင်း တိတ်ဆိတ်ခြင်းကောင်းကင်အကျဉ်းထောင်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းမှ အကျဉ်းခန်း များမှာလည်း အဆက်မပြတ် ပြိုလဲနေပေသည်။
“ဒါက အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်နဲ့တောင် အဆင့်တူနိုင်တယ်။ အကျဉ်းထောင်ရဲ့ အနက်ရှိုင်းဆုံးမှာ ပိတ်လှောင်ခံထားရတဲ့ နတ်ဘုရားဘုရင်တွေထဲက နတ်ဘုရားဘုရင်တစ်ပါးများလား။ မဆန်းတော့ဘူး... ဒီဝန်ကြီး ခုနစ်ပါးဟာ ငါ့ကိုသတ်ဖို့ အသေအလဲ မတိုက်ချင်ကြတာ ဒါကြောင့်ကိုး။ ငါတို့ တိုက်ပွဲရဲ့ နောက်ဆက်တွဲ ရလဒ်တွေကြောင့် ဒီကြယ်ကြီး တစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်သွားတာ ပဲ။ အကျဉ်းထောင်တွေ ပျက်စီးပြီး အကျဉ်းသားတွေ အကုန် လွတ်ကုန်ရင်တော့ ဒီနေရာ ဟာ ချက်ချင်း ရှုပ်ထွေးသွားတော့မှာပဲ။ တကယ့်ကို အခွင့်အကောင်းပဲ”
ဤအရာကို သိမြင်လိုက်သည်နှင့် ဟုန်ယွိမှာ ချက်ချင်း ဝမ်းသာသွားခဲ့သည်။
သူသည် သူ၏ပြန်လည် တိုက်စစ်ဆင်မှုကို အရှိန်အဟုန်မြှင့်လိုက်ပါတော့သည်။
“မကောင်းတော့ဘူး။ အဲဒီကော့လီနတ်ဘုရားဘုရင်မရဲ့ ချိပ်ပိတ်မှုတွေ လျော့ရဲလာပြီ။ သူမ အပြင်ကို ထွက်လာတော့မယ်” စိုက်ပျိုးရေးဝန်ကြီးက အောက်ဘက်ရှိ အကျဉ်းထောင်ကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
“အဲဒီရွှီဝူယွိ ဘယ်ရောက်နေတာလဲ။ သူက ဒီအကျဉ်းထောင်ကို စောင့်ရှောက်ရမှာ မဟုတ် လား” ဖန်ဆင်းခြင်းဝန်ကြီးကလည်း စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“သူ့ကို ဂရုမစိုက်နဲ့တော့၊ ငါတို့ရဲ့ စွမ်းအားကို ခွဲပြီး နတ်ဘုရားဘုရင်မကို ပြန်ပြီး ဖိနှိပ်ကြ စို့” ကောင်းကင်ဝန်ကြီး၊ သမုဒ္ဒရာဝန်ကြီးနှင့် ကုန်းမြေဝန်ကြီးတို့မှာ တစ်ပြိုင်တည်း ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ ဦးခေါင်းထက်မှ ရှေးဦးစာလိပ်များနှင့် နတ်ဘုရားပုံချပ် များမှာ အောက်ဘက်ရှိ နေရာတစ်ခုလုံးကို ဖုံးအုပ်ကာ ဖိနှိပ်ရန် ကြိုးစားကြတော့သည်။
“အလကားပါပဲ... ငါ့ကို လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးနဲ့ ရွှီဝူယွိရဲ့ မရှိတော့သလို၊ မင်းတို့ ကိုယ်တိုင်ကလည်း ဒီချိပ်ပိတ်မှုတွေကို လျော့ရဲစေခဲ့တာဆိုတော့ ဒီနတ်ဘုရားမအတွက် အပြင်ထွက်လာဖို့ဆိုတာ လက်တစ်ဖက် လှန်သလို အရမ်းလွယ်သွားပြီ။ ကော့လီက စိတ်ဝိညာဉ်ကို ဖျက်ဆီးတယ်၊ လီဆီ... လီဆီ... ငါဟာ ရှေးဦးခေတ်မှာ ပျောက်ဆုံးခဲ့ပြီး ဒါကို မသိခဲ့ဘူး၊ ကောင်းကင်နဲ့ မြေပြင်က ကျယ်ပြောပြီး နက်ရှိုင်းလှတယ်၊ ငါ ဘယ်ကိုသွားရမလဲ ငါ မသိတော့ဘူး...”
သေမင်းတိတ်ဆိတ်ခြင်းကြယ် အကျဉ်းထောင်အတွင်းမှ ရှည်လျားသော သက်ပြင်းချသံ ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်နန်းတော်နှင့် တောင်ကြီးမှာ ဟုန်းခနဲ မြည်ဟည်းလျက် ပေါက်ကွဲထွက်သွားတော့သည်။ ထိုအတွင်းမှနေ၍ လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်မှာ ထွက်ပေါ်လာသည်။
ဟုန်ယွိ၏ အမြင်တွင် ထိုအမျိုးသမီးမှာ အနည်းဆုံး ပေပေါင်း ထောင်ချီ၍ ရှည်လျားသော ဆံပင်များကို ပိုင်ဆိုင်ထားပြီး၊ ဆံနွယ်များမှာ စိမ်းလန်းသော ရေတံခွန်ကြီးတစ်ခုအလား မြစ်တစ်စင်းလား ထင်မှတ်ရပြီး၊ ‘ဆံနွယ်ပေသုံးထောင်’ ဟူသော တင်စားချက်နှင့် အမှန်ပင် ကိုက်ညီလှပေသည်။
တကယ်တမ်းတွင် လူသားတစ်ဦး၏ ဆံပင်များမှာ ဤမျှအထိ ဤမျှအထိ ရှည်လျားသည် ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
အထူးသဖြင့် ထိုအမျိုးသမီးမှာ ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ သူမ၏ တစ်ကိုယ်လုံးကို ဆန်းကြယ်ကာ သန့်စင်သည့် နီလာပြာရောင် ပိုးသားပါးပါးလေး ဖြင့် ဖုံးအုပ်ထားသည်။ ထိုနီလာအပြာရောင် အဝတ်စားမှာ ဆန်းကြယ်ပြီး၊ သန့်စင် တောက်ပနေကာ ဤလောကတွင် အပြင်းထန်ဆုံး၊ အစွဲလမ်းစေဆုံးနှင့် အဆိပ်ပြင်းဆုံး အဆိပ်တစ်ခုအလား ခံစားရစေသည်။
ထို့နောက် ဟုန်ယွိသည် ထိုအမျိုးသမီး၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ သူ၏ နှလုံးသားထဲတွင် စကားလုံးလေးလုံး ထွက်ပေါက်လာသည် “လောကကို အဆိပ်ခတ် မည့် အလှပိုင်ရှင်”ဟူ၍ပင်။
လီဖူကြယ်သခင်၊ ယွမ်ရှန်းရှန်း၊ ကောင်းကင်သံစဉ် နတ်သမီးတို့နှင့် နှိုင်းယှဉ်လျှင်ပင် ဤအမျိုးသမီး၏ အလှမှာ ဤကမ္ဘာလောကရှိ အမျိုးသားအားလုံးကို ‘အချစ်အဆိပ်’၊ ‘တပ်မက်ခြင်းအဆိပ်’ များ ခတ်နိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
ပို၍ ဆန်းကြယ်သည်မှာ ထိုအမျိုးသမီး၏ တင်ပါးဆုံနောက်တွင် အမြီးဆယ်ချောင်း ပေါက်နေခြင်းပင် ဖြစ်သည်။ ထိုအမြီးဆယ်ချောင်းစလုံးမှာ နီလာပြာရောင် ရှိကြပြီး မိုင်ပေါင်းများစွာ ရှည်လျားကာ၊ လေထဲတွင် တွန့်လိမ်လှုပ်ရှား ကခုန်နေကြပြီး သူမ၏ နောက်ကျောဘက်တွင် ဒေါင်းမြီးဖြန့်ထားသကဲ့သို့ ပုံဖော်နေကြပေသည်။
ဤအမျိုးသမီးမှာ လူသားတစ်ဦး မဟုတ်သည်မှာ သေချာပြီး ‘အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်’ ထက်ပင် ပို၍ ဆန်းကြယ်လှသည်။
သူမမှာ ရှေးဦးနတ်ဘုရားဘုရင်များထဲတွင် အဆန်းကြယ်ဆုံးဖြစ်ပြီး တစ်ဦးတည်းသော အမျိုးသမီးနတ်ဘုရားဘုရင်ဖြစ်သည့် ‘ကော့လီနတ်ဘုရားဘုရင်မ’ ပင် ဖြစ်သည်။ ယခုအခါ ဟုန်ယွိနှင့် ဝန်ကြီးခုနစ်ပါးတို့၏ တိုက်ပွဲရိုက်ခတ်မှုများကြားတွင် သူမသည် နောက်ဆုံးတွင် ချိတ်တံဆိပ်ကို ဖျက်ဆီးပြီး လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဤ ‘ကော့လီနတ်ဘုရားဘုရင်မ’ လွတ်မြောက်လာသည်နှင့် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး၊ သူမ၏ ပေသုံးထောင်ရှည်သော ဆံနွယ်များမှာ လေထဲတွင် ဝေ့ယမ်းသွားပြီး ဟင်းလင်း ပြင်ကို ဖြတ်တောက်လျက် ဝန်ကြီးခုနစ်ပါးဆီသို့ ပြေးဝင်သွားတော့သည်။
“အခွင့်ကောင်းပဲ”
ဟုန်ယွိသည် သူ၏ အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သဖြင့် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အခြေအနေမှာ ရုတ်တရက် ထပ်မံ ပြောင်းလဲသွားပြန်သည်။
အမည်မသိ စွမ်းအားတစ်ခုမှာ ကောင်းကင်ပြင်ပမှနေ၍ အဆုံးမရှိသော ဟင်းလင်းပြင် လမ်းကြောင်းများကို ဖောက်ထွင်းကာ အနည်းဆုံး မိုင်ပေါင်း ရာချီ၍ မြင့်မားသော ဟင်းလင်းပြင်တံခါးကြီးတစ်ခုကို ဖွင့်လှစ်လိုက်ပါသည်။ ထိုတံခါးအတွင်းမှ ကောင်းကင် အပြင်ပနယ်မြေ၏ ခေါင်းဆောင် ရွှီယွိ၏ပုံရိပ်မှာ ပေါ်ထွက်လာပြီး၊ တောင်ကြီးတစ်လုံးမျှ ကြီးမားသော ဧရာမလက်ကြီးဖြင့် ကော့လီနတ်ဘုရားဘုရင်မ၏ ဆံနွယ်များကို လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာ၏ အစွမ်းအထက်ဆုံး ခေါင်းဆောင်ကြီး၊ သူ၏ အမည်တွင်လည်း ‘ယွိ’ ဟူသော စကားလုံး ပါဝင်သည့် ရွှီယွိသည် သူ၏ ယန်နတ်ဘုရား အသိစိတ်ဖြင့် သေမင်းတိတ်ဆိတ်ခြင်းကြယ်သို့ ဆင်းသက်လာခဲ့ပြီ။
စာစဉ် (၆၈)။ ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။