← Chapters

အခန်း (၁၀၀၅-၁၀၀၆)

Vol. 73 Ch. 1005-1006

အခန်း (၁၀၀၅-၁၀၀၆)

Vol. 73 Ch. 1005-1006

အခန်း ၁၀၀၅ လူဆယ့်နှစ်ယောက်

ထိုအသံက ကမ္ဘာလောကထဲ ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်တွင် စုမင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့သည်။ ကျောက်စင်မြင့်ဘေးတွင် သူ့မြင်ကွင်းထဲသို့ အတင်းအကျပ် ဝင်ရောက်လာသကဲ့သို့ လူရိပ်တစ်ရိပ် ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

ထိုလူရိပ်သည် မူလကတည်းက စုမင်၏ မြင်ကွင်းထဲတွင် ရှိနေခဲ့သော်လည်း ဘယ်ဆီမှန်းမသိ ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် တကယ့်လူစစ်စစ် မဟုတ်သကဲ့သို့ ခံစားရလောက်အောင် ခန္ဓာကိုယ် မှေးမှိန်နေသည့် ဆံဖြူ အဘိုးအို တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ့နောက်ဘက်တွင် ကောင်းကင်ယံ ရှိနေသည်။ ပြာလွင်သော ကောင်းကင်နှင့် တိမ်ဖြူများကြားတွင် အဘိုးအိုသည် အဆုံးမဲ့ နက်နဲသော အငွေ့အသက်များနှင့်အတူ ကိုယ်ထည်မဲ့နေသော လေထုတစ်လွှာဖြင့် ပြည့်နှက်နေခဲ့သည်။ တောင်သည် အလွန်မြင့်မားပြီး မြူများနှင့် တိမ်တိုက်များက ဝန်းရံထားသောကြောင့် အဘိုးအို၏ ပတ်လည်တွင် ရှိနေသော နက်နဲသည့် လေထုအပေါ်သို့ မျက်နှာဖုံးတစ်ချပ် ထပ်ဆောင်းထားသကဲ့သို့ ဖြစ်နေသည်။

ပဲ့တင်ထပ်နေသော အသံသည် ထိုအဘိုးအို ပါးစပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ သူက ကျောက်စင်မြင့်ပေါ်ရှိ သံစာလိပ်ကို ကြည့်ရန် ခေါင်းငုံ့လိုက်ပြီးနောက် စာလိပ်အား ညင်သာစွာ ပွတ်သပ်ရန် ညာလက်ကို မြှောက်လိုက်သည်။ အချိန်အတန်ကြာသည်အထိ ကျိလုံနှင့် ကျူးယိုချိုက်တို့သည် တိတ်ဆိတ်နေခဲ့ကြသည်။ ဤနှိုင်းယှဉ်ရလောက်သည့် တိတ်ဆိတ်မှုထဲတွင် အဘိုးအို၏ ရှေးဟောင်းဆန်သော အသံက လေထုထဲ၌ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့သည်။

"မင်းတို့အားလုံး အရမ်း ကံကောင်းကြတယ်..."

အဘိုးအို၏ အသံက နက်ရှိုင်းလှသည်။ သူ စကားပြောလိုက်သည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ တိမ်များနှင့် မြူများသည် သူ့ဘေးရှိ ဟင်းလင်းပြင်ထဲမှ အချိန်များက အဆရာထောင်ချီ၍ ပိုမို လျင်မြန်စွာ စီးဆင်းသွားသကဲ့သို့ လျင်မြန်စွာ လှိုင်းထန် ရွေ့လျားသွားခဲ့ကြသည်။ စုမင် ဤသည်ကို မြင်သောအခါ သိပ်ပြီး ထိခိုက်မှု မရှိခဲ့သော်လည်း ဆရာတော် ကျိလုံ၏ အမူအရာမှာမူ ၎င်းထံမှ သဲလွန်စ တစ်ခုအား မြင်လိုက်ရသကဲ့သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူသည် အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မူလက အေးစက်နေသော မျက်လုံးများသည် ယခင်က သူ့ထံတွင် တစ်ခါမျှ မပေါ်ဖူးသော ပြင်းပြသည့် အကြည့်တစ်ခုဖြင့် ချက်ချင်း တောက်ပလာခဲ့သည်။

ကျူးယိုချိုက်၏ သူငယ်အိမ်များသည်လည်း ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့သည်။ သူသည် အဘိုးအို၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် စီးဆင်းနေသော အချိန်ကို စိုက်ကြည့်နေခဲ့ပြီး အသက်ရှူနှုန်းက သတိမထားမိနိုင်လောက်အောင် မြန်ဆန်လာခဲ့သည်။ သူသည် ကျိလုံထက် များစွာ ပို၍ မြင်နိုင်စွမ်းရှိပြီး ဤအကြောင်းကြောင့်ပင် သူ့ရင်ထဲရှိ ပြောင်းလဲမှုများက အလွန်တရာ ကြီးမားနေသဖြင့် အခြားသူများအဖို့ ၎င်း၏ အစိတ်အပိုင်း အနည်းငယ်မျှကိုပင် နားလည်ရန် ခက်ခဲပေမည်။

စုမင်၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူ စကားမပြောဘဲ အဘိုးအို၏ အသံကိုသာ ဆက်လက် နားထောင်နေခဲ့သည်။

"ပဉ္စမမြောက် မီးဖို ပွင့်လာခဲ့တဲ့ အချိန်တွေတစ်လျှောက်လုံးမှာ ဘယ်သူမှ ငါ့ရဲ့ ဒီဟင်းလင်းပြင်ကမ္ဘာထဲကို ခြေမချနိုင်ခဲ့ကြဘူး... မင်းတို့အားလုံးက ပထမဆုံး အသုတ်ပဲ" အဘိုးအိုသည် ခေါင်းလှည့်ကာ မြေပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့အကြည့်များအား စုမင်၊ ကျိလုံနှင့် ကျူးယိုချိုက်တို့ထံသို့ ဝေ့ကြည့်လိုက်သည်။

"ပဉ္စမမြောက် မီးဖိုဆိုတာ ပဉ္စမမြောက် မဟာလောကက အသူရာ ဖန်ဆင်းရှင်တွေရဲ့ အထွတ်အထိပ် ရတနာပဲ။ ငါက အသူရာ ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ပြီး ရတနာတစ်ခုကို သန့်စင်ဖို့ သူ့ရဲ့ မီးဖိုကို တစ်ခါ ငှားခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအတွက် ငါ အဖိုးအခ တစ်ခုတော့ ပေးချေခဲ့ရတယ်။ ငါ့ရဲ့ အန္တိမပညာ ခုနစ်ခုထဲက ပထမဆုံးတစ်ခုကို ဒီမှာ အမှတ်အသား ချန်ရစ်ခဲ့ပြီး ရေစက်ပါတဲ့ သူကို ပေးဖို့ ရည်ရွယ်ထားတယ်"

"ငါက သုံးပါးပေါင်းစပ် ကန္တာရ စကြာဝဠာကနေ ထွက်ခွာခဲ့ပြီး စခန်းနှစ်ခန်းကြားက စစ်ပွဲဆီကို သွားခဲ့ပြီ။ အခု ဒီမြေမှာ မင်းတို့ မြင်နေရတာက ပုံရိပ်ယောင် တစ်ခုပဲ။ တကယ်လို့ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က မသေသေးဘူးဆိုရင် တောင်ရွှေ့ခြင်း ပညာကို သင်ယူမယ့်သူက တစ်နေ့နေ့မှာ ငါနဲ့ တွေ့ဆုံဖို့ ရေစက်ပါလာနိုင်တယ်။ တကယ်လို့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ် သေဆုံးသွားခဲ့ပြီဆိုရင်တော့ ဒီတောင်ရွှေ့ခြင်း ပညာက ငါ့ဆီကနေ မင်းတို့ သင်ယူရမယ့် နောက်ဆုံးပညာ ဖြစ်လိမ့်မယ်" ဆံဖြူ အဘိုးအိုက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ သူ့စကားများ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှ အချိန်များ စီးဆင်းသွားသည့် ခံစားချက်က ပိုမို အားကောင်းလာခဲ့သည်။

သူ့စကားများကြောင့် ဆရာတော် ကျိလုံ၏ မျက်လုံးထဲရှိ အလင်းရောင်က ပိုမို တောက်ပလာခဲ့သည်။ ဤသည်က စုမင်၏ အာရုံစိုက်မှုကို ကြီးမားစွာ ဖမ်းစားသွားခဲ့သည်။ ကျိလုံသည် ယခင်က ဤသို့မဟုတ်ကြောင်း သူ သိနိုင်သည်။ အဘိုးအို၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် အချိန်များ စတင် စီးဆင်းသွားသည့် အချိန်မှသာ သူ့အမူအရာက ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ယင်းကို သူ သိပ်ပြီး ဂရုမစိုက်ခဲ့သကဲ့သို့ ဖြစ်နေသော်လည်း ချက်ချင်းဆိုသလိုပင် သူ့ထံတွင် မယုံကြည်နိုင်သော ဆန္ဒများ ပေါ်ထွက်လာခဲ့သည်။

ဤပြောင်းလဲမှုသည် အဘိုးအို၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်ရှိ အချိန်စီးဆင်းမှုကြောင့် ဖြစ်သည်။

'ကျင့်ကြံခြင်း အဆင့်က အတိုင်းအတာတစ်ခုအထိ ရောက်သွားတာနဲ့ ပတ်ဝန်းကျင်က ဟင်းလင်းပြင်ကို သဘာဝအလျောက် ပြောင်းလဲနိုင်ပြီး အားကောင်းတဲ့ ဖိအားတစ်မျိုးကို ဖန်တီးနိုင်သွားတာများလား။ ဒါမှမဟုတ် ဒီဟာက သူ နတ်ဘုရားစွမ်းရည် တစ်မျိုးမျိုးကို ကျင့်ကြံပြီးနောက်မှာ ပေါ်လာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး ဒီပြောင်းလဲမှုကတစ်ဆင့် အဘိုးအိုရဲ့ အထောက်အထားကို သူ သိသွားတာများလား' စုမင်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် တောက်ပသွားပြီး ခေါင်းထဲတွင် ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။

"တောင်ရွှေ့ခြင်း ဆိုတာ ငါ့ရဲ့ အန္တိမပညာမှာ ပထမဆုံး သိုင်းကွက်ပဲ။ ဒါပေမယ့် ပထမဆုံး သိုင်းကွက်ကတင် အရှင်သခင် နယ်ပယ်မှာ ရှိတဲ့သူတွေ အားလုံးကို သတ်ဖြတ်နိုင်လောက်အောင် အားကောင်းပြီး ကံကြမ္မာရဲ့ နိယာမတွေကိုပါ တုန်လှုပ်စေနိုင်တယ်။ မင်း ဒါကို နားလည်သွားတာနဲ့ စကြာဝဠာထဲက တောင်တွေ အားလုံးကို ရွှေ့ပြောင်းနိုင်ပြီး မင်းရှိစေချင်တဲ့ နေရာကို ရောက်လာအောင် လုပ်နိုင်တယ်။ ဒါက... တောင်ရွှေ့ခြင်းပဲ"

"တစ်ယောက်ယောက်က ငါ့ရဲ့ ပညာကို နားလည်သွားတာနဲ့ ငါ့ရဲ့ ပုံရိပ်ယောင်က ပျောက်ကွယ်သွားပြီး ငါကိုယ်တိုင် ဖွင့်လှစ်ထားခဲ့တဲ့ ဟင်းလင်းပြင် ကမ္ဘာကလည်း ပြိုကျသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီဟင်းလင်းပြင်ကမ္ဘာကို ပျက်စီးစေခဲ့တဲ့ စွမ်းအားကို အသုံးပြုပြီး ငါ့ပညာကို နားလည်ခဲ့တဲ့ ရေစက်ပါသူကို ပဉ္စမမြောက် မီးဖိုရဲ့ ပထမနယ်စပ်ဆီကို ပို့ဆောင်ပေးမယ်။ ဒါမှ သူက ဗဟိုချက်ထဲကို တိုက်ရိုက် ခြေချနိုင်မယ့် အခွင့်အရေး ရလိမ့်မယ်"

"တကယ်လို့ မင်းတို့ လက်လျှော့မယ်ဆိုရင်လည်း မင်းတို့ကို ပဉ္စမမြောက် မီးဖိုထဲကနေ ချက်ချင်း ငါ ပို့ဆောင်ပေးနိုင်တယ်" တောင်ထိပ်ပေါ်ရှိ လူက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

ရုတ်တရက် စုမင်နှင့် အခြားသူများ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်က ပုံပျက်သွားပြီး မျက်ခုံးဝါလူသား ဟွမ်မေးသည် ဟင်းလင်းပြင် ကမ္ဘာထဲသို့ ခြေချဝင်ရောက်လာခဲ့သည်။

သူ ဝင်ရောက်လာပြီး တောင်နှင့် အပေါ်ရှိ အဘိုးအိုကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ့အမူအရာက ပြောင်းလဲသွားပြီး အဘိုးအို၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် စီးဆင်းနေသော အချိန်အား စူးစိုက်စွာ ကြည့်နေခဲ့သည်။ သူ၏ အသက်ရှူနှုန်းက ချက်ချင်းပင် ပြင်းထန်စွာ မြန်ဆန်လာခဲ့သည်။

သူ ပေါ်လာသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် တောင်ထိပ်ရှိ အဘိုးအိုသည် ညာလက်ကို မြှောက်ကာ သူ့ထံသို့ လက်ညိုးထိုးလိုက်သည်။ ထိုလုပ်ရပ်နှင့်အတူ ကောင်းကင်ကြီး ပြိုကျကာ မြေကြီး အက်ကွဲသွားသကဲ့သို့ စကြာဝဠာကြီးကို ထိုလက်ချောင်း တစ်ချောင်းတည်းဖြင့် အစားထိုးလိုက်သကဲ့သို့ စုမင် ချက်ချင်း ခံစားလိုက်ရသည်။ ဤလက်ချောင်းသည် ဖော်ပြ၍မရနိုင်သော ဖိနှိပ်မှုတစ်ခုဖြစ်ပြီး လုံးဝကို ခုခံတိုက်ခိုက်၍ မရနိုင်သော ဧရာမ စွမ်းအားကြီးတစ်ခု ဖြစ်သည်။

ထိုအခိုက်အတန့်မှာပင် စုမင်သည် အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်ကို လုံးဝ ဆုံးဖြတ်၍ မရနိုင်ကြောင်း သူ့ကိုယ်သူ တွေ့ရှိလိုက်ရသည်။ ဤသူသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ၎င်းတစ်ခုတည်းကပင် စုမင်သည် ဘဝတစ်လျှောက်လုံး မြင်တွေ့ခဲ့ဖူးသော စွမ်းအားကြီးမားသည့် စစ်သည်တော်များ အားလုံးထက် များစွာ ပိုမို အားကောင်းနေခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူ့မှတ်ဉာဏ်များထဲမှ သူ့ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည့် သူတစ်ယောက်အား တကယ် ရွေးချယ်ရမည်ဆိုလျှင် ဘဝမတရားခြင်း လှံရှည်မှ ပေးစွမ်းသော ပုံရိပ်များထဲတွင် စုမင် မြင်တွေ့ခဲ့ရသည့် အစစ်အမှန် ယင်လောက၏ ဥသျှောင်ပါရာဂွန်သာ ဖြစ်နိုင်ပေမည်။

'သူက သေခြင်း နယ်ပယ်မှာလား... ဒါမှမဟုတ် ဥသျှောင်ပါရာဂွန် တစ်ယောက်လား'

စုမင်၏ ရင်ထဲတွင် တုန်လှုပ်သွားစဉ် အဘိုးအိုက လက်ညိုးထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ဟွမ်မေး၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် အချိန်စီးဆင်းမှု လက္ခဏာများ စတင် ပြသလာသည်ကို သူ မြင်လိုက်ရသည်။ ဟွမ်မေး၏ အမူအရာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ သူ့ခန္ဓာကိုယ် တုန်ရီသွားသောအခါ ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုက ပျောက်ကွယ်သွားပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် မည်သို့ ဖြစ်နေသည်ကို စုမင် နားလည်သွားရုံသာမက ကျိလုံနှင့် ကျူးယိုချိုက်တို့ အားလုံးပင် မြင်တွေ့ခဲ့ကြရသည်။ ဟွမ်မေးသည် နောက်ကျမှ ရောက်လာသူ ဖြစ်သည်။ အဘိုးအို ယခင်က မည်သည်များ ပြောခဲ့သည်ကို သူ မသိခဲ့သော်လည်း အဘိုးအိုက သူ့ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှု အချို့အား ပြောင်းလဲရန် ဆုံးဖြတ်လိုက်သောကြောင့် သူ အခြေအနေများကို အမီလိုက်နိုင်သွားခဲ့သည်။

သူသည် နောက်ကျမှ ရောက်လာသကဲ့သို့ ထင်ရသော်လည်း သူ့ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှု ပြောင်းလဲသွားပြီးနောက်တွင် သူသည် စုမင်တို့နှင့်အတူ ဟင်းလင်းပြင်ကမ္ဘာထဲသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။ သူသည်လည်း သဘာဝကျစွာပင် အဘိုးအို ယခင်က ပြောခဲ့သမျှ အားလုံးကို သိရှိသွားခဲ့သည်။

ဤအရာအားလုံးက မယုံနိုင်လောက်အောင် နက်နဲလှသည်။ ၎င်းကို စဉ်းစားအဖြေရှာရန် တော်တော်လေး ခက်ခဲပုံရသော်လည်း သေချာ ဂရုတစိုက် တွေးတောကြည့်မည်ဆိုလျှင် သူတို့ နားလည်နိုင်ပေမည်။

သို့သော်လည်း သူတို့ ဤအရာကို သဘောပေါက်သွားသည်နှင့်အမျှ ရှောင်လွှဲ၍မရနိုင်စွာပင် အဘိုးအိုအပေါ် သူတို့ထံ၌ ကြီးမားသော လေးစားမှုများ ပေါ်ထွက်လာခဲ့သည်။ သူသည် အားကောင်းပြီး အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်သော စွမ်းအားက ကျိလုံနှင့် ဟွမ်မေးတို့၏ နှလုံးသားများအား တုန်လှုပ်သွားစေခဲ့သည်။

သူ့ခေါင်းထဲတွင် မည်သည့် အရာများ ဖြစ်နေမှန်း မည်သူမျှ မသိနိုင်သော်လည်း ကျူးယိုချိုက်၏ မျက်လုံးများက တောက်ပနေခဲ့သည်။ သို့သော် ဤသုံးယောက်နှင့် နှိုင်းယှဉ်လျှင် စုမင်၏ တုန်လှုပ်မှုက အကြီးမားဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တခြားသူများသည် အချိန်စီးဆင်းမှုကို ပြောင်းလဲသည့် စွမ်းအားအကြောင်း သိပ်မသိနိုင်သော်လည်း သူကတော့ ထိုအကြောင်းအား မသိနိုင်စရာ အကြောင်းမရှိပေ။ ဤသည်မှာ အသူရာ ဖန်ဆင်းရှင်များ၏ မွေးရာပါ စွမ်းရည်များထဲမှ တစ်ခု ဖြစ်နေသောကြောင့်ပင်။

"မင်းတို့ ဆယ့်နှစ်ယောက်ရဲ့ ကံကြမ္မာတွေက ဒီနေရာကို ရောက်လာစေခဲ့တယ်။ ဒီပညာကို ရယူဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။ မှော်ရတနာတွေ၊ မင်းတို့ရဲ့ ကျင့်ကြံမှု အခြေခံတွေ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေ ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး... ငါ့ရှေ့က ကျောက်စင်မြင့်ပေါ်မှာ ရှိတဲ့ သံစာလိပ်ပေါ်ကို လက်အရင်ဆုံး တင်နိုင်တဲ့သူက ဒါကို ရရှိလိမ့်မယ်"

"သံစာလိပ်ပေါ်မှာ ငါ့ရဲ့ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့တယ်။ ဒါကို ပထမဆုံး ထိတွေ့တဲ့သူက သေချာပေါက် ဉာဏ်အလင်းပွင့်ပြီး ဒါကို သင်ယူနိုင်လိမ့်မယ်"

အဘိုးအိုက လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာလောကကြီးက ဟိန်းဟောက်သွားခဲ့သည်။ ကောင်းကင်ကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လည်ပတ်နေသည့် ဧရာမ ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြေပြင်သည်လည်း တုန်ခါသွားခဲ့ပြီး မူလကပင် မြင့်မားနေသော တောင်သည် တိမ်တိုက်များထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်အထိ သိသိသာသာ ပိုမို မြင့်တက်သွားခဲ့သည်။ မည်သူကမျှ တောင်ထိပ်ကို သာမန်မျက်စိဖြင့် မမြင်နိုင်တော့ချေ။

"အမွေဆက်ခံခြင်း စတင်ပြီ"

တောင်ထိပ်မှ အဘိုးအို၏ အသံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကျိလုံ လှုပ်ရှားလိုက်သည်။ ဤနေရာတွင် လူဆယ့်နှစ်ယောက် ရှိနေသည်ဟု အဘိုးအို ဆိုလိုသည်ကို သူ သေချာ မသိနိုင်သော်လည်း ဤသည်က စဉ်းစားနေရမည့် အချိန် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်သည် ရှည်လျားသော အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး တောင်ထိပ်ဆီသို့ ပြေးဝင်သွားခဲ့သည်။ ဟွမ်မေး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်ပသွားပြီး မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူသည်လည်း ပြေးထွက်သွားခဲ့သည်။

ကျူးယိုချိုက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြေးထွက်သွားကြသော ကျိလုံနှင့် ဟွမ်မေးတို့ကိုပင် သူ လှည့်မကြည့်ဘဲ တောင်ထိပ်သို့ စိုက်ကြည့်ကာ အတွေးနက်နေပုံဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

ဆရာတော် ကျိလုံနှင့် ဟွမ်မေးတို့ ရှည်လျားသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ တောင်ထိပ်ဆီသို့ ပြေးဝင်သွားသည့် အခိုက်အတန့်တွင် သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ပထမဆုံး တုံ့ပြန်သူမှာ ဟွမ်မေးဖြစ်ပြီး သူ့ခန္ဓာကိုယ် တုန်ရီသွားကာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ တုန်ရီစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး တောင်ကို ကြည့်ရန် ခေါင်းမော့လိုက်ရာ သူ့မျက်နှာပေါ်တွင် အကြောက်တရားများ ပေါ်လာခဲ့သည်။

သူ အပေါ်သို့ ပျံတက်သွားသည့် အခိုက်အတန့်တွင် သူ့ကျင့်ကြံခြင်း အခြေခံ အားလုံး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူသည် ယခင်က ဤကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမျှ မကြုံဖူးခဲ့ချေ။ ၎င်းသည် ထာဝရရှင်သန်သူတစ်ဦးမှ သေမျိုး သာမန်လူတစ်ဦးအဖြစ် လျှော့ချခံလိုက်ရသကဲ့သို့ ဖြစ်သည်။ သူ့တစ်ကိုယ်လုံးရှိ ဤစိမ်းသက်သော အားနည်းသည့် ခံစားချက်က အတွင်း၌ အကြောက်တရား မျိုးစေ့တစ်စေ့ကို စိုက်ပျိုးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဆရာတော် ကျိလုံသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူ ပြုတ်ကျသွားသည်နှင့် သူ့မျက်နှာက မယုံနိုင်လောက်အောင် ညိုမှောင်သွားသော်လည်း မျက်လုံးများ တောက်ပသွားကာ သူ့အတွင်း၌ ထွက်ပေါ်လာသော နက်ရှိုင်းသည့် သတိထားမှု လှိုင်းလုံးကြီးကို သူ ဖုံးကွယ်လိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ အားနည်းမှုကိုလည်း သူ သတိပြုမိသွားပြီး ၎င်းသည် အလွန်တရာ ကြာညောင်းသော အချိန်ကာလ တစ်ခုတည်းက သူ မခံစားဖူးတော့သည့် ခံစားချက်တစ်ခု ဖြစ်သည်။ ယခုအချိန်တွင် သေးငယ်သော သတ္တဝါလေး တစ်ကောင်ကပင် သူ့ကို ဆွဲဖြဲပစ်နိုင်မည် သကဲ့သို့ ဖြစ်နေသည်။

သူက မြင့်မားသော တောင်ကြီးကို ကြည့်ရန် ခေါင်းမော့လိုက်ပြီးနောက် အံကျိတ်ကာ ပြင်းပြင်းထန်ထန် အားစိုက်ထုတ်၍ လမ်းစလျှောက်လိုက်သည်။

ကျိလုံ၊ ဟွမ်မေးတို့နှင့် နှိုင်းယှဉ်လျှင် ကျူးယိုချိုက်က များစွာ ပို၍ သက်သောင့်သက်သာ ရှိနေခဲ့သည်။ သူသည် စောစောက အပေါ်သို့ မပျံတက်ခဲ့ဘဲ ရှေ့သို့ လျှောက်လှမ်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်က ခက်ခဲသည် ဆိုသော်လည်း ကျိလုံနှင့် ဟွမ်မေးတို့နှင့် နှိုင်းယှဉ်ပါက သူသည် များစွာ ပိုမို ကောင်းမွန်သော အခြေအနေတွင် ရှိနေခဲ့သည်။

ဤအရာ အားလုံးက စုမင်၏ မျက်လုံးထဲသို့ ကျရောက်လာခဲ့သည်။ အကယ်၍ မည်သို့ ဖြစ်နေသည်အား သူ နားမလည်သေးပါက သူသည် ဤအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်သလို ထိုမျှ ကြီးမားသော စွမ်းအားများကိုလည်း ရရှိနိုင်မည် မဟုတ်ဘဲ ပဉ္စမမြောက် မီးဖိုထဲသို့ ဝင်ရောက်နိုင်ရန်ဆိုသည်မှာ ပို၍ပင် အလှမ်းဝေးပေမည်။

'ဒီနေရာမှာ ချိတ်ပိတ်မှု တစ်ခု ရှိတယ်' စုမင်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် တောက်ပသွားခဲ့သော်လည်း ယခုအချိန်တွင် ၎င်းကို သူ စဉ်းစားမနေခဲ့ပေ။ သူ့စိတ်က အဘိုးအို ပြောခဲ့သည့် လူဆယ့်နှစ်ယောက် ဆိုသည့် အချက်အပေါ်၌သာ အာရုံစိုက်နေခဲ့သည်။

'ကျိလုံ၊ ဟွမ်မေး၊ ကျူးယိုချိုက်၊ မီးမိစ္ဆာဘိုးဘေး၊ ဘိုးဘေး လုံဟိုင်း၊ ရွှမ်ရှန်း၊ ယွန်ယို၊ နျဲ့ယင်၊ ဟွာယွီ နဲ့ ရွှီဟွေ တို့က လူဆယ်ယောက်ပဲ ရှိတယ်။ ငါ့ကိုပါ ထည့်တွက်ရင်တောင် ဆယ့်တစ်ယောက်ပဲ ရှိသေးတယ်။ ဆယ့်နှစ်ယောက်မြောက်က ဘယ်သူလဲ'

'သူက ထိပ်ပြောင်ကြိုးကြာကို ပြောနေတာလား၊ ဒါမှမဟုတ် သူများလား' စုမင် ထိုအကြောင်းကို စဉ်းစားနေစဉ် တောင်ထိပ်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူ့ခြေဖဝါး ကျရောက်သွားသည့် အခိုက်အတန့်တွင် အမူအရာက ပြောင်းလဲသွားခဲ့သည်။

အားနည်းသည့် ခံစားချက်တစ်ခုက စုမင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သော်လည်း ဤခံစားချက်ကို သူ အံ့သြမနေခဲ့ပေ။ မည်သို့ပင်ဆိုစေ သူသည် ၎င်းနှင့်ပတ်သက်သည့် အရိပ်အမြွက်များကို စောစောကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော် သူ့အမူအရာကို ပြောင်းလဲသွားစေခဲ့သည့် အရာမှာမူ ထိုခံစားချက် ပေါ်လာသည့် အခိုက်အတန့်တွင် သူရှိနေသော အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ပေါ်၌ ထပ်တူကျနေသော အရိပ်များ တိတ်ဆိတ်စွာ ပေါ်လာခြင်းပင် ဖြစ်သည်။

ဤသည်မှာ အထွတ်အထိပ် ရတနာ ခန္ဓာကိုယ် ကွဲထွက်တော့မည့် လက္ခဏာဖြစ်ပြီး သူ့စိတ်ထဲတွင် ရွှမ်ရှန်းနှင့် အဖွဲ့ထံမှ အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

သူတို့၏ အသံများ စုမင် နားထဲတွင် ပဲ့တင်ထပ်နေဆဲမှာပင် ထပ်တူကျနေသော အရိပ်များသည် အရေအတွက် ပိုများလာခဲ့ပြီး နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့လေတော့သည်။

အခန်း ၁၀၀၆ တစ်ယောက် သေဆုံးသွားပြီ

အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်နှင့် ဘိုးဘေး လုံဟိုင်နှင့် မီးမိစ္ဆာဘိုးဘေးတို့မှာ ပထမဆုံး အပြင်သို့ လွင့်စင်ထွက်လာခဲ့ရသည်။ သူတို့သည် ရှည်လျားသော အလင်းတန်း နှစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ဘေးဘက်သို့ ကျရောက်သွားခဲ့ရာ မြေပြင်ပေါ်သို့ ကျလာချိန်တွင် သူတို့၏ အမူအရာများမှာ အလွန်တရာ ညိုမှောင်နေခဲ့သည်။

ထို့နောက် ရွှီဟွေ၏ အလှည့် ဖြစ်သည်။ သူမသည်လည်း အလွန် သနားစရာကောင်းသော ပုံစံဖြင့် အပြင်သို့ လွင့်စင်ထွက်လာခဲ့ရသည်။ သူမနောက်တွင် ရွှမ်ရှန်းနှင့် သူ့အဖွဲ့ လိုက်ပါလာခဲ့သည်။ သူတို့ တစ်ယောက်ပြီးတစ်ယောက် ဤနေရာတွင် ပေါ်လာချိန်၌ စုမင်သည်လည်း အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ထဲမှ အပြင်သို့ တွန်းထုတ်ခံလိုက်ရသည်။

နောက်တစ်ခဏတွင် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကြီးသည် လက်ဝါးအရွယ်အစားရှိ အနီရောင် ကျောက်စိမ်းတစ်တုံးအဖြစ် အရည်ပျော်သွားပြီး လေထဲတွင် မလှုပ်မယှက် လွင့်မျောနေခဲ့သည်။

ရွှမ်ရှန်း၏ မျက်နှာက ချက်ချင်း ဖြူရော်သွားခဲ့သည်။ သူ့အနေဖြင့် သူ့နှင့် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကြားရှိ ဆက်သွယ်မှု ပြတ်တောက်သွားကြောင်း သိလိုက်ရသဖြင့် ၎င်းမှာ ထိုအခိုက်အတန့်တွင် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အထွတ်အထိပ် ရတနာသည် သခင်မဲ့ ပစ္စည်းတစ်ခု ဖြစ်သွားခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။

သူ ဤသည်ကို သတိပြုမိနိုင်ပါက အခြားသူများလည်း သဘာဝကျစွာပင် သတိပြုမိနိုင်ပေသည်။

အထွတ်အထိပ် ရတနာ ခန္ဓာကိုယ် စတင် ကွဲအက်သွားချိန်တွင် ကျိလုံနှင့် ဟွမ်မေးတို့သည် ကြည့်ရန် ခေါင်းလှည့်လာခဲ့ကြသည်။ သူတို့သည် မည်သည်ကမှန်းမသိ ပေါ်လာသည့် လူအများအပြားထံသို့ အကြည့်များကို စူးစိုက်ထားလိုက်ကြသည်။

ကျိလုံက စကားမပြောချေ။ သူ လှည့်ပြီး တောင်ထိပ်ဆီသို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။ ဟွမ်မေး၏ အမူအရာ ပြောင်းလဲသွားပြီး သူ့နှုတ်ခမ်းပေါ်တွင် သရော်မှုနှင့် ဒေါသတို့ ရောယှက်နေသော အပြုံးယောင်ယောင် တစ်ခု ပေါ်လာခဲ့သည်။

"သြော်... ဒါက မင်းတို့ တစ်နေရာရာကနေ ရခဲ့တဲ့ ရတနာတစ်ခုပဲ။ မင်းတို့အားလုံး စုပေါင်းပြီးမှ ပဉ္စမမြောက် မီးဖိုထဲကို ဝင်လာနိုင်ခဲ့တာကိုး။ မင်းတို့ လှည့်စားတာကို ငါ အချိန်အကြာကြီး ခံခဲ့ရတယ်။ မင်းတို့ထဲက ဘယ်သူက အထွတ်အထိပ် ရတနာရဲ့ ပဓာန ဝိညာဉ် ဖြစ်မလဲ ဆိုတာ ငါ သိချင်နေပြီ"

ထိုအချိန်တွင် ရွှမ်ရှန်းနှင့် အဖွဲ့ မျက်နှာများပေါ်၌ အထိတ်တလန့် ဖြစ်မှုများ ပေါ်လာခဲ့သည်။ အရာအားလုံးက ရုတ်တရက် အလွန် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် သူတို့ကိုယ်သူတို့ ပြင်ဆင်ရန် အချိန်ပင် မရခဲ့ချေ။ ဟွမ်မေး၏ စကားများကို ကြားလိုက်ရသောအခါ သူတို့၏ နှလုံးသားများ တုန်ခါသွားပြီး ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ အလိုအလျောက်ဖြစ်စေ သူတို့ အကြည့်များကို တည်ငြိမ်နေသော စုမင်ထံသို့ ပို့လွှတ်လိုက်ကြသည်။

သူတို့၏ လုပ်ရပ်များကြောင့် ဟွမ်မေး၏ အကြည့်များက စုမင်ထံသို့ ကျရောက်သွားခဲ့သည်။ သူသည် အေးစက်စွာ နှာခေါင်းမရှုံ့မီ စုမင်အား အကဲခတ်သည့် အကြည့်အချို့ဖြင့် ကြည့်လိုက်သည်။ သရော်သည့်ဟန် တစ်ချက် သူ့မျက်လုံးများထဲတွင် တောက်ပသွားပြီးနောက် အလွန် အေးစက်သော အကြည့်တစ်ခုဖြင့် အစားထိုးသွားခဲ့သည်။

သူသည် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း သေးသိမ်သော ကျင့်ကြံသူ တစ်စု၏ လှည့်စားခြင်းကို ခံခဲ့ရသည်။ လောင်းကြေးရှုံးနိမ့်ခဲ့ပြီး သူတို့ကို သူ့ဘက်ပါလာစေရန် အဖိုးအခတစ်ခု ပေးချေဖို့ ပြင်ဆင်ခဲ့ရပုံအား သူ ပြန်တွေးမိသောအခါ ဤသည်က အရှက်ခွဲခံရခြင်း တစ်မျိုးဖြစ်သည်ဟု ခံစားလိုက်ရသည်။

"အဆုံးထိအောင် မင်းတို့ လိမ်ညာနိုင်ခဲ့ရင် ပိုကောင်းမှာပဲ။ ဒါပေမယ့် မင်းတို့က ဒီကိုရောက်လာပြီး ခန္ဓာကိုယ် ကွဲထွက်သွားတဲ့ အထိ ကံဆိုးနေခဲ့တာပဲ။ အသုံးမကျတဲ့ အမှိုက်ကောင်တွေ" ဟွမ်မေးက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် လှည့်ထွက်သွားကာ စုမင်ကို ထပ်ကြည့်ရန်ပင် ငြင်းဆန်လိုက်သည်။ ထို့နောက် သူသည် တောင်ထိပ်ဆီသို့ အလွန် ခက်ခဲစွာ ဆက်လက် တွယ်တက်သွားခဲ့သည်။

ထိုအချိန်တွင် ကျူးယိုချိုက်က ရှေ့ဆုံးမှ ဦးဆောင်နေခဲ့သည်။ ကျိလုံနှင့် ဟွမ်မေးတို့က သူ့အနောက်တွင် ရှိနေသော်လည်း သူတို့ သုံးယောက်စလုံးမှာ တောင်ထိပ်နှင့် အလွန်တရာ ကွာဝေးနေသေးသည်။ သူတို့သည် လမ်းကြောင်း တစ်ကြောင်းတည်းတွင် လျှောက်လှမ်းနေကြခြင်း မဟုတ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက်လည်း အလှမ်းဝေးနေခဲ့ကြသည်။

ကျူးယိုချိုက်သည် ဖြောင့်တန်းသော လမ်းကြောင်းအတိုင်း ရှေ့သို့ လျှောက်လှမ်းနေခဲ့သည်။ ကျိလုံနှင့် ဟွမ်မေးတို့မှာမူ စောစောက သူတို့ ပျံသန်းရန် ကြိုးစားစဉ် ပြုတ်ကျသွားခဲ့သဖြင့် မတူညီသော နေရာများတွင် ရောက်ရှိနေပြီး မတူညီသည့် လမ်းကြောင်းများမှ လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။

"အဘိုးအို ပြောတဲ့ စကားတွေကို မင်းတို့ ကြားပြီးပြီပဲ။ အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကြီး ကွဲသွားပြီဆိုတော့ ငါတို့ ထပ်ပြီး ပေါင်းစည်းဖို့ မလိုတော့ဘူး။ အခုချိန်ကစပြီး ကိုယ့်ကံကြမ္မာပေါ်ပဲ မူတည်တော့မယ်" စုမင်က စကားလုံးများကို တည်ငြိမ် ပီသစွာ ပြောလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်ကာ ရွှီဟွေကို တစ်ချက် ကြည့်လိုက်သည်။

သူမက စုမင်ကို ပြုံးပြလိုက်ပြီး သူမအတွက် စိုးရိမ်ရန် မလိုအပ်ကြောင်း ပြသလိုက်သည်။

စုမင် ခေါင်းညိတ်လိုက်သည်။ သူသည် ထိုအဖွဲ့ကို ထပ်မံ အာရုံမစိုက်တော့ဘဲ ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ အခြားသူများက တောင်ရွှေ့ခြင်း ပညာကို လိုလားတောင့်တနေကြပြီး စုမင်သည်လည်း အလိုရှိနေခဲ့သည်။ သူ့ကျင့်ကြံခြင်း အဆင့် တိုးလာသည်နှင့်အမျှ သူ့တွင် မှော်ရတနာများ လိုအပ်နေကြောင်း သူ သတိပြုမိခဲ့သည်။ သို့သော် နတ်ဘုရား စွမ်းရည်များကိုကား ပို၍ပင် လိုအပ်နေခဲ့သည်။

သူ့ထက် အားနည်းသော သူများကို တိုက်ခိုက်နိုင်သော်လည်း သူနှင့် အင်အားတူညီသော သူများ သို့မဟုတ် ပိုမို အားကောင်းသော မိစ္ဆာအိုကြီးများနှင့် တွေ့ဆုံရပါက ထုတ်သုံးရန် အားကောင်းသော နတ်ဘုရားစွမ်းရည်များ သူ့ထံတွင် မရှိကြောင်းကို သူ တွေ့ရှိခဲ့ရသည်။

ယခင်က သူ သင်ယူခဲ့ဖူးသော အရာများသည် အားမကောင်းလွန်းလျှင် သာမန်ထက်ပို၍ နက်နဲလွန်းပြီး အချိန်တိုအတွင်း ထိရောက်မှု မရှိချေ။ ထိုအခိုက်အတန့်တွင် ဤသိုင်းကွက် တစ်ကွက်ကို ရယူရန် သူ ဆန္ဒ ပြင်းပြစွာ ရှိနေခဲ့သည်။ အစွမ်းထက် ပုဂ္ဂိုလ်များကိုပင် တုန်လှုပ်စေနိုင်သည်ဟု အဘိုးအို ပြောခဲ့သော ဤတောင်ရွှေ့ခြင်း ပညာကိုပင်။

ထို့အပြင် စုမင်သည် ဤနေရာရှိ လူအရေအတွက်ကို ပြန်လည် ရေတွက်ကြည့်ရာ လူတစ်ယောက် ပျောက်ဆုံးနေသေးကြောင်း သူ တွေ့ရှိခဲ့ရသည်။

မည်သူ ပျောက်နေသနည်း။ သူ မည်သို့ ရောက်နေသနည်း။ ဤအကြောင်းကို သူ တစ်ယောက်တည်း စဉ်းစားနေခြင်း မဟုတ်ကြောင်း စုမင် ယုံကြည်သည်။ အခြားသူများသည်လည်း သေချာပေါက် တွေးတောနေကြမည်သာ ဖြစ်သည်။

အဖြေရှာ၍ မရနိုင်သောကြောင့် ဤကိစ္စကို သူ့ရင်ထဲတွင် မြှုပ်နှံထားရန် ဆုံးဖြတ်လိုက်သည်။ သူက တောင်ထိပ်ကို ကြည့်ရန် ခေါင်းမော့လိုက်ပြီး ထိုဘက်သို့ လျှောက်သွားခဲ့သည်။ သူ ဆက်လက် ရွေ့လျားသွားသည်နှင့် တောင်ထိပ်မှ အားကောင်းသော ဖိအားသည် ပို၍ ပို၍ အားကောင်းလာခဲ့သည်။ ၎င်းသည် လူတစ်ယောက်ကို ပြိုလဲကျသွားစေမည့် စွမ်းအားမျိုး မဟုတ်ဘဲ ကျင့်ကြံခြင်း အခြေခံများကို ဖြိုခွဲကာ အားကောင်းသော စစ်သည်တော်များအား သာမန်လူများအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည့် စွမ်းအားမျိုး ဖြစ်သည်။

ထို့ပြင် သာမန်လူများ အတွက် ဤတောင်ပေါ်သို့ လမ်းလျှောက်တက်ဖို့ ဆိုသည်က အလွန် ခက်ခဲသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့် စုမင် နောက်ရှိ အခြားသူများသည်လည်း တောင်ပေါ်သို့ တက်ရန် ရွေးချယ်ခဲ့ကြသည်။ ရွှမ်ရှန်းနှင့် အဖွဲ့က တစ်ယောက်နှင့် တစ်ယောက် အနီးကပ် တွယ်ကပ်ကာ အလွန် ခက်ခဲစွာ ရှေ့သို့ လျှောက်လှမ်းနေကြသည်။ ရွှီဟွေသည်လည်း အသက်ရှူမဝဖြစ်ကာ အံကျိတ်၍ ရှေ့သို့ ရွေ့လျားနေခဲ့သည်။

လုံဟိုင်းနှင့် ဟောင်ကွေ့တို့သည် မူလဝိညာဉ်များ ဖြစ်သောကြောင့် သူတို့ ရှေ့သို့ ရွေ့လျားရာတွင် အခြားသူများနှင့် နှိုင်းယှဉ်ပါက များစွာ ပို၍ လွယ်ကူနေခဲ့သည်။ အမှန်တကယ်တွင် တောင်ပေါ်မှ အားကောင်းသော ဖိအားသည် အခြားလူအားလုံးနှင့် နှိုင်းယှဉ်လျှင် သူတို့ နှစ်ဦးအပေါ် သက်ရောက်မှု များစွာ လျော့နည်းနေခဲ့သည်။

ထို့ကြောင့် သူတို့ နှစ်ဦးသည် အခြားသူများ အားလုံးထက် များစွာ ပိုမြန်နေခဲ့သည်။ သူတို့က နောက်ဆုံးမှ စတင် လှုပ်ရှားခဲ့သော်လည်း စုမင်နှင့် ယှဉ်လျက် ရွေ့လျားနေပြီဖြစ်ပြီး ကျူးယိုချိုက်နှင့် ပေရာဂဏန်းခန့်သာ ကွာဝေးတော့သည်။

အချိန်များ ဆက်လက် ကုန်ဆုံးသွားပြီး အဖွဲ့က တောင်စောင်းကို တက်သွားကြစဉ် ဟောင်ကွေ့နှင့် ဘိုးဘေး လုံဟိုင်းတို့က ကျူးယိုချိုက်အား ကျော်တက်သွားကာ တောင်ထိပ်နှင့် အနီးဆုံး လူများ ဖြစ်လာခဲ့ကြသည်။

သူတို့၏ အမူအရာများမှာ ကွဲပြားသော်လည်း နှစ်ဦးစလုံး၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ရှိနေကြသည်။ သူတို့ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေသော ကျောက်စင်မြင့်ပေါ်ရှိ သံစာလိပ်ကို မြင်တွေ့နိုင်သကဲ့သို့ အပေါ်သို့ ဆက်လက် တွယ်တက်သွားခဲ့ကြသည်။

ကျိလုံ၏ အမူအရာက မှောင်မိုက်နေသော်လည်း သူက အံကျိတ်ကာ ဇွဲလုံ့လဖြင့် ဆက်သွားနေခဲ့သည်။ ကျူးယိုချိုက် ခေတ္တမျှ မျက်မှောင်ကြုတ်သွားသော်လည်း အနည်းငယ် တုံ့ဆိုင်းပြီးနောက် ခေါင်းခါလိုက်ကာ စကားမပြောရန် ရွေးချယ်လိုက်သည်။ ဟွမ်မေးအတွက်မူ အေးစက်သော သရော်ပြုံးတစ်ခု နှုတ်ခမ်းထောင့်များတွင် ပေါ်လာခဲ့သည်။

မူလဝိညာဉ်များကို ပိုမို လွယ်ကူစွာ လှုပ်ရှားနိုင်စေမည့် ဟာကွက်မျိုး ဤနေရာတွင် ရှိနေမည်အား သူ မယုံကြည်ပေ။

ထိုအချိန်တွင် တောင်ကြီး တုန်ရီသွားခဲ့သည်။ တစ်နေရာလုံး စတင် ယိမ်းထိုးလာသကဲ့သို့ ဖြစ်သွားပြီး အားကောင်းသော တန်ပြန် ရိုက်ခတ်မှု တစ်ချက် ပျံ့နှံ့သွားခဲ့သည်။

စုမင်၏ ခန္ဓာကိုယ် ယိမ်းထိုးသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ တက်နေသော တောင်သည် အမှန်တကယ်တွင် တောင်တစ်လုံး မဟုတ်ဘဲ အသက်ရှင်နေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင် ဖြစ်နေသကဲ့သို့ ပြင်းထန်သော ခံစားချက်တစ်ခု ရရှိလိုက်သည်။ ၎င်း လှုပ်ရှားသွားသောအခါ သူသည် အပြင်သို့ လွင့်စင်ထွက်သွားတော့မည်ဟု ခံစားလိုက်ရသည်။

သူ့အမူအရာ ပြောင်းလဲသွားပြီး စုမင်သည် တောင်ပေါ်ရှိ ကျောက်တုံးတစ်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့လက်ချောင်းများက ဖြူလျော့နေပြီ ဖြစ်သော်လည်း သူ ဆုပ်ကိုင်ထားသည်က အလွန် တည်ငြိမ်နေခဲ့သည်။ သူ့ကျင့်ကြံခြင်း အခြေခံ ဆုံးရှုံးသွားပြီး သာမန်လူတစ်ယောက်နှင့် တူညီနေသော်လည်း စုမင်သည် တောင်တက်ခြင်းနှင့် စိမ်းသက်နေသူ မဟုတ်ပေ။

သူ ငယ်စဉ်က နက်မှောင်တောင် မျိုးနွယ်တွင် ကြီးပြင်းခဲ့ပြီး မာန်ကျင့်စဉ်များကို မကျင့်ကြံမီက ထိုနေရာရှိ တောင်များသည် သူ့ကစားကွင်းများ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်နေခဲ့ခြင်း ဖြစ်သည်။ ကျောက်တုံးကို ဖမ်းဆုပ်မိသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်အား တောင်နံရံနှင့် တင်းကျပ်စွာ ကပ်ထားလိုက်ပြီး မလှုပ်မယှက် နေကာ တောင်ကြီးကိုသာ လှုပ်ခါခွင့် ပြုထားလိုက်သည်။

သူ ဤသို့ လုပ်နိုင်ပါက အခြားသူများလည်း ထိုနည်းတူ လုပ်နိုင်မည်။ သို့သော် ရှေ့ဆုံးမှ လုံဟိုင်းနှင့် ဟောင်ကွေ့တို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ တောင်ကြီး စတင် ယိမ်းထိုးလာချိန်တွင် သူတို့၏ မူလဝိညာဉ်များသည် လျင်မြန်စွာ ညှိုးနွမ်းလာကြောင်း သူတို့ သတိပြုမိလိုက်သည်။ ဤတွေ့ရှိမှုက သူတို့ကို ဆုပ်ကိုင်ထားသော ကျောက်တုံးများကို ချက်ချင်း လွှတ်ချစေလိုက်ပြီး သူတို့ ခန္ဓာကိုယ်များမှာ မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က နောက်ဆုံးသို့ ရောက်သွားခဲ့ကြသည်။ တောင်ကြီး ယိမ်းထိုးမှု ရပ်တန့်သွားချိန်မှသာ အနည်းငယ် တုံ့ဆိုင်းမှုနှင့်အတူ အပေါ်သို့ ဆက်လက် တွယ်တက်ခဲ့ကြသည်။

သို့သော်လည်း ဤသည်က တုန်ခါမှုများ၏ ပထမဆုံး လှိုင်းလုံးသာ ဖြစ်နေသေးသည်။

အမွေးတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာပြီးနောက် ဒုတိယမြောက် တုန်ခါမှု လှိုင်းလုံး ရောက်ရှိလာခဲ့သည်။ ၎င်းတို့က ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။ တောင်ကြီး ယိမ်းထိုးသွားပြီး အသံတိတ် ပေါက်ကွဲသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ တက်နေသူများ အားလုံး ချက်ချင်း ရပ်တန့်သွားကြသည်။ ပြာနှမ်းနေသော မျက်နှာများဖြင့် သူတို့သည် ကျောက်တုံးများကို ဆုပ်ကိုင်ထားကြပြီး အသက်ရှိုက်စာ အနည်းငယ် ကြာပြီးနောက် ယိမ်းထိုးမှု ရပ်တန့်သွားချိန်မှသာ ဆက်လက် တက်ခဲ့ကြသည်။

အကယ်၍ ဤမျှသာဖြစ်ပြီး သူတို့ ဤအတိုင်း ဆက်သွားမည်ဆိုပါက တောင်ကြီးသည် တက်ရန် ထိုမျှ ခက်ခဲမည် မဟုတ်ပေ။

သို့သော်လည်း အဖွဲ့က တောင်အမြင့်၏ သုံးပုံတစ်ပုံခန့်ကို အောင်နိုင်သွားချိန်တွင် သူတို့အောက်ရှိ မြေပြင်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ၎င်းက ပျောက်ကွယ်သွားခဲ့သည်။ ပေါက်ကွဲသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး လူအများအားလုံး ခေါင်းငုံ့ကာ သူတို့အောက်ရှိ နေရာကို စူးစိုက်ကြည့်စေလိုက်သည်။ သူတို့၏ သူငယ်အိမ်များ တစ်ပြိုင်နက် ကျုံ့ဝင်သွားခဲ့ပြီး အထူးသဖြင့် ရွှမ်ရှန်းနှင့်အဖွဲ့အတွက် ပို၍ပင် ဆိုးရွားခဲ့သည်။ သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူတို့အောက်တွင် မြေပြင် လုံးဝ မရှိတော့ဘဲ သေဆုံးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အမှောင်အတိ ကျနေသည့် ချောက်ကမ်းပါးကြီး တစ်ခုသာ ရှိနေတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လည်ပတ်နေသော ဝဲဂယက်ကြီးတစ်ခုလည်း ရှိနေသေးသည်။ ထိုမြင်ကွင်းက မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေသည်။

အကယ်၍ သူတို့၏ ကျင့်ကြံခြင်း အခြေခံများ ရှိနေသေးပါက သူတို့ ဂရုစိုက်မည် မဟုတ်သော်လည်း ယခုအချိန်တွင် သူတို့၏ ကျင့်ကြံခြင်းများ ပျောက်ကွယ်သွားပြီဖြစ်ကာ သာမန်လူများနှင့် မခြားတော့ပေ။ အကယ်၍ ချော်ကျသွားပါက...

လူအုပ်ကြီး တွေဝေ တိတ်ဆိတ်သွားချိန်တွင် တတိယမြောက် တုန်ခါမှု လှိုင်းလုံး ရောက်ရှိလာခဲ့သည်။

၎င်းတို့က ယခင် နှစ်ကြိမ်ထက် များစွာ ပိုမို အားကောင်းနေပြီး အသက်ရှိုက်စာ အနည်းငယ်မျှသာ မကဘဲ အကြိမ် နှစ်ဆယ်နီးပါး ကြာမြင့်ခဲ့သည်။ ရွှမ်ရှန်း၏ အဖွဲ့ထဲတွင် နျဲ့ယင်မှာ ကံအဆိုးဆုံး ခံစားရသူ ဖြစ်သည်။ သူ ဆုပ်ကိုင်ထားသော ကျောက်တုံးကြီး ကွဲကြေသွားပြီး အောက်ဘက်ရှိ ဝဲဂယက်ထဲသို့ သူ ပြုတ်ကျသွားခဲ့သည်။

သူ့မျက်နှာက ဖြူရော်နေခဲ့သည်။ သူ့ပါးစပ်မှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာချိန်တွင် သူ့ခန္ဓာကိုယ်သည် အမှောင်အတိ ကျနေသော ဝဲဂယက်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ အထဲမှ ဝါးစားသံများနှင့် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ဤမြင်ကွင်းက စုမင်၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေရုံသာမက ကျိလုံနှင့် ဟွမ်မေးတို့ပင် သူတို့အောက်ရှိ ချောက်ကမ်းပါးကို စိုက်ကြည့်ရင်း ချက်ချင်း ကြက်သီးထသွားခဲ့ကြသည်။

"ဆယ့်တစ်ယောက် ကျန်သေးတယ်" အဝေးက တောင်ထိပ်ထံမှ ရှေးဟောင်းဆန်သော အသံတစ်သံက အဆုံးမဲ့ ဂရုမစိုက်မှုများဖြင့် ပြောလိုက်သည်။

"စီနီယာ... အရင်က ဒီကို ဘယ်သူမှ မရောက်ဖူးဘူးလို့ ခင်ဗျား ပြောခဲ့တယ်လေ။ ဒါဆို ဒီဟင်းလင်းပြင်ကမ္ဘာကို လာဖို့ဆိုတာ ကံကြမ္မာနဲ့ အခွင့်အရေး လိုအပ်တယ်ဆိုတာ ရှင်းနေတာပဲ။ တကယ်လို့ ကျွန်တော်တို့သာ ဒီချောက်ကမ်းပါးထဲမှာ သေသွားခဲ့ရင် ခင်ဗျားရဲ့ တောင်ရွှေ့ခြင်း ပညာကို ဘယ်သူက သင်ယူတော့မလဲ။ ခင်ဗျားလည်း နောက်ထပ် ထာဝရ အချိန်ကာလတစ်ခုအထိ စောင့်နေရလိမ့်မယ်" ဟွမ်မေးက ချက်ချင်း အော်ဟစ်လိုက်သည်။

"ငါ အဲဒီလို ပြောခဲ့လား။ ဒါဆို ငါ မှတ်မိတာ မှားနေလို့ပဲ ဖြစ်ရမယ်။ မင်းတို့ မတိုင်ခင်ကလည်း ဒီနေရာကို တခြားလူတချို့ လာခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့က ဒီပညာနဲ့ ရေစက်မပါခဲ့ကြဘူး" တောင်ထိပ်မှ အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက်တွင် ဟွမ်မေးသည် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

သူ တစ်ယောက်တည်း မဟုတ်ဘဲ အခြားသူများသည်လည်း တိတ်ဆိတ်သွားခဲ့ကြသည်။ အဘိုးအို၏ စကားများနှင့် ကျင့်ကြံသူ တစ်ဦး၏ သေဆုံးမှု အားလုံးသည် တောင်ကြီး တစ်တောင်လုံးအပေါ် ဖုံးလွှမ်းသွားသော အမှောင်ရိပ် တစ်ရိပ်အဖြစ် ပြောင်းလဲသွားပြီး သူတို့ တစ်ဦးစီ၏ နှလုံးသားများအား လွှမ်းခြုံသွားခဲ့သည်။

တိတ်ဆိတ်မှုကြားတွင် ကျူးယိုချိုက်က လက်ကို တိတ်တဆိတ် မြှောက်လိုက်ပြီး ဆက်လက် တက်သွားခဲ့သည်။ ကျိလုံနှင့် ဟွမ်မေးတို့သည်လည်း တိတ်ဆိတ်စွာဖြင့် တောင်ထိပ်ဆီသို့ ဆက်လက် ဦးတည်သွားခဲ့ကြသည်။ ဤသည်က သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည်။

ထိုအချိန်တွင် ရွှီဟွေသည် ရွှမ်ရှန်းနှင့် အဖွဲ့ထက် ရှေ့ရောက်နေပြီ ဖြစ်သည်။ အံကိုကျိတ်လျက် သူမသည် အပေါ်သို့ တစ်ဆင့်ချင်း ဆက်လက် ရွေ့လျားသွားခဲ့သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံ ပျောက်ဆုံးသွားခြင်းနှင့် သာမန်လူတစ်ယောက် ဖြစ်သွားသည့် ခံစားချက်တို့က ငယ်စဉ်ကလေးဘဝက သူမ၌ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြန်လည် သတိရသွားစေခဲ့သည်။

ရုတ်တရက် စတုတ္ထမြောက် တုန်ခါမှု လှိုင်းလုံးသည် ပေါက်ကွဲသံ တစ်သံနှင့်အတူ ရောက်ရှိလာခဲ့ပြီး ယခင် လှိုင်းလုံး အနည်းငယ်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေခဲ့သည်။ ရွှီဟွေ သူမရှေ့ရှိ ကျောက်တုံး တစ်တုံးကို ဖမ်းဆုပ်ရန် ပြင်ဆင်လျက် ညာလက်အား မြှောက်လိုက်သည့် အခိုက်အတန့်တွင်လည်း ဖြစ်သည်။

သို့သော် တောင်ကြီး၏ ယိမ်းထိုးမှုက သူမအား လေဟာနယ်ကိုသာ ဆုပ်ကိုင်မိသွားစေပြီး သူမ ခန္ဓာကိုယ်မှာ အပြင်သို့ လွင့်စင်သွားကာ နျဲ့ယင် ပြုတ်ကျသွားခဲ့သော သူမအောက်ရှိ ဝဲဂယက်ထဲသို့ ကျရောက်သွားခဲ့သည်။

သူမ အောက်တွင် ရွှမ်ရှန်း၊ ဟွာယွီ နှင့် ယွန်ယိုတို့ ရှိနေသည်။ အကယ်၍ ရွှမ်ရှန်းသာ လက်ကို ဆန့်ထုတ်လိုက်ပါက သူမအား ဖမ်းဆွဲနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သော်လည်း သူက ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး ရွှီဟွေသည် သူ့ကို ကျော်ဖြတ်သွားခဲ့သည်။

သူမ၏ အမူအရာက တည်ငြိမ်နေခဲ့သည်။ သူမက တောင်ပေါ်ရှိ စုမင်ကို ကြည့်လိုက်ပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်ကာ မျက်လုံးများ မှိတ်လိုက်လေတော့သည်။

All Chapters