အခန်း ၅၉၇
Vol. 40 Ch. 597
အခန်း ၅၉၇ - ဒုတိယမင်းသား၏ ကျဆုံးခြင်း
ဧကရာဇ်နန်းတော်၏ တရားခွင်အတွင်း လေထုမှာ ပို၍ပင် လေးလံထိုင်းမှိုင်းလာခဲ့သည်။
ဆက်တိုက်ဆိုသလို တင်သွင်းလာသော သက်သေအထောက်အထားများမှာ တစ်ခုပြီးတစ်ခု စုပုံလာသည်။
လျှို့ဝှက်ပေးစာများ၊
ငွေပေးချေမှုမှတ်တမ်းများ၊
အားလုံးထဲတွင် အငြင်းပွားဖွယ်မရှိသော အထောက်အထားမှာ ဒုတိယမင်းသား၏ လက်အောက်ခံများ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်နေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားသော မှတ်ဉာဏ်ကျောက်သလင်းပင် ဖြစ်သည်။
ဤနောက်ဆုံးအထောက်အထားတစ်ခုတည်းဖြင့်ပင် လုပ်ကြံသူများ မည်သူဖြစ်သည်ကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
ဒုတိယမင်းသားကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိဟု ဆိုစေဦးတော့၊
ထိုလုပ်ကြံသူအားလုံးမှာ သူ၏ သစ္စာရှိလက်အောက်ခံများသာ ဖြစ်ကြသည်။
ထိုသို့သော အခြေအနေမျိုးတွင် သူသည် မည်သို့လျှင် မိမိတွင် အပြစ်မရှိကြောင်း ငြင်းဆိုနိုင်မည်နည်း။
သူကိုယ်တိုင် ငြင်းဆိုလျှင်ပင် မည်သူတစ်ဦးတစ်ယောက်က ယုံကြည်မည်နည်း။
သို့သော်လည်း အားလုံးထက် ပိုမိုဆိုးရွားသည်မှာ ဒုတိယမင်းသား၏ ယုံကြည်အားကိုးရသော လက်အောက်ခံများ၏ ဝန်ခံချက်များပင် ဖြစ်သည်။
၎င်းတို့အားလုံးက ဒုတိယမင်းသား၏ အမိန့်အရသာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။
ဝန်ခံချက်တစ်ခုစီတိုင်းမှာ တရားခွင်တစ်ခုလုံးကို တူကြီးဖြင့် ပစ်ပေါက်လိုက်သကဲ့သို့ တုန်လှုပ်သွားစေသည်။
နှိပ်စက်ညှဉ်းပန်းခံထားရသော လက်အောက်ခံများသည် မျက်နှာပျက်လျက် အေးစက်နေသော ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
အချို့မှာ အားအင်ကုန်ခမ်းစွာ တုန်ရီနေကြပြီး၊ အချို့မှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြသည်။
သို့သော် သူတို့၏ ထွက်ဆိုချက်တိုင်းမှာ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကိုသာ ညွှန်ပြနေသည်။
ထိုသူမှာ ဒုတိယမင်းသားပင်တည်း။
"လုပ်ကြံဖို့ အမိန့်တွေကို ဒုတိယမင်းသားက ကျွန်တော်တို့ကို ကိုယ်တိုင်ပေးခဲ့တာပါ..."
"ကျွန်တော်တို့ကို ဒုတိယမင်းသားက ဆုလာဘ်တွေ ချီးမြှင့်ခဲ့ပါတယ်..."
ဝန်ခံချက်များမှာ တရားခွင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
စကားလုံးတိုင်းမှာ ဒုတိယမင်းသားကို ချောက်နက်ထဲသို့ ပိုမိုတွန်းပို့နေသကဲ့သို့ ရှိသည်။
ဤအခြေအနေသို့ ရောက်သောအခါ ကြားနေအရာရှိများပင်လျှင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
အထောက်အထားများမှာ အလွန်ပင် ပြည့်စုံလွန်း၍၊ မည်သို့မျှ ငြင်းပယ်၍မရအောင် ခိုင်မာလွန်းနေသည်။
ဒုတိယမင်းသားကိုယ်တိုင် လက်ရုံးရည်သုံးခဲ့ခြင်း မဟုတ်လျှင်ပင်၊ ဤအကြံအစည်အားလုံး၏ နောက်ကွယ်မှ ဦးနှောက်မှာ သူသာဖြစ်ကြောင်း အားလုံးက သိမြင်သွားကြသည်။
ဒုတိယမင်းသားဘက်တော်သား အရာရှိများသည် တစ်ယောက်ပြီးတစ်ယောက် အသံတိတ်သွားကြသည်။
အချို့မှာ အငြင်းပွားရန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ မထွက်လာဘဲ ပြန်ပိတ်သွားကြသည်။
ဤမျှ ခိုင်မာသော အထောက်အထားများရှေ့တွင် သူတို့ မည်သို့များ ကာကွယ်ပြောဆိုနိုင်ပါမည်နည်း။
ဒုတိယမင်းသား၏ စခန်းမှ အရာရှိအချို့ပင်လျှင် အတွင်းစိတ်တွင် ယုံမှားသံသယများ ဝင်ရောက်လာကြသည်။
တကယ်ပဲ... မင်းသားက ဒီလောက်အထိ လုပ်ခဲ့တာလား။
ပြိုင်ဘက်တွေကို ဖယ်ရှားဖို့အတွက် သူ့ရဲ့ အသက်သွေးကြောနဲ့တူသော လက်ရုံးတွေကိုသုံးပြီး နန်းတွင်းမင်းမျိုးအနွယ်ဝင်တွေကို လုပ်ကြံခဲ့တာလား။
သို့သော် မေးခွန်းများစွာ ကျန်ရစ်ခဲ့သည်။
အဘယ်ကြောင့် သူတို့နှင့် တိုင်ပင်ခြင်းမရှိဘဲ ဤမျှထိ ထင်ရှားသောသူများကို စေခိုင်းရသနည်း။
ဝန်ခံနေသူများသည် သာမန်အကျဉ်းသားများ မဟုတ်ကြပေ။
သူတို့သည် နှစ်ပေါင်းများစွာ ဒုတိယမင်းသားကို အသက်စွန့်ကာ ပါလာခဲ့သော ယုံကြည်စိတ်ချရဆုံးသော လက်ရုံးများ ဖြစ်ကြသည်။
ထိုသူတို့ကိုယ်တိုင် အများရှေ့တွင် ဝန်ခံလိုက်ပြီဆိုလျှင် အခြားသူတို့ မည်သို့ဆက်၍ ငြင်းဆိုနိုင်ပါမည်နည်း။
တရားခွင်အတွင်း လေထုမှာ ပို၍ပင် တင်းမာလာသည်။
ထိုအချိန်တွင် ဒုတိယမင်းသားသည် တရားခွင်အလယ်တွင် ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။
သူ၏ မျက်ဝန်းများမှာ သွေးရောင်လွှမ်းနေသည်။
သူသည် ဒူးထောက်နေသော လက်အောက်ခံများကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ရှေ့တွင်ရှိနေသော ယုကျီတီဆီသို့ အကြည့်ရောက်သွားသည်။
သူ၏ မျက်လုံးထဲတွင် အမုန်းတရားများ တောက်လောင်နေသည်။
သို့သော် ထိုအမုန်းတရားအောက်တွင် ယုံကြည်နိုင်စွမ်းမရှိသော အံ့အားသင့်မှုများလည်း ရောယှက်နေသည်။
(ဘယ်လိုလုပ်ပြီး...)
သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
(ဘယ်လိုလုပ်ပြီး သူတို့ ငါ့ကို သစ္စာဖောက်ရက်ရတာလဲ။)
သူသည် ဤလူများကို ကောင်းစွာသိသည်။
အလွန်ပင် သိကျွမ်းလွန်းလှသည်။
သူတို့သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အဓိက အားထားရာများ ဖြစ်ခဲ့သည်။
သူတို့သည် သူ၏ ယုံကြည်မှုအတွက် အသက်စွန့်ရန် ဝန်မလေးသူများ ဖြစ်သည်။
ထိုလူများသည် သူရဲဘောကြောင်သူများ မဟုတ်သဖြင့်၊ ရိုးရိုးသာမန် နှိပ်စက်ညှဉ်းပန်းရုံမျှဖြင့် သစ္စာဖောက်မည့်သူများ မဟုတ်မှန်း သူသိသည်။
သို့သော် အကြောင်းရင်းမှာ မည်သို့ပင်ဖြစ်စေ၊ ယခုအချိန်တွင်တော့ အရေးမကြီးတော့ပြီ။
ထိုလူများက တရားခွင်အတွင်း လူပုံအလယ်တွင် ဝန်ခံလိုက်သည့်အချိန်၌ ဒုတိယမင်းသား၏ ကံကြမ္မာမှာ အဆုံးသတ်သွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ဒုတိယမင်းသား အရာအားလုံးကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။
သူသည် မိမိ၏ လူယုံတော်များ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူ၏စိတ်ဝိညာဉ်အတွင်းမှ နောက်ဆုံးကျန်ရှိနေသော တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များပင် ပြိုလဲသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သာမန်လက်အောက်ခံများ မဟုတ်ကြပေ။
သူနှင့် အနီးစပ်ဆုံး လူများ၊ သူ၏ လျှို့ဝှက်ချက်များကို အသိဆုံးသူများ ဖြစ်ကြသည်။
ယခုမူကား ထိုသူတို့ကိုယ်တိုင်ပင် သူ၏ကျောပြင်ကို ဓားဖြင့်ထိုးစိုက်သည့် လက်နက်များ ဖြစ်လာခဲ့ကြသည်။
သူတို့တောင် ငါ့ကို သစ္စာဖောက်သေးရင်၊ ငါ့မှာ ပထမမင်းသားနဲ့ ယှဉ်ပြိုင်ဖို့ ဘာများ ကျန်တော့မှာလဲ
ဒုတိယမင်းသား၏ ရင်ဘတ်အတွင်းသို့ တစ်ခါမျှ မခံစားဖူးသော အေးစက်စက် အငွေ့အသက်များ ဖြာဆင်းသွားသည်။
ကြောက်ရွံ့ခြင်း မဟုတ်ပေ
စိတ်ပျက်အားငယ်ခြင်းပင် ဖြစ်သည်။
သူ မည်သို့ပင် ရှင်းပြစေကာမူ အကျိုးမထူးတော့ကြောင်း သူသိသည်။
ဤမျှ ခိုင်မာသော သက်သေများ၊ မိမိ၏ သစ္စာရှိနောက်လိုက်များ၏ ထွက်ဆိုချက်များအပြီးတွင် မည်သူမျှ သူ့စကားကို ယုံကြည်တော့မည် မဟုတ်ပေ။
ဘေးနားတွင် ယုကျီတီသည် ဒူးထောက်နေသော မိမိ၏ညီတော်ကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း၊ မျက်လုံးအစုံ၏ အနက်ရှိုင်းဆုံးနေရာတွင်မူ အေးစက်သော အရောင်များ တဖျတ်ဖျတ်လက်နေသည်။
အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်း တစ်စိုက်မတ်မတ် ဖြစ်ပျက်နေသည်။
(အို... ညီတော်လေး။ မင်းက တကယ်ပဲ ငါနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။)
စိတ်ဓာတ်များ ကျဆင်းကုန်ပြီး အသက်မဲ့နေသော ညီတော်၏ ပုံစံကို ကြည့်နေ၏
ထို့နောက်
ယုကျီတီသည် ဖြည်းညင်းစွာဖြင့် တစ်လှမ်းချင်း တိုးကပ်လာသည်။
သူသည် ဒူးထောက်နေသော ဒုတိယမင်းသားကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။
"ညီတော်..."
သူ၏ အသံမှာ တရားခွင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"မင်းမှာ နောက်ဆုံးအနေနဲ့ ခုခံချေပစရာ တစ်စုံတစ်ရာ ကျန်သေးသလား။"
တိတ်ဆိတ်နေ၏
ဒုတိယမင်းသားသည် ပြန်လည်မဖြေကြားပေ။
သူ မလှုပ်ရှားပေ။
ခေါင်းကိုသာ ငုံ့ထားလျက် တိတ်ဆိတ်စွာ ဒူးထောက်နေဆဲ ဖြစ်သည်။
ဧကရာဇ်နန်းတော်ကြီးမှာ သေမင်းလာလုမတတ် တိတ်ဆိတ်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယုကျီတီ၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဘာမှ ပြောစရာမရှိတော့ဘူးဆိုရင်တော့..."
သူ၏ အသံမှာ ပိုမိုအေးစက်သွားသည်။
"ဒါဆိုရင်တော့ ဧကရာဇ်ဥပဒေအရ အပြစ်ပေးရမှာပဲ။"
အရာရှိများစွာ၏ မျက်နှာအမူအရာများမှာ တစ်ချက်မျှ ပြောင်းလဲသွားသည်။
ယုကျီတီက ဖြည်းညင်းစွာပင် ဆက်ပြောသည်။
"နန်းတွင်းမင်းမျိုးအနွယ်ဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရင်၊ ဥပဒေက ဘယ်လို ပြစ်ဒဏ်ပေးဖို့ ပြဌာန်းထားသလဲ။"
မည်သူမျှ ချက်ချင်း ပြန်မဖြေကြပေ
အဘယ်ကြောင့်ဆိုသော် အဖြေကို အားလုံး သိရှိပြီးသား ဖြစ်သောကြောင့်တည်း။
သာမန်အရပ်သားများပင် သိရှိထားသည့် ပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။
နန်းတွင်းမင်းမျိုးအနွယ်ဝင်ကို လုပ်ကြံခြင်းမှာ ဧကရာဇ်နိုင်ငံတော်၏ အကြီးမားဆုံးသော ရာဇဝတ်မှုဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဒုတိယမင်းသား၏ အဆင့်အတန်းကြောင့် ခွင့်လွှတ်မှုရနိုင်သည့် လမ်းစအနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း
ယခုအမှုတွင် မင်းသားတစ်ပါးသာမက
တစ်ဆယ့်တစ်ပါးမြောက် မင်းသားနှင့်
တစ်ဆယ့်သုံးပါးမြောက် မင်းသမီးတို့ပါ ပါဝင်နေ၏
အပြစ်မှာ အလွန်ပင် ကြီးမားလှသည်။
ထိုစဉ်
"ဟား... ဟားဟားဟား”
ရုတ်တရက် နန်းတော်ခန်းမထဲတွင် ကျယ်လောင်သော ရယ်မောသံများ ပေါက်ကွဲထွက်လာသည်။
ဒုတိယမင်းသားသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ ကျယ်လောင်စွာ ရယ်မောနေသည်။
ထိုအသံမှာ အက်ကွဲကွဲဖြစ်ပြီး ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အရာရှိများမှာ ထိတ်လန့်သွားကြသည်။
ထို့နောက် ဒုတိယမင်းသားသည် ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။
သူ၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းများသည် ယုကျီတီကို တည့်တည့်စိုက်ကြည့်နေသည်။
"ဘယ်လို..."
သူ၏ အသံမှာ ရူးသွပ်နေသည့်နှယ် ရှိသည်။
"မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ။"
သူ၏ အကြည့်ထဲတွင် မကျေနပ်မှုများ၊ ဝေခွဲမရဖြစ်မှုများ၊ အမုန်းတရားများနှင့် မိမိရှေ့တွင် ရပ်နေသည့် ဤလူ၏ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများအပေါ်၌ ကြောက်ရွံ့မှုများ ရောထွေးနေသည်။
သို့သော် ယုကျီတီက ပြန်မဖြေဘဲ မေးခွန်းကြောင့် စိတ်ပျက်သွားသည့်နှယ် မျက်ခုံးသာ တွန့်ကွေးလိုက်သည်။
ထိုအမူအရာကို မြင်သောအခါ ဒုတိယမင်းသားသည် ထပ်မံရယ်မောလိုက်သည်။
ထို့နောက် သူ၏ အကြည့်တို့မှာ ဒူးထောက်နေသော လက်အောက်ခံများဆီသို့ ရောက်သွားသည်။
သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤသူများကို သူတစ်ခါမျှ အမှန်တကယ် နားမလည်ခဲ့မှန်း ယခုမှပင် သိလိုက်ရတော့သည်။
နောက်ဆုံးတွင် ဒုတိယမင်းသားသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
"မင်း နိုင်သွားပြီ..."
သူ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါပေမဲ့ မင်းရဲ့အောင်ပွဲက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။"
သူသည် မျက်လုံးများကို ပြန်ဖွင့်ကာ ယုကျီတီကို တည့်တည့်ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့... ရုပ်သေးရုပ်မင်းကြီးဆိုတာ..."
သူ၏ မျက်နှာတွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"...မင်း ဖြစ်လာမယ့် အမြင့်ဆုံး အဆင့်ပဲ ဖြစ်လိမ့်မယ်။"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ယုကျီတီ၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ကွေးသွားသည်။
သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း၊ သူ၏ အမူအရာကို ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။
"သူ့ကို ခေါ်သွားကြ”
သူ၏ အသံမှာ အေးစက်၍ သွားသည်။
နန်းတွင်းအစောင့်များမှာ ချက်ချင်းပင် ရှေ့သို့ တိုးဝင်လာကြသည်။
လေးလံသော သံကြိုးသံများ ပဲ့တင်ထပ်လျက် ရယ်မောနေသော ဒုတိယမင်းသားကို နန်းတော်အောက်ရှိ အကျဉ်းထောင်များသို့ ဆွဲခေါ်သွားကြသည်။
သူ၏ ရယ်မောသံနှင့်အတူ ကျိန်ဆဲသံများမှာ နန်းတော်ခန်းမထဲတွင် ကြာမြင့်စွာ ပဲ့တင်ထပ် ကျန်ရစ်နေခဲ့သည်။